News @ M-Media

Author: Ko Lay

  • အရှေ့တောင်အာရှရှိ ရေဘေးသင့်ပြည်သူများအတွက် ကူညီပေးရန် အဖွဲ့ဝင်နိုင်ငံများအား အိုအိုင်စီ တိုက်တွန်း

    အရှေ့တောင်အာရှရှိ ရေဘေးသင့်ပြည်သူများအတွက် ကူညီပေးရန် အဖွဲ့ဝင်နိုင်ငံများအား အိုအိုင်စီ တိုက်တွန်း

    သြဂုတ် ၁၉၊ ၂၀၁၅
    M-Media

    oic 2

    – မြန်မာနိုင်ငံအပါအ၀င် ရေးဘေးဒဏ်ခံစားခဲ့ရသော အာရှနိုင်ငံများအတွက် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရသည်ဟု အစ္စလာမ့်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ပြောကြားလိုက်ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း ရေဘေးသင့်ပြည်သူများအား ကူညီဖေးမမှုများပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    အဆိုပါ ၀မ်းနည်းကြောင်း ပြောကြားမှုကို အိုအိုင်စီ၏ ၀ဘ်ဆိုက်စာမျက်နှာတွင် သြဂုတ်လ ၁၇ ရက်နေ့စွဲဖြင့် လွှင့်တင်ထားခြင်းဖြစ်ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ဆိုက်ကလုန်းကိုမန်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများမှ ဖြစ်လာသည့် အကျိုးဆက်များတွက် အလွန်အမင်းစိုးရိမ်မိကြောင်း ရေးသားဖော်ပြထားသည်။

    ထို့ပြင် အိုအိုင်စီ အထွေထွေအတွင်းရေးမှူး အီယဒ် အေမင် မာဒန်က ရေဘေးအတွင်း ကွယ်လွန်သေဆုံးသွားသူများနှင့် ရေဘေးသင့်ပြည်သူများအတွက် မိမိတို့မှာ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရသည်ဟု ပြောကြားခဲ့ပြီး၊ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာနှင့် ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ အန်ဂျီအိုအဖွဲ့ဝင်များအနေဖြင့် အဆိုပါ
    ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်ရန်လည်း တိုက်တွန်းခဲ့သည်။

    အိုအိုင်စီမှာ ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်အများစုရှိရာ နိုင်ငံ ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ပြီး ကုလသမဂ္ဂပြီးနောက် နိုင်ငံအများအပြားဖြင့် ဖွဲ့စည်းထားသည့် ဒုတိယအကြီးဆုံး အဖွဲ့လည်းဖြစ်သည်။

    Ref: OIC’s website

  • အာရပ်-အမေရိကန်များအား ပြည်ဝင်ခွင့်မပေးသည့် အစ္စရေးကို အမေရိကန် သတိပေး

    အာရပ်-အမေရိကန်များအား ပြည်ဝင်ခွင့်မပေးသည့် အစ္စရေးကို အမေရိကန် သတိပေး

    သြဂုတ် ၁၉၊ ၂၀၁၅
    M-Media

    is

    – ပါလက်စတိုင်း-အမေရိကန်တစ်ဦးကို အစ္စရေးက ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အမေရိကန်နိုင်ငံသားများအပေါ် အစ္စရေး၏ ဆက်ဆံပုံနှင့်စပ်လျဉ်း၍ မိမိတို့အနေဖြင့် စိုးရိမ်မိသည်ဟု အမေရိကန်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “ဇာတိ ဒါမှမဟုတ် လူမျိုးတွေကို ဂရုမထားဘဲ အမေရိကန်နိုင်ငံသားအားလုံးအပေါ် တူညီတဲ့ ဆက်ဆံမှုနဲ့ လွတ်လပ်ခွင့်ကို အမေရိကန်အစိုးရက လိုချင်ပါတယ်။ အထူးသဖြင့် ပါလက်စတိုင်း-အမေရိကန်နဲ့ အခြား အာရပ်အမေရိကန်တွေ အစ္စရေး နယ်စပ်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ မမျှမတ ဆက်ဆံခံရတာကို အမေရိကန်က စိုးရိမ်ပါတယ်” ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီရ်ဘီက ပြောကြားခဲ့သည်။

    ပါလက်စတိုင်းအာဏာပိုင်များက ထုတ်ပေးထားသော ID ကို ရယူပိုင်ခွင့်ရှိသည့် အမေရိကန်နိုင်ငံသားများ တလ်အဗီးမြို့အပြင်ဘက်ရှိ ဘင်ဂူရီယန်လေဆိပ်သို့ ရောက်ရှိပြီးနောက်တွင် အစ္စရေးက ပြည်ဝင်ခွင့်မပေးခဲ့ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အမေရိကန်အစိုးရက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

