News @ M-Media

Author: M-Media

  • Condé Nast Traveler မဂ္ဂဇင်း၏ ခင်မင်စရာကောင်းသော မြို့ခံများနေရာ ခရီးသွားချင်ဖွယ် ကမ္ဘာ့ မြို့ ၁၀ မြို့စာရင်း၌ မန္တလေးမြို့က နံပါတ် ၇ ရရှိ

    M-Media
    သြဂုတ်လ ၅ ရက်၊ ၂၀၁၃

    Condé Nast Traveler မဂ္ဂဇင်း၏ စာဖတ်ပရိသတ်က ရွေးချယ်ခဲ့သည့် လည်ပတ်စရာချင်စရာကောင်းမွန်သော ခင်မင်နှစ်လိုဖွယ်မြို့ခံများနေရာ မြို့တော်စာရင်း (Top 10 Friendliest Cities in the world) တွင် မြန်မာနိုင်ငံမှ မန္တလေးမြို့က နံပါတ် ၇ နေရာ ရရှိခဲ့ကြောင်း အေဖက်ပီသတင်းတစ်ရပ်က ဖြော်ပသည်။

     

    မန္တလေးမှ ကမ္ဘာကျော် ဦးပိန်တံတား (ဓာတ်ပုံ -  ဝေစိုင်း)
    မန္တလေးမှ ကမ္ဘာကျော် ဦးပိန်တံတား (ဓာတ်ပုံ – ဝေစိုင်း)

    နံပါတ် ၁ နေရာကိုမူ ဘရာဇီးနိုင်ငံ ကမ်းခြေဆိပ်ကမ်းမြို့ဖြစ်သည့် ဖလိုရီရန်နိုပိုလစ်မြို့က ရရှိခဲ့သည်။ ဘူတန်၊ ဘာလီနှင့် အိုင်ယန်လန်စသည့်နိုင်ငံများမှ မြို့ကြီး မြို့ငယ်များ ပါဝင်ခဲ့ကြသည်။ နယူးယောက်၊ လန်ဒန်နှင့် တိုကျိုစသည့် မြို့ကြီးပြကြီးများမှာမူ ထင်ထားသည့်အတိုင်း စာရင်းဝင် ခဲ့ကြခြင်းမရှိချေ။

    ထိုစာရင်းတွင် နှစ်လိုဖွယ်မကောင်းသည့် ထိပ်ဆုံးမြို့ ၁၀ မြို့ကိုလည်း ရွေးချယ်ခဲ့သည်။ ထိုမြို့များတွင် ထိပ်ဆုံး နံပါတ် ၁ ၌ အမေရိကန် နယူးဂျာစီရှိ နယူးဝါက်မြို့က ဦးဆောင်နေပြီး ပါကစ္စတန်၊ တိုဂိုနှင့် မော်ရိုကိုစသည့်နိုင်ငံများမှ မြို့များ ပါဝင်သည်။

    Condé Nast Traveler မဂ္ဂဇင်းမှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေဆိုက် Condé Nast မဂ္ဂဇင်းထုတ်ဝေရေးမှ ထုတ်ဝေသည့် ခရီးသွားလမ်းညွှန် နာမည်ကြီး မဂ္ဂဇင်းတစ်စောင်ဖြစ်ပြီး ၁၉၈၇ မှ စတင် ထုတ်ဝေခဲ့သည်။

    Condé Nast Traveler က ၄င်းတို့ရွေးချယ်သည့် စာရင်းကို သဘောတူမှု ရှိမရှိ ပရိသတ်အမြင်တောင်းခံထားပါသည်။ (သွားရောက်ကြည့်ရှုရန် လင့် – www.cntraveler.com/vote/readers-choice-survey-2013)

    Condé Nast Traveler ၏ နှစ်လိုဖွယ်အကောင်းဆုံးနှင့် မကောင်းဆုံး မြို့ ၁၀ မြို့စီ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    Friendliest

    1. Florianopolis, Brazil
    2. Thimphu, Bhutan
    3. Queenstown, New Zealand
    4. Charleston, South Carolina
    5. Paro, Bhutan
    6. Margaret River, Australia
    7. Mandalay, Burma
    8. Kilkenny, Ireland
    9. Ubud, Bali, Indonesia
    10. Chiang Mai, Thailand

    Unfriendliest

    1. Newark, New Jersey
    2. Islamabad, Pakistan
    3. Oakland, California
    4. Luanda, Angola
    5. Kuwait City, Kuwait
    6. Lome, Togo
    7. New Haven, Connecticut
    8. Detroit, Michigan
    9. Atlantic City, New Jersey
    10. Tangier, Morocco

  • အန္တရာယ်ရှိသည့် ရခိုင်အစီရင်ခံစာအား ဝေဖန်သူများ ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချ

ိM-Media
    သြဂုတ် ၄ ရက်၊ ၂၀၁၃

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးခွဲခြားပြီး ဆက်ဆံမယ်၊ ဒုတိယသို့မဟုတ် တတိယတန်းစားနိုင်ငံသားတွေအဖြစ် ဆက်ဆံမယ်ဆိုရင် ဒါဟာ နိုင်ငံတကာအသိုင်းအ၀န်းအနေနဲ့ လက်ခံနိုင်စရာမရှိဘူး၊ ရိုဟင်ဂျာကိစ္စအတွက် မြန်မာနိုင်ငံက လွဲလို့ အခြားနိုင်ငံတွေမှာ တာဝန်မရှိဘူးရယ် လို့ ဗြိတိသျှလွှတ်တော်ဥက္ကဌက သြဂုတ် ၁ မှာပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။ အဲဒီနေ့မှာပဲ စင်ထရယ်ဟိုတယ်မှာတော့ ဂီတပညာသည် Rick Heizman ခေါင်းဆောင်ရေးသားတဲ့ AHRD ရဲ့ ဘာသာရေးစော်ကားမှုတွေသာမက စိတ်ခံစားချက်တွေပါ ပါတဲ့ အငြင်းပွားဖွယ်ရာ ရခိုင်အစီရင် ခံစာ ကြေငြာခဲ့ပါတယ်။

