News @ M-Media

Author: Ko Lay

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၄၊ ၂၀၁၈
    M-Media

    ယူအေအီးတပ်ဖွဲ့

    ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှ သူပုန်များ လက်နက်ချရန် သဘောတူ
    =============
    ဆီးရီးယားနိုင်ငံမြောက်ပိုင်းက မြို့တစ်ချို့ကို ထိန်းချုပ်ထားတဲ့ သူပုန်တွေဟာ အစိုးရပ်တပ်ဆီမှာ မနေ့က လက်နက်ချခဲ့ပြီး မြို့ကနေ ထွက်သွားဖို့ သဘောတူလိုက်ပါတယ်။ တတိယမြို့တော် ဟုမ်းအနီးက ဟူလာ၊ ရက်စ်တန်နဲ့ တာလ်ဘီဆာဟ်မြို့တွေဟာ ဆီးရီးယားအစိုးရရဲ့ ၇ နှစ်တာ ဗုံးကြဲတိုက်ခိုက်မှုကို အဆက်မပြတ်ခံခဲ့ရတာပါ။ အခုလို လက်နက်ချဖို့အတွက် ရုရှားက ကြားဝင်ညှိနှိုင်းပေးခဲ့တာဖြစ်ပြီး အာဆတ်အစိုးရဟာ အဲဒီဒေသတွေမှာ အစိုးရဌာနတွေကို ပြန်လည်ထူထောင်သွားမှာ ဖြစ်ပါတယ်။

    အီရန်ကိုအနိုင်ကျင့်လို့မရဟု နိုင်ငံခြားရေးဝန်ကြီးပြော
    ===============
    နျူသဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းရမယ်ဆိုတဲ့ပုံစံနဲ့ အမေရိကန်ရဲ့ အနိုင်ကျင့်မှုကို ခံမှာမဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။ သမ္မတထရမ့်က အမေရိကန်ဟာ နျူသဘောတူညီချက်ကနေထွက်ကြောင်း မေလ ၁၂ ရက်နေ့မှာ ကြေငြာဖို့ရှိနေပြီး ဇာရစ်ဖ်က မိမိတို့မှာရှိနေတဲ့ အခွင့်အရေးအတိုင်း တုန့်ပြန်သွားမှာဖြစ်ကြောင်း၊ နျူသဘောတူညီချက်အတွက် ထပ်မံညှိနှိုင်းသွားမှာမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

    ယီမင်ကျွန်းတွင် ယူအေအီးတပ်ဖွဲ့ချထားမှု ယီမင်ပြည်သူများ ဆန္ဒပြ
    ================
    ယီမင်က ဆိုကိုထရာကျွန်းမှာ ယူအေအီးက စစ်လေယာဉ် ၄ စီးနဲ့ တပ်ဖွဲ့ဝင် ၁၀၀ ကျော်လောက် ဗုဒ္ဓဟူးနေ့မှာ ချထားလိုက်တဲ့အတွက် ကျွန်းမှာရှိတဲ့ ယီမင်ပြည်သူတွေက ဒေါသတကြီးတုန့်ပြန်ကာ ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။ ဆိုကိုထရာကျွန်း ယီမင်လက်အောက်မှာရှိခဲ့တာ ရာစုနှစ် ၂ ခု ကျော်လာပြီဖြစ်ပေမယ့် ၂၀၁၅ ခုနှစ်မတ်လ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ယီမင်ပြည်တွင်းစစ်မှာ ပါဝင်ပြီးနောက်ပိုင်း ယူအေအီးဟာ လုံခြုံရေးအကြောင်းပြကာ မဟာဗျူဟာမြောက်တဲ့ ဒီကျွန်းကို ခြေကုပ်ယူဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းအင်ဂျင်နီယာအား လုပ်ကြံသူကို ခရိုအေးရှားတွင်မိ
    ===========
    ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်ရဲ့ လေကြောင်းအင်ဂျင်နီယာဖြစ်သူ မိုဟာမက် အလ်-ဇာဝါရီကို လုပ်ကြံရာမှာ ပါဝင်တယ်လို့ သံသယရှိသူ တစ်ဦးကို ခရိုအေးရှားက ဖမ်းဆီးလိုက်ပါတယ်။ အသက် ၄၉ နှစ်အရွယ် အလ်-ဇာဝါရီဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက တူနီးရှားနိုင်ငံ မြို့တော်တူနစ် ဆင်ခြေဖုံးက သူ့အိမ်အပြင်ဘက် ကားထဲမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ တူနီးရှားအစိုးရက လူသတ်သမားဟာ နှစ်ယောက်ဖြစ်ပြီး ဘော့စနီးယားနိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ ခရိုအေးရှားကဖမ်းဆီးထားတဲ့ တစ်ယောက်ကို တူနီးရှားကို လွှဲပြောင်းဖို့အတွက် ဘော့စနီးယားက ခွင့်မပြုပါဘူး။

    Ref: Aljazeera

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    မေ ၃၊ ၂၀၁၈
    M-Media

    မန်ယူနောက်ခံလူဟောင်း ရီယို ဖာဒီနန်

    အကောင်းဆုံးပေးဆပ်ပြီး လမ်းခွဲချင်သည်ဟု ၀င်းဂါးပြော
    ============
    အသင်းကို အကောင်းဆုံးပေးဆပ်ပြီး လမ်းခွဲချင်တယ်လို့ အာဆင်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။ ၂၂ နှစ်တာ တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ၀င်းဂါးဟာ ဒီရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။ အက်သက်လက်တီကိုနဲ့ ယူရိုပါ ဆီမီးဖိုင်နယ် ဒုတိအကျော့ သတင်းစာရှင်းလင်းပွဲမှာ ၀င်းဂါးက
    လာမယ့်ရာသီ ဘာလုပ်ရမလဲဆိုတာ မသိသေးဘဲ လက်ရှိအလုပ်ကိုသာ အကောင်းဆုံး ဆောင်ရွက်ရမယ်လို့ ယုံကြည်ကြောင်း၊ နောက်ဆုံးအချိန်အထိ အာဆင်နယ်အတွက် အာရုံစိုက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    အန်ထော်နီ မာရှယ် မန်ယူမှ ထွက်မည်
    ===========
    ဆန်းချက်ဇ်ရောက်ပြီးနောက်ပိုင်း မန်ယူမှာ ရုန်းကန်လာရတဲ့ တိုက်စစ်မှူး အန်ထော်နီ မာရှယ်က လာမယ့်နွေရာသီမှာ အသင်းပြောင်းဖို့အတွက် ပြင်ဆင်နေပါတယ်။ ၂၀၁၅ ခုနှစ်က ပေါင် ၄၃ သန်းနဲ့ မန်ယူကို ရောက်လာတဲ့ မာရှယ်ဟာ အသင်းနဲ့ စာချုပ် ၁၄ လ ကျန်ရှိနေသေးတာပါ။ လက်ရှိမှာ ဘိုင်ယန်နဲ့ ဂျူဗင်တပ်စ်တို့ဟာ မာရှယ်ကို စောင့်ကြည့်နေကြပြီး မာရှယ်ကလည်း အသင်းရှာဖို့အတွက် သူ့အေးဂျင့်ကို ပြောကြားထားပါတယ်။

    ဟယ်ရီကိန်းမှာ ပြီးပြည့်စုံသောကစားသမားဟု ကလင်းစမန်းပြော
    =============
    စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦး ဖြစ်တယ်လို့ ဂျာမနီတိုက်စစ်မှူးဟောင်း ယာဂန် ကလင်းစမန်းက ပြောကြားလိုက်ပါတယ်။ ကလင်းစမန်းဟာ စပါးအသင်းမှာ လာရောက်ကစားဖူးပြီး ၁၉၉၄-၉၅ ရာသီက ၂၉ ဂိုးသွင်းယူပေးခဲ့ကာ အသင်းရဲ့ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ ကလင်းစမန်းက ဟယ်ရီကိန်းကို လေးစားအားကျကြောင်း၊ ဂိုးသွင်းနိုင်သလို၊ ဖန်တီးပေးနိုင်သူလည်းဖြစ်ကြောင်း၊ စပါးအကယ်ဒမီက ထွက်လာတဲ့အတွက် ဂုဏ်ယူမိကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဖာဒီနန်၏ လက်ဝှေ့လိုင်စင်လျှောက်ထားမှု ပယ်ချခံရ
    =====================
    မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ရဲ့ လက်ဝှေ့လိုင်စင်လျှောက်ထားမှုကို လက်ခံမှာမဟုတ်ဘူးလို့ ဗြိတိသျှ ဘောင်ဆင်အဖွဲ့ချုပ် BBBofC က ပြောကြားလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဘောလုံးလောကကနေ အနားယူခဲ့တဲ့ ဖာဒီနန်ဟာ ပြီးခဲ့နှစ် စက်တင်ဘာလမှာ လက်ဝှေ့လောကထဲ ၀င်ရောက်ခဲ့ပါတယ်။ ဒီလို ငြင်းပယ်ခံရမှုအတွက် အလွန်အမင်း နာကျင်ရတယ်လို့ ဖာဒီနန်က ပြောပါတယ်။

    Ref: BBC, Goal

  • ထွက်ပြေးရသည့် ကချင်ပြည်သူများကို စီစစ်ပြီးမှ အကူအညီဝင်ခွင့်ပေးမည်ဟု မြန်မာအစိုးရပြော

    ထွက်ပြေးရသည့် ကချင်ပြည်သူများကို စီစစ်ပြီးမှ အကူအညီဝင်ခွင့်ပေးမည်ဟု မြန်မာအစိုးရပြော

    မေ ၃၊ ၂၀၁၈
    M-Media

    တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ကချင်ပြည်သူများ

    – ကချင်ပြည်နယ်မှာ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေကို စီစစ်ပြီးမှ အကူအညီတွေ ၀င်ရောက်ခွင့်ပေးမယ်လို့ မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ကချင်ပြည်သူ ၅၀၀၀ ကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလက ထုတ်ပြန်ထားပါတယ်။

    စစ်တပ်က အရပ်သားတွေနေထိုင်တဲ့ ဧရိယာတွေကို လေကြောင်းက ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်တာတွေ လုပ်ဆောင်နေတဲ့အတွက် မိမိတို့အနေနဲ့ အလွန်အမင်း စိုးရိမ်ရတယ်လို့က ကုလရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

    တိုက်ပွဲကြောင့် ပိတ်မိနေတဲ့သူတွေကို အကူအညီပေးရေး အစိုးရက တားမြစ်ပိတ်ပင်တာတွေရှိနေပြီး ဦးဇော်ဌေးက KIA အဖွဲ့ဆီ အထောက်အပံ့တွေ ရောက်မသွားအောင် စီစစ်မယ်လို့ ဆိုပါတယ်။

    “အကူအညီတွေရဖို့အတွက် KIA အဖွဲ့ဝင်တွေဟာ ဒုက္ခသည်တွေကြားထဲ ၀င်ရောက်နေတယ်ဆိုတဲ့ သတင်းတွေ ကျွန်တော်တို့ ရပါတယ်။ ဒီလက်နက်ကိုင်အဖွဲ့ကလူတွေ ပြည်သူတွေထဲမှာ ရှိနေလားဆိုတာကို ကျွန်တော်တို့ စီစစ်ဖို့လိုပါတယ်” လို့ ဦးဇော်ဌေးက ပြောကြားခဲ့ပြီး အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးကူညီသွားမယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် အိုးအိမ်စွန်ခွာ ထွက်ပြေးရတဲ့ ပြည်သူတွေကို ဘယ်လို စောင့်ကြည့်စစ်ဆေးမလဲဆိုတာကို သူက အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပါဘူး။ Aung Lawt ရွာမှာ လူ ၂၀၀၀ လောက် ပိတ်မိနေတယ်ဆိုတဲ့ သတင်းကိုလည်း ဦးဇော်ဌေးက အတည်ပြုခဲ့ပါတယ်။

    အကူအညီပေးရေးအဖွဲ့တွေက သူတို့ဟာ အကူအညီပေးဖို့အတွက် အဲဒီရွာထဲဝင်မရတာ ၃ ပတ်ကျော်သွားပြီလို့ ဆိုပါတယ်။

    ဦးဇော်ဌေးကတော့ အကူအညီပေးရေး နှောင့်နှေးတာတွေကြောင့် အစိုးရဟာ ပိတ်မိနေသူတွေအပေါ် ကူညီလိုစိတ်မရှိဘူးလို့ မယူဆသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    “လုံခြုံရေးတပ်ဖွဲ့တွေမှာလည်း စိုးရိမ်မှုတွေ ရှိပါတယ်။ ဒီအခြေအနေနှစ်ရပ်ကြားမှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်”

    KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကာနယ် Naw Bu က အစိုးရရဲ့စွပ်စွဲမှုကို ပယ်ချခဲ့ပြီး ဒီလို စောင့်ကြည့်စစ်ဆေးမှုတွေလုပ်တာက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေရဲ့ အခြေအနေကို ပိုမိုခက်ခဲစေမယ်လို့ ပြောကြားခဲ့ပါတယ်။

    ကချင်ပြည်နယ်အရှေ့ပိုင်း Injangyang မြို့နယ်က ထွက်ပြေးရသူ တစ်ထောင်ကျော်လောက်ဟာ Tanghpre ရွာမှာ ခိုလှုံနေရပြီး ဒေသတွင်း ဘုရားကျောင်းတစ်ခုက ဒီလူတွေကို ကယ်ဆယ်စောင့်ရှောက်ထားရပါတယ်။

    “ဒီရွာမှာ လူ ၁၀၀၀ ကျော်လောက် ခိုလှုံနေရတာကြောင့် ဒီဒေသကို တိုက်ပွဲတွေမပြန့်နှံ့ရေး နှစ်ဖက်စလုံးကို ကျွန်တော် တိုက်တွန်းချင်ပါတယ်။ Tanghpre မှာ အစိုးရကျောင်းမရှိတာကြောင့် ကျွန်တော့်ရဲ့ အစိုးရိမ်ရဆုံးကိစ္စက ကလေးငယ်တွေရဲ့ ပညာရေးပါ” လို့ Queen of Heaven ကက်သလစ်ဘုရားကျောင်းက ဘုန်းတော်ကြီး Stephen Supma Sut Awng က ပြောကြားခဲ့ပါတယ်။

    တိုက်ပွဲကြောင့် ပိတ်မိနေသူတွေထံ အကူအညီတွေရောက်ရှိရေးအတွက် ထောင်နဲ့ချီတဲ့ ကချင်ပြည်သူတွေဟာ ဒီတစ်ပတ်ထဲမှာ ချီတက်ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။

    Ref: US News

  • အရှေ့အလယ်ပိုင်း သိပ္ပံနယ်ပယ်ကို အီရန်ဦးဆောင်

    အရှေ့အလယ်ပိုင်း သိပ္ပံနယ်ပယ်ကို အီရန်ဦးဆောင်

    မေ ၃၊ ၂၀၁၈
    M-Media

    – အရှေ့အလယ်ပိုင်းက သိပ္ပံနဲ့ နည်းပညာဆိုင်ရာ သုတေသနပြုမှုတွေမှာ အီရန်ဟာ အစ္စရေးကို ကျော်တက်သွားတယ်ဆိုတာ သူတို့ပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာတွေ့ရကြောင်း အစ္စရေး မီဒီယာ Haaretz က ဖော်ပြပါတယ်။

    အရင်က အစ္စရေးဟာ အရှေ့အလယ်ပိုင်း သိပ္ပံနယ်ပယ်မှာ ဦဆောင်နိုင်ခဲ့ပေမယ့် Haaretz ရဲ့ အခုတစ်ပတ်အတွင်း ထုတ်ပြန်ချက်မှာတော့ အစ္စရေးဟာ အီရန်၊ တူရကီနဲ့ ဆော်ဒီတို့ရဲ့နောက် စတုတ္ထနေရာမှာ ရှိနေပါတယ်။

    Haaretz က အီရန်ဟာ ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒနဲ့ စီးပွားရေး စီမံခန့်ခွဲမှုပိုင်းလို ကဏ္ဍတွေမှာ ဦးဆောင်နေပြီး အစ္စရေးက ယဉ်ကျေးမှု၊ အနုပညာနဲ့ လူသားဆိုင်ရာ ကိစ္စတွေမှာ ထိပ်တန်းက ရှိနေတယ်လို့ ဆိုပါတယ်။

    အချက်အလက်စုဆောင်းရာမှာ လူဦးရေကို အဓိကထားတာ မဟုတ်ပါဘူး။ အီရန်ဟာ လူဦးရေ သန်း ၈၀ ရှိပြီး၊ အစ္စရေးကတော့ ၉ သန်းအောက်သာ ရှိပါတယ်။

    “၁၉၉၆ ခုနှစ်မှာ အီရန်ဟာ သိပ္ပံဆိုင်ရာ စာတမ်းပေါင်း ၉၆၀ ရေးသားနိုင်ခဲ့ပြီး အစ္စရေးက အဲဒီအချိန်မှာ တစ်သောင်းလောက် ရေးသားနိုင်ပါတယ်။ အဲဒီနောက်ပိုင်း အီရန်ရဲ့ အရေအတွက်ဟာ တစ်နှစ်ကို ၄၁၀၀၀ လောက်အထိ မြင့်တက်လာပါတယ်။ ဒါပေမယ့် လူဦးရေအချိုးအစားနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အစ္စရေးဟာ အခြားတိုင်းပြည်တွေထက် သိပ္ပံစာတမ်းတွေကို ပိုပြီး ရေးသားနိုင်ပါတယ်” လို့ Haaretz က ဖော်ပြခဲ့ပါတယ်။

    အီရန်၊ တူရကီနဲ့ ဆော်ဒီအာရေဗျတို့ဟာ သိပ္ပံသုတေသနပိုင်းမှာ ငွေကြေးအမြောက်အများ သုံးစွဲလာပြီး တိုင်းပြည်အတွင်း အရည်အချင်းပြည့်မီတဲ့ လုပ်သားအင်အား ဖြစ်လာရေးကိုလည်း ဆောင်ရွက်နေပါတယ်။

    ပညာရေးဆိုင်ရာ သုတေသနဒေတာဘေ့စ်တစ်ခုဖြစ်တဲ့ Scopus ဟာ နှစ်စဉ် ကမ္ဘာ့နိုင်ငံတိုင်းက ပညာရပ်ဆိုင်ရာ စာတမ်းတွကို စုဆောင်းကာ အဆင့်သတ်မှတ်လေ့ရှိပါတယ်။ ၂၀၁၃ ခုနှစ်အထိ အီရန်ဟာ သိပ္ပံသုတေသနနယ်ပယ်မှာ ကမ္ဘာ့အဆင့် ၁၇ ရှိနေပါတယ်။

    သုတေသန၀ဘ်ဆိုက်တစ်ခုဖြစ်တဲ့ IDG Connect က အီရန်အစိုးရဟာ သိပ္ပံဆိုင်ရာ သုတေသနတွေရဲ့ ကုန်ကျငွေ ၇၅ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးပြီး၊ အဆင့်မြင့်ပညာရေးနဲ့ လုပ်ငန်းခွင်နယ်ပယ်တွေမှာ ထဲထဲဝင်ဝင် ပတ်သက်မှုရှိတယ်လို့ ဆိုပါတယ်။

    နိုင်ငံတကာက ပိတ်ဆို့မှုတွေ အများအပြား ပြုလုပ်ထားပေမယ့် အီရန်နိုင်ငံရဲ့ သုတေသနလုပ်ငန်းဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး၊ အားလုံးထင်ထားတာထက် ပိုပြီး အံ့သြစရာကောင်းတာတွေ လုပ်ပြလာနိုင်တယ်လို့ Haaretz က သုံးသပ်ထားပါတယ်။

    Ref: Sputniknews

  • လက်ဘနွန် လွှတ်တော်ရွေးကောက်ပွဲ ၀င်ပြိုင်မည့် အမျိုးသမီးအရေအတွက် စံချိန်မြင့်တက်

    လက်ဘနွန် လွှတ်တော်ရွေးကောက်ပွဲ ၀င်ပြိုင်မည့် အမျိုးသမီးအရေအတွက် စံချိန်မြင့်တက်

    မေ ၃၊ ၂၀၁၈
    M-Media

    အမတ်လောင်းများ၏ ပုံများ

    – မေလ ၆ ရက်နေ့မှာ ပြုလုပ်မယ့် လက်ဘနွန်လွှတ်တော် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားတဲ့ အမျိုးသမီး အမတ်လောင်းစာရင်းဟာ စံချိန်တင်များပြားလာတယ်လို့ သိရပါတယ်။

    အမတ်နေရာ ၁၂၈ နေရာအတွက် အမျိုးသမီး ၈၆ ဦးက ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အမတ်လောင်းအဖြစ် ကနဦး စာရင်းပေးထားတဲ့ လူ ၉၇၆ ဦးမှာ ၁၁၁ ဦးက အမျိုးသမီးတွေဖြစ်ပြီး ဒါဟာ ၂၀၀၉ ခုနှစ်က ၁၂ ဦးနဲ့ယှဉ်ရင် သိသိသာသာကို မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

    အရည်အချင်းပြည့်မီတဲ့ အမတ်လောင်းတွေကို ရွေးချယ်ရာမှာ ၅၈၃ ဦးကျန်ရှိပြီး အဲဒီအထဲမှာ ၂၂ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ပါတယ်။ လက်ရှိ လက်ဘနွန်လွှတ်တော်မှာ အမျိုးသမီးအမတ် အရေအတွက်က ၃ ရာခိုင်နှုန်းသာ ရှိပါတယ်။

    လက်ဘနွန်အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်မှု ဒီလို စံချိန်တင်မြင့်တက်လာတာကြောင့် အမျိုးသမီးအခွင့်အရေအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လိမ့်မယ်လို့ ပြောကြားမှုတွေလည်း ရှိနေပါတယ်။

    ဒါပေမယ့် အမျိုးသမီးအမတ်လောင်းတွေဟာ ရုပ်သံကနေ မဲဆွယ်ချိန် လုံလုံလောက်လောက် မရတာမျိုးလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလည်း ရှိနေပါတယ်။

    Ref: Aljazeera