News @ M-Media

Author: Ko Lay

  • စစ်တပ်အပေါ် ပိတ်ဆို့မှုအတွက် အမေရိကန်ကို တရုတ် ခြိမ်းခြောက်

    စစ်တပ်အပေါ် ပိတ်ဆို့မှုအတွက် အမေရိကန်ကို တရုတ် ခြိမ်းခြောက်

    စက်တင်ဘာ ၂၁၊ ၂၀၁၈
    M-Media

    – ရုရှားထံကနေ စစ်လက်နက်ပစ္စည်းတွေ ၀ယ်ယူမှုအတွက် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုကို ဖယ်ရှားပေးဖို့ တရုတ်က အမေရိကန်ကို တိုက်တွန်းလိုက်ပြီး အဲဒီလိုမှမဟုတ်ရင် ‘နောက်ဆက်တွဲဆိုးကျိုးတွေ’ ခံစားရမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

    တရုတ်ဟာ ရုရှားထံဆီကနေ SU-35 တိုက်လေယာဉ်တွေ၊ S-400 ဒုံးခွင်းနစ်တွေကို ၀ယ်ယူမှာဖြစ်ပါတယ်။ အမေရိကန်အစိုးရက ဒီလို ၀ယ်ယူမှုဟာ ယူကရိန်းကိစ္စနဲ့ ရုရှားအပေါ် သူတို့ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်တာဖြစ်တယ်လို့ မနေ့မှာ ပြောကြားခဲ့ပြီး တရုတ်စစ်တပ်အပေါ် ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

    တရုတ်ကတော့ အမေရိကန်အနေနဲ့ ဒီ ပိတ်ဆို့မှုတွေကို မဖယ်ရှားဘူးဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမယ်လို့ ဒီကနေ့မှာ သတိပေးခဲ့ပါတယ်။

    “အထက်ကပြောခဲ့တဲ့အတိုင်း အမေရိကန်ရဲ့ ကျိုးကြောင်းမဆီလျော်တဲ့ ဆောင်ရွက်မှုတွေအတွက် တရုတ်က တော်တော်လေး ခံပြင်းဒေါသထွက်ပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဂျန်ရွှန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ရုရှားကလည်း အမေရိကန်ဟာ မီးနဲ့ကစားနေပြီး ကမ္ဘာ့လက်နက်ဈေးကွက်မှာ ရုရှားကို ပိတ်ဆို့ဖို့ ကြိုးစားနေတယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

    အမေရိကန်က ရုရှားအပေါ် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုနဲ့ပတ်သက်ပြီး တတိယနိုင်ငံတစ်ခုကို အရေးယူတာဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

    ရုရှားရဲ့ ဒုံးခွင်းစနစ်တွေကို ၀ယ်ယူဖို့အတွက် တူရကီနဲ့ အိန္ဒိယတို့လည်း စိတ်ဝင်စားနေပါတယ်။

    Ref: Aljazeera

  • ဂါဇာတွင် အစ္စရေး၏လုပ်ရပ်များ စစ်ရာဇ၀တ်မှုမြောက်ဟု ဥရောပကိုယ်စားလှယ်ပြော

    ဂါဇာတွင် အစ္စရေး၏လုပ်ရပ်များ စစ်ရာဇ၀တ်မှုမြောက်ဟု ဥရောပကိုယ်စားလှယ်ပြော

    စက်တင်ဘာ ၂၁၊ ၂၀၁၈
    M-Media

    အစ္စရေး၏ ဖျက်ဆီးမှုကြောင့် အုတ်ပုံသာကျသည့် ဂါဇာမှ မြင်ကွင်းတစ်ခု

    – ပါလက်စတိုင်းပိုင် ဂါဇာဒေသနဲ့ပတ်သက်ပြီး အစ္စရေးရဲ့လုပ်ရပ်တွေဟာ စစ်ရာဇ၀တ်မှုတွေ ဖြစ်တယ်လို့ ဥရောပလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

