News @ M-Media

Author: Ko Lay

  • လာမည့် ၂ ရက်အတွင်း နောက်ထပ်အာရပ်နိုင်ငံတစ်ခု အစ္စရေးနှင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးမည်

    လာမည့် ၂ ရက်အတွင်း နောက်ထပ်အာရပ်နိုင်ငံတစ်ခု အစ္စရေးနှင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးမည်

    စက်တင်ဘာ ၂၄၊ ၂၀၂၀
    M-Media

    အစ္စရေး၊ အမေရိကန်၊ ဘာရိန်းနှင့် ယူအေအီးခေါင်းဆောင်များကို အိမ်ဖြူတော်တွင် တွေ့ရစဉ်

    -လာမယ့်တစ်ရက်၊ နှစ်ရက်အတွင်း နောက်ထပ်အာရပ်နိုင်ငံတစ်ခုဟာ အစ္စရေးနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုတော့မယ်လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ် ကီလီခရက်ဖ်က အလ်အာရေဗျ သတင်းဌာနကို ပြောကြားလိုက်ပါတယ်။

    အမေရိကန်ရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့အတူ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ ဘာရိန်းနိုင်ငံတို့ဟာ ဩဂုတ်နဲ့ စက်တင်ဘာတွေမှာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်ကြောင်းကြေငြာခဲ့ပါတယ်။ ဒါ့ကြောင့် အာရပ်နဲ့ မွတ်စလင်ကမ္ဘာမှာ အစ္စရေးနဲ့ တရားဝင် ဆက်ဆံရေးထူထောင်တဲ့ နိုင်ငံတွေဟာ အီဂျစ်၊ ဂျော်ဒန်တို့အပါအဝင် ၄ နိုင်ငံ ဖြစ်လာတာပါ။

    ပင်လယ်ကွေ့ဒေသက အိုမန်၊ အာဖရိကက မော်ရိုကိုနဲ့ ဆူဒန်တို့လည်း အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တော့မယ်လို့ သတင်းထွက်နေပါတယ်။

    အမေရိကန်သံအမတ် ကီလီခရက်ဖ်က မိမိတို့ရဲ့ အစီအစဉ်ဟာ ဒီလမ်းကြောင်းမှာ အခြားနိုင်ငံတွေ ပါဝင်လာရေးဖြစ်ပြီး လာမယ့်ရက်အနည်းငယ်အတွင်း နောက်ထပ် နိုင်ငံတစ်ခု အစ္စရေးနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုတော့မယ်လို့ ဆိုပါတယ်။

    “အခြားနိုင်ငံတွေလည်း ဒီလမ်းစဉ်ကို လိုက်လာလိမ့်မယ်ဆိုတာ ကျွန်မ သိနေပါတယ်”

    ဆော်ဒီအာရေဗျနိုင်ငံကလည်း ဒီစာချုပ်မှာ လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်ကြောင်း ဘာရိန်း၊ ယူအေအီးနဲ့ အစ္စရေးတို့ရဲ့ စိတ်ဆန္ဒအမှန်ကို အီရန်က အမြတ်ထုတ်မှာကို မိမိတို့ ခွင့်ပြုမှာမဟုတ်ကြောင်း ခရက်ဖ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ယူအေအီးနဲ့ ဘာရိန်းတို့ရဲ့လုပ်ရပ်ကို အီရန်က ရှုတ်ချခဲ့ပြီး၊ ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းနဲ့ ပြည်သူတွေကလည်း ဒီလုပ်ရပ်ဟာ နောက်ကျောကို ဓားနဲ့ထိုးတဲ့ လုပ်ရပ်မျိုးဖြစ်တယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

    Ref: Alarabiya

  • ရှင်ကျန်းတွင် ဝီဂါများကို ဖိနှိပ်သည့်အကျဉ်းစခန်းအရေအတွက် ၃၈၀ ကျော်ရှိနေ

    ရှင်ကျန်းတွင် ဝီဂါများကို ဖိနှိပ်သည့်အကျဉ်းစခန်းအရေအတွက် ၃၈၀ ကျော်ရှိနေ

    စက်တင်ဘာ ၂၄၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံ​အနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြားလူနည်းစုတွေကို ထိန်းသိမ်းထားတဲ့ အကျဉ်းစခန်းအရေအတွက်ဟာ ၃၈၀ ကျော် ရှိတယ်လို့ ဩစတေးလျအခြေစိုက် တတ်သိပညာရှင်အဖွဲ့တစ်ခုက ပြောကြားလိုက်ပြီး ဒါဟာ အရင်က ထင်ထားတာထက် ပိုမိုများပြားနေတာ ဖြစ်ပါတယ်။

