News @ M-Media

Author: Ko Lay

  • အဓမ္မကျင့်ခံရသူ၏ အမည်ကို ဖော်ပြသည့်အတွက် မီဒီယာကုမ္ပဏီ ၁၂ ခုကို အိန္ဒိယဒဏ်ရိုက်

    အဓမ္မကျင့်ခံရသူ၏ အမည်ကို ဖော်ပြသည့်အတွက် မီဒီယာကုမ္ပဏီ ၁၂ ခုကို အိန္ဒိယဒဏ်ရိုက်

    ဧပြီ ၂၀၊ ၂၀၁၈
    M-Media

    မုဒိမ်းကောင်များကို အလျင်အမြန်အရေးယူရေး ဆန္ဒပြမှု

    – ကက်ရှ်မီးယားမှာ အဓမ္မကျင့် အသတ်ခံခဲ့ရတဲ့ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ရဲ့အမည်ကို သတင်းမှာ ထည့်သွင်းဖော်ပြခဲ့တဲ့အတွက် မီဒီယာကုမ္ပဏီ ၁၂ ခုကို အိန္ဒိယတရားရုံးက ကန်ဒေါ်လာ ၁၅၀၀၀ စီ ဒဏ်ရိုက်လိုက်ပါတယ်။

    အိန္ဒိယဥပဒေအရ အဓမ္မကျင့်ခံရသူတွေရဲ့ အမည်ကို မီဒီယာမှာ ဖော်ပြခွင့်မရှိဘဲ ဒီပြဌာန်းချက်ကို ကျူးလွန်မယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံဖို့ သတ်မှတ်ထားပါတယ်။

    နယူးဒေလီ တရားရုံးချုပ်က ဒီပြဌာန်းချက်ကို မလိုက်နာတဲ့ မီဒီယာကုမ္ပဏီ ၁၂ ခုကို ရူပီး ၁ သန်းစီ ဗုဒ္ဓဟူးနေ့မှာ ဒဏ်ရိုက်ခဲ့ပြီး တစ်ပတ်အတွင်း ပေးဆောင်ဖို့ အမိန့်ချခဲ့ပါတယ်။ ဒဏ်ငွေတွေကိုတော့ လိင်အကြမ်းဖက်မှုခံရသူတွေကို ကူညီပေးတဲ့အစီအစဉ်မှာ ထည့်ဝင်သုံးစွဲမယ်လို့ ဆိုပါတယ်။

    အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ လူတစ်စုရဲ့ ပြန်ပေးဆွဲ အဓမ္မကျင့်ခံရတဲ့ ကလေးငယ်ရဲ့ အမည်ကို အိန္ဒိယမီဒီယာ တော်တော်များများက ဖော်ပြခဲ့ကြပြီး တရားရုံးအမိန့်ကြောင့် အခုနောက်ပိုင်းမှာ နာမည်ဖော်ပြခြင်း မပြုတော့ပါဘူး။

    မိန်းကလေးငယ်ဟာ နော်မာဒစ် မွတ်စလင်လူ့အဖွဲ့အစည်းကဖြစ်ပြီး ဟိန္ဒူအစွန်းရောက်အုပ်စုတစ်ခုက ဘာသာရေးမုန်းတီးမှု၊ မွတ်စလင်တွေကို ခြောက်လှန့်လိုမှုတွေနဲ့ ဒီလို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ မုဒိမ်းကောင်တွေကို တရားမစွဲရေး ဟိန္ဒူရှေ့နေတွေနဲ့ ဟိန္ဒူအစွန်းရောက်တွေက ချီတက်ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။

    ဒီကိစ္စကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး မုဒိမ်းကောင်တွေကို အလျင်အမြန် အရေးယူရေး၊ ကာကွယ်ပေးသူတွေကို အပြစ်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။

    Ref: Alarabiya

  • ရာသီကုန်လျှင် အာဆင်ဝင်းဂါး ထွက်တော့မည်ဟု အာဆင်နယ်ကြေငြာ

    ရာသီကုန်လျှင် အာဆင်ဝင်းဂါး ထွက်တော့မည်ဟု အာဆင်နယ်ကြေငြာ

    ဧပြီ ၂၀၊ ၂၀၁၈
    M-Media

    – အသင်းရဲ့ သက်တော်ရှည်နည်းပြ အာဆင်ဝင်းဂါးဟာ ဒီနှစ်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့ မယ်လို့ အာဆင်နယ်က ကြေငြာလိုက်ပါတယ်။

