News @ M-Media

Author: Ko Lay

  • မြန်မာအစိုးရက အမေရိကန် လော်ဘီကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်

    မြန်မာအစိုးရက အမေရိကန် လော်ဘီကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်

    ဧပြီ ၁၇၊ ၂၀၁၅
    M-Media

    obama

    – မြန်မာနိုင်ငံနှင့် အမေရိကန်အစိုးရ၊ အသင်းအဖွဲ့အများအကြား ဆက်သွယ်ဆောင်ရွက်မှုများ လွယ်ကူခိုင်မာစေရေးအတွက် အစိုးရ ဆက်ဆံရေးနှင့် ပြည်သူ့ဆက်ဆံရေး ၀န်ဆောင်မှုများ ဖော်ဆောင်ပေးရန် အမေရိကန် ဆက်သွယ်စည်းရုံးရေး (လော်ဘီ) ကုမ္ပဏီ Podesta Group နှင့် မြန်မာအစိုးရက တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့သည်ဟု သိရသည်။

    “မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အသွင်ကူးပြောင်းရေးရဲ့ ကျယ်ပြန့်မှုဟာ သိပ်ကို ကြီးမား နက်နဲပါတယ်။ နောက်ပြီး နိုင်ငံနဲ့ ပြည်သူတွေထဲမှာ ရည်ရွယ်မထားတဲ့ အကျိုးဆက်တွေလည်း အများကြီးရှိနေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်အဖြစ် ၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည့် ပရစ်စီလာ ကလပ်က ပြောကြားခဲ့သည်။ ၎င်း၏ မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်သည့် ကာလများကို “ဆိုးဝါးသော နေ့ရက်ဟောင်းများ” “စစ်တပ်အမြစ်တွယ်သည့် နေ့ရက်များ” ဟု သမုတ်ခဲ့သူဖြစ်သည်။

    “ဒီမှာ သူတို့ကို ကိုယ်စားပြုတဲ့ နာမည်ကြီး နိုင်ငံရေး နောကျေနေတဲ့အဖွဲ့တစ်ခုကို မြန်မာသံရုံးက လိုချင်တယ်လို့ ကျွန်မ ထင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အမေရိကန်မှာ နိုင်ငံရေးစနစ်ကို ကိုယ်တွယ်ထိန်းသိမ်းဖို့ သူတို့မှာ စွမ်းရည်မရှိလို့ ဖြစ်ပါတယ်။ ၀ါရှင်တန်က ပေါ်လစီချမှတ်တဲ့အသိုင်းအ၀ိုင်း သူတို့ကိုပိုနားလည်လာအောင် သူတို့လုပ်ချင်နေပါတယ်” ဟု ကလပ်က ထပ်လောင်းပြောကြားခဲ့သည်။

    မြန်မာနိုင်ငံအား ကိုယ်စားပြုရမည်ဆိုသော သတင်းများနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် Podesta Group က ငြင်းဆိုခဲ့သည်။ ကလပ်မှာ လက်ရှိအချိန်တွင် အကျိုးအမြတ်မယူသည့် အဖွဲ့နှစ်ဖွဲ့ဖြစ်သော United States Institute for Peace နှင့် Asia Society တို့တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး Podesta Group နှင့် ပတ်သက်ခြင်း မရှိပေ။

    Podesta Group ကုမ္ပဏီမှာ အမေရိကန်တွင် နာမည်ကြီး စည်းရုံးရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံခြားအစိုးရနှင့် နိုင်ငံခြားအသင်းအဖွဲ့များအား ကိုယ်စားပြုကာ ၀န်ဆောင်မှုများပေးပါက အမေရိကန် တရားရေးဌာနတွင် သွားရောက် စာရင်းပေးသွင်းရမည် ဖြစ်သည်။

