News @ M-Media

Author: Ko Lay

  • COVID-19 ကုသဆေးကို ကမ္ဘာသို့ အခမဲ့ဖြန့်မည်ဟု ဂျပန်ပြော

    COVID-19 ကုသဆေးကို ကမ္ဘာသို့ အခမဲ့ဖြန့်မည်ဟု ဂျပန်ပြော

    ဧပြီ ၅၊ ၂၀၂၀
    M-Media

    -COVID-19 ကုသရာမှာ ထိရောက်မှုရှိတယ်လို့ သတင်းထွက်နေတဲ့ Avigan ဆေးကို ရောဂါပြန့်နှံ့နေတဲ့ နိုင်ငံတွေထံ အခမဲ့ ပေးပို့သွားမယ်လို့ ဂျပန်နိုင်ငံက ပြောကြားလိုက်ပါတယ်။

    ၂၀၁၄ ခုနှစ်က Fujifilm ကုမ္ပဏီကနေ တုပ်ကွေးကုသဖို့ ထုတ်လုပ်ခဲ့တဲ့ favipiravir အမျိုးအစား အဲဒီဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ကုသရမှာ ထိရောက်မှုရှိတယ်လို့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက မတ်လအတွင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

    အင်ဒိုနီးရှားနိုင်ငံက ဒီဆေး ၂ သန်းကို မှာထားပြီး၊ တရုတ်ကနေရရှိကာ စမ်းသပ်ကုသနေတဲ့ တူရကီကလည်း ဒီဆေးကို ဝယ်ယူဖို့ လုပ်ဆောင်နေပါတယ်။ အီတလီနဲ့ စပိန်အပါအဝင် ဗိုင်းရပ်စ်ပြန့်နှံ့ရာ နိုင်ငံတွေမှာလည်း စမ်းသပ်သုံးစွဲနေပြီး၊ ဂျာမနီကလည်း သန်းနဲ့ချီဝယ်ဖို့ စီစဉ်နေပါတယ်။

    ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှီဒီ ဆူဂါက ​နိုင်ငံပေါင်း ၃၀ လောက်ဟာ ဒီဆေးကို ရယူဖို့အတွက် သံတမန်လမ်းကြောင်းနဲ့ ပြောဆိုထားတာတွေ ရှိတယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

    “ဒီဆေးကို အခမဲ့ ပေးသွားဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်”

    ဒီလိုပေးအပ်ခြင်းအားဖြင့် စမ်းသပ်ကုသမှုတွေကို ပိုမို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်းဆူဂါက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Avigan ဆေးကို COVID-19 ကုသရေး အလားအလာရှိတဲ့ဆေးအဖြစ် ခွင့်ပြုကာ စမ်းသပ်ကုသနိုင်ဖို့ အမေရိကန်အစိုးရက စီစဉ်ဆောင်ရွက်နေပါတယ်။ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ရောဂါကူးစက်သူအများဆုံးနိုင်ငံ ဖြစ်လာတာပါ။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက Avigan ဆေးကို COVID-19 ကုသနိုင်တဲ့ဆေးအဖြစ် သတ်မှတ်ပြီး တိုးမြှင့်ထုတ်လုပ်ဖို့ လုပ်ဆောင်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ် နိုင်ငံကိုပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Nikkei Asian

  • COVID-19 ကြောင့် သေဆုံးမှုများ ထပ်မံကြုံတွေ့ရမည်ဟု ထရမ့်ပြော

    COVID-19 ကြောင့် သေဆုံးမှုများ ထပ်မံကြုံတွေ့ရမည်ဟု ထရမ့်ပြော

    ဧပြီ ၅၊ ၂၀၂၀
    M-Media

    -လာမယ့်နှစ်ပတ်ဟာကာလဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးကာလ ဖြစ်လာမှာဖြစ်ပြီး သေဆုံးမှုတွေ ပိုမို တွေ့လာရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုင်းပြည်ကို မနေ့မှာ သတိပေးလိုက်ပါတယ်။

    အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်သူအရေအတွက်ဟာ ၃ သိန်းကျော်လာကာ ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်လာတာပါ။ သေဆုံးသူကလည်း ၈ ထောင်ကျော်လာကာ အဲဒီအထဲက ၃၅၀၀ ကျော်ဟာ နယူးယောက်ပြည်နယ်က ဖြစ်ပြီး ဗိုင်းရပ်စ်ဒဏ်ကို အဆိုးဝါးဆုံးခံရတဲ့ ဒေသ ဖြစ်ပါတယ်။

    ပြည်ထောင်စုအစိုးရဟာ အသက်ရှူစက်တွေ လုံလုံလောက်လောက်​ ပို့မပေးဘူးဆိုတဲ့ ဝေဖန်မှုကိုတွေ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ပယ်ချခဲ့ပြီး တစ်ချို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ လိုအပ်တာထက် ပိုတောင်းနေကြတယ်လို့လည်း ​ဝေဖန်ခဲ့ပါတယ်။

    “သေဆုံးမှုတွေ ထပ်လာပါအုံးမယ်။ သိပ်ကို ကြမ်းတမ်းခက်ခဲမယ့်ကာလကို ကျွန်တော်တို့ ကြုံရတော့မှာပါ။ ဒီလောက် အရေအတွက်များများစားစားသေဆုံးတာ ဘယ်တုန်းကမှ ကျွန်တော်တို့ မမြင်ဘူးခဲ့ပါဘူး။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်လို စစ်ပွဲမျိုးမှာ​ေတာ့ ရှိချင်ရှိမှာပေါ့”

    အိမ်ဖြူတော်က ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြည်သူတွေဟာ လှုပ်ရှားသွားလာမှု ကန့်သတ်မိန်ကို လိုက်နာတယ်ဆိုရင်တောင် အနည်းဆုံး လူ တစ်သိန်းကနေ နှစ်သိန်းလေးသောင်းကြား သေဆုံးနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

    Ref: CNA

  • ကြောင်သားနှင့် ခွေးသားစားသုံးမှုကို တရုတ်မြို့တစ်ခု ပိတ်ပင်

    ကြောင်သားနှင့် ခွေးသားစားသုံးမှုကို တရုတ်မြို့တစ်ခု ပိတ်ပင်

    ဧပြီ ၃၊ ၂၀၂၀
    M-Media

    တရုတ်နိုင်ငံမှ ခွေးသားအရောင်းဆိုင်တစ်ခု

    -တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းက ရှန်ကျန်းမြို့ အစိုးရဟာ ကြောင်သားနဲ့ ခွေးသားစားသုံးမှု ပိတ်ပင်တဲ့ အမိန့်တစ်ရပ် မနေ့မှာ ထုတ်ပြန်လိုက်ပြီး ဒါဟာ တရုတ်နိုင်ငံအတွင်း ပထမဆုံး ပိတ်ပင်မှုလည်း ဖြစ်ပါတယ်။

    အိမ်မွေးတိရစ္ဆာန်တွေစားသုံးမှုကို တားမြစ်တဲ့ အဲဒီအမိန့်ဟာ မေလ ၁ ရက်နေ့မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ အိမ်မွေးတိရစ္ဆာန်တွေ၊ တောရိုင်းတိရစ္ဆာန်တွေကို အစားအစာနဲ့ ဆေးဖော်ရာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု​ေလ့ရှိပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်ဟာ တောရိုင်းတိရစ္ဆာန် စားသုံးမှုကနေ ကူးစက်ပြန့်နှံတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် တရုတ်အစိုးရဟာ ဖေဖော်ဝါရီလမှာ ​တောရိုင်းတိရစ္ဆာန် စားသုံးမှု၊ ရောင်းဝယ်ဖောက်ကားမှုကို ပိတ်ပင်တဲ့ ဥပဒေတစ်ခုကို ပြဌာန်းခဲ့ပါတယ်။

