News @ M-Media

Author: Ko Lay

  • ချယ်ဆီးအသင်း ကစားသမားသစ်များကို ခေါ်ယူမည်မဟုတ်တော့

    ချယ်ဆီးအသင်း ကစားသမားသစ်များကို ခေါ်ယူမည်မဟုတ်တော့

    သြဂုတ် ၆၊ ၂၀၁၅
    M-Media

    morinho

    – အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ နောက်ထပ်ကစားသမားအသစ်များကို ခေါ်ယူသွားမည်မဟုတ်တော့ဟုချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    အသက်အရွယ်ရနေပြီဖြစ်သည့် ၀ါရင့်နောက်ခံလူ ဂျွန်တယ်ရီ၏နေရာကို ရေရှည်အစားထိုးရန် မော်ရင်ဟိုမှာ အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းကို ခေါ်ယူလိုနေပြီး ၂ ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း အဲဗာတန်အသင်းက ပယ်ချခဲ့သည်။

    “ရာသီတိုင်းမှာ ကျွန်တော်တို့ ဒီလိုမျိုး ထပ်လုပ်ပါတယ်။ ကျွန်တော့်အတွက်တော့ အပြောင်းရွှေ့ဟာ ပြီးဆုံးသွားခဲ့ပါပြီ။ ပြိုင်ပွဲစတဲ့အချိန် လူဝယ်တာမျိုးကို ကျွန်တော် မကြိုက်ပါဘူး။ ဈေးကွက်ဖွင့်ထားတယ်။ ကျွန်တော့်အသင်းကလည်း ၀ယ်လို့ရောင်းလို့ရတယ်။ ဒါပေမယ့် ကျွန်တော် ဒါကို စိတ်မ၀င်စားပါဘူး။ ဘောလုံးအသင်းနည်းပြတစ်ယောက်အနေနဲ့ အခုအချိန်မှာ ကျွန်တော့်ကစားသမားတွေအကြောင်း၊လူစာရင်းအကြောင်းပဲ စဉ်းစားနေပါတယ်။ အပြောင်းအရွှေ့ဈေးကွက်အကြောင်း မစဉ်းစားပါဘူး” ဟု မော်ရင်ဟိုက talkSPORT သို့ ပြောကြားခဲ့သည်။

    ချယ်ဆီးမှာ အော့ဂ်ဘာ့ဂ်အသင်း၏ နောက်ခံလူ ဘာဘာရဟ်မန်အား ခေါ်ယူရန် နီးစပ်နေပြီး နောက်ခံလူ ဖီးလစ်လူးဝစ်မှာ အက်သလက်တီကိုသို့ ပြောင်းရွှေ့ရန် ရှိနေကာ မော်ရင်ဟိုမှာ ဘယ်နောက်ခံလူ ပြဿနာရှိနေသည်။

    “ဘာဖြစ်ဖြစ်ပေါ့ဗျာ။ ကျွန်တော်ကတော့ အပြောင်းအရွှေ့အကြောင်း စဉ်းစားဖို့ တစ်မိနစ်လောက်တောင် အချိန်ကုန်မခံနိုင်ပါဘူး။ ရှိတဲ့ကစားသမားနဲ့ အကောင်းဆုံး ကြိုးစားသွားမှာပါ”

    Ref: Goal

  • ရီယူနီယံကျွန်းတွင် တွေ့ခဲ့သည့် အစိတ်အပိုင်းမှာ MH370 မှဖြစ်သည်ဟု မလေးရှား အတည်ပြု

    ရီယူနီယံကျွန်းတွင် တွေ့ခဲ့သည့် အစိတ်အပိုင်းမှာ MH370 မှဖြစ်သည်ဟု မလေးရှား အတည်ပြု

    သြဂုတ် ၆၊ ၂၀၁၅
    M-Media

    malay

    – ပြီးခဲ့သည့်တစ်ပတ်က အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ပြင်သစ်ပိုင် ရီယူနီယံကျွန်း၌ တွေ့ရှိခဲ့သော လေယာဉ်ပျက်အပိုင်းအစမှာ လွန်ခဲ့သည့် ၁၇ လက ပျောက်ဆုံးသွားသော MH370 လေယာဉ်မှ ဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇတ်က ယမန်နေ့တွင် အတည်ပြု ပြောကြားလိုက်သည်။

