News @ M-Media

Author: Ko Lay

  • ကျူးကျော်မှုထပ်လုပ်လျှင် တုန့်ပြန်မှု ပိုပြင်းထန်မည်ဟု အမေရိကန်ကို အီရန် သတိပေး

    ကျူးကျော်မှုထပ်လုပ်လျှင် တုန့်ပြန်မှု ပိုပြင်းထန်မည်ဟု အမေရိကန်ကို အီရန် သတိပေး

    ဇွန် ၂၇၊ ၂၀၁၉
    M-Media

    အီရန်ပြည်တွင်းဖြစ် ဒုံးခွင်း

    -နိုင်ငံရဲ့ နယ်စပ်တွေကို ကျူးကျော်မှု ဆက်လုပ်မယ်ဆိုရင် ဒရုန်းလေယာဉ် ပစ်ချမှုထက် ပိုမိုပြင်းထန်တဲ့ တုန့်ပြန်မှုတွေ ကြုံတွေ့ရလိမ့်မယ်လို့ အီရန်လွှတ်တော် ဥက္ကဌ အလီ လာရီဂျာနီက အမေရိကန်ကို သတိပေးလိုက်ပါတယ်။

    အီရန်ဟာ ဇွန်လ ၂၀ ရက်နေ့က နိုင်ငံတောင်ပိုင်း နယ်နမိတ်အတွင်း ၀င်ရောက်လာတဲ့ အမေရိကန် မောင်းသူမဲ့ Global Hawk လေယာဉ်ကို ဒုံးခွင်းနဲ့ ပစ်ချခဲ့တာပါ။ လာရီဂျာနီက ဒီလိုပစ်ချမှုဟာ နောက်ထပ် ကျူးကျော်မှုတွေကို ရှောင်ရှားဖို့ မှတ်သားလောက်တဲ့ ပညာပေးမှု ဖြစ်တယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့ရဲ့တိုင်းပြည်ရဲ့ နယ်နမိတ်ကို ကျူးကျော်တဲ့ အမှားမျိုး ထပ်လုပ်မယ်ဆိုရင် အီရန်က ပိုမို ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမှာပါ” လို့ လာရီဂျာနီရဲ့ ပြောကြားမှုကို Tasnim သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    ဒရုန်းလေယာဉ်ပစ်ချမှုနဲ့ပတ်သက်လို့ အမေရိကန်က အီရန်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အီရန်နိုင်ငံအတွင်းက ပစ်မှတ်တစ်ချို့ကို တုန့်ပြန်တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် သမ္မတထရမ့်က နောက်ပိုင်းမှာ ဒီအစီအစဉ်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမယ့် အီရန်ရဲ့ ဒုံးကျည်ထိန်းချုပ်မှု ကွန်ပျူတာကွန်ယက်ကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ အီရန်ကတော့ အဲဒီ ဆိုက်ဘာတိုက်ခိုက်မှုဟာ မအောင်မြင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီက အမေရိကန်နဲ့ စစ်မဖြစ်ချင်ဘူးလို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ ထရမ့်ကလည်း အီရန်နဲ့ စစ်ဖြစ်မယ့် အခြေအနေဟာ ပိုမိုမြန်ဆန်လာနေတယ်လို့ မနေ့မှာ ပြောကြားခဲ့ပေမယ့် စစ်မဖြစ်လိုဘူးလို့ ဆိုပါတယ်။

    Ref: Aljazeera

  • မလေးရှားတွင် မြေပြိုမှုကြောင့် မြန်မာအလုပ်သမား ၄ ဦး သေဆုံး

    မလေးရှားတွင် မြေပြိုမှုကြောင့် မြန်မာအလုပ်သမား ၄ ဦး သေဆုံး

    ဇွန် ၂၆၊ ၂၀၁၉
    M-Media

    ရုပ်အလောင်းများ သယ်ဆောင်လာမှု

    -မလေးရှားနိုင်ငံ ပီနန်မြို့မှာ မနေ့က မြေပြိုမှုတစ်ခုအတွင်း မြန်မာနိုင်ငံသား ၄ ဦး သေဆုံးသွားပြီး ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ထုတ်ဖို့အတွက် မြန်မာသံရုံးကို ဆက်သွယ်ထားတယ်လို့ မလေးရှား အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    Lost Paradise အပန်းဖြေစခန်းမှာ မြေသားနံရံတည်ဆောက်နေတဲ့နေရာမှာ မနေ့ကညပိုင်း ၉ နာရီ ခွဲလောက်က မြေပြိုကျမှု ဖြစ်ပွားခဲ့တာပါ။