    မြန်မာနိုင်ငံနှင့် Podesta Group အကြား လက်မှတ်ရေးထိုးမှုကို နှစ်ဘက်ကိုယ်စားလှယ်များဖြင့် အမေရိကန်ရှိ မြန်မာသံရုံး၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စာချုပ်သက်တမ်းမှာ ၁ နှစ်တာ ကြာမြင့်မည်ဖြစ်သည်။ ကုန်ကျငွေမှာ ကန်ဒေါ်လာ ၈၄၀၀၀၀ ဖြစ်ပြီး ၃ လတစ်ကြိမ် လေးရစ်ခွဲ၍ မြန်မာအစိုးရက ပေးချေရမည်ဖြစ်သည်။

    စာချုပ်အရ Podesta Group မှာ အမေရိကန်အစိုးရ၊ အမေရိကန် အသင်းအဖွဲ့များနှင့် ဆက်ဆံရေးအတွက် မြန်မာနိုင်ငံအား မဟာဗျူဟာကျသည့် အကြံဥာဏ်ပေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး၊ အမေရိကန် ကွန်ဂရက်၊ အုပ်ချုပ်ရေး ဌာနခွဲများ၊ မီဒီယာနှင့် အမေရိကန်ရှိ ပေါ်လစီချမှတ်ရေး အသိုင်းအ၀ိုင်းတို့ အပါအ၀င် သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် မြန်မာအစိုးရ၏ ဆက်ဆံရေးတွင် အဓိကကိစ္စရပ်များကို ဆက်သွယ်ဆောင်ရွက်ရာ၌လည်း ကူညီပေးသွားမည်ဖြစ်သည်။

    ၂၀၁၁ ခုနှစ်က ဖျက်သိမ်းခဲ့သည့် စစ်တပ်အခြေပြု အစိုးရဖြစ်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်က လော်ဘီကုမ္ပဏီတစ်ခုဖြစ်သော DCI Associates နှင့် မြန်မာနိုင်ငံက ဆက်သွယ်ဆောင်ရွက်ခဲ့ဖူးပြီး ၂၀၀၃ ခုနှစ်က ရပ်ဆိုင်းခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ ၁၀ စုနှင့် တစ်ခုကျော်ကြာ လော်ဘီကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းမရှိဘဲ ယခုမှ ပြန်လည်ဆက်သွယ်ခြင်းဖြစ်သည်။ ထို့ပြင် ၁၉၅၀ ပြည့်နှစ်နှင့် ၁၉၉၀ ပြည့်နှစ်များတွင်လည်း မြန်မာနိုင်ငံမှာ ထိုကဲ့သို့ လောဘီကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်ဖူးသည်။

    Ref: The Hill

  • တောင်အာဖရိကတွင် နိုင်ငံခြားသားကြောက်ရောဂါ ဆန့်ကျင်ရေး ဆန္ဒပြမှု ပြုလုပ်

    တောင်အာဖရိကတွင် နိုင်ငံခြားသားကြောက်ရောဂါ ဆန့်ကျင်ရေး ဆန္ဒပြမှု ပြုလုပ်

    ဧပြီ ၁၇၊ ၂၀၁၅
    M-Media

    south africa

    – ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နိုင်ငံခြားသားများကို တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံအတွင်း ခေါင်းထောင်လာသည့် နိုင်ငံခြားသားကြောက်ရောဂါအား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခုကို တောင်အာဖရိကပြည်သူများက ယမန်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

    နိုင်ငံ၏ ကမ်းရိုးတန်းမြို့ဖြစ်သော ဒါဘန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဘာသာရေးနှင့် နိုင်ငံရေးခေါင်းဆောင်များအပါအ၀င် လူပေါင်း ၅၀၀၀ ခန့် တက်ရောက်ပါဝင်ခဲ့ကြသည်။ တောင်အာဖရိကတွင် ပြီးခဲ့သည့်မတ်လက စတင်ခဲ့သော နိုင်ငံခြားသားများကို ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့သည်။

    ပြည်သူများမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ညီညွတ်ရေးသီချင်းများကို သီဆိုခဲ့ကြသည်။