    ရှင်ကျန်းမှာ ဝီဂါနဲ့ အခြား တူရကီစကားပြော လူနည်းစု တစ်သန်းကျော်လောက်ကို တရုတ်အစိုးရက အကျဉ်းစခန်းတွေထဲမှာ ထိန်းသိမ်းထားပြီး ညှင်းပမ်းနှိပ်စက်နေတယ်လို့ ကမ္ဘာ့မီဒီယာ​တွေနဲ့ ကုလသမဂ္ဂက စုံစမ်းဖော်ထုတ်ထားပါတယ်။

    တရုတ်ကတော့ ဒီစခန်းတွေဟာ အကျဉ်းစခန်းတွေမဟုတ်ဘဲ အစွန်းရောက်ဝါဒတိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းကျောင်းတွေ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    ဩစတေးလျက တတ်သိပညာရှင်များအဖွဲ့ (ASPI) က လေ့လာမှုတွေအရ ရှင်ကျန်းမှာ အကျဉ်းစခန်းပေါင်း ၃၈၀ ကျော်ရှိပြီးဒါဟာ အရင်ကတွက်ချက်ထားတဲ့ ပမာဏထက် ၄၀ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်လာတာ ဖြစ်ပါတယ်။

    “အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းလို့ သူတို့ခေါ်တဲ့နေရာတွေက သင်တန်းသားတွေဟာ ၂၀၁၉ ခုနှစ် နှောင်ပိုင်းမှာ သင်တန် းပ​ြီးကာ ပြန်သွားကြပြီလို့ တရုတ်အာဏာပိုင်တွေရဲ့ပြော​ကြားမှုနဲ့ အခုတွေ့ရှိချက်တွေက ကွဲလွဲနေပါတယ်။ တရားလက်လွတ်ဖမ်းဆီးခံထားရတဲ့သူတွေကို လုံခြုံရေးပိုမြင့်တဲ့ စခန်းတွေမှာ ထိန်းသိမ်းထားတယ်ဆိုတာ အခုအထောက်အထားတွေက ပြသနေပါတယ်” လို့ ASPI အဖွဲ့က သုတေသနအဖွဲ့ခေါင်းဆောင် နသန်ရူဆာက ပြောကြားခဲ့ပါတယ်။

    ဂြိုဟ်တုကရရှိတဲ့ ပုံရိပ်တွေ၊ ကိုယ်တိုင်တွေ့ကြုံလာရသူတွေ၊ မီဒီယာက သတင်းဖော်ပြချက်တွေ၊ အကျဉ်းစခန်းတွေဆောက်ဖို့ တရုတ်အစိုးရက တင်ဒါခေါ်တဲ့ စာရွက်စာတမ်းတွေကို အခြေခံပြီး ASPI က သုတေသနလုပ် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    ၂၀၂၀ ခုနှစ် အစပိုင်းကနေ ဇူလိုင်လအထိ အသစ်ဆောက်လုပ်ခဲ့တဲ့ အကျဉ်းစခန်းနဲ့ တိုးချဲ့တဲ့အကျဉ်းစခန်း အနည်းဆုံး ၆၁ ခုရှိတယ်လို့ ASPI က ဆိုပါတယ်။ နောက်ထပ် ၁၄ ခုက ဆောက်လုပ်ဆဲအနေအထားမှာ ဖြစ်ပါတယ်။

    သံဆူးကြိုခြံစည်းရိုး ဒါမှမဟုတ် နံရံအမြင့်ကြီးတွေကို ဖယ်ရှားလိုက်တဲ့ အကျဉ်းစခန်းက ၇၀ လောက်ရှိပြီး ဒါဟာ ဒီစခန်းတွေကို ပိတ်ပစ်လိုက်တာ ဒါမှမဟုတ် နောက်ထပ်ပုံစံတစ်မျိုး ပြောင်းလဲအသုံးပြုတာ ဖြစ်နိုင်တယ်လို့ ASPI က ပြောကြားခဲ့ပါတယ်။