    အစ္စရေးရဲ့ ပိတ်ဆို့ထားမှုကြောင့် ဂါဇာမှာ ဖြစ်ပေါ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို လေ့လာစောင့်ကြည့်ဖို့အတွက် ဥရောပလွှတ်တော်က ကိုယ်စားလှယ်အဖွဲ့ဟာ ဂါဇာကို ၃ ရက်တာ သွားရောက်ဖို့ စီစဉ်ထားတာပါ။

    ဒါပေမယ့် မနေ့က ဂါဇာကို ၀င်ရောက်ဖို့ ကြိုးစားရာမှာ အစ္စရေးက ၀င်ခွင့်မပြုခဲ့ပါဘူး။

    ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နီယွတ်လစ် ဆီလီကီယိုတစ်က အစ္စရေးရဲ့ ဒီလိုဝင်ခွင့်မပြုတဲ့ အဓိကအကြောင်းအရင်းဟာ ဂါဇာမှာ ဖြစ်ပျက်နေတာတွေကို ‘ဥရောပကိုယ်စားလှယ်အဖွဲ့ မြင်သွားမှာ စိုးရိမ်တဲ့အတွက်’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဂါဇာမှာဖြစ်ပျက်နေတာတွေဟာ စစ်ရာဇ၀တ်မှုလို့ ကျွန်တော်မြင်ပါတယ်။ ဒါကို နိုင်ငံတကာအသိုင်းအ၀ိုင်းကသိအောင် ကျွန်တော်တို့ လုပ်ရမယ်။ အစ္စရေးရဲ့ ကျူးကျော်အိမ်ယာတွေကလည်း စစ်ရာဇ၀တ်မှု ဖြစ်ပါတယ်”

    အစ္စရေးအာဏာပိုင်တွေဟာ ၂၀၁၁ ခုနှစ်ကတည်းက ဥရောပကိုယ်စားလှယ်အဖွဲ့ ဂါဇာကိုဝင်ရောက်ဖို့ ကြိုးစားမှုကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

    ဥရောပလွှတ်တော်က စောစောပိုင်းထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဆီလီကီယိုတစ်က ‘အစ္စရေးရဲ့ တရားမဲ့တဲ့ ဒီဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်း’ ဂါဇာက ဆိုးရွားတဲ့အချိန်အနေတွေကို ဥရောပကိုယ်စားလှယ်တွေ မြင်တွေ့မှာကို အစ္စရေးက ‘စိုးရိမ်နေကြာင်း’ ပြောကြားခဲ့ပါတယ်။

    ဥရောပလွှတ်တော်ကလည်း ဂါဇာကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က ပြန်လည်စီမံနိုင်ရေး ဆော်သြခဲ့ပြီး ‘ဂါဇာကို ပိတ်ဆို့ထားမှုကို အဆုံးသတ်ရေး’ အစ္စရေးကို ဖိအားပေးဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    ဂါဇာမှာ ပါလက်စတိုင်းပြည် ၂ သန်းဝန်းကျင် နေထိုင်ပြီး အစ္စရေးက ကမ်းမြှောင်ကို ပိတ်ဆို့ထားတာဟာ ၁၀ စုနှစ်တစ်ခု ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

    Ref: RT

  • ကိုယ်ပျောက် ရေငုပ်သင်္ဘောတစ်စီးကို ရုရှားထုတ်ပြ

    ကိုယ်ပျောက် ရေငုပ်သင်္ဘောတစ်စီးကို ရုရှားထုတ်ပြ

    စက်တင်ဘာ ၂၁၊ ၂၀၁၈
    M-Media

    – ရေအောက်ထဲမှာ ရန်သူတွေမသိအောင် ကိုယ်ဖျောက်နိုင်ပြီး ခရုဇ်ဒုံးကျည်တွေကို အတွဲလိုက်ပစ်လွှတ်နိုင်မယ့် ရေငုပ်သင်္ဘောတစ်စီးကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြလိုက်ပါတယ်။

    Kronstadt လို့ အမည်ပေးထားတဲ့ အဲဒီသင်္ဘောမှာ တိကျမှုမြင့်မားတဲ့ ခရုဇ်ဒုံးကျည်တွေ၊ တော်ပီဒိုတွေ၊ ရေငုပ်မိုင်းတွေ တပ်ဆင်ထားပြီး ရေအောက်ထဲမှာ ဆူညံမှုမရှိတဲ့ ပစ်မှတ်တွေကို တော်တော်ဝေးဝေးကနေ ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ သင်္ဘောရဲ့စွမ်းအင်စနစ်ကတော့ ဒီဇယ်-လျှပ်စစ်စနစ် ဖြစ်ပါတယ်။

    ရေငုပ်သင်္ဘောမှာ အသုံးပြုထားတဲ့ စနစ်တွေဟာ အလွန်အဆင့်မြင့်တာကြောင့် ရန်သူသင်္ဘောတွေဟာ Kronstadt ကို ထောက်လှမ်းနိုင်မှာ မဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒီရေငုပ်သင်္ဘောက ခရုဇ်ဒုံးကျည်တွေကို အတွဲလိုက် ပစ်လွှတ်နိုင်တဲ့အတွက် ရန်သူတွေဟာ ကာကွယ်ဖို့အတွက် အခွင့်အလမ်း နည်းပါတယ်။

    Kronstadt ဟာ ရေတပ်အခြေစိုက်စခန်းတွေကို ကာကွယ်ဖို့၊ ထောက်လှမ်းဖို့နဲ့ ရန်သူ့သေင်္ဘာတွေ၊ ရေငုပ်သင်္ဘောတွေကို တုန့်ပြန်တိုက်ခိုက်ဖို့ အသုံးပြုနိုင်မယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

    Ref: RT

  • အိန္ဒိယ၌ ၅ ရက်လျှင် ရေဆိုးရှင်းလင်းရေးလုပ်သားတစ်ဦး သေဆုံးနေ

    အိန္ဒိယ၌ ၅ ရက်လျှင် ရေဆိုးရှင်းလင်းရေးလုပ်သားတစ်ဦး သေဆုံးနေ

    စက်တင်ဘာ ၂၁ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံမှာ မိလ္လာအညစ်အကြေးနဲ့ ရေဆိုးရှင်းလင်းရေးလုပ်သားတွေဟာ ၅ ရက်ကို တစ်ဦးကျ သေဆုံးနေတယ်လို့ အစိုးရက ကောက်ယူထားတဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။

    အိန္ဒိယက အညစ်အကြေးရှင်းလင်းရေး လုပ်သားတွေဟာ မိလ္လာကန်တွေ၊ ရေဆိုးမြောင်းတွေကို အကာအကွယ်မပါဘဲ အန္တရာယ်ရှိတဲ့ နည်းလမ်းတွေနဲ့ ရှင်းလင်းနေရတာ ဖြစ်ပြီး၊ မိလ္လာကန်ထဲပြုတ်ကျသေဆုံးတာ၊ ကန်အတွင်းက အဆိပ်ဓာတ်ငွေ့တွေကြောင့် သေဆုံးတာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

    ၂၀၁၇ ခုနှစ် ဇန်န၀ါရီလကနေစတင်ပြီး အခုအချိန်အထိ အလုပ်လုပ်နေရင်း သေဆုံးခဲ့တဲ့ မိလ္လာရှင်းလင်းရေးလုပ်သားအရေအတွက်ဟာ ၁၂၃ ဦး ရှိနေပါတယ်။

