News @ M-Media

Author: Ko Lay

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ

    ဒီဇင်ဘာ ၂၁၊ ၂၀၂၀
    M-Media

    အဆိုးဆုံးဆိုက်ဘာတိုက်ခိုက်မှု ရုရှားလက်ချက်ဟု အမေရိကန် စွပ်စွဲ

    တက္ကဆက်အခြေစိုက် အိုင်တီကုမ္ပဏီ SolarWind ရဲ့ Network စီမံခန့်ခွဲရေး ဆော့ဖ်ဝဲကိုအသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်မှုဟာ ရုရှားလက်ချက်ဖြစ်တယ်လို့ အမေရိန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို့က ပြောကြားလိုက်ပါတယ်။

    အခုနှစ်မတ်လလောက်ကတည်းက ဒီဆိုက်ဘာတိုက်ခိုက်မှု စတင်ခဲ့တာ ဖြစ်ပြီး နျူလက်နက်ထိန်းချုပ်ရေးဌာနအပါအဝင် အမေရိကန်အစိုးရအဖွဲ့အစည်း ၅၀ လောက် ထိခိုက်လိမ့်မယ်လို့ ဒီတိုက်ခိုက်မှုကို ဖော်ထုတ်ခဲ့တဲ့ FireEye ကုမ္ပဏီက ပြောပါတယ်။

    ဒါဟာ အမေရိကန်သမိုင်းတစ်လျှောက် အဆိုးဆုံး ဆိုက်ဘာတိုက်ခိုက်မှုပါ။ ဒီတိုက်ခိုက်မှုဟာ ကွန်ပျူတာစနစ်တွေကို နှောက်ယှက်တာမျိုးထက် အချက်အလက်တွေ ရယူဖို့ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပေမယ့် သမ္မတထရမ့်က ထိခိုက်မှု ကြီးကြီးမားမား မရှိဘူးလို့ ပြောပါတယ်။

    လသု​တေသနအတွက် ကမ္ဘာနိုင်ငံများနှင့် ပူးပေါင်းမည်ဟု တရုတ်ပြော

    လပေါ်ကယူလာတဲ့ မြေကြီးနမူနာ လေ့လာမှုမှာ နိုင်ငံတကာပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

    တရုတ်ရဲ့ Chang’e 5 အာကာသယာဉ်ဟာ အခုလစောပိုင်းက ၂ ကီလိုဂရမ်အလေးချိန်လောက်ရှိတဲ့ လမြေကြီးကို ယူဆောင်ကာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကမ္ဘာမြေပေါ်ကို ပြန်ရောက်လာတာပါ။ အမေရိကန်နဲ့ ဆိုဗီယက်ပြီးနောက် လမြေကြီးယူလာနိုင်တဲ့ တတိယမြောက်နိုင်ငံအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။

    တရုတ်အာကာသအေဂျင်စီ CNSA ရဲ့ တာဝန်ရှိသူ ဖေကျောက်ယွီက လနဲ့ပတ်သက်တဲ့ လေ့လာမှုတွေ၊ နည်းပညာတွေ မျှဝေနိုင်မယ့် နိုင်ငံတကာ လသုတေသနစင်တာတစ်ခု ဖြစ်ပေါ်လာရေး ကမ္ဘာ့နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    တရုတ် ဒရုန်းကုမ္ပဏီနှင့် ချစ်ပ်ကုမ္ပဏီတို့ကို အမေရိကန်က အရေးယူ

    အမေရိကန်နည်းပညာတွေအသုံးပြုခွင့် ပိတ်ပင်တဲ့ ကုမ္ပဏီ ၇၇ ခုကို အမေရိကန်အစိုးက ထပ်ကြေငြာခဲ့ရာမှာ တရုတ်ဒရုန်းကုမ္ပဏီ DJI နဲ့ ကွန်ပျူတာချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ SMIC လည်း ဒီအထဲမှာ ပါဝင်လာပါတယ်။

