News @ M-Media

Author: Ko Lay

  • မလေးရှားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်

    မလေးရှားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်

    ဒီဇင်ဘာ ၁၉၊ ၂၀၂၁
    M-Media


    -မလေးရှားနိုင်ငံမှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး ပြည်နယ် ၆ ခုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး လူသောင်းချီ အိုးအိမ်စွန့်ခွာကာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။

    သောကြာနေ့ကနေ စနေနေ့ညပိုင်းအထိ မိုးဆက်တိုက် ရွာနေတာကြောင့် လူဦးရေသိပ်သည်းတဲ့ ဆီလန်ဂေါပြည်နယ်၊ ကလန်တန်း၊ သရန်ဂါနူး၊ ပါဟန်း၊ နီဂရီ ဆမ်ဘီလန်နဲ့ မလာကာ ပြည်နယ်တွေမှာ နေအိမ်ထဲအထိ ရေတွေဝင်တာ၊ ကားလမ်းတွေ၊ အဝေးပြေးလမ်း ရေလျှံတာတွေ ဖြစ်ခဲ့ပြီး လူတွေ၊ ကားတွေ ပိတ်မိနေတာတွေလည်း ရှိနေပါတယ်။

    ရေကြီးမှုဒဏ်ကို အဆိုးဆုံးခံစားရတဲ့ဒေသက ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကလန်းဗာလီဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်း လူပေါင်း ၁၁၀၀၀ ကျော်လောက် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။

    မလေးရှား ဇလဗေဒဌာနက လာမယ့်ရက်ပိုင်းအတွင်း ပြည်နယ်တစ်ချို့မှာ တနင်္ဂနွေနေ့အထိ မိုးဆက်လက်ရွာသွန်းဖို့ရှိနေပြီး သတိနဲ့နေကြဖို့ ထုတ်ပြန်ထားပါတယ်။

    မလေးရှားမှာ အောက်တိုဘာလကနေ မတ်လအထိကြာမြင့်တဲ့ မိုးရာသီအတွင်း အထူးသဖြင့် နိုင်ငံအရှေ့ပိုင်းမှာ ရေကြီးရေလျှံမှု ပုံမှန်လိုဖြစ်ပွားလေ့ရှိပေမယ့် အခုရက်ပိုင်း နိုင်ငံအလယ်ပိုင်းက ပြည်နယ်တွေမှာ မိုးရွာသွန်းမှုက စံချိန်တင်ရွာသွန်းမှု ဖြစ်ပါတယ်။

    Ref: CNA

  • ၂၀၂၁ အာရပ်ဖလားပြိုင်ပွဲတွင် အလ်ဂျီးရီးယားအသင်း ဗိုလ်စွဲ

    ၂၀၂၁ အာရပ်ဖလားပြိုင်ပွဲတွင် အလ်ဂျီးရီးယားအသင်း ဗိုလ်စွဲ

    ဒီဇင်ဘာ ၁၉၊ ၂၀၂၁
    M-Media

    -ကာတာနိုင်ငံမှာ မနေ့က ကျင်းပခဲ့တဲ့ အာရပ်ဖလား ဗိုလ်လုပွဲမှာ အလ်ဂျီးရီးယားအသင်းက တူနီးရှားအသင်းကို ၂ ဂိုးပြတ်နဲ့အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။

    ပွဲချိန်မိနစ် ၉၀ အတွင်း ဂိုးမရှိသရေကျနေတာကြောင့် အချိန်ပိုကစားရာ ၉၉ မိနစ်မှာ အမီရ်ဆာယွဒ်၊ အချိန်ပို နောက်ဆုံးမိနစ်မှာ ယာစီနီ ဘရာဟီမီတို့က အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

