News @ M-Media

Author: Ko Lay

  • ခရစ်တော်၏ စကားအမွေကို ဆက်ခံထားသည့် ဆီးရီးယားခရစ်ယာန်များ၏ 

    ခရစ်တော်၏ စကားအမွေကို ဆက်ခံထားသည့် ဆီးရီးယားခရစ်ယာန်များ၏ 

    ဒီဇင်ဘာ ၂၈၊ ၂၀၁၈
    M-Media

    – အင်္ဂါနေ့က ခရစ္စမတ်ပွဲတော် ဆင်နွှဲကြတဲ့ နေရာတွေထဲမှာ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့နားမှာရှိတဲ့ မာလူလာ မြို့ငယ်လေးလည်း ပါဝင်ပါတယ်။ မာလူလာမြို့သားတွေဟာ ယေရှုခရစ်တော် အသုံးပြုခဲ့တဲ့ အာရမစ်စကားကို ပြောဆိုကြသူတွေ ဖြစ်ပါတယ်။

    တောင်တန်းဒေသပေါ်မှာရှိတဲ့ အဲဒီ မာလူလာမြိုလေးမှာ ရှေးဟောင်း ခရစ်ယာန်ဘုရားကျောင်း ၂ ခု တည်ရှိပါတယ်။ ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွေက အလ်ကိုင်းဒါးကို သစ္စာခံတဲ့ အုပ်စုတွေနဲ့ ဆီးရီးယားတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ဘုးကျောင်းတွေမှာ တစ်ပိုင်းတစ်စ ကျိုးပဲ့နေတဲ့ လက်ဝါးကပ်တိုင်တွ၊ ပျက်ဆီးနေတဲ့ ပန်းချီပန်းပုတွေကို တိုက်ပွဲရဲ့ အကြွင်းအကျန်တွေအဖြစ် ယခုအထိ တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။

    ဆီးရီးယားနိုင်ငံက ခရစ်ယာန်သာသနာရဲ့ ဘူမိနက်သန်ဖြစ်တဲ့ အဲဒီမြို့မှာ ပြန်လည်ငြိမ်းချမ်းလာပြီးတဲ့နောက် ခရစ်ယာန်ဘာသာဝင်တွေဟာ ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းတွေမှာ မိသားစုနဲ့အတူ ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။

    “အကြမ်းဖက်ဝါဒရဲ့ဒဏ်ကို ဒီဘုရားကျောင်းက ခံခဲ့ရပြီး ပျက်ဆီးဆုံးရှုံးမှု၊ လုယက်ခံရမှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ကျွန်တော်တို့ဟာ ဒီဘုရားကျောင်းကို ပြန်လည်အသက်သွင်းနိုင်ခဲ့သလို ယုံကြည်သူတွေကလည်း ဒီဘုရားကျောင်းကို လာရောက်ကာ ကောင်းချီးခံယူတာ၊ ၀တ်ပြုဆုတောင်းတာ၊ ဘာသာရေးထုံးတမ်းဓလေ့တွေအတိုင်း ဆောင်ရွက်တာတွေ ရှိလာခဲ့ပါပြီ” လို့ Mar Thecla ဘုရားကျောင်းရဲ့ ဘုန်းတော်ကြီး မတ္တာ ရစ်ဇ်က ပြောကြားခဲ့ပါတယ်။

    ပြည်တွင်းစစ်ဒဏ်ကို ၇ နှစ်ကြာ ခံစားနေရတဲ့ ဆီးရီးယားနိုင်ငံရဲ့ လူဦးရေဟာ စစ်မဖြစ်ခင်က ၂၃ သန်း ရှိခဲ့ပြီး အဲဒီအထဲက ၁၀ ရာခိုင်နှုန်းဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပါတယ်။ အရှေ့တိုင်းအော်သိုဒေါ့စ်အသင်းတော်ဟာ ဆီးရီးယားနိုင်က အကြီးဆုံး ခရစ်ယာန်အသင်းတော်ဖြစ်ပြီး ကက်သလစ်၊ အာမေးနီးယန်းအသင်းတော်တွေလည်း ရှိနေပါတယ်။

