News @ M-Media

Author: Ko Lay

  • ဂါဇာရှိ မိသားစု ၆ သောင်းအတွက် ကာတာက ထောက်ပံ့ကြေးပေး

    ဂါဇာရှိ မိသားစု ၆ သောင်းအတွက် ကာတာက ထောက်ပံ့ကြေးပေး

    ဇွန် ၂၀၊ ၂၀၁၉
    M-Media

    ထောက်ပံ့ငွေကို စောင့်ဆိုင်းနေကြသူများ

    -အီဂျစ်နဲ့ အစ္စရေးတို့က ပိတ်ဆို့မှုတွေကြောင့် အတိဒုက္ခရောက်နေတဲ့ ဂါဇာပြည်သူတွေအတွက် ကာတာနိုင်ငံက ပြီးခဲ့တဲ့တစ်ပတ် နှောင်းပိုင်းမှာ ငွေသားထောက်ပံ့မှု ပြုလုပ်ခဲ့ပါတယ်။

    ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ထားတဲ့ ဟားမက်စ်နဲ့ အစ္စရေးတို့အကြား နိုဝင်ဘာလက ရရှိထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်နဲ့အညီ လှူဒါန်းခဲ့တာဖြစ်ပြီး၊ ပါလက်စတိုင်းပြည်သူတွေ ပုံမှန်ဘ၀ ပြန်ရောက်နိုင်ရေး အကူအညီဖြစ်စေဖို့ ရည်ရွယ်တယ်လို့ ကာတာက ပြောကြားခဲ့ပါတယ်။

    ကာတာရဲ့ ဒီအကူအညီဟာ အတိဒုက္ခရောက်နေတဲ့ မိသားစုတွေကို ပုံမှန် ကန်ဒေါ်လာ ၁၀၀ ထောက်ပံ့တာဖြစ်ပြီး ပါလက်စတိုင်းဆိုင်ရာ ကာတာသံအမတ် မိုဟာမက် အလ်-အီမာဒီက ကနဦးအနေနဲ့ မိသားစု ၆ သောင်းကို ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အစောပိုင်းက မိသားစု တစ်သိန်းလောက်ကို ပေးအပ်ဖို့ စီစဉ်ထားပေမယ့် နောက်ပိုင်းမှာ အရေအတွက်ကို လျှော့ချလိုက်ပြီး ပိုလာတဲ့ ဒေါ်လာ ၄ သန်းကို ရေရှည်တည်တံ့နေမယ့် စီမံကိန်းတွေ ဖော်ဆောင်ပေးသွားမယ်လို့လည်း သံအမတ်က ပြောပါတယ်။

    ဒီထောက်ပံ့ငွေ ရရှိတဲ့ မိသားစုဝင်တွေရဲ့စာရင်းကို ဂါဇာ ဆက်သွယ်ရေးဝန်ကြီးဌာနက သူတို့ရဲ့ ၀ဘ်ဆိုက်မှာ လွှင့်တင်ပေးထားပြီး ဂါဇာစီးတီးမြို့ စာတိုက်ကနေ ငွေသားတွေ ထုတ်ပေးတာ ဖြစ်ပါတယ်။ ကာတာနိုင်ငံနဲ့ ဂါဇာကမ်းမြှောင်အကြား ဓာတ်အားလိုင်းအသစ်တစ်ခု သွယ်တန်းဖို့အတွက် ကာတာ ကိုယ်စားလှယ်အဖွဲ့ တစ်ခုဟာ အခုတစ်ပတ် အစောပိုင်းက အစ္စရေးနဲ့ ဂါဇာကမ်းမြှောင်တို့ကို သွားရောက် ဆွေးနွေးခဲ့ပါတယ်။

    ဂါဇာကမ်းမြှောင်ကို အစ္စရေးနဲ့ အီဂျစ်တို့က ၂၀၀၇ ခုနှစ်ကတည်းကစလို့ ကုန်း၊ ရေ၊ လေ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားပြီး၊ ဂါဇာပြည်သူတွေဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ နယ်ပယ်အားလုံးမှာ အတိဒုက္ခ ရောက်နေကြပါတယ်။

    Ref: Aljazeera

  • သီရိလင်္ကာက ပထမဆုံး ပြည်တွင်းဖြစ် ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

    သီရိလင်္ကာက ပထမဆုံး ပြည်တွင်းဖြစ် ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

    ဇွန် ၂၀၊ ၂၀၁၉
    M-Media

    ဂြိုဟ်တုကို ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့သည့် ကျောင်းသား ၂ ဦး

