News @ M-Media

Author: Ko Lay

  • စစ်ဖက်ဆက်ဆံမှု တိုးမြှင့်ရေး မြန်မာနှင့် အိန္ဒိယတို့ သဘောတူ

    စစ်ဖက်ဆက်ဆံမှု တိုးမြှင့်ရေး မြန်မာနှင့် အိန္ဒိယတို့ သဘောတူ

    ဇူလိုင် ၃၁၊ ၂၀၁၉
    M-Media

    -လေ့ကျင့်ရေး၊ ရေပြင်လုံခြုံရေးနဲ့ စောင့်ကြည့် ထောက်လှမ်းရေးတွေအပါအ၀င် နှစ်နိုင်ငံ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဖို့အတွက် မြန်မာနဲ့ အိန္ဒိယတို့ဟာ တနင်္လာနေ့မှာ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

    တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်းမှာ ဒီလို လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဟာ အိန္ဒိယစစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ စစ်ဦးစီးအရာရှိချုပ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    “ဆွေးနွေးမှုတွေ ပြီးတဲ့အခါမှာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အိန္ဒိယနဲ့ မြန်မာတို့ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အိန္ဒိယရဲ့ East Asia ပေါ်လစီအရ အရှေ့အာရှနိုင်ငံတွေကို ဦးစားပေး ဆက်ဆံရာမှာ မြန်မာနိုင်ငံဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အိန္ဒိယက တိုးမြှင့် လုပ်ဆောင်ခဲ့ပါတယ်” လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အိန္ဒိယနဲ့ မြန်မာတို့ဟာ နယ်စပ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်ပြီး၊ အခုနှစ် အစောပိုင်းက နှစ်နိုင်ငံပူးပေါင်းကာ နယ်စပ်က သူပုန်အဖွဲ့တွေကို တိုက်ထုတ်ရေး ဆောင်ရွက်ခဲ့ကြပါတယ်။

    အိန္ဒိယက မြန်မာစစ်တပ်အပေါ် လက်နက်ထောက်ပံ့ပေးမှုတွေလည်း မြင့်တက်လာခဲ့ပြီး အခုနှစ်နွေရာသီက မြန်မာရေတပ်အတွက် ပြည်တွင်းဖြစ် တော်ပီဒိုဒုံးကျည်တွေကို အိန္ဒိယက ပို့ဆောင်ပေးခဲ့ကာ ခန့်မှန်းချေ ကန်ဒေါ်လာ ၃၇.၉ သန်း တန်ဖိုး ရှိပါတယ်။

    မြန်မာ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံမှုအတွင်း ကာကွယ်ရေး၊ လုံခြုံရေး၊ စွမ်းအား မြှင့်တင်ရေး၊ ဆေးဘက်ဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အခြေခံအဆောက်အဦးအသစ်များ ပိုမိုဆောက်လုပ်ရေးတွေအပါအ၀င် နှစ်နိုင်ငံစစ်တပ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယ ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref : The Diplomat

  • ရှင်ကျန်းအကျဉ်းစခန်းမှ ၀ီဂါအများစုကို ပြန်လွှတ်ပေးလိုက်ပြီဟု တရုတ်ပြော

    ရှင်ကျန်းအကျဉ်းစခန်းမှ ၀ီဂါအများစုကို ပြန်လွှတ်ပေးလိုက်ပြီဟု တရုတ်ပြော

    ဇူလိုင် ၃၀၊ ၂၀၁၉
    M-Media

    -ရှင်ကျန်းပြည်နယ်က အသက်မွေးဝမ်းကြောင်း စင်တာတွေမှာ တက်ရောက်ခဲ့ကြသူ အများစုဟာ လူ့အဖွဲ့အစည်းအတွင်းကို ပြန်လည်ရောက်ရှိသွားပြီး အလုပ်အကိုင်တွေ ရနေကြပြီလို့ တရုတ်နိုင်ငံက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    တရုတ်အစိုးရဟာ ရှင်ကျန်းပြည်နယ်က အစ္စလာမ်ဘာသာဝင် ၀ီဂါလူမျိုးတွေနဲ့ တစ်ခြား လူမျိုးစု
    ငယ်တွေအပေါ် ဖိနှိပ်ကာ လူတစ်သန်းလောက်ကိုလည်း အကျဉ်းစခန်းတွေထဲမှာ ထည့်ထားတယ်လို့ ကမ္ဘာ့မီဒီယာတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေက ဖော်ထုတ်ခဲ့ကြပါတယ်။

    တရုတ်ကတော့ ဒါတွေဟာ အကျဉ်းစခန်းတွေမဟုတ်ဘဲ အသက်မွေးဝမ်းကြောင်းပညာရပ်တွေ
    သင်ကြားပေးတဲ့ စင်တာတွေ ဖြစ်ကြောင်း၊ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးလုပ်ငန်း လုပ်ဆောင်တာသာဖြစ်ကြောင်း ပြန်လည် တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    မနေ့က ဘေဂျင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်ကျန်းပြည်နယ် အုပ်ချုပ်ရေးမှူး ၀ီဂါလူမျိုး ရှိုရတ် ဇာကီရ်က သင်တန်းကျောင်းတွေမှာ ရှိနေသူ တော်တော်များများဟာ ဒေသတွင်း ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ကာ အလုပ်လုပ်နေကြပြီလို့ ပြောကြားခဲ့ပါတယ်။

    “အသက်မွေးဝမ်းကြောင်း စင်တာတွေကနေ ဘွဲ့ရသွားသူ တော်တော်များများဟာ လူ့အဖွဲ့အစည်းထဲ ပြန်ရောက်နေပါပြီ။ ဘွဲ့ရသူ ၉၀ ရာခိုင်နှုန်း ကျော်ကျော်ဟာ လခကောင်းကောင်းနဲ့ အဆင်ပြေတဲ့ အလုပ်တွေလည်း ရနေပါတယ်”

    အဲဒီစင်တာတွေမှာ လူဘယ်လောက်ကို ထိန်းသိမ်းထားလဲဆိုတာနဲ့ ဘယ်လောက်ကို ပြန်လွှတ်ပေးခဲ့တယ် ဆိုတာတွေကိုတော့ ဇာကီရ်က ထည့်သွင်းပြောကြားခြင်း မရှိပါဘူး။

    ရှင်ကျန်းပြည်နယ်ရဲ့ ဒုတိယအုပ်ချုပ်ရေးမှူး အဲလ်ကန် တူနီယက်ဇ်က စင်တာတွေမှာ ညှင်းပမ်းနှိပ်စက်မှုတွေ ရှိတယ်ဆိုတဲ့သတင်းဟာ နိုင်ငံအနည်းငယ်နဲ့ သတင်းဌာန အနည်းငယ်က လုပ်ကြံဖော်ပြချက်သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    သင်တန်းကျောင်းမှာ တက်ရောက်နေသူတွေကို ပုံမှန် အိမ်ပြန်ခွင့်ပြုကြောင်း၊ သင်တန်းကျောင်းမှာ ဘာသာရေးလုပ်တာကို ခွင့်မပြုပေမယ့် အိမ်ပြန်ရောက်ရင် လုပ်ဆာင်နိုင်ကြောင်း တူနီယက်ဇ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    စခန်းတွေကနေ ထွက်ပြေးလွတ်မြောက်လာသူတွေက စခန်းတွေဟာ ထောင်သဘောမျိုးဖြစ်ပြီး
    ညှင်းပမ်းနှိပ်စက်တာတွေ၊ ကွန်မြူနစ်ဝါဒ သွတ်သွင်းတာတွေ ရှိတယ်လို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • လူနည်းစုများကို ကာကွယ်ကာ ၀တ်ပြုရာနေရာများ ပိုမိုဖန်တီးပေးမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် ကတိပြု