    Ref: RT

  • ကမ္ဘာ့ပုလိပ်လုပ်နေမှုကို အဆုံးသတ်တော့မည်ဟု အမေရိကန်သမ္မတ ပြော

    ကမ္ဘာ့ပုလိပ်လုပ်နေမှုကို အဆုံးသတ်တော့မည်ဟု အမေရိကန်သမ္မတ ပြော

    ဒီဇင်ဘာ ၂၇၊ ၂၀၁၈
    M-Media

    အမေရိကန်တပ်ဖွဲ့ဝင်များနှင့် ဓာတ်ပုံရိုက်နေသည့် ဒေါ်နယ်ထရမ့်

    – အမေရိကန်အနေဖြင့် ‘ကမ္ဘာ့ပုလိပ်’ လုပ်နေရမှု ရပ်တန့်ချိန်တန်ပြီလို့ အီရတ်က တပ်ဖွဲ့တွေကို ရုတ်တရတ် သွားရောက်တွေ့ဆုံမှုအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

    ထရမ့်ဟာ မနေ့ကညပိုင်းမှာ မြို့တော် ဘဂ္ဂဒတ်မြောက်ပိုင်းက အမရေိကန် လေတပ်အခြေစိုက်စခန်းကို အံ့အားသင့်ဖွယ် ရောက်လာခဲ့ပြီး အီရတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အထူးတပ်ဖွဲ့ဝင် ၁၀၀ လောက်ကို မိန့်ခွန်းပြောခဲ့ပါတယ်။

    နောက်ပိုင်းမှာ အီရတ်က အမေရိကန်တပ်ဖွဲ့အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး အီရသတ်မ္မတ အဒဲလ် အဘ်ဒဲလ် မဟ်ဒီနဲ့ တွေ့ဆုံမယ့်အစီအစဉ်ကို ဖျက်သိမ်းကာ ဖုန်းနဲ့သာ စကားပြောဆိုခဲ့ပါတယ်။

    ထရမ့်ဟာ သမ္မတရာထူးကို ရယူခဲ့ပြီးတဲ့နောက် ပဋိပက္ခဖြစ်ပွားတဲ့ဒေသကို ပထမဆုံးအကြိမ် သွားရောက်တာလည်း ဖြစ်ပါတယ်။

    စစ်သားတွေကို မိန့်ခွန်းပြောကြားမှုအတွင်း ထရမ့်က သူ့ရဲ့ ‘အမေရိကန်သာပထမ’ ပေါ်လစီကို ကာကွယ်ပြောဆိုခဲ့ပြီး ရှေ့ဆက်ပြီး ကမ္ဘာ့ပုလိပ် မလုပ်တော့ဘူးလို့ ဆိုပါတယ်။

    “၀န်ထုတ်ဝန်ပိုးအားလုံးကို ငါတို့ချည်းထမ်းထားရတာ မတရားပါဘူး။ အခြားတိုင်းပြည်တွေက ငါတို့နဲ့ ငါတို့ရဲ့ တောင့်တင်းတဲ့စစ်အင်အားကို အသုံးချပြီး အကာအကွယ်ယူနေတာမျိုး အဖြစ်မခံချင်တော့ဘူး။ ဒီအတွက် အရင်က ပိုက်ဆံမပေးရပေမယ့် အခု ပေးရတော့မှာပါ။ ငါတို့ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြန့်ကျက်ထားရပါတယ်။ လူတွေ မကြားဘူးတဲ့ နိုင်ငံတွေမှာတောင် ငါတို့တွေ ရှိနေရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါဟာ အဓိပ္ပါယ်မရှိပါဘူး”

    ဆီးရီးယားက အမေရိကန်တပ်တွေအားလုံးကို ပြန်လည်ရုပ်သိမ်းတော့မယ်လို့ ထရမ့်က ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပေမယ့် အီရတ်ကတပ်တွေကိုတော့ ရုပ်သိမ်းမှာမဟုတ်ဘူးလို့ မနေ့က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ကျူးကျော်မှု ပြီးဆုံးပြီ