    ကီရ်ဘီမှာ အဖြစ်အပျက်တစ်ခုခုကို ကိုကားခဲ့ခြင်းမရှိဘဲ အစ္စရေးအာဏာပိုင်အားလုံးကို ရည်ရွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

    အစ္စရေးကမူ လူတစ်ယောက်မှာ အမေရိကန်နိုင်ငံသား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၎င်း၏ မိဘ၊ သို့မဟုတ် အဖိုးအဖွားများမှာ ပါလက်စတိုင်းပိုင်နက်များအတွင်း နေထိုင်သူ၊ သို့မဟုတ် မွေးဖွားသူဖြစ်ပါက ထိုပုဂ္ဂိုလ်မှာ ပါလက်စတိုင်း ID ကို ပြရမည်ဖြစ်ပြီး၊ ထိုသို့ပြလျှင်လည်း လေဆိပ်မှ ၀င်ခွင့်မရဘဲ ဂျော်ဒန်နယ်စပ်ရှိ အဲလန်ဘီတံတားမှသာ ၀င်ခွင့်ပေးမည်ဟု သတ်မှတ်ထားသည်။

    အမေရိကန်အစိုးရ ၀ဘ်ဆိုက်တွင်မှု အစ္စရေးမှာ ပါလက်စတိုင်းနိုင်သား သို့မဟုတ် နိုင်ငံနှစ်ခု၏ နိုင်ငံသားအဖြစ် ခံယူထားသူအများစုမှာ ဘင်ဂူရီယန်လေဆိပ်သို့ ရောက်ရှိသည့်အခါ ၀င်ခွင့်မပေးဘဲ၊ ၀င်ခွင့်ရသူများကိုလည်း ဘင်ဂူရီယန်လေဆိပ်မှ ပြန်လည်ထွက်ခွာခွင့်မပြုဟု ဖော်ပြထားပြီး ထိုကိစ္စအတွက်လည်း အစ္စရေးကို သတိပေးထားသည်။

    ကီရ်ဘီကမူ ထိုကိစ္စမှာ အမေရိကန်နှင့် အစ္စရေးတို့အကြား လက်ရှိဆွေးနွေးရမည့် ကိစ္စတစ်ခုဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Alarabiya

  • ချန်ပီယံလိဂ်တွင် ခြေစွမ်းပြခဲ့သည့် ဒီပိုင်းကို နမ်းချင်သည်ဟု ဗန်ဂါးလ်ပြော

    ချန်ပီယံလိဂ်တွင် ခြေစွမ်းပြခဲ့သည့် ဒီပိုင်းကို နမ်းချင်သည်ဟု ဗန်ဂါးလ်ပြော

    သြဂုတ် ၁၉၊ ၂၀၁၅
    M-Media

    depay

    – ကလပ်ဘရုဂျက်အသင်းနှင့် ချန်ပီယံလိဂ် ခြေစစ်ပွဲတွင် ခြေစွမ်းပြခဲ့သည့် ကွင်းလယ်သူ မန်ဖစ်ဒီပိုင်းအား အနမ်းဖြင့် ဂုဏ်ပြုချင်သည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ချန်ပီယံလိဂ် အုပ်စုအဆင့်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ခြေစစ်ပွဲပထမအကျော့အဖြစ် ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် မန်ယူမှာ ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒီပိုင်းက ၃ ဂိုးသွင်းယူပေးခဲ့ကာ၊ ကွင်းလယ်လူ ဖယ်လိုင်နီ သွင်းယူသည့် ဂိုးကိုလည်း ၎င်းကပင် ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။

    “ဒီညအတွက် သူ့(ဒီပိုင်း) ကို ကျွန်တော် နမ်းချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဂိုးနှစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးခဲ့ပြီးတဲ့နောက် ခင်ဗျားဟာ ကမ္ဘာပေါ်က သူရဲကောင်းပါပဲ” ဟု ပွဲအပြီးတွင် ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ၂ ဂိုးအသာဖြင့် အနိုင်ရရှိခဲ့ခြင်းမှာ လာမည့်တစ်ပတ်တွင် ကစားမည့် ဒုတိယအကျော့အတွက် သက်သာရခဲ့သည်ဟု ၎င်းက ဆိုသည်။ သို့သော်လည်း မည်သည့်အရာမှ မသေချာဟုလည်း သတိပေးခဲ့သည်။