    ဂျော့ဂ်ျတောင်းမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူ ချီ ဇိုင်မာနီ ချီ အေ၀မ်က အပန်းဖြေစခန်းနဲ့ တစ်ဖက်က လမ်းကိုခြားထားတဲ့ တောင်မှာ မြေပြိုမှုဖြစ်တာကို တွေ့ရပြီးတဲ့နောက် မြေထိန်းနံရံဆောက်လုပ်ဖို့အတွက် Ong ဆိုတဲ့ မြန်မာနိုင်ငံသားကို အပန်းဖြေစခန်းပိုင်ရှင်က ငှားထားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “Ong ဟာ အပန်းဖြေစခန်းမှာ ပြုပြင်ထိန်းသိမ်းရေး လုပ်သားအဖြစ် လုပ်ကိုင်နေတာ ၃ နှစ်လောက် ရှိပါပြီ။ မြေထိန်းနံရံဆောက်လုပ်ဖို့အတွက် အခြား မြန်မာနိုင်ငံသား ၃ ဦးကို သူက ခေါ်ခိုင်းခဲ့ပါတယ်”

    အပန်းဖြေစခန်းပိုင်ရှင်ဟာ Ong ခေါ်လာတဲ့ ၃ ဦးကို ဘယ်သူဘယ်ဝါမှန်း မသိရှိဘူးလို့လည်း ဇိုင်မာနီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    သေဆုံးသွားသူ မြန်မာနိုင်ငံသား ၄ ဦးစလုံးဟာ အမျိုးသားတွေဖြစ်ပြီး မလေးရှား မီးသတ်တပ်ဖွဲ့က ရုပ်အလောင်း ၄ ခုစလုံးကို မြေပုံအောက်ကနေ ထုတ်ယူနိုင်ခဲ့ပါတယ်။

    ဇိုင်မာနီက သေဆုံးသွားသူ ၄ ဦးစလုံးမှာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ မရှိတာကြောင့် မြန်မာသံရုံးနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း ပီနန်က ဘူကစ် ကူကွစ်ဒေသမှာ လမ်းဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း မြေပြိုမှု ဖြစ်ပွားခဲ့တာကြောင့် နိုင်ငံခြားသား အလုပ်သမား ၉ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

    Ref: The Star

  • S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေးကိစ္စ လုံးဝ နောက်မဆုတ်ဟု အာဒိုဂန် ထပ်ပြော

    S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေးကိစ္စ လုံးဝ နောက်မဆုတ်ဟု အာဒိုဂန် ထပ်ပြော

    ဇွန် ၂၆၊ ၂၀၁၉
    M-Media

    -အမေရိကန်နဲ့ တင်းမာမှုတွေ ရှိနေပေမယ့် ရုရှားထံက S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေးကိစ္စကို နောက်ဆုတ်သွားမှာမဟုတ်ဘူးလို့ တူရကီသမ္မတ အာဒိုဂန်က အင်္ဂါနေ့ ရုပ်သံမိန့်ခွန်းမှာ ထပ်လောင်းပြောကြားလိုက်ပါတယ်။

    “S-400 ကိစ္စဟာ တိုင်းပြည်ရဲ့ အချုပ်အချာအာဏာနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ကိစ္စပါ။ လုံးဝ နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။ ဘုရားသခင်အလိုတော်နဲ့ နောက်လမှာ S-400 ပို့ဆောင်မှုကို စတင်မှာ ဖြစ်ပါတယ်”

    တူရကီဟာ အမေရိကန်ထံကနေ နောက်ဆုံးပေါ် F-35 တိုက်လေယာဉ် အစီး ၁၀၀ လောက် ၀ယ်ယူဖို့နဲ့ လေယာဉ်အစိတ်အပိုင်းတွေကို ဖက်စပ်ထုတ်လုပ်ဖို့ သဘောတူညီချက် ရှိထားပါတယ်။ အမေရိကန်က S-400 ဟာ နေတိုးအဖွဲ့ ကာကွယ်ရေးစနစ်တွေနဲ့ ကိုက်ညီမှုရှိမှာ မဟုတ်တဲ့အတွက် ကန့်ကွက်ထားပြီး ရှေ့ဆက်လုပ်မယ်ဆိုရင် F-35 သဘောတူညီချက်ကို ဖျက်သိမ်းမယ်လို့ သတိပေးထားပါတယ်။