    အီရတ်နိုင်ငံရေးခေါင်းဆောင်တစ်ချို့ကတော့ ထရမ့်ရဲ့ ဒီလို လာရောက်မှုကို ရှုတ်ချခဲ့ပြီး အမေရိကန်ရဲ့ကျူးကျော်မှုဟာ ပြီးဆုံးသွားခဲ့ပြီလို့ တုန့်ပြန်ခဲ့ပါတယ်။

    အီရတ်လွှတ်တော်က Islah အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆာဘာဟ် အလ်-ဆအာဒီက ‘ထရမ့်ရဲ့ လည်ပတ်မှုဟာ အီရတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်ပြီး ထရမ့်အနေနဲ့ သူ့ရဲ့စည်းကို သိသင့်ကြောင်း၊ အီရတ်ကို အမေရိကန်ရဲ့ကျူးကျော်မှုဟာ ပြီးဆုံးသွားပြီဖြစ်ကြောင်း’ ပြောကြားခဲ့ကာ ဒီကိစ္စအတွက် လွှတ်တော်မှာ ဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်။

    Islah အဖွဲ့နဲ့ စင်ပြိုင်အဖွဲ့ဖြစ်တဲ့ Bina အဖွဲ့ခေါင်းဆောင် ဟာဒီ အလ်-အမီရီကလည်း ထရမ့် အီရတ်ကိုလာရောက်မှုကို ကန့်ကွက်ခဲ့ပါတယ်။

    “ထရမ့်ရဲ့ လာရောက်မှုဟာ သံတမန်စံနှုန်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု ဖြစ်ပြီး အီရတ်အစိုးရအပေါ် မကျေနပ်မှု၊ ရန်လိုမှုကို ပြသတာလည်း ဖြစ်ပါတယ်”

    အီရတ်ကို ထရမ့်ရဲ့ ၃ နာရီကြာ လာရောက်မှုအတွင်း အီရတ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ခြင်းမရှိဘဲ ၀န်ကြီးချုပ် မဟ်ဒီနဲ့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပေမယ့် လေတပ်စခန်းမှာတွေ့ဆုံဖို့ ထရမ့်ရဲ့ ချိန်းဆိုမှုကို အီရတ်ဝန်ကြီးချုပ်က လက်မခံတာကြောင့် မတွေ့ဖြစ်ခဲ့ပါဘူး။

    လက်ရှိ အီရတ်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၅၂၀၀ လောက်ရှိနေပြီး အီရတ်တပ်ဖွဲ့တွေကို လေ့ကျင့်သင်ကြားမှုတွေ၊ အကြံဉာဏ်ပေးမှုတွေ ပြုလုပ်နေပါတယ်။

    Ref: Aljazeera

  • အမေရိကန်စွန့်စားသွားလာသူတစ်ဦး အန်တာတိကတိုက်ကို တစ်ယောက်တည်းဖြတ်နိုင်သည့်စံချိန် ရရှိ

    အမေရိကန်စွန့်စားသွားလာသူတစ်ဦး အန်တာတိကတိုက်ကို တစ်ယောက်တည်းဖြတ်နိုင်သည့်စံချိန် ရရှိ

    ဒီဇင်ဘာ ၂၇၊ ၂၀၁၈
    M-Media

    – အမေရိကန် အသက် ၃၃ နှစ်အရွယ် စွန့်စားခရီးသွားသူ ကိုလင် အို ဘရာဒီဟာ ရေခဲတွေ၊ ဆီးနှင်းတွေ ဖုံးလွှမ်းနေတဲ့ အန်တာတိကတိုက်ကို အကူအညီမယူဘဲ ဖြတ်သန်းနိုင်တဲ့ ကမ္ဘာ့ပထမဆုံးလူသား ဖြစ်လာခဲ့ပါတယ်။

