News @ M-Media

Author: Ko Lay

  • ၉၀ ရာခိုင်နှုန်းကျော်ထိရောက်သည့် ကိုဗစ်ကာကွယ်ဆေး လာပြီ

    ၉၀ ရာခိုင်နှုန်းကျော်ထိရောက်သည့် ကိုဗစ်ကာကွယ်ဆေး လာပြီ

    နိုဝင်ဘာ ၁၁၊ ၂၀၂၀
    M-Media

    -မိမိတို့ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ကနဦးစမ်းသပ်မှုအရ ၉၀ ရာခိုင်နှုန်းကျော် ​ထိရောက်တာကို တွေ့ရတယ်လို့ အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Pfizer Inc က ပြော​ကြားလိုက်ပါတယ်။

    Pfizer နဲ့ ဂျာမနီက မိတ်ဖက်ကုမ္ပဏီ BioNtech SE တို့ဟာ နိုင်ငံပေါင်း ၆ နိုင်ငံမှာ လူပေါင်း ၄၄၀၀ လောက်ကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ စမ်းသပ်မှုအတွင်း ဘေးအန္တရာယ်ကင်းရေးနဲ့ပတ်သက်တဲ့ စိုးရိမ်စရာအချက် တစ်ခုမှ မတွေ့ခဲ့ရဘဲ အခုလကုန်ပိုင်းမှာ တရားဝင် ထုတ်လုပ်ဖြန့်ဖြူးခွင့်ရမယ်လို့ မျှော်လင့်ထားကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

    “ဒီနေ့ဟာ သိပ္ပံနယ်ပယ်နဲ့ လူသားထုအတွက် ကြီးကျယ်တဲ့ နေ့တစ်ခုပါ။ ကူးစက်မှု စံချိန်တင်မြင့်တက်ပြီး၊ ဆေးရုံတွေ ကုတင်မလောက်ဖြစ်ကာ၊ စီးပွားရေးပြန်လည်ဦးမော့ဖို့ ရုန်းကန်နေရတဲ့ ဒီလိုအချိန်မျိုးမှာ ကာကွယ်ဆေးထုတ်လုပ်ရေးနယ်ပယ်ရဲ့ အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်” လို့ Pfizer ကုမ္ပဏီနဲ့ ဥက္ကဌဖြစ်သူ အဲလ်ဘတ် ဘူလာက ပြောကြားခဲ့ပါတယ်။

    အသက် ၁၆ နှစ်ကနေ ၈၅ နှစ်အရွယ်တွေအတွက် အရေးပေါ်အသုံးပြုခွင့်ရဖို့ ကြိုးပမ်းသွားမယ်လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အမေရိကန်အစိုးရဟာ ကာကွယ်ဆေးအလုံးရေ သန်း ၁၀၀ ရရှိနိုင်ဖို့အတွက် Pfizer and BioNTech ကုမ္ပဏီနဲ့ အခုနှစ်အစောပိုင်းမှာ စာချုပ် ချုပ်ဆိုထားသလို၊ ဥရောပသမဂ္ဂ၊ ယူကေ၊ ကနေဒါနဲ့ ဂျပန်တို့ကလည်း ဆေးဝယ်ဖို့ စာချုပ်တွေ ချုပ်ဆိုထားပါတယ်။

    အခုနှစ်မကုန်ခင် လူသန်း ၂၅ သန်း၊ လာမယ့်နှစ်အတွင်း ၁.၃ ဘီလီယံ ထုတ်လုပ်ဖို့ ကုမ္ပဏီက စီစထားပါတယ်။

