News @ M-Media

Author: Ko Lay

  • ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယကာကွယ်ရေးဝန်ကြီးနှင့် နယ်စပ်ကိစ္စ ဆွေးနွေး

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယကာကွယ်ရေးဝန်ကြီးနှင့် နယ်စပ်ကိစ္စ ဆွေးနွေး

    ဇွန် ၂၆၊ ၂၀၂၀
    M-Media

    အိန္ဒိယသို့သွားရောက်စဉ် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိှုင်

    -ရုရှားရဲ့ ၇၅ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရဂျ်နသ်ဆင်းနဲ့ နယ်စပ်လုံခြုံရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

    “မြန်မာ့တပ်မတော်ဟာ အိန္ဒိယတပ်မတော်နဲ့ ရင်းနှီးပြီးသားဖြစ်ပါတယ်။ (နှစ်ဖက်ခေါင်းဆောင်တွေဟာ) နယ်စပ်တည်ငြိမ်ရေး၊ နယ်စပ်ဒေသ စီမံခန့်ခွဲရေး၊ နယ်စပ်တစ်လျှောက် အကြမ်းဖက်သမားတွေခိုအောင်းမှု တားဆီးရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်” လို့ ​မြန်မာ့တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာ၀တီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ နယ်နမိတ်ကို ခြေကုပ်ယူပြီး အိမ်နီးချင်းနိုင်ငံက အစိုးရကို တိုက်ခိုက်တဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် လုံး၀သည်းမခံတဲ့ မူ၀ါဒကို မိမိတို့က ချမှတ်ထားပြီး၊ ဒီမူ၀ါဒကြောင့် အိန္ဒိယအစိုးရဆန့်ကျင်ရေး သူပုန်တွေအပေါ် ချေမှုန်းတဲ့ စစ်ဆင်ရေးတစ်ခုကို ၂၀၁၉ ခုနှစ်က ဆောင်ရွက်ခဲ့တယ်လို့လည်း သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့မေလအတွင်း မြန်မာနိုင်ငံဟာ အိန္ဒိယလက်နက်ကိုင် သူပုန် ၂၂ ဦးကို အိန္ဒိယထံ လွှဲပြောင်းပေးခဲ့ပါတယ်။

    ရုရှားလုပ် ရေငုပ်သင်္ဘောတစ်စီးကို အိန္ဒိယက ပြီးခဲ့တဲ့နှစ်မှာ မြန်မာနိုင်ငံကို ပေးအပ်ခဲ့ပြီး၊ အဲဒီရေငုပ်သင်္ဘောအတွက် လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့တွေကိုလည်း ဆက်လက်ပေးအပ်နေပါတယ်။

    မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အိန္ဒိယက ပြီးခဲ့တဲ့နှစ်မှာ ဖိတ်ကြားခဲ့ပြီး အဲဒီခရီးစဉ်အတွင်း နယ်စပ်ဒေသ လုံခြုံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ဖို့၊ မီဖိုရမ်နယ်စပ်တစ်လျှောက် ကုလားတန်ဘက်စုံပို့ဆောင်ရေးစီမံကိန်းကို အောင်မြင်စွာအကောင်ဖော်နိုင်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

    Ref: Irrawadday

  • ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ပြီးနောက် ​လီဗာပူးလ်နည်းပြ၏ ပူပူနွေးနွေး ရင်တွင်းစကား

    ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ပြီးနောက် ​လီဗာပူးလ်နည်းပြ၏ ပူပူနွေးနွေး ရင်တွင်းစကား

    ဇွန် ၂၆၊ ၂၀၂၀
    M-Media

    -မနေ့က ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ မှာ ချယ်ဆီးအသင်းက ဒုတိယနေရာက မန်စီးတီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် ဇယားထိပ်က လီဗာပူးလ်အသင်းဟာ ၇ ပွဲကျန် ၂၃ မှတ်အကွာနဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။

    ဒါဟာ နှစ်ပေါင်း ၃၀ အတွင်း လီဗာပူးလ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဖလားဖြစ်ပါတယ်။ ချန်ပီယံဖြစ်ပြီးပြီးချင်းမှာပဲ Sky Sport သတင်းဌာနက လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကို ဗီဒီယိုကနေတစ်ဆင့် အင်တာဗျူအတို လုပ်ခဲ့ပြီး ရင်တွင်းခံစားချက်ကို မေးခဲ့ပါတယ်။