    အဆိုပါ အပိုင်းအစမှာ လေယာဉ်တောင်ပံမှ ဖလာပီရွန်ဟုခေါ်သည့် အပိုင်းအစဖြစ်ပြီး ရီယူနီယံကျွန်း၌ တွေ့ရှိခဲ့ပြီးနောက် ပြင်သစ်နိုင်ငံ တူးလော့စ်မြို့သို့ ယူဆောင်ကာ ပြင်သစ်နှင့် မလေးရှားမှ ပညာရှင်များနှင့် ဘိုးအင်းကုမ္ပဏီမှ ကိုယ်စားလှယ်များက ယမန်နေ့တွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

    “လေယာဉ်ပျောက်ဆုံးသွားပြီး ၅၁၅ ရက်ကြာတဲ့ ဒီနေ့မှာ စိတ်မကောင်းခြင်းများစွာနဲ့ ကျွန်တော်ပြောရမှာကတော့ ရီယူနီယံကျွန်းမှာ တွေ့ခဲ့တဲ့ လေယာဉ်ပျက်အစိတ်အပိုင်းဟာ MH370 က တကယ်ဖြစ်တယ်လို့ နိုင်ငံတကာကျွမ်းကျင်သူတွေက အပြည့်အ၀ အတည်ပြုခဲ့တယ် ဆိုတာပါပဲ။ MH370 လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာရဲ့ တောင်ဘက်ပိုင်းမှာ ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားတယ်လို့ ပြီးခဲ့တဲ့နှစ် မတ်လ ၂၄ ရက်နေ့မှာ ကျွန်တော်ကြေညာခဲ့တာရဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်စရာ အထောက်အထား ကျွန်တော်တို့မှာ အခု ရှိနေပါပြီ” ဟု နာဂျစ်ဘ်က ပြောကြားခဲ့သည်။

    ထိုသို့ ကြေညာပြီးနောက်ပိုင်းတွင် ပြင်သစ်တရားသူကြီး တစ်ဦးကလည်း အဆိုပါ လေယာဉ်ပျက်အစိတ်အပိုင်းမှာ MH370 မှ ဖြစ်သည်ဆိုသည်ကို ရှင်းလင်းထားသည့် ကြေညာချက်တစ်စောင် ထုတ်ြပန်ခဲ့သည်။

    ၂၁၀၄ ခုနှစ် မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းသွားခဲ့သည့် အဆိုပါလေယာဉ်မှာ ၎င်း၏ ဆက်သွယ်ရေးနှင့် ခြေရာခံစနစ်များကို ပိတ်ပြီးနောက် အိန္ဒိယသမုဒ္ဒရာပေါ်တွင် နာရီများစွာ ပျံသန်းခဲ့ကာ နောက်ဆုံးတွင် ပျက်ကျသွားသည်ဟု ယူဆခဲ့ကြသည်။

    မလေးရှားမှ ထိုကဲ့သို့ ကြေညာခဲ့ပြီးနောက် သြစတေးလျက မိမိတို့မှာ ထိုလေယာဉ်ရှာဖွေရေးအတွက် ယုံကြည်ချက်ရှိလာခဲ့ပြီး ရှာဖွေတွေ့လိမ့်မည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ရွေ့လျား ကုရ်အာန်အသိပညာပေးလှုပ်ရှားမှု အိန္ဒိယမွတ်စလင်များ စတင်

    ရွေ့လျား ကုရ်အာန်အသိပညာပေးလှုပ်ရှားမှု အိန္ဒိယမွတ်စလင်များ စတင်

    သြဂုတ် ၆၊ ၂၀၁၅
    M-Media

    imd

    – ကုန်အာန်ကျန်းတော်မြတ်၏ ငြိမ်းချမ်းသော သင်ကြားမှုများကို နိုင်ငံတစ်ဝှမ်းတွင် မြှင့်တင်ရန် ရည်ရွယ်၍ အိန္ဒိယရှိ ထင်ရှားသည့် မွတ်စလင်ပညာရှင်တစ်ဦးမှာ ဗန်ကားတစ်တစ်စီးဖြင့် ကုရ်အာန်ကျမ်းတော်မြတ်အား လူမျိုးဘာသာမရွေး မီဒီယာပစ္စည်းမျိုးစုံသုံး၍ မျှဝေခြင်းနှင့် အသိပညာပေးခြင်း လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့သည်ဟု သိရသည်။

