News @ M-Media
Author: Ko Lay
  • မူဆိုးလ်တွင် အီးဒ်ပွဲတော် ကျင်းပခြင်းမပြုရန် IS က ၀ါဒဖြန့် အမိန့်ထုတ်
    မူဆိုးလ်တွင် အီးဒ်ပွဲတော် ကျင်းပခြင်းမပြုရန် IS က ၀ါဒဖြန့် အမိန့်ထုတ်
    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media
    is
    – ကမ္ဘာ့တစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်များမှာ ရမ်ဇာန်ဥပုသ်လပြီးနောက် အီဒွလ်ဖီသီရ်ပွဲတော်ကို ဆင်နွှဲရန် ပြင်ဆင်နေစဉ် IS အဖွဲ့က အီရတ်ရှိ ၎င်းတို့ထိန်းချုပ်ထားရာ မူဆိုးလ်မြို့တွင် အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှုကို ပိတ်ပင်ခဲ့ပြီး ထိုသို့ ၀တ်ပြုဆုတောင်းခြင်းမှာ အစ္စလာမ်သာသနာ၏ အစိတ်အပိုင်းမဟုတ်ဟု ဆိုသည်။
    ထိုသို့ အမိန့်ထုတ်ခဲ့ခြင်းကို အီရတ် ကာ့ဒ်ဒီမိုကရက်တစ်ပါတီ KDP မှ မူဆိုးလ်မြို့ တာဝန်ရှိသူတစ်ဦးဖြစ်သော အစ္စမတ် ရာဂျဘ်က ပြောကြားခဲ့ခြင်းဖြစ်ပြီး မူဆိုးလ်မြို့ခံများအနေဖြင့် အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှုတွင် ပါဝင်ခြင်းမပြုရန် IS က သတိပေးထားသည်ဟုလည်း ဆိုသည်။ ရာဂျဘ်မှာ လက်ရှိအချိန်တွင် ကာ့ဒ်ဒေသ၌ နေထိုင်နေသည်။
    အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှုမှာ အစ္စလာမ်၏ သွတ်သင်ချက်မဟုတ်ဘဲ စောစောပိုင်း အစ္စလာမ်သာသနာကို စတင်ဟောကြားသည့်အချိန်တွင် ပြုလုပ်ခဲ့ခြင်းမရှိဟု ၀ါဒဖြန့်ထားကြောင်း ရာဂျဘ်က ထည့်သွင်းပြောကြားခဲ့သည်။
    တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) သက်တော်ထင်ရှား ရှိနေစဉ်ကပင် ကိုယ်တော်တိုင် အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှုကို ဦးဆောင်လေ့ရှိပြီး၊ ၀တ်ပြုရန် လာရောက်ကြသည့် အမျိုးသား၊ အမျိုးသမီး ကလေးသူငယ်များအားလုံးကို တရားဒေသနာ ဟောကြားမှုများ ပြုလုပ်ခဲ့သော သမိုင်းအထောက်အထား အတိအကျ ရှိနေသည်။ ထို့ပြင် အီးဒ်နေ့၏ ထူးမြတ်မှု၊
    ပျော်ရွှင်ဖွယ်ရာကောင်းမှုတို့ကို ဖော်ပြသော မုဟမ္မဒ်သခင်၏ သြ၀ါဒတော်များလည်း အများအပြား ရှိခဲ့သည်။
    ရမ်ဇာန်ဥပုသ်လကုန် အစ္စလာမ့်ပြက္ခဒိန်၏ ဒဿမမြောက်လဖြစ်သော ရှောင်ဝလ်လ ၁ ရက်နေ့မှာ အီဒွလ်ဖိသိရ်နေ့ဖြစ်ပြီး ထိုနေ့တွင် အစ္စလာမ်ဘာသာဝင်များမှာ စုပေါင်း၍ ၀တ်ပြုဆုတောင်းခြင်း၊ တရားဒေသနာများ နာယူခြင်း၊ ဆင်းရဲသူ ဆင်းရဲသားများအား လှူဒါန်းပေးကမ်းခြင်းများ ပြုလုပ်ကြသည်။