    Rick Heizman ကို ပညာရှင်လို့ အလဲဗင်းမီဒီယာဂရုက ဖော်ပြထားပြီး အခြားနိုင်ငံတွေမှာ မွတ်စလင်အစွန်းရောက်တွေ အဖျက်လုပ်ငန်းတွေ လုပ်နေတာကြောင့် ရခိုင်မှာလည်း အဲဒီလိုဖြစ်နေတာရယ်လို့ သူ့အစီရင်ခံစာကို ကိုးကားပြီး သတင်းဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အလဲဗင်းဂရုက ဇူလိုင်လ ၁၃ ရက်နေ့နေ့စွဲနဲ့ သတင်းတစ်ပုဒ်တင်ပြခဲ့ပြီး အဲဒီသတင်းမှာ ရခိုင်ပြည်နယ်တွင်း မွတ်စလင်အကြမ်းဖက်မှု မရှိဘူးရယ်လို့ မောင်တော နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်က ပြောကြားတဲ့အကြောင်း ရေးသားထားပြန်ပါတယ်။ မြန်မာအစိုးရအတွက် နိုင်ငံတကာထောက်ခံမှု လွယ်လွယ်ကူကူရနိုင်တဲ့ မွတ်စလင်အစွန်းရောက် အကြမ်းဖက်မှု မြန်မာပြည်တွင်းမှာ ရှိနေတယ်ဆိုတဲ့ အချက်ကို မြန်မာအစိုးရတာဝန်ရှိသူတွေကိုယ်တိုင် တရားဝင်ပြောကြား အတည်ပြုတာမျိုး မရှိသေးပါဘူး။

    အလဲဗင်းဂရုက Rick Heizman ကို ပညာရှင်လို့ သုံးစွဲခဲ့ပေမယ့် ဘာပညာရှင်လို့တော့ ကွဲကွဲပြားပြား မဖော်ပြထားပါဘူး။ Rick Heizman ကတော့ အမေရိကန်နိုင်ငံသား မထင်မရှား ဂီတပညာသည်ဖြစ်ပါတယ်။ ဒါကြောင့် သူရေးတဲ့ ရခိုင်အစီရင်ခံစာကတော့ ပညာရှင်အဆင့် အစီရင်ခံစာလို့ သမုတ်ရမှာထက် “အမှိုက်” သို့မဟုတ် “အန္တရာယ်မှတ်တမ်း” လို့သာ ခေါ်ရမှာဖြစ်တဲ့အကြောင်း ပညာရှင်ဝေဖန်းရေးဆရာတွေက မှတ်ချက်ပြုပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ရခိုင်တွေအတွက် အဖတ်ဆယ်ဖို့ ကြိုးစားတာက အရာမထင်ဘဲ တဆင့်တိုးလို့သာ ရခိုင်အစိုးရအဖွဲ့ဝင် ဦးဝင်မြိုင်ကို ရည်ညွှန်းပြီး မိုက်မဲတဲ့ လူတန်းစားရယ်လို့ HRW ရဲ့ အာရှဒါရိုက်တာရဲ့ သမုတ်ခြင်းခံလိုက်ရပါတယ်။

    Rick Heizman ကတော့ အမေရိကနိုင်ငံ ဆန်ဖရန်စစ္စကိုနေ ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်း မြန်မာအမျိုးသမီး ၊ ဂီတပညာရှင် မစုဝေနဲ့ ၂၀၀၉ ခုနှစ်တုန်းက လက်ထပ်ခဲ့ပါတယ်။ မစုဝေကိုတော့ ရခိုင်အမျိုးသမီးတစ်ဦး ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြု ဝေဖန်နေကြပေမယ့် သူမရဲ့ ကိုယ်ပိုင်ဝက်ဘ် ဆိုက်ဒ်မှာတော့ တစ်စုံတစ်ရာ ဖော်ပြထားခြင်းမျိုး မရှိပါဘူး။

    Rick Heizman ရေးသားတဲ့ အစီရင်ခံစာထွက်ပေါ်အပြီးမှာ မြန်မာတိုင်းမ်စ်က Critics slam ‘dangerous’ Rakhine Report ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတင်ပြခဲ့ပါတယ်။ အဲဒီသတင်းအပြည့်အစုံမြန်မာပြန်ကို M-Media ပရိသတ် ရှုစားနိုင်ကြပါပြီ။

     

    Rick tux guitar 2
    ရခိုင်အစီရင်ခံစာ ရေးသားသူ Rick Heizman (ဓာတ်ပုံ – baymusic.com)

    ရခိုင်ပြည်နယ်က မွတ်စလင် ၈သိန်းလောက်ကို ဘင်္ဂလားဒေ့ရှ်ကို ပို့ပစ်ဖို့ အဆိုပြုထားတဲ့ အစီရင်ခံစာတစ်စောင် သြဂုတ် ၁ရက်နေ့တုန်းက ထွက်ပေါ်လာ ပါတယ်။ စထွက်လာတဲ့နေ့မှာပဲ ပြင်းထန်တဲ့ အငြင်းပွားစရာတွေကို ဖြစ်ပျက်စေခဲ့ပါပြီ။ တချိုကတော့ ဒီအစီရင်ခံစာကို “အမှိုက်” အဆင့်သာသာပဲလို့ သမုတ်လိုက်သလို တချို့ကတော့ အဲဒီအစီရင်ခံစာကြောင့် တင်းမာမှုတွေ လောင်စာဆီဖြည့်တင်းပေးသလို ဖြစ်မှာပဲလို့ သတိပေးပြောကြားခဲ့ကြပါတယ်။

