News @ M-Media

Author: Ko Lay

  • ပရီးမီးယားလိဂ်နည်းပြများ ဖိအားများလာခြင်းအတွက် မာတီနက်ဇ်ဝေဖန်

    ပရီးမီးယားလိဂ်နည်းပြများ ဖိအားများလာခြင်းအတွက် မာတီနက်ဇ်ဝေဖန်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    mertinez

    – ပရီးမီးယားလိဂ်တွင် နာမည်ကြီးနည်းပြအများအပေါ် ဖိအားများ ပိုမိုများပြားလာခြင်းအတွက် မိမိအနေဖြင့် စိုးရိမ်မိပြီး နည်းပြများအပေါ်လည်း စာနာမိသည်ဟု အဲဗာတန်နည်းပြ မာတီနက်ဇ်က ပြောကြားလိုက်သည်။

    အင်္ဂလန်၏ ထိပ်တန်းအမှတ်ပေးဘောလုံးပြိုင်ပွဲ၌ အသင်းကြီးများ၏ နည်းပြများမှာ ယခုနောက်ပိုင်းတွင် အမှားမခံတော့ဘဲ၊ ဖိအားများမှာလည်း ယခင်ကထက် ပိုများလားခဲ့သည်။ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံဖြစ်သော ချယ်ဆီးမှာ နည်းပြမော်ရင်ဟိုအား ထုတ်ပယ်ခဲ့ပြီး ဂူစ်ဟစ်ဒင့်နှင့် ရာသီကုန်အထိ စခန်းသွားမည်ဖြစ်သည်။ ထို့ပြင် မန်ယူနှင့် မန်စီးတီးအသင်းသို့၏ နည်းပြနေရာများမှာလည်း အပြောင်းအလဲဖြစ်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    “ဘောလုံးလောကမှာ ကျွန်တော်ဟာ အတိုင်းအတာတစ်ခုအထိ နားလည်မှုရှိပါတယ်။ တစ်ချိန်လုံး အသစ်အသစ်တွေကိုကာ ချပြဖို့ ကြိုးစားနေရရင် ကျွန်တော်တို့လည်း ရူးသွားနိုင်ပါတယ်။ ဘောလုံးပွဲမှာ မနိုင်ရင်ရှုံးမယ်၊ ဒါမှမဟုတ် သရေကျမယ်။ ဒါကိုတော့ ကျွန်တော်တို့ လက်ခံဖို့ လိုအပ်ပါတယ်။ သီတင်းပတ်တိုင်း ကျွန်တော်တို့ အနိုင်ရမှာ မဟုတ်ပါဘူး။ ပြီးတော့ နည်းပြတွေဟာ သူတို့ရဲ့ ထင်မြင်မှုတွေကို ဆန်းစစ်အဖြေရှာဖို့အတွက် ကျွန်တော်တို့ အချိန်ပေးဖို့ ကြိုစားသင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ဟာ တော်တော်လေးကို ဂနာမငြိမ်ဖြစ်ပြီး တစ်ပွဲနှစ်ပွဲလောက်ရှုံးတာနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားပါလိမ့်မယ်”
    ဟု မာတီနက်ဇ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ဘ၀၏တန်ဖိုးများဘက်သို့ ပြန်လှည့်ရန် ခရစ်ယာန်များကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

    ဘ၀၏တန်ဖိုးများဘက်သို့ ပြန်လှည့်ရန် ခရစ်ယာန်များကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    jesus

    – ပိုင်ဆိုင်မှုများ၊ မတည်မြဲသော ရုပ်ဆင်းအင်္ဂါ လှပမှုများတွင် ယစ်မူးနေကြသူများအနေဖြင့် ဘ၀၏ ရေးအပါသော တန်ဖိုးများဘက်သို့ ပြန်လှည့်ကြရန် ၁.၂ ဘီလီယံသော ခရစ်ယာန်ကက်သလစ်ဘာဝင်များ၏ အကြီးအကဲ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ခရစ္စမတ်အကြိုအခမ်းအနားတွင် ပြောကြားခဲ့သည်။