    -နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းဖြစ်ဂြိုဟ်တု Ravana-1 ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တယ်လို့ သီရိလင်္ကာနိုင်ငံက ကြေငြာလိုက်ပါတယ်။

    အလျား ၁၁.၃ စင်တီမီတာ၊ အနံ ၁၀ စင်တီမီတာ၊ အမြင့် ၁၀ စင်တီမီတာရှိပြီး အလေးချိန် ၁.၀၅ ကီလိုဂရမ်လေးတဲ့ အဲဒီ ဂြိုဟ်တုကို ဂျပန် အာကာသ စူးစမ်းရှာဖွေရေး အေဂျင်စီရဲ့ အကူအညီနဲ့ အမေရိကန် အာကာသယာဉ် Cygnus-1 က နိုင်ငံတကာ အာကာသစခန်းကို ဇွန်လ ၁၇ ရက်နေ့မှာ ပို့ဆောင်ခဲ့တာပါ။

    အဲဒီနောက်မှာတော့ ကမ္ဘ္ဘာပတ်လမ်းကြောင်းထဲကို အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ပါတယ်။

    Ravana-1 ကို ဂျပန်နိုင်ငံ Kyushu နည်းပညာတက္ကသိုလ်မှာ အာကာသအင်ဂျင်နီယာပညာကို လေ့လာဆည်းပူးနေတဲ့ သီရိလင်္ကာနိုင်ငံသား သာရင်ဒူ ဒါယာရတ္တနီနဲ့ ဒူလာနီ ချာမီကာတို့က ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဂြိုဟ်တုကို အခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဂျပန် အာကာသ စူးစမ်းရှာဖွေရေး အေဂျင်စီကို လွှဲပြောင်း ပေးခဲ့ပါတယ်။

    ဂြိုဟ်တုဟာ သီရိလင်္ကာနဲ့ ပတ်ဝန်းကျင်ဒေသတွေက ပုံရိပ်တွေကို ရိုက်ကူးမှုအပါအ၀င် စုစုပေါင်း လုပ်ငန်း ၅ ခုကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဂြိုဟ်တုရဲ့ အနိမ့်ဆုံးသက်တမ်းကို ၁ နှစ်ခွဲလို့ သတ်မှတ်ထားပေမယ့် ၅ နှစ်အထိ အသုံးပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်။

    Ref: Indian express

  • ဂျာနယ်လစ်ကာရှိုဂျီ အသတ်ခံရမှုတွင် ဆော်ဒီအိမ်ရှေ့မင်းသား ပါဝင်နေဟု ကုလ ထုတ်ပြန်

    ဂျာနယ်လစ်ကာရှိုဂျီ အသတ်ခံရမှုတွင် ဆော်ဒီအိမ်ရှေ့မင်းသား ပါဝင်နေဟု ကုလ ထုတ်ပြန်

    ဇွန် ၂၀၊ ၂၀၁၉
    M-Media

    -ပြီးခဲ့တဲ့နှစ်က ဆော်ဒီဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ သတ်ဖြတ်ခံရမှုဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ တိုက်ရိုက် ဆက်နွယ်ပတ်သက်နေတယ်လို့ ကုလက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပြီး သတ်ဖြတ်မှု အသံမှတ်တမ်း အသေးစိတ်ကိုလည်း ဖော်ပြခဲ့ပါတယ်။

    ကာရှိုဂျီဟာ အောက်တိုဘာလ ၂ ရက်နေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးကို ၀င်သွားပြီးတဲ့နောက် ပျောက်ဆုံးသွားခဲ့တာပါ။ တူရကီက ကာရှိုဂျီဟာ ကောင်စစ်ဝန်ရုံးထဲမှာပဲ သတ်ဖြတ်၊ အပိုင်းပိုင်း ဖြတ်ခံလိုက်ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ကို ဆော်ဒီက ပထမပိုင်းမှာ ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ လက်ခံခဲ့ပြီး ၀န်ထမ်းတွေနဲ့ စကားများရာကနေ သတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

