News @ M-Media

Author: Ko Lay

  • စစ်ရာဇ၀တ်မှုဖြင့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးကို ဘင်္ဂလားဒေ့ရှ်ကွပ်မျက်

    စစ်ရာဇ၀တ်မှုဖြင့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးကို ဘင်္ဂလားဒေ့ရှ်ကွပ်မျက်

    ဧပြီ ၁၂၊ ၂၀၁၅
    M-Media

    bangaladesh

    – ၁၉၇၁ ခုနှစ် လွတ်လပ်ရေးတိုက်ပွဲအတွင်း လူသားထုအပေါ် ရာဇ၀တ်မှုကျူးလွန်သည်ဟုဆိုကာ သေဒဏ်ကျခံနေရသည့် အစ္စလာမ့်မစ်ပါတီခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ်က ကြိုးပေးကွပ်မျက်ခဲ့သည်ဟု သိရသည်။

    ဂျမာအသ်-အီ-အစ္စလာမီအဖွဲ့မှ လက်ထောက်အတွင်းရေးမှူး မိုဟာမက် ကမာရုဇ်မန်ဆိုသူဖြစ်ပြီး ၎င်းမှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကို ငြင်းပယ်ခံထားရသူဖြစ်သည်။ ၎င်းအား သေဒဏ်ပေးခဲ့ခြင်းမှာ စစ်ရာဇ၀တ်မှုအတွက် သံသယရှိသူများကို တရားစွဲဆိုမှုများပြုလုပ်ရန် လွန်ခဲ့သည့် ၄ နှစ် အထူးခုံရုံး ဖွဲ့ပြီးကတည်းက ဒုတိယမြောက် ကွပ်မျက်ခံရသူလည်း ဖြစ်သည်။

    ၎င်းအား မကွပ်မျက်မီ စနေနေ့နံနက်ပိုင်းတွင် မြို့တော်ဒါကာ၌ အာဏာပိုင်များက လုံခြုံရေးကို တင်းကျပ်စွာချထားခဲ့သည်။ ကမာရုဇ်မန်၏ မိသားစုများက ဒါကာ ဗဟိုအကျဉ်းထောင်တွင် ၎င်းအား နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည်ဟု ရှေ့နေဖြစ်သူ ရှီရှီမန်နီရ်က ပြောကြားခဲ့သည်။ ထောင်အပြင်၌လည်း လုံခြုံရေးကို တင်းကျပ်စွာ ချထားခဲ့သည်။

    ထို့နောက် ယမန်နေ့ညနေပိုင်းက ကွပ်မျက်ခဲ့ပြီး ဒေသတွင်း ရုပ်သံဌာနများက ဒါကာမြို့ဆင်ခြေဖုံး ကမာရုဇ်မန်၏ အဘိုးအဘွားများ၏ အိမ်အပြင်ဘက်၌ ၎င်းအား မြှုပ်နှံရန် တွင်းထူးထားမှုကိုလည်း ပြသခဲ့သည်။ ၂၀၁၃ ခုနှစ် မေလက အထူးခုံရုံးမှ ချမှတ်ခဲ့သည့် သေဒဏ်အတွက် ကမာရုဇ်မန်၏ နောက်ဆုံး အယူခံကို ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က တနင်္လာနေ့တွင် ပယ်ချခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်မှာ ဂျမာအသ်-အီ-အစ္စလာမ်မီပါတီမှ အခြား လက်ထောက်အတွင်းရေးမှူးဖြစ်သူ အဘ်ဒူလ် ကာဒရ် မွလ်လာဟ်ကိုလည်း စစ်ရာဇ၀တ်မှုဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကွပ်မျက်ခဲ့ဖူးသည်။ မွလ်လာဟ်အား ကွပ်မျက်မှုအတွင်း နိုင်ငံတစ်ဝှမ်း ဆန္ဒပြတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

    တရားသူကြီးများကမူ ကမာရုဇ်မန်မှာ ပါကစ္စတန်စစ်တပ်နှင့် ပူးပေါင်းထားသော လက်နက်ကိုင်အဖွဲ့တစ်ခုကို ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်အလယ်ပိုင်းတွင် ဦးဆောင်ခဲ့ပြီး လက်နက်မဲ့လယ်သမား အနည်းဆုံး ၁၂၀ အား သတ်ဖြတ်မှု၏ နောက်ကွယ်တွင် ပါဝင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဘန်လေ၏ ကစားပုံအား ၀င်းဂါးချီးကျူး

    ဘန်လေ၏ ကစားပုံအား ၀င်းဂါးချီးကျူး

    ဧပြီ ၁၂၊ ၂၀၁၅
    M-Media

    winger

    – ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပြသခဲ့သည့် ဘန်လေအသင်း၏ ခြေစွမ်းအတွက် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ချီးကျူးပြောဆိုလိုက်သည်။

    ထိုပွဲတွင် အာဆင်နယ်မှာ ဘန်လေအား ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ရမ်ဆေး၏ ၁၂ မိနစ် သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ထိပ်ဆုံးမှ ချယ်ဆီးအား ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။ ရာသီကုန်ရန် ၆ ပွဲလိုသေးသည့်အချိန်တွင် ဘန်လေမှာ အဆင့် ၁၉ နေရာတွင်ရှိနေပြီး တန်းဆင်းဇုန်မှ လွတ်ကင်းသည့် အဆင့် ၁၇ နေရာနှင့် ၂ မှတ် ကွာဟနေသည်။

    “အသင်းကစားပုံနဲ့ပတ်သက်လို့ ကျွန်တော်ကျေနပ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သာမန်စွမ်းဆောင်ရည်ထက်စာရင် အနိုင်ရလိုတဲ့ စွမ်းဆောင်ရည် ပိုရှိခဲ့လို့ပါပဲ။ ပြီးတော့ တစ်ဖက်အသင်းနဲ့ ပတ်သက်လို့လည်း လူတွေက ကျွန်တော်တို့ကို မေးကြပါတယ်။ ဘန်လေရဲ့ အရည်အသွေးက ကျွန်တော်တို့ကို အံ့သြစေခဲ့တယ်လို့ ပြောရမှာပါပဲ” ဟု ၀င်းဂါးက ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ဘန်လေအသင်းမှာ အံ့သြလောက်ဖွယ် စုစည်းမှုရှိသောကြောင့် တန်းဆင်းသွားရပါက ရှက်စရာဖြစ်ကြောင်း၊ ဘန်လေမှာ ဖိအားပေးနိုင်ပြီး ညီညွတ်မှုနှင့် ကြံ့ခိုင်မှုလည်းရှိကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။ ၀င်းဂါးမှာ အသင်း၏နောက်တန်းနှင့် ဂိုးသမားတို့ကိုလည်း ချီးကျူးခဲ့သည်။

    အာဆင်နယ်မှာ ၂ ပွဲကစားရန် ကျန်ရှိနေသည့် ထိပ်ဆုံးမှ ချယ်ဆီးအသင်းနှင့် ၄ မှတ်ကွာဟနေပြီး ဆက်လက်ဖိအားပေးထားကာ ၀င်းဂါကမူ အသင်း၏ ချန်ပီယံဖြစ်ခွင့်အတွက် ပယ်ချခဲ့သည်။

    “ဘာမှမပြောင်းလဲပါဘူး။ ချယ်ဆီးဟာ သက်တောင့်သက်သာရှိနေတုန်းပါပဲ။ ကျွန်တော်တို့ အမှားအယွင်းမရှိ ဆက်သွားဖို့လိုပြီး သူတို့အတွက်ဆိုရင်တော့ အဲဒီလို မလိုချင်ပါဘူး” ဟု ၀င်းဂါးက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • ကျူးဘားနှင့်ဆက်ဆံရေး အလှည့်အပြောင်းတစ်ခုဟု အိုဘားမားပြော

    ကျူးဘားနှင့်ဆက်ဆံရေး အလှည့်အပြောင်းတစ်ခုဟု အိုဘားမားပြော

    ဧပြီ ၁၂၊ ၂၀၁၅
    M-Media

    278-1kGOxB.AuSt.55

    – ရာစုနှစ် တစ်ဝက်ကျော်အတွင်း ကျူးဘားခေါင်းဆောင်နှင့် ပထမဆုံး တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အမေရိကန်-ကျူးဘားဆက်ဆံရေးတွင် အလှည့်အပြောင်းတစ်ခု ဖြစ်လာပြီဟု ကြေညာလိုက်သည်။