    “မြန်မာပြည်၊ ရခိုင်နယ်က ပဋိပက္ခနဲ့ အရှုပ်အထွေးများ” လို့ ခေါင်းစဉ်တပ်ထားတဲ့ အစီရင်ခံစာကို The Arakan Human Rights and Development Organization ခေါ် အာရကန် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က သြဂုတ် ၁ တုန်းက ရန်ကုန်မြို့စင်ထရယ်ဟိုတယ်မှာ အခမ်းအနားနဲ့ တင်ပြခဲ့ပါတယ်။

    အဲဒီအစီရင်ခံစာကတော့ ရခိုင်က မွတ်စလင်တွေကို နိုင်ငံသားပြုပိုင်ခွင့် မပေးဖို့တင်ပြထားသလို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြား “လူအုပ်စု အပြန်အလှန်လဲလှယ်ခြင်း” လုပ်ကြဖို့ အဆိုပြုထားပါတယ်။ ဒါမှာသာလျှင် လူ ၂၀၀ လောက်သေကြေခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်း ကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။

    ဒီအစီရင်ခံစာရေးတုန်းက ရိုဟင်ဂျာတစ်ဦးကိုတောင် အင်တာဗျူးမေးမြန်းပြီး သုတေသနလုပ်ထားတာမျိုး မရှိပါဘူး။ အစီရင်ခံစာ ကြေငြာ အပြီး ဆွေးနွေးပွဲလုပ်တော့ အဲဒီအစီရင်ခံစာရေးသားရာမှာ ခေါင်းဆောင်ခဲ့တဲ့ (အမေရိကန်နိုင်ငံသား၊ ဂီတပညာရှင်) Rick Heizman တစ်ယောက် ပရိသတ်အချို့ထံက စိတ်ဆိုးမာန်ဆိုးမှတ်ချက်တွေကိုသာ လက်ခံရရှိခဲ့ပါတယ်။

    “ကျွန်တော်တို့ အဲဒီအစီရင်ခံစာကို အမှိုက်စာရင်းထဲ ထည့်ရမယ်၊ ဒါပါပဲ” လို့ အဲဒီအခမ်းအနားမှာတင် အရှေ့တောင်အာရှ သမိုင်းလေ့လာသူ PhD ကျောင်းသားတစ်ဦးက ကြေငြာခဲ့ပါတယ်။

    “အာရကန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ လူချင်းလဲလှယ်ဖို့ဆိုတာက အမြော်အမြင်မပါတဲ့ ကိစ္စပဲ။ အမေရိကန်သမ္မတ အိုဘာမားလို အာဖရိကနွယ်ဖွား အမေရိကန် နိုင်ငံသားတွေကို အာဖရိကပြန်သွားဆိုပြီး လဲလှယ်လို့ ရနိုင်မလား? အတူပူးတွဲနေကြဖို့နဲ့ ငြိမ်းချမ်းတဲ့ ဆွေးနွေးမှုတွေက ပိုကောင်းပါတယ်။ အခုခင်ဗျားဒီစာနယ်ဇင်းတွေ့ဆုံပွဲမှာလို အမုန်းတရားတွေ ဖြန့်ကျဲလိုက်တာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။” ဟု မြန်မာ့လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    မြန်မာပြည်ဆိုင်ရာ ဂျာမနီသံရုံးရဲ့ သံအရာရှိတစ်ဦးကတော့ ဒီအစီရင်ခံစာကို “တကယ့် အန္တရာယ်ရှိတဲ့ အစီရင်ခံစာပဲ၊ ဒါမျိုးကို ကျွန်တော်တို့ အတည်အတန့် ထည့်စဉ်းစားဖို့ မဖြစ်နိုင်ဘူး။” လို့ ဆိုပြန်ပါတယ်။ သူမက “ကျွန်မ အခု ကျွန်မရဲ့ရပ်တည်ချက်ကို ပြောချင်တယ်။ ခင်ဗျားရဲ့ (Rick Heizman ကို ရည်ညွှန်း) တင်ပြမှုတွေကိုလည်း နားထောင်တယ်၊ အစီရင်ခံကိုလည်း ဖတ်ပါတယ်။ ခင်ဗျားရဲ့ အစီရင်ခံစာက တဖက်သတ်ပါပဲ၊ ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြားက ပြဿနာကို အလွန်ဆိုးဆိုးရွားရွားကို မှားယွင်းစွာ သုံးသပ်ပြီး အဖြေထုတ်ထားတယ်။” ဟု ပြောခဲ့ပါတယ်။

    အာရကန် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ ဒါရိုက်တာဖြစ်တဲ့ ဦးအောင်မရမ်းဦးကတော့ အစီရင်ခံစာက တဖက်သတ်ဖြစ်တယ်ဆိုတဲ့ အပေါ်မှာ သဘောတူခဲ့ပေမယ့် သူတို့အစီရင်ခံစာက အပြုသဘောဆောင်ဆဲပါလို့ အမေးအဖြေကဏ္ဍမှာ ပြောခဲ့ပါတယ်။ “ဒါက လျစ်လျူရှုခံထားရတဲ့ ရခိုင်ဘက်က သမိုင်းကြောင်းပါပဲ” လို့ သူက အစီရင်ခံစာကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။