    ထို့ပြင် ဆွေမျိုးမိသင်္ဂဟများ၏ အိမ်များသို့ သွားရောက်လည်ပတ်ကာ နီးစပ်အောင်ပြုလုပ်ခြင်း၊ မုန့်များလုပ်၍ အိမ်နီးနားချင်းများအား ဝေငှခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ကြသည်။ တမန်တော်မုဟမ္မဒ်သခင်၏ လက်ထက်တွင် အီးဒ်နေ့၌ အားကစားပြိုင်ပွဲများကိုလည်း ပြုလုပ်လေ့ ရှိခဲ့သည်။
    IS မှာ ၎င်းတို့ ထိန်းချုပ်ရာဒေသများတွင် ဘာသာရေးခေါင်းစဉ်တပ်ကာ ပြည်သူများအား ပြင်းပြင်းထန်ထန် နှိပ်ကွပ်လေ့ရှိပြီး၊ သမိုင်းဆိုင်ရာ အမွေအနှစ်များ၊ မွတ်စလင်တို့၏ သမိုင်းဝင်နေရာများ၊ ဗလီဝတ်ကျောင်းတော်များအပါအ၀င် အထွဋ်အမြတ်ထားရာ ဘာသာရေး အဆောက်အအုံများအား ဗုံးခွဲပျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။
    ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ဆော်ဒီ၊ အီဂျစ်၊ တူရကီ၊ အင်ဒိုနီးရှားနှင့် ကမ္ဘာ့တစ်ဝှမ်းရှိ နိုင်ငံများမှ ထိပ်တန်း မွဖ်သီကြီးများ၊ အစ္စလာမ့် အသင်းအဖွဲ့များက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကာ ၎င်းတို့၏ လုပ်ရပ်များမှာ အစ္စလာမ်၏ သွင်သင်ချက်များနှင့် လုံးဝ ဆန့်ကျင်နေသည်ဟု ဓမ္မသတ်များ ထုတ်ပြန်ခဲ့ကြသည်။
    ဆော်ဒီရှိ မွဖ်သီကြီး ရှိခ် အဘ်ဒူလ် အဇစ် အလ် ရှိခ်က IS အဖွဲ့မှာ အစ္စလာမ်သာသနာ၏ နံပါတ် ၁ ရန်သူဖြစ်ပြီး မွတ်စလင်များအနေဖြင့် တွန်းလှန်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
    Ref: Tribune, Onislam
  • နိုင်ငံတကာ သတင်းတို (ဇူလိုင် ၁၂၊ ၂၀၁၅)
    ဇူလိုင် ၁၂၊ ၂၀၁၅
    M-Media
    စပိန်ခွဲထွက်ရေး စစ်သွေးကြွနှစ်ဦးကို ဖမ်းဆီး စစ်ဆေးနေ
    ………………………….
    စပိန်ခွဲထွက်ရေး စစ်သွေးကြွအဖွဲ့ ETA မှ အကြီးတန်းအဖွဲ့ဝင်နှစ်ဦးကို အင်္ဂါနေ့က ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဖမ်းဆီးခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု Reuters သတင်းဌာနက ယနေ့တွင် ဖော်ပြထားသည်။ ၎င်းတို့ ၂ ဦးမှာ စပိန်အစိုးရ၏ အလိုချင်ဆုံး ETA အဖွဲ့ဝင်များလည်း ဖြစ်သည်။ ETA အဖွဲ့က ၎င်းတို့မှာ အကြမ်းဖက်တိုက်ခိုက်မှုများ မပြုလုပ်တော့ဟု ၂၀၁၁ ခုနှစ်က ကြေညာခဲ့သော်လည်း အဖွဲ့ဝင်များမှာ ပြန်လည်၍ လက်နက်ကိုင်ဆောင်မှုများ ပြုလုပ်နေသည်။
    တရုတ် တရားရုံးချုပ်၏ တရားသူကြီးတစ်ဦး ချစားမှုဖြင့် စစ်ဆေးခံနေရ
    ………………………….