    အခု ရှန်ကျန်းမြို့မှာတော့ ​တောရိုင်းတိရစ္ဆာန်၊ မျိုးသုဉ်းတော့မယ့် တိရစ္ဆာန်တွေ စားသုံးမှုအပြင်၊ အိမ်မွေးတိရစ္ဆာန်တွေ စားသုံးမှုကိုပါ ပိတ်ပင်လိုက်တာပါ။

    ၂၀၀၃ ခုနှစ်တုန်းကလည်း ကတိုးကြောင် စားသုံးမှု၊ ရောင်းဝယ်ဖောက်ကားမှုကို တရုတ်အစိုးရက ပိတ်ပင်ခဲ့ပြီး ဆားစ်ရောဂါသယ်ဆောင်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့်ဖြစ်ပါတယ်။

    Ref: CNN

  • COVID-19 ကူးစက်မှုကို တားဆီးရန် မက္ကာနှင့် မဒီနာတွင် ၂၄ နာရီ ကာဖျူးထုတ်

    COVID-19 ကူးစက်မှုကို တားဆီးရန် မက္ကာနှင့် မဒီနာတွင် ၂၄ နာရီ ကာဖျူးထုတ်

    ဧပြီ ၃၊ ၂၀၂၀
    M-Media

    -အစ္စလာမ်သာသနာရဲ့ မြင့်မြတ်ရာနေရာတွေရှိရာ မက္ကာနဲ့ မဒီနာ မြို့နှစ်မြို့ကို ဆော်ဒီက မနေ့မှာ တစ်ရက်တာ ညမထွက်ရအမိန့် (ကာဖျူး) ထုတ်ပြန်ခဲ့ပါတယ်။

    ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာလာလ် အလ်-ရှာဟုဘ်က ဒီလိုထုတ်ပြန်မှုဟာ ဒီမြို့နှစ်မြို့မှာရှိတဲ့ ပြည်သူတွေကို COVID-19 ဘေးအန္တရာယ်ကနေ ကာကွယ်ဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ညမထွက်ရအမိန့်အရ အရွယ်ရောက်ပြီးသားသူတွေဟာ ကျန်းမာရေးနဲ့ အစားအသောက်ကိစ္စလို အရေးပေါ် အခြေအနေတွေအတွက် မနက် ၆ နာရီကနေ ညနေ ၃ နာရီအတွင်းသာ အပြင်ထွက်ခွင့်ရမှာပါ။ ကားနဲ့သွားမယ်ဆိုရင်လည်း ယာဉ်မောင်းနဲ့ အခြားတစ်ဦးသာ စီးနင်းခွင့်ရမှာ ဖြစ်ပါတယ်။

    မရှိမဖြစ် လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အစိုးရဝန်ထမ်းတွေ၊ ပုဂ္ဂလိကဝန်ထမ်းတွေအပေါ်မှာတော့ ဒီအမိန့်က သက်ရောက်မှာ မဟုတ်ပါဘူး။ ဆေးဆိုင်တွေ၊ စူပါမားကတ်တွေ၊ ဓာတ်ဆီဆိုင်နဲ့ ဘဏ်လုပ်ငန်းတွေကလွဲလို့ မြို့နှစ်မြို့မှာရှိတဲ့ စီးပွားရေးလုပ်ငန်းအားလုံးကိုလည်း အာဏာပိုင်တွေက ရပ်ဆိုင်းထားပါတယ်။

    အလ်-ရှာဟုဘ်က အစားအသောက်နဲ့ အိမ်သုံးပစ္စည်းတွေအတွက် ဖုန်းအက်ပလီကေးရှင်းအသုံးပြုကာ ဝယ်ယူကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

    ဆော်ဒီမှာ COVID-19 ကူးစက်သူ စုစုပေါင်း ၁၈၈၅ ဦးရှိပြီး သေဆုံးသူက ၂၁ ဦး ရှိပါတယ်။ ပျောက်ကင်း သက်သာသွားသူအရေအတွက်က ၃၂၈ ဦးရှိပါတယ်။ ကူးစက်မှုဟာ မက္ကာမှာ ၄၈ ခု၊ မဒီနာမှာ ၄၆ ခု အသီးသီးရှိနေတာပါ။

