News @ M-Media

Author: Ko Lay

  • အိန္ဒိယရှိ ဖျက်ဆီးခံ ဘာဘရီဗလီအစား ဆောက်လုပ်မည့် ဗလီကို အမည်သစ်ပေးမည်

    အိန္ဒိယရှိ ဖျက်ဆီးခံ ဘာဘရီဗလီအစား ဆောက်လုပ်မည့် ဗလီကို အမည်သစ်ပေးမည်

    ဩဂုတ် ၁၅၊ ၂၀၂၀
    M-Media

    ဘာဘရီဗလီကို ဟိန္ဒူများက ဖျက်ဆီးမှုပုံရိပ်

    -အူတာပရာဒက်ရှ်ပြည်နယ် အယွဒ္ဒယမြို့မှာ ၁၉၉၂ ခုနှစ်က ဟိန္ဒူလူအုပ်ရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရတဲ့ ဘာဘရီဗလီအစား ဆောက်လုပ်မယ့် ဗလီကို အမည်သစ်ပေးသွားမယ်လို့ ဂေါပကအဖွဲ့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    ဗလီသစ်ဆောက်လုပ်ရေးကို အဖွဲ့ဝင် ၁၅ ဦးပါ၀င်တဲ့ အိန္ဒိယ-အစ္စလာမ် ယဉ်ကျေးမှုဖောင်ဒေးရှင်း (IICF) က ကြီး ကြပ်ဆောင်ရွက်နေတာပါ။ ဗလီအမည်ပေးရေးမှာ တည်ရှိရာရွာကိုအစွဲပြုတဲ့ ‘ဒန်ဒီပူးရ် ဗလီ’ အမည်ဟာ ရေပန်းစားနေပြီး ‘ငြိမ်းချမ်းရေးဗလီ’ ‘ဆူဖီဗလီ’ ဆိုတဲ့ အမည်တွေလည်း လျာထားစာရင်းထဲမှာ ပါဝင်နေတယ်လို့ IICF ရဲ့ ပြောရေးဆိုခွင့်ရှိသူ အက်သာ ဟူစိန်က ပြောကြားခဲ့ပါတယ်။

    အိန္ဒိယအစိုးရက ပေးထားတဲ့ မြေ ၅ ဧကမှာ ဆောက်လုပ်မယ့် ဒီဗလီသစ်မှာ ဆေးရုံတစ်ရုံ၊ စာသင်ကျောင်းတစ်ခုနဲ့ ဇရပ်တစ်ခုတို့ ပါဝင်မှာ ဖြစ်ပါတယ်။

    အူတာပရာဒက်ရှ်ပြည်နယ် အယွဒ္ဒယမြို့မှာရှိတဲ့ ဘာဘရီဗလီကို မဂိုဘုရင်လက်ထက် ၁၅၂၈ ခုနှစ်က ဆောက်လုပ်ခဲ့တာပါ။ ဗလီတည်ရှိရာနေရာဟာ ရာမနတ်ဘုရားမွေးဖွားရာနေရာဖြစ်တယ်လို့ ဟိန္ဒူတွေက ၁၈ ရာစုမှာ စတင်စွပ်စွဲခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ ဟိန္ဒူလူအုပ်က ဗလီကို ဖြိုဖျက်ခဲ့ပါတယ်။

    ဘာဘရီဗလီအတွက် ဟိန္ဒူအဖွဲ့နဲ့ မွတ်စလင်အဖွဲ့တို့ တရားရင်ဆိုင်ခဲ့ရာမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာတော့ ဗလီကို ဟိန္ဒူလူ့အဖွဲ့အစည်းထံ ပေးအပ်ဖို့ အိန္ဒိယတရားရုံးချုပ်က အမိန့်ချမှတ်ခဲ့ပါတယ်။ မွတ်စလင်တွေအတွက် ဘာဘရီဗလီနေရာအစား အယွဒ္ဒယမြို့က အခြားနေရာတစ်ခုမှာ မြေ ၅ ဧကပေးအပ်ဖို့လည်း တရားရုံးဆုံးဖြတ်ချက်မှာ ပါဝင်ပါတယ်။

    အက်သာဟူစိန်က အရင်က အငြင်းပွားခဲ့တဲ့ ကိစ္စကို အနာဂတ်အထိ မသယ်ဆောင်ချင်တာကြောင့် အသစ်ဆောက်မယ့် ဗလီကို ‘ဘာဘရီဗလီ’ လို အမည်မပေးဖို့ စီမံကိန်းစတင်ကတည်းက ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဗလီသစ်ကို အိန္ဒိယ-အစ္စလာမ့် ဗိသုကာလက်ရာနဲ့ တည်ဆောက်သွားမှာဖြစ်ပြီး နိုင်ငံတစ်ဝှမ်း ဗိသုကာအဖွဲ့အစည်းတွေ တင်သွင်းတဲ့ ဒီဇိုင်းတွေထဲကနေ နောက်ဆုံး ဒီဇိုင်းတစ်ခုကို IICF က မ​ကြာခင်မှာ ကြေငြာဖို့ ရှိနေပါတယ်။

    Ref: Hindustan Times

  • ယူအေအီးက နောက်ကျောကို ဓားနှင့်ထိုးလိုက်သည်ဟု ပါလက်စတိုင်းခေါင်းဆောင်များပြော

    ယူအေအီးက နောက်ကျောကို ဓားနှင့်ထိုးလိုက်သည်ဟု ပါလက်စတိုင်းခေါင်းဆောင်များပြော

    ဩဂုတ် ၁၅၊ ၂၀၂၀
    M-Media

    ယူအေအီးကို ဆန့်ကျင်ဆန္ဒပြနေကြသည့် ပါလက်စတိုင်းပြည်သူများ

    -အစ္စရေးနဲ့ သံတမန်ဆက်ဆံရေးထူထောင်တဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ရဲ့ လုပ်ရပ်ဟာ နောက်ကျောကို ဓားနဲ့ထုိးတဲ့လုပ်ရပ် ဖြစ်တယ်လို့ ပါလက်စတိုင်းခေါင်းဆောင်တွေက​ ပြောကြားလိုက်ပါတယ်။

    အမေရိကန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ယူအေအီးနဲ့ အစ္စရေးတို့ဟာ သံတမန်ဆက်ဆံရေး ထူထောင်ကြောင်း ကြာသာပ​တေးနေ့မှာ ကြေငြာခဲ့ပြီး လုံခြုံရေး၊ ခရီးသွားကဏ္ဍ၊ နည်းပညာ၊ ကုန်သွယ်မှုအပါအဝင် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဒီကြေငြာမှုနဲ့ပတ်သက်ပြီး အံ့ဩရတယ်လို့ ပါလက်စတိုင်းအစိုးရနဲ့ ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့တွေက ပြောကြားကာ ကန့်ကွက် ရှုတ်ချခဲ့ပါတယ်။

    “ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှ ကြိုမသိထားပါဘူး။ ပါလက်စတိုင်းလွတ်မြောက်ရေးလှုပ်ရှားမှု အရေးပါတဲ့အချိန်မျိုးမှာ ဒါမျိုးပေါ်လာတာဟာ အံ့ဩစရာပါပဲ” လို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ လူမှုရေးဝန်ကြီး အဟ်မဒ် မဂျ်ဒါလာနီက ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ ဟားမက်စ်၊ အစ္စလာမ့်မစ်ဂျီဟတ်အဖွဲ့တွေကလည်း ဒီသဘောတူညီချက်ကို ရှုတ်ချကြောင်း ကြေငြာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

    “သူတို့ သံတမန်ဆက်ဆံရေးထူထောင်ဖို့ကိစ္စကို ​တိတ်တိတ်လေးဆွေးနွေးနေတယ်ဆိုတာ ကျွန်တော်တို့ သိထားပေမယ့် ဒီလို အရေးပါတဲ့အချိန်မျိုးမှာ တရားဝင်ကြေငြာလိုက်တာက သိပ်ကို အံ့အားသင့်စရာ ကောင်းပါတယ်။ ကျွန်တော်တို့နဲ့ အာရပ်နိုင်ငံအားလုံးရဲ့နောက်ကျောကို ဓားနဲ့ ထိုးလိုက်တာပါ” လို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ လူမှုရေးဝန်ကြီးဟောင်း မာဂျီဒါ အလ်-မက်စ်ရီက ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO ခေါင်းဆောင်တွေက ဒီသဘောတူညီချက်ဟာ အစ္စရေးကို လက်ဆောင်ပေးလိုက်တာမျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ယူအေအီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇယဒ်က ဒီသဘောတူညီချက်ဟာ ပါလက်စတိုင်းဒေသတွေကို အစ္စရေးပိုင်နက်ထဲ ထပ်မံထည့်သွင်းရေး အစ္စရေးရဲ့ကြိုးပမ်းမှုကို ဟန့်တားဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဒေသတွေကို အစ္စရေးပိုင်နက်ထဲထည့်သွင်းရေးကိစ္စ စွန့်လွှတ်မှာမဟုတ်ဘူးလို့ ယူအေအီးနဲ့ သဘောတူညီချက်ရပြီး နာရီပိုင်းအတွင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ပါလက်စတိုင်းခေါင်းဆောင်ပိုင်းကလည်း ဒီသဘောတူညီချက်ဟာ အစ္စရေးက ပါလက်စတိုင်းပိုင်နက်တွေကို သိမ်းယူကာ ပိုင်နက်ထဲ ထည့်သွင်းတဲ့ စီမံကိန်းကို ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • လက်ကျန်ပါလက်စတိုင်းဒေသကို တရားဝင်သိမ်းပိုက်ရေးစီမံကိန်း ဆက်ရှိနေမည်ဟု အစ္စရေးပြော

    လက်ကျန်ပါလက်စတိုင်းဒေသကို တရားဝင်သိမ်းပိုက်ရေးစီမံကိန်း ဆက်ရှိနေမည်ဟု အစ္စရေးပြော

    ဩဂုတ် ၁၄၊ ၂၀၂၀
    M-Media

    ခေတ်အဆက်ဆက် ပါလက်စတိုင်းနယ်မြေများ သိမ်းပိုက်ခံရမှု

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ရခဲ့ပေမယ့် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးပိုင်နက်ထဲ ထည့်သွင်းရေး အစီအစဉ်ကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟုက ပြောကြားလိုက်ပါတယ်။

    အမေရိကန်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် အစ္စရေးနဲ့ ယူအေအီးတို့ဟာ သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်ကို မနေ့မှာ ရရှိခဲ့ပါတယ်။ သဘောတူညီချက်မှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဒေသတွေကို ပိုင်နက်ထဲထည့်သွင်းရေး အစ္စရေးရဲ့ စီစဉ်မှုကို ရပ်ဆိုင်းထားဖို့ ပါဝင်ပါတယ်။

    အနောက်ဖက်ကမ်းကို အစ္စရေးက လက်ရှိမှာ ကျူးကျော်သိမ်းပိုက် ပိတ်ဆို့ထားတာဖြစ်ပြီး ဒေသတစ်ခုလုံးရဲ့ ၃၀ ရာခိုင်နှုန်းကို အစ္စရေးပိုင်နက်အဖြစ် တရားဝင်ကြေငြာဖို့ နေတန်ယာဟု အစိုးရက စီစဉ်ထားတာပါ။

    ယူအေအီးနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အရ ဒီအစီအစဉ်ကို ရပ်ဆိုင်းထားပေမယ့် လုံး၀ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မနေ့က ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    “အမေရိကန်နဲ့ပူးပေါင်းပြီး ဂျူဒီယာနဲ့ ဆာမာရီယာဒေသတွေမှာ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ချဲ့ထွင့်မယ့်အစီအစဉ်က မပြောင်းလဲပါဘူး”

    အနောက်ဖက်ကမ်းကိုရည်ညွှန်းတဲ့ ဂျူးအမည်တွေကို နေတန်ယာဟုက အသုံးပြုခဲ့တာဖြစ်ပါတယ်။

    ယူအေအီးခေါင်းဆောင်တွေကတော့ သူတို့ရဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ အစ္စရေးရဲ့ အနောက်ဖက်ကမ်း သိမ်းပိုက်မယ့်အစီအစဉ်ကို အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။

    “ပါလက်စတိုင်းပိုင်နက်တွေကို ပိုက်နက်ထဲထည့်သွင်းမယ့် အစ္စရေးရဲ့အစီအစဉ်ကို ရပ်တန့်မယ့် သဘောတူညီချက်တစ်ခု ရရှိခဲ့ပါပြီ” လို့ ယူအေအီးရဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် မိုဟာမက် ဘင် ဇယဒ် အလ် နဟ်ယန်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ယူအေအီး နိုင်ငံခြားရေးဝန်ကြီး အန်ဝါရ် ဂါဂက်ရှ်ကလည်း ဒီသဘောတူညီချက်ဟာ ညှိနှိုင်းဆွေးနွေးမှုအတွက် အချိန်ပိုရစေပြီး ပါလက်စတိုင်း၊ အစ္စရေး နှစ်နိုင်ငံတည်ရှိရေး ခိုင်မာတဲ့ ခြေလှမ်းတစ်ခု ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ယူအေအီးနှင့် အစ္စရေးတို့ သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်ရ

    ယူအေအီးနှင့် အစ္စရေးတို့ သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်ရ

    ဩဂုတ် ၁၃၊ ၂၀၂၀
    M-Media

    ယူအေအီးနှင့် အစ္စရေး ခေါင်းဆောင် ၂ ဦး

    -အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံနဲ့ အစ္စရေးတို့ဟာ ဒီကနေ့မှာ အပြန်အလှန် သံတမန်ဆက်ဆံရေး ထူထောင်နိုင်မယ့် သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို ရရှိခဲ့ပါတယ်။

    သဘောတူညီချက်အရ အစ္စရေးဟာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဒေသတွေ သူ့ပိုင်နက်ထဲ သွတ်သွင်းတာဖို့ ကြိုးစားနေတာကို ရပ်ဆိုင်းရမှာဖြစ်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟုနဲ့ ယူအေအီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇယဒ်တို့ ဒီကနေ့မှာ ဖုန်းနဲ့ အစည်းအဝေးပြုလုပ်ခဲ့ပြီးတဲ့နောက် ဒီသဘောတူညီချက်ကို ရရှိခဲ့တာပါ။

    အိမ်ဖြူတော်တာဝန်ရှိသူတွေက အစ္စရေး၊ ယူအေအီးနဲ့ အမေရိကန်တို့ဟာ ငြိမ်းချမ်းရေးသဘောတူညီချက် ရဖို့အတွက် အရင်ကတည်းက ဆွေးနွေးနေခဲ့တာဖြစ်ပြီး သိပ်မကြာသေးခင်ကာလမှာ ဆွေးနွေးမှု ပိုမိုမြန်ဆန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကြီးမားတဲ့အောင်မြင်မှုတစ်ခု ဒီကနေ့ ရရှိခဲ့ပါတယ်။ မိတ်ဆွေကြီးတွေဖြစ်ကြတဲ့ အစ္စရေးနဲ့ ယူအေအီးတို့အကြား သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခု ရရှိခဲ့တာပါ” လို့ သမ္မတ ဒေါ်နယ်ထရမ့်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ခေါင်းဆောင် ၃ ဦး ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ အစ္စရေးနဲ့ ယူအေအီးတို့အကြား ပြည့်၀တဲ့ သံတမန်ဆက်ဆံရေး ထူထောင်ဖို့ သဘောတူခဲ့ကြောင်း၊ ဒီ သံတမန်ရေး အောင်မြင်မှုဟာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးကို ပိုမိုအားကောင်းစေမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံရေး၊ ခရီးသွားလာရေး၊ တိုက်ရိုက်လေယာဉ်ပျံသန်းရေး၊ လုံခြုံရေး၊ ဆက်သွယ်ရေးနဲ့ အခြား ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေအတွက် အစ္စရေးနဲ့ ယူအေအီးက ကိုယ်စားလှယ်အဖွဲ့တွေဟာ လာမယ့်သီတင်းပတ်တွေအတွင်း တွေ့ဆုံဖို့ ရှိနေပါတယ်။

    နှစ်နိုင်ငံစလုံးဟာ အပြန်အလှန် သံတမန်ခန့်အပ်တာ၊ သံရုံးဖွင့်တာတွေကိုလည်း လုပ်ဆောင်သွားမှာပါ။

    Ref: Reuters

  • နယူးဒေလီမြို့တွင် ဂျာနလစ် ၃ ဦး ဘာသာရေးအရ အကြမ်းဖက် တိုက်ခိုက်ခံရ

    နယူးဒေလီမြို့တွင် ဂျာနလစ် ၃ ဦး ဘာသာရေးအရ အကြမ်းဖက် တိုက်ခိုက်ခံရ

    ဩဂုတ် ၁၃၊ ၂၀၂၀
    M-Media

    ဖေဖော်ဝါရီလက အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသည့် ဒေလီမှ ဗလီတစ်လုံ

    -အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ သတင်းယူနေတဲ့ ဂျာနယ်လစ် ၃ ဦးကို ဟိန္ဒူလူအုပ်က ဘာသာရေးအရ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု အင်္ဂါနေ့မှာ ဖြစ်ပွားခဲ့ပါတယ်။

    Caravan မဂ္ဂဇင်းက ဂျာနယ်လစ် ရှာဟစ် တန်တရေးနဲ့ လုပ်ဖော်ကိုင်ဖက် ၂ ဦးတို့ဟာ နယူးဒေလီမြို့ ဆင်ခြေဖုံးမှာ သတင်းရိုက်ကူးနေစဉ် ဟိန္ဒူတစ်ချို့က လာရောက်မေးမြန်းခဲ့ကြတာပါ။ ရှာဟစ်ဟာ အစ္စလာမ်ဘာသာဝင်ဖြစ်မှန် သိသွားတဲ့အခါမှာတော့ ထိုးကြိတ်ရိုက်နှိက်တာတွေ လုပ်ခဲ့ပါတယ်။

    ရှာဟစ်ရဲ့ လုပ်ဖော်ကိုင်ဖက် ဂျာနယ်လစ်အမျိုးသမီးတစ်ဦးက ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် အခြားလုပ်ဖော်ကိုင်ဖက် ဆစ်ခ်လူမျိုး ပရာဂျစ်ဆင်းကတော့ တိုက်ခိုက်ခံခဲ့ရပါတယ်။ နောက်ပိုင်း လူ ၁၀၀ နီးပါးလောက်ရှိလာတဲ့ လူအုပ်ကြီးဟာ ရှာဟစ်တို့ ၃ ဦးကို ၁ နာရီခွဲကြာ ဖမ်းဆီးထားခဲ့ပြီး အနီးအနားက ရဲတပ်ဖွဲ့ဝင်တွေက လာရောက် ကင်တင်ခဲ့ရပါတယ်။

    Caravan မဂ္ဂဇင်းက ရှာဟစ်တို့နဲ့ လိုက်ပါသွားတဲ့ ဂျာနယ်လစ်အမျိုးသမီးဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံခဲ့ရတယ်လို့ နောက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

    “ဂျာနယ်လစ်တစ်ယောက်ကိုတောင်မှ ဒီလိုလုပ်တယ်ဆိုရင် သာမန်လူတွေဆိုရင် ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားသာကြည့်ပါတော့။ ကျွန်တော် တော်တော်လေးကြောက်သွားပြီး အိန္ဒိယမွတ်စလင်တွေအပေါ်မှာရှိနေတဲ့ အန္တရာယ်ကို ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်အလုပ်ကို ကျွန်တော် ဆက်လုပ်သွားမှာပါ။ ကျွန်တော့်ရဲ့တာဝန်ဟာ အမှန်တရားကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်” လို့ ရှာဟစ်က ပြောကြားခဲ့ပါတယ်။

    ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေ၊ ဂျာနယ်လစ်တွေက ရှုတ်ချခဲ့ကြပါတယ်။

    နယူးဒေလီမြို့မှာ ဖေဖော်ဝါရီလတုန်းကလည်း အစ္စလာမ်ဘာသာဝင်တွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး ၅၀ ကျော်သေဆုံးကာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီတွေ၊ နေအိမ်တွေ၊ ဆိုင်ခန်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

    Ref : Aljazeera

    (ဓာတ်ပုံ – ဖေဖော်ဝါရီလက အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသည့် ဒေလီမှ ဗလီတစ်လုံး)