    အလ်ဂျီးရီးယားဟာ အာရပ်ဖလားပြိုင်ပွဲမှာ လူငယ်ကစားသမားအများစုနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ပထမဆုံးအနိုင်ဂိုးသွင်းခဲ့တဲ့ အမီရ်ဆာယွဒ်ဟာ အသက် ၃၁ နှစ်ရှိပြီဖြစ်ပြီး ပြိုင်ပွဲတစ်ခုလုံးမှာ ဝင်မကစားခဲ့ရပဲ ဗိုလ်လုပွဲမှာလည်း မိနစ် ၆၀ ကျော်မှ လူစားဝင်ကစားရတာပါ။

    အလ်ဂျီးရီးယားဟာ ၂၀၁၉ ခုနှစ် အာဖရိကဖလားချန်ပီယံဖြစ်ပြီး လာမယ့်လ ကင်မရွန်းမှာ ကျင်းပမယ့် ၂၀၂၂ အာဖရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဘွဲ့ကို ကာကွယ်ရမှာဖြစ်ပါတယ်။

    တတိယနေရာလုပွဲမှာ ကာတာက အီဂျစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

    အာရပ်ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပတာ ၁၀ ကြိမ်ရှိပြီဖြစ်ပြီး အခုအကြိမ်ဟာ ဖီဖာရဲ့ စီမံမှုအောက်မှာ ပထမဆုံး ကျင်းပတဲ့ပြိုင်ပွဲ ဖြစ်ပါတယ်။

    တူနီးရှားတိုက်စစ်မှူး ဆိုက်ဖူဒင် ဂျာဇီရီက စုစုပေါင်း သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပြီး၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို အလ်ဂျီးရီးယားကစားမသား ယာစီနီ ဘရာဟီမီ၊ အကောင်းဆုံးဂိုးသမားဆုကို အလ်ဂျီးရီးယား ဂိုးသမား ရာအီစ် အလ်ဘိုလ်ဟီတို့က ရရှိခဲ့ပါတယ်။

    အခုပြိုင်ပွဲမှာ စုစုပေါင်း ၂၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးအဆင့်မှာ ၁၆ သင်း အုပ်စု ၄ ခုခွဲကာ ကစားခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဒေါ်လာ ဘီလီယံ ၂၀ ကုန်ကျမည့် ဂျစ်ဒါဖွံ့ဖြိုးရေးစီမံကိန်းကို ဆော်ဒီထုတ်ပြ

    ဒေါ်လာ ဘီလီယံ ၂၀ ကုန်ကျမည့် ဂျစ်ဒါဖွံ့ဖြိုးရေးစီမံကိန်းကို ဆော်ဒီထုတ်ပြ

    ဒီဇင်ဘာ ၁၈၊ ၂၀၂၁
    M-Media

    -မြို့တော်ဂျစ်ဒါကို စီးပွားရေးနဲ့ ခရီးသွားကဏ္ဍမှာ အချက်အခြာနေရာဖြစ်လာစေမယ့် ဖွံ့ဖြိုးရေးစီမံကိန်းသစ် New Jeddah Downtown ကို ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ထုတ်ဖော်ကြေငြာလိုက်ပါတယ်။

    ဆော်ဒီရီယဲလ် ၇၅ ဘီလီယံ (ဒေါ်လာ ၁၉.၉၈ ဘီလီယံ) ကုန်ကျမယ့် အဲဒီစီမံကိန်းကို ဆော်ဒီ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ Public Investment Fund က အကောင်အထည်ဖော်မှာပါ။ စီမံကိန်းမှာ အဆင့် ၃ ဆင့်ပါဝင်ပြီး ပထမအဆင့်ကို ၂၀၂၇ ခုနှစ်မှာ ပြီးဖို့ ရည်ရွယ်ထားပါတယ်။