    ASPI ဟာ Xinjiang Data Project လို့ အမည်ပေးထားတဲ့ စီမံကိန်းတစ်ခုကို ဖော်ဆောင်နေပြီး အဲဒီအထဲမှာ ရှင်ကျန်းက အကျဉ်းစခန်းကွန်ယက်နဲ့ အခြား ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရနေရာတွေကို အအသေးစိတ် 3D ပုံရိပ်တွေနဲ့ ဖော်ပြမှာ ဖြစ်ပါတယ်။

    ရူဆာက တိုးချဲ့လိုက်တဲ့ အကျဉ်းစခန်းအများစုဟာ လုံခြုံရေးပိုမြင့်တဲ့ စခန်းတွေဖြစ်ပြီး၊ စက်မှုဇုန်တွေရဲ့ဘေးမှာလည်း အကျဉ်းစခန်းတွေကို တည်ဆောက်ထားတာကြောင့် ထိန်းသိမ်းထားသူတွေကို စက်ရုံတွေမှာ အဓမ္မလုပ်အားခိုင်းစေတာမျိုး ရှိနိုင်တယ်လို့လည်း ASPI က ထည့်သွင်းသုံးသပ်ထားပါတယ်။

    အမေရိကန်တာဝန်ရှိသူတွေကတော့ ရှင်ကျန်းစက်ရုံတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေမှာ ဝီဂါတွေရဲ့ အဓမ္မလုပ်အားပါတဲ့အတွက် တစ်ချို့ပစ္စည်းတွေကို အမေရိကန်ကတင်ပို့ခွင့် ပိတ်ပင်ထားပါတယ်။

    Ref: Aljazeera

  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၂၀၊ ၂၀၂၀
    M-Media

    အောင်မြင်မှုကို ဆာလောင်နေဆဲဟု ဘေးလ်ဖွင့်ဟ

    ပွဲကစားဖို့ စိတ်အားထက်သန်မှုရှိပြီး၊ အောင်မြင်မှုကိုဆာလောင်နေဆဲ ဖြစ်တယ်လို့ စပါးအသင်းကို ပြန်ရောက်လာတဲ့ တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်ပါတယ်။
    စပါးကို ၁၇ နှစ်မှာ ဆောက်သက်တမ်အသင်းကနေ ရောက်ရှိလာခဲ့ပြီး ၂၀၁၃ ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းသွားတဲ့ ဘေးလ်ဟာ တစ်နှစ်အငှားစာချုပ်နဲ့ ပြန်ရောက်လာတာပါ။
    ဘေးလ်က စပါးဟာ မိမိနာမည်တစ်လုံးရအောင် လုပ်ပေးတဲ့အသင်းဖြစ်ပြီး ထွက်သွားကတည်းက ပြန်လာမယ်ဆိုတဲ့ စိတ်ဆန္ဒရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    လက်ရှိမှာ ဒူးဒဏ်ရာရနေပြီး လာမယ့် အောက်တိုဘာလမှ အသင်းမှာ ပါဝင်ကစားနိုင်မယ့် ဘေးလ်ဟာ ပရီးမီးယားလိဂ်ခေတ်မှာ ဗြိတိသျှရဲ့ အကောင်းဆုံးပို့ကုန်လို့ သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

    မက်ဆီအား ထွက်ခွာခွင့်မပေးမှုကို ဘာကာဥက္ကဌ ဖွင့်ဟ

    တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အောင်မြင်မှု အာမခံချက်ဖြစ်တဲ့အတွက် အသင်းကနေ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူးလို့ ဘာစီလိုနာအသင်း ဥက္ကဌ ဂျိုးဆက်ပ် ဘာတိုမြူက ပြောကြားလိုက်ပါတယ်။
    မက်ဆီဟာ ပြီးခဲ့တဲ့လမှာ ထွက်ခွင့်တောင်းခဲ့ပေမယ့် ဘာစီလိုနာက ခွင့်မပြုခဲ့ပါဘူး။ မက်ဆီကတော့ ဘာတိုမြူတစ်ယောက် ပေးထားတဲ့ကတိကို မတည်ဘူးလို့ Goal နဲ့ အင်တာဗျူးမှာ ဝေဖန်ခဲ့ပါတယ်။
    ဘာတိုမြူက မက်ဆီဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးဘောလုံးသမားဖြစ်သလို အသင်းကလည်း သူ့ကို လိုအပ်တယ်လို့လည်း ဆိုပါတယ်။
    ရော်နယ် ကိုးမန်းကိုင်တွယ်နေတဲ့ ဘာစီလိုနာအသင်းဟာ ရာသီအစ ၃ ပွဲစလုံးမှာ အနိုင်ရခဲ့ပြီး မက်ဆီကလည်း ခြေစွမ်းကောင်းတွေကို ပြသခဲ့ပါတယ်။