    လူနည်းစုများကို ကာကွယ်ကာ ၀တ်ပြုရာနေရာများ ပိုမိုဖန်တီးပေးမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် ကတိပြု

    ဇူလိုင် ၃၀၊ ၂၀၁၉
    M-Media

    -တမန်တော် မိုဟမ္မဒ်ဟာ လူနည်းစုတွေအပေါ်မှာ ကာကွယ်ပေးခဲ့ပြီး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်လည်း ပေးခဲ့တာကြောင့် မိမိအနေနဲ့လည်း တိုင်းပြည်အတွင်းက လူနည်းစုတွေကို ပိုမိုကာကွယ်ပေးသွားမယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပါတယ်။

    မနေ့က မြို့တော် အစ္စလာမ် မာဘတ်က သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ လူနည်းစုများနေ့ National Minorities အခမ်းအနားမှာ အင်မရန်းခန်က ဒီလိုပြောကြားလိုက်တာပါ။ လူနည်းစုတွေအတွက် ၀တ်ပြုရာနေရာတွေကို ပိုမို ဖော်ဆောင်ပေးသွားမယ်လို့ သူက ဆိုပါတယ်။

    “မွတ်စလင်မဟုတ်တဲ့ အမျိုးသမီးတွေကို လက်ထပ်တာမျိုး၊ သေနတ်ထောက်ပြီး ဘာသာမပြောင်းရင် သတ်မယ်လို့ ခြိမ်းခြောက်တာမျိုးနဲ့ အဓမ္မ ဘာသာပြောင်းခိုင်းတာ လုပ်လို့မှ မရတာဗျ။ ဒါတွေအားလုံးဟာ အစ္စလာမ်နဲ့ဆန့်ကျင်တဲ့ လုပ်ရပ်တွေပါပဲ။ လူတွေကို အဓမ္မနည်းနဲ့ ဘာသာထဲသွတ်သွင်းဖို့ အလ္လာဟ်အရှင်မြတ်က တမန်တော်ကိုတောင် ခွင့်မပြုထားဘူး။ ကျွန်တော်တို့က ဘာမို့လို့လဲ”

    ပြည်သူအားလုံးကို တန်းတူအခွင့်အရေးပေးပြီး၊ တရားဥပဒေစိုးမိုးတဲ့ မဒီနာအခြေပြု မြို့ပြနိုင်ငံတစ်ခုကို တမန်တော် မုဟမ္မဒ်က ထူထောင်ခဲ့ပြီး၊ အဲဒီပုံစံအတိုင်း ပါကစ္စတန်မှာ ဆောင်ရွက်ချင်တယ်လို့လည်း ၀န်ကြီးချုပ် အင်မရန်းခန်းက ပြောကြားခဲ့ပါတယ်။

    ဆစ်ခ်ဘာသာကို ထူထောင်ခဲ့သူ ဂုရုနာနက်ရဲ့ ၅၅၀ နှစ်မြောက် မွေးနေ့မင်္ဂလာ အထိမ်းအမှတ်အဖြစ် ဆစ်ခ်ဘာသာဝင်တွေ လွတ်လပ်စွာ ဘုရားဖူးနိုင်မယ့် Katarpur စင်္ကြန်ဒေသတစ်ခုကို အိန္ဒိယနဲ့ ပါကစ္စတန်အကြားမှာ ဖန်တီပေးမယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဆင်းဒ်ပြည်နယ်မှာ ဟိန္ဒူအမျိုးသမီးတွေနဲ့ ခရစ်ယာန် အမျိုးသမီးတွေကို အိမ်ထောင်ပြုကာ အစ္စလာမ်ဘာသာထဲ ကူးပြောင်းခိုင်းနေတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာပြီးတဲ့နောက်ပိုင်းမှာ ၀န်ကြီးချုပ် အမီးရ်ခန်းက ဒီလို လုပ်ရပ်အမှားတွေကို ထောက်ပြခဲ့တာဖြစ်ပါတယ်။

    ပါကစ္စတန်ရဲ့ ပြိုင်ဘက် အိန္ဒိယမှာလည်း ဟိန္ဒူအခြေခံဝါဒီ အုပ်စုတွေက မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေကို ဟိန္ဒူဘာသာထဲ အဓမ္မ ဘာသာပြောင်းခိုင်းတာတွေ ရှိနေပြီး ဒီလုပ်ငန်းကို ghar vapasi လို့ ခေါ်ဆိုပါတယ်။

    Ref: Times of India

  • အီသီယိုးပီးယားတွင် တစ်ရက်တည်း အပင် သန်း ၃၅၀ စိုက်ပြီး ကမ္ဘ္ဘာ့စံချိန်တင်

    အီသီယိုးပီးယားတွင် တစ်ရက်တည်း အပင် သန်း ၃၅၀ စိုက်ပြီး ကမ္ဘ္ဘာ့စံချိန်တင်

    ဇူလိုင် ၃၀၊ ၂၀၁၉
    M-Media

    -တိုင်းပြည်မှာ သစ်တောပြုန်းတီးမှု၊ ရာသီဥတု ဖောက်ပြမှုတွေကို ဟန့်တားတိုက်ဖျက်ရေးအတွက် အီသီယိုးပီးယားနိုင်ငံဟာ တစ်ရက်တည်းမှာ သစ်ပင်ပေါင်း သန်း ၃၅၀ စိုက်ပျိုးခဲ့ပြီး၊ ဒါဟာ
    ၂၄ နာရီအတွင်း အပင်စိုက်မှုအများဆုံး ကမ္ဘ္ဘာ့စံချိန်လည်း ဖြစ်ပါတယ်။

    အီသီယိုးပီးယားနိုင်ငံဟာ တောတောင်တွေ အလျင်အမြန် ပြုန်းတီးနေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ၂၀ ရာစုအစောပိုင်းက နိုင်ငံဧရိယာရဲ့ ၃၅ ရာခိုင်နှုန်းဟာ သစ်တောတွေ ဖုံးလွှမ်းနေခဲ့ပေမယ့် ၂၀၀၀ ပြည့်နှစ်တွေမှာတော့ ၄ ရာခိုင်နှုန်းသာ ကျန်ရစ်တော့တယ်လို့ ကုလက ထုတ်ပြန်ထားပါတယ်။

    အခု သစ်ပင်ပေါင်း သန်းရာနဲ့ချီ စိုက်ပျိုးတဲ့ အစီအစဉ်ကို Green Legacy လို့ အမည်ပေးထားပြီး ၀န်ကြီးချုပ် အဘီ အဟ်မဒ်က ဦးဆောင်လှုပ်ရှားတာ ဖြစ်ပါတယ်။

    အီသီယိုးပီးယား တီထွင်ဆန်းသစ်ရေးနှင့် နည်းပညာဝန်ကြီး အီတာဟွန် မီကူရီယာက ၁၂ နာရီအတွင်း အပင်ပေါင်း သန်း ၃၅၀ ကျော် စိုက်ပျိုးနိုင်ခဲ့တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    နိုင်ငံတစ်ဝှမ်းက နေရာ ၁၀၀၀ လောက်မှာ ပြုလုပ်ခဲ့တဲ့ သစ်ပင်စိုက်ပျိုးပွဲကို အီသီယိုးပီးယား
    အစိုးရ၀န်ထမ်းတွေ၊ ကုလ တာဝန်ရှိသူတွေ၊ နိုင်ငံခြား သံတမန်တွေလည်း ပါဝင်ခဲ့ပါတယ်။

    အီသီယိုးပီးယားမှာ တိုင်းရင်းဖြစ်အပင်ပေါင်း ၄ ဘီလီယံလောက် စိုက်ပျိုးမယ့် အစီအစဉ်လည်း
    ရှိနေပါတယ်။

