News @ M-Media

Author: YinYin

  • ရူနီအား အင်္ဂလန် ဘောလုံးလောက၏ အမြင့်ဆုံးလစာဖြင့် မန်ယူသက်တမ်းတိုး

    ရူနီအား အင်္ဂလန် ဘောလုံးလောက၏ အမြင့်ဆုံးလစာဖြင့် မန်ယူသက်တမ်းတိုး

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
    M-Media

    – အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် နှောင့်နှေးနေခဲ့သည့် မန်ယူအသင်း၏ အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီမှာ မန်ယူအသင်းနှင့် ယမန်နေ့က စာချုပ်သစ် ချုပ်ဆိုခဲ့ပြီဟု သိရသည်။

    ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က အသင်းမှ ပြောင်းရွှေ့ချင်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည့် ၀ိန်းရူနီမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းဖြင့် လေးနှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လအထိ အသင်းတွင် ရှိနေမည်ဖြစ်သည်။ ထို့ပြင် ရူနီမှာ ဘောလုံးလောကမှ အနားယူ သွားပါက မန်ယူအသင်း၏ သံတမန်လည်း ဖြစ်လာမည်ဖြစ်သည်။

    စာချုပ်သစ်ကြောင့် ရူနီ၏ တစ်နှစ်လုပ်ခမှာ ပေါင် ၁၅ သန်းရှိမည်ဖြစ်ပြီး အင်္ဂလိပ်ဘောလုံးလောကတွင် လုပ်ခအမြင့်ဆုံး ကစားသမားဖြစ်လာကာ၊ ခရစ္စ တီယာနို ရော်နယ်ဒို၊ လီယွန်နယ် မက်ဆီတို့၏ လုပ်ခများထက်လည်း ပိုမိုများပြားသည်။ စာချုပ်သစ် ချုပ်ဆိုပြီးနောက် ရူနီက “နွေရာသီမှာ ကောလဟလ တွေအများကြီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒေးဗစ်မိုယက်စ် အသင်းကိုရောက်လာတဲ့အခါ ကျွန်တော် တော်တော်ကျေနပ်မိပါတယ်။ သူနဲ့ကျွန်တော်ဟာ ဆက်ဆံရေးကောင်းတစ်ခုရှိပြီး၊ သူကလည်း ကျွန်တော်အပေါ် ယုံကြည်မှု တော်တော်လေးရှိပါတယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မန်ယူအသင်းမှာ ကမ္ဘာ့အကောင်းဆုံးအသင်းများမှ တစ်သင်းဖြစ်ပြီး၊ မိမိ၏ ကစားသမားဘ၀ အချိန်တော်တော်များများကို မန်ယူအသင်းတွင် ကစားခဲ့ကြောင်း၊ ယခုအချိန်တွင် အားလုံးပြီးဆုံးသွားပြီဖြစ်သည့်အတွက် ပျော်ရွှင်မိကြောင်း၊ အလုပ်တွင် အာရုံစူးစိုက်၍ ရှေ့သို့ ဆက်လျှောက်သွားမည် ဖြစ်ကြောင်း ရူနီက ထည့်သွင်းပြောကြားခဲ့သည်။

    ရူနီအား စာချုပ်သက်တမ်းတိုးနိုင်ခဲ့ခြင်းတွက် ပျော်ရွှင်မိသည်ဟု နည်းပြ မိုယက်စ်က ပြောကြားခဲ့ပြီး ရူနီကိုလည်း ချီးကျုးခဲ့သည်။ ပြီးခဲ့သည့်နွေရာသီက ချယ်ဆီးအသင်းမှ ရူနီအား ခေါ်ယူရန် နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း မန်ယူအသင်းက ငြင်းပယ်ခဲ့သည်။

    Ref : Dailymail

  • နိုင်ငံရဲ့ အနာဂတ်က လူငယ်တွေရဲ့လက်ထဲမှာ ရှိတယ်လို့ မြန်မာမွတ်စလင် Youth Forum တွင် ကိုဒီငြိမ်းလင်းပြော