    Rick Heizman ကတော့ မေးခွန်းတော်တော်များများကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီမေးခွန်းတွေထဲမှာ သူ့ရဲ့ ပညာရပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုအနေအထား ကို မေးတဲ့ မေးခွန်းမျိုးတွေလည်း ပါခဲ့ပါတယ်။ ဒီမေးခွန်းကိုတော့ သူက အခုအချိန်မှာ ဖြေဖို့မလိုဘူးဆိုပြီး ပယ်ချသွားခဲ့ပါတယ်။ သူရဲ့ တင်ပြပြောဆိုမှု ပြီးချိန်မှာ လုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာတော့ သူက – “ကျွန်တော့်ပညာရပ်ဆိုင်ရာ အထောက်အထားကတော့ဗျာ၊ ကျွန်တော် ဒီနေရာကို အကြိမ်များစွာ ရောက်ဖူးတယ်” ဟုသာ အဖြေပေးခဲ့ပါတယ်။

    Rick Heizman ရဲ့ ဘ၀ဇတ်ကြောင်းတွေကို အင်တာနက်မှာ တွေ့မြင်ဖတ်ရှုနေရတာနဲ့ ပတ်သတ်ပြီးလည်း မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။ Thingsasian.com က Rick Heizman ကိုအင်တာဗျူးလုပ်ထားပြီး သူတို့ရဲ့ ၀က်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ အဲဒီမှာ Rick Heizman ရဲ့ ကိုယ်ရေး အချက်အလက်တွေကို တွေ့ရမှာဖြစ်ပါတယ်။ Rick Heizman က နယူးယောက်ကဖြစ်ပေမယ့် ဆန်ဖရန်စစ္စကိုမှာ နေပါတယ်။ ဆန်ဟိုဆေးအစိုးရတက္ကသိုလ်ကနေ ဂီတနဲ့ပတ်သတ်ပြီး (ထုတ်လုပ်ရေး + ဂီတာ) ၀ိဇ္ဇာ ဘီအေဘွဲ့ ရရှိထားပါတယ်။

    အဲဒီ အင်တာဗျူးဆောင်းပါးမှာ – “Rick Heizman က မြန်မာပြည်ကို တိုင်ပြည်ကြီးတစ်ခုရယ်လို့ ခံစားမှတ်ယူကြောင်း၊ မြန်မာပြည်ကလူတွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုကို စိတ်ဝင်စားကြောင်း၊ ဒါ့ပြင် ဘယ်လိုအစိုးရမျိုးကို ဖွဲ့စည်းရမလဲဆိုတဲ့ ကိစ္စကိုလည်း စိတ်ဝင်စားကြောင်း၊ သူက မြန်မာပြည်ကို မကြာခဏ လာတဲ့အတွက် သူငယ်ချင်းကောင်းတွေ ရရှိခဲ့ကြောင်း၊ ဒါ့ပြင်သူက မြန်မာ့ နိုင်ငံရေးဘက်မှာလည်း အမြော်အမြင်ရှိရှိ ပါဝင်ဆောင်ရွက်နေအကြောင်း” ဖော်ပြထားပါတယ်။

    Baymusic.com လို့ခေါ်တဲ့ မင်္ဂလာဆောင်အခမ်းအနားတွေ၊ အခြားလူမှုပူးပေါင်းဆောင်ရွက်မှုတွေမှာ ဂီတာလိုက်တီးတဲ့ ဂီတသမားတွေအတွက် ရည်ရွယ်ပြီး သူတို့ရဲ့ လိပ်စာတွေ အချက်အလက်တွေကို အင်တာနက်မှာ တင်ပြပေးနိုင်ဖို့ စီစဉ်ထားတဲ့ ၀က်ဘ်ဆိုက်ဒ်မှာလည်း Rick Heizman က ဒီနှစ်ထဲမှာ သူ့ရဲ့အချက်အလက်တွေကို တင်ခဲ့ပါတယ်။

    ဝေဖန်မှုတွေ ရှိနေပေမယ့် သူရေးရဲ့ အစီရင်ခံစာကတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် အချို့ရဲ့ သဘောဆန္ဒတွေကိုလည်း အနည်းဆုံး ထင်ဟပ်ဖော်ပြထားပါတယ်။ မြန်မာတိုင်းမ်စ်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးဝင်မြိုင်တို့ မကြာသေးမီက အင်တာဗျူးမေးမြန်းခဲ့တဲ့အခါ သူက ရိုဟင်ဂျာတွေကို “ခိုးဝင်လာတဲ့ ဘင်္ဂါလီ” တွေ၊ သူတို့ကို နိုင်ငံတွင်းကနေ အင်အားသုံး မောင်းထုတ်ရမယ်လို့ ဖြေကြားခဲ့ပါတယ်။

    Rick Heizman လိုပါပဲ၊ ဦးဝင်မြိုင်ကလည်း အနောက်မီဒီယာတွေသာမက ထောက်ပံ့ရေးအဖွဲ့တွေကလည်း ရခိုင်တွေကို တလွဲမြင်နေကြတယ်လို့ ရှည်လျားစွာ ပြောပြခဲ့ပါတယ်။ သူက ကုလနဲ့ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ HRW တို့ကို ရည်ညွှန်းပြီး အဲဒီလို ပြောခဲ့တာပါ။ “သူတို့မှာ မွတ်စလင်ကို ပရိုမုတ်လုပ်တဲ့ ဘက်လိုက်မှုတွေ ရှိနေတယ်” လို့ သူကဆိုပါတယ်။