    ယမန်နေ့က ကျူးဘားသမ္မတ ရာအူးလ်ကက်စထရိုနှင့် တွေ့ဆုံခဲ့ပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အိုဘားမားက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိတို့၏ ဆွေးနွေးမှုမှာ ပွင့်လင်းကာ အကျိုးရှိခဲ့ကြောင်း ကျူးဘားနှင့် အမေရိကန် ၂ နိုင်ငံစလုံးမှ ပြည်သူအများစုကလည်း နှစ်နိုင်ငံ နွေးထွေးသောဆက်ဆံရေးအတွက် ခိုင်ခိုင်မာမာ ထောက်ခံသွားမည်ဖြစ်ကြောင်း အိုဘားမားက ထည့်သွင်း ပြောကြားခဲ့သည်။

    “စေ့စပ်ညှိနှိုင်းဖို့၊ ကုန်သွယ်မှုတွေ၊ ခရီးသွားလာမှုတွေ ပြန်ဖွင့်ဖို့၊ ပြည်သူတွေအချင်းချင်း ကူးလူးဆက်ဆံဖို့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်မှုဟာ ကျူးဘားပြည်သူတွေအတွက် လုံးဝ ကောင်းသွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြည်သူတွေအတွက် ကျွန်တော်ပေးချင်တဲ့ စကားလက်ဆောင်ကတော့ စစ်အေးခေတ် ပြီးဆုံးသွားပြီ ဆိုတာပါပဲ”

    မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေး တိုးတက်လာမှုမှာ လူ့အခွင့်အရေးကဲ့သို့ အထိမခံသည့် ပြဿနာများနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား အမြင်ကွဲလွဲမှု မရှိတော့ဟု မဆိုလိုကြောင်း အိုဘားမားက ထပ်လောင်းပြောကြားခဲ့သည်။

    စောစောပိုင်းတွင် ကက်စထရိုက မိမိမှာ ထိုပြဿနာများကို ဆွေးနွေးရန် အဆင်သင့်ရှိနေသည်ဟု အိုဘားမားအား ပြောကြားခဲ့သည်။

    “အရာရာတိုင်းဟာ စားပွဲပေါ်မှာပဲ ဖြစ်နိုင်မှာပါ” ဟု ကက်စထရိုကဆိုပြီး မိမိတို့နှစ်နိုင်ငံမှာ အချို့သော ကိစ္စရပ်များနှင့်ပတ်သက် သဘောထားကွဲလွဲမှုများ ရှိနေသည်ကို သဘောတူထားသည်ဟု ပြောကြားခဲ့သည်။

    “အားလုံးကို ဆွေးနွေးဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စိတ်ရှည်သည်းခံဖို့တော့ လိုပါတယ်”

    Ref: Aljazeera

  • အိုင်အိုဝါ မွတ်စလင်များ အစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်

    အိုင်အိုဝါ မွတ်စလင်များ အစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်

    ဧပြီ ၁၂၊ ၂၀၁၅
    M-Media

    Untitled
    – လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် ဆက်ဆံရေးကို တိုးမြှင့်ရန်နှင့် အစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်ရန် ကြိုးပမ်းမှုအဖြစ် အမေရိကန်ပြည်ထောင်ဟု အိုင်အိုဝါပြည်နယ်မှ မွတ်စလင်လူ့အဖွဲ့အစည်းမှာ ပြည်နယ်မြို့တော်တွင် “မွတ်စလင်နေ့” အခမ်းအနားကို ကျင်းပခဲ့ကြကာ မွတ်စလင်မဟုတ်သူများအား မွတ်စလင်များနှင့် ထိတွေ့ခွင့် အခွင့်အရေးကို ပေးခဲ့သည်ဟု သိရသည်။

    “အစ္စလာမ်ဘာသာတရားနဲ့ပတ်သက်လို့ ပြည်သူတွေကို ပညာပေးဖို့ဆိုရင် ကျွန်တော်တို့ဟာ ပွင့်လင်းမြင်သာဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုတာဟာ ကျွန်တော်တို့ရဲ့ အလုပ်၊ ကျွန်တော်တို့ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ပြီးတော့ အကြမ်းဖက်ဝါဒနဲ့ပတ်သက်လို့ (ဆန့်ကျင်ကြောင်း) ပြောတာလည်း ကျွန်တော်တို့ရဲ့ ၀တ္တရားပါပဲ။ ဒါတွေကို မြင်တဲ့အခါ ကျွန်တော်တို့ ရှုတ်ချရမယ်။ ဒါမျိုးဟာ ကျွန်တော်တို့ သာသနာက သွန်သင်တာ မဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော်တို့ လူတွေကို အသိပေးရပါမယ်” ဟု အကို အဘ်ဒွလ်-ဆမဒ်က ပြောကြားခဲ့သည်။