    ထိုပွဲ၏ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည့် ဒီပိုင်းကမူ မိမိအနေဖြင့် ဟက်ထရစ်မသွင်းနိုင်ခဲ့သည့်အတွက် စိတ်ပျက်မိသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော် ဂိုးသွင်းပြီး ပွဲနိုင်ခဲ့တဲ့အတွက် ပျော်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ တတိယဂိုးကိုသွင်းဖို့ တော်တော်လေး အရေးပါခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး အခွင့်အရေးနှစ်ကြိမ်လောက်ကို ကျွန်တော် အဆုံးမသတ်နိုင်ခဲ့တဲ့အတွက် နည်းနည်းတော့ စိတ်ပျက်ခဲ့ပါတယ်။ ရလဒ်ကတော့ ရလဒ်ကောင်းဖြစ်ပြီး ဘရုဂျက်ကိုသွားပြီး၊ အလုပ်ကို ပြီးဆုံးအောင် လုပ်ရပါမယ်” ဟု ဒီပိုင်းက ပွဲအပြီးတွင် BT Sport သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • ဖိလစ်ပိုင်မှ မွတ်စလင် တော်ဝင်မင်းသမီးတစ်ဦး Mrs. Universe ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်

    ဖိလစ်ပိုင်မှ မွတ်စလင် တော်ဝင်မင်းသမီးတစ်ဦး Mrs. Universe ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်

    သြဂုတ် ၁၉၊ ၂၀၁၅
    M-Medai

    philipine

    – တိုင်းရင်းသား လူမျိုးစုများ၏ အခွင့်အရေးအတွက် ဦးဆောင်ဦးရွက်ပြုပေးနေပြီး၊ ပရဟိလုပ်ငန်းများကို လုပ်ဆောင်နေသည့် ဖိလစ်ပိုင် မွတ်စလင် တော်ဝင်မင်းသမီးတစ်ဦးမှာ ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေသော ကမ္ဘာတစ်ဝှမ်းရှိ အိမ်ထောင်ရှိအမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်ရသည့် Mrs. Universe ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

    အဆိုပါတော်ဝင်မင်းသမီးမှာ အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်သည့် ဂျေး အိန်ဂျလီက် ဂျာဖာရ် ၀မ် ဖြစ်ပြီး အယ်လီဟုလည်း အမည်တွင်သည်။ သူမမှာ လက်ရှိတွင် Mrs.Southeast Asia ဘွဲ့ကို ဆွတ်ခူးထားသူဖြစ်သည်။ Mrs.Southeast Asia ဘွဲ့မှာ အမျိုးသမီးများ၊ ကလေးသူငယ်များ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်သော အိမ်ထောင်ရှိအမျိုးသမီးများကို ပေးအပ်ချီးမြှင့်သည့် ဆုလည်းဖြစ်သည်။

    အယ်လီမှာ ဖီလစ်ပိုင်နိုင်ငံအတွင်း တိုင်းရင်းသားများ၏အရေးနှင့် ၎င်းတို့၏ ဘိုးဘွားပိုင်မြေများ ခေါင်းပုံဖြတ် သိမ်းယူခံရမှုများအတွက် ရင်ဆိုင်ဆောင်ရွက်ပေးနေသူလည်း ဖြစ်သည်။

    “ပြဿနာက ဘက်ဂျက်မရှိတဲ့အတွက်ကြောင့် အစိုးရဟာ ဒီမြေတွေကို ဖွံ့ဖြိုးအောင် မလုပ်နိုင်တာပါပဲ။ တိုင်းရင်းသားတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးဖို့ တိုင်းရင်းသားပြည်သူများ အခွင့်အရေး အက်ဥပဒေကို ပြဌာန်းပေးထားပါတယ်။ ကျွန်မရဲ့ သဘောထားကတော့ သဘာဝသယံဇာတ အခြေပြု  စီးပွားရေးကို ဖန်တီးဖို့ဖြစ်ပြီး သူတို့(တိုင်းရင်းသားတွေ)ရဲ့မြေပေါ်မှာ စက်မှုဇုန်တွေ၊ စီးပွားရေးဇုန်တွေ၊ ကျောင်းတွေနဲ့ လယ်ယာစိုက်ပျိုးရေးနေရာတွေ ပါဝင်တဲ့ မြေတွေဖြစ်ဖို့အတွက် မာစတာပလန်တစ်ခု ရှိဖို့ပါပဲ” ဟု အယ်လီက ခေါင်းပုံဖြတ်ခံနေရသည့် တိုင်းရင်းသားများ၏ မြေယာများနှင့်ပတ်သက်၍ Inquirer.net သို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဖိလစ်ပိုင်လူမျိုးစုတစ်ခုဖြစ်သော သောင်ဆဂ် (Tausugs) မျိုးနွယ်မှ တော်ဝင်မင်းသမီးဖြစ်သည့် သူမကို တစ်ကမ္ဘာလုံးမှ ပရဟိတလုပ်ငန်းများနှင့် လူအခွင့်အရေးလုပ်ငန်းများ လုပ်ဆောင်သည့် အမျိုးသမီးများ ယှဉ်ပြိုင်ရသော Mrs. Universe ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် MegaStar Productions မှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    အယ်လီမှာ လွန်ခဲ့သည့် လေးနှစ်က သူမ၏ ဦးလေးဖြစ်သူ ဂျိုးဆက်ပ် ဆီဘဂ်၏ နေရာကို ဆက်ခံခဲ့သူဖြစ်ပြီး ဖိလစ်ပိုင်ရှိ တိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်းထားသည့်အဖွဲ့ဖြစ်သော Philippine Organization of United Tribal Initiatives Inc တွင်လည်း ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။