    ဒါ့ပြင်သူ ရဲနဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ပဋိပက္ခကြောင့် အိမ်ယာမဲ့မွတ်စလင်တွေကို နေရာချပေးထားတဲ့ စခန်းတွေရဲ့ ညစ်ပတ်ဆုတ်ခြာပုံတွေကို ဖော်ပြထားတဲ့ အစီရင်ခံစာတွေက မွတ်စလင်အစွန်းရောက်တွေရဲ့ မှားယွင်းစွာပုံဖော်ထားချက်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် အိမ်ယာမဲ့ခဲ့ကြတဲ့ မွတ်စလင်တွေက ဘာကြောင့် အဲဒီလို နေစရာပျောက်ရတာလဲဆိုတော့ သူတို့က တခြားရခိုင်အိမ်တွေမှာ မီးသင့်ရအောင် ရည်ရွယ်ပြီးကိုယ့်အိမ်ကို ပြန်မီးရှို့တယ်၊ ကုလအေဂျင်စီတွေက အစားထိုးဆောက်ပေးတဲ့ အိမ်ကောင်းတွေရဖို့ ရည်ရွယ်ပြီး လုပ်ကြတာဖြစ်တယ်လို့ ဦးဝင်းမြိုင်က ဆိုပါတယ်။

    HRW ရဲ့ အာရှဒါရိုက်တာ ဖီးလ်ရောဘတ်ဆင်ကတော့ ဒါမျိုးမှတ်ချက်ကို “အထောက်အထားမဲ့ ဟာသပျက်လုံး” ရယ်လို့ ၀ိသေသပြု ပြောဆိုခဲ့ပါတယ်။

    မစ္စတာရောဘတ်ဆင်က – “သူက ရခိုင်တွေရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားတဲ့ ပုံပြင်တွေကိုချည့် ထပ်တလဲလဲပြောနေတယ်။ အဲဒီပုံပြင်တွေကို အစိုးရနဲ့ အရပ်ဘက်အဖွဲ့ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ ဇွန်လပဋိပက္ခတုန်းကတည်းက ဖန်တီးထားကြတာပဲ။ ဒါမျိုးပြောဆိုချက်တွေကို ဘယ်သူမှမယုံဘူး၊ ဒါမျိုးထပ်ပြောရင် အဲဒီလူကို အရူးလို့ပဲ မြင်ရမှာပဲ။” ဟု ပြောဆိုခဲ့ပါတယ်။

    “ကြိုက်တဲ့ဘက်က နှိုင်းယှဉ်နိုင်တယ်၊ ရိုဟင်ဂျာတွေက အိုင်ဒီပီစခန်းတွေမှာ ခက်ခဲကြပ်တည်းစွာ တားဆီးပိတ်လှောင်ခံထားရတယ်။ အထောက်အပံ့မရှိဘူး၊ ပညာရေးအတွက်လည်း အခွင့်အရေးမရှိဘူး၊ ကျန်းမာရေးနဲ့ အခြားအခြေခံလိုအပ်ချက်ရောပေါ့ဗျာ” ဟု မစ္စတာ ရောဘတ်ဆင်က ပြောပါတယ်။

    HRW မှာ ရခိုင်တွေနဲ့ဆန့်ကျင်ပြီး ဘက်လိုက်တာမျိုး ဘာမှမရှိဘူး။ ဦးဝင်းမြိုင်က “သတင်းဆိုးတွေ ပေးလို့ အပြစ်တင်မခံရတဲ့ပုံမျိုး” ဖမ်းနေတာပဲ။ ဘာလို့လဲဆိုတော့ သူ့မှာ အချက်အချို့ရှိတယ်၊ သူက အဲဒီအချက်တွေကို ကိုယ်တိုင်တောင် ကြိုက်တာမဟုတ်ဘူး၊ အဲဒီအချက်တွေက ကျွန်တော်တို့ ပြောတဲ့ လူမျိုးရေး သုတ်သင်မှု၊ လူ့အခွင့်အရေးနဲ့ ဆန့်ကျင်တဲ့ ရာဇ၀တ်မှု စတာတွေကို ပြီးခဲ့တဲ့နှစ်တုန်းက ရခိုင်မှာ ကျူးလွန်ခဲ့ကြတယ်၊ (ဒါပါပဲ။)” လို့ မစ္စတာ ရောဘတ်ဆင်က ပြောပြခဲ့ပါတယ်။

    ရိုဟင်ဂျာများဘက်ကနေ ဆောင်ရွက်ပေးနေတဲ့ အာရကန်ပရောဂျက်ခေါင်းဆောင် ခရစ်လီဝကတော့ ဦးဝင်းမြိုင်ရဲ့ မှတ်ချက်ကို ချက်ချင်းပယ်ချပြီး “ပျက်လုံးဖြစ်နေလို့ မှတ်ချက်ပေးစရာ မလိုပါဘူး” လို့ တုန့်ပြန်ခဲ့ပါတယ်။

    “ဒါမျိုးအမှန်ကို လက်မခံငြင်းပယ်တာက ရခိုင်မှာ ငြိမ်းချမ်းရေးရဖို့ ခက်ခဲနေစေမှာပဲ” လို့ သူမက ဆိုပါတယ်။

  • နိုင်ငံတကာ လေးစားမှုကို လိုချင်လျှင် ရိုဟင်ဂျာကိစ္စ Racist (လူမျိုးရေးခွဲခြားမှု) မဆန်ဖို့ဂျွန်ဘာကောပြောကြား

    M-Media
    သြဂုတ်လ ၃ ရက်၊ ၂၀၁၃

    MYANMAR-BRITAIN-DIPLOMACY

    ဗြိတိသျှအောက်လွှတ်တော်ဥက္ကဌ ဂျွန်ဘာကော ပြီးခဲ့သည့် ရက်သတ္တပတ်က မြန်မာပြည်သို့ ရောက်ရှိခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။