    အသက် ၆၈ နှစ်အရွယ် ၀င်းဂါးဟာ အာဆင်နယ်မှာ ၂၂ နှစ်နီးပါး နည်းပြခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ၃ ကြိမ်၊ FA ဖလား ၇ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ အာဆင်နယ်အသင်း ဖလားလက်မဲ့ဖြစ်မှုက ၀င်းဂါးအပေါ် ဝေဖန်မှုတွေ မြင့်တက်စေခဲ့ပြီး အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။ လက်ရှိ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာ ရှိနေပြီး ၂ နှစ်ဆက်တိုက် အဆင့် ၄ နေရာနဲ့ လွဲချော်တာ ဖြစ်ပါတယ်။

    ဒါ့ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက် ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ လိုအပ်နေပါတယ်။

    “မေ့လို့မရတဲ့ နှစ်ပေါင်းများစွာ အသင်းမှာ တာဝန်ထမ်းဆောင်ခွင့်ရခဲ့တဲ့ ကျွန်တော် အလွန်ပဲ ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်အသင်းကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး နည်းပြခဲ့တာ ဖြစ်ပါတယ်။ အသင်းရဲ့တန်ဖိုးတွေကို ထိန်းသိမ်းသွားကြပါလို့ အာဆင်နယ်ချစ်သူအားလုံးကို ပြောချင်ပါတယ်” လို့ ၀င်းဂါးက ပြောကြားခဲ့ပါတယ်။

    အာဆင်နယ်ကတော့ နည်းပြအသစ်ကို အမြန်ဆုံး ခန့်အပ်သွားမယ်လို့ ဆိုပါတယ်။

    အာဆင်နယ်အသင်းမှာ ရှယ်ယာအများဆုံးဖြစ်တဲ့ စတန် ကရွန်ကေးက အာဆင်ဝင်းဂါး ထွက်တော့မယ်လို့ ကြေငြာရမှုဟာ အခက်ခဲဆုံး နေ့တွေထဲက တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ အာဆင်နယ်အသင်းမှာ ပါဝင်လာမှုရဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဟာ အသင်းကို ကွင်းတွင်း၊ ကွင်းပြင်မှာ အာဆင်ဝင်းဂါးရဲ့ စွမ်းဆောင်ပေးနိုင်မှုတွေကြောင့် ဖြစ်ပါတယ်”

    ၁၉၉၆ ခုနှစ် အောက်တိုဘာ ၁ ရက်န့က ခန့်အပ်ခြင်းခံရတဲ့ ၀င်းဂါးဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ သက်တမ်းအရင့်ဆုံး နည်းပြဖြစ်ပြီး စံချိန်တင် ပွဲပေါင်း ၈၂၃ ပွဲအထိ ကိုင်တွယ်ထားပါတယ်။

    Ref: BBC

  • ပြင်သစ်ကပေးထားသည့် ဂုဏ်ထူးဆောင်ဆုကို ဆီးရီးယားသမ္မတ ပြန်အပ်

    ပြင်သစ်ကပေးထားသည့် ဂုဏ်ထူးဆောင်ဆုကို ဆီးရီးယားသမ္မတ ပြန်အပ်

    ဧပြီ ၂၀၊ ၂၀၁၈
    M-Media

    – ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုကို ဆီးရီးယားသမ္မတ ဘာာရှာ အလ်-အာဆတ်က ပြန်လည်အပ်နှံခဲ့ပြီး ဆီးရီးယားကို ဗုံးကြဲသော ကျွန်နိုင်ငံတစ်ခုမှ ပေးအပ်သည့် ဂုဏ်ပြုဆုကို လက်ခံထားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Legion of Honor ဆုဖြစ်ပြီး ၂၀၀၁ ခုနှစ်က သမ္မတအာဆတ်ကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