    ကာရှိုဂျီကို စောင့်ဆိုင်းနေစဉ် သတ်ဖြတ်သူတွေရဲ့ ပြောကြားမှု၊ သတ်ဖြတ်ကာ၊ အပိုင်းပိုင်းခုတ်ထစ်မှု၊ အိတ်တွေနဲ့ခွဲကာ အပြင်ကို ယူဆောင် ဖျောက်ဖျက်မှု စတဲ့ အသေးစိတ် အချက်အလက်တွေကို ကုလရဲ့ မနေ့က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကုလဟာ တူရကီထောက်လှမ်းရေးမှာ ရှိနေတဲ့ အသံဖိုင်မှတ်တမ်းကို ကိုးကားခဲ့တာဖြစ်ပါတယ်။

    ဒီကိစ္စအတွက် ကုလရဲ့ စုံစမ်းစစ်ဆေးမှုက ၆ လ ကြာမြင့်ခဲ့ပါတယ်။ တရားလက်လွတ်သတ်ဖြတ်မှု၊ ဖမ်းဆီးမှု ဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် အဂ်နက်စ် ကလာမာ့ဒ်က ကာရှိုဂျီ သတ်ဖြတ်ခံရမှုဟာ ကြိုတင်စီစဉ် ဆောင်ရွက်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စအတွက် ဆော်ဒီအစိုးရမှာ တာဝန်ရှိပြီး၊ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် အပါအ၀င် ဆော်ဒီ ထိပ်ပိုင်းခေါင်းဆောင်တွေ ဒီကိစ္စမှာ ပါဝင်တယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိနေကြောင်း ကလာမာ့ဒ်က ထည့်သွင်းပြောကြားခဲ့သလို၊ နိုင်ငံတကာ အသိုင်းအဝိုင်းက စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ဖို့အတွက် အထွေအထွေအတွင်းရေးမှူးကို တိုက်တွန်းခဲ့ပါတယ်။

    ဆော်ဒီကတော့ ကုလရဲ့ ဒီထုတ်ပြန်ချက်တွေကို ပယ်ချခဲ့ပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ တူရကီက အစီရင်ခံစာကို လက်ခံကြောင်း ကြေငြာခဲ့ပါတယ်။

    ကာရှိုဂျီဟာ ဝါရှင်တန်ုပို့စ် သတင်းစာရဲ့ သတင်းထောက်တစ်ဦးဖြစ်ပြီး ဆော်ဒီ ဘုရင်မိသားစုနဲ့ အစိုးရတို့ကို ဝေဖန်ရေးသားလေ့ရှိသူလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • H1N1 ကြောင့် ၃ ဦးသေဆုံးဟာ ကျန်းမာရေးဝန်ကြီးဌာန အတည်ပြု

    H1N1 ကြောင့် ၃ ဦးသေဆုံးဟာ ကျန်းမာရေးဝန်ကြီးဌာန အတည်ပြု

    ဇွန် ၂၀၊ ၂၀၁၉
    M-Media


    H1N1 ကြောင့် သေဆုံးသွားသူတစ်ဦး၏ ဈာပန (Photo Credit – Irrawaddy)

    -ကူးစက်မြန် H1N1 တုပ်ကွေး ရောဂါကြောင့် ရန်ကုန်မြို့မှာ လူ ၃ ဦး သေဆုံးခဲ့ပြီး အခြား ၄ ဦးမှာလည်း ဒီရောဂါပိုး ကူးစက်နေတယ်ဆိုတာ တွေ့ခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။

    ကော့မှူးမြို့နယ်က အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပထမဆုံး သေဆုံးခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့မှာတော့ စမ်းချောင်းက အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပါတယ်။

    မနေ့က ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျန်းမာရေးတာဝန်ရှိသူတွေက ကူးစက်ခံထားရတယ်လို့ သံသယရှိသူ ၂၀ ကို စစ်ဆေးရာမှာ ၇ ဦး ကူးစက်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ ရောဂါကူးစက်နေသူ နောက်ထပ် ၄ ဦးကို မြောက်ဥက္ကလာပ ဆေးရုံ၊ အင်းစိန်ဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးတို့မှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။