    ဂျွန်ဘာကောက ရိုဟင်ဂျာဟူသော အသုံးအနှုံးကို စကားပြောရာ၌ ထည့်သွင်းသုံးစွဲခဲ့သလို ရိုဟင်ဂျာများအား နိုင်ငံသားပြုခွင့်ပေးရေး ကိုပါ ပြောကြားခဲ့ပါသည်။ ယင်းကိစ္စကို မကျေလည်သည့် မြန်မာအမျိုးသမီး တစ်ဦးက ဘာကောအား မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိ၊ ဘင်္ဂါလီသာရှိ၍ ရိုဟင်ဂျာဟု သုံးစွဲရခြင်းအကြောင်းရင်း၊ နိုင်ငံတိုင်း တွင် နိုင်ငံသားပြုခွင့် ဥပဒေများရှိပြီး ထိုဥပဒေအားဖြင့် အရည်အချင်းမှီမှသာ နိုင်ငံသားပြုခွင့် ရှိကြောင်း၊ ယင်းကိစ္စများနှင့် စပ်လျဉ်းပြီး ဗြိတိန်နိုင်ငံနှင့်ယှဉ် ၍ ဖြေကြားပေးဖို့ရန် မေးမြန်းခဲ့ပါသည်။

    ဂျွန်ဘာကောက မိမိအနေဖြင့် ယင်းမေးခွန်းကို ဖြေဆို ရမည်အား နှစ်သက်မိပါကြောင်း၊ ရိုဟင်ဂျာမြန်မာပြည်တွင်မရှိဟု ခင်ဗျားက ဆိုနေသော်လည်း (မေးခွန်းရှင်အမျိုးသမီးကို ရည်ညွှန်း) မြန်မာပြည်၌ မိမိတို့ကိုယ်ကို ရိုဟင်ဂျာဟု ပြောဆိုနေကြသူများသည် ဤနိုင်ငံအတွင်းမှာတင် ရှည်လျားကြာမြင့် စွာ နေထိုင်နေကြကြောင်း၊ ပြီးခဲ့ သည့် ရာစုနှစ်ကပင် နေထိုင်လျက်ရှိကြ သည်ဟု ပြောဆိုနေသူများ ရှိကြောင်း၊ ယင်းနှင့် စပ်လျဉ်းပြီး ထိုလူများသည် မည်သည်နေရာမှ ဖြစ် သလဲ၊ ဘယ်နေရာမှာမှာ နေရာချပေးသင့်သလဲ၊ ထိုသူတို့ကို မည်သည့်နိုင်ငံက ပိုင်သလဲ စသည်မေးခွန်းများကို အခြေတည်၍ ကြီးကျယ်သည့် အခြေအတင်ငြင်းခုံဆွေးနွေးမှုများသည် ရှုံ့ချည်ဆန့်ချည်ဖြင့် အကြိမ်ပေါင်းများစွာ ဖြစ်ပျက်နေကြောင်း၊ သို့သော် အချက်အလက်တစ်ခုမှာ ရိုဟင်ဂျာများက သူတို့ကို ဘင်္ဂါလီဟု ခေါ်ဆို သမုတ်လျှင် (နိုင်ငံခြားသား ထွက်သွားဟု ယူဆလျက်) နှိမ်ချသည်ဟု မှတ်ယူကြကြောင်း၊ ကျွန်တော်အား ယခုကဲ့သို့ ပြောရခြင်းအားခွင့်လွှတ်ပါ၊ ထိုရိုဟင်ဂျာများနှင့် စပ်လျဉ်းပြီး ခင်ဗျားတို့တိုင်းပြည်မှာသာ တာဝန်ရှိပါကြောင်း၊ အခြားမည်သည့် တိုင်းပြည်တွင်မှာမှ တာဝန်မရှိကြောင်း၊ ထိုသူများသည် ဘယ်နေရာကိုမှ ထွက်သွားလိမ့် မည်မဟုတ်ကြောင်း၊ ထိုသူများကို ဘင်္ဂါလားဒေ့ရှ်ကလည်း လက်ခံလိမ့်မည် မဟုတ်ကြောင်း၊ အချက်အလက် အများစုအရ ၄င်းတို့က ခင်ဗျားတို့တိုင်းပြည် တွင် နေထိုင်လျက်ရှိသည်မှာ အနည်းဆုံး မျိုးဆက်သုံးဆက် ရှိနေပြီဖြစ်ကြောင်း၊ အကယ်၍ ကျွန်ုပ်တို့ကသာ ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရမည်ဆိုလျှင် နိုင်ငံတကာက လက်ခံသည့် လူ့အခွင့်အရေး စံနှုန်းများဖြင့်သာ ဖြေရှင်းမည်ဖြစ်ကြောင်း၊ ထိုစံနှုန်းများကလည်း နိုင်ငံ သားပြုခွင့်ဥပဒေ၏ အကဲဖြတ်မှုများနှင့် အံဝင်ခွင်ကျဖြစ်နေရမည်ဖြစ်ကြောင်း၊ (ဆိုလိုသည်မှာ နိုင်ငံသားပြုခွင့် ဥပဒေသည် နိုင်ငံတကာ လူ့အခွင့်အရေးစံကို မီရမည်)၊ ကျွန်ုပ်က ရိုဟင်ဂျာတိုင်းကို နိုင်ငံသားပေးရမည်ဟု အငြင်းအခုံပြု ပြောနေခြင်း မဟုတ်ကြောင်း၊ သို့သော် ၄င်းတို့က ခင်ဗျားတို့တိုင်းပြည်တွင် မျိုးဆက်သုံးဆက်တိုင် နေထိုင်ခဲ့ပြီဖြစ်သဖြင့် ၄င်းတို့အား နိုင်ငံသား ခံယူခွင့် (must) ပေးကို ပေးရမည်ဖြစ်ကြောင်း၊ ၄င်းတို့အား အချို့သူများက မနှစ်သက်ကြ၍ ဒုတိယ၊ တတိယတန်းစား နိုင်ငံသားများအဖြစ် ခွဲခြားဆက်ဆံပါသော် ယင်းမှာ လုံးဝ (absolutely) လက်ခံနိုင်ဖွယ် မရှိကြောင်း၊ အကယ်၍ ၄င်းတို့အား ထိုသို့ (ခွဲခြား) ဆက်ဆံပါသော်၊ (အခြားစကားလုံး မသုံးစွဲနိုင်သဖြင့် ကျွန်ုပ်ဝမ်းနည်းပါသည်။ ) ယင်းသည် (racism) လူမျိုးရေး ခွဲခြားနှိမ်ချမှုဖြစ်ကြောင်း၊ ထို လူမျိုးရေးခွဲခြားမှု ကို နိုင်ငံတကာက လက်မခံကြောင်း၊ အကယ်၍ ခင်ဗျားတို့တိုင်းပြည် ကို နိုင်ငံတကာ က လေးစားခြင်းခံရလိုသော် ၊ သမ္မတဦးသိန်းစိန် က မြန်မာပြည် ကို နိုင်ငံတကာလေးစားခြင်း ခံလိုသော် နိုင်ငံတကာက လက်ခံသည့် စံနှုန်းများအတိုင်း ကောင်းမွန် စွာ ပြုမူရမည်ဖြစ်ကြောင်း၊ ဤသည် ကျွန်ုပ်၏ လိုရင်းတိုက်ရိုက်အဖြေပင်ဖြစ်ကြောင်း၊ အချိန်ကာလကြာမြင့် စွာဖြစ်ပေါ်နေသည့် ရိုဟင်ဂျာနှင့် စပ်လျဉ်းသော မေးခွန်းများအတွက် အဖြေ ထုတ်ရာတွင် (Non-Racist Attitude) လူမျိုးရေးခွဲခြားခြင်းမရှိသော သဘော ထားကသာ အောင်နိုင်လွှမ်းမိုးမည်ဖြစ်ကြောင်း ဖြေကြားသွားပါသည်။

