News @ M-Media
Author: YinYin
  • ပုဒ်မ(၁၈)အပါအဝင် ဒီမိုကရေစီ စနစ်နှင့်မကိုက်ညီသည့် ဥပဒေများ ပယ်ဖျက်ပေးရန်အတွက် ၈၈မျိုးဆက်နှင့် အဖွဲ့ ၆၀ ဆန္ဒထုတ်ဖော်
    ပုဒ်မ(၁၈)အပါအဝင် ဒီမိုကရေစီ စနစ်နှင့်မကိုက်ညီသည့် ဥပဒေများ ပယ်ဖျက်ပေးရန်အတွက် ၈၈မျိုးဆက်နှင့် အဖွဲ့ ၆၀ ဆန္ဒထုတ်ဖော်
    ဇန်နဝါရီ ၆၊ ၂၀၁၄
    M-Media
    A.N.Lay
    1484086_621831741187786_1726760947_n
    ရန်ကုန် ။        ။      ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်များ ပထမဆုံး ပါဝင်သည့ှ်ဆန္ဒပြပွဲတွင် ပုဒ်မ (၁၈) အပါအဝင် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် ဥပဒေများကို ဖျက်သိမ်းပေးရေး ဆန္ဒထုတ်ဖော် တောင်းဆိုပွဲကို ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဆောင်၍ ဇန်နဝါရီ ၅ ရက်နေ့တွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံဘေး၊ ဧမာနွေလ ဘူးရားကျောင်းရှေ့တွင်ပြုလုပ်ခဲ့ပါတယ်။
    အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် အချက်သုံးချက်ပါ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ရာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဖော်ဆောင်မှုများ၊ နိုင်ငံသားတို့ မှုလအခွင့်အရေးများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းအရ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်သည် နိုင်ငံသားများ အားလုံးအတွက် အာမခံချက်ရှိသော အခွင့်အရေးဖြစ်သဖြင့် ဒီမိုကရေစီ နိုင်ငံတော်နှင့် မသင့်လျော်ဘဲ ပြည်သူလူထုအပေါ် နိုင်ငံရေး အရ တဖက်သတ် ဖိနှိပ် ချူပ်ချယ်မှုများအား မပြုလုပ်ရန်များ ဒီမိုကရေစီ နိုင်ငံတော်နှင့် မသင့်လျော်ဘဲ ပြည်သူလူထု အပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်သောဥပဒေများအား ပြင်ဆင်ရန်နှင့် မကိုက်ညီသည်များကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ပြီး ခြွင်းချက်မရှိလွှတ်ပေးရန်၊ တရားစွဲဆိုဆဲ အမှုများအား ပလပ် ဖျက်သိမ်းပေးရန်နှင့် ထပ်မံဖမ်းဆီးအရေးယူမှုများ မပြုလုပ်ရန် တောင်းဆိုခဲ့သည်။
    “အဓိက ရည်ရွယ်ချက်ကတော့ ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့တင်မဟုတ်ပါဘူး နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့၊ ဒီမိုကရေစီ ခေတ်စနစ်နဲ့ မကိုက်ညီတဲ့ ဥပဒေတွေ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ ဥပဒေတွေကို ဖျက်သိမ်းပေးဖို့၊ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေက စစ်အစိုးရ လက်ထက်မှာ မြစ်ဖျားခံခဲ့ရတယ်။ စစ်အစိုးရလက်ထက်မှာ သူတို့ အာဏာတည်မြဲဖို့သူတို့ လိုသလို ဆွဲထားတဲ့ပုဒ်မတွေဟာ ဒီဘက် အစိုးရ လက်ထက် မှာ မရှိသင့်တော့ဘူး။ အဲ့ဒါကို ပြည်သူတွေသိစေချင်လို့ ကျနော်တို့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးမာကီးမှ ပြောကြားခဲ့ ပါတယ်။
    “နိုင်ငံသားအခွင့်အရေးအပြည့်အဝပေး” နိုင်ငံရေးအရ ဖိနှိပ်ဖမ်းဆီးမှု ချက်ချင်းရပ်” Freedom” ဟူသော စာသားများကို ဟစ်အော်ပြီး ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပါတယ်။
    အဆိုပါဆန္ဒထုတ်ဖော်မှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီ ဦးဝင်းတင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးခိုင်မောင်ရည်နှင့် ဒေါ်ဖြူဖြူသင်းတို့ အပါအဝင် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ပါဝင်ခဲ့ကြပြီး ၎င်းဆန္ဒထုတ်ဖော်မှုတွင် ၈၈ မျိုးဆက်များ အပါအဝင် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း အင်အား ၅၀၀ ကျော်ဆန္ဒထုတ်ဖော်ခဲ့ထုတ်ဖော်ခဲ့ပါတယ်။
  • သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြည်မှ အကျဉ်းသား ၁၁၃-ဦး လွတ်မြောက်
    ဇန်န၀ါရီ ၃၊ ၂၀၁၄
    M-Media
    သီရိ
    IMG_20140103_093808
    ပြည် ။       ။  ၆၆-နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော် သမ္မတမှ အကျဉ်းထောင်အသီးသီးရှိ ပြစ်ဒဏ်ကျ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ယနေ့ ဇန်န၀ါရီလ ၃-ရက်နေ့ နံနက် ၈-နာရီမှ စတင်ကာ ပြည်အကျဉ်းထောင်မှ ပြစ်မှုဆိုင်ရာ အထွေထွေ အကျဉ်းသားကိုလည်း စတင်လွှတ်ပေးလျက် ရှိပါသည်။
    နိုင်ငံတော်သမ္မတကြီးမှ ၆၆ နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများကို ထောင်ဒဏ်တစ်သက် ကို နှစ်အကန့်အသတ်မရှိသို့ကျခံစေရန်၊ ထောင်ဒဏ်အနှစ်လေးဆယ်ကျခံနေရသူများကို ထောင်ဒဏ်နှစ်လေးဆယ်သို့ လျော့ပေါ့ကျခံစေရန် နှင့် ထောင်ဒဏ် နှစ်လေးဆယ်အောက်ကျခံနေရသော အကျဉ်းသားများကို ၄င်းတို့ကျခံနေရသော ထောင်ဒဏ်၏လေးပုံတစ်ပုံသို့ ကျခံစေ ဟု နိုင်ငံတော်သမ္မတ မှ ဇန်န၀ါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်
    အခုလိုသမ္မတကြီးမှ လွှတ်ငြိမ်းချမ်းသာခွင့်ပေးတာကို အရမ်းဝမ်းသာမိပါတယ်၊ အဘက နိုင်ငံတော်ကပေးတဲ့ ပြစ်ဒဏ် လျော့တာ နှစ်ခါရှိပီရတာ အခုတစ်ခါတော့ လုံးဝလွှတ်မြောက်သွားပါပီ အရမ်းပျော်ရွှင်မိပါတယ် ဟု လွှတ်မြောက်လာသူတစ်ဦးဖြစ်သူမှ ပြောကြားခဲ့ပါသည်။
    ပြည် အကျဉ်းထောင်မှ အမျိုးသမီး ၁၃-ဦး၊ အမျိုးသား ၁၀၀-ဦး၊ စုစုပေါင်း အကျဉ်းသား ၁၁၃-ဦး လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။
  • အုပ်စုဖွဲ့အဓ္ဓမကျင့်ခံရသူ အိန္ဒိယအမျိုးသမီး မီးရှို့ခံရမှုကြောင့် သေဆုံး
    အုပ်စုဖွဲ့အဓ္ဓမကျင့်ခံရသူ အိန္ဒိယအမျိုးသမီး မီးရှို့ခံရမှုကြောင့် သေဆုံး
    ဇန်န၀ါရီ ၃၊ ၂၀၁၄
    M-Media
    ပြီးခဲ့သည့် အောက်တိုဘာလက ကိုလ်ကာတားမြို့တွင် အုပ်စုဖွဲ့မုဒိမ်းကျင့်မှုကို ၂-ကြိမ်တိုင်တိုင် ခံစားခဲ့ရသည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် မှာ မီးလောင်ဒဏ်ရာများကြောင့် ယမန်နေ့က သေဆုံးသွားခဲ့သည်ဟု အိန္ဒိယ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
    ထိုအမျိုးသမီးငယ်မှာ ဒီဇင်ဘာ ၂၃-ရက်နေ့က မီးရှို့ခံခဲ့ရခြင်းဖြစ်ပြီး သီတင်းတစ်ပါတ်ကျော်အကြာတွင် ဆေးရုံ၌ သေဆုံးခဲ့ရခြင်းဖြစ်သည်။ ၎င်း မသေဆုံးမီက သူမအား မီးရှို့ခဲ့သောသူများမှာ အောက်တိုဘာလအတွင်းက သူမကို အုပ်စုဖွဲ့ အဓ္ဓမ ပြုကျင့်ခဲ့ကြသူများဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ရဲမင်းကြီး ဆန်တို့ရှိ နင်မ်ဘာကာက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    သူမ၏ မိဘများကလည်း ၎င်းတို့သမီးဖြစ်သူ အဓ္ဓမပြုကျင့်ခံရပြီးနောက်ပိုင်းတွင် တရားခံ၏ မိသားစုများနှင့် အပေါင်းအသင်းများက ထိုအမှုအား ပိတ်ပစ်ရန်ဖိအားပေးခြိမ်းခြောက်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
    “ကြေးစားလူမိုက်တွေက စော်ကားမှုတွေပြုလုပ်ခဲ့ပြီး၊ ကျွန်မတို့ကို သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။ ရဲတွေကတော့ ဒါကို မသိသလို ကြည့်နေခဲ့တာပါ။ ပြည်သူကို မကာကွယ်နိုင်တဲ့ရဲတွေကို ဘာလုပ်ဖို့သုံးမလဲ” ဟု မိခင်ဖြစ်သူက ပြောဆိုခဲ့ပြီး၊ ပြစ်မှုကျူးလွန်သူအား သေဒဏ်ပေးရန် အတွက်လည်း တောင်းဆိုခဲ့သည်။
    ယမန်နေ့ကအထိ သေဆုံးသူမှာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယူဆခဲ့သော်လည်း သေဆုံးသူ၏ အိပ်ရာအောက်မှ ၎င်း ကိုယ်တိုင် ရေးသားထားသည့် ဒိုင်ယာရီကို တွေ့ရှိခဲ့ပြီးနောက် လူသတ်မှုအဖြစ်ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။
    အိန္ဒိယနိုင်ငံတွင် အုပ်စုပွဲမုအဓ္ဓမပြုကျင့်မှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ ရဲတပ်ဖွဲ့ဝင်များကလည်း ထိုအမှုများအား ကိုင်တွယ်ရာတွင် အလွန် ညံ့ဖျင်းသောကြောင့် မကြာခဏဆိုသလို နိုင်ငံတစ်ဝှမ်းတွင် ဆန္ဒပြမှုများဖြစ်ပွားနေပြီး၊ အဓ္ဓမပြုကျင့်မှုနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုများကို ထိရောက်စွာ အရေးယူနိုင်သည့် ဥပဒေများကို ပြဌာန်းရန်အတွက် ပြည်သူများက အစိုးရအား ဖိအားပေးခဲ့ကြသည်။
    Ref : Aljazeera
  • ဇန်န၀ါရီ ၂၊ ပြည်တွင်းသတင်း စုစည်းမှု
    ဇန်န၀ါရီ ၂၊ ပြည်တွင်းသတင်း စုစည်းမှု
    ဇန်န၀ါရီ ၂၊ ၂၀၁၄
    M-Media
    သေဒဏ်နှင့် နှစ်ရှည်ကျ အကျဉ်းသားများ လွတ်ငြိမ်းခွင့်ထုတ်ပြန်
    – သေဒဏ်ချမှတ်ခံထားရသူများအား ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသတ်မရှိ)၊ နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက် ကျခံနေရသူ များအား  ထောင်ဒဏ် နှစ် ၄၀၊ ထောင်ဒဏ်နှစ် ၄၀နှင့်အထက် ကျခံနေရသူများအား ထောင်ဒဏ် နှစ် ၄၀၊ ထောင်ဒဏ် နှစ် ၄၀-အောက် ကျခံ နေသူများအား ၎င်းတို့ကျခံနေရသော ထောင်ဒဏ်၏ လေးပုံတစ်ပုံသို့ လျော့၍ ကျခံစေရန် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သမ္မတရုံးမှ
    ယနေ့ညနေပိုင်းက ထုတ်ပြန်လိုက်သည်။
    ________________________
    အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူများပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
    – ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အဖွဲ့အစည်းများအနေဖြင့် ကိုယ်တိုင်အစည်းအဝေးများပြုလုပ်ပြီး ကြေညာချက်များထုတ်ပြန်နေသည်မှာ ညီညွတ်သည့်အတွက် ကောင်းမွန်သော်လည်း အရေးအကြီးဆုံးမှာ ပြည်သူလူထုပါဝင်ရန်လည်း လိုအပ်ကြောင်း UNDP မှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲမှာ ယနေ့တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်း သိရသည်။
    ________________________
    အချက် ၃-ချက်အား အခြေခံ၍ ဖွဲ့စည်းပုံပြင်ရန်ဟု သမ္မတပြော
    – ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်၊ ဒီမိုကရေစီစံနှုန်းပြည့်မီရေးနှင့် နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်ချက် စသည့် ၃-ချက်အား အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်ကြောင်း သမ္မတ၏ ယနေ့ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
    ________________________
    မြစ်ဆုံစာချုပ်ပါ ကတိကဝတ် လက်မှတ်ထိုးသူများ တာဝန်သိဖို့လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော
    မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ ကတိကဝတ်တွေရဲ့ အကျိုးဆက်တွေကို နိုင်ငံနဲ့ပြည်သူက ခံရမှာကြောင့် စာချုပ်ကိုလက်မှတ်ထိုးသူတွေ တာဝန်သိဖို့လိုတယ်လို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၂ရက်နေ့မှာ ပြောဆိုလိုက်ကြောင်း ကမာရွတ်မီဒီယာမှတဆင့် သိရှိရပါသည်။
    ________________________
    ရှမ်းပြည်နယ်တွင် ပတ်စ်ပို့စ်ရုံးများဖွင့်လှစ်
    – မြန်မာနိုင်ငံကူးလက်မှတ်ရုံးများကို ရှမ်းပြည်နယ် တောင်ကြီး၊ လားရှိုးနှင့် ကျိုင်းတုံမြို့များတွင် ယနေ့ ထပ်မံ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
    ________________________
  • ဇန်န၀ါရီ ၂၊ အားကစားသတင်း စုစည်းမှု
    ဇန်န၀ါရီ ၂၊ အားကစားသတင်း စုစည်းမှု
    ဇန်န၀ါရီ ၂၊ ၂၀၁၄
    M-Media
    ဒဏ်ရာအကင်းမသေသေးသောကြောင့် ရူနီ ထပ်မံ၍ နားရမည်
    –  ပေါင်ခြံဒဏ်ရာရရှိနေသည့် တိုက်စစ်မှူး ရူနီအနေဖြင့် မန်ယူအသင်း၏ ပွဲစဉ်များကို ထပ်မံ၍ လွဲချော်နိုင်ဖွယ်ရှိသည်ဟု မန်ယူအသင်းနည်းပြ ဒေးဗစ်မိုယက်စ်က ပြောကြားခဲ့သည်။ ဒဏ်ရာရှိနေသော်လည်း ယနေ့နံနက်က စပါးအသင်းအား ရှုံးနိမ့်ခဲ့သောပွဲစဉ်တွင် ရူနီမှာ ပါဝင်ကစားခဲ့ပြီး၊ ထိုကိစ္စနှင့် ပက်သက်၍ မိုယက်စ်က အသင်း၏ ပွဲကြပ်ကာလများကြောင့် ဒဏ်ရာအကင်း မသေသေးသည့် ရူနီအား ထည့်ကစားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရူနီ ကြံ့ခိုင်မှုပြည့်ဝရန်အတွက် အနားယူရန် လိုအပ်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ……………………….
    တစ်ကျော့်ပြန်တိုက်စစ်မှူး အဒီဘာယောအား ရှားဝုဒ် ချီးကျူး
    – မန်ယူအသင်းအား အိုးထရက်ဖို့ဒ်တွင် အနိုင်ရခဲ့သည့် ပွဲတွင် ဂိုးသွင်းယူခဲ့သည့် တိုက်စစ်မှူး အဒီဘာယောအား စပါးအသင်းနည်းပြ တင်မ်ရှားဝုဒ်က ချီးကျူးပြောဆိုလိုက်သည်။ အဒီဘာယောမှာ ယခင်နည်းပြဟောင်း ဘိုအာ့စ်လက်ထက်တွင် အသင်းတွင် ပါဝင်ကစားခွင့်မရခဲ့ဘဲ၊ တင်မ်ရှားဝုဒ် လက်ထက်တွင် ပြန်လည်ပါဝင်လာခဲ့ပြီး လေးပွဲတွင် ၃ ဂိုးသွင်းယူထားနိုင်သည်အထိ ခြေစွမ်းပြနေသည်။
    ……………………….
    ကံကြမ္မာကြောင့်သာ ကာဒစ်ဖ်အား အနိုင်ရခဲ့ကြောင်း ၀င်းဂါးဝန်ခံ
    – ကာဒစ်ဖ်အသင်းအား အနိုင်ရရှိခဲ့ခြင်းမှာ ကံကြမ္မာကြောင့်ဖြစ်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ၀န်ခံ ပြောကြားခဲ့သည်။ ယမန်နေ့က ကစားခဲ့သည့်ပွဲတွင် အာဆင်နယ်အသင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကာဒစ်အသင်းအား ဖိကစားနိုင်ခဲ့သော်လည်း အနိုင်ဂိုးကို ၈၉ မိနစ်နှင့် ဒုတိယပိုင်း နာကျင်အချိန်ပိုတို့တွင်မှ ရရှိခဲ့ခြင်းဖြစ်သည်။
    ……………………….
    ဟားလ်စီးတီအသင်းအား အနိုင်ရခဲ့ခြင်းမှာ အသင်း၏ အကောင်းဆုံး နိုင်ပွဲဟု ရော်ဂျာဆို
    – ယမန်နေ့က ဟားလ်စီးတီးအသင်းအား အနိုင်ရခဲ့သည့်ပွဲမှာ ယခုနှစ်ရာသီ အသင်း၏ အကောင်းဆုံး နိုင်ပွဲဖြစ်သည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန် ရော်ဂျာက ပြောဆိုလိုက်သည်။ ထိုပွဲတွင် လီဗာပူးလ်အသင်းမှာ ၂-ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး၊ အနိုင်ဂိုးသွင်းခဲ့သည့် ဆွာရက်ဇ်ကိုလည်း ရော်ဂျာက ချီးကျူးခဲ့သည်။ လီဗာပူးလ်အသင်းမှာ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီးနောက် ယခုပွဲတွင်မှ ပြန်လည်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    ……………………….
    မာတာအသင်းမှ ထွက်ခွာလိုပါက တံခါးဖွင့်ပေးထားသည်ဟု မော်ရင်ဟိုဆို
    – အသင်းရှိ အလယ်တန်းကစား ဂျူအန်မာတာအနေဖြင့် အသင်းမှ ထွက်ခွာလိုပါက မိမိအနေဖြင့် တံခါးဖွင့်ပေးထားကြောင်း ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။ မာတာမှာ ယမန်နှစ်က ခြေစွမ်းကောင်းများ ပြသခဲ့ပြီး ပရိတ်သတ်များရွေးချယ်သည့် ချယ်ဆီးအသင်း၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအား ရရှိခဲ့သော်လည်း မော်ရင်ဟိုလက်ထက်တွင် အသင်း၌ ပုံမှန်နေရာမရရှိပဲ ဖြစ်နေသူဖြစ်သည်။
    ……………………….
    စပါးကို အိမ်ကွင်းမှာ ရှုံးတဲ့မန်ယူမှ လွဲ၍ အသင်းကြီးများ အားလုံး အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၂၀
    ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ ၏ ပွဲစဉ်များကို ယမန်နေ့က ၁၀ ပွဲစလုံးကစားခဲ့ရာ ဇယားထိပ်ပိုင်းမှ အသင်းကြီးများ အားလုံးအနိုင်ရခဲ့ကြသည်။ ထိပ်ဆုံးမှ အာဆင်နယ်အသင်းမှာ ကာဒစ်ဖ်အသင်းအား ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားနိုင်ခဲ့သော်လည်း အနိုင်ဂိုး ၂ ဂိုးအား ဒုတိယပိုင်း ပြီးကာနီး ၅ မိနစ်အလိုမှသာရရှိခဲ့သည်။ ပယ်လီဂရီနီ၏ မန်စီးတီအသင်းမှာ အဝေးကွင်းတွင် အနိုင်ကစားခဲ့ပြီး ၉ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကိုရရှိခဲ့သည်။ ပြီးခဲ့သည့် တစ်ပါတ်က လီဗာပူးလ်အား အနိုင်ကစားနိုင်ခဲ့သည့် ချယ်ဆီမှာ ဆောက်သက်တမ်ကို အဝေးကွင်းတွင် ၃ ဂိုးပြတ်ဖြင်နိုင်ခဲ့ပြီး ဝေဖန်ခံနေရသည့် တိုက်စစ်မှူး တောရက်စ်က တစ်ဂိုးသွင်းယူပေးခဲ့သည်။
    လီဗာပူးလ်မှာလည်း အိမ်ကွင်းတွင် ဟားလ်စီးတီးအား အနိုင်ကစားကာ သုံးမှတ်အရယူနိုင်ခဲ့ပြီး၊ ၀က်စ်ဘရွန်းအသင်းက နယူးကာဆယ်အသင်းကို လည်းကောင်း၊ အက်စတွန်ဗီလာအသင်းက ဆန်းဒါးလန်းအား အဝေးကွင်းတွင် လည်းကောင်း၊ ဖူလ်ဟမ်အသင်းက ၀က်စ်ဟမ်းအသင်းအား လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။ အဲဗာတန်အသင်းမှာ ဒဏ်ရာမှ ပြန်လည် သက်သာလာသည့် နောက်ခံလူ လေတန်ဘိန်း၏ ဒုတိယပိုင်း နာကျင်အချိန်ပို ပင်နယ်တီဖြင့် စတုတ်စီးတီးအသင်းအား ၁ ဂိုး စီသရေကျခဲ့ပြီး၊ ခရစ္စတယ်ပဲလေ့စ်နှင့် နော်ဝစ်ခ်ျအသင်းတို့မှာလည်း ၁ ဂိုးစီ သရေဖြင့် ပွဲပြီးခဲ့သည်။ ယခုတစ်ပါတ် Match of the Week ပွဲစဉ်ဖြစ်သည့် မန်ယူနှင့် စပါးအသင်းတို့ ပွဲစဉ်တွင် နည်းပြသစ်နှင့် စပါးအသင်းက အဒီဘာယော၊ ခရစ္စရှန် အဲရစ်က်ဆန်တို့၏ ဂိုးများဖြင့် အိုးထရက်ဖို့ဒ်တွင် မန်ယူအသင်းအား အနိုင်ကစားနိုင်ခဲ့သည်။ ပွဲစဉ် ၂၀ ပြီးဆုံးချိန်တွင် ဇယားထိပ်ဆုံး၌ အာဆင်နယ်၊ မန်စီးတီး၊ ချယ်ဆီး၊ လီဗာပူးလ်တို့က အစဉ်လိုက်ရှိနေကြပြီး၊ မန်ယူအသင်းမှာ ယခင်တစ်ပါတ် အဆင့် ၆ မှ အဆင့် ၇ သို့ ကျဆင်းခဲ့ကာ တန်းဆင်းဇုန်တွင် ခရစ္စတယ်ပဲလေ့စ်၊ ၀က်စ်ဟမ်းနှင့်၊ ဆန်းဒါးလန်းတို့ ရှိနေကြသည်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ရလဒ်များ
    ဆွးမ်ဆီး ၂-၃ မန်စီးတီး
    အာဆင်နယ် ၂-၀ ကာဒစ်ဖ်
    ခရစ္စတယ်ပဲလေ့စ် ၁-၁ နော်ဝစ်ခ်ျ
    ဖူလ်ဟမ် ၂-၁ ၀က်စ်ဟမ်း
    လီဗာပူးလ် ၂-၀ ဟားလ်စီးတီး
    ဆောက်သက်တမ် ၀-၃ ချယ်ဆီး
    စတုတ်စီးတီး ၁-၁ အဲဗာတန်
    ဆန်းဒါးလန်း ၀-၁ အက်စတွန်ဗီလာ
    မန်ယူ ၁-၂ စပါး