    ဗာတီကန်ရှိ စိန့်ပီတာ ဘုရားကျောင်းတွင် ယမန်နေ့ညပိုင်းက ပြုလုပ်သည့် ၀တ်ပြုဆုတောင်းမှု အခမ်းအနားတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ကံမကောင်းအကြောင်းမလှသူများအတွက် တည်ကြည်လေးနက်မှုနှင့် စာနာထောက်ထားမှုတို့ကို ဆောင်ကျဉ်းပေးရန် ဆော်သြခဲ့ကာ ခရစ္စမတ်အခါသမယမှာ မိမိတို့ မည်သည့်အခြေအနေသို့ ရောက်ရှိနေသည်ကို တစ်ဖန်ပြန်၍ ဆန်းစစ်ရန် အချိန်ပင်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ကောက်ရိုးပုံထဲတွင် ဖွားမြင်ခဲ့သည့် ခရစ်တော်၏ ကလေးဘ၀ ရိုးရှင်းမှုကို မိမိတို့၏ စိတ်နှလုံး၊ မိမိတို့၏ဘ၀တွင် နှလုံးသွင်းနိုင်အောင် ဆောင်ရွက်ရမည်ဟုလည်း ပုပ်ဖရန်စစ်က ဆိုသည်။

    “ပျော်ပျော်နေပျော်ပျော်စားဘ၀တွေ၊ ကြွယ်ဝမှု၊ အသုံးအဖြုန်းကြီးမှု၊ ရုပ်ဆင်းအင်္ဂါတက်မက်မှု၊ အတ္တ၀ါဒတွေနဲ့သာ ယစ်မူးနေကြတဲ့ လူ့အဖွဲ့အစည်းမှာ ဒီကလေးငယ် (ခရစ်တော်) က ရိုးရိုးရှင်းရှင်း၊ မျှမျှတတ၊ တည်တည်တံ့တံ့နဲ့ နေထိုင်ပြုမူဖို့၊ တကယ်လိုအပ်တဲ့ အရာတွေကို ရှုမြင်တတ်ပြီး၊ ဆောင်ရွက်ကြဖို့ ကျွန်တော်တို့ကို တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်”

    အဆိုပါ ၀တ်ပြုဆုတောင်းမှုအခမ်းအနားသို့ လူပေါင်း ၁၀၀၀၀ ခန့် တက်ရောက်ခဲ့ပြီး ပုပ်ရန်ဟန်းမင်းကြီးက တရားမျှတမှုရှိရန်အတွက်လည်း ဆော်သြတိုက်တွန်းခဲ့သည်။

    “အပြစ်ရှိသူတွေကို မသနားတတ်တဲ့၊ အပြစ်တွေကနေ မရှောင်ထွက်ကြတဲ့ လောကကြီးမှာ ဘုရားသခင်ရဲ့ အလိုတော်ကို ခွဲခြားသိမြင်ဖို့၊ လိုက်နာဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ဟာ ခိုင်မာတဲ့ တရားမျှတမှုသဘောတရား လိုအပ်ပါတယ်”

    ပုပ်ရဟန်မင်းကြီးအဖြစ် တာဝန်ထမ်းဆောင်မှုကာလ ၃ နှစ်သက်တမ်း ရှိလာပြီဖြစ်သည့် ဖရန်စစ်မှာ ကက်သလစ်အသင်းတော်၏ အခြေခံမူဝါဒများကို ပြောင်းလဲခြင်းမရှိသော်လည်း အသင်းတော်အနေဖြင့် ပိုမိုခွင့်လွှတ်ရန်နှင့် ဝေဖန်ဆုံးဖြတ်မှုကို လျော့ချရန် တိုက်တွန်းနေဆဲဖြစ်ပြီး၊ လိင်တူချစ်သူများနှင့် ကွာရှင်းပြီးနောက် ပြန်လည်လက်ထပ်ကြသည့် အုပ်စုများအပေါ် ပိုမို၍ စာနာအားပေးသူလည်းဖြစ်သည်။

    Ref: Reuters

  • အစားအသောက်ဓလေ့နှင့် ဖန်ထည်များ – ကမ္ဘာ့ လူ့အဖွဲ့အစည်းတွင် ယနေ့တိုင် ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၂)

    အစားအသောက်ဓလေ့နှင့် ဖန်ထည်များ – ကမ္ဘာ့ လူ့အဖွဲ့အစည်းတွင် ယနေ့တိုင် ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၂)

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    ရာဇာ (M-Media) မှ တင်ဆက်သည်
    အပတ်စဉ်ကဏ္ဍ – (အပတ်စဉ်သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    diet 2

    အစားအသောက်ဓလေ့နှင့် ဖန်ထည်များ

    တစ်နေ့ အစာသုံးနပ်စားဖို့ အလေ့အထကို ဥရောပမှာ မိတ်ဆက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရမယ့်သူကတော့ မဟူရာငှက် (Black Bird) လို့ အမည်ပြောင်ပေးထားထဲ့ အဘူ-ဟာဆန် အလီ အစ်ဗနေ့ နာဖီ (Abul-Hasan Ali ibn Nafi) ဆိုတဲ့ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။ ၉ ရာစုမှာ အန်ဒါလူစီယာ (Andalusia- စပိန်တွင်ရှိသည်) ကို နာဖီ ခြေချခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဥရောပတစ်ခုလုံးရဲ့ အစားသောက် စားသောက်မှု အလေ့အထဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ သူက အစာစစားရင် ဟင်းချိုနဲ့စသင့်ပြီး အဓိကဟင်းလျာက အသား၊ ငါး  ဒါမှမဟုတ် ကြက်သား၊ ဘဲသားတွေ ပါရမယ်။ စားသောက်ပြီးတဲ့အခါမှာ အသီးအနှံ ဒါမှမဟုတ် မြေပဲတို့နဲ့ အချိုတည်းရမယ်ဆိုတဲ့ ဓလေ့ကို အသက်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

    အလယ်ခေတ်မွတ်စလင်တွေဟာ အခြားသူတွေလိုပဲ ရာသီအလိုက် ပေါ်လာတဲ့ အစားသောက်တွေကိုပဲ စားသောက်ကြတာ များပါတယ်။ ဆောင်တွင်းဘက်မှာ ကိုက်လံ၊ ပဲအမျိုးမျိုး၊ မုန်လာဥအမျိုးမျိုး၊ သံလွင်သီး၊ ဂျုံနဲ့ မြေပဲတွေလို အစားအသောက်တွေကို ပုံမှန်စားသောက်ကြပြီး၊ အသားဟင်းလျာတွေလည်း ပါဝင်ပါတယ်။ သဖန်းသီး၊ စွန်ပလွန်သီး၊ စပျစ်သီးခြောက်တွေကို အချိုပွဲအဖြစ် သုံးဆောင်ပြီး၊ သကာ၊ ရှားစောင်းလက်ပတ်၊ ဆေးပေါင်းစုံ၊ သစ်သီးစုံတို့နဲ့ ပြုလုပ်ထားတဲ့ ဖျော်ရည်တွေကို သောက်သုံးကြပါတယ်။