    ဗွီဒီယို ရုပ်သံ -http://youtu.be/zUNI_ngFAqI

  • သစ်တောတွေလည်း ညအိပ်မီးတွေနဲ့

    သြဂုတ် ၀၂၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    1002521_10201416978882994_1400847042_n

    Avatar ရုပ်ရှင်ထဲက လင်းလက်နေတဲ့ အပင်တွေရှိတဲ့ တောကြီးကို မှတ်မိကြမယ်ထင်ပါတယ်။ 3D animation ကိုအထူးပြုလုပ်ထားပြီး ထူးခြားဆန်းသစ်တဲ့ အမြင်တွေပေးနိုင်တဲ့ Avatar ဇာတ်ကားကတော့ စံချိန်တင်သွားပါတယ်။ အဲဒီ စိတ်ကူးယဉ်ဇာတ်ကားထဲက ထူးဆန်းတဲ့ အရာတချို့နဲ့ အပြင်မှာ မိတ်ဆက်ခွင့်ရမယ်ဆိုရင်ရော …

    ညဖက်မှာ မှောင်မဲနေတဲ့ တောထဲမှာ အလင်းပေးဖို့ သူတို့တွေတာဝန်ယူထားကြပါတယ်။ သူတို့ဆိုတာ Foxfire (သို့) Fairy fire လို့ခေါ်တဲ့ သစ်ဆွေးတွေမှာ ပေါက်တတ်တဲ့ ခပ်ဖြူဖြူသေးသေး မှိုတစ်မျိုးရဲ့အလင်းဓါတ်ပါ။ သူတို့ရဲ့ သိပ္ပံနာမည်ကတော့ Panellus stipticus ဖြစ်ပြီး ညဖက်မှာ သဘာဝအရ အပြာ၊ အစိမ်း၊ အဝါစသဖြင့် မျိုးကွဲတွေအပေါ်မူတည်ပြီး အလင်းရောင်ထုတ်လွှတ်ကြပါတယ်။

    နယူးအင်္ဂလန်ရဲ့ သစ်တောတွေအတွင်း ဆောင်းဦးရာသီမှာ အများဆုံး တွေ့ရပြီး ကြီးမားတဲ့ မျိုးကွဲတွေကိုတော့ သြစတေးလျနဲ့ အမေရိကမှာတွေ့ရကာ အချင်း ၅ လက်မလောက်ထိကြီးပါတယ်။ အလင်းရောင်တွေကတော့ ဝက်သစ်ချပင်ဆီက စုပ်ယူထားတဲ့ ဓါတ်ပစ္စည်းတွေကို ချေဖျက်ရင်းထွက်လာတာပါ။ အလင်းရောင်တွေရဲ့ အဓိကရည်ရွယ်ချက်ကို အတိအကျမသိရပေမယ့် ဝတ်မှုန်ကူးစေရန် အင်းဆက်ပိုးမွှားတွေကို ဆွဲဆောင်ဖို့လို့ ယုံကြည်ထားကြပါတယ်။ ဒါမှမဟုတ် ဆာလောင်နေတဲ့ တိရိစ္ဆာန်တွေကို မစားရန်ခြောက်လှန့်ဖို့လည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဖျော့တော့တော့ အလင်းရောင်သာရှိပေမယ့် တခါတရံမှာတော့ သတိထားမိလောက်အောင်ကို လင်းပါတယ်။