    Ref: Arab News

  • အရှေ့တောင်အာရှမှ COVID-19 ​​​ကူးစက်မှု အခြေအနေ

    အရှေ့တောင်အာရှမှ COVID-19 ​​​ကူးစက်မှု အခြေအနေ

    ဧပြီ ၃၊ ၂၀၂၀
    M-Media

    ထိုင်းရဲတစ်ဦးကို တွေ့ရစဉ်

    ထိုင်းနိုင်ငံတွင် တစ်နိုင်ငံလုံး ကာဖျူးထုတ်ပြန်

    ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကို တားဆီးဖို့အတွက် ဧပြီလ ၃ ရက်နေ့ကနေစပြီး ညမထွက်ရအမိန့် ထုတ်ပြန်သွားမယ်လို့ ထိုင်းနိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။ ​ဧပြီလ ၃ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ ကူးစက်သူ ၁၉၇၈ ဦးအထိ ရှိလာပြီး၊ သေဆုံးသူကတော့ ၁၉ ဦးရှိပါတယ်။ အခု ကာဖျူးဟာ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်နေသူတွေအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့တစ်ပတ်က ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပြီး တိုင်းပြည်ကို အရေးပေါ်အခြေအနေ ကြေငြာထားပါတယ်။ ထိုင်းအစိုးရဟာ ပြည်သူတွေ အင်တာနက် အခမဲ့အသုံးပြုခွင့်ရအောင် စီစဉ်ပေးထားသလို၊ အိမ်ကနေ အလုပ်လုပ်၊ စာသင်ကြားနိုင်မယ့် ပေါ်လစီတွေကိုလည်း ချမှတ်ထားပါတယ်။

    ဧပြီလအလယ်တွင် မလေးရှား၌ ကူးစက်မှု အမြင့်ဆုံးရောက်မည်

    မလေးရှားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုဟာ ဧပြီလ အလယ်ပိုင်းကျရင် အမြင့်ဆုံးကို ရောက်ရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မနေ့မှာ ပြောကြားလိုက်ပါတယ်။ မလေးရှားမှာ ဧပြီလ ၂ ရက်နေ့အထိ ကူးစက်သူ ၃၁၁၆ ဦး၊ သေဆုံးသူ ၅၀ ဦး ရှိနေကာ အရှေ့တောင်အာရှဒေသမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ အချက်အလက်တွေအရ အစိုးရရဲ့ ကာကွယ်တားဆီးရေးလုပ်ငန်းတွေဟာ ထိရောက်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက မနေ့မှာ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ မလေးရှားအစိုးရဟာ တစ်နိုင်ငံလုံးမှာ လှုပ်ရှားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ထားပြီး ဧပြီလ ၁၄ ရက်နေ့အထိ အတည်ဖြစ်မှာ ဖြစ်ပါတယ်။

    ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အင်ဒိုနီးရှားက အကျဉ်းသားများ လွှတ်ပေး

    လူကြပ်နေတဲ့ အကျဉ်းထောင်တွေမှာ ဗိုင်းရပ်စ်ပြန့်နှံ့မှု တားဆီးရေးကာကွယ်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံဟာ အကျဉ်းသား ၁၈၀၀၀ လောက်ကို မနေ့မှာ လွှတ်ပေးခဲ့ပါတယ်။ ရောဂါကူးစက်ဖို့ လွယ်ကူနိုင်တဲ့ အကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုင်ငံတွေကို တိုက်တွန်းထားပြီး အင်ဒိုနီးရှားနိုင်ငံက ၃ သောင်းလောက် ပြန်လွှတ်ပေးဖို့ စီစဉ်ထားပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ ၁၄ ရက်ကြာ သီးခြားနေထိုင်ဖို့လည်း အစိုးရက ညွှန်ကြားခဲ့ပါတယ်။

    Ref: CNA