    နိုင်ငံအတွင်း ဇာတ်ခွဲခြားမှု ပြင်းထန်လွန်းတာကြောင့် ဒီလို အညစ်အကြေးရှင်းလင်းတဲ့လုပ်ငန်းတွေကို ဟိန္ဒူဇာတ်နိမ့်တွေက လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေက ဒါဟာ ‘အိန္ဒိယနိုင်ငံက ဇာတ်ခွဲခြားမှုစနစ်ရဲ့ အဆိုးရွားဆုံး ပြယုဂ်တစ်ခု’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုစစ်တမ်းကောက်ယူမှုကို အိန္ဒိယအစိုးရဲ့ လူမှုတရားမျှတမှုနှင့် စွမ်းအားမြှင့်တင်ရေးဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့တစ်ခုက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရ ၂၈ ဖွဲ့မှာ ၁၃ ဖွဲ့ထံကနေသာ အချက်အလက်တွေ ရရှိပြီး အင်္ဂလိပ်သတင်းစာနဲ့ အိန္ဒိယသသတင်းစာတွေကိုသာ အားထားခဲ့ရတာကြောင့် အမှန်တကယ် သေဆုံးသူအရေအတွက်ဟာ အခုထက် ပိုမိုများပြားနိုင်တယ်လို့ ကော်မရှင်က ပြောကြားခဲ့ပါတယ်။

    မြို့တော် နယူးဒေလီမှာ ပြီးခဲ့တဲ့တစ်ပတ်တွင်း အညစ်အကြေးရှင်းလင်းသူ ၅ ဦးအထိ သေဆုံးခဲ့ပါတယ်။

    ဒီအဖြစ်အပျက်တွေကြောင့် အိန္ဒိယလူထုအကြား အစိုးရကိုဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ အိန္ဒိယဥပဒေအရ မိလ္လာရှင်းလင်းရေး လူတွေနဲ့ဆောင်ရွက်တာကို တားဆီးထားပေမယ့် အစိုးရအောက်ခြေပိုင်းက ဒီဥပဒေကို အကောင်အထည်ဖော်နိုင်ခြင်း မရှိပါဘူး။

    Ref: RT

  • အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမည်

    အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမည်

    စက်တင်ဘာ ၂၀၊ ၂၀၁၈
    M-Media

    ပါကစ္စတန်အမျိုးသားလုံခြုံရေးအကြံပေး (ယာ)နှင့် အိန္ဒိယနိုင်ငံခြားရးဝန်ကြီး (၀ဲ) တို့ တွ့ဆုံမှုတစ်ခု

    – နယူးယောက်မှာ လက်ရှိလုပ်နေတဲ့ ကုလ အထွေထွေညီလာခံမှာ အိန္ဒိယနဲ့ ပါကစ္စတန်က နိုင်ငံခြားရေးဝန်ကြီးတွေ သီးခြားတွေ့ဆုံသွားမယ်လို့ အိန္ဒိယအာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက နှစ်နိုင်ငံအကြား ရပ်တန့်နေတဲ့ ဆွေးနွေးမှုတွေကို ပြန်လည်စတင်ရေး အိန္ဒိယ၀န်ကြီးချုပ် မိုဒီဆီ စာပေးပို့ခဲ့ပြီးတဲ့နောက် အခုလို တွေ့ဆုံမှု ဖြစ်လာတာ ဖြစ်ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ရန်ဘက်နိုင်ငံတွေဖြစ်ကြပြီး အကြိမ်ကြိမ် စစ်ပွဲတွေ ဖြစ်ဖူးပါတယ်။ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိ အစည်းအဝေးကျင်းပမှုမှာ နည်းပါးပြီး အခုတစ်ကြိမ်ဟာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်လာမှာ ဖြစ်ပါတယ်။

    နယ်နမိတ်အငြင်းပွားနေတဲ့ ကရှ်မီးယားဒေသက သူပုန်တွေကို ပါကစ္စတန်က ထောက်ပံ့ကူညီနေတယ်လို့ အိန္ဒိယဟာ ယခင်ကတည်းက စွပ်စွဲခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အခုလို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံမှုဟာ မိမိတို့ရဲ့ ပါကစ္စတန်နဲ့ဆက်ဆံရေးပေါ်လစီ အပြောင်အလဲမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Arab News