    အစောဆုံးမှတ်တမ်းအနေနဲ့ Aristotle က ဘီစီ ၃၈၂ ခုနှစ်မှာရေးခဲ့ပြီး ရောမအတွေးအခေါ်ပညာရှင် Pliny the Elder နဲ့ Benjamin Franklin တို့ရဲ့ မှတ်တမ်းတွေမှာတွေ့ရပါတယ်။ သိပ္ပံပညာရှင်တွေနဲ့ သဘာဝလေ့လာသူတွေရဲ့ မှတ်တမ်းအမြောက်အများရှိပေမယ့် ၁၈၂၃ ခုနှစ် မှာမှ မိုင်းတွင်း သစ်တွေပေါ်က အလင်းရောင်တွေဟာ မှိုတွေကြောင့်ဆိုတာ သိရတာပါ။ Foxfire ထဲက fox ကတော့ ပြင်သစ်စကားလုံးဟောင်း fols (အဓိပ္ပါယ်: false အတု) ဆီကဆင်းသက်လာတာဖြစ်ပြီး မြေခွေးကို ဆိုလိုခြင်းမဟုတ်ပါဘူး။

    ကိုးကား – Wikipedia, Britannica, Science Source

  • ရေဘေး သတင်း

    M-Media
    သြဂုတ်လ ၂ ရက်၊ ၂၀၁၃
    ရေကြီးမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက ကူညီထောက်ပံမှုရှိသော်လည်း မထိရောက် (ဓာတ်ပုံ- Yamoun Nar ၏ Facebook မှ)
    ရေကြီးမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက ကူညီထောက်ပံမှုရှိသော်လည်း မထိရောက် (ဓာတ်ပုံ- Yamoun Nar ၏ Facebook မှ)

    မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အခြေအနေဆိုးရွားလာနေကြောင်း၊ ယခုအခါ လူပေါင်း ၃၇၀၀၀ ထိ ရေးဘေးသင့် ခံနေရပြီဖြစ်ကြောင်း၊ ကြာသပတေးနေ့ကမူ တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်များအရ ရေဘေးကြောင့် အနည်းဆုံး လူ တစ်ဦးသေဆုံးပြီးဖြစ်ကြောင်း၊ လာမည့် ရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းဦးမည်ဖြစ်ကြောင်း သတင်းများက တင်ပြထားသည်။

    ရေဘေးကြောင့် မြန်မာ-ထိုင်းဘော်ဒါရှိ မြ၀တီမြို့မှာ အဆိုးဝါးဆုံးဖြစ်နေပြီး မြ၀တီနှင့် ကရင်ပြည်အကြားတွင်လည်း ဆိုးဝါးသည့် မြေပြိုမှု များဖြစ်ပေါ်နေသည်ဟု သိရသည်။

    မွန်ပြည်နယ်တွင်မူ ဘီးလင်းမြို့မှာ ရေကြီးမှုအဆိုးဆုံးခံစားနေရသလို လူပေါင်း ၄၀၀၀ ခန့်မှာ အိုးအိမ်မဲ့မည့်အရေး ကြုံကြိုက်နေသည်။

    ရဘေးသင့်ဒေသများသို့ နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု အစိုးရက ထုတ်ပြန်သော်လည်း အောက်ခြေတွင် အစိုးရ အကူအညီမှာ လုံးဝထိရောက်မှုမရှိဘဲ လူသေဆုံးမှုများပါ ရှိလာကြောင်း စုံစမ်းသိရှိရကြောင်း ဧရာဝတီသတင်းဌာနက တင်ပြထားသည်။

    ရေလွှမ်းမိုးမှု အများဆုံးခံရသော ကရင်ပြည်နယ်တွင် ရေနစ်မြုပ်ခံရသော မြို့နယ် မြို့နယ်ခွဲ အုပ်စုပေါင်း ၁၂ ခုရှိရာ ရေဘေးကယ်ဆယ်ရေး စခန်း ၇၉ ခု ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၆၇၃၃ စု၊ လူဦးရေ ၃၃၄၀၉ ဦးကို ကယ်တင်ထားကြောင်း၊ လူသေဆုံးမှုမှာ ကျွဲ နွားပျောက်ရှာရာမှ သေဆုံးခြင်း၊ ကော့ကရိတ်မြို့တွင် ကလေးအချို့ရေကစားရာမှ သေဆုံးခြင်းများ ရှိနေကြောင်း လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဋ္ဌာန ကယ်ဆယ်ရေးဋ္ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက ဧရာဝတီသို့ ပြောပြခဲ့ကြောင်း သိရသည်။

    ထို့ပြင် ဧရာဝတီသတင်းက ရေကြီးမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက ကူညီထောက်ပံမှုရှိသော်လည်း မထိရောက်သောကြောင့် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နေရကြောင်း၊ မြို့ခံ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများ၏ ဦးဆောင်မှုဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ထောက်ပံရေး လုပ်ငန်းများဆောင်ရွက်နေရကြောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင် လူသေ အလောင်းတစ်လောင်းပေါ်လာပြီး သေဆုံးသူမှာ အသက် ၃၂ အရွယ် စိတ်မနှံ့သူ ကိုစိုးသိန်းဆိုသူဖြစ်ကြောင်း ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မျိုးမင်းက ပြောပြခဲ့ကြောင်း တင်ပြထားသည်။

    မိုးလေ၀သနှင့်ဇလဗေဒမှ ဒါရိုက်တာ ချစ်ကျော်က လာမည့်ရက်များအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းဦးမည်ဖြစ် ၍ ရေကြီးမှုပမာဏလည်း မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။