    ရှေ့ဆောင်အီမာမ်တစ်ဦးဖြစ်သူ အဘ်ဒွလ် စမဒ်က အဆိုပါ ပွဲတော်မှာ အစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်ရန် ရည်ရွယ်သည်ဟု ဆိုသည်။ ထိုပွဲတော်ကို ယခုနှစ်တွင် ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး တယ်ရီ ဘရန်စတဒ်က ပွဲတော်ကျင်းပရေး ပြီးခဲ့သည့် တစ်ပတ်က ခွင့်ပြုပေးခဲ့သည်

    ဧပြီလ ၈ ရက် နံနက် ၁၁ နာရီမှ နေ့လည် ၃ နာရီအထိ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားတွင် အမေရိကန်- အစ္စလာမ်ဆက်ဆံရေးအဖွဲ့ အိုင်အိုဝါအဖွဲ့ခွဲမှ ကိုယ်စားလှယ်များ၊ အခြားသော အစ္စလာမ်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် မွတ်စလင်စီးပွားရေးလုပ်ငန်းရှင်များ၊ အခြားဘာသာတရားများမှ ခေါင်းဆောင်များနှင့် ခြားဘာသာဝင်များလည်း တက်ရောက်ခဲ့ကြသည်။

    ထိုပွဲတော်အတွက် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်သောကြေညာချက်တွင် အိုင်အိုဝါပြည်နယ်၌ နေထိုင်ကြသော၊ ၎င်းတို့၏ ကြွယ်ဝသည့် ရိုးရာယဉ်ကျေးမှုများကို အခြားသော အိုင်အိုဝါပြည်သူများအား မျှဝေရန် ဆန္ဒရှိသော မွတ်စလင်တစ်ဦးချင်းစီနှင့် မိသားစုများကို အိုင်အိုဝါအစိုးရက အသိအမှတ်ပြုပါကြောင်း ရေးသားဖော်ပြခဲ့သည်။

    အမုန်းတရား မရှိစေရ

    အိုင်အိုဝါလွှတ်တော်မှာ ဘာသာရေးအရ လိုက်နာမှုများကို တားမြစ်သော ဥပဒေကြမ်း House File 135 ကို ပြဌာန်းရန် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် အဆိုပါ မွတ်စလင်ပွဲတော် ပေါ်ပေါက်လာခြင်းဖြစ်သည်။

    ထိုဥပဒေကြမ်းကို ရီပက်ဘလစ်ကန်အမတ် ၁၃ ဦးက ပူးပေါင်းတင်သွင်းခြင်းဖြစ်ပြီး မွတ်စလင်များကမူ အစ္စလာမ်သာသနာအား ဆိုးရွားသော အယူဝါဒအဖြစ် မြင်ာလာအောင် လုပ်ဆောင်ခြင်းနှင့် မွတ်စလင်များကို ခွဲခြားဆက်ဆံခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။

    “အခြေခံဥပဒေနဲ့ မညီညွတ်တဲ့၊ ခွဲခြားဆက်ဆံတဲ့ ဒီဥပဒေမူကြမ်းကို အတည်မပြုနိုင်အောင် ကြိုးစားခဲ့တဲ့၊ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့၊ ခေါင်းဆောင်ခဲ့တဲ့ အမတ်တွေကို ကျွန်တော်တို့ အသိအမှတ်ပြုသလို၊ ချီးလည်းချီးကျူးပါတယ်” ဟု အိုင်အိုဝါ အမေရိကန်-အစ္စလာမ် ဆက်ဆံရေး ကောင်စီမှ အမှုဆောင်ဒါရိုက်တာဖြစ်သူ မီရီယမ် အေမာရ်က ပြောကြားခဲ့သည်။

    “ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်သူတွေဟာ မွတ်စလင်နဲ့ အခြားသော ဘာသာရေးလူနည်းစုတွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေး ငြင်းပယ်ဖို့ကြိုးစားမှုကို ဆန့်ကျင်တဲ့တိုက်ပွဲကို ခက်ခက်ခဲခဲ တိုက်ခဲ့ရပါတယ်”

    ခန့်မှန်းချေ ၇ သန်းမှ ၈ သန်းအထိရှိသည့် အမေရိကန်မွတ်စလင်များမှာ မကြာသေးမီကာလအတွင်း ရန်လိုမှုများကို ကြုံတွေ့နေရသည်။ အမေရိကန်အများစုမှာလည်း အစ္စလာမ်၏ စစ်မှန်သော သင်ကြားမှုများနှင့်ပတ်သက်၍ မသိသလောက်ဖြစ်နေပြီး အမေရိကန်မွတ်စလင်များကမူ ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲများ ပြုလုပ်ခြင်း၊ စာအုပ်စာတမ်းများဝေငှခြင်း၊ ဗလီဝတ်ကျောင်တော်သို့ ၀င်ရောက်လေ့လာရန် ဖိတ်ခေါ်ခြင်းတို့ကို ပြုလုပ်ကာ နားလည်မှု လွဲမှားခြင်းများအား တွန်းလှန်တိုက်ဖျက်နေသည်။

    Ref: Onislam

  • Apple Watch ရဲ့ အထူး Edition

    Apple Watch ရဲ့ အထူး Edition

    ဧပြီ ၁၁၊ ၂၀၁၅
    M-Media

    Apple watches are displayed following an Apple event in San Francisco

    – Apple က ထုတ်လုပ်လိုက်တဲ့ Edition လို့ခေါ်တဲ့ အထူး ဇိမ်ခံ Apple Watch ရဲ့ ဈေးနှုန်းကို သတ်မှတ်လိုက်ပြီး ကန်ဒေါ်လာ ၁၀၀၀၀ ကနေ ၁၇၀၀၀ လောက်အထိ ရှိပါတယ်။

    နာရီကိုယ်ထည်ကို ၁၈ ကာရက်ရှိတဲ့ ရွှေအလိုင်းနဲ့ လုပ်ထားတာဖြစ်ပြီး အခြားမော်ဒယ်တွေမှာ မရနိုင်တဲ့ လက်ပတ်ကြိုးတွေနဲ့အတူ တန်ဖိုးမြင့်တဲ့ ဒီ Edition တွေကို ရရှိမှာဖြစ်ပါတယ်။

    ဒီဇိမ်ခံနာရီတွေကို Apple ဆိုင်တိုင်းမှာ ကြည့်လို့ရပေမယ့် ဆိုင်အချို့မှာသာ စမ်းသပ်ဝတ်ဆင်ခွင့် ရရှိမှာဖြစ်ပါတယ်။ နယူးယောက်က ဆိုင် ၃ ဆိုင်အပါအ၀င် အမေရိကန်နိုင်ငံတစ်ဝှမ်း Apple ဆိုင် ၂၆၅ ဆိုင်ထဲကမှ ၂၁ ဆိုင်မှာ စမ်းသပ်ဝတ်ဆင်နိုင်မှာဖြစ်ပြီး အမေရိကန်ပြင်ပမှာတော့ Apple Watch တွေကို သီးသန့်ပြသရောင်းချတဲ့ စတိုး ၃ ခုအပါအ၀င် ဆိုင်ပေါင်း ၃၄ ဆိုင်မှာ စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။

    Apple ရဲ့ နာရီတွေ ကြိုတင်မှာယူမှုကို ယမန်နေ့ နံနက်စောစောပိုင်းကစတင်ခဲ့ပြီး ဧပြီ ၂၄ ရက်နေ့မှာ တရားဝင်ရောင်းချမှာဖြစ်ကာ မှာထားတဲ့သူတွေကို ပေးသွားမှာဖြစ်ပါတယ်။ မှာယူမှုဟာ အလွန်များပြားခဲ့ပြီး ရရှိမယ့်အချိန်တွေကို ၄ ပတ်ကနေ ၆ ပတ်အထိ Apple က သတ်မှတ်ပေးခဲ့ရပါတယ်။

    Apple Watch ရဲ့ မော်ဒလ်တွေကတော့ Edition အပါအ၀င် ၃ မျိုးရှိပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၃၄၉ ၀န်းကျင်ကနေ စတင်တာ ၁၇၀၀၀ လောက်အထိ ရှိမှာဖြစ်ပါတယ်။ သာမန် နာရီတွေက အလူမီနီယံ ကိုယ်ထည်နဲ့ အဖြူရောင်အားကစား လက်ပတ်ကြိုးဖြစ်ပြီး၊ ဇိမ်ခံ Edition မှာတော့ ရွှေကိုယ်ထည်နဲ့ အထူးလက်ပတ်ကြိုးတွေ ပါဝင်မှာဖြစ်ပါတယ်။

    Ref: Alarabiya, macworld