News @ M-Media
Author: ဖိုးသောကြာ
  • နားမကြားသူများနှင့် သုံးစွဲနေသော ဘာသာစကား
    နားမကြားသူများနှင့် သုံးစွဲနေသော ဘာသာစကား
    မောင်လူငယ်
    မြန်မာနိုင်ငံ လူဦးရေ၏ ၅% မှာ မသန်စွမ်းသူများဖြစ်ကြပါသည်။ မသန်စွမ်းသူများဟု ဆိုရာတွင် မည်သို့သော အမျိုးအစားသည် မသန်စွမ်းဖြစ်ကြောင်းကို သိရှိသူနည်းပါးလှသည်။ မသန်စွမ်းအမျိုးအစား ၄ မျိုးရှိပါသည်။
    ၁) ကိုယ်အဂါင်္မသန်စွမ်းသူ
    ၂) အမြင်အာရုံ မသန်စွမ်းသူ
    ၃) အကြားအာရုံမသန်စွမ်းသူ
    ၄) ညဏ်ရည် မသန်စွမ်းသူ တို့ ဖြစ်ကြပါသည်။
    အကြားအာရုံမသန်စွမ်းသူများဆိုသည်မှာ နားမကြားသူများ၊ စကားမပြောတတ် နားလုံဝမကြားသူများကို ဆိုလိုသည်။ တချို့သော သူများသည် အမြင်ဟောင်းများဖြင့် ဆွံ့အ နားမကြားသူများ၊ အနေသူများ၊ နားပင်းနေသူများဟု ခေါ်ဝေါ်သုံးစွဲကြသည်မှာ အလွန်မှားသော အခေါ်အဝေါ်များပင်ဖြစ်ကြသည်။ ရိုင်းစိုင်းသော လေးစားမှုမရှိသောသူများက ကျီးကန်တွေ ဟု လှောင်ပြောင် ခေါ်ဝေါ်ကြလေသည်။ လူလူချင်း လေးစားတန်ဖိုးထားမှုအရ နားမကြားသူများသည်လည်း လူသားများပင်ဖြစ်သည်။ နှိမ့်ချခေါ်ဝေါ်ခြင်းသည် မရှိသင့်တော့ပါ။ နားမကြားသူများသုံးစွဲပြောဆိုနေသော ဘာသာစကားကိုလည်း အရူးစကား သို့မဟုတ် ကိုယ်အမူအရာစကား (Body Language) ဟု လွဲမှားစွာ ထင်မြင်နေကြသည်မှာ ကျနော်တို့ နေထိုင်သော မြန်မာလူအဖွဲ့အစည်းတွင် နေ့စဉ်တွေ့မြင်နေရပါသည်။ သည်အချက်ကို ရှင်းလင်းတင်ပြလိုပါသည်။
    ကမ္ဘာ့တွင် လူအဖွဲ့အစည်းဆိုလျှင် ၂ မျိုးသား တွေ့မြင်ရလေသည်။ အကြားအာရုံသန်စွမ်းသော လူအဖွဲ့အစည်းနှင့် အကြားအာရုံမသန်စွမ်းသော လူ့အဖွဲ့အစည်းပင် ဖြစ်သည်။ နားကြားသူများ၏ အဓိကပြောဆိုသုံးစွဲနေသောဘာသာစကားမှာ အသံထွက်ဘာသာစကား (Spoken Language) ပင်ဖြစ်သည်။ နားမကြားသူများ၏ နေ့စဉ်သုံးစွဲနေသော ဘာသာစကားမှာ လက်ဟန် သင်္ကေတပြ ဘာသာစကား (Sign Language) ပင်ဖြစ်သည်။နားကြားသော လူ့အဖွဲ့အစည်းမှာ လူများစု ဖြစ်ကာ နားမကြားလူ့အဖွဲ့အစည်းမှာ လူနည်းစုဖြစ်လေသည်။ ထို့တို့သော လူ ၂ဦးတွေ့ဆုံရာတွင် ကြီးမားသောအတားအဆီးမှာ ဘာသာစကား ဆက်သွယ်မှု ( Barrier Communicate) ပင်ဖြစ်သည်။ ထိုသို့သောအတားအဆီးများကြောင့် လူနည်းစုဖြစ်သော နားမကြားများမှာ အစစအရာရာ ကဏ္ဍအသီးသီးတွင် ခေတ်နောက်ကျ ကျန်ရစ်ခဲ့ရသည်မှာ အကြောင်းရင်းပင်ဖြစ်သည်။
    နားမကြားသူများ သုံးစွဲနေသော လက်ဟန်သင်္ကေတပြဘာသာစကားသည်။ အသံထွက် ဘာသာစကားမဟုတ်၊ အသံမဲ့ဘာသာစကားနှင့် အမြင်ဆိုင်ရာ (Visual Language) ဘာသာစကားဖြစ်ပါသည်။ အသံထွက်ဘာသာစကား၏ သဒ္ဒါ၊ ၀ါကျနှင့် ဖွဲ့စည်းတည်ဆောက်ပုံ များစွာ ကွဲပြားလေသည်။ မြန်မာ Sign Language ဘာသာစကားသည် မြန်မာ အသံထွက်ဘာသာစကားနှင့် လုံးဝကွဲပြားခြားနားလေသည်။ ဥပမာဆိုရသော – အသံထွက်ဘာသာစကားတွင် အင်္ဂလိပ်ဘာသာစကားတွင် နာမ်စား အသုံးများသလောက် မြန်မာစာတွင် အသုံးနည်းသည်နှင့် အတူတူပင်ဖြစ်သည်။ မြန်မာအသံထွက်ဘာသာစကားတွင် နာမ်စား အသုံးနည်းသလောက် မြန်မာ လက်ဟန်သင်္ကေတပြဘာသာစကားတွင် နာမ်စားအသုံးများလေသည်။ မြန်မာလက်ဟန်သင်္ကေတပြဘာသာစကားသည် စကားလုံးကြွယ်ဝသလို၊ ဗန်းစကားနှင့် ခေတ်အလိုက်ပြောင်းလဲလာသော စကားလုံးပေါင်း မြောက်များစွာ ရှိကြသည်ကို သိရှိသူ နည်းပါးလှသည်။ ဒေသန္ဒာရလက်ဟန်သင်္ကေတပြဘာသာစကားလုံးများလည်ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ့လူအဖွဲ့အစည်းတွင် မသန်စွမ်းသူကို နေရာပေး အသိအမှတ်ပြုမှုမရှိသော်ကြောင့်ဖြစ်လေသည်။
    ကမ္ဘာပေါ်တွင် Sign Language ဘာသာစကား ၁၂၀ ကျော်ရှိလေသည်။ အသုံးအများဆုံး Sign Language ဘာသာစကားမှာ အမေရိကန် Sign Language နှင့် ဗြိတိသျှ Sign Language ဘာသာစကားပင် ဖြစ်သည်။ သို့သော် ကွဲပြားမှုရှိသည်။ အသံထွက်ဘာသာစကားချင်း တူသလောက် Sign Language ဘာသာစကားတွင် လုံးဝမတူခြင်းကို အံ့သြစွာ တွေ့မြင်ရလေသည်။ အမေရိကန် Sign Language တွင် အင်္ဂလိပ် အက္ခရာ (၂၆) လုံးကို လက် တဖက်ဖြင့်သာအသုံးပြုပြီး ဗြိတိသျှ Sign Language တွင် အင်္ဂလိပ် အက္ခရာ (၂၆) လုံးကိ လက် နှစ်ဖက်ဖြင့်ု အသုံးပြုသောကြောင့် ကွဲပြားခြားနားလေသည်။ အမေရိကန် Sign Language ကို ကိုယ်ပိုင် Sign Language ဘာသာစကားမရှိသော တိုင်းပြည်များတွင် သင်ရိုးညွန်တမ်းဆွဲကာ စာအုပ်ပြုစုပြီး သုံးစွဲကြပြီး ဗြိတိသျှ Sign Language ကို ဗြိတိသျှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဓနသဟာယနိုင်ငံများတွင် အထူးအသုံးပြု သုံးစွဲကြသည်။ နားမကြားအဖွဲ့အစည်းများ၏ နိုင်ငံတကာ အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲနှင့် United Nations ကွန့်ဖရင့် များတွင် အမေရိကန်နှင့် ဗြိတိသျှ Sign Language ဘာသာစကား မသုံးစွဲပါ။ အပြည်ပြည်ဆိုင်ရာ လက်ဟန်သင်္ကေတပြဘာသာစကား (International Sign Language) ကို အဓိက သုံးစွဲကြသည်။
    အာဆီယံနိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ကိုယ်ပိုင် လက်ဟန်သင်္ကေတပြဘာသာစကားကို ပိုင်ဆိုင်ထားသောနိုင်ငံဖြစ်သော်လည်း နှစ်ပေါင်း ၅၀ ကျော် ခေတ်နောက်ကျခဲ့ရသောကြောင့် မြန်မာလက်ဟန်သင်္ကေတပြဘာသာစကား ကို အသိအမှတ်မပြုသောကြောင့် တိမ်မြှုပ်နေခဲ့ရသလို မျက်နှာငယ်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေမှာ ၃ သန်းခန့်ရှိကာ မသန်စွမ်းကျောင်းများမှာ အလွန်နည်းပါးလှသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့မြင်ရလေသည်။ နားမကြားသူ ဦးရေ သိန်းဂဏန်းရှိသော်လည်း အကြားအာရုံ မသန်စွမ်းသူများ၏ ကျောင်း ၂ ကျောင်းသာ ရှိလေသည်။ ရန်ကုန်နှင့် မန္တလေးတွင်သာ ရှိလေသည်။ ကျောင်းသားလက်ခံနိုင်မှုမှာ ၃၀၀ ခန့်သာရှိလေသည်။ ကျန်သူများမှာ မည်ကဲ့သို့ ဖြစ်နေကြသည်ကို တွေးကြည့်လျင် အလွန်မှပင် ရင်လေးမိပါသည်။ ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ကြည်လျှင် အဘက်ဘက်မှာ ခေတ်နောက်ကျ ကျန်ရစ်ခဲ့ရသည်။ ကျနော်သည် မွေးစဉ်က အကြားအာရုံသန်စွမ်းသော်လည်း ၁၅ နှစ်သား အရွယ်တွင် ထိခိုက်မှုဖြစ်ကာ အကြားအာရုံမသန်စွမ်းသူတယောက်ဖြစ်ခဲ့ရသလို မိဘများမှာစကားမပြောတတ်နားမကြားသူများ ပင်ဖြစ်ပါသည်။ နှစ်ပေါင်း ၂၀ ကျော် နားမကြားအသိုင်းအ၀ိုင်းတွင် နေလာခဲ့သဖြင့် သူတို့၏ အခက်အခဲနှင့် ဘာသာစကားကို နားလည်သဘောပေါက်လာခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံတွင်လည်း အကြားအာရုံမသန်စွမ်းသူများအတွက် လက်ဟန်သင်္ကေတသတင်းအစီအစဉ်ပြသမှုလည်းမရှိချေ။ ကျနော်သည် ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှာ မြန်မာစာအထူးပြု (အဝေးသင်) ဖြင့် ဘွဲ့ရရှိခဲ့သော်လည်း အကြားအာရုံမသန်စွမ်းသူမျာကိုလည်းမြန်မာနိုင်ငံတွင် နေရာပေး အလုပ်ပေးနိုင်ခြင်းမရှိခဲ့ပါ။ ကျနော်သည် နားမကြားသူများ၏ သတင်းငတ်နေသော ဆန္ဒနှင့် မြန်မာလက်ဟန်သင်္ကေတပြဘာသာစကားကို မြန်မာလူအဖွဲ့အစည်းက သိစေချင်လိုသောကြောင့် ဒီမိုကရက်တစ် မြန်မာ့အသံတွင် လုပ်ကိုင်ကာ လက်သင်္ကေတသတင်းများကို ကြေငြာလျှက်ရှိပါသည်။
    မောင်လူငယ် (DVB သတင်းဌာန လက်သင်္ကေတ သတင်းကြေငြာသူ)
    ကိုလူငယ် ရေးသည့် ပိုစ်ကို ခွင်ပြုချက်တောင်းခံပြီး ဖော်ပြခြင်းဖြစ်ပါသည်။
  • ကျနော့ဆန္ဒ ၂ပဲ ၁ပြား
    ကျနော့ဆန္ဒ ၂ပဲ ၁ပြား
    Thant Sin Phyoe
    Myanmar ON the World Map
    ကချင်ပြည်နယ်က စစ်ပွဲ ၁နှစ်ကျော်ကြာနေတာကို ကြည့်ရင်း ကျနော့စိတ်ထဲ အတွေးတစ်ခုဝင်လာတယ်။ ရခိုင်မြောက်ပိုင်းက ပဋိပက္ခပြီးသွားပြီဆိုပေမဲ့ ဒုက္ခသည်တွေပြန်လည်နေရာချထားရေးအပါအဝင် လူမျိုးရေး/နိုင်ငံသားအရေးတွေလည်း ဖြေရှင်းရတော့မယ်။ ဒီအချိန်မှာ အစိုးရထိပ်တန်းပိုင်းက စကားကို ခုတမျိုးတော်ကြာတစ်မျိုးတွေပြောနေတော့ မြန်မာမုစ်လင်မ်တစ်ယောက်အနေနဲ့ စိုးရိမ်စရာအရိပ်အယောင်တွေတွေ့လာရတယ်။
    ကချင်ပြည်နယ်မှာဆင်နွှဲနေတဲ့ ပြည်တွင်းစစ်ဆိုရင်လည်း တော်ကြာနေသမ္မတက ရပ်တန့်ခိုင်းလိုက်ပြီလို့သတင်းထွက်လိုက်၊ ပြီးတော့သိပ်မကြာဘူးစစ်တပ်ကထိုးစစ်ဆင်လိုက်၊ အဲ့ဒီနောက်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုပြီးလုပ်လိုက်၊ သိပ်မကြာဘူး KIA နဲ့စစ်တပ်နဲ့တိုက်ပွဲပြန်ဖြစ်လိုက်၊ လူတွေလည်းထွက်ပြေးလိုက်၊ ငြိမ်းချမ်းရေးလည်း ဆွေးနွေးလိုက်၊ သဘောတူညီမှုရသလိုလိုဖြစ်လာလိုက်၊ အရပ်သားတွေဖမ်းတဲ့အဆင့်တွေရောက်သွားလိုက်၊ ဒုက္ခသည်တွေကိုပါ ဖမ်းပြီးစစ်ဆေးမှုတွေဖြစ်လာလိုက်၊ အစိုးရဘက်က စေ့စပ်ဆွေးနွေးရေးလုပ်မယ်ဆိုပြီးအသံထွက်လာလိုက်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဖွဲ့လိုက်၊ စစ်တပ်က သွားတိုက်လိုက်၊ အဲ့ဒီလိုနဲ့ စစ်ပွဲလည်း၁နှစ်ကျော်သွားပြီ။ ကချင်လူထုလည်း ဒုက္ခရောက်လိုက်တာမှသောက်သောက်လဲ။
    အတိုက်အခံဘက်က ဒေါ်အောင်ဆန်းစုကြည်လည်း ကချင်ပြည်နယ်တစ်ခါသွားပြီးပြီ၊ လွှတ်တော်ပြင်ပ Free activist တွေဖြစ်တဲ့ ၈၈မျိုးဆက်တွေလည်း ကချင်ပြည်နယ်ကိုသွားပြီးပြီ၊ UN ကလည်းဝင်ပြီးပြီ၊ အထောက်အပံ့တွေလည်း ပေးပို့ခွင့်ရနေတုန်း၊ လှူတဲ့လူတွေကလည်း သောင်းသောင်းဖျဖျလှူနေတုန်း၊ တိုက်ပွဲတွေကလည်းဖြစ်နေတုန်း၊ ရပ်တန့်မဲ့အရိပ်အယောင်လည်း ပျောက်ကွယ်နေတုန်း၊ သဘောတူညီမှုတစ်စုံတစ်ရာရဖို့လည်း လမ်းမမြင်ကမ်းမမြင်ဖြစ်နေတုန်း၊ အစိုးရဘက်က ဒီစစ်ပွဲနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ချပြနိုင်တာတစ်ခုမှ မရှိတဲ့အနေအထားနဲ့ဇာတ်မြောနေတုန်းပါပဲ။ နိုင်ငံတကာကလည်း အော်လှပြီ၊ အစိုးရကလည်း လိုက်လျှောမလိုလိုလုပ်ပေါင်းများပြီ။ တကယ့်လက်တွေ့ကတော့ ဘာမှထူးမခြားနားပေါ့။ နောက်ဆုံးမှာတော့ ၁နှစ်ကျော်ကာလအတွင်းမှာ သတင်းဌာနတွေကို သတင်းမပြတ်ပေးနိုင်တဲ့ ပင်ရင်းကြီးတစ်ခုဖြစ်နေတုန်းပဲ။