    “၂၀၁၇ ခုနှစ်တုန်းကလည်း ကျွန်တော်တို့ ဒီလို အခြေအနေမျိုး ကြုံတွေ့ခဲ့ရပါတယ်။ ပြည်သူလူထုအနေနဲ့ အရမ်းမစိုးရိမ်ဖို့ တိုက်တွန်းလိုပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အကြီးအကဲ ဒေါက်တာထွန်းမြင့်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး ထိထိရောက်ရောက် ကုသနိုင်ဖို့အတွက် လိုအပ်တဲ့ ကြိုတင်ဆောင်ရွက်မှုတွေ လုပ်ဆောင်ထားတယ်လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ရောဂါကူးစက်မှုမရှိစေရေးအတွက် နှာချေ၊ ချောင်းဆိုတဲ့အခါမျိုးမှာ နှာခေါင်းနဲ့ ပါးစပ်တွေကို အုပ်ထားဖို့၊ အိပ်ရေး၀၀အိပ်ဖို့၊ ရေများများသောက်ဖို့၊ လက်တွေကို မကြာခဏ ဆေးကြောပေးဖို့၊ နေ့ဘက် အရမ်းပူပြင်းတဲ့အချိန်မျိုးမှာ အပြင်မထွက်ဖို့လည်း ကျန်းမာရေး အာဏာပိုင်တွေက လူထုကို တိုက်တွန်းထားပါတယ်။

    H1N1 ရောဂါဟာ ၂၀၀၉ ခုနှစ်ကစလို့ နှစ်စဉ် ပုံမှန် ဖြစ်ပွားခဲ့ပြီး ရောဂါလက္ခဏာတွေက ရာသီတုပ်ကွေးဖြစ်တာ၊ ချောင်းဆိုတာ၊ အဖျားတက်တာ၊ လည်ချောင်းနာတာ၊ နှာစေးတာ၊ ခန္ဓာကိုယ်ယားယံတာ၊ ခေါင်းကိုက်တာ၊ အဖျားကြီးပြီး၊ သတိလစ်မေ့မျောတာတွေ ဖြစ်ပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • လေပိုင်နက်ထဲဝင်လာသည့် အမေရိကန်ဒရုန်းကို အီရန်ပစ်ချ

    လေပိုင်နက်ထဲဝင်လာသည့် အမေရိကန်ဒရုန်းကို အီရန်ပစ်ချ

    ဇွန် ၂၀၊ ၂၀၁၉
    M-Media

    -နိုင်ငံပိုင်နက်ထဲ ၀င်ရောက်လာတဲ့ အမေရိကန် မောင်းသူမဲ့လေယာဉ်တစ်စင်းကို ဒုံးကျည်နဲ့ ပစ်ချလိုက်တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပြီး အမေရိကန်က လေယာဉ်ဟာ နိုင်ငံတကာ လေပိုင်နက်ထဲမှာ ရှိနေတာလို့ ဆိုပါတယ်။

    ဒီအဖြစ်အပျက်ဟာ အီရန်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းပြည်နယ်တစ်ခုဖြစ်တဲ့ ဟော်မုဇ်ဂန်မှာ ဒီကနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။

    “နိုင်ငံတောင်ပိုင်း ဟောမုဇ်ဂန်ပြည်နယ်မှာ အမေရိကန်လုပ် Global Hawk ထောက်လှမ်းရေး ဒရုန်းကို ပစ်ချခဲ့ပါတယ်။ ခူမိုဘာရက် ခရိုင်အနီးက အီရန်လေပိုင်နက်ထဲကို ၀င်ရောက်လာတဲ့အချိန်မှာ ပစ်ချခဲ့တာ ဖြစ်ပါတယ်” လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    အမေရိကန် တာဝန်ရှိသူတွေက မောင်းသူမဲ့လေယာဉ်တစ်စင်း မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်နဲ့ ပစ်ချခံလိုက်ရတာကို အတည်ပြုခဲ့ပေမယ့် လေယာဉ်ဟာ အီရန်ပိုင်နက်ထဲကို မရောက်ဘဲ နိုင်ငံတကာ လေပိုင်နက်ထဲမှာပဲ ရှိနေခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

    နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် ပေါ်ပေါက်လာတဲ့ ဒီအဖြစ်အပျက်ဟာ အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတစ်ခုကို အီရန်က တိုက်ရိုက်တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ ပစ်ချမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို အီရန်က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီက မိမိတို့အနေနဲ့ အခြားတိုင်းပြည်တွေနဲ့ စစ်တိုက်ဖို့ ဆန္ဒမရှိပေမယ့် စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေတယ်ဆိုတဲ့ ‘သတင်းစကား’ ကို ရှင်းရှင်းလင်းလင်းပေးလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အီရန် နိုင်ငံတော်လုံခြုံရေးကောင်စီ အတွင်းရေးမှူးကလည်း မိမိတို့ပိုင်နက်ကို ချိုးဖောက်မှုအပေါ် ပြတ်ပြတ်သားသား တုန့်ပြန်သွားမယ်လို့ Tasnim သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera