News @ M-Media

Author: Ko Lay

  • မလေးရှားဘုရင် အပြောင်းအလဲဖြစ်မည်

    မလေးရှားဘုရင် အပြောင်းအလဲဖြစ်မည်

    အောက်တိုဘာ ၂၈၊ ၂၀၂၃

    M-Media 


    -လာမယ့်နှစ်မှာ သက်တမ်းကုန်မယ့် မလေးရှားဘုရင်မင်းမြတ်နေရာကို ဂျိုဟိုးပြည်နယ်စော်ဘွား ဆူလ်တန် အီဘရာဟင် ဆူလ်တန် အစ္စကန်ဒါက ဆက်ခံသွားမယ်လို့ မလေးရှား နန်းတော်ထိန်းက သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 

    မလေးရှားမှာ ပြည်နယ်တွေကို မျိုးရိုးစဥ်ဆက် အုပ်စိုးလာတဲ့ စော်ဘွား ၉ ဦးရှိပြီး ၅ နှစ်တစ်ကြိမ် နိုင်ငံတော်ဘုရင်နေရာကို တာ၀န်ယူဆောင်ရွက်ရတာဖြစ်ပါတယ်။ 

    ဆူလ်တန် အစ္စကန်ဒါဟာ ဖခင်ဖြစ်သူ တာ၀န်ယူပြီး ၃၄ နှစ်အကြာမှ ပထမဆုံးအကြိမ် ဒီနေရာကို တာ၀န်ယူရတာ ဖြစ်ပါတယ်။ 

    မလေးရှားဟာ စည်းမျဥ်ခံဘုရင်စနစ်ဖြစ်ပြီး ဘုရင်မင်းမြတ်ဟာ နိုင်ငံရဲ့ ဦးသျှောင်ဖြစ်ပါတယ်။ ဘုရင်ဟာ အုပ်ချုပ်ရေးပိုင်းမှာ ၀င်ရောက်စွက်ဖက်တာမျိုးမရှိဘဲ နိုင်ငံရေးပါတီတွေအကြား၊ လူ့အဖွဲ့အစည်းတွေအကြား သဟဇတဖြစ်အောင် အဓိက ဆောင်ရွက်ပေးပါတယ်။ 

    လက်ရှိ မလေးရှားဘုရင်မင်းမြတ်ဟာ ပါဟန်းပြည်နယ်စော်ဘွား အလ်-ဆူလ်တန် အဘ်ဒူလာ ရီအာယာသွတ်ဒင်း အလ်-မွတ်စ်တာဖာ ဘီလားရှားဖြစ်ပါတယ်။ သူ့ရဲ့သက်တမ်းဟာ ၂၀၂၄ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်နေ့မှာ ကုန်ဆုံးမှာပါ။ 

    သောကြာနေ့က စော်ဘွား ၉ ဦးရဲ့ တံခါးပိတ်အစည်းအ၀ေးမှာ ဂျိုးဟိုးစော်ဘွား ဆူလ်တန် အစ္စကန်ဒါကို ဘုရင်သစ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်တာဖြစ်ပါတယ်။ 

    ဘုရင်သစ်ဟာ ၂၀၂၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့က စတင်ကာ နောက်ငါးနှစ် တာ၀န်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ လက်ထောက်ဘုရင်အဖြစ် ပဲရက်ပြည်နယ်စော်ဘွား ဆူလ်တန် နာဇရင် မူအစ်ဇွတ်ဒင်းရှားက ရွေးချယ်ခံရပါတယ်။ 

    ဘယ်လိုလူလဲ 

    ဂျိုဟိုးပြည်နယ်စော်ဘွား ဆူလ်တန် အစ္စကန်ဒါဟာ ပွင့်ပွင့်လင်းလင်း ပြောတတ်သူအဖြစ် ထင်ရှားပါတယ်။ 

    မလေးရှားနိုင်ငံရေးကို ထောက်ပြပြောဆိုတတ်တာကြောင့် အစိုးရအကြီးအကဲတွေ၊ ၀န်ကြီးချုပ်တွေနဲ့ မကျေလည်မှုတွေ အရင်က ရှိခဲ့ဖူးပါတယ်။ 

    ခြစားမှုတိုက်ဖျက်ရေး၊ နိုင်ငံသားတိုင်း တန်းတူညီမျှရှိရေး၊ နိုင်ငံရေးမှာ ဘာသာရေးမစွက်ရေး ပွင့်ပွင့်လင်းလင်းပြတ်ပြတ်သားသား ပြောဆိုတတ်ပြီး လက်ရှိ ၀န်ကြီးချုပ် အန်န၀ါ အီဘရာဟင်နဲ့ သဘောထားချင်း တူညီမှုရှိတယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    ဆူလ်တန် အစ္စကန်ဒါရဲ့ ကြင်ယာတော်က မိဖုရား ရာဂျာ ဇာရစ် ဆူလ်တန် အီဒရစ်ရှား ဖြစ်ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်ကနေ တရုတ်ဆိုင်ရာလေ့လာရေးဘာသာရပ်နဲ့ ဘွဲ့ရထားပြီး ခင်ပွန်းသည်နဲ့ အမြင်ချင်းထပ်တူကျသူ ဖြစ်ပါတယ်။

    Ref: CNA

  • လူ ၁၈ ယောက်သတ်ဖြတ်ခဲ့သည့် ကန်လူသတ်သမားကို သေဆုံးလျက်တွေ့

    လူ ၁၈ ယောက်သတ်ဖြတ်ခဲ့သည့် ကန်လူသတ်သမားကို သေဆုံးလျက်တွေ့

    အောက်တိုဘာ ၂၈၊ ၂၀၂၃
    M-Media 

    (ဓာတ်ပုံ – ရောဘတ်ကတ်)

    -ဗုဒ္ဓဟူးနေ့က မိန်းမြို့မှာ ပစ်ခတ်မှုလုပ်ခဲ့တဲ့ သေနတ်သမားကို သောကြာနေ့ညပိုင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ကန်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

    အသက် ၄၀ အရွယ် အမေရိကန်စစ်သားဟောင်း ရောဘတ်ကတ် ဆိုသူဟာ မိန်းမြို့က ဘားတစ်ခုနဲ့ ဘိုလင်းရုံတစ်ခုတို့မှာ သေနတ်နဲ့ ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး အသက် ၁၄ နှစ်ကနေ ၇၆ နှစ်အရွယ် လူ ၁၈ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ 

    ရောဘတ်ကတ်ကို ပိုက်စိပ်တိုက် လိုက်လံရှာဖွေရာမှာ ပစ်ခတ်မှုဖြစ်ပွားတဲ့ မိန်းမြို့နဲ့ သိပ်မ၀ေးတဲ့ လစ္စဘွန်းမြို့မှာ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

    မိမိကိုယ်ကို ပစ်ထားတယ်လို့ ယူဆရတဲ့ ဒဏ်ရာနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။ ရောဘတ်ကတ်ဟာ သူပိုင်ဆိုင်တဲ့နေအိမ်မှာ စာတစ်စောင် ချန်ထားခဲ့ပေမယ့် တိုက်ခိုက်မှုလုပ်ရပ်တဲ့ အကြောင်းအရင်းကို ရေးမထားဘူးလို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    Ref: BBC

  • သမိုင်းက သက်သေတည်နေတဲ့ ဂျူးလက်နက်ကိုင်များ၏ နယ်မြေခိုးယူမှု

    သမိုင်းက သက်သေတည်နေတဲ့ ဂျူးလက်နက်ကိုင်များ၏ နယ်မြေခိုးယူမှု

    အောက်တိုဘာ ၂၈၊ ၂၀၂၃

    M-Media 


    -အောက်ပါမြေပုံဟာ ၁၉၄၇ ခုနှစ်မှာ National Geographic အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းမြေပုံဖြစ်ပါတယ်။ 

    ဒီမြေပုံထဲမှာ အီဂျစ်၊ ပါလက်စတိုင်း၊ ထရန်စ်ဂျော်ဒန်နဲ့ ဆီးရီးယားနိုင်ငံတို့ကို တွေ့ရပြီး ယနေ့ခေတ် ပါလက်စတိုင်းတွေကို သတ်ဖြတ်နေတဲ့ အစ္စရေးနိုင်ငံဆိုတာ မရှိသေးပါဘူး။ 

    နာဇီရန်ကြောင့် ပါလက်စတိုင်းကို ခိုလှုံလာတဲ့ ဂျူးတွေဟာ ဗြိတိန်ရဲ့ ပံ့ပိုးမှုနဲ့ လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းကာ ပါလက်စတိုင်းတွေရဲ့ နယ်မြေကို တိုက်ခိုက်သိမ်းယူပြီး ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံအဖြစ် ထူထောင်ခဲ့တာဖြစ်ပါတယ်။ 