    ရခိုင်မြောက်ပိုင်းက လူမျိုးရေးပဋိပက္ခဆိုရင်လည်း အစိုးရက အခုအထိ ဗလောင်းဗလဲအသံတွေထွက်နေတုန်းပဲ။ တချို့က UNHCR ကိုသမ္မတပြောလိုက်တဲ့ စကားကိုအပိုင်ကိုင်မယ်လို့ယူဆနေတုန်း။ ဒါပေမဲ့ ဘယ်မှာလဲ အစိုးရရဲ့အကောင်အထည်ဖော်မှု? ဒီ stateless ဖြစ်နေတဲ့ လူတွေကို မြန်မာနိုင်ငံအနေနဲ့ ဖြေကိုဖြေရှင်းရတော့မယ်။ ခေတ်အဆက်ဆက်က အစိုးရတိုင်းရဲ့ ဘာလုပ်လို့ဘာကိုင်သွားမှန်းမသိတဲ့ အနေအထားကို ကျနော်တို့ မဖြေရှင်းရင်ဘာဖြစ်မှာလဲ။ ဘင်္ဂလားဒေ့ရှ်ကလည်း သူ့နိုင်ငံမဟုတ်ဘူးအော်တယ် မြန်မာကလည်း ငါ့နိုင်ငံသားမဟုတ်ပါအော်ဆဲ။ တချို့ကလည်း Shoot on sight ဆိုတဲ့ အိန္ဒိယရဲ့ လုပ်နည်းလုပ်ဟန်ကိုအတုယူဖို့ပြောနေတုန်း။ မြန်မာအစိုးရရဲ့ အသံတွေကိုနားထောင်လိုက်ပြန်တော့လည်း ဘင်္ဂလားဒေ့ရှ်မှာ လက်ခံမယ်လို့ပြောတယ်ဆိုပြီး အသံကြားရတယ်။ တချို့က မြန်မာအစိုးရအနေနဲ့ လက်ခံမဲ့အပိုင်းကို သေသေချာချာ မထုတ်ပြန်သေးတဲ့အချက်အပေါ်မှာ အသေကိုင်ဆွဲထားတုန်းပေါ့။ နောက်ပြီး UNHCR နဲ့တွေ့တော့ ခဏထိန်းသိမ်းပေးပြီး Third Country ကိုပို့ပေးမယ်လို့ ကမ်းလှမ်းတယ်လို့ အစိုးရကြေငြာတယ်။
    ဒီနေရာမှာ ပြည်ပခိုးဝင်လာသူဆိုတာနဲ့ အစိုးရဘက်က ဂယ်ပေါက်လေးဖောက်ထားတယ်။ ရိုဟင်ဂျာမြန်မာတိုင်းရင်းသားမဟုတ်ဘူး မရှိဘူးအော်နေတဲ့ လဝကဝန်ကြီးကတော့ ကွင်တာနားရှေ့မှာ မြန်မာနိုင်ငံသား ဘင်္ဂါလီနဲ့ရခိုင်ညီအစ်ကိုတွေရန်ဖြစ်တာလို့ ပြောပြန်ရော။ ရိုဟင်ဂျာမရှိဘူးတွင်တွင်အော်ပြီး ဘင်္ဂါလီဆိုတဲ့အမည်နဲ့လက်ခံမဲ့ပုံစံဖြစ်နေတယ်။ ကွင်တာနားကိုရှင်းလင်းပြသတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဓိကရုဏ်းနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလာတဲ့ ကိန်းဂဏန်းတွေက ကျနော်တို့ရဲ့အသိနဲ့လွဲသွားတယ်။ ပြည်တွင်းမီဒီယာတွေအနေနဲ့ တစ်လျှောက်လုံး ရခိုင်တိုင်းရင်းသားများသာ အကြမ်းဖက်ခံရတယ်လို့ ပြောကြားပြီး အစိုးရအနေနဲ့တိတိပပမရှင်းလင်းခဲ့ချိန်မှာ အနောက်ပြည်ပမီဒီယာတွေက ဒေသခံမုစ်လင်မ်တွေသာခံရတယ်ဆိုပြီးထုတ်ပြန်နေတယ်။
    ကွင်တာနားရှေ့မှာထုတ်ပြလာတဲ့ စာရင်းဇယားတွေအရ ၂ဖက်စလုံးဟာ တစ်ဖက်ဆီမှန်နေကြတယ်။ အရေအတွက်အရ လူများစုဖြစ်တဲ့ မုစ်လင်မ်တွေအများစု ဒုက္ခသည်တွေဖြစ်နေကြတယ်။ အထူးသဖြင့် စစ်တွေမှာ ပြည်တွင်းမီဒီယာတွေအနေနဲ့ ရခိုင်တိုင်းရင်းသားများသာ အကြမ်းဖက်တိုက်ခိုက်ခံနေရကြောင်း သတင်းဓာတ်ပုံတွေဝေဝေဆာဆာပေါ်ထွက်ဖော်ပြခဲ့ပေမဲ့ စစ်တွေမှာ ဒုက္ခသည်အရေအတွက်ရော ဖျက်ဆီးခံရတဲ့ ပိုင်ဆိုင်မှု အရေအတွက်ရော မုစ်လင်မ်တွေဘက်က သိသိသာသာများနေပြန်တယ်။ မောင်းတော ဘူးသီးတောင်ဘက်မှာတော့ ဒုက္ခသည်အရေအတွက်နဲ့ ဖျက်ဆီးခံရတဲ့ပိုင်ဆိုင်မှုအရေတွက်မှာ မုစ်လင်မ်နဲ့ ရခိုင်တွေ အတူတူနီးပါးဖြစ်နေတယ်။ နောက်ဆုံးစာရင်းချုပ်လိုက်တော့ မုစ်လင်မ်ဘက်က တိုက်ခိုက်ခံရမှုပိုများတယ်လို့ ကွင်တာနားကို အစိုးရက ထုတ်ဖော်ပြောဆိုလိုက်တာပဲ။ ဒီတော့ အစိုးရမှန်သလား ပြည်တွင်းမီဒီယာတွေမှန်သလား။ ရခိုင်အရေးအခင်းဖြစ်ကတည်းက တောက်လျှောက်မှာ ပြည်တွင်းမီဒီယာတွေအနေနဲ့ ဓာတ်ပုံသတင်းထောက်တွေလွှတ်ပြီး သတင်းယူခဲ့ကြပေမဲ့ ဒီလောက်အနေအထားလို့ ခန့်မှန်းခြေမဖော်ပြခဲ့ကြပြန်ဘူး။
    မြန်မာအစိုးရအနေနဲ့ သမ္မတပြောတဲ့အတိုင်းလုပ်လို့မရဘူးလား ဘာပြဿနာရှိလဲဆိုတာကို ကျနော်စဉ်းစားကြည့်မိပါတယ်။ ခိုးဝင်လာတဲ့လူတွေပါလို့ မြန်မာပြည်ဘက်က ဘယ်လိုအချက်အလက်တွေနဲ့သတ်မှတ်မှာလဲ။ ဒီနေရာမှာစဉ်းစားရမှာက ဘင်္ဂလားဒေ့ရှ်ကလည်း မြန်မာဘက်ကပြေးလာသူတွေပါဆိုပြီး တင်ပြထားတဲ့လူစာရင်းရှိနေပြန်တယ်။ စစ်အစိုးရခေတ်ကလိုမျိုး အာဏာရှင်ခေတ်ကလိုမျိုး လှေထဲထည့်ပြီး ရေထဲမျှောလိုက်ဖို့ဆိုတာ ဒီမိုကရေစီအစိုးရအနေနဲ့ လုပ်ဖို့မဖြစ်နိုင်ဘူး။ နဂါးမင်းလို စစ်ဆင်ရေးတွေဆင်နွှဲပြီး မောင်းထုတ်မယ်ဆိုရင် ကိုယ့်တိုင်းပြည်မျက်နှာကို ကိုယ်ပြန်ပြီး အိုးမဲသုတ်သလိုမျိုးဖြစ်ရပြန်ဦးမယ်။
    လက်ရှိအနေအထားက နောက်ကြောင်းပြန်မလှည့်ဘူးဆိုထားလေတော့ နိုင်ငံတကာမှာ မျက်နှာမပျက်ဖို့က အရေးကိစ္စတစ်ခုဖြစ်နေရပြန်တယ်။ International Relation ဆိုတာ သင်ဖူးတဲ့လူတွေပိုသိပါတယ်။ ဥပမာ ၈၈ခေါင်းဆောင် ဦးကိုကိုကြီးတို့လိုပေါ့။ ကိုယ့် Emotional နဲ့ ကိုယ့်စိတ်တိုင်းကျလုပ်လို့မရဘူးလေ။ တိုင်းပြည်ကိုတိုးတက်ချင်တာကိုး။ အရင်ကလိုမျိုး ကျန်တဲ့နိုင်ငံတွေဘယ်လိုပိတ်ပိတ် တရုတ်နဲ့အဆင်ပြေပြေ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးလုပ်ပြီး အစစအရာရာတရုတ်ပြည်ကြီးမှီခိုပြီးနေလာတာ တိုင်းပြည်လည်း ချွတ်ခြုံကျနေပြီဆိုတော့ IR ကအရေးပါလာပြီကိုး။ တကယ်တော့ အရင်အစိုးရအဆက်ဆက်က ပြဿနာကို ကျေကျေလည်လည်မဖြေရှင်းတဲ့အကျိုးဆက်ရယ် ဝန်ထမ်းတွေခြစားခဲ့တဲ့အကျိုးဆက်ရယ်ပေါ့။ ဖြစ်သမျှအကြောင်း ခေါင်ကိုရှာတော့ အစိုးရပဲ။ တိုင်းပြည်အုပ်ချုပ်သူအစိုးရအနေနဲ့ စစ်မှန်တဲ့ နည်းလမ်းကိုရွေးနိုင်မှတော်ရာကျတော့မယ်လေ။ ခုစာကလေးကြော် ခုဆီထမင်းပြောပြောပြီး တကယ်တမ်းလက်တွေ့မဖြေရှင်းပဲနေလို့မရတော့ဘူး။