    “ဒီကျမ်းတော်မြတ်ဟာ မွတ်စလင်သီးသန့်အတွက် ရည်ရွယ်တာမဟုတ်တာကြောင့် နိုင်ငံသားတိုင်းကို အလ္လာဟ်အရှင်မြတ်ရဲ့ သတင်းစကားတွေ ရောက်ရှိဖို့ဟာ မွတ်စလင်တိုင်းအတွက် တာဝန်ဖြစ်ပါတယ်” ဟု ပရဟိတအဖွဲ့ဖြစ်သော Satya Sandesh Foundation (SSF) ကို တည်ထောင်သူ ဆာတဂ်ျ အဟ်မဒ်က ပြောကြားခဲ့သည်။

    ဘာသာစကားအမျိုးမျိုးဖြင့် ဘာသာပြန်ဆိုထားပြီး မီဒီယာ ပစ္စည်းကိရိယာ အမျိုးမျိုးတွင် ဖတ်ရှုနားထောင်နိုင်မည့် ကုရ်အာန်ကျမ်းတော်မြတ် စီဒီ၊ ဒီဗီဒီ၊ အက်ပလီကေးရှင်းများကို ရွေ့လျားဗန်ကားဖြင့် အိန္ဒိယတစ်ဝှမ်းရှိ ပြည်သူအားလုံးကို ဖြန့်ဝေပေးမည့် အဆိုပါလှုပ်ရှားမှုကို အိန္ဒိယ မွတ်စလင်ဥပဒေရေးရာအဖွဲ့မှ အထွေထွေအတွင်းရေးမှူးဖြစ်ပြီး ထင်ရှားသည့်
    အစ္စလာမ့်ဓမ္မပညာရှင် မောင်လာနာ ခါလစ် ဆိုက်ဖွလ္လာ ရဟ်မာနီက စတင်ခဲ့ခြင်းဖြစ်သည်။

    လှုပ်ရှားမှု စတင်ခြင်းအခမ်းအနားသို့ အိန္ဒိယရှိ နာမည်ကြီး အစ္စလာမ့်ဓမ္မပညာရှင်များ တက်ရောက်ခဲ့ကြပြီး၊ကန်ပူရ်း ကုရ်အာန်တက္ကသိုလ်မှ ကျောင်းသားများနှင့် ပြည်သူများလည်း တက်ရောက်ခဲ့ကြသည်။

    “ကရှ်မီးယား True Message Foundation က ဒီရွေ့လျားအသိပညာပေး လှုပ်ရှားမှုကို ပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုတုန်းက မွတ်စလင်များတဲ့အခြေအနေကိုကြည့်ပြီး ဒီအဆိုပြုချက်ကို လက်ခံဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ ဒါပေမယ့် ဒီကိုရောက်လာပြီးတဲ့နောက်ပိုင်း လူ့အဖွဲ့အစည်းဟာ ကွဲနေတာ၊ တစ်သီးတစ်ခြားစီဖြစ်နေတာကို တွေ့ရှိခဲ့ပြီး ဒါက ရဟ်မာနီကို သဘောထားပြောင်းဖို့ ဖြစ်စေခဲ့ပါတယ်။
    ဧည်သည်တွေ ဆွလားသ်ဝတ်ပြုဖို့ စီစဉ်ပေးတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ မရှိသလောက်ဖြစ်နေတယ်။ နိုင်ငံအတွင်းနဲ့ နိုင်ငံအပြင်က အဓိကဟိုတယ် အားလုံးနီးပါးမှာ မွတ်စလင်ဧည်သည့်တွေ ဆွလာသ်ဝတ်ပြုဖို့ စီစဉ်ပေးထားတဲ့အချိန် သူတို့မှာ ကစ်ဗလာ (ဆွလာသ်ဝတ်ပြုသည့်အခါ မျက်နှာမူရသည့်အရပ်) ကိုတောင်မှ အခန်းတွေမှာ သတ်မှတ်ပေးထားခြင်းမရှိပါဘူး” ဟု ထိုလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသည့် SSF ဖောင်ဒေးရှင်းအဖွဲ့ဝင် ရှာဟစ် ရှမီးမ်က ပြောကြားခဲ့သည်။