    “ကျွန်တော်တို့ဟာ အာဖရိကန်တွေဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေအတွက် မားမားမတ်မတ်ရပ်တည်ဖို့ အချိန်ရောက်ပြီလို့ ကျွန်တော် ထင်ပါတယ်။ နိုင်ငံခြားသားကြောက်ရောဂါကို သည်းခံလို့ မရတာကြောင့် ကျွန်တော်တို့ရဲ့ ဆန့်ကျင်မှုကိုပြဖို့ အရေးကြီးပါတယ်” ဟု ဒါဘန်မြို့တွင်နေထိုင်သည့် အဗက်စ်သာ ဆင်းက ပြောကြားခဲ့သည်။

    သို့သော်လည်း မြို့၏ အခြားနေရာများတွင် နိုင်ငံခြားသားများနှင့် အခြားအာဖရိကနိုင်ငံသားများအား တိုင်းပြည်မှထွက်သွားရန် ဆန္ဒပြမှုများလည်း ရှိခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများ အသုံးပြုကာ လူစုခွဲခဲ့သည်။ တောင်အာဖရိက နိုင်ငံသားများက နိုင်ငံအတွင်း အလုပ်လက်မဲ့မြင့်တက်လာမှုမှာ နိုင်ငံခြားသားများ လာရောက်အလုပ်လုပ်ကိုင်မှုကြောင့်ဖြစ်သည်ဟု စွပ်စွဲပြောဆိုကြသည်။

    သမ္မတ ဂျာကော့ဘ်ဇူးမားက နိုင်ငံခြားသားများအား တိုက်ခိုက်မှုများအတွက် တုန်လှုပ်မိပြီး လက်မခံနိုင်စရာကိစ္စဖြစ်သည်ဟု
    ကြာသာပတေးနေ့တွင် ပါလီမန်၌ ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ပြင်သစ်လီဂူးတွင် Goalline နည်းပညာ အသုံးပြုတော့မည်

    ပြင်သစ်လီဂူးတွင် Goalline နည်းပညာ အသုံးပြုတော့မည်

    ဧပြီ ၁၇၊ ၂၀၁၅
    M-Media

    ligue

    – ဂိုး ၀င်၊ မ၀င် အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် Goalline နည်းပညာကို ပြင်သစ်လီဂူးတွင် လာမည့်ဘောလုံးရာသီ၌
    စတင် အသုံးပြုသွားမည်ဟု ပြင်သစ်ဘောလုံးအဖွဲ့ချုပ် LFP က အတည်ပြုပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ်တွင်မူ ဂိုး ၀င်၊ မ၀င် ဆုံးဖြတ်ရန်အတွက် ကင်မရာအခြေပြုစနစ်ကို ၂၀၁၃-၂၀၁၄ ဘောလုံးရာသီကတည်းက အသုံးပြုခဲ့ပြီး၊ စီးရီးအေနှင့် ဘွန်ဒစ်လီဂါတို့တွင်လည်း Goalline နည်းပညာကို အသုံးပြုနေပြီဖြစ်သည်။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်မှ ဘုတ်အဖွဲ့ဝင်များမှာ ထိုကိစ္စအတွက် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ၂၀၁၅-၂၀၁၆ ဘောလုံးရာသီတွင် Goalline နည်းပညာကို စတင်အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။

    မတ်လက ချန်ပီယံဘွဲ့အတွက် ယှဉ်ပြိုင်နေသည့် မာဆေးလ်နှင့် လိုင်ယွန်အသင်းတို့၏ ဂိုးမရှိသရေပွဲတွင် မားဆေးလ်ကစားသမား လူးကက်စ် အိုကမ်ပို့စ်သွင်းသောဂိုးမှာ ဂိုးစည်းကျော်သွားသော်လည်း ဂိုးမပေးခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ပြင်သစ်လီဂူးတွင် Goalline နည်းပညာ အသုံးပြုရန် ကျယ်ကျယ်ပြန့်ပြန့် တိုက်တွန်းဆော်သြလာခဲ့ကြသည်။

    Goalline နည်းပညာမှာ ဘောလုံးအတွင်း လျှပ်စစ် ချစ်ပ်ပြား ထည့်သွင်းထားပြီး ဂိုးတိုင်များတွင် ဆင်ဆာများ တပ်ဆင်ထားကာ ဘောလုံးဂိုးစည်းကျော်သွားပါက ဒိုင်လူကြီးအား အလိုအလျောက် အသိပေး အချက်ပြသော စနစ်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၄ ဘရာဇီးလ်ကမ္ဘာ့ဖလားတွင်လည်း အသုံးပြုခဲ့သည်။

    Ref: Goal.com

  • ထိုင်းဝန်ကြီးချုပ် တိုင်းပြည်အား မိန့်ခွန်းပြော

    ထိုင်းဝန်ကြီးချုပ် တိုင်းပြည်အား မိန့်ခွန်းပြော

    ဧပြီ ၁၇၊ ၂၀၁၅
    M-Media

    thai

    – စစ်တပ်အကြီးအကဲအဖြစ် အာဏာသိမ်းပြီးနောက် ထိုင်းဝန်ကြီးချုပ်ဖြစ်လာသည့် ပရာယွတ်ချန်အိုချာမှာ ယနေ့တွင် ရုပ်မြင်သံကြားမှတစ်ဆင့် တိုင်းပြည်အား မိန့်ခွန်းပြောကြားခဲ့ပြီး ထိုမိန့်ခွန်းတွင် စစ်အုပ်ချုပ်ရေးစနစ်ကို အစားထိုးသည့် လုံခြုံရေးဆိုင်ရာ ဥပဒေကို ကာကွယ်ပြောကြားခဲ့သည်။

    “ပြဿနာတွေကိုဖြေရှင်းဖို့ ကျွန်တော်တို့ဟာ နည်းလမ်းတွေ၊ ဥပဒေတွေကို ပြင်ဆင်ဖို့လိုပါတယ်” ဟု ချန်အိုချာက ဆိုပြီး ဥပဒေအရ အတားအဆီးများကို ရင်ဆိုင်ရသည့်အခါ ဖြတ်လမ်းနည်းကို တစ်ခါတစ်ရံ အသုံးပြုရလေ့ရှိသည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ လုံခြုံရေးဆိုင်ရာ ဥပဒေတွင် စစ်တပ်အား ထိန်းသိမ်းရေးအာဏာကို ပေးအပ်ထားပြီး စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးအနေဖြင့် အမျိုးသားလုံခြုံရေးနှင့် ဆက်နွယ်သည့် သံသယဖြင့် မည်သူ့ကိုမဆို တရားစွဲဆိုခြင်းမပြုလုပ်ဘဲ ရက်အနည်းငယ်ကြာ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် လူ ၅ ဦးထက် ပိုစုခြင်းကိုလည်း အဆိုပါ ဥပဒေအသစ်တွင် တရားမ၀င်ဟု ပြဌာန်းထားသည်။ ထို့ပြင် မီဒီယာများအနေဖြင့်လည်း အစိုးရ၏ တင်းကျပ်သည့် ဆင်ဆာပိတ်ပင်မှုကို ခံရမည်ဖြစ်သည်။

    ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေအတွက် နိုင်ငံခြားတိုင်းပြည်များက စိုးရိမ်မှုများရှိနေသည်ကိုလည်း ပရာယွတ်က ၀န်ခံခဲ့ပြီး ထိုကိစ္စအတွက် ရှင်းပြရန် မိမိတို့အစိုးရမှ ကိုယ်စားလှယ်များကို နိုင်ငံအသီးသီးသို့ စေလွှတ်ထားသည်ဟုလည်း ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အစိုးရအနေဖြင့် လွန်ခဲ့သည့် ၆ လအတွင်း ပြည်တွင်း၊ ပြည်ပမှ ပြဿနာများစွာကို ရင်ဆိုင်ခဲ့ရသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ မီဒီယာများမှာ ဆိုးရွားသည့် ဖော်ပြမှုများ၊ အစိုးရ၏ ရည်ရွယ်ချက်များကို နားလည်အောင် မကြိုးစားဘဲ၊ စီးပွားရေးနှင့် ခရီးသွားလာရေး၌ တိုးတက်မှုများကို မကြည့်ရှုဘဲ ၎င်း၏ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ မမျှတသော ဝေဖန်မှုများကို ပြုလုပ်နေသည်ဟုလည်း ၎င်းက စွပ်စွဲခဲ့သည်။

