News @ M-Media

Author: Ko Lay

  • ဆေးကုရန်သွားသည့် ပါလက်စတိုင်းသူနာပြုကို အစ္စရေးက ပစ်သတ်

    ဆေးကုရန်သွားသည့် ပါလက်စတိုင်းသူနာပြုကို အစ္စရေးက ပစ်သတ်

    ဇွန် ၂၊ ၂၀၁၈
    M-Media

    ပစ်သတ်ခံလိုက်ရသည့် သူနာပြု ရာဇန် အလ်-နဂ်ျဂျာရ်

    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်တောင်ဘက် ခန်ယူနစ်မြို့မှာ ပါလက်စတိုင်းသူနာပြုတစ်ဦးဟာ အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် မနေ့မှာ သေဆုံးသွားပါတယ်။

    အသက် ၂၁ နှစ်အရွယ် ရာဇန် အလ်-နဂ်ျဂျာရ်ဆိုသူဖြစ်ပြီး နယ်စပ်အနီးမှာ ဒဏ်ရာရနေသူတစ်ဦးကို ဆေးကုသဖို့ သွားရောက်နေရင်း ပစ်သတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

    မျက်မြင်သက်သေတစ်ဦးက အလ်-နဂ်ျဂျာရ်ဟာ သူနာပြုမှန်းသိအောင် လက်ထောင်ပြီး ပြေးသွားခဲ့ပေမယ့် အစ္စရေးစစ်သားတွေက ပစ်သတ်လိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့သူတွေ နေရပ်ပြန်နိုင်ရေးအတွက် ဂါဇာပြည်သူတွေဟာ မတ်လ ၃၀ ရက်နေ့ကတည်းက စတင်ကာ ဆန္ဒပြခဲ့ကြတာပါ။

    ဒါပေမယ့် အစ္စရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူဟာ ၁၂၀ ကျော်လာပြီး ဒဏ်ရာရသူကတော့ ၁၂၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

    မနေ့ကတစ်နေ့တည်းမှာ အစ္စရေးလက်ချက်ကြောင့် လူ ၁၀၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    Ref: Aljazeera

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    ဇွန် ၂၊ ၂၀၁၈
    M-Media

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေး

    ပါလက်စတိုင်းပြည်သူများအား ကာကွယ်ပေးရေးမူကြမ်းကို အမေရိကန်ကန့်ကွက်
    ==============
    အစ္စရေးရဲ့ သတ်ဖြတ်မှုရန်ကနေ ပါလက်စတိုင်းပြည်သူတွေကို ကာကွယ်ပေးရေး ကူဝိတ်က လုံခြုံရေးကောင်စီမှာ မနေ့ကတင်သွင်းတဲ့အဆိုကို အဖွဲ့ဝင်အားလုံးက ထောက်ခံခဲ့ကြပေမယ့် အမေရိကန်တစ်နိုင်ငံတည်းရဲ့ ဗီတိုကြောင့် အတည်မပြုနိုင်ခဲ့ပါဘူး။ မတ်လ ၃၀ ရက်နေ့က ဂါဇာမှာ စတင်ခဲ့တဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အစ္စရေးက အင်အားသုံးဖြိုခွင်းတာကြောင့် သေဆုံးသူဟာ အခုဆိုရင် ၁၂၀ ကျော်လာခဲ့ပြီး ဒဏ်ရာရသူတွေလည်း ထောင်ချီရှိနေပါတယ်။ ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက ကူဝိတ်ရဲ့အဆိုဟာ တစ်ဖက်သတ်ဖြစ်နေတယ်လို့ ပြောကြားခဲ့ပြီး ပါလက်စတိုင်းတွေ ထိခိုက်ခံစားရတာဟာ ဟားမက်စ်ကြောင့်လို့ အပြစ်တင်ခဲ့ပါတယ်။

    ကင်ဂျုံအွန်နှင့်တွေ့မည်ဟု ထရမ့်အတည်ပြု
    ===============
    ဇွန်လ ၁၂ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့အတိုင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တွေ့ဆုံသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ကင်ဂျုံအွန်ရဲ့ ထိပ်တန်းအကြံပေး ကင်ယွန်ချိုလ်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီးတဲ့နောက် ဒီလိုပြောလိုက်တာပါ။ ဒါပေမယ့် မြောက်ကိုရီးယား နျူအစီအစဉ် ရပ်တန့်ရေး သဘောတူညီချက်တစ်ခုကိုတော့ အလျင်စလို လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့လည်း ထရမ့်က ပြောပါတယ်။

    အကြမ်းဖက်သံသယရှိသူ ၁၅ ဦးကို မလေးရှား ဖမ်းဆီးထိန်းသိမ်း
    ==================
    ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မွတ်စလင်မဟုတ်တဲ့ မဲပေးသူတွေကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တဲ့ အကြမ်းဖက် သံသယရှိသူ ၁၅ ဦးကို မလေးရှား အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး အဲဒီအထဲမှာ အသက် ၅၁ နှစ်အရွယ် အိမ်ထောင်ရှင်မတစ်ဦးလည်း ပါဝင်ပါတယ်။ ထောက်လှမ်းရေးအကြီးအကဲတစ်ဦးက အဲဒီအမျိုးသမီးဟာ အကြမ်းဖက်တိုက်ခိုက်ဖို့ အစီအစဉ်မှာ ဦးဆောင်သူဖြစ်ပြီး ကားပေါ်မှာ ဂက်စ်အိုးတင်ကာ မွတ်စလင်မဟုတ်တဲ့ မဲပေးသူတွေ၊ အခြားဘာသာဝင်တွေရဲ့ ၀တ်ပြုရာနေရာတွေကို တိုက်ခိုက်ဖို့အတွက် အပေါင်းအပါတွေစုကာ ကြံတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ မလေးရှားမှာ အမျိုးသမီးက ဦးဆောင်ပြီး အကြမ်းဖက်မှုလုပ်ဖို့ ပထမဆုံးစီစဉ်မှုလည်း ဖြစ်ပါတယ်။

    ကင်ညာအစိုးရ၀န်ထမ်းများ အလိမ်ဖော်စက်ဖြင့် စစ်ဆေးခံရမည်
    ============
    ခြစားမှုတိုက်ဖျက်ရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် အစိုးရ၀န်ထမ်းတွေအားလုံးဟာ အလိမ်ဖော်စက်နဲ့ စစ်ဆေးခံရမယ်လို့ ကင်ညာသမ္မတ အူရူ ကန်ယက်တာက ပြောကြားလိုက်ပါတယ်။ ကင်ညာအစိုးရရဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ National Youth Service (NYS) ဟာ ကန်ဒေါ်လာ ၇၈ သန်းလောက်ကို အလွဲသုံးစားလုပ်ထား တဲ့သတင်း ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် ကန်ယက်တာဟာ ခြစားမှုတိုက်ဖျက်ရေးကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ ကြိုးစားလာခဲ့တာဖြစ်ပါတယ်။ ကန်ယက်တာဟာ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲမှာ ခြစားမှုကို တိုက်ဖျက်သွားမယ်လို့ ကတိပြုခဲ့သူလည်း ဖြစ်ပါတယ်။

    Ref: Aljazeera, CNA, BBC

  • ပါတီခြစားမှုပြဿနာကြောင့် စပိန်ဝန်ကြီးချုပ် အယုံအကြည်မရှိအဆိုဖြင့် ဖြုတ်ချခံရ

    ပါတီခြစားမှုပြဿနာကြောင့် စပိန်ဝန်ကြီးချုပ် အယုံအကြည်မရှိအဆိုဖြင့် ဖြုတ်ချခံရ

    ဇွန် ၁၊ ၂၀၁၈
    M-Media

    – ပါတီကခြစားမှုပြဿနာတွေကြောင့် စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဝိုင်းဟာ လွှတ်တော်မှာ အယုံအကြည်မရှိအဆို တင်သွင်းကာ ဒီကနေ့မှာ ဖြုတ်ချခံလိုက်ရပါတယ်။

    လွှတ်တော်အမတ် ၁၈၀ က အများစုဟာ အယုံအကြည်မရှိအဆိုကို ထောက်ခံခဲ့ကြပြီး ရာဝိုင်းဟာလည်း ၁၉၇၇ ခုနှစ် ဒီမိုကရေစီ အသွင်ကူးပြောင်းပြီးနောက်ပိုင်း အယုံအကြည်မရှိအဆိုနဲ့ ပထမဆုံး ဖြုတ်ချခံရတဲ့ သမ္မတ ဖြစ်လာပါတယ်။

    လက်ရှိမှာ အတိုက်အခံခေါင်းဆောင် ပက်ဒရို ဆန်းချက်ဇ်က တိုင်းပြည်ကို ဦးဆောင်မှာ ဖြစ်ပါတယ်။

    အဆိုမဲမခွဲခင် ရာဝိုင်းက သူ့အနေနဲ့ ရလဒ်ကို လက်ခံသွားမှာဖြစ်ကြောင်း၊ ဆန်းချက်ဇ် ခေါင်းဆောင်ဖြစ်လာမယ်ဆိုရင်လည်း ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။

    “စပိန်နိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်ရတာ ဂုဏ်ယူစရာပါ။ ကျွန်တော် စတင်အုပ်ချုပ်စဉ်ကထက် ပိုကောင်းတဲ့ စပိန်နိုင်ငံကို ထားခဲ့ရမယ့်အတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော့်နေရာ အစားဝင်တဲ့သူကလည်း ဒီလိုစကားမျိုး ပြောနိုင်လိမ့်မယ်လို့ ကျွန်တော် ဆန္ဒပြုပါတယ်”

    ရာဝိုင်းရဲ့ PP ပါတီနဲ့ ပါတီဝင်တွေဟာ စီးပွားရေးသမားတွေနဲ့ လက်ဝါးရိုက်ကာ လာဘ်စားမှုတွေရှိခဲ့တယ်ဆိုတဲ့ သတင်းကြောင့် စပိန် ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုတွေကို အချိန်တော်တော်ကြာ လုပ်ဆောင်ခဲ့ပြီး အခုလအစောပိုင်းမှာ ဘဏ္ဍာရေးအကြီးအကဲဟောင်း အပါအ၀င် ပါတီဝင် ၂၉ ဦးကို ထောင်ချခဲ့ပါတယ်။

    အဲဒီနောက်ပိုင်းမှာ ရာဝိုင်းကို ၀န်ကြီးချုပ်ရာထူးကနေ ဖယ်ရှားဖို့အတွက် တိုက်တွန်းမှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    ဇွန် ၁၊ ၂၀၁၈
    M-Media

    ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ရုရှားအသင်းတွင် တားမြစ်ဆေးသုံးသူ ပါဝင်နေ
    ===========
    ရုရှားက ထုတ်ပြန်ထားတဲ့ ကမ္ဘာ့ဖလား လူစာရင်း ၃၄ ဦးမှာ တားမြစ်ဆေးသုံးထားသူတစ်ဦး ပါဝင်နေတယ်လို့ ရုရှား တားမြစ်ဆေးဆန့်ကျင်ရေး အကြီးအကဲဟောင်း ဂရီဂိုရီ ရော့ဒ်ချန်ကော့ဗ်က ပြောကြားလိုက်ပါတယ်။ ရုရှားကစားသမားတွေ တားမြစ်ဆေးကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို အထောက်အထား မလုံလောက်တဲ့အတွက် ဖီဖာက ပြီးခဲ့တဲ့တစ်ပတ်မှာ အဆုံးသတ်ခဲ့ပါတယ်။ ရော့ဒ်ချန်ကော့ဗ်ဟာ အစိုးရအစီအစဉ်နဲ့ ရုရှားအားကစားသမားတွေ တားမြစ်ဆေးသုံးစွဲမှုကိစ္စကို ဖော်ကောင်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။ ရုရှားဘောလုံးအဖွဲ့ချုပ် အကြီးအကဲ ဗီတာလီ မွတ်ကိုက ဘောလုံးကစားသမားတွေ တားမြစ်ဆေးသုံးစွဲမှုကိစ္စကို ထုတ်ပြမပြောဖို့ ပိတ်ထားတယ်လို့လည်း ရော့ဒ်ချန်ကော့ဗ်က ဆိုပါတယ်။

    ချယ်ဆီး၏ အန္တရာယ်များကို အကြီးအကဲဟောင်း သတိပေး
    ===========
    ချယ်ဆီးဟာ ကွင်းမဲ့၊ နည်းပြမဲ့၊ နာမည်ကြီးကစားသမားမဲ့ အသင်းမျိုး ဖြစ်မယ့်အန္တရာယ် ရှိနေတယ်လို့ အသင်း အကြီးအကဲဟောင်း ထရီဗာ ဘီရ်ခ်ျက သတိပေးလိုက်ပါတယ်။ အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျဟာ ယူကေဗီဇာရရှိရေး မသေချာတာကြောင့် စတမ်းဖို့ဒ်ဘရစ်ခ်ျအဆင့်မြှင့်တင်ရေးကိစ္စ ရပ်ဆိုင်းထားရပါတယ်။ နည်းပြကွန်တီဟာ အသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေထွက်နေပြီး ကွင်းလယ်လူ ဟဇာ့ဒ်ကိုလည်း ရီးယဲလ်က ဆက်သွယ်နေတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ချယ်ဆီးဟာ ရီးယဲလ်က ထွက်ခွာတော့မယ့် ဇီဒိန်းကို ချဉ်းကပ်နေတယ်လို့လည်း ဆိုပါတယ်။

    ရီးယဲလ်အသင်းတွင် နည်းပြရရလျှင် ပျော်ရွှင်မည်ဟု စပါးနည်းပြပြော
    ===============
    လက်ရှိ စပါးအသင်းမှာ ပျော်ရွှင်နေပေမယ့် ရီးယဲလ်ကို ပြောင်းရမယ်ဆိုလည်း ပြောင်းသွားမယ်လို့ နည်းပြ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ ရီးယဲလ်ဟာ ဇီဒိန်း ရုတ်တရက်ထွက်ခွာသွားပြီးနောက် နည်းပြသစ် ရှာဖွေနေပြီး အသင်းဥက္ကဌ ပီရက်ဇ်က ပိုချက်တီနိုကို မျက်စိကျနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ပို
    ချက်တီနိုကတော့ သူ့အနေနဲ့ ဘောလုံးခေါ်ဆောင်သွားရာနောက်ကို လိုက်မှာဖြစ်ပြီး ကံကြမ္မာကို မပြောင်းလဲချင်ဘူးလို့ ဆိုပါတယ်။