    လူတွေမမြင်ရတဲ့အကျိုးဆက်အနေနဲ့ တိုင်းပြည်ပဲ နာမည်ပျက်ပြီး ထိခိုက်နစ်နာနေမှာ။ ဒီတော့ အစိုးရအနေနဲ့ ဘာလုပ်မှာလဲ သေသေချာချာ ပွင့်လင်းသင့်ပြီလို့ထင်တယ်။ မြန်မာနိုင်ငံမှာ နိုင်ငံသား အသိအမှတ်ပြုစိစစ်ရေးကဒ်ပြားဆိုရင် ကတ်ထူစက္ကူနဲ့ထုတ်ပေးထားတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအနေနဲ့ လဝကစနစ်မှာ ကွန်ပြူတာဘေ့စ် fully မဖြစ်သေးဘူး။ အစိုးရအနေနဲ့ ဘယ်လိုပုံစံနဲ့လူတွေကို နိုင်ငံသားခွင့်ပြုမယ်ဆိုတာမျိုး ထုတ်ပြောပေမဲ့ တကယ်တမ်းလုပ်ဆောင်မှုက သုည။ ဒါ့အပြင် အထောက်အထားဆိုတာ အခုနကပြောသလို နိုင်ကဒ်တောင်ကတ်ထူစက္ကူဆိုတော့ အဲ့ဒီအထောက်အထားတွေကရော မပျက်ဆီးနိုင်တာတွေမှ မဟုတ်တာကိုး။ ပြောရရင် တစ်ဖက်ကထောက်ကွက်တွေအများကြီးရယ်။ အစိုးရအနေနဲ့ UN နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရှေ့မှာ Working Smart ဖြစ်ဖို့တကယ်လိုသလို လုပ်ကိုင်ဆောင်ရွက်ရာမှာလည်း မှန်မှန်ကန်ကန်လုပ်ဖို့လိုတယ်။
    မြန်မာမုစ်လင်မ်တစ်ယောက်အနေနဲ့ ရခိုင်မြောက်ပိုင်း လူမျိုးရေးမှာလုံးဝဝင်မရေးခဲ့ဘူး။ အခုတော့ ဝင်ရေးရတာလည်းအကြောင်းရှိတယ်။ လက်ရှိဖြစ်ပွါးနေတဲ့ အခြေအနေတွေရဲ့ effect ကို မြန်မာမုစ်လင်မ်တွေရှောင်လွှဲလို့မရအောင် ဆွဲထည့်နေကြပြီ။ ဒီအနေအထားမှာ အစိုးရအနေနဲ့ ဘယ်လိုလုပ်သင့်တယ်ဆိုတာကိုပဲပြောချင်တယ်။ တကယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်အစိုးရ မြန်မာအစိုးရ UNHCR လိုမျိုး သုံးပွင့်ဆိုင်ဆွေးနွေးပွဲတစ်ခုလိုကိုလိုအပ်တယ်။ ဒီကိစ္စဖြစ်ပြီးမှ ဘင်္ဂလားဒေ့ရှ်နဲ့တစ်ကြိမ် UNHCR နဲ့တစ်ကြိမ်အစိုးရဘက်ကတွေ့ဆုံပြီးပြီ ဆိုပေမဲ့ တိကျတဲ့အဖြေတစ်ခုအတွက် ဒီသုံးဖွဲ့အကြေအလည်ဆွေးနွေးသင့်တယ်။ ဘာ့ကြောင့် ဒီလိုပြောသလဲဆိုတော့ ဘင်္ဂလားဒေ့ရှ်က သူ့ဘက်မှာ ဒုက္ခသည်စခန်းဖွင့်ပြီးလက်ခံထားတဲ့လူတွေကို မြန်မာပြည်ထဲ ပြန်ပို့ချင်နေတယ်။ မြန်မာကလည်း မိမိဘက်မှာအထောက်အထားမပြည့်စုံသူတွေစိစစ်ပြီး ဘင်္ဂလားဒေ့ရှ်ကိုပြန်မောင်းထုတ်ချင်နေတယ်။ UNHCR က ဒီ stateless people တွေကို လူ့အခွင့်အရေးနဲ့အညီ State တစ်ခုခုဖြစ်စေချင်နေတယ်။ ဒီတော့ နည်းမှန်လမ်းမှန်နဲ့ ၃ဖွဲ့စလုံးမျက်နှာချင်းဆိုင်ဆွေးနွေးဖို့ လိုအပ်တယ်။ ဒါမှသာ မြန်မာအစိုးရအနေနဲ့လည်း နည်းမှန်လမ်းမှန်နဲ့ ချဉ်းကပ်ဆွေးနွေးအဖြေရှာတယ်ဆိုပြီး နိုင်ငံတကာမျက်နှာစာမှာ လက်မထောင်နိုင်မယ်။ ဒီအဖြစ်အပျက်မှာကြည့်ရင် နိုင်ငံတကာက မြန်မာကိုပဲဖိအားပေးပြီး ဘင်္ဂလားဒေ့ရှ်ကို ဖိအားမပေးတာကိုက မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ဆက်ဆံဆွေးနွေး အဖြေရှာဖို့ လိုအပ်နေတယ်ဆိုတာ ဖော်ပြတယ်။
    ကျနော်ပြောချင်တာကတော့ အစိုးရအနေနဲ့ အားလုံးကိုဘူးခံပြီးငြင်းနေလို့လည်းအလုပ်မဖြစ်သလို ဖြစ်သမျှအကြောင်း ခေါင်းခံဖြေရှင်းပေးဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး။ ဒီတော့ အဆိုပါလူတွေအတွက် နိုင်ငံတကာမှာ မျက်နှာကောင်းကောင်းနဲ့ ဖြေရှင်းသူအစိုးရဖြစ်ဖို့လိုအပ်တယ်လို့ယူဆတယ်။ ဒီလိုမလုပ်ပဲ ကချင်အရေးမှာလို လက်ရှိ ရိုဟင်ဂျာအရေးမှာ အစိုးရဘက်က အသံထွက်ပြသလို ခုတမျိုးတော်ကြာတမျိုးအသံမျိုးစုံထွက်ပြတာကလွဲလို့ ဘာမှမယ်မယ်ရရအကောင်အထည်မဖော်ရင် တိုင်းပြည်ပဲနစ်နာလို့ပါ။
    အကယ်လို့ အစိုးရအနေနဲ့အပေါ်မှာပြောထားတဲ့ပုံစံမျိုးသာ မိမိဘက်က လက်ခံရမဲ့လူအနေအထားစတာတွေသေချာအောင် လုပ်ပြီးပြီဆိုရင်တော့ ပထမဆုံးကိုင်တွယ်ရမှာ Rule of Law ပဲ။ အရေးအခင်းပြီးကတည်းက အရေးအခင်းနဲ့ဆက်သွယ်ဖမ်းဆီးထားသူတွေကို ထိုက်တန်တဲ့ပြစ်ဒါဏ်ချမှတ်သင့်တယ်။ လူမျိုးဘာသာ တစ်ခုမှမကြည့်ပဲ Rule of Law ကိုတိတိကျကျမှန်မှန်ကန်ကန်နဲ့ကိုင်တွယ်ဖို့လိုတယ်။ ပြောမဲ့သာပြောတာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးက လူထုယုံကြည်မှုသုညနဲ့ နိုင်ငံတကာလက်ခံမှုဇီးရိုးဖြစ်နေတယ်။ အဓိကရုဏ်းဖြစ်ခါစမှာ ဦးမင်းကိုနိုင်ပြောတာလေးကို မှတ်မိကြမယ်ထင်ပါတယ်။ ဒီအဓိကရုဏ်းရဲ့ မူလအခြေခံအရင်းအမြစ်ကိုက တရားစီရင်မှုအပေါ်လူထုအယုံအကြည်ပျက်ယွင်းမှုပဲ။ အခုအထိတောင် တောင်ကုတ်မှာအကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုအတွက် အရေးယူမှု တရားဥပဒေအရစီရင်ဆုံးဖြတ်နိုင်မှုမရှိသေးဘူး။