    နွေရာသီမှာတော့ တူညီမှုမရှိတော့ဘဲ အစိမ်းရောင်ပဲတွေ၊ မုန်လာဥ၊ ဆလတ်ရွက်၊ ချီကိုရီ၊ ခရမ်းသီး၊ ကျောက်ဖရုံသီး၊ သခွားဖရုံသီးနဲ့ ဆန်တို့ကို အဓိကထား စားသုံးကြပြီး ဒါတွေနဲ့အတူ ကြက်ဘဲ၊ ငှက်ကုလားအုပ်နဲ့ အမဲသား စတဲ့ အသားဟင်းလျာတွေကို တွဲဖက်လေ့ရှိပါတယ်။ အာရပ်တွေရဲ့ နွေရာသီ အချိုပွဲတွေကတော့ ရှောက်ချိုသီး၊ လိမ္မော်သီး၊ ဥသျှစ်သီး၊ မက်မွန်သီး၊ ပိုးစားသီး၊ ချယ်ရီသီး၊ ဇီးသီး၊ ဇီးချိုသီး၊ စပျစ်သီး၊ သလဲသီး၊ ဖရဲသီး၊ သစ်တော်သီး၊ ပန်းသီးနဲ့၊ သခွားမွှေးတို့ ဖြစ်ကြပါတယ်။ အချိုရည်ကိုတော့ သကာ၊ သစ်သီးစုံ၊ ရှောက်ချိုသီး၊ နှင်းဆီ၊ စံပယ်၊ ဂျင်းနဲ့ စမုံနက်တွေကို ပုံစံအမျိုးမျိုး ဖန်တီးပြီး သောက်သုံးကြပါတယ်။

    အစားအသောက်မျိုးစုံ၊ အသီးမျိုးစုံနဲ့ ဖျော်ရည်တွေကို အာရပ်တွေက စာပွဲခင်းပေါ်မှာ တည့်ခင်း သုံးဆောင်တတ်ပြီး အဲဒီဓလေ့ဟာ အန်ဒါလူစီယာကို အဘူ-ဟာဆန် အလီ အစ်ဗနေ့ နာဖီ ကနေ တစ်ဆင့် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကော်ဒိုဘာ နန်းတော်က ညစာစားပွဲတွေမှာ အဖျော်ယမကာတွေ သောက်သုံးရာမှာ သတ္တုခွက်ကြီးတွေ၊ ရွှေခွက်တွေ အသုံးပြုမှုကို နာဖီကပဲ ဖန်ထည်တွေနဲ့ အစားထိုးပေးခဲ့ပါတယ်။

    အဲဒီနောက်ပိုင်းမှာတော့ ဥရောပရဲ့ ဂုဏ်သရေရှိအသိုင်းအ၀ိုင်းမှာ အာရှကဟင်းလျာတွေ၊ အရသာတွေကို တောင်းဆိုမှုဟာ အလျင်အမြန်ပဲ မြင့်တက်လာခဲ့ပါတယ်။ ၁၄ ရာစုက အာဗစ်ဂ်နွန် (Avignon) က ပုပ်ရဟန်းမင်းတစ်ပါး ရေးသားခဲ့တဲ့ သမိုင်းမှတ်တမ်းမှာ ဘေရွတ်က ရောက်ရှိလာတဲ့ သင်္ဘောတွေဟာ ယိုမျိုးစုံ၊ တာရှည်ခံအစားအသောက်၊ ဆန်၊ ကိတ်မုန့်လုပ်တဲ့ အရသာမှုန့်တွေ စသဖြင့် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ ဒိန်းမတ်ဘုရင်မ ခရစ္စတီးနား (Christina) က မွတ်စလင်တွေရဲ့ အစားအသောက်ဓလေ့ကို လက်ခံကျင့်သုံးခဲ့ပြီး၊ သူတို့ရဲ့ ထွက်ကုန်တွေ၊ သစ်သီးဝလံတွေကိုလည်း တင်သွင်းခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းတွေလည်း ရှိနေပါတယ်။ ဒီလိုတင်သွင်းမှုကတစ်ဆင့် ဒိန်းမတ်နိုင်ငံဟာ ပန်းသီးနဲ့ ဂျုံတွေကို အများအပြား ရရှိတာကြောင့် Danish Pastry လို့ခေါ်တဲ့ နာမည်ကျော် ဒိန်းမတ်အချို့မုန်တွေရဲ့ မူလအစဟာ အဲဒီအချိန်ကနေ စတင်တယ်လို့ မှတ်ယူကြပါတယ်။

