News @ M-Media

Author: Ko Lay

  • ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဝန်ထမ်း ၃ ထောင်ကျော် သေဆုံး

    ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဝန်ထမ်း ၃ ထောင်ကျော် သေဆုံး

    ဇူလိုင် ၁၄၊ ၂၀၂၀
    M-Media

    -၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ပြန့်နှံ့ခဲ့တဲ့ Covid-19 ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဝန်ထမ်းပေါင်း ၃၀၀၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က မနေ့မှာ ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

    ကျန်းမာရေးဝန်ထမ်းတွေ သေဆုံးမှုမှာ ရုရှားက ၅၄၅ ဦးနဲ့ အများဆုံးဖြစ်ပြီး ယူကေက ၅၄၀ ဦး၊ အမေရိကန်က ၅၀၇ ဦး ရှိပါတယ်။ စာရင်း​ကောက်ယူမှုမှာ မပါဝင်တာတွေ ရှိတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ သေဆုံးမှုအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့လည်း AI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အဖွဲ့ရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ အကြံပေး ဆန်ဟီတာ အမ်ဘက်စ်က ကျန်းမာရေးဝန်ထမ်းတွေရဲ့ အသက်တွေကို ပိုမိုအလေးထားဖို့အတွက် ကမ္ဘာ့တစ်ဝှမ်း အစိုးရတွေကို တိုက်တွန်းကြောင်း၊ မိမိတို့ရဲ့ အသက်န္တရာယ်ထိခိုက်မယ့်အကြောင်း ထုတ်ဖော်ပြောဆိုတဲ့ ဝန်ထမ်းတွေကို အချို့အစိုးရတွေက အရေးယူအပြစ်ပေးတာမျိုး မြင်ရတာဟာ စိတ်ပျက်စရာကောင်းကြောင်း ပြောကြားခဲ့ပါတယ်။

    ကိုဗစ်ကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း ၃၅၁ ဦး သေဆုံးထားပြီး၊ မက္ကဆီကိုနိုင်ငံမှာလည်း ၂၄၈ ဦး သေဆုံးထားပါတယ်။

    ကမ္ဘာတစ်ဝှမ်း Covid-19 ကူးစက်သူအရေအတွက် စုစုပေါင်း ၁၂.၉ သန်းရှိနေပြီး သေဆုံးသူကတော့ ၅၆၉၀၀၀ ဦး ရှိပါတယ်။

    Ref: Aljazeera

  • ထိုင်းတွင် မြန်မာနိုင်ငံသားအချင်းချင်း ဓားထိုးမှုဖြစ်

    ထိုင်းတွင် မြန်မာနိုင်ငံသားအချင်းချင်း ဓားထိုးမှုဖြစ်

    ဇူလိုင် ၁၄၊ ၂၀၂၀
    M-Media

    ဓားထိုးမှုဖြင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် မြန်မာနိုင်ငံသား ၆ ဦး

    -ထိုင်းနိုင်ငံအလယ်ပိုင်းမှာ မြန်မာနိုင်ငံသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် တစ်ဦးသေဆုံးပြီး ၆ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

    ကန်ချနာ​ဘူရီပြည်နယ် မူအန်ခရိုင်က စူပါမားကတ်တစ်ခုရှေ့မှာ တနင်္ဂနွေနေ့က ခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် Maung Tho Phe ဆိုသူ ဓားနဲ့ထိုးခံလိုက်ရတာပါ။ Maung Tho Phe ဟာ ဒဏ်ရာကြောင့် နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။

    တိုက်ခိုက်ခဲ့သူတွေဟာ ထွက်ပြေးသွားခဲ့ပေမယ့် ထိုင်းရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ကျူးလွန်သူတွေထဲကတစ်ဦးကို ဘန်ကောက်မှာ ဖမ်းမိခဲ့ပြီး၊ ကျန်တဲ့ ၅ ဦးကိုလည်း ဆက်လက်ရှာဖွေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    ကျူးလွန်သူတွေဟာ အသက် ၂၀ ကနေ ၂၉ နှစ်ကြားရှိတဲ့ လူငယ်တွေဖြစ်ပါတယ်။ စူပါမားကတ်အကိုအသွား အခြားမြန်မာအုပ်စုနဲ့တွေ့ရာကနေ စကားများ ရန်ဖြစ်ကြတယ်လို့ ထွက်ဆိုခဲ့ကြောင်း၊ လူသေသည်အထိ အပြင်းအထန်နာကျင်စေမှု၊ လက်နက်ကိုင်ဆောင်မှုတွေနဲ့ အမှုဖွင့်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    Ref: Bangkok Post