    အသိပညာပေးရေး

    အယ်လီမှာ ဖိလစ်ပိုင် တိုင်းရင်းသားပြည်သူများထံသို့ နေ့စဉ်သွားရောက်က ပညာရေး၊ ဆေးဘက်ဆိုင်ရာနှင့် အဟာရဆိုင်ရာ ကိစ္စများ အပါအ၀င် ၎င်းတို့မျိုးနွယ်များ ကြုံတွေ့နေရသည့် ပြဿနာများနှင့်ပတ်သက်၍ ဆွေးနွေးအဖြေရှာလေ့ရှိသူဖြစ်သည်။

    “ပိုက်ဆံပေးလိုက်တာနဲ့ ပြဿနာကို ဖြေရှင်းလို့ မရပါဘူး။ သူတို့ရဲ့ ဂုဏ်သိက္ခာတွေ မြှင့်တင်ဖို့နဲ့ ဒုက္ခသုက္ခတွေကနေ တိုးတက်လာဖို့အတွက် ပညာရေးက လိုအပ်ပါတယ်” ဟု အယ်လီက ပြောကြားခဲ့သည်။

    တော်ဝင်မျိုးနွယ်မှ ဆင်းသက်လာသော်လည်း အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ အယ်လီမှာ အဘွား၊ မုဆိုးမဖြစ်နေသော အဒေါ်များ၊ ဖတဆိုးဖြစ်နေသာ ၀မ်းကွဲများနှင့် ရိုးသားနှိမ့်ချစွာ ကြီးပြင်းလာခဲ့သူဖြစ်သည်။

    ၎င်းတို့မိသားစုများထဲမှ အမျိုးသားများမှာ လူမျိုးစုတိုက်ခိုက်သူများ၏ သားကောင်များ ဖြစ်ခဲ့ရပြီး အယ်လီ၏ ဖခင်ဖြစ်သူ အမီရ် ဘာဟာရ် ဟာဂျီ ဂျာဖာရ်မှာလည်း ၎င်းတို့ထဲမှ တစ်ဦး ဖြစ်ခဲ့ရသည်။

    “ကျွန်မရဲ့အဖေကို “ဇမ်ဘိုအမ်ဂါဒေသက ရမ်ဘို” လို့ လူသိများပါတယ်။ အဖေက စီးပွားရေးသမားတွေ ပြန်ပေးဆွဲခံရမှု၊ ငွေညှစ်ခံရမှုတွေကို ကာကွယ်ပေးခဲ့သူပါပဲ”

    အယ်လီမှာ Dr. Carlos Lanting ကောလိပ်မှ သူနာပြုဘာသာရပ်ဖြင့်လည်းကောင်း၊ La Consolacion ကောလိပ်မှ ခရီးသွားဘာသာရပ်ဖြင့်လည်းကောင်း ဘွဲ့နှစ်ဘွဲ့ရထားသူဖြစ်သည်။ သူမတွင် တိုနီ ဂျာဖာရ် ဟီပိုလီတိုဟု အမည်ရသည့် သမီးတစ်ဦးရှိပြီး ၎င်းမှာလည်း Miss Globe International 2015 ဘွဲ့ကို ရရှိထားသည်။

