News @ M-Media

Author: M-Media

  • ကင်းတားနား ကေအိုင်အိုဌာနချုပ်တည်ရာ လိုင်ဇာသွားခွင့် ပိတ်ပင်ခံရ

    M-Media
    သြဂုတ်လ ၁၅ ရက်၊ ၂၀၁၃

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ဒုက္ခသည်များနှင့် တွေ့ဆုံနေသော မစ္စတာ ကင်တားနား။ ဖေဖော်ဝါရီ ၁၅၊ ၂၀၃။ (photo:VOA)
    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ဒုက္ခသည်များနှင့် တွေ့ဆုံနေသော မစ္စတာ ကင်တားနား။ ဖေဖော်ဝါရီ ၁၅၊ ၂၀၃။ (photo:VOA)

     

    ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်းတားနား ကေအိုင်အေဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို သွားရောက်ခွင့် ပိတ်ပင်ခံခဲ့ရတယ်လို့ သတင်းများက ဆိုပါတယ်။

    ကေအိုင်အေဘက်က ကင်းတားနားကို ကြိုဆိုပေမယ့် မြန်မာအစိုးရက သွားရောက်ခွင့်မပေးတာကြောင့် ကင်းတားနားရဲ့လိုင်ဇာခရီးစဉ် ဖျက်သိမ်းခဲ့ ရတာဖြစ်တယ်လို့ kachinwaves news က တင်ပြထားပါတယ်။

    `သူ(ကင်တာနား) ကိုယ်တိုင် လိုင်ဇာထိ သွားပြီး မျက်မြင်ကိုယ်တွေ့မြင်ရင်တော့ ကုလ ရဲ့လုပ်ဆောင်ချက်တွေက ပိုပြီးမြန်လာမှာပေါ့။ အခု သူမ သွားနိုင်တော့ ကေအိုင်အိုအနေနဲ့ရော၊ ကေအိုင်အိုအလုပ်အဖွဲ့အနေနဲ့ရော၊ စစ်ဘေးဒုက္ခသည်တွေကိုယ်စားပါ စိတ်မကောင်းဘူး။´ လို့ ကေအိုင်အို အလုပ်အဖွဲ့ရုံးမှ ပြောရေးဆိုခွင့်ရှိတဲ့ ဆရာဒေါင်ခါက kachinwaves news သို့ ပြောပြထားပါတယ်။

    မစ္စတာ ကင်တားနားဟာ ကချင်ပြည်နယ်ကိုရောက်ရှိစဉ်မှာ ပြည်နယ်အစိုးရအပါအ၀င် KIO ရဲ့ နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လိုင်ဇာကို သွားရောက်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ကြောင်း မစ္စတာကင်တားနားနဲ့အတူ လိုက်ပါသွားတဲ့ ရန်ကုန် ကုလသမဂ္ဂ ရုံး ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောပြကြောင်း ဗွီအိုအေမြန်မာပိုင်းက သတင်းတင်ပြထားပါတယ်။

    ကချင်ပြည်နယ်အစိုးရဘက်ကတော့ ဒီလိုမသွားရောက်နိုင်တာ ပြည်ထောင်စုအစိုးရဆီကနေ ခွင့်ပြုချက် မရတာကြောင့်ဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပြတဲ့အကြောင်းကိုလည်း ဗွီအိုအေမြန်မာပိုင်း သတင်းက တင်ပြထားပါတယ်။

    ကချင်အရေးတက်ကြွလှုပ်ရှားသူ မခွန်ဂျာကတော့ သူမရဲ့ဖေ့စ်ဘွတ်ခ်မှာ ဒီသတင်းနဲ့ပတ်သတ်ပြီး “ကျွန်တော်တို့ ရွှီးထားတာတွေ ပေါ်သွားမှာစိုးလို့ မသွားခိုင်တာပါ။ ပုံ – နိုင်ငံတော်အစိုးရ။” လို့ မှတ်ချက်ပြု ရေးသားထားပါတယ်။

  • တိုင်းရင်းသားလူနည်းစု တို့အားကိုးတဲ့ ကင်းတားနား၊ ရိုဟင်ဂျာများ အတွက် အဖြေရှာထုတ်ပေးမည်ဟု ကတိပြု

    M-Media
    သြဂုတ်လ ၁၄ ရက်၊ ၂၀၁၃

    စစ်တွေမြို့၊ အောင်မင်္ဂလာရောက် မစ္စတာ ကင်းတားနား (ဓာတ်ပုံ VOA)
    စစ်တွေမြို့၊ အောင်မင်္ဂလာရောက် မစ္စတာ ကင်းတားနား (ဓာတ်ပုံ VOA)

    ကချင်၊ ချင်းများသာမက ကယမ်းတိုင်းရင်းသားများကပါ အားကိုးတကြီး မျှော်လင့်ချက်ထားနေသည့် ကင်းတားနား၏ ရခိုင်ပြည်နယ် ဒုတိယနေ့ ခရီးစဉ် အခြေအနေကို ဗွီအိုအေမြန်မာပိုင်းက တင်ဆက်ထားပါသည်။

    ရခိုင်များနှင့် အစိုးရတာဝန်ရှိသူအချို့တို့မှလွဲ၍ တိုင်းရင်းသားလူနည်းစုတို့ လိုလားသည့် ကုလကိုယ်စားလှယ် ကင်းတားနားက ရိုဟင်ဂျာများနှင့် တွေ့ဆုံရာ၌ “ခင်ဗျားတို့ မူဆလင် အသိုင်းအ၀ိုင်းမှာလည်း တာဝန်ရှိပါတယ်။ ဒီနေရာမှာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ခင်ဗျားတို့ ကိုယ်တိုင် ဆောင်ရွက်ကြရမှာပါ။ နောက် တသံတည်း၊ တညီတည်းဖြစ်အောင်လို့လည်း စည်းရုံးဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ အခြေအနေတွေကတော့ တိုးတက်လာလိမ့်မယ်လို့ ကျနော် တကယ်ပဲ မျှော်လင့်ပါတယ်။ အတော်တော့ ခက်ခဲမယ်လို့ ထင်ပါတယ်။ အခု ဒီနေရာမှာ ခင်ဗျားတို့ နေရထိုင်ရတာလည်း ခက်ခဲတယ်ဆိုတာ ကျနော် နားလည်ပါတယ်။ ဒါပေမဲ့လည်း အဖြေ တစုံတရာ ထွက်လာဖို့ အတွက်တော့ ဆောင်ရွက်သွားမယ်လို့ ကျနော် ကတိပေးပါတယ်။” ဟု ပြောကြားခဲ့ကြောင်း ဗွီအိုအေသတင်းက ဆိုပါသည်။

    ကင်းတားနားက ရိုဟင်ဂျာမလိုလားသည့် ရခိုင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ရွှေစေတီဘုန်းကြီးကျောင်း ဆရာတော်နှင့်လည်း တွေ့ဆုံပြီး အသိုင်းအ၀န်းနှစ်ခုအကြား ပြန်လည်သင့်မြတ်ရေးဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ကြောင်း၊ သို့သော် ရွှေစေတီဘုန်းကြီးကျောင်း ဆရာတော်ကမူ ရိုဟင်ဂျာ မရှိသည့် သမိုင်းကိုသာ ကင်းတားနားအား ပြောပြဖို့ စိတ်အားထက်သန်နေခဲ့ကြောင်း သတင်းများက ဆိုပါသည်။