    ဝက်စ်ဟမ်းနှင့်ပွဲက အသင်းစိတ်ဓာတ်ကို အာတီတာ ချီးကျူး

    ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ မနေ့ကပွဲမှာ အသင်းသားတွေရဲ့စိတ်ဓာတ်ကို အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ချီးကျူးလိုက်ပါတယ်။
    ပွဲပြီးကာနီး ၅ မိနစ်အလို သွင်းဂိုးကြောင့် အာဆင်နယ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ ခုစလုံးမှာ အမှတ်ပြည့် ယူနိုင်ခဲ့တာပါ။
    အာတီတာက ဒီပွဲမှာ မိမိတို့ ကံကောင်းခဲ့ပြီး နောက်ဆုံးအထိ လုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုး အသင်းမှာရှိလာကြောင်း၊ တိုးတက်အောင်လုပ်ရမယ့်အရာတွေ အများကြီးရှိနေကာ လိုချင်တဲ့အနေအထားရောက်ဖို့အတွက် အဝေးကြီးသွားရအုံးမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: Goal

  • ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေးကို ကုလဝန်ထမ်းများအား ထိုးပေးရန် ပူတင်ကမ်းလှမ်း

    ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေးကို ကုလဝန်ထမ်းများအား ထိုးပေးရန် ပူတင်ကမ်းလှမ်း

    စက်တင်ဘာ ၂၃၊ ၂၀၂၀
    M-Media

    -မိမိတို့ထုတ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို ကုလဝန်ထမ်းတွေအတွက် ပေးဖို့ အဆင်သင့်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမီပူတင်က ဒီကနေ့ ကုလသမဂ္ဂ မိန့်ခွန်းမှာ ကမ်းလှမ်းခဲ့ပြီး ကိုဗစ်ရရှိရေး တစ်ကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ၇၅ ကြိမ်​မြောက် ကုလသမဂ္ဂ အထွေထွေ အစည်းအဝေးကို အွန်လိုင်းကနေတစ်ဆင့် မနေ့မှာ စတင်ကျင်းပခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တွေက မိန့်ခွန်းပြောကြားခဲ့ပါတယ်။

    သမ္မတပူတင်ကတော့ မိန့်ခွန်းမှာ Covid-19 ကပ်ရောဂါအကြောင်း အဓိကထားပြောဆိုသွားပြီး ကမ္ဘာကြီးဟာ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။ ကိုဗစ်ကာကွယ်ဆေး ဖန်တီး ထုတ်လုပ်ဖို့ စိတ်ဝင်စားတဲ့ ကမ္ဘာ့ခေါင်းတွေအနေနဲ့ တွေ့ဆုံဆွေးနွေးကာ လူတိုင်းကို အခမဲ့​ထိုးပေးနိုင်ရေး စီစဉ်ဖို့လည်း ပူတင်က တိုက်တွန်းခဲ့ပါတယ်။

    Sputnik V လို့အမည်ပေးထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို ရုရှားအစိုးရက ပြီးခဲ့တဲ့လမှာ မှတ်ပုံတင်အသုံးပြုခွင့်ပေးခဲ့ပြီး ဒါဟာ ကမ္ဘာ့ပထမဆုံးလည်း ဖြစ်ပါတယ်။

    ပူတင်က ဒီဆေးဟာ စိတ်ချရပြီး၊ အန္တရာယ်ကင်းကာ ထိရောက်မှုရှိတယ်လို့ မနေ့က ကုလမိန့်ခွန်းမှာ ထည့်ပြောခဲ့ပြီး ကုလဝန်ထမ်းတွေ ထိုးချင်တယ်ဆိုရင် ပေးဖို့ အဆင်သင့်ပဲလို့လည်း ဆိုပါတယ်။

    ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖနီ ဒူဂျာရစ်က ပူတင်ရဲ့ဒီလိုကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပြီး ဒီကိစ္စကို နောက်ပိုင်းမှာ စဉ်းစားသွားမယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    Ref: RT

  • လူအကန့်အသတ်ဖြင့် အွမ္မရာပြုခွင့်ပေးရန် ဆော်ဒီ စီစဉ်နေ

    လူအကန့်အသတ်ဖြင့် အွမ္မရာပြုခွင့်ပေးရန် ဆော်ဒီ စီစဉ်နေ

    စက်တင်ဘာ ၂၃၊ ၂၀၂၀
    M-Media

    ဇူလိုင်လက ဟဂျ်မြင်ကွင်း

    -နိုင်ငံအတွင်းမှာ နေထိုင်တဲ့သူတွေအတွက် အွမ္မရာဟ် ဘုရားဖူးခွင့်ကို ဆော်ဒီအာရေဗျက လာမယ့် အောက်တိုဘာလမှာ ပြန်လည်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။

    Covid-19 ကပ်ရောဂါကြောင့် ဆော်ဒီဟာ အွမ္မရာ ဘုရားဖူးခွင့်ကို မတ်လကတည်းက ပိတ်ထားခဲ့တာပါ။ ဇူလိုင်လက ကျရောက်ခဲ့တဲ့ ဟဂျ်ဘုရားဖူးကာလမှာလည်း နိုင်ငံအတွင်းက လူ တစ်သောင်းကိုသာ ခွင့်ပြုခဲ့ပါတယ်။

    ကိုဗစ်ကာလအတွင်း တစ်ရက်ကို အများဆုံး လူနှစ်သောင်းသာ အွမ္မရာပြုခွင့်ပေးဖို့ ဆော်ဒီက ပြင်ဆင်နေပါတယ်။

    အောက်တိုဘာ ၄ ရက်နေ့ကစတင်ပြီး ဒီပမာဏာရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ တစ်ရက်ကို လူ ၆၀၀၀ အွမ္မရာပြုခွင့် ပေးမှာဖြစ်ပြီး နိုင်ငံသားတွေနဲ့ နိုင်ငံအတွင်းနေထိုင်သူ နိုင်ငံခြားသားတွေ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

    အောက်တိုဘာ ၁၈ ရက်နေ့နောက်ပိုင်းမှာ ဒီပမာဏရဲ့ ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခွင့်ပြုမှာပါ။

    နိုဝင်ဘာ ၁ ရက်နေ့နောက်ပိုင်းကျရင် ဆော်ဒီကို လာရောက်အွမ္မရာပြုဖို့ အန္တရာယ်ကင်းတဲ့ တစ်ချို့တိုင်းပြည်တွေက လူတွေအပါအဝင် တစ်ရက်ကို လူ ၂ သောင်းခွင့်ပြုမှာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ အဆုံးသတ်သွားတဲ့အချိန်အထိ ဒီပမာဏအတိုင်းပဲ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

    ဒီလို အွမ္မရာပြုခွင့်ပြုရာမှာ ကိုဗစ်တားဆီးရေးအတွက် လိုအပ်တဲ့ ကြိုတင်ကာကွယ်ရေးနည်းလမ်းအားလုံးကို ဆေင်ရွက်သွားမယ်လို့ ဆော်ဒီနိုင်ငံပိုင်သတင်းဌာန SPA က ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

    လက်ရှိမှာ ဆော်ဒီ ဟဂျ်နှင့် အွမ္မရာ ဝန်ကြီးဌာနဟာ မိုဘိုင်း အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးနေပြီး အခုလနှောင်းပိုင်းမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အွမ္မရာပြုလုပ်လိုသူတွေအနေနဲ့ ဒီ အက်ပလီကေးရှင်းမှာ မှတ်ပုံတင်နိုင်မှာဖြစ်ပြီး၊ အက်ပလီကေးရှင်းမှာ ဖော်ပြထားတဲ့ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။

    ဇူလိုင်လက လူတစ်သောင်းကို ဟဂျ်ပြုခွင့်ပေးခဲ့ရာမှာ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ကိုဗစ်ကူးစက်မှု မရှိခဲ့ဘူးလို့ ဆော်ဒီအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    Ref: Aljazeera