    Ref: Onislam

  • ဟဂ်ျပြုလုပ်ရန်အတွက် ပထမဆုံးအသုတ် ဆော်ဒီသို့ ရောက်ရှိလာ

    ဟဂ်ျပြုလုပ်ရန်အတွက် ပထမဆုံးအသုတ် ဆော်ဒီသို့ ရောက်ရှိလာ

    သြဂုတ် ၁၈၊ ၂၀၁၅
    M-Media

    hajj

    – ယခုနှစ် ဟဂ်ျခရီးစဉ်အတွက် ပထမဆုံးအသုတ်မှာ ဆော်ဒီအာရေဗျနိုင်ငံရှိ ဂျစ်ဒါနှင့် မဒီနာသို့ သြဂုတ် ၁၆ ရက်နေ့က ရောက်ရှိလာကြပြီး အာရှ ၃ နိုင်ငံဖြစ်သော မလေးရှား ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် တောင်အာဖရိကတို့မှ ဖြစ်ကြသည်။

    “ကျွန်တော်တို့နိုင်ငံက ဘုရားဖူးတွေရဲ့ လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ဖူလုံရေးတို့ကို ဆောင်ရွက်ပေးဖို့အတွက် ၀န်ထမ်းတွေ လွှတ်ပေးတာမျိုးလို အစီအစဉ်အချို့ကို ကျွန်တော်တို့ ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ဂျစ်ဒါရှိ မလေးရှားဟဂ်ျခရီးစဉ် စီစဉ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Arab News သို့ သြဂုတ်လ ၁၇ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

    မလေးရှားမှ ရောက်ရှိလာသူများမှာ ၄၅၀ ခန့်ရှိပြီး ပထမအသုတ်ဖြစ်သည်။ ယခုနှစ် ဟဂ်ျဘုရားဖူးကာလတွင် မလေးရှားမှ စုစုပေါင်း ၂၂၃၀၀ ဦး လာရောက်မည်ဖြစ်သည်။

    ပါကစ္စတန်ကောင်စစ်ဝန် ဗိုလ်ချုပ် အဖ်တဘ် ခိုခါရ်မှာ ပါကစ္စတန်မှာ ရောက်ရှိလာသော ဟဂ်ျဘုရားဖူးခရီးသည် ၁၅၀ ကို မဒီနာရှိ မိုဟာမက် ဘင် အဘ်ဒူလ်အဇစ် လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့သည်။ ယခုနှစ်ဟဂ်ျရာသီတွင် ပါကစ္စတန်မှ စုစုပေါင်း ၁၄၃၃၆၈ ဦး လာရောက်မည်ဖြစ်ပြီး ၇၁၆၈၄ ဦးမှာ အစိုးရ၏အစီအစဉ်ဖြင့် လာရောက်ကြမည်ဖြစ်သည်။

    ပါကစ္စတန်မှ ဟဂ်ျပြုလုပ်မည့်သူများနှင့်အတူ ၀န်ဆောင်မှုဝန်ထမ်း ၃၀၀၊ ဆေးအဖွဲ့ ၄၅၀ နှင့် အစိုးရ၀န်ထမ်း ၂၅၀ မှာလည်း လိုက်ပါလာမည်ဖြစ်ပြီး၊ ၀န်ဆောင်ပေးမည့် ၀န်ထမ်း ၅၀၀ ကိုလည်း ပြည်တွင်း၌ ခန့်ထားမည်ဖြစ်သည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယခုနှစ်ဟဂ်ျခရီးစဉ်အတွက် လာရောက်မည်သူများမှာ စုစုပေါင်း ၁၀၁၇၅၈ ဦးရှိမည်ဖြစ်ပြီး တနင်္ဂနွေနေ့က ဂျစ်ဒါသို့ ၄၂၈ ဦး ရောက်ရှိလာခဲ့ကာ သံအမတ် ဂိုလမ် မိုရှီနှင့် ကောင်စစ်ဝန် ဗိုလ်ချုပ် ဂျေ ကေ အမ် ရှာဟီဒုလ်ကရင်မ်တို့က သွားရောက်ကြိုဆိုခဲ့ကြသည်။

    ဟဂ်ျမှာ အစ္စလာမ်၏ မဏ္ဍိုင် ၅ ခုထဲမှ ပဉ္စမမြောက်မဏ္ဍိုင်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာအရသော်လည်း၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာ အရသော်လည်းကောင်း ဆော်ဒီသို့ လာရောက်ရန် တတ်နိုင်သူများအတွက် တစ်သက်လျှင်တစ်ကြိမ် ဟဂ်ျပြုလုပ်ခြင်းမှာ မလုပ်မနေရ ကျင့်စဉ်တစ်ခုလည်းဖြစ်သည်။

    ယခုနှစ် ဟဂ်ျကာလမှာ စက်တင်လာ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အကြားတွင် ကျရောက်မည်ဖြစ်သည်။

    Ref: Onislam