    “သမ္မတအာဆတ်ကို ပေးအပ်ထားတဲ့ Grand Croix of the Légion d’honneur ဆုကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်သစ်နိုင်ငံကို ပြန်ပေးခဲ့ပါတယ်” ဟု ဆီးရီးယားသမ္မတရုံး၏ Twitter စာမျက်နှာတွင် ရေးသားခဲ့ပြီး နိုင်ငံအတွင်း ပြင်သစ်အကျိုးစီးပွားကို ကိုယ်စားပြုသည့် ရိုမေးနီးယားသံရုံးမှတစ်ဆင့် ပြန်အပ်ခဲ့သည်ဟု ဆိုသည်။

    ထိုကဲ့သို့ ပြန်အပ်ရန် ဆုံးဖြတ်မှုမှာ ဧပြီလ ၁၄ ရက်နေ့က ဆီးရီးယားအား ၃ နိုင်ငံကျူးကျော်မှုတွင် ပါဝင်မှု၊ အကြမ်းဖက်သမားများအား ထောက်ပံ့ပေးပြီး နိုင်ငံကတကာ ဥပဒေ၏ အခြေခံကျသော စံနှုန်းများ၊ စည်းမျဉ်းများကို ဖောက်ဖျက်သည့် ‘အမေရိကန်၏ နောက်လိုက် ကျွန်နိုင်ငံတစ်ခု’က ပေးအပ်သည့် ဆုတံဆိပ်ကို သမ္မတ အာဆတ်က လက်မခံလိုမှုကြောင့် ဖြစ်ကြောင်း Twitter ကြေငြာချက်တွင် ဖော်ပြထားသည်။

    အာဆတ်အားပေးထားသည့် အဆိုပါဆုကို ပြင်သစ်က ပြန်ရုတ်သိမ်းတော့မည်ဟု ပြင်သစ်မီဒီယာများက အစောပိုင်းတွင် ဖော်ပြခဲ့ကြသည်။

    ပြင်သစ်မှာ အမေရိကန် စက်ဘီးသမား လန့်စ် အမ်းစထရောင်း၊ ဗြိတိသျှဒီဇိုင်နာ ဂျွန်ဂါလီယာနိုနှင့် ဟာဗေး ၀ိုင်စတိန်းတို့အား ပေးထားသည့် အဆိုပါဂုဏ်ထူးဆောင်ဆုများကိုလည်း ယခင်က ပြန်ရုပ်သိမ်းခဲ့ဖူးသည်။

    Ref: RT

  • ဂျာမနီတွင် နာဇီလက်သစ်များက ဟစ်တလာမွေးနေ့ ကျင်းပမည်

    ဂျာမနီတွင် နာဇီလက်သစ်များက ဟစ်တလာမွေးနေ့ ကျင်းပမည်

    ဧပြီ ၂၀၊ ၂၀၁၈
    M-Media

    ဖက်ဆစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြမှု

    – နာဇီခေါင်းဆောင် ဟစ်တလာရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဂျာမနီက နာဇီလက်သစ်တွေဟာ ချီတက်ဆန္ဒပြဖို့ စီစဉ်နေပြီး အစိုးရကလည်း လုံခြုံရေးကို တင်းကြပ်ထားပါတယ်။

    ပိုလန်နဲ့နီးတဲ့ နယ်စပ်မြို့ အော်စရစ်မှာ Shield and Sword (SS) ဆိုတဲ့ ခေါင်းစဉ်နဲ့ သောကြာ၊ စနေနေ့တွေမှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံတစ်ဝှမ်းက နာဇီလက်သစ်နဲ့ လက်ယာသမား ၁၀၀၀ နီးပါးလောက် တက်ရောက်ဖို့ရှိနေပါတယ်။ ဒီအခမ်းအနားကို ဂျာမနီ လက်ယာစွန်း အမျိုးသားရေးပါတီ NPD က စီစဉ်တာဖြစ်ပါတယ်။