    နိုင်ငံရဲ့ အနာဂတ်က လူငယ်တွေရဲ့လက်ထဲမှာ ရှိတယ်လို့ မြန်မာမွတ်စလင် Youth Forum တွင် ကိုဒီငြိမ်းလင်းပြော

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန် ။        ။ လူငယ်များ ခေါင်းဆောင်မှု အရည်အသွေး မြင့်မားလာစေရန်၊ လူငယ်များအချင်းချင်း ချိတ်ဆက်မှု အားကောင်းလာစေရန်၊ လူငယ်များ၏ အခက်အခဲ များ၊ စိတ်ကူးစိတ်သန်းများ၊ အကြံညဏ်များနှင့် နည်းပညာဆိုင်ရာကျွမ်းကျင်မှုများကို ဆွေးနွေးနှီးနှော ဖလှယ်ခြင်းအားဖြင့် စွမ်းဆောင်ရည် ပြည့်ဝသော လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြန်မာမွတ်စလင်လူငယ်များမှ ၂-ရက်တာကာလ Muslim Youth Forum ကို ပထမဆုံး အကြိမ်အဖြစ် ယနေ့ ဖေဖော်ဝါရီ ၂၂-ရက်နေ့မှာ စတင်ကျင်းပခဲ့သည်။

    နယူးယောက်မှာ ကုလသမဂ္ဂရုံးမှာ ချိတ်ဆွဲထားတဲ့ ဦးသန့်ရဲ့ ဓာတ်ပုံကိုမြင်ရတိုင်း စိတ်ထဲမှာ အတိုင်းမသိဝမ်းသာမိကြောင်း၊ မြန်မာ့လူ့ဘောင်နဲ့ တစ်သားတဲ့ဖြစ်နေတဲ့ အစ္စလာမ်လူငယ်များသည်လည်း တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်တဲ့နေရာမှာ စံပြထိုက်လောက်တဲ့ ပုဂ္ဂိုလ်မျိုးတွေကို အတုယူသင့်စေလိုကြောင်း၊ တိုင်းပြည်ရဲ့ကောင်းရာ ကောင်းကြောင်းတွေကို ပါဝင်လုပ်ဆောင်သင့်ကြောင်း တက်ရောက်လာသော သံတမန်တစ်ဦးက ပြောကြားခဲ့သည်။

    “နိုင်ငံအနှံ့အပြားမှာလည်း အခုလို ဖိုရမ်တွေလုပ်နေကြပါတယ်။ အခုလည်း ဒီမှာ ဘာတွေဆွေးနွေးကြမလည်း ဆိုတာလည်း သိချင်တာနဲ့ လာခဲ့တာပါ။ ကျွန်တော့်အနေနဲ့လည်း ၀င်ရောက်ဆွေးနွေးသွားမှာပါ။ နိုင်ငံရဲ့ အနာဂတ်က လူငယ်တွေရဲ့လက်ထဲမှာ ရှိပါတယ်။ လူငယ်တွေအနာဂတ်မှာ ကောင်းမွန်မှ တိုင်းပြည်သာယာမှာပါ။ ဒီပွဲကနေ ရလဒ်ကောင်းတွေးအသိပညာတွေရလာမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်” ဟု ကျောင်းသားသမဂ္ဂမှ ကိုဒီငြိမ်းလင်းက ပြောခဲ့သည်။

    လူငယ်တွေဦးဆောင်နိုင်တဲ့အရာတွေကို လုပ်နိုင်သလောက်လုပ်ရမယ်။ လူကြီးမဖြစ်ခင် အားလုံးဟာ လူငယ်ဘ၀ကိုဖြတ်သန်းခဲ့ရတာဖြစ်တယ်၊ လူငယ်တွေဆိုတာ လူကြီးတွေရဲ့ ဖခင်တွေပါပဲဟု ဥပမာပေးကာ ဟု Muslim Youth Forum 2014 MYANMAR တွင် အစ္စလာမ့်ဓမ္မဗိမာန်မှ ဦးဆောင်ဆော်သြရေးမှူး အလ်ဟာဂ်ျ ဦးအေးလွင်က ပြောကြားခဲ့သည်။

    “၁၁ ရာစု အနော်ရထာမင်းကြီး ပုဂံနေပြည်တော်ကိုတည်ထောင်ချိန်မှာ မြန်မာမွတ်စလင်များက နန်းတော်ထဲတွင် အမှုတော်ထမ်းလျက်ရှိကြောင်း ပုဂံကျောက်စာများတွင် ပါရှိပါတယ်။ မိမိချက်မြုပ်ရာနေရာမှာ တာဝန်ကျေပွန်ခဲ့ကြတယ်။ ဒီတိုင်းပြည်မှာမွေးဖွားပြီး ဒီတိုင်းပြည်ရဲ့ သားကောင်း ဖြစ်တယ်ဆိုတာ ပြသရမှာဖြစ်တယ်။ အရည်အသွေးပြည့်ဝတဲ့ လူသားရင်းမြစ်တွေကိုလိုအပ်ပါတယ်။ ဒီဖိုရမ်ကနေ အရည်အချင်းရှိတဲ့လူငယ်တွေကို မွေးထုတ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အနာဂတ်မြန်မာနိုင်ငံအတွက် မွတ်စလင်လူငယ်များမှ တတ်နိုင်သမျှပါဝင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    ယခုကဲ့သို့ လူငယ်များတွေ့ဆုံခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် အတွေးအမြင်များကို ဖလှယ်ကြပြီး ဒေသအသီးသီးရှိ လူငယ်များ မိမိတို့၏ မြို့ရွာများ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် ပိုမိုချိတ်ဆက်နိုင်ပြီး အာဆီယံနှင့် နိုင်ငံတကာ လူငယ် ဖိုရမ်များသို့ မြန်မာနိုင်ငံကိုယ်စားပြု လူငယ်များတက်ရောက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

    Muslim Youth Forum 2014 MYANMAR ကို နှစ်ရက်တိုင် သန်လျင်မြို့ ငါးပါးသခင်ဒါရ်ဂါတော်ဝင်းအတွင်းကျင်းပမည် ဖြစ်ပါသည်။ အခမ်းအနားဖွင့်ပွဲကို ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီတွင် နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာပြည်တစ်ဝန်းမှ ကြွရောက်လာကြသော အစ္စလာမ် ညီအကိုမောင်နှမများမှ နှစ်ရက်တိုင်တိုင် Muslim Youth Forum တွင် ပါရှိသည့် အကြောင်းအရာများကို ဆွေးနွေးသွားကြမည် ဖြစ်သည်။

  • ရခိုင်မှ ပဋိပက္ခများ စုံစမ်းစစ်ဆေးမှုများဟာ ကျေနပ်စရာ ကောင်းအောင် မရှိဟု ကင်တားနားပြော

    ရခိုင်မှ ပဋိပက္ခများ စုံစမ်းစစ်ဆေးမှုများဟာ ကျေနပ်စရာ ကောင်းအောင် မရှိဟု ကင်တားနားပြော

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄
    M-Media
    လင်းလင်း

    DSC01887

    ရန်ကုန်  ။     ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေသေးတယ်လို့ မြန်မာနိုင်ငံသို့ ၆ ရက်ကြာလာရောက်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တာနားက ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရန်ကုန်လေဆိပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    မကြာသေးမီအချိန်ကာလက ရခိုင်ပြည်နယ် ဒူချီးတန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ “စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖြစ်ရပ်မှတ်တွေကို ဖော်ထုတ်ဖို့လိုပါတယ်။ အမှန်တကယ်အပြစ်ရှိသူတွေကို အရေးယူရမယ်။ နိုင်ငံတကာ နည်းပညာနဲ့ အစိုးရပူးပေါင်းပြီး အရေးယူ မှုများကို ပြုလုပ်ရန် ပြည်ထောင်စုဝန်ကြီးကိုလည်း တိုက်တွန်းခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ ဆုံးဖြတ်မှုတွေနဲ့လည်းပတ်သက်ပြီး စိုးရိမ်မိပါ တယ်” ဟု ကင်တာနားကပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်းဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး အစိုးရစုံစမ်းရေးကော်မရှင်ရဲ့ စုံစမ်းမှုတွေဟာ ကျေနပ်စရာကောင်းလောက်အောင်မရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။

    ကချင်ပြည်နယ်တွင်းရှိ စစ်အခြေအနေများကိုလေ့လာပြီး တစ်နိုင်ငံလုံးအပစ်အခက်ရပ်စဲရေးတွင် လက်နက်ကိုင်တပ်ဖွဲ့နှင့် အစိုးရတို့မှ သဘောတူညီ ချက် များကိုဆောင်ရွက်ရာတွင် အားနည်းနေကြောင်း၊ ၎င်းတို့အနေနှင့် လူ့အခွင့်အရေးဥပဒေများကို လိုက်နာရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါ သေး သည်။

    မြန်မာအစိုးရအနေနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ လူမျိုးရေး နှင့် ဘာသာရေး ပဋိပက္ခများကို အဓိကထားလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းသည်လည်း စိုးရိမ်နေရဆဲဖြစ်ကြောင်း၊ လက်ရှိအစိုးရအနေနှင့် ပြည်သူတွေအပေါ်မှာ တရားစီရင်ရာတွင် အားနည်းမှု ရှိနေ ကြောင်း ပြောခဲ့သည်။ မြန်မာနိုင်ငံ၏ အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ မီဒီယာလွတ်လပ်ခွင့်၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက် မှု၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးများနှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။

    မစ္စတာ ကင်တားနားသည် မြန်မာနိုင်ငံတွင်းဖြစ်ရပ်များကို UNHRC သို့ မတ်လ ၁၄-ရက်နေ့တွင် အစီအရင်ခံစာတင်သွင်းသွားမည်ဖြစ်ပါသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် ၆-နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ မတ်လတွင် တာဝန်ပြီးဆုံးမည်ဖြစ်သည်။

  • မလေးရှား သွားမည့် မြန်မာများကို အသက် အာမခံပါ ဖုန်းဆင်းမ်ကဒ် အခမဲ့ ပေးမည့် ဟု မလေးကုမ္ပဏီ Tone Plus ပြော

    မလေးရှား သွားမည့် မြန်မာများကို အသက် အာမခံပါ ဖုန်းဆင်းမ်ကဒ် အခမဲ့ ပေးမည့် ဟု မလေးကုမ္ပဏီ Tone Plus ပြော

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်   ။    ။ မလေးရှားနိုင်ငံမှ ဖုန်းကုမ္ပဏီတစ်ခုဖြစ်သောTone Plus ကုမ္ပဏီမှ မလေးရှားသွားမည့် မြန်မာလုပ်သားအား GSM ဖုန်းဆင်းမ်ကတ် အခမဲ့ပေးအပ်ရန် မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

    ၎င်းအစီအစဉ်ကိုဆောင်ရွက်ရန် Tone Plus ကုမ္ပဏီနှင့် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ (M0U) ရေးထိုးခဲ့ကြသည်။ ဖုန်းပြောဆိုခကို တစ်မိနစ်လျှင် ၀.၂၈ ရင်းဂစ် သတ်မှတ်ထားပြီး တစ်လလျှင် အနည်းဆုံးငွေဖြည့်ကတ် ရင်းဂစ် ၃၀ ဖိုးအသုံးပြုလျှင် အသုံးပြုသူများကို ကုမ္ပဏီမှ အသက်အာမခံကြေး ခံစားခွင့်ပါ ပေးမည်ဖြစ်သည်။ ဆင်းမ်ကတ်ကို ရက်ပေါင်း ၆၀- ကျော်အသုံးပြုပြီးမှသာ အသက်အာမခံကြေး ခံစားခွင့် အကျုံးဝင်မည်ဖြစ်ပြီး ပြီး ရက်ပေါင်း ၆၀- ကျော်သုံးစွဲပြီးလျှင် ထိခိုက်မှုရှိ၍ သေဆုံးမှု ရှိလာ ပါက ရင်းဂစ် တစ်သိန်းကို အသက်အာမခံလျော်ကြေး အဖြစ်ပေးအပ်သွားမည် ဖြစ်သည်။

    “မြန်မာပြည်မှာလည်း ဆင်းမ်ကတ်တွေကိုအလွယ်တကူဝယ်လို့ရအောင် လေဆိပ်မှာ ကောင်တာတွေ ဖွင့်ပေးထားပါမယ်။ ဟိုမှာလည်း ရအောင်လို့ စီစဉ်ပေးထားပါတယ်။ မလေးရှားသွားတဲ့ လူမှန်သမျှကို ကျွန်တော်တို့ပေးမှာပါ။ လေယာဉ် လက်မှတ်ပြပြီး တစ်ခါတည်း ထုတ်လို့ရပါတယ်။ ဒီကုမ္ပဏီက တခြားနိုင်ငံတွေနဲ့လည်း လုပ်ဆောင်သွားဖို့ရှိပါတယ်။ အခုမြန်မာပြည်နဲ့ ပထမဆုံး စတင် လုပ်ကိုင်တာဖြစ်ပါတယ်” ဟု မန်နေးဂျင်းဒါရိုက်တာ ဦးသန်းဝင်းက ဖေဖော်ဝါရီ ၂၀-ရက်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါဆင်းမ်ကတ်ကို မလေးရှားသို့သွားရောက်မည့် အလုပ်သမားများ သာမက မလေးရှားသို့ မည်သည့် ကိစ္စနှင့်မဆို သွားရောက်မည့် သူများ အားလုံးကို မတ်လ ၁-ရက်နေ့မှ စတင်ကာ ပေးသွားမည်ဖြစ်ကြောင်းလဲ သိရပါသည်။ ယင်း ဆင်းမ်ကတ်ကို GSM ဖုန်းများတွင်သာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ Tone Plus ဆင်းမ်ကဒ်၏ ငွေဖြည့် အသုံးပြုသည့် ငွေပမာဏပေါ် မူတည်ပြီး လေယာဉ်လက်မှတ်နှင့် Tone Hotel တို့တွင်လျော့ဈေးများဖြင့် တည်းခိုခွင့်များ ရမည်ဖြစ်ကြောင်းလဲ သိရပါသည်။

     

  • ဖခင်ဖြစ်သူကို ဝေဖန်ခဲ့သော ဆန်းတို့စ် ဥက္ကဌများအား နေးမာ ပြစ်တင်

    ဖခင်ဖြစ်သူကို ဝေဖန်ခဲ့သော ဆန်းတို့စ် ဥက္ကဌများအား နေးမာ ပြစ်တင်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
    M-Media

    ဖခင်ဖြစ်သူကို ဝေဖန်ခဲ့သော ဆန်းတို့စ် ဥက္ကဌများအား နေးမာ ပြစ်တင်၊ ၎င်း၏ အပြောင်းအရွှေ့အတွက် ဘာကာမှ အခွန်ငွေ ယူရို ၉ သန်းကျော် ထပ်ဆောင်း ပေးဆောင်ရမည်
    – ဘာစီလိုနာအသင်းတိုက်စစ်မှူး နေးမာက နူးကမ့်သို့ ရောက်ရှိလာခဲ့သည့် အငြင်းပွားဖွယ်ရာ ၎င်း၏အပြောင်းအရွှေ့အတွက် ဖခင်ဖြစ်သူအား ကာကွယ်ခဲ့ပြီး အသင်းဟောင်း ဆန်းတို့စ်၏ ဥက္ကဟောင်းနှင့် လက်ရှိ ဥက္ကဌ နှစ်ဦစလုံးကို ပြစ်တင် ပြောဆိုလိုက်သည်။

    အသက် ၂၂ နှစ်အရွယ်ရှိ နေးမာမှာ တရားဝင်အားဖြင့် ဘာကာသို့ ယူရို ၅၇.၁ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည်ဟု သိရသော်လည်း၊ ပြီးခဲ့သည့်လက ဘာကာမှ ထုတ်ပြန်ပြောဆိုမှုများအရ အပြောင်းအရွှေ့တန်ဖိုးမှာ ယူရို ၈၆.၃ သန်းရှိမည်ဟု ခန့်မှန်းရသည်။

    ဆန်းတို့စ်အသင်း၏ ဥက္ကဌဖြစ်သူ အိုဒီလီယို ရော်ဒရီဂက်ဇ်က ထိုအပြောင်းအရွှေ့အတွက် ယူရိုသန်း ၄၀ နှင့် ကော်မရှင်များရခဲ့သည့် နေးမာ၏ ဖခင်အား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ ဘာစီလိုနာနှင့် နေးမာ၏ ဖခင်ဖြစ်သူတို့ ပြုလုပ်ထားသည့် သဘောတူညီချက် စာရွက်စာတမ်းများကို ကြည့်ရှုရန် ဥပဒေကြောင်းအရ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

    ယခင် ဆန်းတို့စ်အသင်း၏ ဥက္ကဌဟောင်းဖြစ်သူ လူးဝစ် အဲလ်ဗာရို ဒီ အိုလီဗီရာ ရီဘီရို (အတိုကောက် LAOR) ကလည်း နေးမာ၏ ဖခင်ဖြစ်သူအား “လူလည်” ဟု ထေ့ငေါ့ခဲ့ပြီး ထိုကဲ့သို့ သူမျိုးအား တရားစွဲဆိုရမည်ဟု ပြောကြားခဲ့သည်။

    “သူတို့အားလုံး(ဆန်းတို့စ်အသင်း တာဝန်ရှိသူများ)ကို ကျွန်တော် အမြဲတမ်း လေးစားခဲ့ပြီး၊ ကျွန်တော်ဟာ အလွန် ပရော်ဖက်ရှင်နယ်ပီသခဲ့ပါတယ်။ (၎င်း၏ဖခင်အပေါ် ဝေဖန်ခဲ့မှုအတွက်) အရင်နည်းပြဟောင်း LAOR နဲ့ အခုနည်းပြ အိုဒီလီယိုတို့ကို ကျွန်တော်တော်တော် စိတ်ပျက်မိပါတယ်။ အထူးသဖြင့် LAOR ကိုပါ။ သူ့ဟာ ကျွန်တော် အရမ်းချစ်ပြီး၊ အရမ်းလေးစားတဲ့သူပါ” ဟု နေးမာက ဆိုရှယ်ဆိုဒ်တစ်ခုဖြစ်သည့် ၎င်း၏ Instagram စာမျက်နှာတွင် ရေးသားခဲ့သည်။

    ထို့ပြင် ၎င်း၏အဖေဖြစ်သူကို ထိုကဲ့သို့ ပြောကြားမှုအား မကြိုက်ကြောင်း၊ မိမိမှာ ဖခင်ဖြစ်သူ၏ ပရိတ်သတ်တစ်ဦးဖြစ်ပြီး၊ ယခုကဲ့သို့ နေရာမျိုးရောက်အောင် ဖခင်ဖြစ်သူက ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။

    နေးမာ၏ အပြောင်းအရွှေ့ကိစ္စကို စပိန်တရားရုံးတစ်ခုမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး တရားဝင်ဖော်ပြခြင်းမရှိသည့် ယူရို ၃၇.၉ သန်းအတွက် ဘာကာမှ အခွန်ငွေ ၉.၁ သန်းပေးဆောင်ရန် ယမန်နေ့တွင် အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။ သို့သော်လည်း ဘာစီလိုနာအသင်းကမူ ထိုကိစ္စနှင့်ပတ်သက်၍ ကာကွယ်ထားသည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
    Ref : Goal