    ဒီတော့ ပြည်တွင်းမှာတည်ငြိမ်ဖို့အတွက်ကတော့ ရခိုင်ဒေသရယ်မှမဟုတ်ပဲ တစ်တိုင်းတစ်ပြည်လုံး တရားစီရင်ရေးမှာ မျှမျှတတနဲ့ ပွင့်ပွင့်လင်းလင်းရှိဖို့ လိုအပ်တယ်။ ဒီအချက်ရဲ့အရေးကြီးမှုက ထိပ်ဆုံးပဲ။ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအပေါ်မှာ လူထုယုံကြည်မှုကိုတော့ အစိုးရနဲ့လွှတ်တော်ကသေသေချာချာတည်ဆောက်သင့်တယ်။ တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း အုပ်ချုပ်ရေးမဏ္ဍိုင်အောက်ကနေ အမြန်ဆုံးထုတ်ပစ်ပြီး သူ့ဘာသာသူ သီးသန့် ရပ်တည်တဲ့ နိုင်ငံ့ ဒေါက်တိုင်ကြီးအဖြစ် သေသေချာချာဆောင်ရွက်ရမယ်။ တရားဥပဒေတွေကိုလည်း ပွင့်လင်းမြင်သာမှုရှိအောင် လွှတ်တော်ဘက်ကဆောင်ရွက်ပေးရမယ်။
    ကဲ။ နိုင်ငံတကာစာမျက်နှာကိုကြည့်ပြီးရင် ပြည်တွင်းက ရခိုင်ညီအစ်ကိုတွေကိုလည်းကြည့်ရတော့မယ်။ လောလောဆယ်ကမှ ပြဿနာကြီးကြီးမားမားဖြစ်ထားတဲ့ ရခိုင်တွေအနေနဲ့ ဒီလူတွေကို ဘယ်လိုမျိုးထားကြမှာလဲ။ နေ့လယ်ကပဲ ရခိုင်လူမျိုး မိတ်ဆွေတစ်ဦးပို့တဲ့စာမှာ ရခိုင်လူမျိုးတွေအနေနဲ့ ဘယ်လောက်ပဲ လစ်ဘရယ်ကျတယ်ပြောပြော ပြဿနာဖြစ်နိုင်တဲ့ အနေအထားမှာ မနေလိုဘူးဆိုတာမျိုးဖြစ်နေတာကိုတွေ့မိနေတုန်းပဲ။ ဒါ့အပြင် လူဦးရေတိုးပွါးနှုန်းဆိုတာမျိုးကလည်း သူတို့စိတ်ထဲမှာ ကြီးကြီးမားမားနဲ့ တွေဝေစေတဲ့အချက်ပဲ။ ဒီအချက်က ပိုပြီးကိုင်တွယ်ဖြေရှင်းရခက်တယ်။ တကယ်တော့ ဘာသာရေးဆိုင်ရာမတူညီမှုအပေါ်မှာ အမုန်းပွါးမှုတွေများပြားနေတာရယ် ဘာသာရေးအသုံးချသူတွေရယ်အတွက် နိုင်ငံတော်ဘက်က လိုအပ်တဲ့ဆောင်ရွက်မှုတွေလုပ်နိုင်တယ်။ ကျနော့မိတ်ဆွေတစ်ယောက်ကပြောတယ် မုစ်လင်မ်တွေ မိန်းမ၄ယောက်မယူလို့မရဘူးလားတဲ့။ အဲ့ဒီလိုအနေအထားမျိုးတွေအထိဖြစ်နေတာ မြင်ရတော့ စိတ်မကောင်းဘူး။ ကမ္ဘာပေါ်မှာ မိန်းမတစ်ယောက်ထက်ပိုမယူရဆိုပြီး ပြဌာန်းထားတဲ့နိုင်ငံတွေမှာ မုစ်လင်မ်တွေနေနေကြတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း မယားပြိုင်ယူခြင်းကို တားဆီးခွင့်ဥပဒေလိုမျိုးထုတ်ပြန်ပြဌာန်းလို့ရတယ်လို့ ကျနော်တော့မြင်တယ်။ မုစ်လင်မ်တစ်ယောက်အနေနဲ့ မယားပြိုင်မယူရလို့ ငရဲကြီးတယ်လို့မှမရှိတာ။
    ဒီ case ဟာလုံးဝပြဿနာမဟုတ်ဘူးလို့ မုစ်လင်မ်တစ်ယောက်အနေနဲ့ မြင်တယ်။ ဒါပေမဲ့ မုစ်လင်မ်တွေသာ မယားပြိုင်ယူ ခွင့်မရှိဆိုတဲ့ ဥပဒေမျိုးမဟုတ်ဖို့တော့လိုတယ်။ အလားတူပဲ မွေးဖွားနှုံးထိန်းချုပ်ခြင်းဆိုတဲ့အပေါ်မှာလည်း ဆွေးနွေးဖြစ်တယ်။ လူမျိုးတစ်မျိုး ဘာသာတစ်ခု ဆိုပြီးခွဲခြားပြဌာန်းရင်တော့ ပြဿနာရှိလိမ့်မယ်လို့မြင်မိတယ်။ တစ်နိုင်ငံလုံး မိသားတစ်စု ခလေးဘယ်နှယောက်ဆိုတာမျိုး ပြဌာန်းနိုင်တာပဲ။ အစ္စလာမ်ဘာသာမှာ မွေးဖွားနှုန်းထိန်းချုပ်ခြင်းခွင့်မပြုဆိုတာ ဘယ်သူကစပြောလဲတော့မသိဘူး ဒါပေမဲ့ ခွင့်ပြုတယ်လို့ ကျနော်တော့သိတယ်။ အစ္စလာမ်ဘာသာအရ မွေးဖွားနှုံးထိန်းချုပ်ခြင်းကို ခွင့်ပြုတယ် ဘယ်လိုဘယ်ပုံခွင့်ပြုတယ်ဆိုတာတော့ ဘာသာရေးပညာရှင်တွေက ပိုသေချာမှာမို့လို့ ကျနော်ဒီနေရာမှာ မဆွေးနွေးလိုဘူး။ ယေဘုယျပြောရရင် မွေးဖွားနှုန်းထိန်းချုပ်ရာမှာ မိဘ၂ပါးရဲ့ ကျန်းမာရေးကို မထိခိုက်ဖို့လိုအပ်တယ်လို့ပြောရင် အဆင်ပြေလိမ့်မယ်။
    ကချင်ပြည်နယ်ရဲ့ အေးချမ်းမှုမရနိုင်သေးတာကိုကြည့်ရင်း ကျနော်အပေါ်မှာတောက်လျှောက်ရေးတာတွေကိုပြန်ဖတ်ရင်း ကျနော်အရမ်းပဲ စိတ်ကူးယဉ်ဆန်နေပြီလားလို့တော့ တွေးမိပါတယ်။ ဒါပေမဲ့ဗျာ ကျနော်တို့နိုင်ငံ အေးချမ်းသာယာပြီး ဖွင့်ဖြိုးတိုးတက်လာတာကို မြင်ချင်လှပါပြီ။ ဒီတော့အစိုးရအနေနဲ့ လွှတ်တော်အနေနဲ့ ဆောင်ရွက်ပေးစေချင်ပါတယ်။
    ကိုသန့်စင်ဖြိုး ရေးသည့် ပိုစ်ကို ခွင်ပြုချက်တောင်းခံပြီး ဖော်ပြခြင်းဖြစ်ပါသည်။
  • မြန်မာမွတ်စလင်များအား နိုင်ငံတော်သမ္မတ ဦးဘဦးပေးပို့ခဲ့ဖူးသော သ၀ဏ်လွှာ
    မြန်မာမွတ်စလင်များအား နိုင်ငံတော်သမ္မတ ဦးဘဦးပေးပို့ခဲ့ဖူးသော သ၀ဏ်လွှာ
    မိတ္ထီလာမြို့၌ကျင်းပသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီ၏ ပဌမအကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံအတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီး အဂ္ဂမဟာသီရိ သုဓမ္မ ဒေါက်တာဦးဘဦး၏ သ၀ဏ်လွှာ။
    သမ္မတကြီးဦးဘဦး၏ မူရင်းသဝဏ်လွှာ
    ၁၉၅၆-ခုနှစ်၊ ဒီဇင်ဘာလ ၂၈-ရက်နေ့မှ ၃၀-ရက်နေ့အထိ၊ မိတ္ထီလာမြို့၌ကျင်းပသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီ၏ ပဌမအကြိမ်မြောက် ပြည်လုံးကျွတ် ညီလာခံသို့ မင်္ဂလာဖြာဖြာနှင့်ပြည့်စုံသော ဤသ၀ဏ်လွှာကို ကျွန်ုပ် ရွှင်လန်းဝမ်းမြောက်စွာဖြင့် ပေးပို့ပါသည်။