    ဂျာမနီနဲ့ ပိုလန်တို့က ဖက်ဆစ်ဆန့်ကျင်ရေးသမားတွေကလည်း SS အခမ်းအနားနဲ့ သိပ်မဝေးတဲ့နေရာမှာ “Rechts Rockt Nicht! ခေါင်းစဉ်နဲ့ ချီတက်ဆန္ဒပြမှု၊ ဂီတပွဲတွေ လုပ်ဖို့ စီစဉ်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ အော့စရစ်မြို့လယ်ကောင် ရင်ပြင်မှာ ‘အော့စရစ် ငြိမ်းချမ်းရေးပွဲတော်’ ကို ကျင်းပမှာဖြစ်ပြီး လက်ယာသမားတွေကို ဆန့်ကျင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    ဒီနေ့ဟာ နာဇီခေါင်းဆောင် ဟစ်တလာရဲ့ ၁၂၉ နှစ်မြောက် မွေးနေ့ဖြစ်ပြီး လက်ယာသမားတွေက နှစ်စဉ် ဟစ်တလာမွေးနေ့ကို ကျင်းပကြပါတယ်။

    အော့စထရစ်မြို့ဟာ လူပေါင်း ၂၅၀၀ လောက်သာရှိတဲ့ မြို့ငယ်လေးဖြစ်ပြီး ဒေသတစ်ဝှမ်းက ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀ လောက် ဒီမြို့ကို ပို့ထားတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

    လမ်းတော်တော်များများကို ပိတ်ထားမှာဖြစ်ပြီး မြို့အ၀င်လမ်းတွေမှာလည်း ရဲတပ်ဖွဲ့ဝင်တွေ ချထားတယ်လို့ ဆိုပါတယ်။

    Shield and Sword ပွဲကို လက်ယာသမားတွေနဲ့နီးစပ်တဲ့ ဂျာမန်စီးပွားရေးသမား ဟန်-ပီတာ ဖစ်ရှာရဲ့ Neisseblick ဟိုတယ်မှာ ကျင်းပမှာပါ။ နိုင်ငံရေးမိန့်ခွန်းတွေ၊ လက်ယာသီချင်းဆိုပွဲတွေ၊ နပန်းပွဲတွေ၊ မင်ကြောင်ထိုးပွဲတွေနဲ့ အခြား အခမ်းအနားတွေ ပါဝင်မှာဖြစ်ပါတယ်။ လယ်ယာယိမ်း တံဆိပ်တွေကပ်ထားတဲ့
    ထုတ်ကုန်တွေကိုလည်း အခမ်းအနားမှာ ဆိုင်ခန်းငယ်လေးတွေနဲ့ ရောင်းချမှာပါ။

    အခမ်းအနားကို NPD ပါတီရဲ့ ဒေသတွင်းအကြီးအကဲ သော်စတန်ဟေဆီနဲ့ ဥရောပလွှတ်တော်က NPD အမတ် အူဒိုဗွိုက်တို့လည်း တက်ရောက်ဖို့ ရှိနေပါတယ်။

    ဂျာမနီမှာ ဖက်ဆစ်ဝါဒကို တရားမ၀င်အဖြစ် သတ်မှတ်ထားပေမယ့် အခမ်းအနားစီစဉ်သူတွေဟာ ဂျာမနီ အခြေခံဥပဒေမှာ အာမခံပေးထားတဲ့ လွတ်လပ်စွာစုဝေးခွင့်ကို အသုံးချပြီး အခမ်းအနာတွေ ပြုလုပ်နေကြတာ ဖြစ်ပါတ
    ယ်။

    ဒီလိုအခမ်းအနားမျိုးတွေဟာ သီးသန့်အဆောက်အဦးတွေမှာ ပြုလုပ်ကြပြီး အများပြည်သူတွေကို လာရောက်ခွင့်ပေးထားပေမယ့် ရုန်းရင်းဆန်ခတ်ဖြစ်တာမျိုး မရှိပါဘူး။

