News @ M-Media

Author: YinYin

  • စင်ကာပူ-မြန်မာသို့ အွန်လိုင်း ငွေလွှဲ ဝန်ဆောင်မှု ဧရာဝတီဘဏ် စတင်

    စင်ကာပူ-မြန်မာသို့ အွန်လိုင်း ငွေလွှဲ ဝန်ဆောင်မှု ဧရာဝတီဘဏ် စတင်

    နိုဝင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    ဆူးထက်

    PB290046

    ရန်ကုန် ။      ။        စင်္ကာပူ နိုင်ငံတွင် အခြေစိုက်သော DBS Bank နှင့် မြန်မာနိုင်ငံမှ ဧရာဝတီဘဏ် (AYE Bank) တို့ အကျိုးတူ ပူးပေါင်း၍ Internet မှတဆင့် ငွေလွှဲဝန်ဆောင်မှုကို ဧရာဝတီဘဏ်တွင် စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

    စင်္ကာပူ နိုင်ငံမှ DBS Bank နှင့် မြန်မာနိုင်ငံမှ ဧရာဝတီဘဏ် AYE Bank တို့ အကျိုးတူ ပူးပေါင်း၍ Internet ငွေလွှဲဝန်ဆောင်မှု လုပ်ငန်း အကျိုးတူ ပူးပေါင်း လက်မှတ်ရေးထိုးပွဲကို နိုဝင်ဘာ ၂၉ရက်နေ့ ၊ နေ့လည် ၂နာရီက Sedona Hotel ၌ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ဧရာဝတီဘဏ် မန်နေဂျင်း ဒါရိုက်တာ ဦးဖြိုးအောင်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

    “စင်္ကာပူ နိုင်ငံမှာ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားများ အနေနဲ့ DBS Bank နှင့် AYE Bank မှတဆင့် မိမိတို့ နိုင်ငံရှိ မိသားစုများထံကို လုံခြုံစိတ်ချစွာ ငွေလွှဲ ပို့နိုင်မှာ ဖြစ်တယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

    ငွေလွှဲလိုသူသည် DBS Bank ၏ မိမိငွေစရင်းမှ တစ်ဆင့် AYE Bank ၏ မိမိငွေစာရင်းသို့ လည်းကောင်း၊ AYE Bank မှ မိမိ မိသားစု ငွေစာရင်းသို့ လည်းကောင်း၊ Internet ငွေလွှဲဝန်ဆောင်မှု ဖြင့် လွယ်ကူ လျှင်မြန်စွာ ငွေလွှဲနိုင်မည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ငွေလွှဲသူသည် ( DBS/ POSB Bank ) တွင် ငွေစာရင်း ရှိရန် လိုအပ်ပြီး ငွေလက်ခံသူသည်လည်း AYE Bank တွင် ငွေစာရင်း ရှိရမည် ဖြစ်ကြောင်း စင်္ကာပူ နိုင်ငံတွင် အခြေစိုက် DBS Bank မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော Coline က ပြောကြားခဲ့သည်။

    အင်တာနက်မှ တစ်ဆင့် ငွေလွှဲ ၀န်ဆောင်မှု ဖြစ်သဖြင့် ဘဏ်သို့ သွားရောက်စရာ မလိုဘဲ အချိန်ကုန် သက်သာစွာဖြင့် မိမိတို့၏ Computer, Laptop, Smart, Phone များမှ 24/7 ငွေလွှဲနိုင်မည် ဖြစ်သည်။ စင်္ကာပူ နိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာလူမျိုးများ အနေဖြင့် ရရှိလာသော ငွေကြေးအား မြန်မာနိုင်ငံမှ မိမိငွေစာရင်းထဲသို့ ငွေလွှဲစုဆောင်းခြင်းဖြင့်လည်း ပိုမိုသော အတိုးနှန်းများ ရရှိခံစား နိုင်မည် ဖြစ်ကြောင်း သိရသည်။

    မြန်မာနိုင်ငံမှ ဘဏ်လုပ်ငန်းဆိုင်ရာ ဖွံဖြိုးတိုးတက်ရန် အရှိန်အဟုန် ပြင်းစွာဖြင့် ကြိုးပမ်းလျှက် ရှိသော ဘဏ်များထဲမှ တစ်ခုဖြစ်သည့် AYE Bank သည် အင်တာနက် မှတစ်ဆင့် ငွေလွှဲ ၀န်ဆောင်မူ အပြင် မကြာမီက Master Card ဖြင့် AYA ATM စက်များတွင် ငွေထုတ်ယူနိုင်သည့် ၀န်ဆောင်မူ ရရှိခဲ့ပြီး မကြာမီတွင်လည်း Visa Prepaid Card များပါ ရရှိတောမည် ဖြစ်ကြောင်း သိရသည်။

  • နိုဝင်ဘာ ၂၉၊ ပြည်တွင်းသတင်းတို စုစည်းမှု

    နိုဝင်ဘာ ၂၉၊ ပြည်တွင်းသတင်းတို စုစည်းမှု

    နိုဝင်ဘာ ၂၉၊ ၂၀၁၃
    M-Media

    20131129-2-2
    ဓါတ်ပုံ အညွှန်း – သမ္မတရုံး အင်တာနက် စာမျက်နှာမှ ဖော်ပြပါသည်။

    –  မကြာခင်ကျရောက်တော့မည့် ဆီးဂိမ်းစ်အတွက် EU (ဥရောပသမဂ္ဂ)မှ လေ့ကျင့်ပေးထားသည့် သင်တန်းဆင်း ရဲဝန်ထမ်း ၄၀၀ ကို လူစုလူဝေးနှင့် ပတ်သက်သည့် ထိန်းသိမ်းမှုများအတွက် စတင် ထည့်သွင်းအသုံးပြုရန် စီစဉ်ထားကြောင်း ရဲမှူးချုပ် သူရဘိုနီက ပြောကြားခဲ့ကြောင်း ဧရာဝတီသတင်းဌာနမှ သိရှိရပါတယ်။

    –  RFA ၏ ပထမဆုံး ပြည်တွင်း သတင်းထောက်တစ်ယောက်ဖြစ်သည့် ကိုမိုးသူအောင် (ခေါ်) ကိုဝေဖြိုးဟန် အသက် ၂၄-နှစ်သည် နိုဝင်ဘာ ၂၅-ရက်နေ့က ကွယ်လွန်သွားခဲ့ပြီး သူ၏ ရုပ်အလောင်းအား ရန်ကုန်မြို့ ရေဝေးသုဿာန်တွင် ယနေ့မှာ မီးသင်္ဂြုဟ်ခဲ့ကြောင်း RFA သတင်းတွင် စုစည်း တင်ပြထားပါသည်။

    –  လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲခံရမှု တစ်နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ယနေ့ နေ့လည်ပိုင်းက စုရုံးခဲ့ကြပြီး တရုတ်သံရုံးထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြသော်လည်း တရုတ်သံရုံးထိ လမ်းလျှောက်ခွင့် မရရှိခဲ့ကြောင်း သိရပါတယ်။

    –  နိုင်ငံတကာ အလုပ်သမား ညီလာခံ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံမှ လှုပ်ရှားတက်ကြွသူ အမျိုးသမီး ၃-ဦးသည် သြစတေးလျနိုင်ငံသို့ ယနေ့မှာ ထွက်ခွာသွားကြောင်း ကမာရွတ် ရုပ်သံသတင်းတွင် ဖော်ပြထားပါတယ်။

    –  မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်အား ထိုင်းနိုင်ငံ Mae Luang တက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorable Doctoral Degree in Public Administration ) နှင့် Naresuan တက္ကသိုလ်မှ ပြည်သူ့ရေးရာ နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate in Political Science) ချီးမြှင့်သည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နိုင်ငံတော် သမ္မတအိမ်တော်တွင် ကျင်းပခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာ၌ ဖော်ပြထားပါတယ်။

  • အိုအိုင်စီ ဆန္ဒပြပွဲမှ အစ္စလာမ်စော်ကားမှု မလေးမွတ်စလင်များ ရှုံ့ချဆန္ဒပြ

    အိုအိုင်စီ ဆန္ဒပြပွဲမှ အစ္စလာမ်စော်ကားမှု မလေးမွတ်စလင်များ ရှုံ့ချဆန္ဒပြ

    နိုဝင်ဘာ-၂၉ ၂၀၁၃
    M-Media
    ဓါတ်ပုံအညွှန်း - ကိုဂျန်ဂွတ် ဖေ့ဘွတ်မှ ကူးယူပါသည်။
    ဓါတ်ပုံအညွှန်း – ကိုဂျန်ဂွတ် ဖေ့ဘွတ်မှ ကူးယူပါသည်။

    မြန်မာအစိုးရ၏ ဖိတ်ကြားချက်ဖြင့် တရားဝင်လာရောက်ခဲ့သော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ေ၇းအဖွဲ့( အိုအိုင်စီ) အား ကန့်ကွက် ဆန္ဒပြသူ အချို့မှ ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ကာ စော်ကားရေးသားနှင့် ပတ်သက်ပြီး မလေးရှားနိင်ငံမှ မွတ်စလင်မ်များမှ ကန့်ကွက်သည့် ရှုတ်ချသည့် ဆန္ဒပြပွဲ ယနေ့ သောကြာနေ့ နိုဝင်ဘာ(၂၉)ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မွန်းလွဲ ၂ နာရီမှ စတင်ပြုလုပ်ခဲ့ကြပါသည်။

    ၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ရန်ကုန်မြို့ အပါအဝင်မြို့ကြီး များ ၌ ဗုဒ္ဓဘာသာရဟန်းများ ဦးစီးကာ ကျင်းပခဲ့ရာတွင် ကိုင်ဆောင် သည့် vinyl ပိုစတာများတွင် “သားဖောက်နှုန်းမြန် အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” အပါ အစ္စလာမ်သာသနာတခုကို စော်ကားသည့် အသုံးအနှုန်းအများကို ကြေညာဆန္ဒပြခဲ့ခြင်းကြောင့် မလေးရှားရှိ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း ကာ The Coalition Against Religious Extremism in Myanmar (CAREM) အမည်လုပ်ရှားမှု အနေဖြင့် ရှုံ့ချ ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

    ………………………………

    Coalition Against Religious Extremism in Myanmar မှ ယနေ့ ၂၉.၁၁.၂၀၁၃ တွင် မလေးရှားရှိ မြန်မာသံရုံး ထံပေးပို့သော Memorandum of Protest ၏ မြန်မာဘာသာပြန်။ 
    ဓါတ်ပုံအညွှန်း - မြန်မာသံရုံးသို့ ပေးပို့သည့်စာအား လက်ခံမည့်သူမရှိသဖြင့် မလေးလူမျိုးခေါင်းဆောင်ကြီး Cikgu Azmi မြန်မာသံရုံး စာပုံးထဲ Memorandum of Protest ပေးပို့နေပုံ
    ဓါတ်ပုံအညွှန်း – မြန်မာသံရုံးသို့ ပေးပို့သည့်စာအား လက်ခံမည့်သူမရှိသဖြင့် မလေးလူမျိုးခေါင်းဆောင်ကြီး Cikgu Azmi မြန်မာသံရုံး စာပုံးထဲ Memorandum of Protest ပေးပို့နေပုံ

