News @ M-Media
Author: Ko Lay
  • ဒိန်းမတ်မြို့တော်တွင် ခေတ်မီ ဗလီဝတ်ကျောင်းတော်တစ်လုံး တည်ဆောက်ခွင့်ရ
    ဒိန်းမတ်မြို့တော်တွင် ခေတ်မီ ဗလီဝတ်ကျောင်းတော်တစ်လုံး တည်ဆောက်ခွင့်ရ
    မတ် ၁၈၊ ၂၀၁၅
    M-Media
    17-3-15_Copenhagen-Modern-Mosque-Approved
    – နာမည်ကျော် ဒိန်းမတ် ဗိသုကာအဖွဲ့ ဟန်နင်း လာဆန် ဒီဇိုင်းရေးဆွဲပေးထားသည့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဆောက်လုပ်ရန်အတွက် ကိုပင်ဟေဂင် မြူနီစီပယ်ဌာနက ခွင့်ပြုခဲ့သည်ဟု သိရသည်။
    “ဟန်နင်းလာဆန် ဗိသုကာအဖွဲ့က ရေးဆွဲပေးထားတဲ့ ဒီဇိုင်းနဲ့ ဒီဗလီဝတ်ကျောင်းတော်ဟာ ဒီမြို့ကို ပိုပြီးဆွဲဆောင်လာစေမှာဖြစ်ပြီး ကိုပင်ဟေဂင်ရဲ့ အမေ့ခံဒေသမှာ ဗိသုကာဆိုင်ရာ ရတနာသစ်တစ်ပါးကို ရရှိမှာလည်း ဖြစ်ပါတယ်” ဟု ကိုပင်ဟေဂင်မြို့ နည်းပညာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဌာနမှ လက်ထောက် အုပ်ချုပ်ရေးမှူးဖြစ်သူ မော်တန် ကာဘဲလ်က မတ်လ ၁၇ ရက်နေ့တွင် ကိုပင်ဟေဂင်ပို့စ်သို့ ပြောကြားခဲ့သည်။
    အဆိုပါဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခွင့်ကို မွတ်စလင်အဖွဲ့တစ်ခုဖြစ်သည့် Islamisk Trossamfund က တင်ပြခဲ့ခြင်းဖြစ်ပြီး မြို့အတွင်း နော်ရ်ဗတ်စ်ဒေသရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးကို အစားထိုးတည်ဆောက်ခြင်းလည်း ဖြစ်မည်ဖြစ်သည်။
    ဒေသတွင်း အစီအစဉ်းရေးဆွဲတင်ပြမှုလုပ်ငန်းစဉ်များမှာ သြဂုတ်လတွင် အဆင်သင့်ဖြစ်မည်ဖြစ်ပြီး ထို့နောက်ပိုင်းတွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ပြည်သူများအား တရားဝင် ချပြသွားမည်ဖြစ်ကာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ချပြခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။
    “ဒါဟာ မျိုးဆက်ဟောင်းကို လေးစားတယ်ဆိုတာ ပြသတာမျိုးဖြစ်သလို မျိုးဆက်သစ်တွေကို ကြိုဆိုတယ်ဆိုတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းအတွင်းမှာ မမြင်နိုင်တဲ့ အရိပ်နမိတ်ကောင်းတွေလည်း ရှိနေပါတယ်” ဟု Islamisk Trossamfund အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အင်မရန်း ရှားက TV2 သို့ ပြောကြားခဲ့သည်။
    ဒိန်းမတ်နိုင်ငံတွင် လူသာရင်ပရိုတက်စတင့် ခရစ်ယာန်အသင်းတော်ပြီးလျှင် အစ္စလာမ်သာသနာမှာ ဒုတိယ ယုံကြည်ကိုးကွယ်မှုအများဆုံး သာသနာဖြစ်ပြီး ၅.၄ သန်းသော ဒိန်းမတ်လူဦးရေတွင် အစ္စလာမ်ကို သက်ဝင်ယုံကြည်သူမှာ ၃ ရာခိုင်နှုန်း ရှိသည်။
    Ref: Onislam
  • ၀န်ကြီးချုပ်အဖြစ် ပြန်လည်အရွေးခံရပါက ပါလက်စတိုင်းနိုင်ငံ တည်ထောင်ခွင့်ပေးမည်မဟုတ်ဟု နေတန်ယာဟုပြော
    မတ် ၁၇၊ ၂၀၁၅
    M-Media
    Israeli Prime Minister Benjamin Netanyahu delivers statement in Har Homa
    – မိမိအနေဖြင့် ၀န်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်ခံရပါက ပါလက်စတိုင်းနိုင်ငံအား တည်ထောင်ခွင့် ပေးမည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြေကြားလိုက်သည်။
    နေ့စဉ်ထုတ် Maariv သတင်းစာနှင့် အင်တာဗျူးတွင် နေတန်ယာဟုက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပါလက်စတိုင်းပိုင်း အရှေ့ဂျေရုစလင်ရှိ အစ္စရေးက တည်ဆောက်ထားသော ဂျူးအချေခြအိမ်ယာများသို့ သွားရောက်မဲဆွယ်သည့်အခါတွင်လည်း နေတန်ယာဟုက ၎င်းအနေဖြင့် အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်သတ်မှတ်၍ ပါလက်စတိုင်းများ နိုင်ငံတည်ထောင်ခွင့်ကို ပေးသွားမည်ဟုတ်ဟု ပြောကြားခဲ့သည်။
    ထို့ပြင် အရှေ့ဂျေရုစလင်တွင်လည်း တရားမ၀င်အိမ်ယာ ထောင်ပေါင်းများစွာကို ဆက်လက်ဆောက်လုပ်သွားမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    “ကျွန်တော်တို့ ဂျေရုစလင်ကို တည်ဆောက်သွားမှာပါ။ အိမ်ယာတွေကိုလည်း ထောင်ပေါင်းများစွာ တည်ဆောက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတကာက ဖိအားတွေကိုရင်ဆိုင်ပြီး ကျွန်တော်တို့ ထာဝရမြို့တော်ကို ဆက်လက်တည်ဆောက်သွားမှာပါ”
    အစ္စရေးမှာ ၁၉၆၇ ခုနှစ် ၆ ရက်ကြာစစ်ပွဲတွင် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ထိုသို့ သိမ်းပိုက်မှုကို နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုခြင်း မရှိချေ။
    အစ္စရေး၏ အထွေထွေရွေးကောက်ပွဲမှာ ယနေ့တွင် စတင်ပြုလုပ်မည်ဖြစ်ပြီး နေတန်ယာဟု၏ လူကစ်ပါတီမှာ ဗဟိုလက်ဝဲယိမ်း ဇီယွန်သမ္မဂနှင့် အဓိက ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နေတန်ယာဟုကမူ ဇီယွန်သမ္မဂ အာဏာရသွားပါက အစ္စရေး၏ လုံခြုံရေးကို ထိခိုက်စေမည်ဟု ပြောကြားခဲ့သည်။
    Ref: Alarabiya
  • ချစားမှုပြဿနာကြောင့် ထိုင်းစေတီတစ်ခုမှ အလှူငွေများ ပြန်ပေး
    ချစားမှုပြဿနာကြောင့် ထိုင်းစေတီတစ်ခုမှ အလှူငွေများ ပြန်ပေး
    မတ် ၁၇၊ ၂၀၁၅
    M-Media
    dhammakaya
    – ကုမ္ပဏီတစ်ခု၏ ချစားမှုကိစ္စနှင့် ဆက်နွယ်နေသည့် ဘန်ကောက်မြို့ရှိ ဓမ္မကာယာ စေတီက ၎င်းတို့ရရှိထားသည့် အလှူငွေ ဘတ် သန်း ၇၀၀ နီးပါး(ကန်ဒေါ်လာ သန်း ၂၀ ၀န်းကျင်)ကို အလှူရှင်ထံသို့ ပြန်ပေးသွားရန် ယမန်နေ့က သဘောတူညီခဲ့သည်ဟု သိရသည်။
    ခေတ်မီဆန်းသစ်စွာဖြင့် ခမ်းခမ်းနားနား ဆင်ယင်ထားသည့် အဆိုပါစေတီမှာ ထိုင်းနိုင်ငံတွင် အချင်းသာဆုံး စေတီအဖြစ် သတ်မှတ်ခြင်း ခံရထားသည်။ ယခုပြန်လည်ပေးအပ်မည့် အလှူငွေမှာ အလွဲသုံးစားလုပ်မှုဖြင့် စွပ်စွဲခံထားရသည့် ဘဏ္ဍာရေးကုမ္ပဏီ Klongchan Credit Union Cooperative မှ လှူဒါန်းထားသော အလှူငွေများဖြစ်ပြီး ၆ ကြိမ်ခွဲ၍ ပြန်ပေးသွားမည်ဖြစ်သည်။
    “ဘတ် ၆၈၄ သန်း (ကန်ဒေါ်လာ ၂၀.၇ သန်း) ကို မတ်လကနေ သြဂုတ်လအကြား ၆ ကြိမ်ခွဲပြီး ပေးသွားမယ်လို့ ကျွန်တော်တို့ သဘောတူခဲ့ပါတယ်” ဟု အဆိုပါစေတီ၏ ရှေ့နေဖြစ်သူ ဆာမ်ချိပ် ဆမ်ဖန်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
    ထို့ပြင် အပြန်အလှန်အနေဖြင့် Klongchan Credit Union Cooperative က စေတီအား ရာဇ၀တ်ကြောင်းအရ မည်သည့်တရားစွဲဆိုမှုမှ မပြုလုပ်ရန် သဘောတူညီခဲ့သည်ဟု ဆမ်ဖန်က ထည့်သွင်းပြောကြားခဲ့သည်။ စေတီကမူ ၎င်းတို့လှူဒါန်းသည့် ငွေများမှာ ကျင့်ဝတ်ပိုင်းဖောက်ဖျက်သော ရင်းမြစ်များမှ လာသည်ဆိုသည်ကို မသိရှိဟု ငြင်းဆိုခဲ့သည်။
    ယခုပြန်လည်ပေးအပ်မည့် ငွေများမှာ စေတီအတွက် ပြည်သူများမှ လှူဒါန်းသော အလှူငွေမှဖြစ်သည်ဟု ဆမ်ဖန်က ဆိုသည်။
    ထိုချစားမှုကိစ္စက ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ထိုင်းပြည်သူများကို ယမ်းပုံမီးကျ ဖြစ်စေခဲ့ပြီး စေတီပုထိုးများအနေဖြင့် အလှူငွေကို မည်ကဲ့သို့ အလှူခံခြင်း၊ ဗုဒ္ဓဘာသာကို စီးပွားရေးအရ အသုံးချခြင်းတို့နှင့် ပတ်သက်၍လည်း စိုးရိမ်မှုများ တိုးလာခဲ့သည်။ ထို့ပြင် ဘာသာရေးအဖွဲ့အစည်းများအား ဥပဒေဖြင့် ထိန်းညှိပေးရန် အစိုးရအား တိုက်တွန်းမှုများလည်း ရှိခဲ့သည်။
    ပြီးခဲ့သည့်နှစ်များအတွင်း ထိုင်းဘုန်းကြီးများမှာ ချစားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အရက်သောက်ခြင်း၊ လောင်းကစားခြင်းနှင့် ပြည့်တန်ဆာအမျိုးသမီးများဖြင့် ပျော်ပါးခြင်းတို့အပါအ၀င် မကောင်းသတင်းများဖြင့် ကျောဇော်ခဲ့သည်။
    ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် အာဏာပိုင်များက ၎င်းတို့မှာ လေယာဉ်စဉ်းလုံးငှား၍ ခရီးသွားသော ဘုန်းကြီတစ်ပါးအား လူဝတ်လဲစေခဲ့ပြီး ၎င်းထံမှ Porsche နှင့် Mercedes-Benz တစ်စီးစီအပါအ၀င် ကန်ဒေါ်လာ ၈ သိန်းဖိုးရှိ ဇိမ်ခံပစ္စည်းများကို သိမ်းဆည်းခဲ့သည်ဟု ပြောကြားခဲ့သည်။
    Ref: Channelnewsasia
  • အိုလံပစ် ဘောလုံးပြိုင်ပွဲအတွက် ဘရာဇီးလ်ရှိ ကွင်း ၇ ကွင်းအား ဖီဖာရွေးချယ်
    အိုလံပစ် ဘောလုံးပြိုင်ပွဲအတွက် ဘရာဇီးလ်ရှိ ကွင်း ၇ ကွင်းအား ဖီဖာရွေးချယ်
    မတ် ၁၇၊ ၂၀၁၅
    M-Media
    view-of-joao-havelange
    – ၂၀၁၆ အိုလံပစ်တွင် ဘောလုံးပြိုင်ပွဲ ကျင်းပရန်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ဘရာဇီးလ်ရှိ မြို့ ၆ မြို့မှ ကွင်း ၇ ကွင်းကို ရွေးချယ်ကာ ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်ဟု သိရသည်။
    ဘောလုံးပြိုင်ပွဲကို မြို့တော် ရီယိုဒီဂျနေရိုးရှိ ကွင်း ၂ ကွင်းတွင် အဓိကထား ကျင်းပသွားမည်ဖြစ်ပြီး ဘဲလ်လို ဟော်ရန်ဇွန်တီ၊ ဘရာစီလီယာ၊ မန်နက်စ်၊ ဆာလ်ဗေဒိုးနှင့် ဆော်ပေါ်လိုရှိ အခြားသော ဘောလုံးကွင်းများတွင်လည်း ခွဲ၍ ကျင်းပသွားမည်ဖြစ်သည်။
    “အိုလံပစ် ဘောလုံးပြိုင်ပွဲဟာ ရီယိုဒီဂျနေရိုးသာမက အခြား မြို့ ၅ မြို့မှာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားက မြင်တွေ့ခဲ့ရတဲ့ ပတ်ဝန်းကျင်ကို ပြန်လည်ရှင်သန်လာစေမယ့် အခွင့်အရေးကောင်း တစ်ခုပါပဲ” ဟု အိုလံပစ် ဘောလုံးပြိုင်ပွဲကျင်းပရေး ကော်မတီမှ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဥက္ကဌ မာကို ပိုလို ဒဲလ် နီရိုက ပြောကြားခဲ့သည်။
    သြဂုတ်လ ၃ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုမည့် အဆိုပါဘောလုံးပြိုင်ပွဲတွင် အမျိုးသားအသင်း ၁၆ သင်းနှင့် အမျိုးသမီးအသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပွဲစဉ်ပေါင်း ၅၈ ပွဲကို ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
    သို့သော်လည်း ကိုရင်သီယန်အသင်း၏ ဥက္ကဌဟောင်းဖြစ်ပြီး ဘောလုံးကွင်း စီမံခန့်ခွဲရေးကို တာဝန်ယူ ကြီးကြပ်နေသည့် အန်ဒရက်စ် ဆန်းချက်ဇ်ကမူ အသင်းအနေဖြင့် ပြင်ဆင်ရေးလုပ်ငန်းများအတွက် အကုန်ကျခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ကွင်းကို ၂၀၁၆ အိုလံပစ်ပြိုင်ပွဲကစားဖို့အတွက် ရွေးချယ်ခံရတာဟာ ကိုရင်သီယန်အသင်းအတွက် တကယ့်ကို ဂုဏ်ယူစရာကြီးပါပဲ။ ဒါပေမယ့် ဆော်ပေါ်လိုမြို့က မေတ္တာရပ်ခံမှုကို ကျွန်တော်တို့ ပြန်ကြားသွားမှာဖြစ်ပြီး ကုန်ကျစားရိတ်အတွက် ဘယ်သူက တာဝန်ရှိတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိဖို့ လိုပါတယ်။ တကယ်လို့ အဲဒီလိုမှ မဟုတ်ရင်တော့ ပြိုင်ပွဲကျင်းပဖို့ ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်သွားမှာပါ” ဟု ဆန်းချက်ဇ်က ထပ်လောင်းပြောကြားခဲ့သည်။