    ရခိုင်ပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းကမူ အစိုးရက အသိုင်းအ၀န်းနှစ်ခုအကြား ယုံကြည်မှုတည်ဆောက်ပေးဖို့ အစီအစဉ်များရှိကြောင်း ကင်းတားနားအား ပြောပြခဲ့ပါသည်။ ဦးလှသိန်းက “ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က အကြံပြုချက်တွေထဲမှာ ပါဝင်တဲ့အတိုင်းပေါ့ ပထမ ကျနော်တို့ ရခိုင်ဘက်က မြို့မိမြို့ဖတွေ၊ နောက် ဘင်္ဂါလီအုပ်စုထဲက သူတို့ရဲ့ ရပ်မိရပ်ဖတွေပေါ့နော် အဲ့ဒီလူတွေကို ဆပ်ကော်မတီတစ်ခုကနေပြီးတော့ သီးသန့်စီ တွေ့ပြီးတော့ အခု ဆွေးနွေးမှုတွေ ရှိပါတယ်။ နောင် ဒီဟာနဲ့ တဆင့်တက်လာလို့ရှိရင်တော့ သူတို့ နှစ်ဘက်ကို မျက်နှာချင်းဆိုင် ပိုပြီးတော့ ရင်းနှီးမှုရှိအောင် လုပ်မယ်။ အဲ့ဒီလို လုပ်လာပြီးတဲ့အခါမှာ ယုံကြည်မှုတွေ တည်ဆောက်ပြီးတော့ လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်လို့၊ လုပ်လည်း လုပ်နေပါတယ်လို့ ၀န်ကြီးချုပ်က ဖြေပါတယ်။” ဟု ပြောကြားခဲ့ကြောင်း ဗွီအိုအေမြန်မာပိုင်းက တင်ပြထားပါသည်။

    ကင်းတားနားက ရခိုင်သို့ တညအိပ် နှစ်ရက်ခရီးသွားရောက်ခဲ့ပြီး နေ့လည်တစ်နာရီတွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာလာကာ လူ့အခွင့်အရေးလှုပ်ရှားများ အပါအ၀င် အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

  • အနောက်က ဖိအားပေးနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေး မှုန်ဝါးနေဆဲလား

    M-Media
    သြဂုတ် ၁၀ ရက်၊ ၂၀၁၃
    သတင်း – Myanmar Times
    ဘာသာပြန်၊ တည်းဖြတ်နှင့် သုံးသပ်ချက် – M-Media

    အခြေခံဥပဒေ ပြင်ဆင်ရေးသည် ပြည်သူ့ဆန္ဒအမှန် ဖြစ်သည်။
    အခြေခံဥပဒေ ပြင်ဆင်ရေးသည် ပြည်သူ့ဆန္ဒအမှန် ဖြစ်သည်။

     

    နိုင်ငံတကာအသိုင်းအ၀ိုင်းက ၂၀၁၅ ရွေးကောက်ပွဲအမှီ အခြေခံဥပဒေပြင်ဆင်ဖို့ အင်တိုက်အားတိုက်တောင်းဆိုနေကြကြောင်း မြန်မာတိုင်းမ်စ် အင်္ဂလိပ်ပိုင်းက တင်ပြထားပါတယ်။

    အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျနဲ့ ဗြိတိန်တို့က နိုင်ငံရေးသမားတွေက မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေကို အခြေခံ ဥပဒေပြင် ဆင်ရေး ဆောင် ရွက်ဖို့ တောင်းဆိုနေကြပါတယ်။ အကြောင်းရင်းကတော့ လက်ရှိအခြေခံဥပဒေသည် ပြည်သူလူထုရဲ့ဆန္ဒကို တိုက်ရိုက် ကိုယ်စားပြုထား တာ မဟုတ်တဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

    ဗြိတိန်အောက်လွှတ်တော် ဥက္ကဌ ဂျွန်ဘားကောကတော့ မြန်မာပြည်အနေနဲ့ အခြေခံဥပဒေပြင်ဆင်ဖို့ အလျင်အမြန်လိုအပ်နေကြောင်း သြဂုတ် ၁ ရက်နေ့၊ ရန်ကုန်တက္ကသိုလ်မှာပြောခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့သလို မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် နဲ့ သဘောသဘာဝကျစွာ လုပ်ဆောင်နေတာဖြစ်တယ်ဆိုရင် အဲဒါကိုထင်ဟပ်စေဖို့ အခြေခံဥပဒေကို ပြင်ဆင်ရမယ်လို့လည်း ဆိုပါတယ်။

    မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိသျှအလည်အပတ်ခရီးမှာလည်း ဂျွန်ဘားကောနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ဂျွန်ဘားကောက အခြေခံဥပဒေပါ သမ္မတလောင်း အရွေးခံနိုင်ခွင့် အရည်အချင်းတွေနဲ့ ပတ်သတ်တဲ့ အချက်တွေသာမက တိုင်းရင်းသား လူနည်းစုများအတွက် ပြည်နယ်အစိုးရတွေဖွဲ့ စည်းပေးပြီး ဖယ်ဒရယ်မူ အတိုင်း အုပ်ချုပ်စေဖို့ အချက်တွေကိုပါ ထည့်သွင်း ပြင်ဆင်သွားရန် ပြောကြားခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်းအဖြစ် ရွေးကောက်ခြင်းမလုပ်နိုင်အောင် တားဆီးထားတဲ့ လက်ရှိအခြေခံဥပဒေကို မပြင်ဆင်ဘူး ဆိုရင်တော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ ရယ်စရာကြီးဖြစ်လိမ့်မယ်ဆိုတဲ့ ဂျွန်ဘားကောရဲ့မှတ်ချက်ကတော့ မြန်မာပြည် သူတွေအကြား ပေါ်ပြူလာ စကားလုံး ဖြစ်ခဲ့ပါသေးတယ်။

    ဂျွန်ဘားကောလိုပါပဲ၊ အမေရိကန်ဆီးနိတ်အမတ် မိခ်ျ မက္ကောနယ်ကလည်း မြန်မာအခြေခံဥပဒေကို ပြင်ဆင်ဖို့လိုအပ်နေတာနဲ့ ပတ်သတ်ပြီး သူ့ရဲ့အမြင်တွေ၊ အချက်အလက်တွေကိုပါ ချပြခဲ့ပါတယ်။ မက္ကောနယ်ကတော့ မြန်မာရဲ့ လက်ရှိပြဿနာတွေဖြေရှင်းဖို့ဆိုရင် အခြေခံဥပဒေ ကို ပြင်ရမယ်လို့ ဆိုသလို တိုင်းပြည်ရဲ့ ဒီမိုကရေစီရည်မှန်းချက်ကို လက်ရှိယိုယွင်းနေတဲ့ အခြေခံဥပဒေကြီးက အထောက်အပံ့ပေးနိုင်မှာ မဟုတ်ဘူးလို့လဲ ပြောကြားခဲ့ပါတယ်။

    “မြန်မာပြည်အနေနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအတွက် ခြေလှမ်းကြီးတစ်လှမ်း လှမ်းတက်ဖို့လိုနေပြီး အဲဒီခြေလှမ်းက အမေရိ ကန်ပြည် ထောင်စု နဲ့ မြန်မာပြည်အကြား ပြည့်စုံတဲ့ ပုံမှန်ဆက်ဆံရေးကို ဖြစ်လာစေမယ်၊ အဲဒီလိုဖြစ်လာစေဖို့အတွက်တော့ မြန်မာဟာ အခြေခံ ဥပဒေပြင်ဆင်ဖို့ လိုအပ်နေပါတယ်။” လို့ မစ္စတာ မက္ကောနယ်က ပြောခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သတ်ပြီး ပြောကြားရာမှာ မစ္စတာမက္ကောနယ်က မြန်မာအခြေခံဥပဒေမှာပါတဲ့ နိုင်ငံခြားသားနဲ့ လက်ထပ်ထိမ်းမြားထား သူဟာ သမ္မတဖြစ်ပိုင်ခွင့်မရှိဆိုတဲ့အချက်ကိုလည်း ပြင်ဆင်ရလိမ့်မယ်လို့ ဆိုပါတယ်။

    မြန်မာအခြေခံဥပဒေကတော့ အပိုဒ် ၅၉ (စ) မှာ နိုင်ငံခြားသားနဲ့လက်ထပ်ထိမ်းမြားထားသူသည် သမ္မတဖြစ်ပိုင်ခွင့်မရှိဆိုတဲ့အချက် ပါဝင်နေပါတယ်။ ဒါဟာ အဲန်အဲလ်ဒီပါတီကို တိုက်ရိုက်ရည်ညွှန်းပြဌာန်းထားသလိုမျိုးလည်း ဖြစ်နေပါတယ်။

    မစ္စတာမက္ကောနယ်က စစ်တပ်ကို အရပ်သားချုပ်ကိုင်မှုအောက်ရောက်စေဖို့နဲ့ တရားစီရင်ရေးစနစ် လွတ်လွတ်လပ်လပ်ဖြစ်စေဖို့တို့ကိုလည်း မဖြစ်မနေ ပြုပြင် ရမယ့် အရေးကြီးအချက်တွေအဖြစ် ထောက်ပြခဲ့ပါတယ်။

    မြန်မာပြည်ပေါ်မှာ ကာလရှည် စိတ်ဝင်စားမှုရှိခဲ့တဲ့ သြစတြေးလျပါလီမန်အမတ် ဂျနယ်လီ ဆဖ္ဖင်ကလည်း မက္ကောနယ်နဲ့ တူညီတဲ့အမြင်ကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အုပ်ချုပ်ရေး၊ ပါလီမန်နဲ့ တရားစီရင်ရေးစနစ်တွေဟာ တသီးတခြားစီဖြစ်နေရမယ်လို့ ဆဖ္ဖင်က အဆိုပြုခဲ့တာပါ။ ဒါပေမယ့် မြန်မာ့အခြေခံဥပဒေ အပိုဒ် ၁၁ (က) ကတော့ အဲဒီလိုဖြစ်လာမယ့် အခွင့်အလမ်းတွေကို ပိတ်ဆို့ထားရာရောက်နေတယ်လို့ သူကဆိုပါတယ်။

    အခြေခံဥပဒေပြင်ဆင်ရေးတောင်းဆိုချက်တွေဟာ အရှိန်အဟုန်မြင့်ဖြစ်ပေါ်လာခဲ့တာဟာဆိုရင် ပြည်ထောင်စုကြံ့ဖွံ့ပါတီဝင်များဖြစ်တဲ့ ဦးအောင်မြင့်နဲ့ ဦးသိန်းဇော်တို့ ပါလီမန်မှာ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီဖွဲ့ဖို့ အဆိုပြုခဲ့ရာကနေ စတင်ခဲ့တာပါ။

    ဇူလိုင်လ နောက်ဆုံးအပတ်မှာတော့ အဖွဲ့ဝင်ပေါင်း ၁၀၉ဦးနဲ့ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီ ဖွဲ့စည်းခဲ့ပါတယ်။ ပါလီမန်မှာ နေရာရ ထားတဲ့ ပါတီ ၁၈ ခု ကိုယ်စားလှယ်တစ်ယောက်စီ အနည်းဆုံးပါဝင်ပါတယ်။ ဒါပေမယ့် ကြံ့ဖွံ့ကတော့ ၅၂ ဦးတောင်ပါဝင်နေသလို စစ်တပ်က ၂၅ ဦးနဲ့ အဲန်အဲလ်ဒီက ၇ ဦး ပါဝင်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အများမြှော်လင့်ထားသလို လွယ်လင့်တကူတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

  • ရေပေါ်ပေါ်သောကျောက်

    သြဂုတ် ၁၀၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    1000950_10201480367107660_1094765062_n

    ကျောက်တုံးတွေ ရေထဲချလိုက်ရင် မြုပ်သွားတာပဲ ကျွန်တော်တို့ကြုံဖူးကြပါတယ်။ ဒီကမ္ဘာပေါ်မှာ ရေထဲမမြုပ်တဲ့ ကျောက်တစ်မျိုးရှိပါတယ်။ မီးသင်းကျောက်တစ်မျိုးဖြစ်တဲ့ သူ့ကိုတော့ Pumice လို့ခေါ်ပါတယ်။ ဘာလို့ ရေပေါ်ပေါ်ရလဲဆိုတော့ ရေထက်ပေါ့လို့ပေါ့။ ဒီကျောက်တုံး က ရေထက်ပေါ့နေရတဲ့ အကြောင်းအရင်းလည်း ရှိပါတယ်။ သူ့မှာအခါင်းပေါက်များစွာ ပါဝင်ပြီး လေခိုနေလို့ပါ။

    မီးတောင်တွေကနေ အပူပြင်းပြင်း ဖိအားပြင်းပြင်းနှင့် ထုတ်လွှတ်တာတွေဟာ အပြင်ရောက်တော့ မြန်မြန်ဆန်ဆန် အအေးခံပြီး ဖိအားလျော့ကျ လာပါတယ်။ လျင်မြန်စွာဖိအား လျော့ကျခြင်းကြောင့် CO2 နှင့် ရေတွေရဲ့ပျော်ဝင်နိုင်မှုကျဆင်းကာ လေပူဖောင်းများစွာဖြစ်ပေါ်စေပြီး အပေါက်များစွာပါဝင်တဲ့ ကျောက်တွေဖြစ်စေပါတယ်။

    Pumice ကျောက်တွေဟာ ပုံမှန်အားဖြင့် အရောင့်ဖျောဖျော့ရှိတတ်ပြီး တွင်းထွက်ကျောက်မဟုတ်ပါဘူး။ ဖန်အမျိုးအစားဖြစ်ပေမယ့် ပုံဆောင်ခဲ Crystal တွေပါချင်မှပါမှာဖြစ်ပါတယ်။ပေါ့ပါးတာကြောင့် အိမ်အလှဆင် ကျောက်အဖြစ်အသုံးပြုကြပြီး အမှုန်ကြိတ်ကာ ကော်ပတ်တွေ မှာအသုံးပြုကြပါ တယ်။ တကယ်လို့ ဒီကျောက်တွေကို တွေ့ရမယ်ဆိုရင် ရေထဲထည့်ကြည့်လို့ရပါတယ်။

    ကိုးကား – Fi, Wikipedia

  • မိန်းမဖြစ်သူ၏ရုပ်အလောင်းဓာတ်ပုံများအား Facebook ပေါ်သို့တင်၍ ဒါးရက်ခ်မီဒီနာ မှ ဖွင့်ချရေးသား

    M-Media

    သြဂုတ်လ ၁၀ ရက်၊ ၂၀၁၃

    www.huffingtonpost.com

    ဇနီးဖြစ်သူအား သတ်ခဲ့သူ ဒါးရက်ခ်မီဒီနာ
    ဇနီးဖြစ်သူအား သတ်ခဲ့သူ ဒါးရက်ခ်မီဒီနာ

    မီယာမီတောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော သွေးပျက်ဖွယ်ရာဇ၀တ်မှုမြင်ကွင်းတစ်ရပ်သည် ကြာသပတေးနေ့က Facebook ပေါ်တွင် ဂယက်ရိုက်သွားခဲ့သည်။ ၄င်းတွင် ယောက်ျားဖြစ်သူမှ သေဆုံးသူမိန်းမ၏ ဓာတ်ပုံနှင့်တစ်ကွ မိမိ၏သတ်ဖြတ်မှုကို ဖွင့်ချဝန်ခံရေးသားခဲ့သည်။

    ဒါးရက်ခ်မီဒီနာ (Derek Medina) သည် ကြာသပတေးနေ့ နေ့လည်ပိုင်းလောက်က ဓာတ်ပုံအချို့အား အွန်လိုင်းပေါ်သို့ “ အေးချမ်းစွာ အနားယူပေတော့ ဂျနီဖာ အလ်ဖွန်ဆို (Jennifer Alfonso) ! ” ဆိုသော ခေါင်းစည်းစာသားများဖြင့် တင်ထားခဲ့သည်။ ၄င်းဓာတ်ပုံတွင် ခြေအိတ်ရှည်များဝတ်ဆင်ထားသည့် သူ၏မိန်းမဖြစ်သူသည် အိမ်၏မီးဖိုချောင်ရှိ ကြမ်းပြင်ပေါ်တွင် လဲကျနေခဲ့ပြီး၊ သူမ၏ မျက်နှာနှင့်ဝဲဖယ်လက်တွင် သွေးများ ဖုံးလွှမ်းနေခဲ့သည်။