    တရုတ်တရားရုံးချုပ်မှ ဒုတိယဥက္ကဌဖြစ်သော ဇီ ဇီယိုမင်းမှာ ချစားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို ခံနေရသည်ဟု တရုတ်အစိုးရ၏ ချစားမှုတိုက်ဖျက်ရေးအဖွဲ့က ယနေ့တွင်ထုတ်ပြန်သော ကြေညာချက်အကျဉ်းချုပ်တွင် ဖော်ပြထားသည်။ သို့သော်လည်း ၎င်းအား ရာထူးမှ ထုတ်ပယ်ခဲ့လား၊ သို့မဟုတ် ဖယ်ရှားခဲ့လားဆိုသည်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ ဇီ ဇီယိုမင်းမှာ တရုတ် တရားရေးတာဝန်ရှိသူများထဲမှ ချစားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို ခံရသော အကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
    မက္ကဆီကို နာမည်ကြီး မူးယစ်ရာဇာတစ်ဦး အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်
    ………………………………..
    အမည်ဆိုးဖြင့်ကျော်ကြားသည့် မက္ကဆီကို မူးယစ်ရာဇာ ဂျိုအာကွင်း အလ် ချာပို ဂူဇ်မန်မှာ မက္ကဆီကိုစီးတီး အပြင်ဘက်ရှိ လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်မှ ဒုတိယအကြိမ် လွတ်မြောက်သွားခဲ့သည်ဟု မက္ကစီကို လုံခြုံရေးကော်မရှင်၏ ပြောကြားမှုကို ကိုးကား၍ AP သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ စီနာလိုအာ မူးယစ်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သော ဂူဇ်မန်ကို ထောင်၏ ရေချိုးခန်းတွင် နောက်ဆုံး တွေ့ခဲ့ရခြင်းဖြစ်ပြီး ရှာဖွေမှုများကို လုပ်ဆောင်နေကာ ပြည်တွင်းလေဆိပ်တစ်ခုကိုလည်း ပိတ်ထားလိုက်သည်။ ဂူဇ်မန်မှာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက ထောင်ဒဏ်ကျခံခဲ့ရခြင်းဖြစ်သည်။
    Ref: News Agencies
  • ယခုနှစ် ဟဂ်ျခရီးစဉ်အတွင်း ဖိလစ်ပိုင်မှ လူ ၈၀၀၀ လာရောက်မည်
    ယခုနှစ် ဟဂ်ျခရီးစဉ်အတွင်း ဖိလစ်ပိုင်မှ လူ ၈၀၀၀ လာရောက်မည်
    ဇူလိုင် ၁၂၊ ၂၀၁၅
    M-Media
    hajj
    – ယခုနှစ်ဟဂ်ျကာလအတွင်း ဆော်ဒီအာရေဗျသို့ ဖိလစ်ပိုင်နိုင်ငံမှ လူ ၈၀၀၀ လာရောက်မည်ဟု ဂျစ်ဒါရှိ ဖိလစ်ပိုင် အထွေထွေ ကောင်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    “ဖိလစ်ပိုနိုင်ငံအတွက် ခွဲတမ်းက မနှစ်က ၆၅၀၀ ရှိတာကနေ ဒီနှစ်မှာ ၈၀၀၀ အထိ တိုးလာပါတယ်။ ပြီးတော့ ဖိလစ်ပိုင် မွတ်စလင်အမျိုးသားကော်မရှင် NCMF ကလည်း ဒီအတွက် ကျေးဇူးတင်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။
    ဘုရားဖူးခရီးစဉ်အတွက် ပူးပေါင်းဆောင်ရွက်နှင့် အစီအစဉ်များချမှတ်ရန် NCMF မှ ကိုယ်စားလှယ် ဘရှီးရ် တိုမီလန်မှာ ဆော်ဒီသို့ရောက်ရှိနေသည်။ ၎င်းမှာ သယ်ယူပို့ဆောင်ရေး၊ အစားအသောက်နှင့် နေရာထိုင်ခင်း စီစဉ်ပေးရေးတို့အတွက် ၀န်ဆောင်မှုပေးသူများနှင့် တွေ့ဆုံခဲ့သည်။