  • ရှေးဟောင်းပြတိုက်ကို ဗလီပြောင်းသည့်လုပ်ရပ်ကြောင့် တူရကီအစိုးရကို ကမ္ဘာက ဝေဖန်

    ရှေးဟောင်းပြတိုက်ကို ဗလီပြောင်းသည့်လုပ်ရပ်ကြောင့် တူရကီအစိုးရကို ကမ္ဘာက ဝေဖန်

    ဇူလိုင် ၁၂၊ ၂၀၂၀
    M-Media

    ဗလီအဖြစ် ပြောင်းလဲခဲ့သည့် ဟာဂီယာ ဆိုဖီယာ ပြတိုက်

    -အစ္စဘူလ်မြို့က ရှေးဟောင်းသမိုင်းဝင် ဟာဂီယာ ဆိုဖီယာ ​ပြတိုက်ကို ဗလီအဖြစ်ပြောင်းလဲတဲ့ လုပ်ရပ်ကြောင့် အာဒိုဂန်ဦးဆောင်တဲ့ တူရကီအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်နေကြပါတယ်။

    အစ္စတန်ဘူလ်ကို ရောမတွေ သိမ်းပိုက်ထားတဲ့အချိန် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ အရင်က ဟာဂီယာ ဆိုဖီယာကို အော်သိုဒေါ့စ် ခရစ်ယာန်ဘုရားကျောင်းအဖြစ် တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၄၅၃ ခုနှစ် အော်တိုမန်တွေ အောင်နိုင်ပြီးနောက်ပိုင်းမှာတော့ ဗလီအဖြစ် ပြောင်းလဲခဲ့ပါတယ်။

    ခေတ်သစ်တူရကီနိုင်ငံကို ထူထောင်ပြီးနောက်ပိုင်း ဘာသာရေးမစွက်တဲ့ တူရကီအစိုးရဟာ ၁၉၃၄ ခုနှစ်မှာ ဟာဂီယာ ဆိုဖီယာဗလီကို ပြတိုက်အဖြစ် ပြောင်းလဲခဲ့ပါတယ်။

    တူရကီသမ္မတအာဒိုဂန်ဟာ ပြတိုက်ကို ဗလီအဖြစ်ပြန်ပြောင်းဖို့ အရင်ကတည်းက ​ကြိုးပမ်းခဲ့သူဖြစ်ပြီး သောကြာနေ့မှာတော့ တရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့အတူ ဗလီအဖြစ် တရားဝင်ပြောင်းလဲခဲ့ပါတယ်။

    အာဒိုဂန်အစိုးရရဲ့ ဒီကြိုးပမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက ကန့်ကွက်ခဲ့ကြပါတယ်။

    ဂရိနိုင်ငံက ဒီဆောင်ရွက်ချက်ဟာ ရန်စမှုတစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့လို၊ ပြင်သစ်နဲ့ အမေရိကန်တို့ကလည်း ဒီကိစ္စကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါး ဂရူရှ်ကိုက ဒီအဆောက်အဦးဟာ အားလုံးရဲ့အမွေအနှစ်ဖြစ်တာကြောင့် တူရကီရဲ့ ဒီလုပ်ရပ်အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာ့ခရစ်ယာန်ဘုရားကျောင်းများ ကောင်စီကလည်း ဒီလုပ်ရပ်အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ်လို့ အာဒိုဂန်ထံ စာရေးသားပေးပို့ခဲ့ပြီး ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    တူရကီသမ္မတ အာဒိုဂန်က ဒီဝေဖန်မှုကို လက်မခံဘဲ တူရကီဟာ အချုပ်အခြာအာဏာတည်မှုကို အသုံးပြုခဲ့တာဖြစ်တယ်လို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ ပြတိုက်ကိုပြောင်းလိုက်တဲ့ ဒီဗလီမှာ တူရကီအစိုးရက ဇူလိုင်လ ၂၄ ရက်​နေ့ကျရင် မွတ်စလင်တွေကို စတင်ဝတ်ပြုခွင့်ပေးမှာ ဖြစ်ပါတယ်။

    အစိုးရရဲ့ ဒီလုပ်ရပ်ကို တူရကီပြည်သူအများအပြားက ဝေဖန်မှုတွေ ရှိနေပြီး၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်လိုတဲ့ အဖွဲ့တစ်ချို့က ကြိုဆိုခဲ့ကြပါတယ်။

    အလယ်ခေတ် ကမ္ဘာတစ်ဝှမ်းက ပဒေသရာဇ်ဘုရင်တွေ အားပြိုင်စစ်တိုက်ကြတဲ့အချိန်မှာ စစ်ရှုံးတဲ့တိုင်းပြည်တွေက ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးတာ၊ သိမ်းပိုက်တာ၊ စစ်ရှုံးဒေသတွေက ဝတ်ပြုရာနေရာတွေကို မိမိတို့စိတ်ကြိုက် နေရာတွေအဖြစ် ပြောင်းလဲတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