    National Geographic ရဲ့ အခုမှတ်တမ်းဟာ ပါလက်စတိုင်းတွေ နိုင်ငံပျောက်ဆုံးသွားမှု သက်သေအထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။

    Ref: National Geographic

  • ဂါဇာကို အမှောင်ချကာ တိုက်ခိုက်သတ်ဖြတ်မှုများကို အစ္စရေးက ဆက်လက်ကျူးလွန်နေ

    ဂါဇာကို အမှောင်ချကာ တိုက်ခိုက်သတ်ဖြတ်မှုများကို အစ္စရေးက ဆက်လက်ကျူးလွန်နေ

    အောက်တိုဘာ ၂၈၊ ၂၀၂၃

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ သောကြာနေ့အစောပိုင်းကစတင်ကာ ပြတ်တောက်သွားခဲ့ပြီး အစ္စရေးက သတ်ဖြတ်မှုတွေ စိတ်ကြိုက် လုပ်ဆောင်လာပါတယ်။ 

    အစ္စရေးရဲ့ ရက် ၂၀ ကျော်ကြာ ပိတ်ဆို့ တိုက်ခိုက်မှုတွေကြောင့် ဂါဇာပြည်သူတွေဟာ အစာရေစာနဲ့ လောင်စာ ပြတ်လတ်နေတာပါ။ လျှပ်စစ်ဓာတ်အားကိုလည်း အစ္စရေးက ဖြတ်တောက်ထားပြီး၊ တိုက်ခိုက်မှုတွေကြောင့် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်သွားပါတယ်။ 

    လေကြောင်းက တိုက်ခိုက်မှုတွေကို အစ္စရေးက တိုးမြှင့်လုပ်ဆောင်နေပြီး မြေပြင်တပ်တွေ အပြည့်အ၀ ၀င်ရောက်တိုက်ခိုက်ဖို့အတွက်လည်း စီစဥ်နေပါတယ်။ 

    အစ္စရေးလက်ချက်ကြောင့် ဂါဇာမှာ သေဆုံးသူ ၇ ထောင် ကျော်လာပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေပါ။ ဂါဇာအမှောင်ကျနေချိန် အစ္စရေးက ပါလက်စတိုင်းပြည်သူတွေအပေါ် တိုက်ခိုက်သတ်ဖြတ်မှုတွေ ပိုမို လုပ်ဆောင်လာနိုင်တဲ့ အခြေအနေမျိုး ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    Ref: Aljazeera 

  • ဂါဇာမှာ အပစ်ရပ်ရေး တောင်းဆိုလိုက်တဲ့ ဂျူးများ

    ဂါဇာမှာ အပစ်ရပ်ရေး တောင်းဆိုလိုက်တဲ့ ဂျူးများ

    အောက်တိုဘာ ၂၈၊ ၂၀၂၃

    M-Media 


    -အစ္စရေးက ဂါဇာပြည်သူတွေအပေါ် တိုက်ခိုက်သတ်ဖြတ်နေမှုကို ချက်ခြင်းရပ်တန့်ဖို့အတွက် အမေရိကန်မှာရှိတဲ့ ဂျူးအဖွဲ့ Jewish Voice for Peace က တောင်းဆိုလိုက်ပါတယ်။ 

    နယူးယောက်မြို့ရဲ့ ဘူတာကြီးမှာ ဒီအဖွဲ့က ဦးဆောင်ကာ သောကြောနေ့က ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး လူထောင်ချီ တက်ရောက် ပါ၀င်ခဲ့ကြပါတယ်။

    “၂ ပတ်အတွင်းမှာ ပါလက်စတိုင်း ၇ ထောင်ကျော်၊ အစ္စရေး ၁၄၀၀ အသတ်ခံခဲ့ရပါပြီ။ ဂါဇာက ရပ်ကွက်တွေကို အစ္စရေးလေယာဥ်တွေက စိစိညက်ညက်ကြေအောင် လုပ်နေပြီး အမေရိကန်အစိုးရကလည်း ဒါကို ပံ့ပိုးပေးနေပါတယ်” လို့ အဖွဲ့ရဲ့ ဆိုရှယ်မီဒီယာကနေတစ်ဆင့် ရှုတ်ချပြောဆိုခဲ့ပါတယ်။ 

    Ref: Aljazeera