    သောကြာနေ့က ဒီစာရင်းမှာ တရုတ်ကုမ္ပဏီတွေက အများစုဖြစ်ပါတယ်။ အမေရိကန် ကုန်သွယ်ရေးဌာနရဲ့ ပိတ်ဆို့မှုစာရင်း Entity List မှာ ဟွာဝေးအပါအဝင် တရုတ်ကုမ္ပဏီ ၂၇၅ ခုအထိ ရှိလာပါတယ်။

    CMIC ဟာ တရုတ်စစ်တပ်ရဲ့ ဒုံးကျည်ထုတ်လုပ်ရေးနဲ့ စစ်တပ်သုံး Exoskeleton ဝတ်စုံတွေ ထုတ်လုပ်မှုမှာ ပါဝင်ပတ်သက်နေသလို၊ DJI ကလည်း တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်နေတယ်လို့ အမေရိကန်က ပြောပါတယ်။

    ၂၀၀၀ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ CMIC ဟာ တရုတ်နိုင်ရဲ့ အကြီးဆုံး ကွန်ပျူတာချစ်ပ် ထုတ်လုပ်ရေးကုမ္ပဏီလည်း ဖြစ်ပါတယ်။

    Ref: BBC

  • အီရတ်ရှိ အမေရိကန်သံရုံး ဒုံးကျည်ဖြင့် အ​ပစ်ခံရ

    အီရတ်ရှိ အမေရိကန်သံရုံး ဒုံးကျည်ဖြင့် အ​ပစ်ခံရ

    ဒီဇင်ဘာ ၂၁၊ ၂၀၂၀
    M-Media

    -မြို့တော် ဘဂ္ဂဒတ်မှာရှိတဲ့ အမေရိကန်သံရုံးဟာ မနေ့က ဒုံးကျည် ၈ လုံးနဲ့ တိုက်ခိုက်ခံလိုက်ရတယ်လို့ အီရတ်အစိုးရက ထုတ်ပြန်ပါတယ်။

    နိုင်ငံတကာသံရုံးတွေရှိတဲ့ ဘဂ္ဂဒတ်က ရပ်ကွက်ကို အစိမ်းရောင်ဇုန်အဖြစ် အီရတ်အစိုးရက သတ်မှတ်ထားတာပါ။ မနေ့က တိုက်ခိုက်မှုကြောင့် အီရတ်လုံခြုံရေးအစောင့်တစ်ဦးဒဏ်ရာရခဲ့ကာ ကားအချို့နဲ့ အနီးအနားက လူမနေတဲ့ နေအိမ်အချို့ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

    အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ကြေငြာချက်မှာ တိုက်ခိုက်မှုဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဒုံးခွင်းစနစ် C-RAM ကို အသုံးပြုခဲ့ရကြောင်း၊ ဒီလိုတိုက်ခိုက်မှုမျိုး နောက်မဖြစ်အောင် တားဆီးဖို့နဲ့ တိုက်ခိုက်သူကို အရေးယူဖို့အတွက် အီရတ်အစိုးရနဲ့ နိုင်ငံ​ရေးခေါင်းဆောင်တွေကို တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုကြောင့် သံရုံးအဆောက်အဦး ပျက်ဆီးခဲ့တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    အခုနှစ် ဇန်နဝါရီက အီရန်ဗိုလ်ချုပ် ကာစင်ဆိုလိုင်မာနီကို အမေရိကန်က အီရတ်မှာ လုပ်ကြံ သတ်ဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်း ဘဂ္ဂဒတ်က အမေရိကန်သံရုံးကို လက်နက်ကိုင်အဖွဲ့အချို့က ပစ်မှတ်ထားတိုက်ခိုက်မှု လုပ်လာတဲ့အတွက် အမေရိကန်ဟာ C-RAM ဒုံးခွင်းစနစ်ကို အခုနှစ်အစောပိုင်းမှာ တပ်ဆင်ခဲ့တာပါ။

    ဆိုလိုင်မာနီ လုပ်ကြံမှု တစ်နှစ်ပြည့်မှာ လက်တုန့်ပြန်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် သံရုံးဝန်ထမ်းတစ်ချို့ကို အခုလအစောပိုင်းမှာ အမေရိကန်က ပြန်ခေါ်ခဲ့ပါတယ်။

    ဘဂ္ဂဒတ်က အမေရိကန်သံရုံး အရင်က တိုက်ခိုက်ခံရမှုတွေမှာ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ Kataib Hezbollah လုပ်တာလို့ သတင်းတွေထွက်ခဲ့ပြီး မနေ့က တိုက်ခိုက်မှုကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ ဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

    Ref: Aljazeera

  • ပုံပြောင်းကိုဗစ်ပြန့်နှံ့သည့် ယူကေနှင့် ကမ္ဘာ့နိုင်ငံများ အဆက်အသွယ်ဖြတ်

    ပုံပြောင်းကိုဗစ်ပြန့်နှံ့သည့် ယူကေနှင့် ကမ္ဘာ့နိုင်ငံများ အဆက်အသွယ်ဖြတ်

    ဒီဇင်ဘာ ၂၁၊ ၂၀၂၀
    M-Media

    -ယူကေမှာ ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ် အလျင်အမြန်ကူးစက်မှုကို တွေ့လာရပြီးတဲ့နောက် ဥရောပနိုင်ငံတော်တော်များများနဲ့ ကမ္ဘာ့နိုင်ငံတွေက ယူ​ကေလေယာဉ်တွေကို ဝင်ခွင့်ပိတ်လိုက်ပါတယ်။

    လက်ရှိ ကမ္ဘာမှာပြန့်နှံ့နေတဲ့ အမျိုးအစားထက် ကူးစက်မှု ၇၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်တဲ့ ပုံပြောင်းကိုဗစ်ဟာ မြို့တော်လန်ဒန်နဲ့ အင်္ဂလန်အရှေ့တောင်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စတင်ပြန့်နှံ့ခဲ့တာဖြစ်ပြီး လက်ရှိ အဲဒီဒေသတွေမှာ တင်းကြပ်တဲ့ ကိုဗစ်ဥ​ပဒေတွေ ထုတ်ပြန်ထားပါတယ်။

    ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီ ပုံပြောင်းဗိုင်းရပ်စ်ဟာ ပိုမိုသေဆုံးနိုင်တယ် ဒါမှမဟုတ် လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေး မတိုးဘူးဆိုတဲ့ သက်သေအထောက်အထားမျိုး မတွေ့ရဘူးလို့ မနေ့က မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ယူကေကျန်းမာရေးဝန်ကြီး မတ် ဟန်းကော့က ပုံပြောင်းကိုဗစ်ကူးစက်မှုကို ထိန်းချုပ်လို့ မရအောင် ဖြစ်နေတယ်လို့ မနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်၊ အီတလီ၊ ဘလ်ဂျီယံတို့အပါအဝင် ဥရောပနိုင်ငံတော်တော်များများက ယူကေလေယာဉ်တွေ ဝင်ရောက်မှုကို ပိတ်ပင်လိုက်ပါတယ်။ ကနေဒါ၊ အီရန်၊ ဆော်ဒီအာရေဗျ၊ ​ဟောင်ကောင်နဲ့ အခြားနိုင်ငံတစ်ချို့ကလည်း ယူကေက လေယာဉ်တွေ ဝင်ရောက်မှုကို ပိတ်ပင်ထားပါတယ်။

    လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေဟာ ပုံပြောင်းကိုဗစ်အတွက် အသုံးဝင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ယူကေဟာ Pfizer-BioNTech ကာကွယ်ဆေးကို ပထမဆုံး အသုံးပြုတဲ့ နိုင်ငံပါ။

    နောက်ထပ် အသုံးပြုနိုင်တော့မယ့် ကိုဗစ်ကာကွယ်ဆေးက အမေရိကန်ဆေးကုမ္ပဏီ Moderna ထုတ် ဆေးဖြစ်ပြီး အမေရိကန်အစိုးရက အသုံးပြုဖို့ ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

    Ref: CNA

  • စနေနေ့ ဘောလုံးသတင်းများ

    စနေနေ့ ဘောလုံးသတင်းများ

    ဒီဇင်ဘာ ၁၉၊ ၂၀၂၀
    M-Media

    စားစရာမရှိသည့်ဘ၀ကို ကြုံခဲ့ရသည်ဟု ရက်ရှ်ဖို့ဒ်ဖွင့်ဟ

    မိမိငယ်ငယ်က တစ်ခါတစ်ရံမှာ စားစရာမရှိဘဲ ရေသောက်ဗိုက်မှောက်နေရတဲ့အချိန်မျိုး ရှိခဲ့ဖူးပြီး ဒီလိုအခက်အခဲတွေက အခုလိုဘ၀မျိုးရောက်အောက် တွန်းအားပေးခဲ့တာလို့ မန်ယူတိုက်စစ်မှူး မားက်တ်စ် ရက်ရှ်ဖို့ဒ်က BBC မှတ်တမ်းရုပ်ရှင်မှာ ဖွင့်ဟခဲ့ပါတယ်။
    ကျောင်းသားတွေကို အခမဲ့နေ့လည်စာကျွေးမွေးရေး၊ ဝင်ငွေနည်းတဲ့ မိသားစုတွေကို ထောက်ပံ့ရေး ရက်ရှ်ဖို့ဒ်ရဲ့ လှုပ်ရှားမှုဟာ ယူကေအစိုးရရဲ့ မူဝါဒတစ်ချို့ပါ ပြောင်းလဲရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။
    ဒီအတွက်ကြောင့် ရက်ရှ်ဖို့ဒ်ဟာ MBE ဘွဲ့အပါအဝင် ဆုတံဆိပ်​တစ်ချို့လည်း ရရှိခဲ့ပါတယ်။ မိမိတို့လို ဘ၀တွေကို ကူညီဖို့ မိခင်က သွန်သင်ပေးခဲ့တဲ့အတွက် ဂုဏ်ယူမိကြောင်း၊ မိမိရဲ့ လှုပ်ရှားမှုတွေမှာလည်း မိခင်က ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်နေကြောင်း ရက်ရှ်ဖို့ဒ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ၅ ဦးလူစားလဲမှုကို ပရီးမီးယားလိဂ်က လက်မခံသည့်အတွက် ကလော့ပ်ဝေဖန်

    လူစားထိုးကစားသမား ၅ ဦးထားမယ့်အစီအစဉ်ကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေက တတိယအကြိမ် ကန့်ကွက်ခဲ့မှုအတွက် လီဗာပူးလ်နည်းပြ ယာဂန်ကလောပ့်က ဝေဖန်လိုက်ပါတယ်။
    ပရီးမီးယားလိဂ်ကလွဲပြီး အခြားဥရောပလိဂ်တွေမှာ ဒီစနစ်ကို အသုံးပြုနေကြတာပါ။
    ကလောပ့်က ဒါဟာ ညှိနှိုင်းဆွေးနွေးပြီးမှ အတည်ပြုရမယ့် ကိစ္စမဟုတ်ကြောင်း၊ ဒါဟာ ကစားသမားတွေ သာယာ၀ပြောရေးကို မျက်ကွယ်ပြုလိုက်တာဖြစ်ကြောင်း ကလော့ပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    အရန်ခုံမှာ ကစားသမား ၇ ဦးကနေ ၉ ဦးအထိ ထားရှိဖို့ကိုတော့ မနေ့ကမဲခွဲမှုမှာ အသင်းတွေက သ​ဘောတူခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကိုဗစ်ကြောင့်ရပ်နားပြီး ပြန်စတဲ့အချိန်က ပရီးမီးယားလိဂ်မှာ ကစားသမား ၅ ဦး လူစားလဲခွင့်ရခဲ့ပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ အရင်အတိုင်း ၃ ဦးစနစ်ကို ပြန်လည်ထားရှိခဲ့ပါတယ်။

    လူငယ်တိုက်စစ်မှူး မူကိုကို ဘွန်ဒစ်လီဂါတွင် မှတ်တမ်းသစ် ရေးထိုး

    ဂျာမနီက ကင်မရွန်းနွယ်ဖွား တက်သစ်စ တိုက်စစ်မှူး ယူဆူဖာ မူကိုကိုဟာ ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
    မနေ့က ဒေါ့မွန်အသင်း ဘာလင်ယူနီယံကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးတဲ့ပွဲမှာ မူကိုကိုဟာ ဒေါ့မွန်အတွက် ၁ ဂိုးသွင်းပေးခဲ့တာပါ။ ၁၆ နှစ် ၂၈ ရက်နဲ့ ဘွန်ဒစ်လီဂါမှာ ဂိုးသွင်းနိုင်တာဖြစ်ပြီး မေလက လေဘာကူဆင်ကစားသမား ဖလော်ရီယန် ဝီရ်ဇ်ရဲ့ ၁၇ နှစ် ၃၄ ရက် စံချိန်ကို ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
    မူကိုကိုဟာ ဘွန်ဒစ်လီဂါသမိုင်းမှာ အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရသူအဖြစ်လည်း မှတ်တမ်း၀င်သူတစ်ဦးပါ။

    Ref: BBC

  • မတ်စ်ဂျစ်ဒ်ဟရမ်ဗလီ ကြီးကြပ်ရေးအဖွဲ့တွင် အမျိုးသမီးဝန်ထမ်း တစ်ထောင်ကျော် ထပ်မံခန့်အပ်

    မတ်စ်ဂျစ်ဒ်ဟရမ်ဗလီ ကြီးကြပ်ရေးအဖွဲ့တွင် အမျိုးသမီးဝန်ထမ်း တစ်ထောင်ကျော် ထပ်မံခန့်အပ်

    ဒီဇင်ဘာ ၂၀၊ ၂၀၂၀
    M-Media

    -ဘုရားဖူးလာကြတဲ့ အမျိုးသမီးတွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးဖို့အတွက် မက္ကာမြို့က မတ်စ်ဂျစ်ဒ် ဟရမ် ဗလီဝတ်ကျောင်းတော် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှာ အမျိုးသမီးဝန်ထမ်း နောက်ထပ် ၁၅၀၀ ကို ဆော်ဒီအစိုးရက ခန့်အပ်လိုက်ပါတယ်။

    လက်ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီမှာ အမျိုးသမီးဝန်ထမ်း ၆၀၀ လောက်ရှိပြီး စီမံခန့်ခွဲမှုအပိုင်းနဲ့ ဝန်ဆောင်မှုပိုင်းမှာ တာဝန်ထမ်းဆောင်နေကြတာပါ။

    အခု ထပ်မံခန့်အပ်လိုက်တဲ့ အမျိုးသမီးဝန်ထမ်းတွေဟာ နည်းပညာဌာန၊ ဇမ်ဇမ်ရေ စီမံခန့်ခွဲရေးဌာန၊ အုပ်ချုပ်ရေးဌာန၊ ပြည်သူ့ဆက်ဆံရေးဌာန၊ မီဒီယာနဲ့ ဆက်သွယ်ရေးဌာန၊ လမ်းညွှန်ဌာနနဲ့ စာရင်းစစ်ဌာနတို့မှာ တာဝန်ထမ်းဆောင်ကြမှာ ဖြစ်ပါတယ်။

    ဒီဆောင်ရွက်ချက်ဟာ မြင့်မြတ်ရာဝတ်ကျောင်းတော် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေးစီမံကိန်း (၂၀၂၄) အရ ဆောင်ရွက်တာဖြစ်တယ်လို့ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဌာန ဒုတိယ ဥက္ကဌ ဒေါက်တာ အလ်-အာနွဒ် ဘင်သီ ခါလဒ် အလ်-အာဘွဒ်က ပြောကြားခဲ့ပါတယ်။

    ဆော်ဒီရဲ့ ၂၀၃၀ စီမံကိန်းမှာလည်း နိုင်ငံအတွင်းက အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ရေးနဲ့ ဘုရားဖူးလာရောက်ကြတဲ့ အမျိုးသမီးတွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး ပါဝင်တယ်လို့ သူမက ဆိုပါတယ်။

    Ref: Arab News