    မေး – ခံစားချက်လေး ပြောပြနိုင်မလား

    ဖြေ – ပြောစရာစကားတောင်မရှိဘူးဗျ။ မယုံနိုင်လောက်စရာပါပဲ။ အသင်းနဲ့ ချန်ပီယံဖြစ်ပါ့မလားလို့ ကျွန်တော်ထင်ထားတာထက်တောင် ပိုပါတယ်။ဒီအောင်မြင်မှုဟာ ကျွန်တော့်ကစားသမားတွ ၂ နှစ် ၃ အရင်က ကြိုးပမ်းအားထုတ်မှုကနေ ပေါ်ထွက်လာတာပါ။ သူတို့ကို နည်းပြခွင့်ရတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။

    မေး – နှစ် ၃၀ လောက်စောင့်ရတော့ ပျော်တာအပြင် စိတ်သက်သာရာ ရသွားတာမျိုးလား

    ဖြေ – နှစ် ၃၀ လောက်တော့ ကျွန်တော်မစောင့်ရပါဘူး။ ဒီရောက်တာ ၄ နှစ်ခွဲရှိပြီ၊ ပြီးခဲ့တဲ့နှစ်တုန်းကမှစပြီး ဒီလိုအခွင့်အရေးမျိုးရခဲ့တယ်။ အခုနှစ်ကတော့ ဒုတိယမြောက်နှစ်ပေါ့။ အောင်မြင်မှုကောင်းတစ်ခုရတယ်။ စိတ်သက်သာရရတယ်လို့လည်း ပြောလို့ရတယ်။ ကြားထဲမှာ ၃ လလောက် အဆက်ပြတ်သွားပြီး ဘာတွေဆက်ဖြစ်မလဲ၊ အသင်းကရော ရာနှုန်းပြည့်ပြန်လာနိုင်မလားဆိုတာ ဘယ်သူမှ မသိကြဘူးလေ။

    မနေ့ကချယ်ဆီးနဲ့ မန်စီးတီးပွဲကတော့ ကစားတွေအတွက်ရော၊ ပရိတ်သတ်တွေအတွက်ပါ အရေးပါတယ်။ ဒီနေ့ကစားမယ့်ပွဲအတွက် အဆင်ပြေသွားတာပေါ့လေ။ အောင်မြင်မှုက ပရိတ်သတ်တွေအတွက်ပါပဲ။ အိမ်မှာပဲနေပါ။ မနေနိုင်ရင်လည်း အိမ်ရှေ့လောက်ပဲထွက်ပါ။ တရားလွန်အောင်ပွဲခံတာမျိုး မလုပ်ပါနဲ့။

    Ref: Sky Sport

  • ၂၀၂၀ မှာ မွတ်စလင်မ်တွေ ရွေးကောက်ပွဲဝင်သင့်သလား?

    ၂၀၂၀ မှာ မွတ်စလင်မ်တွေ ရွေးကောက်ပွဲဝင်သင့်သလား?

    ဇွန် ၂၆၊ ၂၀၂၀

    M-Media

    ဆောင်းပါးရှင် – နေမျိုး

    ရွေးကောက်ပွဲ မဲရေတွက်မှုမြင်ကွင်းတစ်ခု

    ဒီမေးခွန်းကိုဖြေဖို့အတွက် အဓိကစဉ်းစားရမဲ့အချက်က ရွေးကောက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ အမတ်လုပ်ပြီး ဘာကို ဖော်ဆောင်ချင်တာလဲဆိုတာပါဘဲ။ မိမိပုဂ္ဂိုလ်ရေးဆန္ဒအတွက် အမတ်ဖြစ်ချင်တယ်ဆိုရင် ရှင်းပါတယ်။ လူတိုင်းဟာ အခွင့်အရေးကိုယ်စီ ရှိကြတဲ့အတွက် အမတ်ရွေးချယ်ပိုင်ခွင့်၊ အမတ်ဖြစ်ခွင့်ရှိတယ်။ ဒါကြောင့် များများစား စားဆွေးနွေးစရာမရှိပါဘူး။

