News @ M-Media

Author: YinYin

  • လူငယ်ကစားသမားအား ရိုက်ပုတ်ခဲ့သည့် နယူးကာဆယ် အရန်အသင်း နည်းပြ ရာထူးမှနှုတ်ထွက်

    လူငယ်ကစားသမားအား ရိုက်ပုတ်ခဲ့သည့် နယူးကာဆယ် အရန်အသင်း နည်းပြ ရာထူးမှနှုတ်ထွက်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၄
    M-Media

    – အသင်းရှိ လူငယ်ကစားသမားတစ်ဦးအား ရိုက်နှက်ခဲ့သည် ဟူသော စွပ်စွဲချက် ထွက်ပေါ်လာခဲ့ပြီးနောက် နယူးကာဆယ် အရန်အသင်း၏ နည်းပြစ်သူ ၀ီလီ ဒိုနာချီမှာ ယမန်နေ့တွင် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။

    မန်ချက်စတာစီးတီးအသင်း၏ စကော့တလန် နောက်ခံလူဟောင်းဖြစ်ပြီး နယူးကာယ်ဆယ် အကယ်ဒမီသို့ လွန်ခဲ့သည့် ၃ နှစ်ကတည်းရောက်ရှိနေသူ ဒိုနာချီမှာ ပြီးခဲ့သည့် တနင်္လာနေ့က ဆန်းဒါးလန်းအသင်းအား ၂ ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော အရန်အသင်းပွဲစဉ်တွင် ပင်နယ်တီပေးခဲ့ရခြင်းနှင့် ပတ်သက်၍ အသက် ၁၉ နှစ်အရွယ် နောက်ခံလူ ရီမီစထရီတီအား ရိုက်ပုတ်ခဲ့ခြင်းဖြစ်သည်။

    ထိုကိစ္စနှင့်ပက်သက်၍ ၀ုဖ်အသင်းတွင်ကစားနေသည့် စထရီတီ၏ ဖခင်ဖြစ်သူက နယူးကာဆယ်အသင်းကြီး၏ နည်းပြ အလန်ပါဂျူးနှင့် ဆွေးနွေးခဲ့ သေးသည်။ ဒိုနာချီနှုတ်ထွက်သွားကြောင်းကို နယူးကာဆယ်အသင်းကလည်း အတည်ပြုပြောကြားခဲ့ပြီး၊ မည်သည့်မှတ်ချက်မှ မပေးခဲ့ချေ။

    Ref : Dailymail

  • မန်စီးတီး အိမ်ကွင်းတွင် ထိုင်ခုံများ တိုးချဲ့မည်

    မန်စီးတီး အိမ်ကွင်းတွင် ထိုင်ခုံများ တိုးချဲ့မည်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၄
    M-Media

    – ယခုလက်ရှိအသုံးပြုနေသည့် အီတီဟတ်အသင်းရှိ ထိုင်ခုံအရေအတွက်များ တိုးချဲ့ရေးလုပ်ငန်းစဉ်ကို မန်ချက်စတာစီးတီးအသင်းက ယမန်နေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။

    ထိုင်ခုံပေါင်း ၁၄၀၀၀ တိုးချဲ့သွားမည်ဖြစ်ပြီး ကွင်းတစ်ဘက်တစ်ချက်စီတွင် ထိုင်ခုံ ၆၂၅၀နှင့် ကွင်းအောက်ခြေတွင် ထိုင်ခုံ ၂၀၀၀ စီ ထည့်သွင်းသွားမည်ဖြစ်သည်။ အီတီဟတ်ကွင်း၏ လူဝင်နိုင်မှုပမာဏမှာ လက်ရှိတွင် ၄၇၆၂၀ ဦးဖြစ်ပြီး ထိုင်ခုံများ တိုးချဲ့ပြီးပါက ၆၂၁၇၀ ဦး ၀င်ဆန့်မည်ဖြစ်သည်။

    ထိုကဲ့သို့ တိုးချဲ့ဆောက်လုပ်မှုများပြုလုပ်ရန် မန်ချက်စတာ မြို့တော်ကောင်စီက ယမန်နေ့တွင် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ ဆောက်လုပ်ရေး လုပ်ငန်းစဉ်များ ပြီးဆုံးသွားပါက အီတီဟတ်ကွင်းမှာ အင်္ဂလန်တွင် ဒုတိယ လူဦးရေအများဆုံးဝင်ဆံ့သော ကလပ်အသင်းပိုင် ကွင်းတစ်ကွင်းဖြစ်လာမည်ဖြစ်သည်။

    Ref : Dailymail

  • မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် စိုးမြိုင်နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာကော်မရှင်နာရုံး အရာရှိ တွေ့ဆုံဆွေးနွေး

    မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် စိုးမြိုင်နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာကော်မရှင်နာရုံး အရာရှိ တွေ့ဆုံဆွေးနွေး

    ဖေဖော်ဝါရီ ၆၊ ၂၀၁၄
    M-Media
    ပြည့်ပြည့်

    ဓါတ်ပုံအညွှန်း – ရဲဇာနည်အင်တာနက် စာမျက်နှာ

    နေပြည်တော်   ။        ။ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာကော်မရှင်နာရုံး လူ့အခွင့်အရေးအရာရှိ Michael Shaikh သည် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးမြိုင်နှင့် ယနေ့ ဖေဖော်ဝါရီလ ၆-ရက် နေ့လယ် ၃-နာရီက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

    ၎င်းတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးမြိုင်နှင့်အတူ ဒုတိယ ရဲလေ့ကျင့်ရေး အရာရှိချုပ် ရဲမှူးကြီး အောင်ကျော်ဦးအပါအ၀င် နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ရဲမှူးကြီး အောင်ဋ္ဌေးမြင့်နှင့် ရဲအရာရှိများ ပါဝင်ခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်သွားရန်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

    ကိုးကား – ရဲဇာနည်သတင်း

  • ဘတ်စ်ကားများ စက္ကူလက်မှတ် သို့မဟုတ် I Pay ကတ် စနစ်ပြောင်းလဲရန်ကြိုးစားနေဟု မ.ထ.သ ပြော

    ဘတ်စ်ကားများ စက္ကူလက်မှတ် သို့မဟုတ် I Pay ကတ် စနစ်ပြောင်းလဲရန်ကြိုးစားနေဟု မ.ထ.သ ပြော

    ဖေဖော်ဝါရီ ၆၊ ၂၀၁၄
    M-Media
    လမင်း

    DSC01411

    ရန်ကုန် ။       ။    မ.ထ.သ. မှ ပြေးဆွဲလျှက်ရှိနေသော ဘတ်စ်ကားများအား ခရီးသည်များမှ ၀န်ဆောင်ခကို စက္ကူလက်မှတ်စနစ် သို့မဟုတ် I Pay ကတ် ဖြင့် ပေးဆောင်ရန် ကြိုးပမ်းနေကြောင်းကို မ.ထ.သ (ဗဟို)မှ ဒုတိယ ဥက္ကဌ ဦးလှသောင်းမြင့်က ပြောကြားခဲ့သည်။

    ၁၉၉၃ ခုနှစ် ဧပြီလ ၁-ရက်နေ့တွင် အသုံးပြုခြင်းကို ရပ်တန့်ခဲ့သည့် စက္ကူလက်မှတ်စနစ်ကို ပြန်လည် ကျင့်သုံးရန် မ.ထ.သ မှ ကြိုးပမ်းလျက်နေသည်ကို “ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဘတ်စ်ကားစီးရင် လတ်မှတ်စနစ်ကိုပဲ ကျင့်သုံးကြတယ်။ သူတို့လုပ်တာက ကောင်းလို့ လုပ်တာပေါ့။ ကျွန်တော်တို့နိုင်ငံမှာ I Pay ကတ် စနစ်ကို စမ်းသပ်တဲ့အနေနဲ့ ကျင့်သုံးခဲ့တာ ၂ နှစ်ကျော်ရှိခဲ့ပါပြီ မအောင်မြင်သေးပါဘူး၊ စပယ်ယာတွေက စက်ပျက်နေတယ် ပြောတာနဲ့ စက်မရှိတဲ့ ကားတွေနဲ့ ကြုံတွေ့နေရတော့ မအောင်မြင်သေးဘူး။ အခုလည်း လတ်မှတ်စနစ်ကို လုပ်ရင် ကောင်းမလား ကျွန်တော်တို့ စဉ်းစားနေတုန်းပါပဲ။ ဘာလုပ်မယ်ဆိုတာ တာဝန်ရှိသူတွေနဲ့ ကားဒရိုင်ဘာတွေကို ခေါ်ပြီး I Pay ကတ် စနစ်ကို အောင်မြင်အောင်လုပ်မလား ဒါမှမဟုတ် လတ်မှတ်စနစ်ကို လုပ်မလား တိုင်ပင်ပြီး အတည်ပြုချက်ကို အထက်ကိုတင်ပြပြီး အကောင်ထည်ဖော်သွားမှာပါ။ I Pay ကတ် စနစ်အောင်မြင်ရင်တော့ ပိုကောင်းတာပေါ့။ ခရီးသည်တွေအတွက်လည်း အဆင်ပြေသွားမယ် ” ဟု ဒုတိယက ဥက္ကဌ ဦးလှသောင်းမြင့်က ပြောခဲ့သည်။

    ယခုလို I Pay ကတ် သို့မဟုတ် စက္ကူလက်မှတ်ပြောင်းလဲ ပြုလုပ်ခြင်းအားဖြင့် ကားပေါ်တွင် ခရီးသည်အား ပိုက်ဆံပိုတောင်းခြင်း၊ ပိုက်ဆံပေးပြီးသားကို ထပ်မံတောင်းခံခြင်း စသည့် ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ၎င်း၏ပြောကြားချက်အရ သိရှိရပြီး လတ်မှတ်စနစ်ပြုလုပ်ခြင်းဖြင့် တစ်နေ့တာ သွားလာလှုပ်ရှားမှုရှိသည့် ခရီးသည်များ၏ အရေအတွက်ကိုလည်း သိရှိရမည်ဖြစ်သည်။ ခရီးသည် အရေအတွက်ကို သိရှိရမှသာ ယာဉ်ကြောပိတ်ဆို့မှုအတွက် ကားအစီးရေ မည်မျှတိုး၍ သွားလာရမည်ကိုလည်း မ.ထ.သ မှ စီစဉ်ဆုံးဖြတ်ပေးနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

  • ခြေထောက်ထဲတွင် ဘောလုံးရှိနေပါက တာတိုအပြေးချန်ပီယံ အူစိန်ဘော့ကိုပင် အနိုင်ယူနိုင်သည်ဟု ဂါဗင်ဟိုဆို

    ခြေထောက်ထဲတွင် ဘောလုံးရှိနေပါက တာတိုအပြေးချန်ပီယံ အူစိန်ဘော့ကိုပင် အနိုင်ယူနိုင်သည်ဟု ဂါဗင်ဟိုဆို

    ဖေဖော်ဝါရီ ၆၊ ၂၀၁၄
    M-Media

    – ခြေထောက်ထဲတွင် ဘောလုံးထား၍ အပြေးပြိုင်ပါက မိမိမှာ တာတိုအပြေးချန်ပီယံ ဂျမေကာနိုင်ငံသား အူစိန်ဘော့ထက်ပင် အပြေးမြန်သူ ဖြစ်ကြောင်း ရိုးမားအသင်း၏ ကွင်းလယ်လူ ဂျာဗင်ဟိုက ပြောကြားလိုက်သည်။

    ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် နာပိုလီအသင်းအား ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရခဲ့သော ကိုပါအီတာလီယာဖလား ဆီးမီးဖိုင်နယ်ပထမအကျာ့တွင် ၂ ဂိုး သွင်းယူ ပေးခဲ့သည့် ဂျာဗင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဘောလုံးကို ခြေထောက်တွင်ထား၍ မီတာ ၁၀၀၊ မီတာ ၂၀၀ တာတိုပြေးပွဲတွင် အူစိန်ဘော့ အား အနိုင်ယူနိုင်မည်ဟု အရွှန်းဖောက်ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ဘောလုံးကို ခြေထောက်ထဲ ထားပြီးပြေးရင် ကျွန်တော် သူ့(အူစိန်ဘော့)ကို နိုင်မှာပါ။ ဘောလုံးမရှိရင်တော့ သူက ကျွန်တော့ထက်ပိုမြန်ပါလိမ့်မယ်” ဟု Rai Sport အားကစား သတင်းဌာနသို့ ဂျာဗင်ဟိုက ပြောကြားခဲ့သည်။

    ထို့ပြင်ထိုပွဲတွင် နောက်ဆုံးပိတ်အရေးပါသော အနိုင်ဂိုးကို သွင်းယူခွင့်ရပြီး ကစားဖော်များ ပရိတ်သတ်များဖြင့် အောင်ပွဲခံခဲ့ရခြင်းမှာ ကောင်းမွန်သော ခံစားမှု ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဂျာဗင်ဟိုမှာ အာဆင်နယ်အသင်းမှ ရိုးမားအသင်းသို့ ပြီးခဲ့သည့်နွေရာသီက ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းကောင်းများကို ပြသနေပြီး ရိုးမားအသင်း မှာလည်း စီးရီးအေ၏ ဒုတိယနေရာတွင်ရှိနေသည်။

    Ref : Goal