    မြန်မာနိုင်ငံ ရှိ ဘာသာရေးအစွန်းရောက်မှုအား ဆန့်ကျင်သည့် မဟာမိတ်အဖွဲ့၏ကန့်ကွက် ဆန္ဒပြပွဲ ထုတ်ပြန်လွှာ

    မြန်မာနိုင်ငံရှိ ဘာသာရေးအစွန်းရောက်မှုအားဆန့်ကျင်သည့်မဟာမိတ်အဖွဲ့မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့ရှိပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သံရုံးသို့ ၂၀၁၃-ခုနှစ်၊ နိုဝင်ဘာလ၊ (၂၉) ရက်နေ့တွင် ဤ ထုတ်ပြန်လွှာ အား ပေးပို့သည်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိဗုဒ္ဓဘာသာရဟန်းများမှအစ္စလာမ် ဘာသာအားတိုက်ရိုက် ပေါ်ပေါ်ထင်ထင် စော်ကားခြင်းကို လည်းကောင်း၊ ယင်းသို့စော်ကားမှုနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အစိုးရ၏ ဆွံ့အ နှုတ်ပိတ်နေမှုကို လည်းကောင်း ကန့်ကွက် ဆန့်ကျင်ထုတ်ပြန်ခြင်း ဖြစ်သည်။

    ပကတိ ဖြစ်ရပ်

    အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ၏ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့လာရောက်လေ့လာ သည် ကို ဆန့်ကျင်သည့်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ မှ ဗုဒ္ဓဘာသာရဟန်းများသည် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် လမ်းပေါ် ထွက်ကာ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခြင်း ပြုခဲ့သည်။ ဆန္ဒ ထုတ်ဖော်သည့် ၎င်း ဗုဒ္ဓဘာသာ ရဟန်းများ ကိုင်ဆောင်သော ပိုစတာ တံခွန်များအနက် တစ်ခုတွင် “သားဖောက် နှုန်းမြန်အစ္စလာမ် တိရစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ဟူသော စာသားအားရေး သားထားသည်။ကမ္ဘာ့ဘာသာတရားကြီးတစ်ရပ်အား ဤသို့စော်ကားခြင်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ ရုပ်ဆိုးအကျည်းတန်သည့် ပြစ်မှုဖြစ်ကြောင်း တစ်ကမ္ဘာလုံး က အကွဲအလွဲမရှိ တစ်သဘောထဲရှိပါသည်။ သို့သော် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရသည် ယနေ့တိုင် ကမ္ဘာ့ရာဇဝတ်သားများအား မည်သို့မျှ အရေးယူခြင်းမပြုသည့်အပြင်၊ ၎င်းတစ်ကမ္ဘာလုံးဆိုင်ရာ ပြစ်မှု နှင့်ပတ်သက်၍ ဆွံ့အ နှုတ်ပိတ်နေလျှက် ရှိကြောင်းကျွန်ုပ်တို့၏ စောင့်ကြည့် လေ့လာ မှုအရသိရှိရပါသည်။ကျွန်ုပ်တို့ ပြင်းထန်စွာ ကန့်ကွက်သည်

    ကမ္ဘာ့ဘာသာတရားကြီး တစ်ရပ်ဖြစ်သည့် အစ္စလာမ်ဘာသာအားစော်ကားသော တစ်ကမ္ဘာလုံးဆိုင်ရာ ရုပ်ဆိုး အကျည်းတန် ပြစ်မှုအား။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ၏ ဆွံ့အ နှုတ်ပိတ်နေမှုအား။ ကျွန်ုပ်တို့ ပြန်ပြောင်းအမှတ်ရစေသည်ခွဲခြားဆက်ဆံခြင်း၊ ရန်လိုခြင်းနှင့်၊ အကြမ်းဖက်မှုတို့ ကို လှုံ့ဆော်သည့် လူမျိုးရေးမုန်းတီးမှု နှင့် ဘာသာရေး မုန်းတီးမှု ကို အားပေးသောကြိုးပမ်းမှုတိုင်းကို ကမ္ဘာ့နိုင်ငံများအနေဖြင့် ရှုတ်ချရန် နှင့် ပြစ်မှု အဖြစ်သတ်မှတ်ရန် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၏ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ဆုံးဖြတ်ချက်အား
    ကျွန်ုပ်တို့တောင်းဆိုသည်
    အစ္စလာမ်ဘာသာအား ပေါ်ပေါ်ထင်ထင်စော်ကားရာတွင် တာဝန်ရှိသည့်သူများအား အမြန်ဆုံးအရေးယူ ရန် နှင့် ရန်လိုမှု၊ အကြမ်းဖက်မှုတို့ကို စေ့ဆော်သည့် လှုံ့ဆော်မှုနှင့် ဘာသာရေးမုန်းတီးမှုတို့ကို ရှေ့တန်းတင် သော မည်သည့်အဖွဲ့အစည်းမျိုး ၏ မည်သည့် လုပ်ရပ်မျိုးကိုမဆို ပိတ်ပင်တားဆီးရန်နှင့် လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်ရန်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ အစိုးရအား၊အစ္စလာမ်ဘာသာ အားစော်ကားသည့် လုပ်ရပ်၊ အစ္စလာမ်ဘာသာအပေါ် ရိုင်းပြသည့် အသုံးအနှုန်းအား ပြန်လည်ရုပ်သိမ်းရန်နှင့်မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်များနှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ မွတ်စ်လင်မ်များအား တောင်းပန်သည့်ကြေညာချက်အား ကမ္ဘာသိထုတ်ပြန်ရန် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ
    ၏ ဗုဒ္ဓဘာသာကောင်စီ (သို့) အလားတူအဖွဲ့အစည်းအား၊မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဘာသာရေးတင်းမာမှုများနှင့် အုပ်စုဖွဲ့ တင်းမာမှုများအား ရှောင်ရှားနိုင်ရန်နှင့် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ဆုံးဖြတ်ချက်နှင့်အညီ၊ ဘာသာတရားအားလုံးအား လေးစားရန် အလို့ငှါ သင့်မြတ်သော မူဝါဒများချမှတ်ရေး အာမခံချက်ပေးရန် အတွက် ပြည်ထောင်
    စုသမ္မတ မြန်မာနိုင်ငံအစိုးရအား၊

    ကျွန်ုပ်တို့ပန်ကြားသည်

    ကမ္ဘာ့ဘာသာကြီးတစ်ရပ်အား စော်ကားမှု အပေါ် မိမိတို့၏ မနှစ်မြို့မှုကို ဖော်ပြရန် ကမ္ဘာ့ပြည်သူများအား။ မြန်မာနိုင်ငံတွင် ဘာသာရေး စော်ကားတိုက်ခိုက်မှု ကို တားဆီး ကာကွယ်ပေးရန် အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရအား သတိပေးရန် အာဆီယံ အဖွဲ့ကြီးအား ယင်းသို့သော ရုပ်ဆိုးအကျည်းတန်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ ပြစ်မှု ကိုကန့်ကွက်ရှုတ်ချရန် စစ်မှန်သော ကမ္ဘာ့ ဗုဒ္ဓဘာသာဝင်များအား အစ္စလာမ်ဘာသာ အပေါ်ထားရှိသည့် မုန်းတီးရေး သဘောထားများ မြန်မာနိုင်ငံတွင် ဆက်လက်တည်ရှိနေပါက မန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေး အား ပြန်လည်သုံးသပ်ရန် အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများအား

    ကျွန်ုပ်တို့ အာမခံသည်

    အနာဂတ်တွင်မည်သူမဆို၊မည်သည့်ဘာသာတရားကိုမဆို စော်ကားပါက ကျွန်ုပ်တို့ နှုတ်ဆိတ်နေမည်မဟုတ် ကြောင်း။မြန်မာနိုင်ငံတွင် ဘာသာရေး တိုက်ခိုက်သတ်ဖြတ်မှု နှင့် အစ္စလာမ်ဘာသာအား အကြမ်းဖက်မှုများအား ရပ်တန့်စေရန် ကျွန်ုပ်တို့သည် အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုတစ်ရပ်ကို သက်ဝင်လှုပ်ရှားစေမည် ဖြစ်ကြောင်း။ဗုဒ္ဓဘာသာဝင် လူဦးရေ အများစု ၏ ဘာသာရေးနှိပ်ကွပ်မှုများ ရပ်တန့်စေရန်နှင့် ဘာသာတရားအားလုံးအား လုံခြုံမှုရှိစေရန်မြန်မာနိုင်ငံအား ဖိအားပေးရန်အတွက် အလုံးစုံသော ဘာသာတရားတို့၏ ခေါင်းဆောင်များနှင့် ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း။ကျွန်ုပ်တို့အလိုရှိသည်

    ကမ္ဘာတွင်၊ အထူးသဖြင့်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိရန်နှင့် နှင့် အလုံးစုံသော ဘာသာ ရေးမုန်းတီးရန်လိုမှုများ ရပ်တန့်ရန်။ အစိုးရ မှ အားပေးထောက်ပံ့ထားသော မြန်မာနိုင်ငံရှိ ဘာသာရေးမုန်းတီးမှု အင်အားနှင့် ပတ်သက်၍ ကမ္ဘာမှ အာရုံစူးစိုက်လာရန်နှင့် အကယ်၍ မြန်မာ နိုင်ငံတွင် အခြေအနေ တစ်စုံတစ်ရာပြောင်းလဲခြင်းမရှိပါ က ကမ္ဘာ့ ကုလ သမဂ္ဂလုံခြုံရေးကောင်စီ၏ ကြားဝင် ဆောင်ရွက်မှု ဆုံးဖြတ်ချက်အတွက် တိုက်တွန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

    ပါဝင်သည့် အဖွဲ့အစည်းများ

    Malaysia Consultative Council of Islamic Organizations
    Secretariat for the Ulama Assembly of Asia
    Muslimah Ukhuwwah Association of Malaysia
    TERAS Malay Empowerment Association
    Ulama Association Malaysia , Kuala Lumpur
    Ulama Association of Kedah
    Union of World Rohingya Organizations
    Muslim University Students Movement of Malaysia
    Jama’iy Muslim Ngos Network Perak
    Institute for Community Development and Mobilization , Malaysia
    Rohingya Ulama Council Malaysia
    Burma Muslim Youth Network Malaysia
    Ethnic Rohingya Community Of Arakan Malaysia
    Myanmar Muslim Association Malaysia
    Rohingya Society in Malaysia
    Sejagat Malaysia
    Y.Bhg. Datuk Seri Abdul Hadi Awang – PAS
    Y.Bhg Datuk Raja Kamarul Bahrin Shah – PAS
    Y.Bhg Datuk Mahfuz Omar – PAS
    Y.Bhg Datuk Kamaruddin Jaafar – PAS
    Y.Bhg Datuk Takiyuddin Hassan – PAS
    Dr. Mujahid Yusof – PAS
    Dr. Izani Hussin – PAS
    Dr. Siti Mariah Mahmud – PAS
    Dr. Nik Mazian Nik Mohamad – PAS
    Dr. Mohd Hatta Ramli – PAS
    Ustaz Idris Ahmad – PAS
    Nik Mohamad Abduh Nik Abdul Aziz – PAS
    Nasrudin Hassan – PAS
    Che Rosli Che Mat – PAS
    Khairuddin Aman Razali – PAS
    Wan Hassan Mohd Ramly – PAS
    Khalid Samad – PAS
    Mohamed Hanipa Maidin – PAS
    Siti Zailah Mohd Yusoff – PAS
    Ahmad Baihaki Atiqullah – PAS
    Ahmad Marzuk Shaary – PAS

    လက်မှတ် xxx
    Mohd Azmi Abdul Hamid
    Coordinator

    * * * ရဲရင့်သစ္စာ ဘာသာပြန်ဆိုပါသည်။ * * *

  • နိုဝင်ဘာ ၂၉၊ နိုင်ငံတကာသတင်း စုစည်းမှု

    နိုဝင်ဘာ ၂၉၊ နိုင်ငံတကာသတင်း စုစည်းမှု

    နိုဝင်ဘာ ၂၉၊ ၂၀၁၃
    M-Media

    တရုတ် တိုက်လေယာဉ်များ အငြင်းပွားဖွယ် လေပိုင်နက်သို့ ကင်းလှည့်

    20131128221952287734_20

    တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ တိုက်လေယာဉ်များမှာ မကြာသေးမီက သတ်မှတ်ထားသည့် အရှေ့တရုတ်ပင်လယ် လေကြောင်း ကာကွယ်ရေးဇုန် အတွင်းတွင် ယမန်နေ့က ကင်းလှည့်ပျံသန်းခဲ့သည်ဟု တရုတ်တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ရှန်ဂျင်ကီက ပြောကြားခဲ့သည်။

    ထိုကဲ့သို့ကင်းလှည့်ပျံသန်းခြင်းမှာ ပုံမှန်ပျံသန်းခြင်းမျိုးသာဖြစ်ကြောင်း၊ လေတပ်အား တပ်လှန့်ထားပြီး နိုင်ငံ လေပိုင်နက်အားကာကွယ်ရန် ဝေဟင်မှ ခြိမ်းမြောက်မှုများ အား တန်ပြန်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဂျင်ကီက ထည့်သွင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့် စနေနေ့က တရုတ်နိုင်ငံမှ အရှေ့တရုတ်ပင်လယ် လေကြောင်းကာကွယ်ရေးဇုန် အဖြစ် ဇုန်အသစ်တစ်ခုသတ်မှတ်ခဲ့ပြီး ထိုဇုန်အတွင်း ဂျပန်နိုင်ငံနှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည့် ကျွန်း၏ လေပိုင်နက် တစ်စိတ်တစ်ပိုင်းလည်း ပါဝင်ခဲ့သည်။

    တရုတ်ဘက်မှ ထိုကဲ့သို့ သတ်မှတ်ခဲ့ပြီးနောက် အမေရိကန် ဗုံးကြဲလေယာဉ် B-52 နှစ်စင်းမှာ ထိုလေပိုင်နက်အတွင်းသို့ တရုတ်နိုင်ငံအား အကြောင်းမကြားဘဲ ပျံသန်း ခဲ့ပြီး၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကလည်း ၎င်းတို့၏ တိုက်လေယာဉ်များကို ထိုလေပိုင်နက်အတွင်းသို့ ယမန်နေ့က စေလွှတ်ခဲ့သည်။

    ………………………………….

    – ယူကရိန်းနိုင်ငံအနေဖြင့် ဥရောပ၏ ကုန်သွယ်ရေးသဘောတူညီချက်အား လက်မှတ်ထိုးရန် အခွင့်အရေးရှိနေသေးသည်ဟု ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ်က ပြောကြားလိုက်သည်။ ယူကရိန်းနိုင်ငံမှာ ရုရှား၏ ဖိအားပေးမှုအားရှောင်ရှားနိုင်ရန် ဥရောပ ကုန်သွယ်ရေးသဘောတူညီချက်အား လက်မှတ်ထိုးရန် စောစောပိုင်းကတည်းက ငြင်းဆိုထားပြီး ယူကရိန်းပြည်သူများကလည်း ထိုကိစ္စကို မကျေနပ်သောကြောင့် မြို့တော် ကိဗ်တွင် ဆန္ဒပြခဲ့ကြသည်။

    – အီရန်နိုင်ငံ အနောက်တောင်ဘက် ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့် Bushehr မြို့တွင် ပြင်းအား ၅.၅ မဂ္ဂနီကျုရှိသည့် ငလျင်တစ်ခု ယမန်နေ့က လှုပ်ခတ်သွားသောကြောင့် အနည်းဆုံး လူ ၇ ဦးသေဆုံးကာ ၃၀ ခန့် ဒဏ်ရာရှိခဲ့သည်ဟု တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။ Bushehr မြို့မှ ကီလိုမီတာ ၆၀ ကွာဝေးသည့် Borazjan ဒေသသို့ ဦးတည်လှုပ်ခတ်ခဲ့ခြင်ဖြစ်ပြီး၊ Bushehr မြို့မှာ ရုရှားမှဆောက်လုပ်ပေးထားသည့် နျူးကလီးယား ဓာတ်ပေါင်းဖိုတည်ရှိသည့် မြို့လည်းဖြစ်သည်။

    – ဒရုန်းလေယာဉ်များမှာ ကစားစရာအရုပ်များမဟုတ်ဘဲ၊ ရုရှားအနေဖြင့် အခြားနိုင်ငံများကဲ့သို့ ဒရုန်းလေယာဉ်များကို မြောက်များစွာအသုံးပြုမည်မဟုတ်ဟု ဆိုချီမြို့၌ ပြုလုပ်ခဲ့သည့် လေတပ်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်။ ထို့ပြင် ရုရှားလေတပ်၌ ယခုနှစ်အတွင်း တိုက်လေယာဉ် ၈၆ စီးနှင့် ရဟတ်ယာဉ် အစီး ၁၀၀ တို့ကို ဖြည့်တင်းပေးခဲ့ကြောင်း၊ လာမည့်နှစ်တွင် တိုက်လေယာဉ် ၁၂၀ နှင့် ရဟတ်ယာဉ် အစီး ၉၀ ကို ဖြည့်တင်းမည်ဖြစ်ပြီး ၂၀၂၀ မတိုင်မီ ရုရှားလေတပ်တွင် လေယာဉ်အသစ် စုစုပေါင်း ၁၆၀၀ ကို ဖြည့်တင်းပေးသွားမည်ဟု ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။

    – ဂျပန်ကာကွယ်ရေးစစ်တပ်မှ နိုင်ငံရပ်ခြားတွင်ပြုလုပ်ရသည့် လုပ်ငန်းများတွင် စစ်လက်နက်ကိရိယာများ မသုံးရန် တားမြစ်ချက်အား ရုပ်သိမ်းရန် ဂျပန်ကတ်ဘိနတ်မှ ယနေ့တွင် ဆုံးဖြတ်ချက်ချခဲ့သည်ဟု သိရသည်။ ထိုဆုံးဖြတ်ချက်မှာ ဂျပန်ကာကွယ်ရေးတပ် SDF ၏ ဥပေဒေအား ပြန်လှန်သုံးသပ်ခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ကုန်းတွင်းသုံး၊ ရေပြင်နှင့် ဝေဟင်သုံးယာဉ်များအား နိုင်ငံရပ်ခြားရှိ အရေးပေါ် ကယ်ဆယ်ရေးအတွက် အသုံးပြုရန်အတွက် ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ကျိုဒိုသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

    – နယ်စပ်ရှိ ကေဆွန်စက်မှုဇုန်၏ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် အထွေထွေကိစ္စရပ်များအတွက် ပထမအဆင့် ဆွေးနွေးပွဲတစ်ခုကို တောင်ကိုရီယားနှင့် မြောက်ကိုရီယားနှစ်နိုင်ငံတို့ စတင်ပြုလုပ်ခဲ့သည်ဟု ဆိုလ်းရှိ နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ ထိုဆွေးနွေးပွဲမှာ နှစ်လကြာပြီးမှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    – ဂျပန်နိုင်ငံတောင်ပိုင်း Fukuoka စီရင်စုတွင်ခရီးသည်တင် ဘတ်စ်ကားတစ်စီးနှင့် လောရီကားတစ်စီးတို့ ယနေ့တွင် တိုက်မိမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့သည်ဟု NHK သတင်းဌာနက ဖော်ပြခဲ့သည်။

    – နိုင်ငံအတွင်း တရားမ၀င်အလုပ်လုပ်ကိုင်နေသည့် အီသီယိုပီယားနိုင်ငံသား ၅ သောင်းကျော်ကို ဆော်ဒီအာရေဗျအစိုးရမှ အိမ်ပြန်ပို့ပေးခဲ့သည်ဟု ဆော်ဒီနိုင်ငံခြားရေး ၀န်ကြီှးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒီနာမွဖ်သီက ပြောကြားခဲ့သည်။ ထိုကဲ့သို့ ပြန်လည်ပို့ဆောင်ရန်အတွက် အစိုးရအနေဖြင့် ကန်ဒေါ်လာ ၂.၆ သန်းသုံးစွဲခဲ့ရကြောင်း သူက ထည့်သွင်းပြောကြားခဲ့သည်။

    – Sony PS4 ဂိမ်းစက်အား ဗြိတိန်၌ ယမန်နေ့ည သန်းခေါင်းယံအချိန်တွင် စတင်ရောင်းချခဲ့ပြီး ဂိမ်းစက်အား ၀ယ်ယူရန်အတွက် ဂိမ်းစက်ရောင်းချမည့် လန်ဒန်မြို့ရှိ Covent Garden တွင် ၀ယ်ယူသူများမှာ အင်္ဂါနေ့ နေ့လည်ပိုင်းကတည်းက စတင်တန်းစီခဲ့ကြသည်။ Xbox One စတင်ရောင်းချပြီး တစ်ပါတ်အကြာတွင် ရောင်းချခဲ့သည့် ထိုဂိမ်းစက်အား ပထမဦးဆုံး ကိုင်တွယ်ကစားနိုင်ရန်အတွက် အချို့ဝယ်ယူသူများမှာ အိပ်၍ပင်စောင့်ခဲ့ကြသည်။ ဂိမ်းစက်အတွက် အကြိုမှာယူမှာ ပြီးခဲ့သည့် သြဂုတ်လကပင် သတ်မှတ်အရေအတွက်ပြည်ခဲ့ပြီး၊ PS3 မှာ ယူမှုထက် ၄ ဆကျော် ပိုမိုမြင့်မားခဲ့သည်ဟု သိရသည်။

    – ပြည်တွင်းစစ်ကြောင့် ဆီးရီးယားရှိ ကလေးငယ်ထောင်ပေါင်းများစွာမှာ တိုင်းပြည်မှ ထွက်ခွာနေရပြီး အလွန်ကြီးမားသော ဒုက္ခများနှင့် ရင်ဆိုင်နေရကာ၊ ပညာရေးနှင့် ကလေးသဘာဝ လွတ်လပ်မှုများကို မရရှိကြဟု ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက သတိပေးပြောဆိုလိုက်သည်။ ထို့ပြင် ဂျော်ဒန်နှင့် လက်ဘနွန်ရှိ ဒုက္ခသည် လူ့အစုအဝေးများကြားတွင် ကလေးအလုပ်သမားကိစ္စမှာလည်း ကြီးမားသော ပြဿနာတစ်ရပ်ဖြစ်နေပြီး၊ အသက် ၇ နှစ်အရွယ်ရှိ ကလေးငယ်များမှာ ချို့တဲ့သော မိသားစုများအတွက် လုပပ်ကိုင်ကျွေးမွေးသူများဖြစ်နေကြသည်ဟု သိရသည်။

    – ဟောင်ကောင်မှ မက္ကာအိုသို့ ဦးတည်ခုတ်မောင်းနေသည့် ခရီးသည်တင် အမြန်ရေယာဉ်တစ်စီးမှာ ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က ဟောင်ကောင်အနောက်ခြမ်းရှိ Hei Ling Chau ကျွန်းအနီးတွင် အမည်မသိ အရာဝတ္ထုတစ်ခုနှင့် တိုက်မိခဲ့သောကြောင့် အနည်းဆုံး လူ ၈၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များနှင့် ထိုသင်္ဘောကို ပိုင်ဆိုင်သည့် ကုမ္ပဏီတို့က သတင်းထုတ်ပြန်ခဲ့သည်။ ခရီးသည် ၁၀၇ ဦးနှင့် သင်္ဘောသား ၁၀ ဦးတို့ လိုက်ပါသွားပြီး၊ ဒဏ်ရာရရှိသူများတွင် ၃ ဦးမှာ စိုးရိမ်ရသောအခြေအနေရှိနေပြီး ၄၆ ဦးမှာ ဆေးရုံ၌ စိတ်ချရသော အခြေအနေတွင်ရှိနေသည်ဟု သိရသည်။

    – ထိုင်းအစိုးရအား ဆန့်ကျင်ဆန္ဒပြသူများမှာ ယနေ့တွင် ထိုင်းစစ်တပ်ဝန်းအား သိမ်းပိုက်ခဲ့ကြသည်ဟု သိရသည်။ ဆန္ဒပြသူ ၁၅၀၀ ခန့်မှာ ထိုင်းအလံများကိုကိုင်ဆောင်လျက် ၀ီစီများကိုမှုတ်ကာ ဘန်ကောက်ရှိ သမိုင်းဝင် စစ်တပ်ဝန်းအား သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အချို့မှာလည်း ‘စစ်တပ်မည်သည့်ဘက်တွင်ရပ်မည်ကို ငါတို့သိလိုသည်’ ဟု ကျွေးကျော်နေကြသည်။ လူ ၁၀၀၀ ခန့် ပါဝင်သည့်အခြားဆန္ဒပြသူအုပ်စုမှာလည်း ၀န်ကြီးချုပ်ယင်းလပ်၏ အာဏာရပါတီ ရုံးချုပ်ရှေ့၌ စုရုံးခဲ့ကြပြီး ‘ထွက်သွား ထွက်သွား’ ဟု အော်ကာ ဆန္ဒပြခဲ့ကြသည်။ နာရီအနည်းငယ်ကြာပြီးနောက် ဆန္ဒပြသူများမှာ ထိုနေရာများမှ ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့ကြသည်။

  • နိုဝင်ဘာ ၂၉၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၂၉၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၂၉၊ ၂၀၁၃
    M-Media

    344929_heroa

    – စပိန်အသင်းနည်းပြဖြစ်သူ ဒဲလ်ဘော့စကေးက အသင်း၏ လက်ရှိစွမ်းရည်ကို ယုံကြည်မှုရှိနေသော်လည်း အသင်းရှိ ကစားသမားများမှာ စိတ်ကြီးဝင်မှုမရှိဘဲ မိမိကိုယ်ကို နှိမ့်ချရမည်ဟု သတိပေးပြောဆိုလိုက်သည်။ စပိန်အသင်းမှာ နောက်ဆုံးကစားခဲ့သည့် တောင်အာဖရိကနှင် ခြေစမ်းပွဲတွင် ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒဲလ်ဘော့စကေးက ထိုခြေစွမ်းကို ရောင့်ရဲ့ကျေနပ်နေ၍မဖြစ်ဘဲ လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ချန်ပီယံဘွဲ့ကို ကာကွယ်ရန် ပြင်ဆင်ရမည်ဟု အသင်းသားများအား ဆက်လက်တိုက်တွန်းခဲ့သည်။

    – တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသည့် ဘာစီလိုနာအသင်း၏ အာဂျင်တိုင်း တိုက်စစ်မှူး မက်ဆီမှာ ၎င်း၏ဒဏ်ရာအားကုသရန် အာဂျင်တီးနားသို့ သွားရောက်မည်ဟု သိရသည်။ မက်ဆီမှာ နိုဝင်ဘာ ၁၀ ရက်နေ့က ကစားခဲ့သည့် ဘက်တစ်နှင့်ပွဲတွင် ထိုဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး ၆ ပတ်မှ ၈ ပတ်အထိ အနားယူရမည်ဖြစ်သည်။

    – အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက အသင်းရှိ ဂိုးသမား ရှက်ဇက်နီမှာ အသင်း၏ အနာဂတ်အတွင် အရေးပါသော ကစားသမားဖြစ်လာကာ အသင်းဂန္တ၀င်ကစားသမား ဖြစ်လာနိုင်သည်ဟု ပြောကြားလိုက်သည်။ ပိုလန်လက်ရွေးစင် ကစားသမားဖြစ်သူ ရှက်ဇက်နီမှာ ယမန်နှစ်က ကြမ်းတမ်းသောအချိန်များကို ဖြတ်သန်းခဲ့ရပြီး ပထမဦးစားပေးကစားသမားအဖြစ်မှပင် အနားပေးခြင်းခံခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် အသင်းအတွက် ပုံမှန်လက်စွမ်းပြနိုင်ခဲ့ပြီး အာဆင်နယ်အသင်းအတွက် ပွဲ ၅၀ မြောက် ဂိုးမပေးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် အသက် ၂၃ နှစ်သာ ရှိသေးသည့် ရှက်ဇက်နီထံမှ ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်များကို ရရှိရန် ၀င်းဂါးက မျှော်လင့်နေသည်။

    – ၂၀၁၁ ခုနှစ်က ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ရန် အသင်းမှထွက်ခွာသွားသည့် ဖာဘရီဂတ်ကို မြင်ရချိန်၌ ၀မ်းနည်းမိသည်ဟု အာဆင်နယ်အသင်း၏ အင်္ဂလန်ကွင်းလယ်ကစာသမား ဂျက်ဝီလ်ရှိုင်းယားက Google Hangout မှတစ်ဆင့် ပရိတ်သတ်များအား ပြောကြားခဲ့သည်။

    – ရိုမားအသင်းတွင် ပုံမှန်ပါဝင်ခွင့်မရသောကြောင့် အာဂျင်တီးနားအသင်းနှင့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ပါဝင်ကစားခွင့်ရရန် အသင်းမှ ထွက်ခွာနိုင်သည်ဟု ရိုမားအသင်း၏ နောက်ခံလူ နီကိုလက်စ် ဘာဒစ်ဆိုက ပြောကြားခဲ့သည်။ ယခင်အင်တာကစားသမားဟောင်းဖြစ်သူ ဘာဒစ်ဆိုမှာ ယခုနှစ်တွင် ရိုးမားအသင်းနှင့် ၃ ပွဲသာ ပွဲထွက် ကစားခွင့် ရထားပြီး၊ နိုင်ငံအသင်းတွင် ပါဝင်မကစားရသည်မှာ ၂ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည်။

    – ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွင် အသင်းကြီးများဖြစ်ကြသည့် ဘာစီလိုနာနှင့် ရီယဲလ်မက်ဒရစ်အသင်းများက မိမိအသင်းအား ရှောင်ရှားချင်လိမ့်မည်ဟု မန်စီတီးအသင်း နည်းပြဖြစ်သူ ပယ်လီဂရီနီက ပြောကြားခဲ့သည်။ မန်စီးအသင်းမှာ အုပ်စုတွင် ဘိုင်ယမန်မြူးနစ်နောက် အုပ်စုဒုတိယနေရာသာ ရရှိရန် အခြေအနေရှိနေသောကြောင့် နောက်တစ်ဆင့်တွင် အသင်းကြီးများနှင့် တွေ့ဆုံရဖွယ်ရှိနေသည်။ သို့သော်လည်း မိမိတို့အနေဖြင့် တောင့်တင်းသော လူစာရင်းရှိသည့်အတွက် မည်သည့်အသင်းကိုမျှ ကြောက်ရွံ့နေမည်မဟုတ်ဟု ပယ်လီဂရီနီက ထပ်လောင်းပြောကြားခဲ့သည်။

    – ဘိုင်ယန်မြူးနစ်အသင်းက မိမိအားခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း မိမိအနေဖြင့် အသင်းတွင်ဆက်ရှိနေကာ အသင်းအတွက် ဆုဖလားများရရှိရန် တိုင်ပွဲဝင် ပေးချင်သည်ဟု ဖီအိုရင်တီးနားအသင်း၏ အလယ်တန်းလူ ဂျူအန် ကော်ဒရာဒိုက ထုတ်ဖော်ပြောဆိုလိုက်သည်။ အသက် ၂၅ နှစ်အရွယ်ရှိသည့် ကိုလံဘီယာ ကစားသမား ကော်ဒရာဒိုက ဖီအိုရင်တီးနားအသင်းတွင်ဆက်နေကာ စွမ်းဆောင်ရည်များ မိုမိုတိုးတက်အောင် ဆက်လက်ကြိုးစားသွားမည်ဟု ထပ်လောင်းပြောကြား ခဲ့သည်။

    – ကမ္ဘာပေါ်ရှိမည်သည့်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းနှင့် အဆင့်တူခြင်းမရှိဘဲ၊ ယခုနှစ်တွင် အသင်းနှင့် ဆုတံဆိပ်မျာကို ရယူရန် ဆုံးဖြတ်ထားသည်ဟု ရီးယဲလ် အသင်း၏ ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ်ကပြောဆိုလိုက်သည်။ ဂါရက်ဘေးလ်မှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်အသင်းသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ရာသီအစတွင် ခြေစွမ်းမပြနိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အသင်းအတွက် ဂိုးများသွင်းယူလာနိုင်သူဖြစ်သည်။