    ဘရာဒီဟာ ၉၁၂ မိုင်ရှည်လျားတဲ့ ခရီးစဉ်ကို ၅၃ ရက်နဲ့ အရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

    “ကျွန်တော် မောနေပြီ၊ ပင်လည်းပင်ပန်းနေပါပြီ။ ဒါပေမယ့် နေ့စဉ် ပုံမှန်တိုးတက်မှုတော့ ရှိနေပါတယ်” လို့ ဘရာဒီက ခရီးစဉ် ၄၇ ရက်မြောက်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က ဂြိုဟ်တုဖုန်းကနေတစ်ဆင့် ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    အန်တာတိကတိုက်ကို အခြားအကူအညီမပါဘဲ တစ်ဦးတည်းဖြတ်သန်းဖို့ အရင်က ကြိုးစားခဲ့ကြသူတွေလည်း ရှိခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်က ဗြိတိသျှစစ်သားဟောင်းတစ်ဦးဟာ ခရီးစဉ်အတွင်း သေဆုံးခဲ့ပါတယ်။

    ဘရာဒီနဲ့ ဗြိတိသျှစစ်တပ်က အသက် ၄၉ နှစ်အရွယ် ဗိုလ်ကြီး လူးဝစ်ရုဒ်တို့ဟာ နိုဝင်ဘာ ၃ ရက်နေ့က ဒီခရီးစဉ်ကို စတင်ခဲ့တာဖြစ်ပြီး အိုဘရာဒီက အရင် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

    ဘရာဒီဟာ ၂၀၀၈ ခုနှစ်က ထိုင်းနိုင်ငံ အလည်အပတ်ခရီးမှာ မီးလောင်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး ခန္ဓာကိုရဲ့ ၂၅ ရာခိုင်နှုန်းကို ထိခိုက်သွားခဲ့ပါတယ်။ ဆရာဝန်က ဘယ်တော့မှ ပုံမှန်အတိုင်း လမ်းလျှောက်လို့မရဘူးလို့ ပြောခဲ့ပေမယ့် သူဟာ ဇွဲမလျှော့ခဲ့ဘဲ နေပြန်ကောင်းတဲ့အချိန်မှာ ရေကူး-စက်ဘီးစီး-အပြေး ၃ မျိုးစုံပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

    နောက်ပိုင်းမှာ ကမ္ဘာတိုက်ကြီးတွေမှာရှိတဲ့ အမြင့်ဆုံး တောင် ၇ ခုကို တက်ရောက်နိုင်ခဲ့ပြီး၊ မြောက်ဝင်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်းတွေကိုလည်း နှင်းလျှောစီးကာ ဖြတ်ပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘရာဒီဟာ အမေရိကန်ရဲ့ ပြည်နယ်တိုင်းမှာရှိတဲ့ တောင်ထိပ်တွေကိုလည်း တက်ရောက်ခဲ့ပါတယ်။

    ဘရာဒီဟာ သူ့ရဲ့ကြိုးပမ်းမှုတိုင်းကို ဆိုရှယ်မီဒီယာအကောင့်တွေမှာ လွှင့်တင်လေ့ရှိပြီး သူ့ခြေရာနင်းချင်ကြတဲ့ ကျောင်းသားလူငယ်တွေရဲ့ မေးမြန်းမှုတွေကိုလည်း ညစဉ်ညတိုင်း ဂြိုဟ်တုဖုန်းကနေတစ်ဆင့် ဖြေကြားပေးလေ့ ရှိပါတယ်။

    ဘရာဒီနဲ့အတူ အန်တာတိကခရီးကို သွားရောက်တဲ့ ဗိုလ်ကြီးရုဒ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဒီခရီးကို သွားရောက်ရင်း သေဆုံးခဲ့ရတဲ့ ဟင်နီဝေါ်စလီရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်ပါတယ်။ ဝေါ်စလီဟာ နောက်ဆုံးပန်းတိုင်နဲ့ မိုင် ၃၀ အလိုကို ရောက်ရှိချိန်မှာ နေမကောင်းဖြစ်လာတဲ့အတွက် ကယ်ဆယ်ခဲ့ရပြီး နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။

    Ref: BBC

  • အသံထက်မြန်သည့် ဒုံးကျည်သစ်တစ်မျိုးကို ရုရှားက အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

    အသံထက်မြန်သည့် ဒုံးကျည်သစ်တစ်မျိုးကို ရုရှားက အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

    ဒီဇင်ဘာ ၂၇၊ ၂၀၁၈
    M-Media

    စမ်းသပ်ပစ်လွှတ်မှုအပြီးတွင် တွေ့ရသည့် ရုရှားသမ္မတ ပူတင်

    – အသံထက်မြန်တဲ့ ဒုံးကျည်အသစ်တစ်ခုကို ရုရှားက မနေ့မှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး လက်ရှိ ဘယ်ဒုံးခွင်းစနစ်နဲ့မှ ပစ်မချနိုင်တဲ့ ဒီဒုံးကျည်ဟာ လာမယ့် ဆယ်စုနှစ်တွေအတွင်း ရုရှားရဲ့ လုံခြုံရေးကို အာမခံပေးလိမ့်မယ်လို့ သမ္မတ ပူတင်က ပြောကြားခဲ့ပါတယ်။

    Avangard လို့ အမည်ပေးထားတဲ့ အဲဒီ ဒုံးကျည်ကို ရုရှားနိုင်ငံ တောင်ပိုင်း ယူရဲလ်တောင်တန်းမှာရှိတဲ့ အခြေစိုက်စခန်းကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ကီလိုမီတာ ၆၀၀၀ အကွာအဝေးမှာရှိတဲ့ ကမ်ချက်ကာဒေသက ပစ်မှတ်ကို ထိမှန်ခဲ့ပါတယ်။

    ပစ်လွှတ်မှုကို တက်ရောက်ကြည့်ရှုခဲ့တဲ့ ပူတင်က ဒီဒုံးကျည်ဟာ တိုင်းပြည်အတွက် နှစ်သစ်ကူးလက်ဆောင်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “Avangard ဒုံးကျည်ကို လက်ရှိ သုံးနေတဲ့ ဒုံးခွင်းစနစ်တွေ၊ ရန်သူတွေ အနာဂတ်မှာ ထုတ်လုပ်လာနိုင်တဲ့ ဒုံးခွင်းစနစ်တွေက ကြားဖြတ် ဟန့်တားနိုင်မှာ မဟုတ်ပါဘူး” လို့ ပူတင်ကဆိုပြီး ရုရှားစစ်တပ်ရဲ့ မဟာဗျူဟာဒုံးတပ်ဖွဲ့မှာ လာမယ့်နှစ် စတင်အသုံးပြုသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အခုနှစ်မတ်လက ရုရှားသမ္မတပူတင် ထုတ်ဖော်ပြသခဲ့တဲ့ နျူဒုံးကျည်တွေထဲမှာ အသံထက်မြန်တဲ့ Avangard ဒုံးကျည်လည်း ပါဝင်ပါတယ်။ ရုရှားရဲ့ နျူကလီးယား ကာကွယ်ရေးစွမ်းအားကို ချိနဲ့စေနိုင်မယ့် အမေရိကန်ရဲ့ ဒုံးခွင်းစနစ်တွေကို တုန့်ပြန်ဖို့အတွက် ဒီလက်နက်တွေ ထုတ်လုပ်သွားရမယ်လို့ အဲဒီအချိန်တုန်းက ပူတင်က ပြောကြားခဲ့ပါတယ်။

    အခုစမ်းသပ်လိုက်တဲ့ ဒုံးကျည်အသစ်ဟာ တိုက်ကြီးတွေကို ဖြတ်ကျော်ပစ်လွှတ်နိုင်ပြီး အသံထက် အဆ ၂၀ ပိုမြန်ကြောင်း၊ လက်ရှိ ဘယ်နိုင်ငံမှာမှ အသံထက်မြန်တဲ့ လက်နက်မျိုး မရှိသေးကြောင်း မနေ့က အခမ်းအနားမှာ ပူတင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • အာဖရိကတိုက် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သည့် ကုန်သွယ်ရေးဇုန် ဖြစ်လာတော့မည်