    Ref: The Star

  • ကာမာလာ ဟာရစ် (သို့) အမေရိကန်၏ ပထမဆုံး အာဖရိက-အိန္ဒိယ နွယ်ဖွား ဒုတိယသမ္မတ

    ကာမာလာ ဟာရစ် (သို့) အမေရိကန်၏ ပထမဆုံး အာဖရိက-အိန္ဒိယ နွယ်ဖွား ဒုတိယသမ္မတ

    နိုဝင်ဘာ ၈၊ ၂၀၂၀
    M-Media

    -နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်ရဲ့ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက သမ္မတလလောင်း ဂျိုးဘိုင်ဒန်က လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို အနိုင်ရသွားခဲ့ပါတယ်။

    ဒုတိယသမ္မတနေရာအတွက် အနိုင်ရသူကလည်း ဒီမိုကရက်တစ်ပါတီက အသက် ၅၆ နှစ်အရွယ် အမျိုးသမီး ကာမာလာ ဟာရစ် ဖြစ်ပါတယ်။ ကာမာလာဟာ ကယ်လီဖိုးနီးယားပြည်နယ် ကိုယ်စားပြုတဲ့ ပထမဆုံး လူမည်းအမျိုးသမီးအမတ်အဖြစ် မှတ်တမ်းဝင်သလို၊ အခုအချိန်မှာတော့ ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတ၊ ပထမဆုံး အာဖရိက-အိန္ဒိယ သွေးနှော ဒုတိယသမ္မတ ဖြစ်ပါတယ်။

    ကယ်လီဖိုးနီးယားပြည်နယ်ကိုစားပြု အထက်လွှတ်တော်အမတ်ဖြစ်တဲ့ ကာမာလာ ဟာရစ်ဟာ အမေရိကန်ကို ပြောင်းရွှေ့အခြေချတဲ့ မိဘနှစ်ပါးကနေ ပေါက်ဖွားလာတာပါ။

    ကာမာလာ၏မိခင် ဂိုပါလန်

    မိခင်က အိန္ဒိယနိုင်ငံ တမီလ်နာဒူးကနေ အမေရိကန်ကို အလုပ်လုပ်ဖို့လာတဲ့ တမီလ်လူမျိုး ရှာမာလာ ဂိုပါလန် ဖြစ်ပြီး၊ ဖခင်က ဂျမေကာနိုင်ငံကနေ ကျောင်းတက်ဖို့လာတဲ့ လူမည်းအမျိုးသား ဒေါ်နယ် ဂျေ ဟာရစ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဂျေဟာရစ်က စီးပွားရေးပါရဂူတစ်ဦးဖြစ်လာပြီး၊ မိခင် ဂိုပါလန်က ဇီ၀ဆေးဝါးဆိုင်ရာ သိပ္ပံပညာရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

    ဟောင်းဝပ်တက္ကသိုလ်ကနေ ဘီအေဘွဲ့၊ ကယ်လီဖိုးနီးရားတက္ကသိုလ်ကနေ ဥပဒေဒေါက်တာဘွဲ့ရခဲ့တဲ့ ကာမာလာဟာ ရှေ့နေ့တစ်ဦးဖြစ်ပြီး ဒီမိုကရက်တစ်ပါတီမှာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း တစ်ဖြည်းဖြည်း အရေးပါသူတစ်ဦး ဖြစ်လာတာပါ။ ဆန်ဖရန်စစ္စကို ခရိုင်ရှေ့နေချုပ်အဖြစ် ၂၀၀၄ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တာ၀န်ထမ်းဆောင်ခဲ့ပြီး၊ ကယ်လီဖိုးနီးယားပြည်နယ်ရှေ့နေချုပ် တာဝန်တွေကိုတော့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကာမာလာဟာ အထက်လွှတ်တော်မှာ ပြည်နယ်ကိုယ်စားပြု အမတ် ဖြစ်လာပါတယ်။

    ကာမာလာဟာ ၂၀၂၀ သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဂျိုးဘိုင်ဒန်ကို မကျော်နိုင်ခဲပါဘူး။ ဒါပေမယ့် ဂျိုးဘိုင်ဒန်က ဒုတိယသမ္မတလောင်းအဖြစ် ဝင်ပြိုင်ဖို့ ဆွဲဆောင်ခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ရေးအဖွဲ့ကို ကာမာလာ ဝင်ရောက်လာကတည်းက လူမည်းတွေ၊ အာရှနွယ်ဖွားတွေရဲ့ ထောက်ခံမှုကို တစ်ခဲနက်ရခဲ့ပြီး ပထမလေးနာရီအတွင်းမှာပဲ မဲဆွယ်ရေးအဖွဲ့ဟာ အလှူငွေ ကန်ဒေါ်လာ ၁၁ သန်း ရခဲ့ပါတယ်။

    အသက် ၇၈ နှစ်အရွယ် ဂျိုးဘိုင်ဒန်ဟာ သမ္မတသက်တမ်း တစ်ကြိမ် ၄ နှစ်သာ တာဝန်ထမ်းဆောင်ဖို့ရှိပြီး ကာမာလာကို ဆက်ခံသူအဖြစ်ထားဖို့ ရည်ရွယ်ထားတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

    ဘိုင်ဒန်က ကာမာလာဟာ ‘အကြောက်တရားကင်းတဲ့ တိုက်စစ်မှူးတစ်ဦး၊ အကောင်းဆုံး ပြည်သူ့ဝန်ထမ်းတွေထဲကတစ်ဦး​ ဖြစ်တယ်’ လို့ ချီးကျူးပြောကြားခဲ့ပါတယ်။

    ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခံရပြီးနောက် လက်ရှိဒုတိယသမ္မတ မိုက်ပန့်စ်နဲ့ စကားစစ်ထိုးပွဲမှာ ချက်ကျလက်ကျပြောနိုင်မှုအတွက် အမေရိကန်နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ ချီးကျူးဩဘာပေးမှုကိုလည်း ကာမာလာတစ်ယောက် ရရှိခဲ့ပါတယ်။

    ရွေးကောက်ပွဲ အနိုင်ရမိန့်ခွန်းမှာ ကာမာလာက နောင်အနာဂတ် အမေရိကန်နိုင်ငံမှာ မိမိလိုသမိုင်းသစ်ရေးမယ့် အမျိုးသမီးတွေ ပေါ်ထွက်လာလိမ့်မယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ကျွန်မဟာ အိမ်ဖြူတော်မှာ ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတ ဖြစ်လာပေမယ့် ကျွန်မနဲ့ပဲ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်မတို့တိုင်းပြည်မှာ မဖြစ်နိုင်တာ မရှိဘူးဆိုတာကို မိန်းကလေးငယ်တိုင်းက​ ဒီညမှာ မြင်သွားကြလို့ပါပဲ”

    ဘ၀တိုးတက်ရေး အပတ်တကုတ်ကြိုးစားအားထုတ်ဖို့လိုအပ်တယ်ဆိုတဲ့ မိခင်ရဲ့ ခံယူချက်ကနေ အားအင်တွေရရှိခဲ့သလို၊ မိမိ ဒီလိုအခြေအနေရောက်လာဖို့အတွက် အရင့်အရင်က အမေရိကန်အမျိုးသမီးတွေ လမ်းခင်းပေးခဲ့တယ်လို့လည်း ကာမာလာက ဆိုပါတယ်။

    “အမေ့အကြောင်း၊ လူမည်းအမျိုးသမီးတွေအကြောင်း ကျွန်မစဉ်းစားတွေးတောလေ့ ရှိပါတယ်။ ဒီညမှာ ဒီလိုအခြေအနေမျိုး ရဖို့အတွက် အာရှသားတွေ၊ လူဖြူတွေ၊ လက်တင်သားတွေနဲ့ ဌာနေအမေရိကန်တွေဟာ သမိုင်းတစ်လျှောက် လမ်းခင်းပေးခဲ့ကြတာပါ။ လူသားအားလုံး တန်းတူညီမျှရေး၊ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုတွေအတွက် အမျိုးသမီးတွေေ အကြီးအကျယ် စွန့်လွှတ်စတေးပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒီတိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ လူမည်းအမျိုးသမီးတွေဟာ မကြာခဏ လစ်လျူရှု ခံခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီမိုကရေစီရဲ့ကျောရိုးဆိုတာကို အခွင့်အရေးရတိုင်း ကိုယ်တိုင်ကိုယ်ကျ သက်သေပြခဲ့ကြပါတယ်”

    ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကြမ်းတမ်းခက်ခဲမှု ကြုံတွေ့ခဲ့ရတာကို ပြန်လည်ကုစားသွားမယ်လို့ ကာမာလာက ပြောကြားခဲ့ပြီး ပြည်သူအားလုံး စုစည်းညီညွတ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref : Reuters, Aljazeera

  • တင်းကြပ်သည့် ပုဂ္ဂလိကလွတ်လပ်ခွင့် ဥပဒေများကို ယူအေအီးက ပြင်ဆင်မည်

    တင်းကြပ်သည့် ပုဂ္ဂလိကလွတ်လပ်ခွင့် ဥပဒေများကို ယူအေအီးက ပြင်ဆင်မည်

    နိုဝင်ဘာ ၈၊ ၂၀၂၀
    M-Media

    -ပုဂ္ဂလိကလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး တင်းကြပ်ထားတဲ့ ဥပဒေတွေကို ပြင်ဆင်ပြောင်းလဲတော့မယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက မနေ့မှာ ကြေငြာလိုက်ပြီး နိုင်ငံခြား လုပ်ငန်းရှင်တွေကို စွဲဆောင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    လက်မထပ်ဘဲအတူနေတာ၊ အရက်သေစာသောက်စားတာအပါအဝင် တစ်ချို့ ပုဂ္ဂလိကလွတ်လပ်ခွင့်တွေကို ရာဇဝတ်မှုအဖြစ် ယူအေအီးနိုင်ငံက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

    အသက် ၂၁ နှစ်နဲ့အထက် လူတွေဟာ အရက်သေစာသောက်စားခွင့်၊ လက်ဝယ်ထားခွင့်၊ ရောင်းချခွင့်တွေမှာ သီးသန့်လိုင်စင်လိုအပ်ပြီး မလိုက်နာရင် ဒဏ်ငွေရိုက်တာ၊ ထောင်ချတာတွေ ရှိခဲ့ပါတယ်။ အခု ပြုပြင်ပြောင်းလဲမှုမှာတော့ ဒီကန့်သတ်ချက်တွေကို ဖယ်ရှားမှာပါ။

    ဒီလို ပြုပြင်ပြောင်းလဲမှုဟာ နိုင်ငံရဲ့ ဥပဒေပြဌာန်းချက်တွေနဲ့ ရင်းနှီးမြှုပ်နှံမှု နယ်ပယ်ကို ပိုမိုကောင်းမွန် တိုးတက်စေဖို့ဖြစ်တယ်လို့ ယူအေအီးအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မိသားစုအရှက်ရအောင်လုပ်တဲ့ အမျိုးသမီးတွေကို အကြီးအကဲအမျိုးသားက ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမခွင့်ကို အရင်က ခွင့်ပြုထားပေမယ့် အခုတော့ ဒါကို ရာဇဝတ်မှုအဖြစ် ယူအေအီးက သတ်မှတ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေကို အရှက်ရအောင်လုပ်တဲ့ အမျိုးသားတွေအတွက် ပြင်ဒဏ်ကိုလည်း ပိုမိုတိုးမြှင့်မှာပါ။

    ယူအေအီးဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ပြပွဲ World Expo ကို ၂၀၂၁ ခုနှစ် အောက်တိုဘာကနေ ၂၀၂၂ ခုနှစ်အထိ ကျင်းပဖို့ စီစဉ်ထားပြီး လာရောက်သူ ၂၅ သန်းလောက် ရှိမယ်လို့ မျှော်မှန်းထားပါတယ်။

    Ref: Aljazeera

  • အစ္စရေးက ပါလက်စတိုင်းနေအိမ်များဖြိုချမှု လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုမြောက်

    အစ္စရေးက ပါလက်စတိုင်းနေအိမ်များဖြိုချမှု လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုမြောက်

    နိုဝင်ဘာ ၇၊ ၂၀၂၀
    M-Media

    ပါလက်စတိုင်းနေအိမ်များ ဖြိုချခံရမှု

    -ပါလက်စတိုင်းတွေရဲ့နေအိမ်တွေကို အစ္စရေးက ဖျက်ဆီးတာဟာ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှု မြောက်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားလိုက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒီကိစ္စကို ရှုတ်ချလိုက်ပါတယ်။

    အခုတစ်ပတ်အစောပိုင်းမှာ ပါလက်စတိုင်းပိုင် ဂျော်ဒန်ဂျိုင့်ဝှမ်းဒေသက ရွာတစ်ခုလုံးကို အစ္စရေးစစ်သားတွေက ဖြိုချဖျက်ဆီးခဲ့ပါတယ်။ ​ဒီအဖြစ်အပျက်ကြောင့် ပါလက်စတိုင်းပြည်သူ ၇၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။

    အစ္စရေးစစ်သားတွေဟာ အိမ်တွေကို မဖြိုခင်မှာ ပါလက်စတိုင်းတွေရဲ့ ပိုင်ဆိုင်မှုကို သိမ်းဆည်းတယ်ဆိုတဲ့ အဖြစ်အပျက်တွေလည်း ရှိပါတယ်။

    ပါလက်စတိုင်း လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Palestinian Center for Human Rights (PCHR) ရဲ့ ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီလုပ်ရပ်တွေဟာ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုမြောက်တယ်လို့ ဖော်ပြထားပါတယ်။

    “ပါလက်စတိုင်းနယ်မြေကို သိမ်းပိုက်ရေး၊ တရားမဝင်အိမ်ယာတွေ တိုးချဲ့ဆောက်လုပ်ရေး စီမံကိန်းအောက်မှာ ဒီလုပ်ရပ်တွေကို လုပ်ဆောင်နေတာပါ။ ဌာနေပါလက်စတိုင်းလူမျိုးတွေကို လူမျိုးစုလိုက်သုတ်သင်ရှင်းလင်းတယ်လို့ ပြောလို့ရပါတယ်”

    အစ္စရေးက ပါလက်စတိုင်းတွေအပေါ် ဆောင်ရွက်နေတဲ့ ရာဇဝတ်မှုတွေကို အလျင်အမြန်တားဆီးပေးဖို့လည်း PCHR က နိုင်ငံအတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂရဲ့ ကြာသာပတေးနေ့ ကြေငြာချက်မှာ ပါလက်စတိုင်းနေအိမ်တွေ ဖြိုဖျက်တာကို ရပ်တန့်ဖို့ အစ္စရေးကို တိုက်တွန်းခဲ့ပြီး ဒါဟာ နှစ်နိုင်ငံတည်ရှိရေးအဖြေကို ပျက်ပြားစေလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

    အစ္စရေးဟာ ပါလက်စတိုင်းပိုင်နက်တွေမှာ နေအိမ်တွေ ဖြိုချဖျက်ဆီးတာ၊ တရားမ၀င် အခြေချအိမ်ယာတွေ တိုးချဲ့တာတွေကို တိုးမြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အခုနှစ်အတွင်း အစ္စရေးက နေအိမ်တွေ ဖြိုချဖျက်ဆီးမှုကြောင့် ပါလက်စတိုင်းပြည်သူ အနည်းဆုံး ၈၀၀ ကျော်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဒါဟာ ၄ နှစ်အတွင်း အမြင့်ဆုံး ပမာဏ ဖြစ်ပါတယ်။