    ဒါ့အပြင် စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

    “လုံခြုံရေးဆိုင်ရာ လိုအပ်ချက်တွေနဲ့ ပြည့်စုံဖို့ဆိုရင် တူရကီဟာ ဘယ်သူဆီက ခွင့်ပြုချက်မှ ယူမှာမဟုတ်ပါဘူး။ ဘယ်ဖိအားကိုမဆို ရင်ဆိုင်သွားမှာပါ” လို့ အာဒိုဂန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ရုရှားဟာ S-400 စနစ်တွေကို ဇူလိုင်လမှာ ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။

    အမေရိကန်နဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် အခုတစ်ပတ်နှောင်းပိုင်းမှာ ပြုလုပ်မယ့် အိုဆာကာ G20 ထိပ်သီးအစည်းအဝေးမှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့အတွက် အာဒိုဂန်က စီစဉ်ထားပါတယ်။ နေတိုးအဖွဲ့ဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်က ရုရှားရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို ၀ယ်ယူမယ်ဆိုရင် တူရကီကို F-35 လေယာဉ် အသုံးပြုခွင့်၊ လေယာဉ်အစိတ်အပိုင်းတွေ ထုတ်လုပ်ခွင့် ပေးမှာမဟုတ်ဘူးလို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အမုန်းစကားပြောသူများ၏ အချက်အလက်များကို လွှဲပြောင်းပေးရန် Facebook နှင့် ပြင်သစ်အာဏာပိုင်များ သဘောတူ

    အမုန်းစကားပြောသူများ၏ အချက်အလက်များကို လွှဲပြောင်းပေးရန် Facebook နှင့် ပြင်သစ်အာဏာပိုင်များ သဘောတူ

    ဇွန် ၂၆၊ ၂၀၁၉
    M-Media

    မာ့ခ် ဇက်ကာဘာ့ဂ်နှင့် ပြင်သစ်သမ္မတ မာခရွန်တို့ကို တွေ့ရစဉ်

    -အွန်လိုင်းမှာ အမုန်းစကား ဖြန့်ချီတယ်လို့ သံသယရှိတွေရဲ့ လူတွေရဲ့ အချက်အလက်တွေကို လိုအပ်လာရင် တရားရေးတာဝန်ရှိသူတွေကို လွှဲပြောင်းပေးအပ်ဖို့ Facebook က သဘောတူထားတယ်လို့ ပြင်သစ် နည်းပညာဝန်ကြီး စီဒရစ်အိုက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်ဟာ အွန်လိုင်း အမုန်းစကားနဲ့ သတင်းအမှားတွေ ဖြန့်ချီမှုကို တားဆီးထိန်းချုပ်မှုမှာ ကမ္ဘ္ဘာကို ဦးဆောင်နိုင်ဖို့အတွက် ကြိုးပမ်းနေသူတစ်ဦးဖြစ်ပါတယ်။

    မာခရွန်နဲ့ Facebook ကို တည်ထောင်သူ မာ့ခ် ဇက်ကာဘာ့ဂ်တို့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် ဒီလို သဘောတူညီချက် ထွက်လာတာ ဖြစ်ပြီး အမုန်းစကားနဲ့ပတ်သက်လို့ အချက်အလက်တွေ လွှဲပြောင်းပေးအပ်ရေး Facebook ရဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုလည်းဖြစ်ပါတယ်။

    လက်ရှိအချိန်မှာတော့ Facebook ဟာ အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းမှာ ပြသစ်နိုင်ငံနဲ့
    ပူးပေါင်းဆောင်ရွက်နေပြီး ပြင်သစ် တရားသူကြီးတွေက တောင်းဆိုလာရင် အကြမ်းဖက်မှုအတွက် သံသယရှိသူတွေရဲ့ IP လိပ်စာတွေ၊ အခြား အချက်အလက်တွေကို လွှဲပြောင်းပေးအပ်နေပါတယ်။

    ပြင်သစ် နည်းပညာဝန်ကြီး စီဒရစ်အိုက Facebook ဟာ အမုန်းစကားနဲ့ပတ်သက်ပြီး သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားဖို့ သဘောတူခဲ့တယ်လို့ Facebook တာဝန်ရှိသူ နစ်ဂလက်နဲ့ တွေ့ဆုံအပြီးမှာ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ သတင်းကောင်းပါ။ တရားရေးလုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ သိပ်ကို အရေးပါပြီး ပြင်သစ်နိုင်ငံရဲ့အကျိုးအတွက် လုပ်ပေးတာလည်း ဖြစ်ပါတယ်”