    တစ်ခုခုလုပ်ပြရန်ထက် ပွဲကိုသာ အာရုံစိုက်ရန် မက်ဆီကို မာရာဒိုနာ တိုက်တွန်း
    ===========
    မက်ဆီအနေဖြင့် ကမ္ဘာ့ဖလားတွင် မည်သည့်သက်သေမှ ပြစရာမလိုဟု အာဂျင်တီးနား ဂန္တ၀င်ကစားသမား မာရာဒိုနာက ပြောကြားလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ် ဘရာဇီးလ်ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားဟာ နောက်ဆုံးဗိုလ်လုပွဲကို ရောက်ခဲ့ပေမယ့် ဂျာမနီကိုရှုံးကာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အခုကမ္ဘာ့ဖလားပွဲဟာ မက်ဆီအတွက် နောက်ဆုံးကမ္ဘာ့ဖလားပွဲ ဖြစ်နိုင်ပြီး မာရာဒိုနာကတော့ မက်ဆီအနေနဲ့ တစ်ခုခုလုပ်ပြဖို့ထက် ပွဲကို အာရုံစိုက်ကစားဖို့သာလိုကြောင်း၊ အာဂျင်တီးနားဟာ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းမစားကြောင်း၊ ရေပန်းစားတဲ့ အသင်းတွေဟာ ဗိုလ်မစွဲတတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့ အဓိကပြိုင်ပွဲတွေမှာ အမြင့်ဆုံး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

    Ref: BBC, Goal

  • အမေရိကန်၏ အခွန်တိုးကောက်မည့်အစီအစဉ် အန္တရာယ်ရှိဟု အီးယူပြော

    အမေရိကန်၏ အခွန်တိုးကောက်မည့်အစီအစဉ် အန္တရာယ်ရှိဟု အီးယူပြော

    ဇွန် ၁၊ ၂၀၁၈
    M-Media

    ဥရောပသမဂ္ဂ ကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲ စီစီလီယာ မာလ်မ်စထရောင်း

    – ဥရောပကတင်ပို့တဲ့ စတီးနဲ့ အလူမီနီယံတွေအပေါ် အခွန်တိုးကောက်ဖို့ အမေရိကန်က ကြိုးစားမှုဟာ အန္တရာယ်ရှိတဲ့ ကစားပွဲတစ်ခုကို ကစားနေတာဖြစ်တယ်လို့ ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲ စီစီလီယာ မာလ်မ်စထရောင်းက ပြောကြားလိုက်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကုန်သွယ်ရေး မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ မက္ကဆီကိုတို့က တင်သွင်းတဲ့ စတီးနဲ့ အလူမီနီယံတို့ကို အခွန်တိုးကောက်သွားမယ်လို့ မနေ့မှာ ကြေငြာခဲ့တာပါ။

    စီစီလီယာ မာလ်စထရောင်းက ဒီလုပ်ရပ်ဟာ ဥရောပရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာမှုနဲ့ အမေရိကန် စားသုံးသူတွေကို ထိခိုက်စေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    အမေရိကန်ရဲ့လုပ်ရပ်ကို တုန်ပြန်တဲ့အနေနဲ့ ဥရောပသမဂ္ဂဟာ သူတို့အခွန်တိုးကောက်မယ့် အမေရိကန်ကုန်ပစ္စည်း ၁၀ မျက်နှာစာ စာရင်းကို ထုတ်ပြန်ခဲ့ပြီး နာမည်ကျော် ဟာလီဒေဗစ်ဆင် ဆိုင်ကယ်ကနေ ၀ီစကီအထိ ပါဝင်ပါတယ်။

    ကနေဒါနဲ့ မက္ကဆီကိုတို့ကလည်း အမေရိကန်ရဲ့ လုပ်ရပ်ကို ပြန်လည်တုန့်ပြန်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    မာလ်မ်စထရောင်းက ဥရောပသမဂ္ဂအနေနဲ့ ဒီကိစ္စအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တိုင်ကြားသွားမယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် ငြိမ်ခံနေမှာမဟုတ်ဘဲ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်သွားဖို့ကို မလုပ်မဖြစ် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ဒီကိစ္စကြောင့် အမေရိကန်-အီးယူ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်မှာမဟုတ်ကြောင်းလည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC