News @ M-Media

Author: YinYin

  • ဇန်န၀ါရီ ၇၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၇၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၇၊ ၂၀၁၄
    M-Media

    ကရင်ပြည်နယ် လူမှုအဖွဲ့အစည်းများ ခွဲခြားဆက်ဆံခံရ

    – ကရင်ပြည်နယ်အတွင်းတွင် လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး၊ မြေယာကိစ္စများနှင့် ပတ်သက်၍ ဒေသဖွံ့ဖြိုးရေး သင်တန်းများပြုလုပ်ပါက အစိုးရအား ဆန့်ကျင်မည်ဆိုသည့် အမြင်မျိုးဖြင့် ဆက်ဆံခံရမှုများရှိနေကြောင်း (KDN) အဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ ဧရာဝတီသို့ ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

    ဖယ်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ထူထောင်ဖွဲ့စည်း

    – နိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ ယနေ့မှာ NDF ရုံးခန်းမှာ တွေ့ဆုံပြီး နိုင်ငံရေးနှင့် တိုင်းရင်းသားပါတီ စုစုပေါင်း ၁၁-ပါတီ ပူးပေါင်းပြီး ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ FDA ကို လက်မှတ်ထိုး ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
    ________________________

    မြန်မာ-အိန္ဒိယ နယ်နိမိတ် အငြင်းပွားမှုများ ဆက်လက်ဆွေးနွေးမည်

    မြန်မာ၊ အိန္ဒိယ နှစ်နိုင်ငံအကြား နယ်နိမိတ်အငြင်းပွားနေတဲ့ တမူးမြို့နယ် နှစ်နိုင်ငံနယ်စပ် နယ်ခြားကျောက်တိုင်အမှတ် 76၊ 77၊ 78 နဲ့ 79 နေရာတွေမှာ မနေ့ကစပြီး နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေက မြေတိုင်းတာမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပြီး ရရှိလာတဲ့ အခြေအနေပေါ်မူတည်ပြီး နယ်နိမိတ်တိတိကျကျ သတ်မှတ်ရေးအတွက် အိန္ဒိယအစိုးရနဲ့ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း RFA သတင်းမှာ ဖော်ပြထားသည်။
    ________________________

  • ဇန်န၀ါရီ ၇၊ နိုင်ငံတကာသတင်း စုစည်းမှု

    ဇန်န၀ါရီ ၇၊ ၂၀၁၄
    M-Media

    1499484_644263695616104_67541718_n

    ကန်ဂျုံအန်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် တောင်ကိုရီးယား ငြင်းပယ်ခဲ့မှု မြောက်ကိုရီးယား ရှုတ်ချ

    – ခေါင်းဆောင် ကင်ဂျုံအန်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်အား တောင်ကိုရီးယားမှ ငြင်းပယ်ခဲ့မှုကို မြောက်ကိုရီးယားနိုင်ငံမှ ရှုတ်ချလိုက်ပြီး တောင်ကိုရီးယား အနေဖြင့် မိမိတို့၏ ငြိမ်းချမ်းရေး ကြိုးပမ်မှုအား ပျက်ရယ်ပြုသည်ဟု ပြောဆိုခဲ့သည်။
    ကင်ဂျုံအန်၏ နှစ်သစ်ကူး မိန့်ခွန်းတွင် ဦးလေးဖြစ်သူအား သုတ်သင်နိုင်ခဲ့ခြင်းကို တိုင်းပြည်၏ အမှိုက်သရိုက် အား ဖယ်ရှားခြင်းဟု တင်စားခဲ့ပြီး၊ အမေရိကန်နှင့် ကိုရီယားနိုင်ငံတို့ကိုလည်း ကိုရီးယားကျွန်းဆွယ်တွင် စစ်ပွဲဖြစ်အောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့သည်။ သို့သော်လည်း တောင်နှင့် မြောက်နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသည့် တင်းမာမှုများအား လျှော့ချရန် ကောင်းမွန်သော အနေအထားဖြစ်သည်ဟု ပြောဆိုခဲ့ပြီး ငြိမ်းချမ်းရေး ဆောင်ရွက်ရန်အတွက် ကမ်းလှမ်းခဲ့သည်။

    Ref : English Alarabiya
    ……………………

    နှစ် ၂၀ အတွင်း အဆိုးဝါးဆုံး အအေးလှိုင်းဖြတ်သန်းမှု အမေရိကန် တွေ့ကြုံနေ

    – အတိတ်ဒေသမှ ဖြစ်ပေါ်လာသော အအေးလှိုင်းကြောင့် အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်တစ်ချို့တွင် ဆီးနှင်းများ ကျဆင်းခြင်း၊ အေးစိမ့်သောလေများ တိုက်ခတ်ခြင်းတို့ဖြစ်ပေါ် လျက်ရှိပြီး ကျောင်းများ ပိတ်ထားရကာ၊ လေယာဉ်ခရီးစဉ်များကိုလည်း ဖျက်သိမ်းခဲ့ရသည်ဟု သိရသည်။

    ထိုကဲ့သို့ ဖြစ်ပွားခြင်းမှာ နှစ် ၂၀ အတွင်း ပထမဆုံးဖြစ်ပြီး Comertown၊ Montana၊ North Dakota၊ South Dakota နှင့် Minnesota ပြည်နယ်များတွင် အပူချိန်မှာ အနှုတ် ၅၃ ဒီဂရီ ဆဲလ်စီယက်စ်အထိရှိနေပြီး တောင်ဝင်ရိုးစွန်း၏ စံချိန်တင် အပူချိန် အနှုတ် ၃၄ ဒီဂရီ ဆဲလ်စီယက်စ်ထက် ပိုမို လျော့ကျနေခဲ့သည်။

    ထို့ကြောင့် လူသေဆုံးမှုများရှိနေပြီး ယမန်နေ့ကအထိ အနည်းဆုံး ၁၂ ဦးခန့် သေဆုံးခဲ့ကာ အများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြသည်။ ထို့ပြင် ယမန်နေ့ကအထိ လေယာဉ်ခရီးစဉ်ပေါင်း ၄၃၀၀ကို ဖျက်သိမ်းခဲ့ရပြီး ၆၅၀၀ အား ခရီးစဉ်ရွှေ့ဆိုင်းခဲ့ရသည်။ အချို့ပြည်နယ်များတွင် ပြည်သူများအား အိမ်ပြင်သို့ မထွက်ကြရန် ပြည်နယ်စိုးရက သတိပေးထားခြင်းများလည်းရှိနေသည်။

    Ref : ChannelNewsAsia

    ……………………..

    တူရကီ-ဂျပန် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် တူရကီဝန်ကြီးချုပ် တိုက်တွန်း

    – တူရကီနိုင်ငံအတွင်း ဂျပန်နိုင်ငံမှ ရင်းနှီးမြှပ်နှံမှုများ ပိုမိုပြုလုပ်ရန်နှင့် နှစ်နိုင်ငံ ကုန်သွယ်မှုအား ချဲ့ထွင်ရန်အတွက် ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် တူရကီ ၀န်ကြီးချုပ် Ricep Yayyip Erdogan က တိုကျိုမြို့တွင် ယနေ့ပြောကြားခဲ့သည့် မိန့်ခွန်း၌ တိုက်တွန်းခဲ့သည်။

    Erdogan မှာ နှစ်နိုင်ငံပူးပေါင်းကာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရရှိရန် ရည်ရွယ်၍ ဂျပန်နိုင်ငံသို့ ၃ ရက်ကြာခရီးစဉ်အဖြစ် တနင်္လာနေ့က ရောက်ရှိလာခဲ့ပြီး အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးအား ယခုလက်ရှိ ကန်ဒေါ်လာ ၄ ဘီလီယံမှ ၂၀၂၃ ခုနှစ်တွင် ၁၀ ဘီလီယံအထိ ထိုးချဲ့သွားရန် မျှော်လင့်နေသည်။
    Ref: ဆင်ဟွာ
    ……………………..
    ဇန်န၀ါရီ ၁၃ ဆန္ဒပြပွဲအား မပါဝင်ရန် ထိုင်းပြည်သူများကို တရားရေးဝန်ကြီး သတိပေး

    – ဘန်ကောက်မြို့ရှိ အစိုးရယန္တယားများအားလုံး ပိတ်သိမ်းသွားရန်အတွက် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ဆန္ဒပြရန် ရည်ရွယ်ထားသည့် အတိုက်ခံများ၏ အစီအစဉ်တွင် ပါဝင်ခြင်းမပြုရန် ထိုင်းအိမ်စောင့်အစိုးရ တရားရေးဝန်ကြီး Chaikasem Nitisiri က ယမန်နေ့တွင် ထိုင်းပြည်သူများအား သတိပေးပြောကြားခဲ့သည်။

    ရုပ်သံမှတစ်ဆင့် တိုင်းပြည်သို့ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ထိုဆန္ဒပြပွဲမှာ တရားမ၀င်ဖြစ်ပြီး အန္တရာယ်ရှိကြောင်း၊ ထိုဆန္ဒပြပွဲတွင် ပါဝင်သူများမှာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး တိုင်းပြည်အား မတည်မငြိမ်ဖြစ်စေလိမ့်မည်ဟု Chaikasem က ထည့်သွင်းပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံတွင် နိုင်ငံရေးမတည်မငြိမ်ဖြစ်နေမှုမှာ ၃ လနီးပါးသို့ ရောက်ရှိလာပြီးဖြစ်ပြီး၊ ယခင်အစိုးရအား ဖျက်သိမ်းကာ အိမ်စောင့်အစိုးရဖွဲ့စည်းပြီး ရွေးကောက်ပွဲကို လာမည့်လတွင် ပြုလုပ်မည်ဟု ကြေညာထားသော်လည်း အတိုက်အခံများက ကျေနပ်မှုမရှိဘဲ ဆန္ဒပြမှုများကို ဆက်လက်ပြုလုပ်လျက်ရှိသည်။
    Ref: ဆင်ဟွာ


    …………………………….
    နျူးကီယားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ဆွေးနွေး

    – နိုင်ငံအလယ်ပိုင်းရှိ ဒေဂျီအွန်မြို့တွင် အရပ်ဖက်သုံး နျူးကလီးယား စီမံကိန်းကို ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပွဲတစ်ရပ်ကို အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ယနေ့တွင် ပြန်လည်စတင်ခဲ့သည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

    ၂၀၁၀ သြဂုတ်လမှ စတင်ခဲ့သည့် ထိုဆွေးနွေးပွဲအား ယခုအခါ ၉ ကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ပြီး နျူးကလီးယား စွမ်းအင်နှင့်ပက်သက်၍ ပြင်ဆင်ချက်ကိစ္စ သဘောတူညီချက်ရရှိခဲ့သည်။ ထိုပြင်ဆင်ချက်က နျူးကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရန် အဓိက အစိတ်အပိုင်းများအား ကိုရီးယားမှ တင်ပို့ရေးအတွက် အမေရိကန်အတွင်း လိုအပ်သော လပ်ငန်းပိုင်းဆိုင်ရာများကို တိုးတက်စေမည်ဖြစ်ပြီး၊ သုံးစွဲပြီးလောင်စာများ ပြန်လည် အသုံးပြုရေး နည်းပညာများအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကိုလည်း အားပေးကူညီနိုင်မည်ဖြစ်ကာ အသေးစိတ်အချက်အလက်များကို ဆက်လက်ဆွေးနွေးရန် လိုအပ်နေသည်ဟု သိရသည်။
    Ref: ဆင်ဟွာ

  • တိုင်းရင်းမွတ်စလင် ကလောင်ရှင်အသင်း (မြန်မာနိုင်ငံ)ဖွဲ့စည်းရေး ညီလာခံကျင်းပမည်

    တိုင်းရင်းမွတ်စလင် ကလောင်ရှင်အသင်း (မြန်မာနိုင်ငံ)ဖွဲ့စည်းရေး ညီလာခံကျင်းပမည်

    ဇန်န၀ါရီ ၇၊ ၂၀၁၄
    M-Media
    အမ်တူးအေ

    ရန်ကုန် ။          ။     တိုင်းရင်းမွတ်စလင် ကလောင်ရှင်များအသင်း (မြန်မာနိုင်ငံ) ဖြစ်မြောက်ရေး ကော်မတီ တစ်ရပ်ကို ပြီးခဲ့သည့် ၂၀၁၃-ခုနှစ် ဒီဇင်ဘာ ၂၃-ရက်က ဖွဲ့စည်းခဲ့ပြီးနောက် ကလောင်ရှင်အသင်း(မြန်မာနိုင်ငံ)ဖွဲ့စည်းရန်အတွက် ညီလာခံတစ်ရပ် ပြုလုပ်သွားရန် ဒုတိယအကြိမ် အစည်းအဝေး ကို ယနေ့ ဇန်န၀ါရီလ ၇-ရက်နေ့ မနက် ၁၀း၀၀နာရီက ရန်ကုန်မြို့တွင် ဆွေးနွေးခဲ့ကြပါတယ်။

    ပထမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်အရ ညီလာခံကျင်းပရန် သဘောတူဆုံးဖြတ်ခဲ့ကြသည့်အတွက် လာမည့် ဖေဖော်ဝါရီလ ၁၂-ရက် (ပြည်ထောင်စုနေ့) တွင် ညီလာခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။

    ၎င်းညီလာခံမှနေ၍ တိုင်းရင်းမွတ်စလင် ကလောင်ရှင်အသင်း(မြန်မာနိုင်ငံ)ကို ဖွဲ့စည်းမည်ဖြစ်ပြီး အဆိုပါ ကလောင်ရှင်အသင်းမှပင် ရွေးချယ် တင်မြှောက်ပုံအဆင့်ဆင့်၊ စည်းမျဉ်း၊ မူကြမ်းများ ပြုလုပ်ရန်အတွက် မူကြမ်းအဆင့် ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြကြောင်းလည်း သိရသည်။

    အစည်းအဝေးဆုံးဖြတ်ချက်အရ စာပေရေးသားနေကြသော မွတ်စလင်မ် ကလောင်ရှင်များအပါအ၀င် စာပေကိုစိတ်ပါဝင်စားစွာ စာပေအရေးကိစ္စ ပါဝင်ဆောင်ရွက်နေသူ ၁၀၀-ကျော်ကိုလည်း ကလောင်ရှင်အသင်း အဖွဲ့ဝင်များအဖြစ် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

    ဓါတ်ပုံအညွှန်း – ပါမောက္ခဒေါက်တာအောင်ဇော်၏ တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ စာအုပ်မှ စာအုပ်မျက်နှာဖုံး ဖြစ်ပါသည်။

  • သတင်းလွတ်လပ်စွာ ရယူခွင့်အတွက် မီဒီယာသမားများဆန္ဒထုတ်ဖော်

    သတင်းလွတ်လပ်စွာ ရယူခွင့်အတွက် မီဒီယာသမားများဆန္ဒထုတ်ဖော်

    ဇန်န၀ါရီ ၇၊ ၂၀၁၄
    M-Media
    သီရိ

    DSC03127

    ရန်ကုန်   ။       ။      Eleven Media မှ သတင်းထောက် မခိုင်သည် ရာဇသတ်ကြီးပုဒ်မ ၄၅၁ (ပထမပိုင်း)၊ ပုဒ်မ-၂၉၄ နှင့် ပုဒ်မ ၅၀၀ တို့ကိုကျူးလွန်သည် ဟု ဆိုကာ လွိုင်ကော်တရားရုံးမှ ထောင်ဒဏ် (၃) လ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း နှင့် သတင်းမီဒီယာသမားများလွတ်လပ်စွာ သတင်းရယူခွင့်ရှိရေးတို့ကို မြန်မာဂျာနယ်လစ်ကွန်ယက် မှ ဦးဆောင်၍ သတင်းမီဒီယာသမားများစုပေါင်းကာ ဇန်န၀ါ၇ီလ ၇-ရက်နေ့ နံနက် ၉-နာရီ တွင် ချီတက်ဆန္ဒပြထုတ်ဖော်ခဲ့ကြပါသည်။

    သတင်းမီဒီယာသမားများမှ “သတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရမှု အလိုမရှိ” “သတင်းလွတ်လပ်စွာ ရယူပိုင်ခွင့်သည် ဒီမိုကရေစီရဲ့ အသက် ဖြစ်သည်” “မှန်ကန်တဲ့ တရားစီရင်ရေး ချက်ချင်းလုပ်ဆောင်ပေး” စသော ကြွေးကြော်သံများဖြင့် ဆူးလေဘုရားမှ Eleven Media ရုံးခန်းထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။

    “သတင်းအမှန်ရရှိရေးဟာ ပြည်သူတွေရဲ့ ဆန္ဒဖြစ်ပါတယ်၊ အချို့သောဝန်ကြီးဌာနများဟာ ရုပ်သံလိုင်းနှင့် ပုံနှိပ်မီဒီယာသမားများကို ခွဲခြားဆက်ဆံ နေပါတယ် အဲဒါမျိုးမဖြစ်သင့်ပါဘူး၊ မီဒီယာကိုတရားစွဲတဲ့အခါမှာလဲ ဒဏ်ငွေလောက်ပဲချသင့်ပါတယ် အခုတော့မီဒီယာသမားတွေကို ဖိနှိပ်ချုပ်ချယ် နေပါတယ်၊ ပြည်သူတွေနဲ့မကိုက်ညီတဲ့ ဥပဒေကို အမြန်ဆုံးပယ်ဖျက်သင့်ပါတယ်” ဟု ဂျာနယ်လစ် ကွန်ယက်မှ ဦးမြင့်သိန်းမှ ပြောကြားခဲ့ပါသည်။

    ထို့နောက် Eleven Media မှ အယ်ဒီတာချုပ် ကိုဝေဖြိုးက ” ဒီနေ့ လုပ်တဲ့ပွဲဟာ ကျွန်တော်တို့ဂျာနယ်တိုက်က မခိုင်အတွက် ဆန္ဒဖော်ထုတ်တာထက် မြန်မာနိုင်ငံမှာ ရှိတဲ့မီဒီယာသမားတွေရဲ့ လွတ်လပ်စွာသတင်းရယူနိုင်ရန် ဆန္ဒဖော်ထုတ်တဲ့ပွဲလဲဖြစ်ပါတယ် ” ဟု ပြောကြားခဲ့ပါသည်။

    ဆက်လက်ပြီး လွတ်တော်အမတ် ဦးခိုင်မောင်ရီက “လွတ်လပ်စွာသတင်းရယူခွင့်နဲ့ ပတ်သက်ပြီး လွတ်တော်မှာ လွတ်လပ်စွာရယူခွင့်ကို ရေးထား ပါတယ်၊ အစိုးရအဖွဲ့အသီးသီးမှာ မီဒီယာတွေလွတ်လပ်စွာရယူခွင့်ရှိပါတယ်” ဟု ပြောကြားခဲ့ပါသည်။

    “လွတ်လပ်စွာသတင်းရယူခွင့်ရှိတဲ့ သတင်းမီဒီယာသမားကို ထောင်ချထားတဲ့ကိစ္စကို ကျွန်တော်တို့MDCF အဖွဲ့မှ ရှုတ်ချပါတယ်၊ ချက်ချင်းလွတ်ပေးပါလို့လဲ ပြောချင်ပါတယ်”ဟု ကိုထင်ကျော်မှ ပြောခဲ့ပါသည်။

    ထိုနောက် Eleven Media မှ CEO က သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ပြောကြားခဲ့ပါသည်။ ဆန္ဒပြပွဲသို့ ၈၈ မျိုးဆက်သစ်ကျောင်းသား ကိုမင်းကိုနိုင်၊ လွတ်တော်အမတ် ဦးခိုင်မောင်ရီ၊ ကိုနေမျိုးဇင်၊ MDCF အဖွဲ့သားများ၊ NLD ပါတီဝင်များ၊ နိုင်/ကျဉ်းအဖွဲ့ဝင်များ မှ လာရောက် အားပေးခဲ့ကြပါသည်။

    ဆန္ဒပြပွဲကို မီဒီယာသမား ၁၀၀ ၀န်းကျင်ခန့် ပါဝင်ခဲ့ပြီး နေ့လည် ၁၂-နာရီတွင် Eleven Media ရုံးခန်းရှေ့၌ ကြွေးကြော်သံများ ဟစ်ကြွေးကာ ရုတ်သိမ်းခဲ့ကြပါသည်။

     

  • ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပြုလုပ်ခဲ့သော ပညာရေးဆွေးနွေးပွဲ

    ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပြုလုပ်ခဲ့သော ပညာရေးဆွေးနွေးပွဲ

    ဇန်န၀ါရီ ၇၊ ၂၀၁၄
    M-Media

    Ygn Uni
    ဓါတ်ပုံအညွှန်း – ကိုစည်သူမောင်၏ Facebook စာမျက်နှာမှ ဓါတ်ပုံဖြစ်ပါသည်။

    ရန်ကုန်    ။        ။ ပညာရေးပြုပြင်ပြောင်းလဲရေးကော်မတီ၏ ပညာရေးဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ဇန်န၀ါရီလ ၆-ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။

    အဆိုပါဆွေးနွေးပွဲတွင် ပညာရေးပြုပြင်ပြောင်းလဲရေးကော်မတီ၏ ၂၀၁၃-ခု ဒီဇင်ဘာ ၃၁-ရက်နေ့ ဆွေးနွေးပွဲ နောက်ဆက်တွဲ အဖြစ် ယခု ၂၀၁၄ ဇန်န၀ါရီ ၆-ရက် နေ့တွင် ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တ.က.သ)များ၊ တက္ကသိုလ်ဆရာဆရာမ အသင်းများမှ ကိုယ်စားလှယ်များ အပါအ၀င် ပြည်ထောင်စု ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ပညာရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

    နိုင်ငံလုံးဆိုင်ရာပညာရေး မြင့်တင်မှုကွန်ရက်(NNER)၏ ၂၀၁၄ ဇန်န၀ါရီ ၅-ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော ကြေငြာချက်အား ကျောင်းသား သမဂ္ဂများနှင့် ဆရာ/မ အသင်းများမှ ကိုယ်စားလှယ်များမှ ဖြန့်ဝေခဲ့ပြီး NNER မှလွတ်တော်သို့တင်ရန် ထုတ်ပြန်ထားပြီးဖြစ်သော အမျိုးသား ပညာရေးဥပဒေ (မူကြမ်း) အပေါ်တွင်သာ မူအားဖြင့် အခိုင်အမာ ရပ်တည်ထားပါကြောင်း တကသမှ ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံ၏ပညာရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် All inclusive process ဖြစ်စေလိုကြောင်းနှင့် ယခုကဲ့သို့ ပညာရေးဝန်ကြီးဌာန နှင့် အဆင့်မြင့်ပညာဦးစီးဌာနမှ ပွင့်လင်းမြင်သာမှုမရှိသည့် ဥပဒေကြမ်းများအပေါ် လုံးဝအခြေခံပြီးဆွေးနွေးသွားမှာ မဟုတ်သည့်အပြင် ယခုကဲ့သို့ မျက်နှာစုံညီအစည်းဝေးအား ကျယ်ပြန့်စွာ ပါဝင်သင့်သူများ ပါဝင်ရမည့်သူများ ပါဝင်နိုင်သည့် အခင်းအကျင်းသို့ ပြင်ဆင်ရန် ဦးစွာ အကြံပြု ဆွေးနွေးခဲ့ပါသည်။ ထိုသို့ တ.က.သ နှင့် UTA မှ ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးအပြီးတွင် အစိုးရ (ပညာရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့်) လက်တွေ့ကျသောပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကော်မတီသည် ၎င်းတို့ရေးဆွဲထားသည့် မူများ ဥပဒေကြမ်းများအပေါ် အခြေခံသည့် ဆွေးနွေးပွဲ ပုံစံလုံးဝ မပြုလုပ်ပဲ ဆက်လက်ဆွေးနွေးပွဲများ ကျင်းပနိုင်ရန်အတွက် ပါဝင်သင့်သူများအား ဆက်လက်ဖိတ်ကြားသွားမည်ဖြစ်ကြောင်း နှင့် တက္ကသိုလ်များဗဟိုကောင်စီ မူကြမ်းအား ကန့်ကွက်ကြသည့် ကျောင်းသားကိုယ်စားလှယ်များ ဆရာ အသင်းများ၏ လိုလားချက် အကြံပြုချက်များကို မေးမြန်းပြီး မည်သူများနှင့် တက္ကသိုလ်များ စုဖွဲမှုပုံစံအား ရှိသည့်သည် မည်သူများ ပါဝင်သင့်သည်များကို ဆွေးနွေးညှိနှိုင်းကာ တက္ကသိုလ်များ ဗဟို ကောင်စီ အစား (အဆင့်မြင့်ပညာပေါင်းစပ်ညှိုနှိုင်းရေးကောင်စီ) Higher Education Coordination Council (HECC) အမည်ဖြင့် တက္ကသိုလ်များ အား စုဖွဲ့ပါမည်ဟု ယာယီအားဖြင့် သဘောတူညီခဲ့ကြသည်။

    ထို့အပြင် ဆရာများအသင်းနှင့် တ.က.သ မှဆွေးနွေးသော အမျိုးသားပညာရေး ဥပဒေ ထိုဥပဒေ၏ အောက်တွင် အဆင့်မြင့်ပညာရေးဥပဒေ တက္ကသိုလ်ပညာရေးဥပဒေ အစရှိသဖြင့် လိုအပ်သည့် ဥပဒေများ ကိစ္စဆွေးနွေးပြီးမှသာ HECC ပုံစံစုဖွဲမှုကို သက်ဆိုင်ရာတက္ကသိုလ်အလိုက် လွတ်လပ်သော တက္ကသိုလ်ကောင်စီ/တက္ကသိုလ်ဆီးနိတ် ဖွဲစည်းပုံရှိမှသာ ဆက်လက်အကောင်ထည် ဖော်သွားမည် ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဆက်လက် ဆွေးနွေးသွားနိုင်ရန် ပါဝင်သင့်သူများအား ယခုတက်ရောက်လာသူများမှ အဆိုပြုစေလိုကြောင်း မေတ္တာရပ်ခံခဲ့ကြပြီး ညနေ ၅-နာရီတိတိတွင် အစည်းအဝေး ပြီးဆုံးခဲ့ကြောင်း သိရသည်။

    ကိုးကား – စည်သူမောင်(တ.က.သ) ရန်ကုန်စီးပွားရေးတက္ကသိုလ်