    Ref: Aljazeera

  • အာဖရိကနိုင်ငံတစ်ခု နိုင်ငံအမည်ပြောင်းလဲ

    အာဖရိကနိုင်ငံတစ်ခု နိုင်ငံအမည်ပြောင်းလဲ

    ဧပြီ ၂၀၊ ၂၀၁၈
    M-Media

    ဘုရင် အမ်ဆွာတီကို ရိုးရာဝတ်စုံနှင့် တွေ့ရစဉ်

    – အာဖရိကနိုင်ငံငယ်တစ်ခုဖြစ်သည့် ဆွာဇီလန်နိုင်ငံ၏ ဘုရင် အမ်ဆွာတီ ၃ က နိုင်ငံအမည်ပြောင်းလဲကြောင်း ယမန်နေ့တွင် ကြေငြာခဲ့သည်။

    ဗြိတိသျှကိုလိုနီအဖြစ်မှ လွတ်လပ်ရေးရသည့် နှစ် ၅၀ ပြည့်အဖြင် ဒုတိယမြို့တော် မန်ဇီနီရှိ ဘောလုံးကွင်းတွင် ပြုလုပ်သော အခမ်းအနား၌ ဘုရင် အမ်ဆွာတီက နိုင်ငံအား အီဆွာတီနီ (eSwatini) အဖြစ် အမည်ပြောင်းလဲကြောင်း ပြောကြားခဲ့သည်။

    “ဆွာဇီလန်ဟာ သူ့ရဲ့ မူရင်းအမည်ကို ပြောင်းလဲတော့မယ်ဆိုတာ ကျွန်တော် ကြေငြာချင်ပါတယ်။ အာဖရိကနိုင်ငံတွေ လွတ်လပ်ရေးရတဲ့အချိန်မှာ သူတို့ ကိုလိုနီအပြုမခံရခင်က ရှိခဲ့တဲ့အမည်တွေကို ပြောင်းပေးခဲ့ကြတယ်။ ဒါ့ကြောင့် အခုအချိန်ကစပြီး ကျွန်တော်တို့တိုင်းပြည်ကိုလည်း အီဆွာတီနီ ဘုရင့်နိုင်ငံလို့ တရားဝင်ခေါ်ဆိုသွားမှာပါ”

    အာဖရိကတောင်ပိုင်းရှိ ဆွာဇီလန်နိုင်ငံမှာ ၁၉၀၀ ပြည့်နှစ်များကတည်းက ဗြိတိသျှ၏ ကာကွယ်မှုအောက်တွင် နေထိုင်ခဲ့ရပြီး ၁၉၆၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ သို့သော်လည်း လွတ်လပ်ရေးရသည့် အချိန်တွင် အခြားသော အာဖရိကနိုင်ငံများကဲ့သို့ ယခင်အမည်ကို ပြောင်းလဲခဲ့ခြင်းမရှိပေ။

    အီဆွာတီနီမှာ ဆွာဇီဘာသာစကားဖြစ်ပြီး ‘ဆွာတီလူမျိုးများ၏ ဌာနေ’ ဟု အဓိပ္ပါယ်ရသည်။

    နိုင်ငံသားများက ဆွာဇီလန်ဆိုသည့် အမည်မှာ အင်္ဂလိပ်နှောသည်ဟု ဝေဖန်မှုများ ရှိခဲ့ပြီး နာမည်ပြောင်းရန်အတွက် အစိုးရမှာ ပြီးခဲ့သည့် နှစ်အနည်းကတည်းက ကြိုးစားခဲ့သည်။

    ၁၉၈၆ ခုနှစ် အသက် ၁၈ နှစ်အရွယ်တွင် အာဏာရခဲ့သည့် ဘုရင်အမ်ဆွာတီမှာ ယခင်က မိန့်ခွန်းများတွင် အမည်အသစ်ကို အသုံးပြုခဲ့သည်။

    လူဦးရေ ၁.၃ သန်းသာရှိသည့် ဆွာဇီလန်မှာ အာဖရိကတိုက်တွင် ဘုရင်စနစ်ကို အပြည့်အ၀ကျင့်သုံးသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။

    ယခုကဲ့သို့ အမည်ပြောင်းမှုကြောင့် အခြေခံဥပဒေကို ပြန်လည်ရေးသားရမည်ဖြစ်ပြီး၊ ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် တက္ကသိုလ်တို့၏ အမည်များကိုလည်း ပြောင်းလဲရမည်ဖြစ်သည်။

    Ref: Aljazeera