    အလယ်ခေတ် မွတ်စလင်အင်ပါယာတွေကို ခရစ်ယာန်ပဒေသရာဇ်တွေက သိမ်းပိုက်ချိန် ဗလီတွေကို ခရစ်ယာန်ဘုရားကျောင်းတွေ၊ အရက်ဆိုင်တွေ၊ ပြည့်တန်ဆာရုံတွေအဖြစ် ပြောင်းလဲတာမျိုးရှိခဲ့သလို၊ မွတ်စလင်ဘုရင်တွေက ခရစ်ယာန်အင်ပါယာတွေကို ပြန်လည်သိမ်းပိုက်နိုင်တဲ့အချိန်မှာလည်း ခရစ်ယာန်​ဘုရားကျောင်းတွေကို ဗလီအဖြစ် ပြောင်းတာတွေ ရှိခဲ့ပါတယ်။

    တူရကီအစိုးရရဲ့ ဒီလုပ်ရပ်ဟာ အလယ်ခေတ် သက်ဦးဆံပိုင်ဘုရင်တွေရဲ့ အာဏာရှင်ဆန်ဆန် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ်မျိုးကို ပြန်လည်ထင်ဟပ်စေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera, Wiki

  • ဘောလီးဝုဒ် နာမည်ကြီးသရုပ်ဆောင် အမီသာ့ဘ် ဘချန်း ကိုရိုနာကူးစက်နေ

    ဘောလီးဝုဒ် နာမည်ကြီးသရုပ်ဆောင် အမီသာ့ဘ် ဘချန်း ကိုရိုနာကူးစက်နေ

    ဇူလိုင် ၁၂၊ ၂၀၂၀
    M-Media

    အမီသာ့ဘ် ဘချန်း (ယာ) နှင့် သားဖြစ်သူ အဘီရှက် ဘချန်း (ဝဲ)

    -ဘောလီးဝုဒ်ရုပ်ရှင်လောကရဲ့ ဂန္တဝင်မင်းသားကြီးတစ်ဦးဖြစ်တဲ့ အမီသာ့ဘ် ဘချန်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာ​ကြောင့် မနေ့မှာ ဆေးရုံတင်လိုက်ရပါတယ်။

    မိမိမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပြီဆိုတာ ဆေးရုံက အတည်ပြုခဲ့ပြီး မိသားစုဝင်တွေကိုလည်း စစ်ဆေးထားကြောင်း၊ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း မိမိနဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေအားလုံး ဗိုင်းရပ်စ်စစ်ဖို့ တိုက်တွန်းကြောင်း အသက် ၇၇ နှစ်အရွယ် အမီသာ့ဘ်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အမီသာ့ဘ်နဲ့အတူ သားဖြစ်သူ အသက် ၄၄ နှစ်အရွယ် အဘီရှက် ဘချန်းလည်း ဗိုင်းရပ်စ်ကူးစက်နေပြီး မွမ်ဘိုင်းက ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ၂ ဦးစလုံး ဆေးကုသမှု ခံယူနေပါတယ်။

    အိန္ဒိယနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံမှုဒဏ်ကို အကြီးအကျယ်ခံစားနေရပြီး ကူးစက်သူ ၈ သိန်းကျော်၊ သေဆုံသူ ၂ သောင်းကျော် ရှိနေတာပါ။ ဗိုင်းရပ်စ်တိုက်ဖျက်ရေးလှုပ်ရှားမှုတွေမှာ အမီသာ့ဘ်ဟာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေသူလည်း ဖြစ်ပါတယ်။

    ကိုရိုနာကန့်သတ်မိန့်ကြောင့် မတ်လကတည်းက ရိုက်ကူးမှုတွေ နားထားတဲ့ ဘောလီးဝုဒ် ရုပ်ရှင်လောကဟာ မကြာသေးခင်ကစလို့ ရိုက်ကူးမှု ပြန်လည်လုပ်ဆောင်လာပါတယ်။ ဒါပေမယ့် အသက် ၆၅ နှစ်ကျော်တဲ့ သရုပ်ဆောင်တွေကိုတော့ ရိုက်ကွင်းလာရောက်ခွင့် မပေးပါဘူး။

    Ref: Aljazeera

  • လူမျိုခံရမှုကို တစ်ဆင့်ချင်းတွန်းလှန်လာတဲ့ တိုင်းရင်းသားလူနည်းစုများ

    လူမျိုခံရမှုကို တစ်ဆင့်ချင်းတွန်းလှန်လာတဲ့ တိုင်းရင်းသားလူနည်းစုများ

    ဇူလိုင် ၁၁၊ ၂၀၂၀
    M-Media

    ကရင်အမျိုးသမီးများ၏ အကအလှ

    -မွန်၊ ကရင်နဲ့ ပအို့လူမျိုးတွေဟာ အစိုးရစာရွက်စာတမ်းတွေမှာ သူတို့ရဲ့ တိုင်းရင်းသား ‘ဝိသေသနာမ’ ထည့်ခွင့်ရသွားပြီး ဒါဟာ ဆယ်စုနှစ်ချီရှိခဲ့တဲ့ ‘ဗမာဇာတ်သွင်းမှု’ တိုက်ဖျက်ရေး သေးငယ်တဲ့ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ယူဆနေကြပါတယ်။