    အာဖရိကတိုက် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သည့် ကုန်သွယ်ရေးဇုန် ဖြစ်လာတော့မည်

    ဒီဇင်ဘာ ၂၆၊ ၂၀၁၈
    M-Media

    – အာဖရိကတိုက် လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန် AfCFTA ဖန်တီးရေး သဘောတူညီချက်မှာ ပါဝင်ဖို့အတွက် တောင်အာဖရိကနဲ့ တိုဂိုနိုင်ငံတို့ရဲ့ လွှတ်တော်တွေက အခုလအတွင်း ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အာဖရိကဟာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်တဲ့ ကုန်သွယ်မှုဧရိယာ ဖြစ်လာမယ့် လမ်းကြောင်းပေါ် ရောက်လာပြီ ဖြစ်ပါတယ်။

    AfCFTA သဘောတူညီချက်ဟာ လက်ရှိ ရှိနေတဲ့ ပို့ကုန်ခွန် ၆.၁ ရာခိုင်နှုန်းကို လျှော့ချပေးမှာဖြစ်ပြီး သွင်းကုန်ခွန်ကို ဖယ်ရှားပေးပြီးတဲ့နောက် အာဖရိကတိုက်အတွင်း ကုန်သွယ်ရေးတန်ဖိုးဟာ ၅၂ ရာခိုင်နှုန်းကျော် မြင့်တက်လာဖို့ ရှိနေပါတယ်။ အငယ်စားနဲ့ အလယ်စား စီးပွားရေးလုပ်ငန်းတွေ အာဖရိကတိုက်အနှံ့ ခြေဆန့်နိုင်ဖို့လည်း ဒီသဘောတူညီချက်က ရည်ရွယ်ပါတယ်။

    လက်ရှိမှာ AfCFTA သဘောတူညီချက်ကို လက်ခံကြောင်းပြောကြားတဲ့ အာဖရိကနိုင်ငံပေါင်း ၄၉ နိုင်ငံအထိ ရှိလာပြီး အကောင်အထည်ဖော်တဲ့အချိန်မှာ နိုင်ငံပေါင်း ၅၅ နိုင်ငံက လူပေါင်း ၁.၂ ဘီလီယံအထိ ဈေးကွက်ရှိမှာဖြစ်ကာ GDP တန်ဖိုးကလည်း ကန်ဒေါ်လာ ၃ ထရီလီယံ ဖြစ်လာမှာ ဖြစ်ပါတယ်။

    စီးပွားရေးပညာရှင်တွေက အခွန်ကင်းလွတ်တဲ့ စနစ်ကြောင့် အာဖရိကတိုက်ရဲ့ ဈေးကွက်ကို စုစည်းမိပြီး ကုန်ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ တိုးတက်လာလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

    အာဖရိက လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန် ဖန်တီးဖို့အတွက် အနည်းဆုံး နိုင်ငံ ၂၂ နိုင်ငံက လက်မှတ်ရေးထိုးရမှာဖြစ်ပြီး လက်ရှိ ၁၅ နိုင်ငံက လက်မှတ်ရေးထိုးထားကာ ၇ နိုင်ငံ လိုအပ်နေတာ ဖြစ်ပါတယ်။

    အာဖရိက လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန် AfCFTA တည်ထောင်ရေး လိုအပ်နေတဲ့မဲတွေကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာလုပ်မယ့် အာဖရိကသမဂ္ဂ (AU) ရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ရမယ်လို့ ယုံကြည်ကြောင်း AU ရဲ့ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ကော်မရှင်နာမင်းကြီး အဲလ်ဘတ် မူချန်ဂါက ပြောကြားခဲ့ပါတယ်။

    Ref: RT