    ကိုရင်သီယန် ဘောလုံးကွင်းမှာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၊ အာဂျင်တီးနားနှင့် နယ်သာလန်တို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်တို့ကို ကျင်းပပြုလုပ်ခဲ့သည်။
    Ref: Channelnewsasia
  • ခရစ်ယာန်ဘုရားကျောင်းများနှင့် ဗလီများမှာ ဘာသာရေး အဆောက်အဦးမဟုတ်ဟု အိန္ဒိယ အမျိုးသားရေး  ပါတီခေါင်းဆောင် ပြော
    ခရစ်ယာန်ဘုရားကျောင်းများနှင့် ဗလီများမှာ ဘာသာရေး အဆောက်အဦးမဟုတ်ဟု အိန္ဒိယ အမျိုးသားရေး ပါတီခေါင်းဆောင် ပြော
    မတ် ၁၇၊ ၂၀၁၅
    M-Media
    16-3-15_BJP-Leader-Attacks-Mosques-Churches
    – ခရစ်ယာန်ဘုရားကျောင်းများနှင့် ဗလီဝတ်ကျော်တော်များမှာ ဘာသာရေး အဆောက်အဦးများ မဟုတ်ဘဲ မည်သည့်အချိန်၌မဆို ဖြိုချနိုင်သည်ဟု အာဏာရ ဟိန္ဒိုအမျိုးသားရေးပါတီ BJP မှ ခေါင်းဆောင် ဆူဘရာမာနီယန် ဆွာမိက ပြောကြားလိုက်သည်။
    အာသံပြည်နယ်ရှိ တက္ကသိုလ်တစ်ခုတွင်ပြုလုပ်သော အခမ်းအနားသို့ တက်ရောက်စဉ် ဆွာမီက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဘုရားသခင်မှာ ဟိန္ဒိုဘုရားကျောင်းများ၌သာ တည်ရှိကာ ခရစ်ယာန်ဘုရားကျောင်းများနှင့် ဗလီဝတ်ကျောင်းတော်များမှာ သာမန်အဆောက်အဦးမျှသာ ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ထိုသို့ပြောဆိုမှုကို သဘောမတူပါက မိမိအနေဖြင့် ဆွေးနွေးငြင်းခုံရန်အသင့်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    ဆွာမိ၏ ထိုသို့ပြောကြားမှုနှင့်ပတ်သက်၍ အိန္ဒိယမွတ်စလင်ဥပဒေရေးရာ ဘုတ်အဖွဲ့ AIMPLB က ရှုတ်ချခဲ့သည်။
    “သူ့ရဲ့ ဒီလိုပြောဆိုမှုကို ကျွန်တော်တို့ သဘောမတူပါဘူး။ အခြားသော ဘာသာတရားတွေလိုပဲ ဗလီဝတ်ကျောင်းတော်ဟာလည်း ဘာသာရေးဆိုင်ရာ နေရာတစ်ခုပါ” ဟု AIMPLB ၏ အထွေထွေအတွင်းရေးမှူး မောင်လာနာ နီဇာမွဒ်ဒီန်းက ပြောကြားခဲ့သည်။
    ဆွာမီမှာ ယခင်ကလည်း အခြားဘာသာများကို စော်ကားသည့်မှတ်ချက်မျိုး ပေးခဲ့ဖူးပြီး ယခုအကြိမ်တွင် ၎င်း၏ ပါတီဝင်များနှင့် နိုင်ငံရေးသမားများကိုယ်တိုင် ရှုတ်ချခဲ့ကြသည်။
    “ဒါဟာ ပါတီနဲ့ဘာမှမဆိုင်ပါဘူး။ သူ့လိုမျိုး ခေါင်းဆောင်တစ်ယောက်က ဒီလို မပြောသင့်ပါဘူး။ ဒီကိစ္စကို ပါတီဗဟိုခေါင်းဆောင်ပိုင်းကို အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။ သူက ဒီလိုပုံစံနဲ့ နာမည်ကြီးအောင် လုပ်နေတာပါ” ဟု အာသံပြည်နယ် BJP ဥက္ကဌ ဆစ်ဟာသာ ဘက်တာချာယာက ပြောကြားခဲ့သည်။
    အာသံပြည်နယ်၏ ၀န်ကြီးချုပ် တာရမ် ဂိုဂွီကမူ “သူ့ရဲ့မှတ်ချက်တွေဟာ လူ့အဖွဲ့အစည်းကို လုံးဝစော်ကားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရေးယူရပါမယ်။ တကယ်လို့ ဒီလူဟာ ဒါမျိုးတွေ ဆက်ပြောနေမယ်ဆိုရင် အာသံပြည်နယ် ၀င်ရောက်ခွင့်ကို ကျွန်တော်တို့ ပိတ်ပင်မှာပါ” ဟု ပြစ်တင်ပြောကြားခဲ့သည်။
    ထို့ပြင် အငြင်းပွားဖွယ် စကားများပြောလေ့ရှိသည့် ဆွာမိအား မည်သည့်အတွက်ကြောင့် PJP ပါတီက အရေးမယူသည်ကို စဉ်းစား၍မရဟု ၎င်းက ဆိုသည်။ အိန္ဒိယရှိ ကျောင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများကလည်း ဆွာမိအား ရှုတ်ချခဲ့ကြသည်။
    “ဒါဟာ အကြီးတန်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဆွာမိလိုလူဆီက မျှော်လင့်ထားတာမျိုး မဟုတ်ပါဘူး။ သူ့ရဲ့ ပြောကြားမှုက တိုင်းပြည်အတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ ရည်တည်ချက်ကို ထိခိုက်နာကျင်စေပါတယ်” ဟု ညီညွတ်သော အိန္ဒိယ ဒီမိုကရက်တစ်တပ်ဦး AIUDF မှ အကြီးအဲဖြစ်ပြီး လွှတ်တော်အမတ်လည်းဖြစ်သူ ဘဒ်ရူဒင် အဂျက်မားလ်က ပြောကြားခဲ့သည်။
    AGP ပါတီမှ ဥက္ကဌ အတူလ် ဘိုရာကမူ ထိုကဲ့သို့ပြောဆိုခြင်းမှာ BJP ၏ သဘောထားအစစ်အမှန်ကို ထုတ်ပြလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
    “ဆွာမိဟာ BJP ရဲ့ အကြီးတန်းခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ဒီပြောကြားမှုမျိုးက သူ့ပါတီရဲ့ သဘောထားအစစ်အမှန်ကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဆွာမိနဲ့ BJP ရဲ့ ဒီလိုအပြုအမူမျိုးကို ကျွန်တော်တို့ ရှုတ်ချပါတယ်။ ဆွာမိဟာ ဘာသာတရားနဲ့ပတ်သက်ပြီး အသိပညာမရှိပါဘူး။ ဒီမှာ ကျွန်တော်တို့ဟာ သဟာဇတဖြစ်မှုနဲ့အတူ ငြိမ်းချမ်းစွာ နေထိုင်ကြတာပါ” ဟု ဘိုရာက ပြောကြားခဲ့သည်။
    BJP မှာ ဟိန္ဒိုအမျိုးသားရေးဝါဒကို ရှေ့တန်းတင်သော ပါတီဖြစ်ပြီး ထိုပါတီဝင်ဖြစ်သော လက်ရှိဝန်ကြီးချုပ် မိုဒီပင်လျှင် လူနည်စုများအား အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်မှုဖြင့် ဝေဖန်ခံခဲ့ရဖူးသည်။ BJP ပါတီ အာဏာရပြီးနောက်ပိုင်း အိန္ဒိယတွင် ဘာသာရေးလူနည်းစုများကို ပစ်မှတ်ထားသော တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာခဲ့ပြီး အခြားဘာသာဝင်များ၏ ဘာသာရေးဆိုင်ရာကို ကန့်သတ်ချုပ်ချယ်မှုများလည်း တိုးလာခဲ့သည်။
    Ref: twocircles.net, timesofindia