    လူဝင်မှုကြီးကြပ်ရေးရုံးက “မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှလူမျိုးပြုတ်မည်” ဆိုတဲ့ ဆိုင်းဘုတ်ကို ရုံးသွားသူတိုင်း တွေ့မြင်ကြရမှာပါ။

    ‘တိုင်းရင်းသားလူမျိုး’ စာရင်းမှာ မပါဝင်တဲ့သူတွေကို နိုင်ငံသား စီစစ်ရာမှာ စေ့စပ်သေချာစေဖို့ လူဝင်ကြီးကြပ်ရေး ဝန်ထမ်းတွေကို သတိပေးတဲ့ ဆောင်ပုဒ်လို့ ယေဘူယျအားဖြင့် ရှုမြင်ကြပါတယ်။

    ဒါပေမယ့် အစိုးရရဲ့ ဗမာဗဟိုပြုပေါ်လစီတွေအောက် ဆယ်စုနှစ်များစွာ မိမိတို့ စာပေယဉ်ကျေးမှုတွေ ဝါးမျိုဖျက်ဆီးခံနေရတယ်လို့ ခံစားနေရတဲ့ တိုင်းရင်းသားလူနည်းစုတွေကတော့ ဒီဆောင်ပုဒ်ကရည်ရွယ်တဲ့ အခြားအဓိပ္ပါယ်တစ်ခုကို စိုးရိမ်နေကြပါတယ်။

    ဇန်နဝါရီလအစောပိုင်းမှာ မွန်နဲ့ ကရင်ပြည်နယ်အစိုးရတွေက ဗမာမဟုတ်တဲ့လူမျိုးတွေရဲ့ အမှတ်သညာထုတ်ဖော်ခွင့်ကို အားပေးတဲ့ ညွှန်ကြားချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ပြည်နယ်အတွင်း နေထိုင်ကြတဲ့ မွန်၊ ကရင်နဲ့ ပအို့လူမျိုးတွေဟာ ကလေးတွေကို ကျောင်းအပ်တဲ့အခါ၊ နိုင်ငံသားစီစစ်ရေးကဒ် လျှောက်တဲ့အခါ၊ သန်ခေါင်းစာရင်းမှာ လူထပ်တိုးတဲ့အခါ ဗမာ ဝိသေသနာမဖြစ်တဲ့ ‘ဦး’၊ ‘ဒေါ်’ ‘မောင်’ တွေအစား သူတို့ရဲ့ ရိုးရာ ဝိ​ေသသနာမတွေ ထည့်ခွင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့တာပါ။

    “ဒါဟာ အခြေခံအခွင့်အရေးပဲ ရှိပါသေးတယ်။ နောက်ထပ်တိုက်ယူရမယ့် အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်” လို့ မွန်စာပေနှင့် ယဉ်ကျေးမှုအသင်းရဲ့ အထွေထွေအတွင်းရေးမှူး အသက် ၅၈ နှစ်အရွယ် နိုင်မွန်ရာဇာက ပြောပါတယ်။

    ပြည်နယ်အစိုးရတွေရဲ့ ဒီကြေငြာချက်ကို တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုခဲ့ကြပြီး လူနည်းစုတွေရဲ့ ယဉ်​ကျေးမှုအခွင့်အရေးကို အလေးထားတဲ့ တွေ့ရခဲအရွေ့တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

    NLD အစိုးရဟာ ထောက်ခံမှုအဓိကရတဲ့ လူများစုဗမာတွေရဲ့အကြိုက်ကို လိုက်နေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ရှုမြင်ပြီး NLD ကို တစ်စိုက်မတ်မတ် ဝေဖန်တာတွေလည်း ရှိပါတယ်။

    ဝေဖန်အခံအရဆုံးလို့ ဆိုရမယ့် ကိစ္စတစ်ခုကတော့ မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့တို့ကို ဆက်သွယ်ထားတဲ့ တံတားတစ်ခုကို လွတ်လပ်ရေးခေါင်းဆောင် ဗမာလူမျိုး ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကကိစ္စ ဖြစ်ပါတယ်။ မွန်တိုင်းရင်းသားတွေက သူတို့ခေါင်းဆောင်အမည် ဒါမှမဟုတ် သူတို့ရဲ့ ယဉ်ကျေးမှု အမှတ်သညာတစ်ခု ဂုဏ်ပြုမှည့်ခေါ်ဖို့ အလိုရှိကြပြီး ဒီအမည်ပေးမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း တိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွေ စိုက်ထူမှုကြောင့် တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတွေဖက်က ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိလာခဲ့ပါတယ်။ ဗမာခေါင်းဆောင်ကို ဂုဏ်တင်လွန်းပြီး သူတို့ရဲ့ ခေါင်းဆောင်တွေကို လစ်လျူရှုကြတယ်လို့ သူတို့က ထောက်ပြကြပါတယ်။