    ဒါပေမဲ့ ကိုယ့်နိုင်ငံရေးရပ်တည်ချက်ဟာ မွတ်စလင်မ်လူထုအတွက်တန်းတူအခွင့်အရေးရရှိရေး ခွဲခြားမှုပပျောက်ရေး သော်လည်းကောင်း၊ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက်သော်လည်းကောင်း ဆိုရင် လက်ရှိပါတီတွေရဲ့ အမတ်လောင်းအနေနဲ့ ဝင်မပြိုင်သင့်ပါဘူး။ ပါတီ ဝင်တောင်မဖြစ်သင့်ပါဘူး။ ဘယ်ပါတီဝင်မှမဖြစ်သင့်သလို ဘယ်ပါတီရဲ့ ကိုယ်စားလှယ်လောင်းအနေနဲ့မှလည်း မဝင်ပြိုင်သင့်ပါဘူး။

    ဘာကြောင့်ပါလဲ။

    မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေးပါတီအားလုံးလိုလိုဟာ မွတ်စလင်မ်မလိုလားတဲ့ပါတီတွေဖြစ်တယ်။ မွတ်စလင်မ်ပါတီ ဝင်တွေကိုနေရာပေးတဲ့ ဓလေ့အရင်ကမရှိခဲ့သလို အခုလည်းမရှိပါဘူး။ မွတ်စလင်မ် ပါတီဝင်အများစုဟာ ပါတီက လိုအပ် တဲ့အခါ အသုံးတော်ခံရပြီး ရာထူးနေရာကိစ္စရောက်လာရင် အမြဲချောင်ထိုးခံရပါတယ်။ မွတ်စလင်မ်မလို့ ခွဲခြားတယ်ဆို တာကို တိတ်တဆိတ်လုပ်ကြတာတောင်မဟုတ်ဘဲ ပေါ်တင်ပြောဆိုခွဲခြားတာကို ခနခန ကြားရတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဖြစ်တည်မှုကို လက်မခံတဲ့ နိုင်ငံရေးပါတီမှာ အဖွဲ့ဝင်ဖြစ်မနေသင့်ပါဘူး။ အဲ့ဒီပါတီတွေရဲ့ အသုံးတော်ခံနဲ့ ပျာတာတွေ ဖြစ်မနေသင့်ပါဘူး။

    ကံကောင်းထောက်မလို့ မွတ်စလင်မ်ကင်းစင်လွတ်တော်လို့ ထပ်အခေါ်မခံချင်လို့ တယောက်တလေ အမတ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ဖို့အရွေးခံရတယ်ဆိုပါစို့။ ကိုယ်က မွတ်စလင်မ်တန်းတူအခွင့်အရေး၊ မွတ်စလင်မ်လူမှုဖူလုံရေးပြောခွင့်ရှိမယ်လို့ထင်ပါသလား။ ပါတီရဲ့ မူဝါဒနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးဗျူဟာအရ ကိုယ့်အမှန်တရားဘေးချပြီး မယောင်ရာဆီလူးရပါလိမ့်မယ်။ ကိုယ့်ရဲ့အခွင့်အရေးဆိုတာဟာလည်း နားနဲ့မနာ ဖဝါးနဲ့နာပါလို့ဆိုပြီး ပြောရရင် ဆင်အဟွာခွေးမျှော်ဆိုသလိုသာဖြစ်ပါလိမ့်မယ်။

    ရွေးကောက်ပွဲနိုင်လို့ လွတ်တော်ထဲရောက်ရင်တောင် မွတ်စလင်မ်တွေ တန်းတူခွင့်ရရေးအတွက် ဖော်ဆောင်ခွင့်ရမှာ မဟုတ်ဘဲ အထက်ကချပေးတဲ့ နိုင်ငံရေး ရေစီးကြောင်းနောက်လိုက်ရင်း အချိန်ကုန်သွားပါလိမ့်မယ်။ အရင်က ပါတီတွင်း အသုံးတော်ခံဘဝကနေ လွတ်တော်တွင်းအသုံးတော်ခံသာဖြစ်ပါလိမ့်မယ်။

    ပင်မရေစီးကြောင်း နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းအတွင်း ရောက်သွားကြတဲ့ မွတ်စလင်မ်များဟာ ဘယ်တုန်းကမှ မွတ်စလင်မ်တန်းတူရေးဆိုတာကို လုပ်ခွင့်မရကြပါဘူး။ အဖွဲ့အစည်းက အခွင့်မပေးသလို လုပ်ဖော်ကိုယ်ဖက်အများစုရဲ့ ဟန့်တားခွဲခြားခြင်းသာခံ ရပါတယ်။ မွတ်စလင်မ်တန်းတူအခွင့်အရေးအတွက်ဆိုရင် ပရိုဂရမ်တွေ သတ်မှတ် ဖော်ဆောင်တာ၊ ရံပုံငွေချပေးထားတွေ ခနထား မွတ်စလင်မ် တန်းတူအခွင့်အရေးရရှိရေးဆိုတဲ့ခေါင်းဆောင်နဲ့ အကြောင်းအရာတောင် ဆွေးနွေးတင်ပြခွင့် မရတာများပါတယ်။ ပြည်တွင်းပြည်ပအဖွဲ့အစည်းအများစု အတူတူပါဘဲ။

    ခေတ်အဆက်ဆက်နဲ့ နေရာတိုင်း အဖွဲ့အစည်းတိုင်းမှာ ဒီလိုချည်းဖြစ်နေတဲ့အတွက် လွတ်တော်ထဲမှာလဲ ဒီလိုဘဲ ဆက်ဖြစ်နေပါအုံးမယ်။ ဒါကြောင့် ကိုယ့်ရည်မှန်းချက်ဟာ မွတ်စလင်မ်များတန်းတူ အခွင့်အရေးရဖို့ဆိုရင် ပါတီဝင်ခြင်း၊ ပါတီအမတ်လောင်းအနေနဲ့ အရွေးခံခြင်းဟာ မျှော်လင့်ချက်အမှားလို့ ယူဆလို့ရပါတယ်။

    မွတ်စလင်မ်အခွင့်အရေးပြောလို့မရမှတော့ အမတ်ဖြစ်တာနဲ့ မဖြစ်တာ ဘာမှမထူးခြားပါ။

    ဒါပေမဲ့ မွတ်စလင်မ်အခွင့်အရေးကို ဦးတည်ပြီး လှုပ်ရှားမှုစတင်နိုင်မှာကတော့ မွတ်စလင်မ်ပါတီထောင်တာ၊ ဒါမှ မဟုတ် တသီး ပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲဝင်တာဖြစ်ပါမယ်။ ရွေးကောက်ပွဲနိုင်ချင်မှနိုင်မယ် ဒါပေမဲ့ မွတ်စလင်မ်အရေးကို ဦးတည်ပြီးမဲ ဆွယ်ခြင်းကြောင့် အနည်းဆုံး မွတ်စလင်မ်တွေရဲ့ ခံစားရတာကို လူတွေသိအောင် ထုတ်ပြောပြ နိုင်မယ်၊ နောင်လာနောင်သား မွတ်စလင်မ်လူငယ်တွေအတွက် အားကျအတုယူစရာဖြစ်ပြီး အနာဂတ်မှာ ဒီထက်ပိုကောင်းအောင် လုပ်မဲ့ လူငယ်တွေရှေ့ကိုထွက်လာပါလိမ့်မယ်။

    ရွေးကောက်ပွဲမနိုင်ပေမဲ့ မွတ်စလင်မ်တွေခံစားနစ်နာတဲ့အကြောင်းထုတ်ဖော်ပြောနိုင်တာ၊ ကမ်ပိန်းလုပ်နိုင်တာ၊ အနာဂတ် လူငယ်ခေါင်းဆောင်တွေကို ကိုယ့်ကိုခွဲခြားတဲ့ပါတီအောက်အတင်းလက်ဝင်စရာမလိုဘဲ ကိုယ့်နိုင်ငံရေးကိုယ် လုပ်ဖို့ နည်းလမ်းပြနိုင်မယ်ဆိုရင် လွတ်တော်ထဲဝင်ပြီး အသုံးတော်ခံရတာထက် ပိုအကျိုးရှိပါလိမ့်မယ်။

    (ယခုဆောင်းပါးပါ အကြောင်းအရာများမှာ ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်)

  • တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    ဇွန် ၂၅၊ ၂၀၂၀

    M-Media

    လူမျိုးရေးခွဲခြားမှုကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ် ကနေဒါ​မြို့တစ်ခု သတ်မှတ်


    Chatham-Kent မြို့မြင်ကွင်း

    ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ် Chatham-Kent မြို့ရဲ့ ကျန်းမာရေးဘုတ်အဖွဲ့ဟာ လူမျိုးရေးခွဲခြားမှုကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ် တစ်ညီတစ်ညွတ်တည်း သတ်မှတ်လိုက်ပါတယ်။

    လူမည်းတွေ၊ ဌာနေတိုင်းရင်းသားတွေနဲ့ လူနည်းစုတွေကို ခွဲခြားတာမျိုးကြောင့် ပြည်သူ့ကျန်းမာရေးဆောင်ရွက်မှုမှာ ဆိုးကျိုးတွေရှိတယ်လို့ ဆိုပါတယ်။

    လူမည်းတွေဟာ လူဖြူတွေထက် ဝေဒနာကို ပိုမိုခံနိုင်ရည်ရှိတယ်ဆိုတဲ့ အတွေးမျိုးတွေ ဆေးဘက်နယ်ပယ်မှာ ရှိနေတာကို ဘုတ်အဖွဲ့က ထောက်ပြခဲ့ပြီး မြို့ရဲ့ ကျန်းမာရေးပေါ်လစီတွေ၊ စီမံကိန်းတွေမှာ အားလုံး ပါဝင်နိုင်အောင် ဆောင်ရွက်ရမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

    ယူအေအီး-တရုတ် ကိုဗစ်ကာကွယ်ဆေးစမ်းသပ်မှု တတိယအဆင့်သို့ရောက်ရှိ

    အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ တရုတ်တို့ ပူးပေါင်းပြီး ကိုဗစ်လူနာတွေမှာ ကာကွယ်ဆေးတစ်မျိုး စမ်းသပ်မှုဟာ တတိယအဆင့်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

    ကာကွယ်ဆေးစမ်းသပ်ရာမှာ ပထမအဆင့်နဲ့ ဒုတိယအဆင့်ပြီးတဲ့နောက် တတိယအဆင့်မှာ လူသောင်းချီ ပါဝင်လေ့ရှိပြီး ပထမ နှစ်ကြိမ်က စမ်းသပ်မှုကို ထပ်မံအတည်ပြုရတာဖြစ်ပါတယ်။ တတိယအကြိမ်မှာ ရလဒ်ကောင်းထွက်တယ်ဆိုရင်တော့ ကာကွယ်ဆေး အောင်မြင်ပြီလို့ သတ်မှတ်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း ကိုဗစ်လူနာတွေမှာ စမ်းသပ်နေတဲ့ ကာကွယ်ဆေး စုစုပေါင်း ၁၆ မျိုး ရှိနေပြီး နောက်ထပ် ၁၂၅ မျိုးကိုလည်း ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်နေတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

    အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က ကိုဗစ်ကာကွယ်ဆေးတစ်မျိုး စမ်းသပ်မှုကလည်း တတိယအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

    ဆေးမနိုင်ကင်ဆာဝေဒနာရှင်များအတွက် ကုသနည်းတစ်ခုကို စမ်းသပ်နေ

    ကင်ဆာဆဲလ်ကြီးထွားမှုကို ရပ်တန့်စေပြီး ဆဲလ်တွေကို အလိုအလျောက် ဖာထေးစေတဲ့ ကုသနည်းကို ယူကေ ကင်ဆာသုတေသနဌာနက စတင်စမ်းသပ်ရာမှာ အောင်မြင်မှုရနေပါတယ်။

    Berzosertib လို့ အမည်ရတဲ့ဆေးနဲ့ ဓာတ်ကင်နည်းကို ပေါင်းစပ်ကုသတာဖြစ်ပြီး လက်ရှိ ပထမအဆင့် စမ်းသပ်မှုမှာ ဘယ်လိုနည်းလမ်းမျိုးနဲ့မှ ကုလို့မရတော့တဲ့ ကင်ဆာဝေဒနာရှင်အနည်းငယ်ကို ကုသပေးတာပါ။

    ဒီနည်းလမ်းကြောင့် ကင်ဆာအကြိတ်တွေ ကြီးထွားမှု ရပ်တန့်တာကို တွေ့ခဲ့ရပါတယ်။

    ပထမအဆင့်စမ်းသပ်မှုဟာ အန္တရာယ်ကင်း၊ မကင်း စစ်ဆေးတာမျိုးဖြစ်ပြီး ဒီကုသနည်း အမှန်တကယ် ထိရောက်မှု ရှိ၊ မရှိအတွက် နောက်ထပ် စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ရအုံးမယ်လို့ ဒီလုပ်ငန်းမှာ ပါဝင်နေတဲ့ သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

  • ဂျော့ဖလွိုက်ကို ရဲအရာရှိက သတ်ခဲ့သည်ဟု မင်နီယာပိုလစ်ရဲချုပ် ဝန်ခံ

    ဂျော့ဖလွိုက်ကို ရဲအရာရှိက သတ်ခဲ့သည်ဟု မင်နီယာပိုလစ်ရဲချုပ် ဝန်ခံ

    ဇါန် ၂၅၊ ၂၀၂၀
    M-Media

    ဖလွိုက်ဒေသဆုံးသည်အထိ လည်ပင်းကို ဒူဖြင့်ထောက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ချူဗင်း

    -လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်သေဆုံးမှုဟာ လူတ်သတ်ဖြစ်ပြီး ဖမ်းဆီးမှုမှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ တမင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မင်နီယာပိုလစ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲက မီဒါရီယာ အေရာဒွန်ဒိုက ဝန်ခံပြောကြားလိုက်ပါတယ်။

    ဂျော့ဖလွိုက်သေဆုံးမှုကြောင့် အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ပြီး ကျူးလွန်တဲ့ရဲတွေကို ထိထိရောက်ရောက်အပြစ်ပေးရေး၊ ရဲတပ်ဖွဲ့အတွင်း ရှိနေတဲ့ လူမျိုးရေးခွဲခြားမှုတွေကို အဆုံးသတ်ရေး တောင်းဆိုခဲ့ကြပါတယ်။

    ဖလွိုက်ကို သေဆုံးတဲ့အထိ ဒူးနဲ့ လည်ပင်းကိုထောက်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ဒဲရက်ချူဗင်းနဲ့ ဖမ်းဆီးမှုမှာ ပါ၀င်တဲ့ အခြားရဲတပ်ဖွဲ့၀င် ၃ ဦးဟာ လက်ရှိမှာ လူသတ်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။

    အခင်းဖြစ်ပွားရာ မင်နီယာပိုလစ်မြို့ရဲ့ ရဲချုပ် မီဒါရီယာ အေရာဒွန်ဒိုရဲ့ အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲမှာ ဒဲရက်ချူဗင်းဟာ ဖလွိုက် အသက်ရှူကြပ်နေသာ သိသိကြီးနဲ့ လုပ်​​ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မစ္စတာ ဂျော့ဂျ်ဖလွိုက် ဆိုးဆိုးရွားရွားသေဆုံးမှုဟာ လေ့ကျင့်မှု အားနည်းလို့ မဟုတ်ပါဘူး။ လေ့ကျင်မှုကောင်းခဲ့တယ်။ (ရဲအရာရှိ) ချူဗင်းဟာ သူ့လုပ်ရပ်ကို သူသိပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ဘာဖြစ်နေလဲဆိုတာ သိကြပါတယ်။ တစ်ယောက်က တမင် အသက်ရှုကြပ်အောင် လုပ်ပြီး နောက်လူတွေကလည်း ဒါကို မတားကြပါဘူး။ ဒါဟာ လူသတ်မှုဖြစ်ပြီး လေ့ကျင့်မှုအားနည်းတာကြောင့် မဟုတ်ပါဘူး”

    ဒီလိုအနေအထားမျိုးနဲ့ ဖမ်းဆီးတဲ့အခါ အသက်ရှုကြပ်ပြီး သေဆုံးနိုင်ခြေရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားအသိပေးဖို့ ၂၀၁၃ ခုနှစ်က အကြံပြုချက်ကို မင်နီယာပိုလစ်ရဲဌာနက အပြည့်အ၀ လိုက်နာဆောင်ရွက်ခဲ့တယ်လို့လည်း ရဲချုပ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: CNN