    New Jeddah Downtown စီမံကိန်းမှာ နိုင်ငံတကာတန်းဝင် အဆောက်အဦး ၄ ခု ပါဝင်မှာဖြစ်ပြီး အဲဒါတွေက ကပွဲရုံ၊ ပြတိုက်၊ အားကစာရုံ၊ ကမ်းခြေအပန်းဖြေစခန်းတို့ ဖြစ်ပါတယ်။ ဖျော်ဖြေရေးနဲ့ ခရီးသွားနေရာ ၁၀ ခုကျော် ဖန်တီးမှာဖြစ်သလို၊ ဟော်တယ်တွေ၊ လူနေအိမ်တွေ၊ စားသောက်ဆိုင်နဲ့ ရှော့ပင်းစင်တာတွေလည်း ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။

    ဒီစီမံကိန်းက ဆော်ဒီစီးပွားရေးကို တစ်နှစ် ရီယဲလ် ၄ ဘီလီယံအထိ တိုးတက်လာမယ်လို့ မျှော်မှန်းထားပါတယ်။ စီမံကိန်း ဖော်ဆောင်ရာမှာ အင်ဂျင်နီယာနဲ့ အကြံပေးပေါင်း ၅၀၀ ကျော် ပါဝင်မှာဖြစ်ပြီး သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းစနစ်တွေကိုလည်း အပြည့်အ၀ လိုက်နာကျင့်သုံးမှာ ဖြစ်ပါတယ်။

    Ref: Arab News

  • ပုံပြောင်းကိုဗစ်သစ် Omicron က Delta ကဲ့သို့ အန္တရာယ်ရှိနေ

    ပုံပြောင်းကိုဗစ်သစ် Omicron က Delta ကဲ့သို့ အန္တရာယ်ရှိနေ

    ဒီဇင်ဘာ ၁၈၊ ၂၀၂၁
    M-Media

    -အခုလက်ရှိ ပြန့်နှံ့နေတဲ့ ပုံပြောင်းကိုဗစ် Omicron ဟာ သူအရင်က ​ပြန့်ခဲ့တဲ့ Delta လောက် မပြင်းဘူးဆိုတဲ့ အထောက်အထားမျိုး မတွေ့ရဘဲ၊ ပြန်လည်ကူးစက်နိုင်မှုကလည်း ၅ ဆ ပိုမြင့်တယ်လို့ လေ့လာမှုအသစ်တစ်ခုမှာ တွေ့ရပါတယ်။

    ယူ​ကေမှာ နိုဝင်ဘာ ၂၉ ရက်နေ့ကနေ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ Omicron ကူးစက်ခဲ့တဲ့ လူနာတွေရဲ့ အချက်အလက်တွေကို အခြေခံပြီး လန်ဒန်​မြို့ Imperial ကောလိပ်က ဒီသုတေသနကို လုပ်ဆောင်တာပါ။

    “အိုမီခရွန်ကြောင့် ဆေးရုံတက်ရနိုင်တဲ့အန္တရာယ်၊ ရောဂါလက္ခဏာတွေဟာ Delta လောက် မမြင့်မားဘူး၊ မဆိုးရွားဘူးဆိုတဲ့ အထောက်အထားမျိုး ကျွန်တော်တို့ မတွေ့ပါဘူး​” လို့ လေ့လာမှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကာကွယ်ဆေးတွေရဲ့ထိရောက်မှု၊ အမျိုးသား၊ အမျိုးသမီး၊ လူမျိုး၊ ဒေသ စတာတွေကို အခြေခံပြီး တွက်ချက်ရာမှာ အိုမီခရွန် ပြန်လည်ကူးစက်နိုင်မှုဟာ Delta နဲ့နှိုင်းယှဉ်ရင် ၅.၄ ဆလောက် မြင့်တာကိုလည်း လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    အရင်က ကိုဗစ်ပိုး ကူးစက်ထားသူတွေဟာ အိုမီခရွန်ကူးစက်နိုင်မှုအန္တရာယ် ၈၁ ရာခိုင်နှုန်းလောက် ရှိနေပြီး၊ AstraZeneca နဲ့ Pfizer ကာကွယ်ဆေးထိုးထားသူတွေမှာ ကူးစက်နိုင်မှုဟာလည်း Delta ထက် ပိုမိုမြင့်မားပါတယ်။

    ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားရင် အိုမီခရွန်ကို ကာကွယ်နိုင်စွမ်း ၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းသာ ရှိပြီး၊ တတိယအကြိမ် Booster ထိုးထားမယ်ဆိုရင် ၅၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    “ကာကွယ်ဆေးကရတဲ့ ကိုယ်ခံအားကို အိုမီခရွန်က ကျော်နိုင်တယ်ဆိုတာဟာ ပြည်သူ့ကျန်းမာရေးအတွက် အဓိကခြိမ်းခြောက်မှုကြီး ဖြစ်ပါတယ်” လို့ လေ့လာမှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    Ref: Reuters

  • ပါလက်စတိုင်းပိုင်နက်ရှိ ရွာများကို ဂျူးအခြေချသူများ ဝင်ရောက်တိုက်ခိုက်

    ပါလက်စတိုင်းပိုင်နက်ရှိ ရွာများကို ဂျူးအခြေချသူများ ဝင်ရောက်တိုက်ခိုက်

    ဒီဇင်ဘာ ၁၈၊ ၂၀၂၁
    M-Media

    ပါလက်စတိုင်းများ နယ်မြေဆုံးရှုံးမှု

    -အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ မနေ့က ဂျူးအခြေချသူတွေက ပါလက်စတိုင်းရွာတွေကို ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

    အနောက်ဖက်ကမ်းမြောက်ဖက် နဘ်လုစ်မြို့က ရွာတော်တော်များများကို သောကြာနေ့မနက် အစောင်းပိုင်းမှာ ဂျူးအခြေချသူတွေ အုပ်စလိုက် ဝင်ရောက်လာပြီး ကားတွေရိုက်ခွဲတာ၊ အိမ်တွေ၊ ဆိုင်တွေ၊ အဆောက်အဦး တိုက်ခိုက်ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    ဒီအဖြစ်အပျက်အတွင်း ပါလက်စတိုင်း ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ထားရပါတယ်။ ဂျူးအခြေချနေထိုင်သူတွေဟာ ပါလက်စတိုင်းတစ်ချို့ကို ပြန်ပေးဆွဲဖို့ ကြိုးစားတာတွေ၊ သေနတ်နဲ့ပစ်တာတွေ ရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းဒေသမှာ အစ္စရေးက တရားမဝင်အိမ်ယာတွေ ဆောက်လုပ်ပြီး ဂျူးအခြေချနေထိုင်သူတွေကို နေထိုင်စေတာပါ။ ဒီလို နယ်မြေခိုးယူတာကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက အိမ်ယာတွေကို တိုက်ခိုက်တာမျိုး မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။

    ကြာသာပတေးနေ့က အနောက်ဖက်ကမ်းက တရားမဝင်အခြေချအိမ်ယာမှာ ကားတစ်စီး သေနတ်နဲ့ အပစ်ခံရတာကြောင့် ဂျူးအခြေချနေထိုင်သူ ၁ ဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျေရုစလင်မှာ အစ္စရေးရဲ့ တရားမဝင်အိမ်ယာပေါင်း ၂၈၀ လောက်ရှိပြီး ဂျူးအခြေချနေထိုင်သူ ၇ သိန်းကျော် နေထိုင်နေပါတယ်။

    နိုင်ငံတကာဥပဒေအရေ ဒီအိမ်ယာတွေဟာ တရားမဝင်ဘဲ၊ ကမ္ဘာ့နိုင်ငံတွေကလည်း အစ္စရေးရဲ့ ဒီလုပ်ရပ်ကို တစ်စိုက်မတ်မတ် ရှုတ်ချထားပါတယ်။

    Ref: Aljazeera