    “ ခင်ဗျားတို့ ကျွန်တော့်ကို သတင်းထဲမှာ တွေ့ကြရပါလိမ့်မယ်။ ကျွန်တော့်မိန်းမကို ကျွန်တော်သတ်ခဲ့မိတဲ့အတွက် ကျွန်တော်တော့ ထောင်ဒဏ် သို့မဟုတ် သေဒဏ်ကျဖို့ ရှိပါတယ်။ သူငယ်ချင်းတို့အားလုံးကို ချစ်တယ်၊ သတိလည်းရနေမယ်၊ Facebook ပေါ်ရှိ လူများအားလုံး ကရုစိုက်နေရစ်ကြပါ။ ကျွန်တော့်ကို သတင်းထဲမှာတွေ့ကြရလိမ့်မယ်။ ကျွန်တော့်မိန်းမက ကျွန်တော့်ကို ထိုးကြိတ်နေခဲ့တယ်။ အဲ့ဒီလိုစော်ကားမှုကို ဆက်လက်သည်းမခံနိုင်တော့တာကြောင့် အခုလိုလုပ်ဆောင်ခဲ့ရတာပါပဲ။ ခင်ဗျားတို့အားလုံး ကျွန်တော့်ကိုနားလည်ကြလိမ့်မယ်လို့ထင်ပါတယ် ” ဟူသော ၀န်ခံချက်စာသားအား ၄င်းဓာတ်ပုံမတင်ခင် မိနစ်ပိုင်းအနည်းငယ်က တင်ခဲ့သည်။

    ဒါးရက်ခ်မီဒီနာ၏ Facebook status
    ဒါးရက်ခ်မီဒီနာ၏ Facebook status

    မီဒီနာ နှင့် ဇနီးဖြစ်သူ အလ်ဖွန်ဆိုသည် မနက် ၁၀ နာရီလောက်က စကားအချေအတင်များခဲ့ကြပြီး ထိုစဉ်က သူသည် ဗီရိုထဲမှ သေနတ်ကိုထုတ်ကာ သူမအား ချိန်ရွယ်ခဲ့သည်။ ရန်ပွဲသည် အိမ်အောက်ထပ်တွင် ဆက်လက်မဖြစ်မှီ သူမက သူ့အားထားရစ်ကာထွက်ခွာ သွားတော့မည်ဟု ပြောဆိုခဲ့ကြောင်း ၄င်းမှ စုံစမ်းစစ်ဆေးသူများအား ပြောပြခဲ့သည်ဟု Miami-Dade ရှိ ရဲများထံ ကျိန်ဆိုထွက်ချက်၌ တင်ပြထားသည်။

    အောက်ထပ်သို့ရောက်ပြီးချိန်တွင် သူမသည် သူ့အား ထိုးကြိတ်ခဲ့သဖြင့် သူသည် အပေါ်ထပ်က သေနတ်ကို ပြန်လည်သွားယူခဲ့ပြီး သူမအား ဟန့်တားရာ သူမကလည်း ဓားတစ်လက်ကို ကောက်ယူခဲ့ကြောင်း၊ သူက ဓားအား လုယူကာ လွှင့်ပစ်ခဲ့သည့်အခါ သူမသည် သူ့အား ထပ်ပြီးရိုက်ပုတ်ခဲ့ကြောင်း၊ ထို့ကြောင့် သူသည် သူမအား သေနတ်ဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း သူက စုံထောက်နှင့်ရဲများထံ ပြောကြားခဲ့သည်။

    ထိုအခင်းဖြစ်ပြီးနောက် မီဒီနာသည် သူ၏ အ၀တ်အစားများအား လဲလှယ်ဝတ်ဆင်၍ ဆွေမျိုးများအား နှုတ်ဆက်ကာ မီယာမီတောင်ပိုင်း ရဲဌာနသို့ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့သည် ဟု စုံစမ်းစစ်ဆေးသူများ၏ ပြောပြချက်အရ သိရသည်။

    ရဲအရာရှိများက ၄င်းတို့ရောက်ရှိသွားချိန်တွင် သေနတ်ဒဏ်ရာထင်ရှားစွာဖြင့် သေဆုံးနေသည့် အလ်ဖွန်ဆိုကိုလည်းကောင်း၊ အသက် ၁၀ နှစ်အရွယ် သမီးဖြစ်သူအားလည်း မည်သည့်ဒဏ်ရာအနာတရမှ ရရှိထားခြင်းမရှိပဲ အိမ်အပေါ်ထပ်၌တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူ အလ်ဖွန်ဆို၏အလောင်းအား စောင်ဖြင့်ခြုံလွှမ်း၍ အိမ်ပြင်သို့ထုတ်ယူခဲ့ကြောင်း WSVN က ပြောကြားခဲ့သည်။

    မီဒီနာသည် ကိုယ်ထူကိုယ်ထလေ့လာရေး e-book စာအုပ်များစွာကို ရေးသားခဲ့ဖြစ်ပြီး၊ ၄င်းအနက်တစ်ခုမှာ “ မိမိ၏ ဘ၀၊ အိမ်ထောင်ရေး နှင့် မိသားစု ပြဿနာများမှ လွတ်မြောက်အောင် ဆက်ဆံရေး ” ဟူသည်လည်း ပါဝင်ကြောင်း Miami New Times ၏ှ သတင်းအရ သိရသည်။

    “ သူဟာသေနတ်ကိုဝှက်ထားပြီး၊ ပတ်ဝန်းကျင်ကိုစောင်ကြည့်သူအဖြစ် ပုံဖော်နေတယ် ” ဟု NBC6 သို့ အိမ်နီးချင်းတစ်ဦးက ပြောကြားသည်။

    “ သူဟာ ညနှောင်းပိုင်းမှာ အဲ့လိုလုပ်နေတတ်လို့ ကျွန်တော့်အတွက်တော့ သူဟာအူကြောင်ကြောင် လူတစ်မျိုးပဲ။ သူက ပတ်ဝန်းကျင်ကို အမြဲတစေလေ့လာနေပြီး၊ လူစွမ်းကောင်း တစ်ဦး ဖြစ်ချင်နေတဲ့လူပါ ” ဟု ယိုရှီဒါဒီ (Yoshi Dade) က ဆိုသည်။ မီဒီနာ၏ဖခင်ဖြစ်သူမှ WSVN သို့ပြောပြခဲ့သည်မှာ သူတို့လင်မယား၏ဆက်ဆံရေးတွင် မပြေလည်မှုများ စွာရှိခဲ့ကြောင်း၊ သူတို့သည် ကွာရှင်းပြတ်စဲခဲ့ပြီး လွန်ခဲ့သောနှစ်တွင်မှ ပြန်လည်လက်ထပ်ထိမ်းမြားခဲ့သည်ဟု ဆိုသည်။
    မီဒီနာ၏ သွေးပျက်စဖွယ် တင်ထားသော post များသည် Facebook အတွင်း ကြာသပတေးနေ့ ညနေ ၅ နာရီအထိ ထူးခြားစွာ ရှိနေခဲ့၏။

    Facebook၏ပြောရေးဆိုခွင့်ရှိသူက “ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျွန်မတို့ဆီမှာ တိုင်ကြားချက်ရရှိခဲ့ပါတယ်။ ဒါကြောင့် အဲ့ဒီ profile အပေါ် အရေးယူမှု ပြုလုပ်တဲ့အနေနဲ့ ပါရှိတဲ့အကြောင်းအရာများအားလုံးကို ဖျက်ပစ်ပြီး သူ့ profile ကိုလည်း ပိတ်ပစ်ခဲ့လိုက်ပါတယ်။ ပြီးနောက် ဥပဒေအရာရှိများကို ထိုအရာနဲ့ပတ်သက်ပြီး အကြောင်းကြားခဲ့ပါတယ်။ ကျွန်မတို့ရဲ့ဆိုဒ်ထဲမှာ ကျွန်မတို့စည်းမျဉ်းများကိုချိုးဖောက်တဲ့ မည်သို့သောကဏ္ဍကိုမဆို အဲ့ဒီအတိုင်း အရေးယူလေ့ရှိပါတယ် ” ဟု The Associated Press သို့ပြောကြားခဲ့သည်။