    “ဘုရားဖူးတွေရဲ့ နိုင်ငံကူးလက်မှတ်မှာ ကပ်ဖို့အတွက် စတစ်ကာတွေထုတ်ပေးဖို့ ဟဂ်ျရေးရာဝန်ကြီးဌာန တာဝန်ရှိသူတွေကို ကျွန်တော် တိုက်တွန်းထားပါတယ်” ဟု တိုမီလန်က ပြောကြားခဲ့သည်။ ၎င်းမှာ စောစောပိုင်းက ဖိလစ်ပိုင်ကောင်စစ်ရုံးနှင့်အတူ ဆောင်ရွက်ခဲ့သည်။
    ဟဂ်ျကာလအတွက် ဆော်ဒီနိုင်ငံ၏ ပြင်ဆင်ထားမှုများကိုလည်း ကျေနပ်သည်ဟု တိုမီလန်က ဆိုသည်။
    NCMF မှ အခြားကိုယ်စားလှယ်တစ်ဦးဖြစ်သူ နိုရိုဒင် လိုမွန်ဒေါ့ကလည်း ဖိလစ်ပိုင်နိုင်ငံသားများ၏ ဟဂ်ျဘုရားဖူးခရီးစဉ်နှင့် စပ်လျဉ်း၍ ဆော်ဒီအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် စောစောပိုင်းက ဆော်ဒီအာရေဗျသို့ လာရောက်ခဲ့သည်။
    ၎င်းကမူ ဖိလစ်ပိုင် ဟဂ်ျသွားသူများမှ ပထမအသုတ်မှာ သြဂုတ်လ နှောင်းပိုင်းတွင် ရောက်ရှိလာမည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်က ဖိလစ်ပိုင် ဟဂ်ျသွားရောက်သည့် အဖွဲ့ကို NCMF အတွင်းရေးမှူး ယာစမင်း ဘူဆရန်-လာအိုက ဦးဆောင်ခဲ့သည်။
    Ref: Arabnews
  • အမုန်းတရားကိုချေဖျက်ရန် မွတ်စလင်ဟာသပွဲတော်တစ်ခု နယူးယောက်တွင် လုပ်မည်
    အမုန်းတရားကိုချေဖျက်ရန် မွတ်စလင်ဟာသပွဲတော်တစ်ခု နယူးယောက်တွင် လုပ်မည်
    ဇူလိုင် ၁၂၊ ၂၀၁၅
    M-Media
    us mus
    – သမရိုးကျအမြင်များနှင့် လူမျိုးရေးခွဲခြားမှုကို ဟာသဖြင့် တိုက်ဖျက်ရန်အတွက် အမေရိကန်ရှိ မွတ်စလင်လူရွှင်တော်များမှာ ပထမဆုံး မွတ်စလင်ဟာသပွဲတော်ကို ယခုလနှောင်းပိုင်း၌ နယူးယောက်မြို့တွင် ကျင်းပသွားမည်ဟု သိရသည်။
    “မွတ်စလင်တွေလည်း ပျော်တတ်တယ်ဆိုတာ၊ ကျွန်တော်တို့မှာ ဟာသဥာဏ်ရှိတယ်ဆိုတာ၊ အရေးအကြီးဆုံးက ကျွန်တော်တို့ကိုယ်တိုင် ရယ်တတ်တယ်ဆိုတာ လူတွေကိုပြဖို့ တကယ့်ကို ထင်ထင်ရှားရှား လိုအပ်နေတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်” ဟု အဆိုပါ ပွဲတော်ကို စီစဉ်ကျင်းပမည့် မွတ်စလင် လူရွှင်တော် ၂ ဦးမှ တစ်ဦးဖြစ်သူ ဒီယန် အိုဘိုက်ဒါလာဟ်က ဇူလိုင်လ ၉ ရက်နေ့တွင် Huffington Post သို့ ပြောကြားခဲ့သည်။
    Muslim Funny Fest ဟု အမည်ပေးထားသည့် အဆိုပါဟာသပွဲတော်ကို နယူးယောက်မြို့၌ ဇူလိုင် ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသွားရန် စီစဉ်ထားပြီး မွတ်စလင်လူရွှင်တော် ၁၀ ဦးက ၃ ညတိုင်တိုင် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။
    မွတ်စလင်လူရွှင်တော်များဖြစ်သော အိုဘိုက်ဒါလာဟ်နှင့် မေဆွန်ဇာယစ်တို့ လွန်ခဲ့သည့် ၁၁ နှစ်က ကျင်းပခဲ့သော “နယူးယောက် အာရပ်အမေရိကန် ဟာသပွဲတော်” ကို အားကျသဖြင့် ထူးခြားသည့် ယခုပွဲတော်ကို ကျင်းပခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးပင် ပြန်လည်စီစဉ်ခြင်း ဖြစ်သည်။
    အဆိုပါ ဟာသပွဲတော်အတွင်း IS၊ အစ္စလာမ်ကြောက်ရောဂါ၊ မွတ်စလင်များနှင့် ဆက်နွယ်နေသည့် အခြားအကြောင်းများကို ပြက်လုံးများ ထုတ်သွားမည်ဖြစ်ကာ မွတ်စလင်မဟုတ်သည့် ပရိတ်သတ်ကို ဆွဲဆောင်ရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
    “လူရွှင်တော်အားလုံးဟာ မွတ်စလင်တွေဖြစ်ပေမယ့် ကျွန်တော်တို့ ကြီးပြင်းလာခဲ့ရတဲ့ ယဉ်ကျေးမှု ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ အယူဝါဒကိုကျင့်သုံးမှု အတိုင်းအတာ စသဖြင့် ကျွန်တော်တို့မှာ မတူညီတဲ့အတွေ့အကြုံတွေ ရှိပါတယ်။ ၀မ်းနည်းစရာကောင်းတာက ကျွန်တော်တို့ကို ဒီလို စုစည်းစေတဲ့ ဘုံဆက်စပ်မှုတစ်ခုဟာ အမေရိကန်မွတ်စလင်တွေ ခံစားနေရတဲ့ အယူသည်းမှုတွေ၊ အမုန်းတရားတွေပါပဲ။ အဲဒီအမုန်းတရားကို မွတ်စလင်ဟာသပွဲတော်က လျော့ပါးသွားစေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ဇာယစ်က ပြောကြားခဲ့သည်။
    သရုပ်ဆောင်နှင့် လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်သော နီဂင် ဖာရ်၊ ခရီးသွားဟာသအစီအစဉ် Allah Made Me Funny တွင် ပါဝင်ခဲ့သူ မိုအမီရ်၊ ရှေ့နေဟောင်းဖြစ်ပြီး တိုက်ကြီးငါးတိုက်စလုံးသို့ သွားရောက်၍ ဟာသဖျော်ဖြေရေးကို ဆောင်ရွက်ခဲ့သူ အဇ်ဟာရ်အူစမန်တို့ကဲ့သို့ ဟာသလူရွှင်တော်များကလည်း အဆိုပါပွဲတော်တွင် ပါဝင်မည်ဖြစ်သည်။
    “အမေရိကန်ဟာ နှစ်ခုသောအရာကို ကြောက်ပါတယ်။ အဲဒါက လူမည်းနဲ့ မွတ်စလင်ပါပဲ။ ကျွန်တော်က ဒီအကြောင်းအရင်းနှစ်ခုစလုံးကို အကောင်းဆုံးကို ပိုင်ဆိုင်ထားပါတယ်” ဟု လူရွှင်တော် ပရီချာ မော့စ်က ဟာသပွဲတော်၏ မိတ်ဆက်ဗီဒီယိုတွင် အရွှန်းဖောက် ပြောကြားခဲ့သည်။
    အဇ်ဟာရ် အူစမန်၊ ပရီချာ မော့စ်နှင့် မို အေမီရ်တို့ ပါဝင်တင်ဆက်သော Allah Made Me Funny ဟာသရှိုးမှာလည်း ထိုပွဲတော်တွင် ပါဝင်မည်ဖြစ်ပြီး တတိယနေ့၌ တင်ဆက်သွားမည်ဖြစ်သည်။ Muslim Comedy All-Stars နှင့် America’s Funniest Muslims ရှိုးတို့ကို ပထမနှင့် ဒုတိယနေ့များတွင် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။
    Ref: Onislam
  • နိုင်ငံတကာ သတင်းတို (ဇူလိုင် ၁၁၊ ၂၀၁၅)
    ဇူလိုင် ၁၁၊ ၂၀၁၅
    M-Media
    ကက်သလစ်ဘုန်းတော်ကြီးဟောင်း တရားရုံးမတက်မီ ဆေးရုံသို့ ပို့ခဲ့ရ
    ………………………….
    ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ယနေ့တွင် ကြားနားမှုပြုလုပ်ခဲ့သည့် ကက်သလစ် ဂိုဏ်းအုပ်ဘုန်းတော်ကြီးဟောင်း ၀ီဆိုလိုစကီးမှာ ကြားနာမှုမတိုင်ခင် ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ကြပ်မတ်ကုသမှု ခံယူခဲ့ရသည်ဟု သိရသည်။ အသက် ၆၆ နှစ်အရွယ် ၀ီဆိုလိုစကီး မရှိသော်လည်း တရားရုံးက ကြားနာမှုများ ပြုလုပ်ခဲ့သည်။ ၀ီဆိုလိုစကီးအား ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ပြီးခဲ့သည့် စက်တင်ဘာလက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကက်သလစ်အသင်းတော်တွင် ထိုရာဇ၀တ်မှုဖြင့် တရားရင်ဆိုင်ရသည့် ပထမဆုံး
    အဆင့်မြင့်အရာရှိတစ်ဦးလည်း ဖြစ်သည်။
    တစ်ပတ်ကြာ ယီမင်အပစ်ရပ်ရေး ပျက်ပြယ်
    ………………………………..
    ကုလက ကြားဝင်ခဲ့ပြီး ယမန်နေ့ည သန်းခေါင်ယံက စတင်ခဲ့သည့် တစ်ပတ်ကြာ ယီမင်အပစ်ရပ်ရေးမှာ နာရီအနည်းငယ်ကြာတွင်ပင် ပျက်ပြယ်ခဲ့ရပြီး တိုက်ခိုက်မှုများ အကြီးအကျယ် ပြန်လည်ဖြစ်ပွားနေသည်။ အပစ်ရပ်ရေး ပျက်ပြယ်မှုအတွက် သူပုန်များနှင့် ပြည်ပရောက်အစိုးရ ထောက်ခံသူတပ်များက အပြန်အလှန် အပြစ်တင် ပြောဆိုခဲ့ကြသည်။ ဆော်ဒီအာရေဗျ ဦးဆောင်သည့် မဟာမိတ်များကလည်း ဟူသီများအား လေကြောင်းမှ ဗုံးကြဲမှုများ ပြန်လည်ပြုလုပ်ခဲ့သည်။
    ဆရီဘရီနီကာ အောက်မေ့ဖွယ်အခမ်းအနား ဘော့စနီးယားတွင် ပြုလုပ်
    …………………………………..
    ၁၉၉၅ ခုနှစ် ဘော့စနီးယားစစ်ပွဲ အဆုံးသတ်ကာနီး အချိန်တွင် ဆရီဘရီနီကာမြို့၌ ဘော့စနီးယားမွတ်စလင်အမျိုးသားနှင့် ယောက်ျားလေး ၈၀၀၀ ကျော်ကို ဆာ့ဘ်စစ်သားများက သတ်ဖြတ်ခဲ့သည့် နှစ် ၂၀ မြောက် အခမ်းအနားကို ယနေ့တွင် အဆိုပါမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ မည်သည်သူမည်ဝါမှန်း ဖော်ထုတ်ပြီးသည့် ရုပ်ကြွင်းသစ် ၁၃၆ ခုကိုလည်း မြို့အပြင်ဘက်ရှိ
    အောက်မေ့ဖွယ်စင်တာတွင် ထပ်မံ မြှုပ်နှံခဲ့သည်။ အောက်မေ့ဖွယ်အခမ်းအနားသို့ ဆားဘီးယား
    ဗန်ပါစီကို ဖီနာဘာချီ ခေါ်ယူနိုင်ပြီ
    …………………………
    မန်ချက်စတာယူနိုက်တက်အသင်း၏ တိုက်စစ်မှူး ဗန်ပါစီ၏ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ခဲ့ပြီဟု တူရကီကလပ် ဖီနာဘာချီအသင်း ဥက္ကဌ အဇစ် ယီလ်ဒီရင်မ်က ယနေ့တွင် ပြောကြားလိုက်သည်။ ဗန်ပါစီအတွက် ကြာသာပတေးနေ့က မန်ယူနှင့် ဖီနာဘာချီတို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ယမန်နေ့ည သန်းခေါင်ယံအချိန်မှ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။ ဗန်ပါစီမှာ မန်ယူ ကစားသမားဟောင်း နာနီနှင့် ဖီနာဘာချီတွင် ပြန်လည် တွေ့ဆုံရမည်ဖြစ်သည်။
    Ref: News Agencies