    တိုင်းရင်းသားတွေရဲ့ ဝိသေသနာမကို အစိုးရက အသိအမှတ်ပြုမှုဟာ ဗမာကြီးစိုးမှု လျော့ချရေး ခြေလှမ်းငယ်တစ်ခုသာ ဖြစ်တယ်လို့ တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဗမာကြီးစိုးရေးဟာ ဗမာမဟုတ်တဲ့ လူမျိုးတွေရဲ့ အမှတ်သညာ၊ ဘာသာစာပေကို ဖိနှိပ်ရေးအတွက် ပညာရေး၊ ဘာသာရေး၊ ဥပဒေနဲ့ အုပ်ချုပ်ရေးကနေတစ်ဆင့် ဆယ်စုနှစ်ချီ တစ်ဖက်လှည့်နဲ့ တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့ ဗမာဇာတ်သွင်းမှုလို့ သူတို့က ခေါ်ပါတယ်။

    အခုလို အသိအမှတ်ပြုခဲ့မှုကြောင့် မွန်အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ အမည်ရှေ့မှာ ‘မင်း’၊ ‘မီ’ ထည့်ခွင့်၊ သက်ကြီးအမျိုးသားတွေရဲ့ အမည်ရှေ့မှာ ‘နိုင်’ ထည့်ခွင့်၊ ပိုးကရင်တွေနဲ့ ပအို့အမျိုးသမီးတွေမှာ ‘နန်း’ သုံးခွင့်၊ ပအို့အမျိုးသားတွေ ‘ခွန်’ သုံးခွင့်၊ စကော ကရင်အမျိုးသမီးတွေမှာ ‘နော်’၊ ကရင်အမျိုးသားအားလုံးမှာ ‘စော’ သုံးခွင့် ရမှာဖြစ်ပါတယ်။

    ဝိသေသနာမ

    တိုင်းရင်းသားလူမျိုးစုတွေဟာ အစိုးရစာရွက်စာတမ်းတွေမှာ များသောအားဖြင့် ဗမာ ဝိသေသနာမဖြစ်တဲ့ ‘မ’ တို့ ‘မောင်’ တို့သုံးဖို့ ဖိအားပေးခံရလေ့ရှိပါတယ်။ စစ်အာဏာရှင်စနစ်အောက် ဖမ်းဆီးထောင်ချမှာ ကြောက်တဲ့အတွက် မပြောရဲကြဘူးလို့ ကရင်စာပေနှင့် ယဉ်ကျေးမှု ဖွံဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ စောအေးမြက ပြောပါတယ်။

    စစ်အာဏာရှင်တွေဟာ ဗိုလ်ချုပ်ဟောင်းတွေရဲ့ အမည်ခံအရပ်သားအစိုးရကို၂၀၁၁ ခုမှာ အာဏာလွှဲပေးခဲ့သလို၊ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ ကတိတဲ့ ၂၀၁၆ ခုနှစ်မှာ NLD အစိုးရ အာဏာရခဲ့ပေမယ့် ဒီအမွေဆိုးတွေက ဆက်လက်တည်ရှိနေတယ်လို့ စောအေးမြက ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ် မော်လမြိုင်မှာ ကားလိုင်စင်လျှောက်တဲ့အချိန် ကရင်ဝိသေသနာမ ထည့်တာကို အာဏာပိုင်တွေက ငြင်းဆန်ခဲ့ပြီး ဗမာဝိသေသနာမ ဖြစ်တဲ့ ‘မောင်’ အသုံးပြုမှ လိုင်စင်ထုတ်ပေးတဲ့အဖြစ်အပျက်ကို သူက ထောက်ပြပါတယ်။

    ဗမာဝိဝေသနာမသာထည့်ဖို့ ဘယ်သူက ညွှန်ကြားလဲလို့ ​မေးမြန်းစုံစမ်းရာမှာ တာဝန်ရှိဝန်ထမ်းတွေက နောက်ထပ်ဌာနတစ်ခုကို လက်ညှိုးထိုးပြီး အဲဒီကိုသွားမေးတဲ့အခါမှာလည်း ခေါင်းရှောင်တယ်လို့ စောအေးမြက ပြေ​ာပါတယ်။

    စင်ကာမှာအလုပ်လုပ်နေတဲ့ ကရင်မိသားစုတစ်ခုကလည်း မြန်မာသံရုံးမှာ မွေးစာရင်းလုပ်တဲ့အခါ ဗမာဝိသေသနာမကိုသာ အသုံးပြုဖို့ ညွှန်ကြားခံရတယ်လို့ ဆိုပါတယ်။