    ဖန်ထည်များ

    5JD49a3VC2Ye8QMWFTDg2Yr5
    သက္ကရာဇ် ၁၀ ရာစုနဲ့ ၁၁ ရာစု ဖာတီမိုက်ဘုရင်များ ကြီးစိုးချိန် အီဂျစ်နိုင်ငံ ကိုင်ရိုမှ ဖန်ထည် ရေတကောင်း

    ဧည့်ခန်း၊ ထမင်းစားခန်းတွေကို ပိုမိုစိုပြေစေမယ့် ဖန်ထည်ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် ဖန်ချက်လုပ်ငန်းဟာလည်း မွတ်စလင်တစ်ဦးဖြစ်တဲ့ အဘတ်စ် အစ်ဗနေ့ ဖီရ်နက်စ် (Abbas ibn Firnas) ရဲ့ ကြိုးပမ်းမှုကြောင့် အန်ဒါလူစီယာဒေသမှာ ဖွံ့ဖြိုးလာတာဖြစ်ပါတယ်။ ဖီရ်နက်စ်ဟာ သဲနဲ့ ကျောက်တုံးတွေကိုအသုံးပြုပြီး ဖန်သားဖြစ်လာဖို့အတွက် စမ်းသပ်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့သူပါ။ နောက်ပိုင်းမှာတော့ ဘာဒါဂျို့စ် မြောက်ပိုင်းက ကျောက်မိုင်းတွင်း တစ်ခုနားမှာ ဖန်ချက်စက်ရုံတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အန်ဒါလူစီယာက ထွက်တဲ့ ဖန်ထည်လက်ရာ အများစုကို ဥရောပတစ်ဝှမ်းက ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ တွေ့ရပြီး၊ စပိန်နိုင်ငံက Astorga Cathedral ကက်သလစ် ဘုရားကျောင်းက ရောင်စုံမှန်တွေနဲ့ လုပ်ထားတဲ့ လက်ရာတွေကတော့ အကျော်ကြားဆုံးပါပဲ။ အဲဒီလက်ရာတွေထဲမှာ အပင်ပုံသဏ္ဍာတွေကို အခြေခံပြီး ဖန်တီးထားတဲ့ ကနုတ်လက်ရာတွေ (vegetal patterns) နဲ့ ရှေးဟောင်း အာရဘီလက်ရေးလက်သားအလှ (Kufic) တွေ ပါဝင်ပါတယ်။

    အချိုရည်သောက်သုံးရာမှာ အသုံးပြုတဲ့ ဖန်ခွက်တွေကို မိတ်ဆက်ပေးခဲ့သူကလည်း ဖီရ်နက်စ်ပဲဖြစ်ပြီး ဖန်သားနဲ့ တိမ်တိုက်ပုံတူ၊ မိုးကြိုး၊ လျှပ်စီး စတာတွေကို အရိုးရှင်းဆုံးဖန်တီးပြီး နက္ခတ်တာရာပြခန်း တည်ဆောက်ကာ ပြည်သူတွေကို ကမ္ဘာပြင်ပက ကိစ္စတွေနဲ့ မိတ်ဆက်ပေးခဲ့တာလည်း သူပဲဖြစ်ပါတယ်။ ဖီရ်နက်စ်ရဲ့ ဒီပြသမှုဟာ ၉ ရာစုက ပြည်သူတွေကို အံ့သြမှင်သက်စေခဲ့ပါတယ်။

    မွတ်စလင်အိုးလုပ်သူတွေက ကြွေနဲ့ စဥ့်ကိုအသုံးပြုကာ ပန်ုးကန်ခွက်ယောက်တွေကို ဖန်တီးခဲ့ပြီး အစားအသောက်စားပွဲကို ပိုမိုစတိုင်ကျစေခဲ့ပါတယ်။ မာလာဂါနဲ့ ဗလင်စီယာတို့ဟာ အိုးလုပ်ငန်းရဲ့ အချက်အခြာဒေသတွေဖြစ်ခဲ့ပြီး မွတ်စလင်တွေဟာ အရောင်စိုတဲ့ စဥ့်တွေကိုအသုံးပြုကာ အိုးလုပ်ငန်းကို တော်လှန်ပြောင်းလဲခဲ့ပါတယ်။ အဲဒီဒေသနှစ်ခုက အိုးလုပ်ငန်းရှင်တွေဟာ သူတို့ရဲ့အိုးတွေကို ခရစ်ယာန်အများစုရှိရာ ဒေသတွေဖြစ်တဲ့ စပိန် တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေကို တင်ပို့ခဲ့ကြပါတယ်။  မာလာဂါက မွတ်စလင်အိုးလုပ်သူတွေဟာ အီတလီရဲ့ ကြွေထည်မြေထည်လုပ်ငန်းမှာ တစ်ချိန်က နာမည်ကြီးလွှမ်းမိုးခဲ့တဲ့ Majolica လက်ရာတွေကို အုတ်မြစ်ချပေးခဲ့သူတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။

    J0bS09779a8WQRaJBBaTH7M6
    ပုံ ၁

    (ပုံ ၁ – မွတ်စလင်စာရေးဆရာ ဂီလီဘိုလူလူ မွတ်စ်တာဖာ အလီ (Gelibolulu Mustafa Ali ) ရဲ့ Nusratame လက်ရေးမူထဲက ပန်းချီဖြစ်ပါတယ်။ အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ လာလာ မွတ်စ်တာဖာ ပက်စ်ဟာ (Lala Mustafa Pasha) ဟာ အစ်ဇ်မစ် (Izmit) မှာရှိတဲ့ စစ်တပ်က အရာရှိတွေနဲ့ စားသောက်ပွဲ ကျင်းပနေတဲ့ပုံဖြစ်ပါတယ်။ စားပွဲထိပ်ဆုံးမှာ ထိုင်နေသူက ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး ဘေးတစ်ဖက်တစ်ချက်မှာ ထိုင်နေသူတွေကတော့ ဗိုလ်ချုပ်တွေပါ။ စစ်သားတွေစားသောက်နေကြချိန် အစေခံတွေက နှစ်ဆီဖျော်ရည် ထည့်ထားတဲ့ ရေခရားတွေကို ကိုင်ကာ ၀န်ဆောင်မှုပေးနေတာကိုလည်း ဒီပန်းချီမှာ တွေ့မြင်နိုင်ပါတယ်။ စားပွဲပေါ်မှာ ဇွန်းခက်ရင်းနဲ့ လက်ကိုင်ပုဝါတွေကိုလည်း တွေ့မြင်ရပြီး ဒီပန်းချီဟာ အဲဒီခေတ်အဲဒီအခါက မွတ်စလင်တွေရဲ့ အဆင့်အတန်းကို ထင်ဟပ်စေပါတယ်။)

     

    မဟူရာငှက် (The Blackbird)

    nafi

    အမည်အရင်း အဘူ-ဟာဆန် အလီ အစ်ဗနေ့ နာဖီ (Abul-Hasan Ali ibn Nafi) ဖြစ်ပြီး သူ့ရဲ့ မည်းနက်တဲ့ အသားနဲ့ ချိုမြတဲ့ အသံကြောင့် ဇီရ်ယဘ် (Ziryab – မဟူရာငှက်) လို့ အမည်ပြောင်ပေးခြင်း ခံရသူပါ။ ဂီတနဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ နာဖီဟာ ၉ ရာစုမှာ အဲဒီခေတ်က မွတ်စလင်လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဆိုင်ရာ အချက်အခြာနေရာဖြစ်တဲ့ စပိန်က ကော်ဒိုဘာနဲ့ အန်ဒါလူစီယာကို အီရတ်ကနေ ရောက်လာခဲ့သူပါ။ အဲဒီမှာ နာဖီတစ်ယောက် စားသောက်မှု၊ လောက၀တ်၊ အ၀တ်အစားနဲ့ ဂီတနယ်ပယ်တွေမှာ ဆန်းသစ်မှုကို ဖော်ဆောင်ပေးခဲ့ပြီး သူ့ရဲ့ အမွေအနှစ်တွေဟာ ယနေ့အချိန်အထိ ယှဉ်သန်နေဆဲဖြစ်ပါတယ်။

    နာဖီဟာ ဒီနေ့ခေတ်ဖက်ရှင်ဆန်းဆန်းတွေဖြစ်လာဖို့ အစောဆုံး လမ်းဖောက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ သူရဲ့ ပါရမီကြောင့် စပိန်ကိုအုပ်စိုးတဲ့ မူးရ်လူမျိုးတွေဟာ သူ့ကိုတစ်လေးတစ်စားနဲ့ ဖိတ်ခေါ်ခဲ့ပြီး တစ်လကို ရွှေဒင်္ဂါး ၂၀၀ နဲ့ အဆောင်အယောင် အပြည့်အစုံကို ချီးမြှင့်ခဲ့ပါတယ်။ နာဖီဟာ လောက၀တ်၊ ချက်နည်းပြုတ်နည်း၊ ဖက်ရှင်နဲ့ သွားတိုက်ဆေးစတဲ့ နယ်ပယ်တွေမှာပါ ဆန်းသစ်မှုတွေကို ဆောင်ကျဉ်း ယူဆောင်လာခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

    ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁) – ကို ဖတ်ရှုရန်

  • တောင်ကိုရီးယားနှင့် အိန္ဒိယတို့က အီရန်မှ ရေနံတင်သွင်းမှုကို တိုးမြှင့်မည်

    တောင်ကိုရီးယားနှင့် အိန္ဒိယတို့က အီရန်မှ ရေနံတင်သွင်းမှုကို တိုးမြှင့်မည်

    ဒီဇင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    – နိုင်ငံရှိ လိုအပ်သော ရေနံဝယ်လိုအားကို ထောက်ပံ့ပေးသည့် နိုင်ငံများကို ပိုမိုခွဲဖြန့်နိုင်ရန်အတွက် အာရှနိုင်ငံများ၏ ရေနံဝယ်လိုအားကို အဓိက ဖြည့်ဆည်းပေးမည့်နိုင်ငံ ဖြစ်လာဖွယ်ရှိသော အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများကို ချက်ခြင်းဖယ်ရှားပေးရေးအတွက် တောင်ကိုရီးယားက ချိန်ဆနေသည်ဟု သိရသည်။

    “အကယ်၍ အီရန်အပေါ် ပိတ်ဆို့မှုတွေကို ဖယ်ရှားမယ်ဆိုရင် အီရန်ရဲ့ ရေနံစိမ်းတွေကို အဲဒီပိတ်ဆို့မှု မပြုလုပ်ခင်က ရှိခဲ့တဲ့အတိုင်း ရေနံကုမ္ပဏီက ပြန်ဝယ်ဖို့ မျှော်လင့်နေကြပါတယ်” ဟု တောင်ကိုးရီးယား ကုန်သွယ်၊ စက်မှုနှင့် စွမ်းအင် ၀န်ကြီးဌာနက ပြောကြားခဲ့သည်။

    တောင်ကိုးရီးယားသည် လက်ရှိတွင် အီရန်နိုင်ငံမှ အဓိက ရေနံတင်သွင်းသည့် နိုင်ငံဖြစ်ပြီး ကနဦး နျူကလီးယားသဘောတူညီမှုစာချုပ်အရ အီရန်နိုင်ငံမှ ရေနံကို တစ်ရက်လျှင် ရေနံစည်ပေါင်း တစ်သန်းခန့် ၀ယ်ယူနေသည်။ စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားပြီးပါက နိုင်ငံတကာမှ ၀ယ်လိုအားကြောင့် အီရန်၏ ရေနံတင်ပို့မှုမှာ မြင့်တက်လာဖွယ် ရှိနေသည်။

    အီရန်မှာ လက်ရှိတွင် အိန္ဒိယသို့ ပို့ဆောင်စရိတ်အခမဲ့၊ ရက် ၉၀ ငွေချေစနစ်ဖြင့် ရေနံများကို လျှော့ဈေးများဖြင့် ရောင်းချပေးနေသည်။ အိန္ဒိယမှာ အီရန်နိုင်ငံ၏ ရေနံစိမ်းများကို ဒုတိယအများဆုံး ၀ယ်ယူသည့် နိုင်ငံဖြစ်သည်။

    အီရန်တာဝန်ရှိသူများကမူ စီးပွားရေးပိတ်ဆို့မှုကြောင့် ၀ယ်ယူမှုရပ်တန့်ခဲ့သည့် နိုင်ငံများ အပါအ၀င် ရေနံတင်သွင်းသူများမှ ၀ယ်ယူရန်ကမ်းလှမ်းမှုများကို စဉ်းစားသွားရန် ဆန္ဒရှိနေသည်ဟု ပြောကြားခဲ့သည်။

    Ref: Presstv

  • ကြိုးစားလိုစိတ်မရှိသည့် ကစားသမားများကို မလိုအပ်ဟု ချယ်ဆီးနည်းပြသစ်ပြော

    ကြိုးစားလိုစိတ်မရှိသည့် ကစားသမားများကို မလိုအပ်ဟု ချယ်ဆီးနည်းပြသစ်ပြော

    ဒီဇင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    hidink

    – နည်းပြတစ်ယောက်အနေဖြင့် မိမိချမှတ်သော စည်းမျဉ်းများကို ကစားသမားများက လိုက်နာရမည်ဖြစ်ပြီး လုံလောက်သည့် ကြိုးစားအားထုတ်မှု မရှိပါက ထည့်သွင်းအသုံးပြုသွားမည်မဟုတ်ဟု ချယ်ဆီးနည်းပြသစ် ဂူစ်ဟစ်ဒင့်က ပြောကြားလိုက်သည်။

    မော်ရင်ဟိုထွက်ခွာသွားပြီးနောက် ရာသီကုန်အထိ ချယ်ဆီးနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည့် အသက် ၆၉ နှစ်အရွယ် ဟစ်ဒင့်မှာ ယခုတစ်ပတ် ၀က်ဖို့ဒ်နှင့်ကစားမည့်ပွဲတွင် အသင်းအား ပထမဆုံး ကိုင်တွယ်ရမည်ဖြစ်သည်။ ၎င်းမှာ အသင်းသားများထံမှ ချက်ချင်းပြောင်းလဲမှုကို လိုချင်နေသည်။

    “ခင်ဗျားတို့နည်းပြက ယာယီဆိုပေမယ့် ခင်ဗျားတို့ကို ကောင်းကောင်းပညာပေးလို့ရတယ်ဆိုတာ မမေ့ပါနဲ့။ ကောင်းကောင်းကစားဖို့အတွက် ကစားသမားတွေကို ကျွန်တော် ခယသွားမှာမဟုတ်ပါဘူး။ အဲဒီလိုကစားဖို့ သူတို့မှာ ၀တ္တရားကို ရှိနေတာပါ။ သူတို့ဟာ အသင်းကြီးတစ်သင်းမှာ ရှိနေတယ်။ လခလည်း ကောင်းကောင်းရထားတယ်။ စိတ်ရောကိုယ်ပါ ကစားဖို့ လိုအပ်ပါတယ်။ တကယ်လို့ သူတို့မှာ အဲဒီလိုစိတ်မျိုး မရှိဘူးဆိုရင် “တာ့တာ့ပဲကွာ။ သွားတော့လို့” ကျွန်တော်က ပြောမှာပါ။ ကစားချင်စိတ်မရှိတဲ့ ကစားသမားမျိုးကို ကျွန်တော် မလိုအပ်ပါဘူး” ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။

    Ref: Goal