    ပြည်ထောင်စုအတွင်း ပေါက်ဖွား၍ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင်အပေါင်းတို့သည် အမှန်စင်စစ် တိုင်းရင်းသားများ ဖြစ်ပေသည်။ တိုင်းရင်းသား အစစ်အမှန်ဖြစ်ကြသည့်အလျှောက် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ဖော်ပြထားသည်မှာ သာသနာရေးတွင် တရားသဖြင့် လွတ်လပ်စွာ ယူဆနိုင်သောအခွင့်အရး၊ တရားသဖြင့် လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သောအခွင့်အရေး၊ နိုင်ငံတော်က အစ္စလာမ်ဘာသာ သာသနာတော်ကို နိုင်ငံတော်တွင်ရှိနေသော ကိုးကွယ်ရာဘာသာတစ်ရပ်ဟု အသိအမှတ်ပြုသော အခွင့်အရေး၊ ဘာသာရေးနှင့်ပတ်သက်၍ တရားသဖြင့် စည်းရုံးနိုင်သော အခွင့်အရေးများကို အခြားဘာသာဝင် တိုင်းရင်းသားများကဲ့သို့ အညီအမျှ ရကြလေသည်။
    ထိုအခွင့်အရေးများကို အစ္စလာမ်ဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်၊ ဗုဒ္ဓဘာသာဝင်တို့ဖြင့် ရရှိကြသည်မဟုတ်။ တိုင်းရင်းသားအဖြစ်ဖြင့်သာ ရရှိခြင်းကြောင့် အစ္စလာမ်ဘာသာဝင်အပေါင်းသည် မိမိတို့ကိုယ်ကိုမိမိတို့ တိုင်းရင်းသားဟူ၍ ပဌမဦးစွာ စွဲမှတ် သဘောပိုက်ကြပြီးလျှင် တိုင်းရင်းသားတို့၌ ရှိအပ်သော တိုင်းရင်းသားစိတ်ဓာတ်ကို တဖွါးဖွါးပေါ်ပေါက်အောင် မွေးမြူကြရပေမည်။
    ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော အမျိုးမျိုးသော ဘာသာဝင်အပေါင်းတို့သည် ဘာသာဝင်အနေဖြင့် တစ်တိုင်းပြည်လုံး၏ စည်းလုံးညီညွတ်မှုကို မရရှိနိုင်ပေ။ တိုင်းရင်းသားအနေဖြင့်သာ စည်းလုံးညီညွတ်မှုကို ရရှိနိုင်ပေသည်။ ထို့ကြောင့် ပြည်ထောင်စုကြီး၏ တိုးတက်ကြီးပွါး စည်ပင်သာယာရေးကို ဆောင်ရွက်ရာ၌၊ မည်သည့်ဘာသာဝင်မဆို ဘာသာရေးစိတ်ဓာတ်ထက် တိုင်းရင်းသားစိတ်ဓာတ်ကို ပိုမိုရင့်သန်အောင် မွေးမြူအပ်ပေသည်။ ထိုမှသာလျှင် တိုင်းရင်းသားပီသ၍ တိုင်းရင်းသားတို့ ခံစားထိုက်သော အခွင့်အရေးများကို တူညီစွာ ခံစားထိုက်ပေသည်။
    ယနေ့ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီ၏ ပဌမအကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံကြီး၌ အစ္စလာမ်ဘာသာဝင်အပေါင်းသည် မိမိတို့ ဘာသာဝင်အပေါင်း၏ကောင်းကျိုး၊ အမျိုးဘာသာ၏ကောင်းကျိုးကို ထိရောက်စွာ ဆွေးနွေးတိုင်ပင် နှီးနှောကြပြီးလျှင် အမျိုးဘာသာ သာသနာကြီး၏ တိုးတက်ကြီးပွါးရေးကို ကောင်းစွာ ဆောင်ရွက်နိုင်ကြပါစေ။ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားအတိုင်း တရားသဖြင့် ပွါးများ ကျင့်ကြံနိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
    ဦးဘဦး
    နိုင်ငံတော် သမ္မတ
    ပြည်ထောင်စု မြန်မာနိုင်ငံတော်။
    ၁၃၁၈-ခုနှစ်၊ နတ္တော်လပြည့်ကျော် ၁၁-ရက်။
    (၁၉၅၆-ခုနှစ်၊ ဒီဇင်ဘာလ ၂၈-ရက်)။
  • အင်ဒိုနီးရှားနိုင်ငံသားများ၏ အမုန်းဆုံးနိုင်ငံမှ အနှစ်သက်ဆုံးနိုင်ငံအဖြစ် သြစတေးလျ သတ်မှတ်ခံရ
    အင်ဒိုနီးရှားနိုင်ငံသားများ၏ အမုန်းဆုံးနိုင်ငံမှ အနှစ်သက်ဆုံးနိုင်ငံအဖြစ် သြစတေးလျ သတ်မှတ်ခံရ
    အင်ဒိုနီးရှားရှိ ကျောင်းတစ်ကျောင်းမှ ကျောင်းသူကျောင်းသားများ
    ဂျကာတာရှိ အစ္စလာမ့်တက္ကသိုလ် (State Islamic University) ၏ နှစ်ပတ်လည် စစ်တမ်းကောက်ယူမှုအရ သြစတေးလျနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံသားများကြားတွင် ဒုတိယ အမုန်းဆုံး နိုင်ငံစာရင်းမှ၊ ဒုတိယ အနှစ်သက်ဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့သည်။
    အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံများသို့ စစ်တပ်များစေလွှတ်ခြင်းနှင့် အစ္စရေးနိုင်ငံအား ထောက်ခံခဲ့ခြင်းတို့ကြောင့် ၂၀၀၆ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံသားများ၏ ဒုတိယအမုန်းဆုံးနိုင်ငံအဖြစ် အမေရိကန်နိုင်ငံ၏ နောက်တွင် ရှိခဲ့သည်ဟု အဆိုပါတက္ကသိုလ်၏ ဒုတိယ ပါမောက္ခချုပ်ဖြစ်သူ ဒေါက်တာ မက်ရုဖ် ဂျမ်ဟရီ (Dr Makruf Jamhari) က ဆိုသည်။
    သို့ရာတွင် ၂၀၁၁ခုနှစ် စစ်တမ်းအရ သြစတေးလျနိုင်ငံသည် ဆော်ဒီအာရေးဘီယားပြီးနောက် နိုင်ငံသားများ၏ ဒုတိယ အနှစ်သက်ဆုံးနိုင်ငံဖြစ်လာခဲ့သည်။ သြစတေးလျနိုင်ငံသားများ၏ မွတ်စလင်များအပေါ် ထားရှိသည့် သဘောထားများ သိသိသာသာ ပြောင်းလဲလာမှုမှာ အကူအညီဖြစ်ခဲ့ပြီး အဓိကအရေးပါဆုံး အချက်မှာ AusAid အစီအစဉ်ဖြစ်သည်ဟုဆိုသည်။ ထို အစီအစဉ်မှ အင်ဒိုနီးရှားနိုင်ငံ ဆင်းရဲသောဒေသများရှိ ကျောင်းသားပေါင်း သုံးသိန်းသုံးသောင်းကျော်အတွက် ကျောင်းပေါင်း၂၀၇၅ ကျောင်းကို ဆောက်လုပ်ပေးခဲ့ပြီး နောက်ထပ် နှစ်ထောင်ကိုလည်း ထပ်မံ ဆောက်လုပ်ပေးမည်ဟု ကတိပြုထားလေသည်။ အဆိုပါ အစီအစဉ်မှာ ဘာသာရေးသီးသန့် လိုရာဆွဲသင်ကြားသော ကျောင်းများထက် တရားဝင်သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော အစ္စလာမ့်ဓမ္မသင်တန်းကျောင်းများနှင့် အတန်းပညာကျောင်းများ တည်ရှိခြင်းကို အထောက်အကူပြုခဲ့လေသည်။
    အစ္စလာမ့်တက္ကသိုလ်(State Islamic University)နှင့် ဂျကာတာအနီး ဘိုဂေါ မြို့ရှိ လာထရိုဘီ တက္ကသိုလ် (La Trobe University) တို့ ပူးပေါင်း၍ လွန်ခဲ့သော သီတင်းပတ်က ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးအပြီးတွင် ဒေါက်တာ ဂျမ်ဟရီ (Dr Jamhari) က AusAid အစီအစဉ်သည် အခြားသော ပရောဂျက်များထက် အင်ဒိုနီးရှားတွင် ပို၍ ဆွဲဆောင်မှုရှိပြီး၊ ပညာတော်သင်ဆုများ တိုးလာခြင်း၊ အခြား ပညာရေးထောက်ပံ့မှုများကိုလည်း ပိုမို နှစ်သက်ကြသည်ဟု ဆိုသည်။
    မိုနာရှ် (Monash University)တက္ကသိုလ်ရှိ အင်ဒိုနီးရှားကျွမ်းကျင်သူ ဘာတန်(Greg Barton) က အဆိုပါ AusAid အစီအစဉ်ကို ၂၀၀၂ခုနှစ် ဘာလီဗုံးဖောက်ခွဲမှုအပြီးတွင် အင်ဒိုနီးရှား၏ အကြမ်းဖက်တိုက်ဖျက်ရေးတပ်ဖွဲ့ Detachment 88 အား ကူညီခြင်းနှင့်အတူ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး အစပျိုးမှုအဖြစ် စတင်ခဲ့သည်ဟုဆိုသည်။
    “အင်ဒိုနီးရှားနိုင်ငံဟာ နှစ်ပေါင်းအတော်ကြာ ကျွန်တော်တို့ရဲ့အကူအညီကို အများဆုံး လက်ခံရရှိတဲ့နိုင်ငံပါ။ ဘာလီကိစ္စပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ အကြမ်းဖက်ဝါဒဆန့်ကျင်ရေးမှာ ပိုပြီးအားထည့်ဖို့လိုအပ်လာပါတယ်။ လုံးလုံးလျားလား ပါဝင်သင့်တယ်ဆိုတာကို ကျွန်နော်တို့ နားလည်သဘောပေါက်ခဲ့ပါတယ်။”
    ဟု သူက ဆိုသည်။
    ဆက်လက်၍ သူက အင်ဒိုနီးရှားနိုင်ငံတွင် ဘာသာရေးကျောင်းပေါင်း နှစ်သောင်းငါးထောင်ခန့်ရှိပြီး မူလတန်းအရွယ်ကလေးများ၏ ၄ ပုံ ၁ ပုံကို ပညာသင်ကြားပေးလျက်ရှိကာ အဆိုပါကျောင်းအများစုမှာ အလယ်အလတ်ကျောင်းများဖြစ်ပြီး အချို့မှာ Jemaah Islamiah ကဲ့သို့ အစွန်းရောက်ဝါဒကိုလိုလားသော ကျောင်းများဖြစ်သည်ဟု ဆိုသည်။
    သြစတေးလျနိုင်ငံသည် ဘာလီဗုံးဖောက်ခွဲမှု ပြီးကတည်းက အင်ဒိုနီးရှားနိုင်ငံအား ခရီးသွားလာမှု စိုးရိမ်ဖွယ်ရာ အဆင့် ၃ အဖြစ်သတ်မှတ်ထားခဲ့သည်။ အဆိုပါ သတိပေးချက်သည် အင်ဒိုနီးရှား၏ ခရီးသွားလုပ်ငန်းကို များစွာထိခိုက်ခဲ့ပြီး ကျောင်းသားများနှင့် အလားအလာရှိသည့် ခရီးသွားများအတွက် အဟန့်အတားဖြစ်စေခဲ့သည်ဟု အစ္စလာမ့်တက္ကသိုလ် အစ္စလာမ်နှင့်လူ့အဖွဲ့အစည်းလေ့လာရေး စင်တာ၏ ဒါရိုက်တာဖြစ်သူ ဒေါက်တာ အလီ မုဟာနစ်(Dr Ali Munhanif) ကဆိုသည်။ သို့ရာတွင် သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက လွန်ခဲ့သောလတွင် စိုးရိမ်ဖွယ်ရာ အဆင့် ၂ အဖြစ်သို့ လျှော့ချခဲ့လေသည်။
    ဝေဇင်
    soruce – http://en.islamtoday.net/artshow-232-4476.htm
  • လုပ်ငန်းခွင်နှင့် ဝတ်ပြုမှုကြားက တရုတ်မွတ်စလင်တို့၏ လမြတ် ရမသွာန်
    လုပ်ငန်းခွင်နှင့် ဝတ်ပြုမှုကြားက တရုတ်မွတ်စလင်တို့၏ လမြတ် ရမသွာန်
    Chinese Muslims
    လမြတ်ရမသွာန်ကို စတင်ဝင်ရောက်ခြင်း ကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် သိန်းဂဏန်းရှိ တရုတ်မွတ်စလင်တို့သည် သောကြာနေ့ ဇူလိုင် ၂၀ ရက် နံနက် စောစောမှာ ဖဂျဟ် ဆွလာသ်ဝတ်ပြုရန် ဇင်နင်း ပြည်နယ်ရှိ နှစ်ပေါင်း ၆၀၀ ခန့်ကဆောက်လုပ်ထားသော ဒန်ဂွမ်း ဗလီဝတ်ပြုကျောင်းတော်သို့ စုရုံးရောက်ရှိလာကြပါသည်။
    China Muslims
    ” လမြတ် ရမသွာန်ဟာဆိုရင် မွတ်စလင်အားလုံးအတွက် အမွန်မြတ်ဆုံး၊ အကြီးကြယ်ဆုံး၊ ရိုသေလေးစားတန်ဖိုးထားရဆုံးသော လတစ်လဖြစ်ပါတယ် ” ဟု ဇင်နင်း ပြည်နယ်၌ လော်ဂျစ်စတစ်ကုမ္ပဏီ တစ်ခုပိုင်ဆိုင်သော မာရောင်လင်း(Ma Yongliang)က ဆင်ဟွာ သတင်းဌာနကိုပြောကြားပါတယ်။ ဆက်လက်ပြီးသူက ” လမြတ် ရမသွာန်၏ ပထမဆုံးနေ့ ဆွလာသ်ဝတ်ပြုမှုဟာ အလွန်အင်မတန် အရေးကြီးပါတယ် “
    တရုတ်ကဲ့သို့သော ဘာသာမဲ့ ကွန်မြူနစ် (ဘာသာရေးယုံကြည်မှုများကို အားမပေးသော) နိုင်ငံတွင်နေထိုင်ကြသော တရုတ် မွတ်စလင်တို့သည် အခက်အခဲ အတားအဆီး များစွာကို ရင်ဆိုင်ကျော်ဖြတ်ပြီး သူတို့၏အီမာန်ယုံကြည်မှုကို မြဲမြံအောင်ကြိုးစားလျက်ရှိကြပါသည်။
    လမြတ် ရမသွာန် အတွင်း၌ မွတ်စလင်များဟာ နံနက်တိုင်း ၃နာရီ ၀န်းကျင် စောစီးစွာ နိုးထခါ နံနက် ဆရ်ဟရီ စားသောက်၇န် ပြင်ဆင်ချက်ပြုတ်ကြပါသည်။ ဆရ်ဟရီ စားသောက်ခြင်းဟာဆိုရင်ဖြင့် မိသားစု စုစည်းမှုကို ဖြစ်စေပြီး ၊ စားသောက်ပြီးနောက် ယောကျာ်းများဟာ ဖဂျဟ် ဆွလာသ်ဝတ်ပြုရန် ဗလီဝတ်ပြုကျောင်းတော်သို့ ထွက်ခွာသွားကြပါသည်။ အမျိုးသမီးအများစုဟာ အိမ်တွင်း၌ အတူတကွ ၀တ်ပြုကြပါသည်။
    အသက် ၁၇ နှစ်အရွယ်ရှိ တရုတ် မွတ်စလင် အမျိုးသမီးငယ် ဟန်ဂျင်း ဟာဆိုရင် လမြတ် ရမသွာန် အတွင်း၌ နေ့စဉ် ၅ ကြိမ် ဆွလာသ်ဝတ်ပြုကာ ၊ ကျမ်းတော်မြတ် ကိုရ်အာန် ကိုနေ့စဉ်ရွတ်ဖတ်ပါတယ်။ မာရောင်လင်း ဆက်လက်ပြောကြားရာမှာ ” တရုတ် မွတ်စလင်တွေဟာ ကျမ်းတော်မြတ် ကိုရ်အာန် ရဲ့ သွန်သင်ဆုံးမချက်တွေကို လိုက်နာကျင့်သုံးလာခဲ့တာဆိုရင် ရာစုနှစ်ချီပြီး ရှိပြီဖြစ်ပါတယ်။ နေ့စဉ်ဘ၀ပုံစံ တွေဘယ်လိုဘဲပြောင်းလဲတိုးတက်လာပါစေ ၎င်းတို့ရဲ့ အီမာန်ယုံကြည်မှုဟာ အစဉ် အမြဲခိုင်မာလျက်ရှိကြပါတယ်။ ” အစ္စလာမ့် ပြက္ခဒိန် ရဲ့ အမြင့်မြတ်ဆုံးလဖြစ်တယ့် ရမာဒါန်လဟာဆိုရင် ဒီနှစ်မှာတော့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအတွင်း သောကြာနေ့မှ စတင်၍ ကျရောက်ခဲ့ပါတယ်။
    Chinese Muslims
    ရမသွာန်လမြတ်ဟာ ဆိုရင်ဖြင့် အရွယ်ရောက်ပြီးသော ကမ္ဘာတ၀ှမ်းရှိ မွတ်စလင်အားလုံးအတွက် အစာရေစာ စားသုံးခြင်း၊ လိင်ဆက်ဆံခြင်း စသည်များကို နံနက်နေထွက်ချိန်မှ ညနေနေ၀င်ချိန်အထိ ရှောင်ကျဉ်ရန် ပြဌာန်းထားသည့် လမြတ်ဖြစ်ပါတယ်။ နာမကျန်းဖြစ်နေသူများ ၊ ခရီးသည်များ ကိုတော့ ဥပုသ်စောင့်တည်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားပါတယ်။
    အလုပ်ခွင်နှင့် ရမသွာန်လမြတ်
    နွေရာသီ၌ အချိန်ကြာညောင်းစွာ အစာရေစာ စားသုံးခြင်းမရှိဘဲ ဥပုသ်စောင့်တည်ခဲ့ရသော်လည်း တရုတ် မွတ်စလင်တို့သည် သူတို့၏နေ့စဉ်လုပ်ငန်းခွင်ကို ထိခိုက်မခံခဲ့ပေ။ ကွင်ဟိုင်းယင်းဂျီ ဗဟားလာ့ နေရှင်း ဖက်ရှင်ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမလေး ဟန်ယန်း(Han Yan)က သူမသည် အိမ်၌ မိဘသက်ကြီးရွယ်အိုများ၊ ကလေးများကို ကြည့်ရှုစောင့်ရှောက်ယုံသာမက အပိုဝင်ငွေရစေရန် ကုမ္ပဏီအလုပ်ကို ယူ၍လုပ်ကိုင်ပါသည်။ သူမက ဆက်လက်ပြီး ထိုကဲ့သို့ အလုပ်များ လုပ်ကိုင်ခြင်းအားဖြင့် သူမ၏ ရမသွာန်လမြတ် အေဘာဒတ် ခ၀ပ်ကိုးကွယ်မှုလုပ်ငန်းစဉ်များကို ထိခိုက်မှုမရှိပါကြောင်း အတည်ပြုပြောဆိုပါသည်။
    လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှ အစပြုကာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ မွတ်စလင် အများစုနေထိုင်သော အဓိက ပြည်နယ်တစ်ခုဖြစ်သည့် နင်းဇီယာ
    Chinese Muslims
    ဒါတင်မကသေးပါ ၊ မွတ်စလင်များအနေဖြင့် ကြီးမားလှသော ဟလာဟ် စားသောက်ကုန် လုပ်ငန်းကြီးကိုလည်း အောင်မြင်စွာ ဖွံဖြိုးတိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် စာရင်းဇယားများအရ နင်းဇီရာ ၀ှီ ဒေသရှိ ဟလာဟ် စားသောက်ကုန် လုပ်ငန်းကြီးသည် စုစုပေါင်း ယွမ်ငွေတန်ဖိုး ၁၀.၃ ဘီလီယံမျှ တင်ပို့နိုင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်ရောက်လျှင် ဟလာဟ် စားသောက်ကုန် လုပ်ငန်းသည် ၂၀ ဘီလီယံထိ တင်ပို့နိုင်လိမ့်မည်ဟု ခန့်မှန်းထားရှိပါသည်။
    အလုပ်တစ်ဘက် အေဘာဒတ် ခ၀ပ်ကိုးကွယ်မှု တစ်ဘက် ချိန်ခွင်ညှိရင်း သူတို့၏ဘ၀ကို တည်ဆောက်လျက်ရှိသော တရုတ် မွတ်စလင်အများစု၏ အဓိက အရေးကြီးဆုံး ဘ၀ရည်မှန်းချက်မှာ မွတ်စလင်အားလုံးတို့ အတွက်အထွတ်အမြတ် တန်ဖိုးထားရာ ကာဘာကျောင်းတော်ရှိရာ မကာမြို့သို့ ဟဂ်ျပြုသွားရောက်ခွင့်ရရှိရေးဟု ဆိုလျှင် စာရှုသူမိတ်ဆွေ အံ့သြမည်မထင်ပါ။
    မာရောင်လင်းက ” ငါမိသားစုအတွင်းက လူကြီးပိုင်းအချို့ကတော့ မကာမြို့သို့ ဟဂ်ျပြုရန် သွားပြီးကြပြီး၊ ငါအနေနဲ့လည်း ငါရဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး ” ဟုပြောကြားပါသည်။ ဘာသာရေးယုံကြည်မှုများကို အားမပေးသော ကွန်မြူနစ် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအတွင်း၌ အစိုးရ အသိအမှတ်ပြုသော ဘာသာရေးယုံကြည်မှု ၅ ခုရှိပါသည်။ ၎င်းတို့မှာ အစ္စလာမ်၊ ပရိုတက်စတင့် ခရစ်ယာန်၊ ကက်သလစ်၊ တာအို နှင့် ဗုဒ်ဓဘာသာ တို့ဖြစ်ပါသည်။ ထိုဘာသာယုံကြည်မှုအားလုံး၏ ကျင့်သုံးပုံနှင့် စီမံအုပ်ချုပ်ပုံအားလုံးကို အစိုးရ၏ မျက်ခြေမပျက် စောင့်ကြည်မှုအောက်၌ တင်းကျပ်စွာထားရှိပါသည်။
    တရားဝင် စာရင်းဇယားများအရ ကွန်မြူနစ် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအတွင်း ၌ မွတ်စလင်စုစုပေါင်း ၂၂ သန်းရှိပါသည်။ အများစုမှာ နင်းဇီရာ၊ ဇင်ဂျင်း၊ ကွင်ဟိုင်း စသည့်ပြည်နယ်များ နှင့် ဆင်ခြေဖုန်းဒေသများ၌ နေထိုင်ကြပါသည်။ သေးငယ်သော မွတ်စလင်အစုအဝေးများကိုလည်း တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအတွင်းပိုင်း အနှံမြင်တွေ့ရနိုင်ပါသည်။ တရားဝင် မဟုတ်သော စာရင်းအရ မွတ်စလင်အဖွဲ့များ၏ အဆိုအရ မွတ်စလင်စုစုပေါင်းဦးရေသည် ဒီထက်မက မြင့်မားနိုင်ပါသည်၊ မွတ်စလင်စုစုပေါင်း ၆၅ သန်းမှ သည် ၁၀၀ သန်း အထိရှိနိုင်ပြီး တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ စုစုပေါင်းလူဦးရေ၏ ၇.၅ ရာခိုင်နှုန်းခန့်ရှိနိုင်ပါသည်။
    ဘာသာပြန်သူ – ဆောင်းသစ္စာ (စင်ကာပူရ်)
    မူရင်လင့် : OnIslam.net