    ဒါဟာ Facebook နဲ့ ပြင်သစ်အာဏာပိုင်တွေအကြား လတ်တလော ဆွေးနွေးမှုတွေရဲ့ ရလဒ်ဖြစ်တယ်လို့လည်း စီဒရစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ မတ်လက ၀န်ကြီးဖြစ်လာပြီးတဲ့နောက် စီဒရစ်ဟာ အွန်လိုင်းမှာ အမုန်းစကား တိုက်ဖျက်ရေးကို အဓိကထား လုပ်ဆောင်ခဲ့ပြီး မာ့ခ်ဇက်ကာဘာ့ဂ်အပါအ၀င် Facebook တာဝန်ရှိသူ တော်တော်များများနဲ့ တွေ့ဆုံခဲ့ပါတယ်။

    Ref: Reuters

  • အဆောက်အဦး ပြိုကျမှုအတွက် တရုတ်နိုင်ငံသားများ အပါအ၀င် လူ ၇ ဦးကို ကမ္ဘေ္ဘာဒီးယား တရားစွဲ

    အဆောက်အဦး ပြိုကျမှုအတွက် တရုတ်နိုင်ငံသားများ အပါအ၀င် လူ ၇ ဦးကို ကမ္ဘေ္ဘာဒီးယား တရားစွဲ

    ဇွန် ၂၅၊ ၂၀၁၉
    M-Media

    အဆောက်အဦး ပြိုကျပြီးနောက် မြင်ကွင်း

    -နာမည်ကျော် အပန်ဖြေမြို့ သီဟာနုဗီလီက အဆောက်အဦးတစ်ခု ပြိုကျမှုအတွက် တရုတ်နိုင်ငံသား ၅ ဦး အပါအ၀င် လူ ၇ ဦးကို ကမ္ဘေ္ဘာဒီးယား အာဏာပိုင်တွေက တရားစွဲဆိုလိုက်ပါတယ်။

    ပြီးစီးလုနီးပါး ရှိနေပြီဖြစ်တဲ့ အဲဒီအဆောက်အဦးဟာ စနေနေ့ မနက်ပိုင်းက ပြိုကျခဲ့တာဖြစ်ပြီး အနည်းဆုံး ဆောက်လုပ်ရေးလုပ်သား ၂၈ ဦး သေဆုံးကာ ၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ကမ္ဘေ္ဘာဒီးယား အာဏာပိုင်တွေက အဆောက်အဦးပိုင်ရှင် တရုတ်နိုင်ငံသား ချန်ကွန်နဲ့ ဆောက်လုပ်ရေးမန်နေဂျာ ဒန့်ရှင်းဂွေ၊ အခြား တရုတ်နိုင်ငံသား ၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁ ဦးနဲ့ ကမ္ဘေ္ဘာဒီးယားနိုင်ငံသား ၁ ဦးတို့ကို တရားစွဲဆိုထားပါတယ်။

    အဆောက်အဦး ဘာ့ကြောင့် ပြိုကျခဲ့သလဲဆိုတာကို အာဏာပိုင်တွေက ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။ ဖမ်းဆီးခံထားရသူ ၇ ဦးဟာ ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်အထိ ကျခံရနိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲခံထားရတာ ဖြစ်တယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    ဒီအဖြစ်အပျက်ကြောင့် ဘေးအန္တရာယ်ရှင်းရေးဆိုင်ရာ အကြီးအကဲကို ၀န်ကြီးချုပ် ဟွန်ဆန်က ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး သီဟာနုဗီလီမြို့ တည်ရှိတဲ့ သီဟာနုပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ နှုတ်ထွက်စာကိုလည်း လက်ခံခဲ့ပါတယ်။

    သီဟာနုဗီလီမြို့ဟာ တရုတ် အထူးစီးပွားရေးဇုန်၊ ကာစီနိုလုပ်ငန်းတွေ အပါအ၀င် တရုတ်ရင်းနှီးမြှုပ်နှံမှု အများအပြားရှိနေတဲ့ မြို့ ဖြစ်ပါတယ်။ အခုလို အဆောက်အဦး ပြိုကျမှုကြောင့်တရုတ်လုပ်ငန်းတွေအပေါ် သင့်လျော်တဲ့ စစ်ဆေးကြပ်မတ်မှုမျိုး အစိုးရက ဆောင်ရွက်မှု မရှိခဲ့ဘူးလားဆိုတဲ့ မေးခွန်းတွေလည်းထွက်လာပါတယ်။

    Ref: Aljazeera