    “ဒါကို ဗမာဇာတ်သွင်းတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ကျွန်တော်တို့ ရှုမြင်ပါတယ်။ တိုင်းရင်းသားမျိုးနွယ်တွေကို ဝါးမျိုးဖို့ကြိုးစားတဲ့ အမြင်ကျဉ်းမြောင်းတဲ့ ပေါ်လစီတစ်ခုပါ။ တိုင်းရင်းသားလူမျိုးတွေ ကြုံရတာကိုကြည့်ရင် ဗမာဝိသေသနာမနဲ့ အမည်တွေ မှည့်ခေါ်ရေး ကျွန်တော်တို့ကို ဖိအားပေးဖို့ ပေါ်လစီတစ်ခု ရှိနေတယ်ဆိုတာ မြင်ရပါတယ်။ ဒါဟာ တိုင်းရင်းသား လူမျိုးစုတွေအပေါ် ဖိနှိပ်တဲ့ ပေါ်လစီတစ်ခုပါ” လို့ မွန်စာပေနဲ့ ယဉ်ကျေးမှုအသင်း အထွေထွေအတွင်းရေးမှူး နိုင်မွန်ရာဇာက ပြောကြားခဲ့ပါတယ်။

    တိုင်းရင်သားအမည်နဲ့ ဝိသေသနာမတွေကို အသုံးမပြုနိုင်ရေး နောက်ထပ်ဖိအားတစ်ခုက ခွဲခြားဆက်ဆံမှု ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ဆိုပါတယ်။

    ဗမာဝိသေသနာမမပါတဲ့ တိုင်းရင်းသားဘွဲ့ရတွေ အစိုးရအလုပ် လျှောက်တဲ့အခါ အပယ်ခံရပြီး ဗမာလူမျိုးကိုသာ ဦးစားပေးတာမျိုး၊ အလုပ်ခန့်ရင်လည်း ရာထူးတိုးဖို့ ခက်တာမျိုးတွေ ရှိနေတယ်လို့ နိုင်မွန်ရာဇာက ပြောပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားမိဘတွေဟာ သူတို့ကလေးငယ်တွေကို ဗမာအမည်ပေးပြီး ဗမာဝိသေသနာမသုံးရတာ ဖြစ်ပါတယ်။

    “တိုင်းရင်းသားတွေကို ရာထူးတိုးမပေးတာ အထူးသဖြင့် စစ်တပ်မှာ ဒါမျိုးတွေရှိတာကို ကျွန်တော်တို့ သတိပြုမိပါတယ်။ ကျွန်တော်တို့ လူမျိုးတင်မကဘဲ အခြားတိုင်းရင်းသားတွေရဲ့ အမှတ်သညာတွေပျောက်မှာ ကျွန်တော်တို့ စိုးရိမ်ပါတယ်”

    ကိုယ်စားပြုခွင့်ရရေး တိုက်ပွဲဝင်

    ၂၀၁၀ ခုနှစ်ကတည်းက စတင်ဆောင်ရွက်လာခဲ့တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် လူးနည်းစု ခေါင်းဆောင်တွေဟာ သူတို့ယူဆထားတဲ့ ဗမာဇာတ်သွင်းရေးကို တွန်းလှန်ဖို့နဲ့ သူတို့လူမျိုးကို အသိအမှတ်ပြုမှု၊ အလေးထားမှုပိုရဖို့ ပိုမိုအားထုတ် လုပ်ဆောင်လာနိုင်ကြပါတယ်။

    လမ်းအမည်တွေကို မွန်စာနဲ့ရေးတာလို အရင်က ပိတ်ပင်ထားတဲ့ အမှတ်သညာထုတ်ဖော်ခွင့်မျိုး ပြန်တွေ့လာရတယ်။ အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့နေရာတွေမှာဆိုရင် မွန်လူမျိုးအမှတ်သညာ ဟင်္သာငှက်ကို ဗမာအမှတ်သညာလို့ ယူဆရတဲ့ နေရာတွေမှာ အစားထိုးလာပါတယ်။ မွန်ကလေးငယ်တွေကလည်း မွန်အမည်တွေ မှည့်လာကြပြီး၊ လူငယ်တွေကိုလည်း ကိုယ့်လူမျိုးအချင်းချင်းသာ လက်ထက်ဖို့ အားပေးလာကြပါတယ်။

    အချို့နယ်ပယ်တွေမှာတော့ တက်ကြွလှုပ်ရှားသူတွေ မျှော်လင့်ထားသလို အစိုးရပေါ်လစီအပြောင်းအလဲဟာ မြန်မြန်ဆန်ဆန်မရှိဘဲ နှေးကွေးပါတယ်။

    နိုင်မွန်ရာဇာဟာ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်မှာ မွေးဖွားပြီး စစ်အာဏာရှင်လက်ထက်မှာ ကြီးပြင်းခဲ့သူပါ။ စစ်အာဏာရှင်တွေဟာ ကလေးတွေကို ဗမာဝိသေသနာမတွေ အသုံးပြုဖို့ ဖိအားပေးရုံသာမက၊ မွန်နဲ့ အခြားတိုင်းရင်းသား စာ​ပေ၊ ဘာသာစကားတွေကို စာသင်ကျောင်းတွေနဲ့ ပြည်သူလူထုကြား အသုံးမပြုနိုင်အောင်လည်း ဖိနှိပ်ခဲ့ပါတယ်။

    ဒါ့ကြောင်ပဲ ‘မွန်ပြည်သစ်ပါတီ’ ရဲ့ အဓိကပေါ်လစီတွေထဲကတစ်ခုဟာ မွန်ဘာသာစကား သင်ကြားရေးနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းရေး ဖြစ်လာတာပါ။ မွန်ပြည်သစ်ပါတီဟာ အစိုးရကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်တွေကတည်းက မွန်စာသင်ကျောင်းတွေကို ဖွင့်လှစ်ခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် ပညာရေးဥပဒေအရ တိုင်းရင်းသားဘာသာစကားတွေကို စာသင်ကျောင်းတွေမှာ တစ်ဖြည်းဖြည်း ထည့်သွင်းသင်ကြားလာနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကစတင်ပြီး တိုင်းရင်းသား ဘာသာစကား သင်ကြားရေး အကူဆရာတွေကို ခန့်အပ်တာ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးက သင်ရိုးညွှန်းတမ်းမှာ တိုင်းရင်းသား ဘာသာစာပေ သင်ကြားဖို့ ထည့်သွင်းတာတွေ လုပ်ဆောင်လာကြပါတယ်။

    ဒါပေမယ့် အစိုးရအုပ်ချုပ်ရေးနဲ့ လူထုကြားက အချို့နယ်ပယ်တွေမှာတော့ ပညာရေးကဏ္ဍမှာလို သိသိသာသာတိုးတက်မှုမျိုး မရှိဘူးလို့ တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတွေက စောဒကတက်ကြပါတယ်။

    တရားဝင်နိုင်ငံရေးမှာ ကိုယ်စားပြုခွင့်ကန့်သတ်ခံရမှုကိုလည်း တိုင်းရင်းသားတွေက ကြုံတွေ့နေရပါတယ်။

    ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၀.၁ ရာခိုင်နှုန်းရှိနေတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေဟာ တိုင်းရင်းသားရေးရာဝန်ကြီး ခန့်အပ်ခွင့်ရပါတယ်။ ဒါပေမယ့် မွန်ပြည်နယ်လို လူမျိုးအမည်နဲ့ မှည့်ခေါ်တဲ့ ပြည်နယ်တွေ၊ ဓနုနဲ့ ပအို့လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ် သတ်မှတ်ထားတဲ့ နေရာတွေမှာ မှည့်ခေါ်ခြင်းခံရတဲ့ တိုင်းရင်းသားတွေက ဒီလိုဝန်ကြီးမျိုး ခန့်အပ်ခွင့် မရှိပါဘူး။

    ၂၀၁၄ ခုနှစ်သန်ခေါင်စာရင်းအရ လူဦးရေ ၅၁၄၀၀ ရှိတဲ့ လူမျိုးစုတွေဟာ တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး ခန့်အပ်ခွင့်ရမှာဖြစ်ပြီး မွန်ခေါင်းဆောင်တွေက ရန်ကုန်မှာရှိတဲ့ မွန်လူဦးရေဟာ ဒီပမာဏကို အလွယ်တကူ ကျော်လွန်နိုင်တယ်လို့ မှတ်ယူခဲ့ကြပါတယ်။

    ရန်ကုန်အခြေစိုက် ‘မွန်စာပေနှင့် ယဉ်ကျေးမှုအသင်း’ က လွန်ခဲ့တဲ့ ၆ နှစ် လူဦးရေစာရင်းကောက်တဲ့အချိန် ရန်ကုန်မှာ မွန်လူမျိုး ၁ သိန်းလောက် ရှိမယ်လို့ ခန့်မှန်းခဲ့ကြတာပါ။ ဒါပေမယ့် ၄၅၀၀၀ သာ တွေ့ခဲ့ပြီး အဲဒီအထဲက ၁၅၀၀ လောက်သာ နိုင်ငံသားစီစစ်ရေးကဒ်ပြားမှာ မွန်လို့ ရေးသားထားပါတယ်။ နိုင်ငံသားစီစစ်ရေးကဒ်ပြားမှာ ကိုင်ဆောင်သူရဲ့ လူမျိုး၊ ဘာသာ အမည်တွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။