    ကုလရဲ့ ပါလက်စတိုင်းကူညီ​ရေးအဖွဲ့ OCHA က လူသားချင်းစာနာထောက်ထားမှုနဲ့ မိမိတို့ ဆောက်ပေးထားတဲ့ အဆောက်အဦးတွေပါ ဖျက်ဆီးခံခဲ့ရပြီး၊ ကိုဗစ်ကပ်ရောဂါ၊ အေးလွန်းလှတဲ့ ဆောင်းရာသီတွေက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပါလက်စတိုင်းတွေရဲ့အခြေအနေတွေကို ပိုဆိုးစေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    Ref: Press TV

  • သမ္မတအား နောက်ကြောင်းပြန်အရေးမယူရေး ဥပဒေကို ရုရှားက ပြဌာန်းမည်

    သမ္မတအား နောက်ကြောင်းပြန်အရေးမယူရေး ဥပဒေကို ရုရှားက ပြဌာန်းမည်

    နိုဝင်ဘာ ၇၊ ၂၀၂၀
    M-Media

    ရုရှားသမ္မတ ဗလာဒီမီပူတင်

    -သမ္မတတွေ ရာထူးမရှိတော့တဲ့ချိန်မှာ နောက်ကြောင်းပြန်အရေးယူမှုကို တားမြစ်ပိတ်ပင်တဲ့ ဥပဒေမူကြမ်းတစ်ခုကို ရုရှားလွှတ်တော်အမတ်တွေက တင်သွင်းလိုက်ပါတယ်။

    လက်ရှိဥပဒေအရ သမ္မတတွေဟာ တာဝန်ထမ်းဆောင်တဲ့ သက်တမ်းအတွင်းမှာသာ အရေးယူခံရမှုကနေ ကင်းလွတ်ခွင့်ရတာပါ။ အခုဥပဒေသစ်ကြောင့် ရာထူးကနေ အနားယူပြီး အသက်သေဆုံးချိန်အထိ ရာဇဝတ်ကြောင်းအရ နောက်ကြောင်းပြန်အရေးယူခံရမှုကနေ ကင်းလွတ်ခွင့် ရတော့မှာ ဖြစ်ပါတယ်။

    နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အခြား ကြီးလေးတဲ့ရာဇဝတ်မှုတွေအတွက် ​လွှတ်တော်နှစ်ရပ်ရဲ့ ထောက်ခံမှု ၃ ပုံ ၂ ပုံရမယ်ဆိုရင် ကင်းလွတ်ခွင့်ကို ပယ်ဖျက်နိုင်တယ်ဆိုတဲ့ အချက်လည်း ဥပဒေသစ်မှာ ပါဝင်ပါတယ်။

    သမ္မတပူတင်ရဲ့ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ပြီးခဲ့တဲ့နွေရာသီမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ ရုရှားက အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီပြုပြင်ပြောင်းလဲရေးကြောင့် ပူတင်ဟာ ၂၀၃၆ အခုနှစ်အထိ သမ္မတာဝန် ထမ်းဆောင်ခွင့်ရသွားခဲ့ပါတယ်။

    သမ္မတဟောင်းတွေကို နောက်ကြောင်းပြန်အရေးမယူရေး၊ အထက်လွှတ်တော်မှာ သမ္မတဟောင်းတွေအတွက် နေရာတစ်နေရာ ထားရှိရေး စတဲ့အချက်တွေလည်း ဒီပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ပါတယ်။

    အခုတင်သွင်းတဲ့ ဥပဒေမူကြမ်းကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တို့က အတည်ပြုပြီးတဲ့နောက် သမ္မတက လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။

    လက်ရှိသမ္မတပူတင်ဟာ ၂၀၀၀ ခုနှစ်ကတည်းက ရုရှားနိုင်ငံကို အုပ်စိုးလာခဲ့တာဖြစ်ပါတယ်။

    Ref: The Moscow Times