    အရင်က တစ်ရက်တည်း သစ်ပင်အများဆုံး စိုက်ပျိုးနိုင်တဲ့ စံချိန်ကို အိန္ဒိယနိုင်ငံက ၂၀၁၅ ခုနှစ်မှာ အပင်ပေါင်း သန်း ၅၀ စိုက်ပျိုးကာ ရရှိထားတာပါ။

    အီသီယိုးပီးယားက တစ်ရက်တည်း အပင် သန်းပေါင်း ၃၅၀ လောက် စိုက်ပျိုးနိုင်တာကြောင့်
    စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: BBC

  • အွန်လိုင်းတွင် ရောင်းနေသည့် တုပ်ကွေးကာကွယ်ဆေး စိတ်မချရဟု FDA ထုတ်ပြန်

    အွန်လိုင်းတွင် ရောင်းနေသည့် တုပ်ကွေးကာကွယ်ဆေး စိတ်မချရဟု FDA ထုတ်ပြန်

    ဇူလိုင် ၃၀၊ ၂၀၁၉
    M-Media

    Photo Credit – mmtimes

    -အွန်လိုင်းမှာ ရောင်းချနေတဲ့ တုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra ဟာ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိတာကြောင့် ပြည်သူလူထုအနေနဲ့ ၀ယ်ယူသုံးစွဲခြင်းမပြုဖို့ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာနရုံး FDA က ထုတ်ပြန်ထားပါတယ်။

    ကာကွယ်ဆေးတွေဟာ သတ်မှတ်ထားတဲ့ အပူချိန်ထိန်းညှိခန်းတွေမှာ စနစ်တကျ သိမ်းဆည်းထားရတာဖြစ်ပြီး အွန်လိုင်းမှာရောင်းနေတဲ့ ဆေးတွေက ဒီလို မသိမ်းထားနိုင်ဘူးလို့ FDA က ပြောပါတယ်။

    “ဒီကာကွယ်ဆေးဟာ ပြည်ပက တင်သွင်းတဲ့ ဆေးတွေအဖြစ် FDA မှာ မှတ်ပုံတင်ထားခြင်း မရှိသေးပါဘူး။ ဒီဆေးဝါးတွေကို ကိုင်တွယ်စီမံမယ်လို့ မှတ်ပုံတင်ထားတဲ့ ဆေးဝါးလုပ်ငန်းလည်း မရှိပါဘူး” လို့ FDA ရန်ကုန်ဌာနခွဲက ညွှန်ကြားရေးမှူး ဦးမင်းဝန်က ပြောကြားခဲ့ပါတယ်။

    Vaxigrip Tetra ဆေးဟာ ရာသီတုပ်ကွေး ကာကွယ်ဆေးဖြစ်ပြီး တုပ်ကွေး A/H1N1 နဲ့ A/H3N2 တို့ အပါအ၀င် တုပ်ကွေးအမျိုးအစား ၄ မျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

    ဆေးဝါးလုပ်ငန်းတွေ၊ ဆေးဝါးတင်သွင်းသူတွေနဲ့ တစ်ဆင့် ပြန်လည်ရောင်းချသူတွေဟာ FDA မှတ်ပုံတင်ရပြီး၊ Vaxigrip Tetra ထိုးဆေးကတော့ မှတ်ပုံတင်ထားခြင်း မရှိသေးပါဘူး။

    ဦးမင်းဝန်က မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေဟာ လူထုအတွက် အန္တရာယ်မကင်းဘူးလို့
    ပြောကြားခဲ့ပါတယ်။

    နိုင်ငံတစ်ဝှမ်း ဖြန့်ဖြူးဖို့ FDA မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားဆေးဝါး ၉၄ မျိုး ရှိနေပါတယ်။

    Ref: Myanmar Times

    (Myanmar Times အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)