    ကျန်တဲ့မွန်လူမျိုးတွေကတော့ သူတို့ကဒ်ပြားမှာ ဗမာလို့အရေးခံထားရတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီလို လူဦးရေနည်းတာဟာ အစိုးရအုပ်ချုပ်ရေးယန္တရားက ခွဲခြားဆက်ဆံမှုစနစ် တစ်ခုတည်းကြောင့်မဟုတ်ဘဲ ဗမာလို့အရေးခံတဲ့ မွန်တွေကိုယ်တိုင်က သူတို့ရဲ့ ဇာတိသမိုင်းကို သိရှိမှု အားနည်းလို့ ဖြစ်ပါတယ်။

    ဒီအနေအထားကြောင့်ပဲ မန္တလေးတိုင်းဒေသကြီးမှာ ကရင်တွေ တိုင်းရင်းသားရေးရာဝန်ကြီး မရခဲ့ဘူးလို့ စောအေးမြက ပြောပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံး တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦး ရှိရာမှာ ကရင်က ၅ ဦးပါဝင်ပြီး ရန်ကုန်၊ ဧရာ၀တီ၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တွေမှာ ဖြစ်ပါတယ်။

    တိုင်းရင်းသားအခွင့်အရေး ရရှိအောင် ကြိုးစားရာမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေက ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လားလို့ မေးမြန်းရာမှာ မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဟာ ပေါ်လစီပြောင်းလဲရေးမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ စောအေးမြက ပြောပါတယ်။

    “တိုင်းရင်းသားအခွင့်အရေး ဆောင်ရွက်ရာမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေက ဘယ်လောက် အသုံးဝင်လဲဆိုတာ ဒီကိစ္စက ပြသနေပါတယ်”

    NLD အစိုးရက ၂၀၁၆ ခုနှစ်မှာ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့စည်းခဲ့ပြီး ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူးလို့ ဝေဖန်ခံနေရပေမယ့် ဒီဖွဲ့စည်းမှုဟာ ခြေတစ်လှမ်းတိုးတာဖြစ်တယ်လို့ စောအေးမြက ပြောပါတယ်။

    အရင်က တိုင်းရင်းသားကိစ္စနဲ့ ကြုံလာတဲ့အခါ ​မြန်မာအာဏာပိုင်တွေဟာ ‘ဘော်လီဘော ပုတ်နေကြတယ်’ လို့ သူက ဆိုပါတယ်။

    “အခုဆိုရင် ကျွန်တော်တို့ သွားပြောစရာနေရာတစ်ခုရှိပြီပေါ့ဗျာ။ ဒါဟာ ပြောင်းလဲမှုလေးတစ်ခုပေါ့။ မြန်မာအစိုးရအောက်မှာ တိုင်းရင်းသားအခွင့်အရေး တိုက်ပွဲဝင်ရတာ လွယ်တဲ့အလုပ် မဟုတ်ဘူးဗျ။ နိုင်ငံရေးဖိအားပေါ်မူတည်တယ်။ ဒါ့ကြောင့် ကရင်တစ်ဦးတည်းက လုပ်လို့မရဘူး။ ။ တိုင်းရင်းသားအားလုံးပေါင်းပြီး အားကောင်းတဲ့လှုပ်ရှားမှုနဲ့ စုပေါင်းတောင်းဆိုဖို့ လိုအပ်ပါတယ်”

    လူဝင်မှုကြီးကြပ်ရေးရုံးမှာ ‘ကမ္ဘာတည်သ၍ မြန်မာပြည်တည်ရှိရမည်’ ဆိုတဲ့ ဆောင်ပုဒ်တစ်ခုလည်း ရှိနေပါတယ်။

    တိုင်းပြည်တည်တံ့ခိုင်မြဲရေး ခိုင်မာတဲ့သဘောထားကို ဖော်ပြထားတာမျိုး ဖြစ်ပေမယ့် တိုင်းရင်းသားတွေထက် ဗမာလူမျိုးကိုသာ ပိုပြီး ရည်ညွှန်းပုံ ရပါတယ်။ တိုင်းရင်းသားတွေအတွက်ကတော့ သူတို့ရဲ့ ရှင်သန်ရေးတိုက်ပွဲဟာ နိုင်ငံတကာစင်မြင့်မှာ တိုက်နေရတာမျိုးမဟုတ်ဘဲ တိုင်းပြည်ရဲ့ နယ်နမိတ်အတွင်းမှာ တိုက်နေရတာမျိုးပါ။

    “မြန်မာနိုင်ငံတည်သ၍ ငါတို့ရဲ့ စာပေယဉ်ကျေးမှု တည်ရှိရမည်” ဆိုတဲ့ တိုက်ပွဲမျိုး ဖြစ်ပါတယ်။

    Ref: Frontier Myanmar

    (Frontier Myanmar တွင် ဖော်ပြထားသည့် Call me Mi: Ethnic groups celebrate honorifics victory ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးပါ အကြောင်းအရာများသည့် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ။)