ဖေဖော်ဝါရီ ၆၊ ၂၀၁၄
M-Media
– စကော့တလန်သား နည်းပြ မိုယက်စ်အနေဖြင့် မန်ယူအသင်းအား ရုန်းကန်နေရသော အနေအထားမှ ချန်ပီယံဘွဲ့အား စိန်ခေါ်နိုင်သူအဖြစ် ပြောင်းလဲ နိုင်သည်ဟု ယုံကြည်ကြောင်း အင်္ဂလန် နာမည်ကျော် ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် ပရီးမီးယားလိဂ်ချန်ပီယံ မန်ယူအသင်းမှာ ယခုနှစ်တွင် ရလဒ်များအလွန်ဆိုးရွားနေပြီး ယခုလက်ရှိတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် အာဆင်နယ်အသင်းနှင့် ၁၅ မှတ်ကွာဟနေကာ ကစားပြီးသမျှ ၂၄ ပွဲတွင် ၁၂ ပွဲသာ အနိုင်ရရှိထားသည်။ ပြီးခဲ့သည့် စနေနေ့ကလည်း စတုတ်စီးတီး အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုနှစ်ရာသီ ၈ ပွဲမြောက်အရှုံးလည်းဖြစ်သည်။
သို့သော်လည်း မိုယက်စ်မှာ မန်ယူအသင်း၏ ကံကြမ္မာကို ပြောင်းလဲနိုင်သော သင့်တော်သည့် နည်းပြတစ်ဦးဖြစ်ကြောင်း ဘက်ခမ်းကဆိုသည်။
“ရာသီတစ်လျှောက်လုံး ဇယားထိပ်ဆုံးမှာရှိနေတတ်တဲ့ မန်ယူအသင်း အခုရာသီမှာ ဒီလိုမဖြစ်တော့ အသင်းဟာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လူတွေက ထင်ကြပါတယ်။ ဒါကို ပြဿနာလို့ ကျွန်တော်မမြင်ပါဘူး။ အပြောင်းအလဲကာလတစ်ခုပါ” ဟု ESPN သတင်းဌာနသို့ ၎င်းက ယမန်နေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် မိုယက်စ်မှာ နည်းပြကောင်းတစ်ဦးဖြစ်ပြီး၊ ၎င်းအတွက် အချိန်ပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး၊ ချယ်ဆီးနည်းပြ မော်ရင်ဟိုမှာ ဆုဖလား များအား မည်ကဲ့သို့ ရယူရမည်ကိုသိကြောင်း၊ နည်းပြကောင်းတစ်ဦး ဖြစ်ရုံသာမက ကိုယ်ပိုင် အရည်အသွေးကောင်း ရှိသူတစ်ဦး ဖြစ်ကြောင်း ဘက်ခမ်း က ချီးကျူးသွားခဲ့သည်။
Ref : Goal