    ကုရ်အာန်ကျမ်းတော်မြတ်နှင့်ပတ်သက်၍ မွတ်စလင်များ၏ တာဝန်များကို ဆွေးနွေးရာတွင် မောင်လာနာ ဆယဒ် ဘီလာလ် ဟာဆန် နဒ်ဝီက ကမ္ဘာလှည့်ခရီးသွားများ အပါအ၀င် ဘာသာပေါင်းစုံမှ ပြည်သူများနှင့် ထိတွေ့ဆက်ဆံကာ ၎င်းတို့၏ မေးမြန်းစုံစမ်းမှုများကို ဖြေကြားပေးမည့် အစ္စလာမ့်ဓမ္မပညာရှင်များ လိုက်ပါကာ ထိုကဲ့သို့ ကားဖြင့် တစ်နေရာမှ တစ်နေရာသို့ သွားရောက်၍ ကုရ်အာန်အသိပညာပေး လှုပ်ရှားမှုအား စီစဉ်ကြသူများကို ချီးကျူးခဲ့သည်။

    “သူတို့ဟာ ငြိမ်းချမ်းရေးသာသနာဖြစ်တဲ့ အစ္စလာမ်နဲ့ပတ်သက်တဲ့ ယူဆချက်အမှားတွေကို ဖယ်ရှားပေးသွားမှာပါ။ နောက်ပြီး စီဒီ၊ ဗီစီဒီ၊ မိုဘိုင်းဖုန်း၊ မမ်မိုရီကဒ်နဲ့ Hardisk တွေလို မီဒီယာတွေကနေတစ်ဆင့် ကုရ်အာန်ကျမ်းတော်မြတ်တွေကို မျှဝေသွားကြမှာပါ” ဟု မောင်လာနာ နဒ်ဝီက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Onislam

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၅၊ ၂၀၁၅)

    သြဂုတ် ၅၊ ၂၀၁၅
    M-Media

    ဥရောပတွင် ဒုံးကာကွယ်ရေးစနစ်ချရေးအတွက် အိုဘားမား လိမ်ခဲ့သည်ဟု ရုရှားပြော
    …………………………………
    အီရန်နျူအရေး ဖြေရှင်းပြီးသွားပါက ဥရောပတွင် ဒုံးကျည်ကာကွယ်ရေးအစီအစဉ်ကို ဆောင်ရွက်တော့မည်မဟုတ်ဟု အမေရိကန်သမ္မတ အိုဘားမား၏ ပြောစကားမှာ လိမ်ညာမှုတစ်ခုသာဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ က CNA သတင်းဌာနနှင့်
    အင်တာဗျူးတွင် ပြောကြားလိုက်သည်။ အိုဘားမားမှာ ထိုစကားကို ၂၀၀၉ ခုနှစ်က ပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အီရန်နျူအရေး ဆွေးနွေးပြီးသော်လည်း ယူကရိန်းမတည်မငြိမ်ဖြစ်မှုနှင့် ပတ်သက်၍ ဥရောပတွင် ဒုံးကျည်ကာကွယ်ရေးစနစ်များ ချထားရန် အမေရိကန်က ဆောင်ရွက်နေသည်။

    တောင်တရုတ်ပင်လယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများကို တရုတ်ရပ်တန့်
    …………………………..
    ပိုင်နက်အငြင်းပွားမှုများ ရှိနေသည့် တောင်တရုတ်ပင်လယ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများကို ရပ်တန့်လိုက်ပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီ ၀မ်ယီက ယနေ့တွင်ပြုလုပ်ခဲ့သော အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ပြောကြားခဲ့သည်။ ထိုအစည်းအဝေးတွင် တရုတ်နိုင်နှင့် အရှေ့တောင်အာရှနိုင်ငံများမှာ တောင်တရုတ်ပင်လယ် ကျင့်ဝတ်စည်းကမ်းများအတွက် အကြံအဥာဏ်ပေးမှုများ တိုးမြှင့်ဆောင်ရွက်ရန်လည်း သဘောတူညီခဲ့သည်။

    ဂျူးအစွန်းရောက်တစ်ဦးကို အစ္စရေးထောင်ချ
    ……………………………..
    ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် အစ္စရေးက ဆောက်လုပ်ထားသော တရားမ၀င်အိမ်ယာတွင် နေထိုင်သည့် ဂျူးအစွန်းရောက် မာလာဟ် အဒူမင်ကို အစ္စရေးက ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သည်။ ယမန်နေ့ညပိုင်းက ချမှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ခရစ်ယာန်ဘုရားကျောင်းနှစ်ခု၊ ပါလက်စတိုင်းတို့၏ နေအိမ်များကို တိုက်ခိုက်မှုများနှင့် ဆက်နွယ်နေသူဖြစ်သည်ဟု အစ္စရေး မီဒီယာများက ဖော်ပြခဲ့ကြသည်။ ပြီးခဲ့သည့် သီတင်းပတ်က ပါလက်စတိုင်းများ၏ နေအိမ်နှင့် အစ္စရေးရှိ လိင်တူချစ်သူများ ချီတက်ပွဲကို
    ဂျူးအစွန်းရောက်များက တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးက ပြုလုပ်ခဲ့သည့် ဂျူးအစွန်းရောက် နှိမ်နှင်းရေးတွင် ပထမဆုံး အရေးယူခဲ့ခြင်းလည်းဖြစ်သည်။

    Ref: News Agencies

  • ရေဘေးသင့်ပြည်သူများအတွက် အကူအညီပေးရေး အမေရိကန်လုပ်ဆောင်နေ

    ရေဘေးသင့်ပြည်သူများအတွက် အကူအညီပေးရေး အမေရိကန်လုပ်ဆောင်နေ

    သြဂုတ် ၅၊ ၂၀၁၅
    M-Media

    ရေဘေးဒဏ်ခံစားနေရသည့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို ဝေဟင်မှ မြင်ရစဉ်

    – မြန်မာနိုင်ငံအတွင်းရှိ ရေဘေးအန္တရာယ်ကို ခံစားနေရသည့် ပြည်သူများအား မိမိတို့မှ အကူအညီများ ပေးအပ်သွားရန် ဆောင်ရွက်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

    ကွာလာလမ်ပူသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်နှင့် ပူးတွဲဥက္ကအဖြစ် ဆောင်ရွက်သည့် အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဂျွန်ကယ်ရီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ရှိ အမေရိကန်သံရုံးမှာ ဦးစားပေးအကူအညီများကို ဆုံးဖြတ်ရန်အတွက် မြန်မာအာဏာပိုင်များနှင့် အနီးကပ် အလုပ်လုပ်နေသည်ဟု ဆိုသည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နိုင်ငံတစ်ဝှမ်း ရေကြီးမှုများကြောင့် လူပေါင်း ၆၉ ဦး သေဆုံးခဲ့ပြီး ၂၅၀၀၀၀ ကျော်မှာ ရေဘေးဒဏ်ကိုခံစားခဲ့ရသည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ပြောကြားခဲ့သည်။

    ထို့ပြင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင်လည်း ပြီးခဲ့သည့် ၂ ရက်အတွင်း မြစ်ရေများ မြင့်တက်လာမှုကြောင့် အစိုးရက သတိပေးချက်ထုတ်ပြန်ထားသည်။

    ရေဘေးကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုကို အရေးပေါ်အခြေအနေအဖြစ် မြန်မာအစိုးရက ကြေညာထားပြီး ရေဘေးသင့်ပြည်သူများအား ကူညီရန်အတွက် နိုင်ငံတကာ၏ အကူအညီကို သြဂုတ်လ ၃ ရက်နေ့က တောင်းခံခဲ့သည်။

    ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှတစ်ဆင့် ဂျပန်နိုင်ငံက စောင်များ၊ အိပ်ယာများနှင့် ပလက်စတစ်ဖျင်များ ကူညီပေးသွားမည်ဟု ပြောကြားထားပြီး၊ ရန်ကုန်ရှိ တရုတ်သံရုံးမှလည်း အကူအညီများ ပေးအပ်လျက်ရှိနေသည်။

    Ref: Reuters