    “ထိုင်းနိုင်ငံကို ကူညီချင်တာကြောင့် ၀န်ကြီးတိုင်းက တာဝန်ယူဖို့ သဘောတူကြပါတယ်။ ကျွန်တော်တို့လုပ်သမျှအားလုံးဟာ
    ထိုင်းနိုင်ငံအတွက်ပါပဲ”

    မိနစ် ၉၀ ကြာမြင့်သည့် ဆိုပါ မိန့်ခွန်းတွင် ပရာယွတ်က အစိုးရ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ကာကွယ်ပြောကြားခဲ့ပြီး မိမိတို့အစိုးရ၏ အဓိကရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံအား ပြုပြင်ပြောင်းလဲရန်နှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Chennelnewsasia

  • ယူရိုပါဖလား မိမိတို့ ရရှိမည်ဟု ဖီအိုရင်တီးနားတိုက်စစ်မှူး ပြော

    ယူရိုပါဖလား မိမိတို့ ရရှိမည်ဟု ဖီအိုရင်တီးနားတိုက်စစ်မှူး ပြော

    ဧပြီ ၁၇၊ ၂၀၁၅
    M-Medai

    fiorentina

    – လက်ရှိတွင် ကွာတားဖိုင်နယ် ရောက်ရှိနေသည့် မိမိတို့အသင်းမှာ ယူရိုပါလိဂ်အား ရရှိမည်ဟု ယုံကြည်ကြောင်း ဖီအိုရင်တီးနားအသင်း၏ တိုက်စစ်မှူး ခူမာ ဘာဘာကာရ်က ပြောကြားလိုက်သည်။

    ယူကရိန်းတွင် ကစားခဲ့သည့် ကွာတားဖိုင်နယ် ပထမကျော့တွင် ဖီအိုရင်တီးနားမှာ ဒိုနမိုကိဗ်အသင်းအား ပွဲချိန်ပြည်သည်အထိ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့ပြီး လူစားဝင်လာသည့် ဘာဘာကရ်က နာကျင်အချိန်ပိုတွင် အဖိုတန်ချေပဂိုးကို သွင်းယူပေးခဲ့သည်။

    ဘာဘာကာရ်ကမူ ထိုကဲ့သို့ အသင်းအား ကူညီနိုင်ခဲ့မှုအတွက် ပျော်ရွှင်နေသည်။

    “ကျွန်တော်တို့အတွက် သိပ်ကိုအရေးကြီးတဲ့ပွဲပါ။ ကျွန်တော်တို့ အားလုံးကို ပေးဆပ်ခဲ့တာပါ။ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ သူ (အသင်းနည်းပြ) က မှန်မှန်ကန်ကန်ကစားဖို့နဲ့ အကောင်းဆုံး ပေးဆပ်ဖို့လိုတယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ကျွန်တော် အသင်းအတွက် ကစားခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံးကို ဖြတ်သန်းချင်ပြီး ယူရိုပါဖလားကို ရယူချင်ပါတယ်။ အောင်မြင်မှု မကြာခင်လာမယ်ဆိုတာ ကျွန်တော်တို့ သေချာသိနေပါတယ်” ဟု ဘာဘာကာရ်က Mediaset သို့ ပြောကြားခဲ့သည်။

    ဖီအိုရင်တီးနားမှာ လာမည့်သီတင်းပတ်တွင် အိမ်ကွင်း၌ ဒုတိယအကျော့အဖြစ် ဒိုနမိုကိဗ်အား ဧည့်ခံကစားရမည် ဖြစ်ပြီး ဘာဘာကာရ်ကမူ မိမိတို့အနေဖြင့် ကောင်းမွန်အောင် ဆက်လက်ကြိုးစားရမည်ဖြစ်ကြောင်း၊ ကစားပုံကောင်းပြီး ကိဗ်အား ရှုံးနိမ့်ရန်မှာ မဖြစ်နိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com