News @ M-Media

Author: YinYin

  • စာဆိုတော်နေ့ အခမ်းအနားကျင်းပမည်

    စာဆိုတော်နေ့ အခမ်းအနားကျင်းပမည်

    နိုဝင်ဘာ ၂၉၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    img512

    ရန်ကုန်  ။       ။         စာဆိုတော်များအား ဂုဏ်ပြုသည့်အနေဖြင့် စာဆိုတော်နေ့ အခမ်းအနားတစ်ရပ်ကို ဒီဇင်ဘာလ ၄-ရက်နေ့တွင် ရန်ကုန်မြို့ရှိ ယုဇနဂါးဒင်းဟိုတယ်၌နေ့လည် ၂း၀၀-နာရီမှ ၅း၀၀-နာရီအထိ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ စာဆိုတော်နေ့ အခမ်းအနားအား စာဆိုတော်နေ့ကျင်းပရေးကော်မတီ(ပသီ)မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဆရာကြီးသိပ္ပံမှူးတင်၊ ဒေါက်တာသန်းဝင်း(မောင်သန်းဝင်း – မြန်မာစာ)တို့မှ ဟောပြောမည်ဖြစ်ကြောင်းလည်း သိရသည်။

  • Muslim Youth Forum ဖြစ်မြောက်ရန် အုတ်မြစ်ချနိုင်ခဲ့သည့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ

    Muslim Youth Forum ဖြစ်မြောက်ရန် အုတ်မြစ်ချနိုင်ခဲ့သည့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ

    နိုဝင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    A.N.Lay

    DSCN5063

    ရန်ကုန်  ။       ။      မြန်မာနိုင်ငံရှိ မွတ်စလင်မ်လူငယ်များ အနေဖြင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော အခန်းကဏ္ဍများတွင် ပိုမိုတက်ကြစွာ ပါဝင်နိုင်ကြစေရန် ရည်ရွယ်၍ Muslim Youth Form နှင့် မွတ်စလင်မ်လူငယ်များ ကိုယ်စားပြု အဖွဲ့အစည်းတစ်ရပ် ခိုင်မာစွာ ဖြစ်ပေါ်လာစေရေးအတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို မနေ့က နိုဝင်ဘာ ၂၇-ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

    အဆိုပါ အကြို ညှိနှိုင်းဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းရှိမြို့နယ်များ၊ ပဲခူး၊ တောင်ကြီး၊ မန္တလေးနှင့် အခြားမြို့နယ်များမှ စိတ်ပါဝင်စားသူ လူငယ် ၁၀၀-၀န်းကျင် တက်ရောက်ပါဝင်ခဲ့ကြပါတယ်။

    တက်ရောက်လာကြသူ လူငယ်များမှ မြို့နယ်အလိုက် မိမိတို့ကြုံတွေ့ရသည့် အခြေအနေများကို မျှဝေပြောကြားရင်း ရှေ့ဆက်လုပ်ဆောင်သင့်သည်များကို ဆွေးနွေးခဲ့ကြပြီး Muslim Youth Forum ဖြစ်မြောက်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပဲခူးတို့မှ ပါဝင်သော ကော်မတီ(ယာယီ)ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်းသိရပါတယ်။

  • မြန်မာ့မီးရထားသို့ သံလမ်းလုပ်ငန်းသုံးပစ္စည်းများ ဂျပန်ကုမ္မဏီမှ လွှဲပြောင်းပေးအပ်

    မြန်မာ့မီးရထားသို့ သံလမ်းလုပ်ငန်းသုံးပစ္စည်းများ ဂျပန်ကုမ္မဏီမှ လွှဲပြောင်းပေးအပ်

    နိုဝင်ဘာ ၂၇၊ ၂၀၁၃
    M-Media
    သီရိ

    DSC01377

    ရန်ကုန်  ။      ။       မြန်မာ့မီးရထားသို့ JITI (Japan International Transport Institute) မှ သံလမ်း၊ လုပ်ငန်းသုံးပစ္စည်းများ လှူဒါန်းခြင်းနှင့် လွှဲပြောင်းခြင်း အခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပခဲ့သည်။

    အခမ်းအနားကို ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ ဂျပန်နိုင်ငံ သံအမတ်ကြီး ကိုယ်စား ဂျပန်သံရုံးဝန်ကြီး Mr. Maru yama, JITI မှ နာယကကျောင်းအုပ်ကြီး Mr. Makoto Washizu, ဂျပန်နိုင်ငံမှ တာဝန်ရှိ ပုဂ္ဂိုလ်များ,မြန်မာ့မီးရထားမှသက်ဆိုင်ရာဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရပါသည်။

    ဆက်လက်ပြီး အခမ်းနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှာစကားတွင် “ယခုလို ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးအတွက် ယခုကဲ့သို့ ခေတ်မီသံလမ်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းသုံးပစ္စည်းကရိယာများကို လှူဒါန်းလာတဲ့အတွက် မြန်မာ့မီးရထားအနေဖြင့် အထူးဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ပစ္စည်းကရိယာများကို မြန်မာ့မီးရထားသံလမ်းပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများက အကျိုးရှိစွာ အသုံးပြုသွားမည် ဖြစ်ပါသည်” ဟုပြောကြားခဲ့ပါသည်။

    ဆက်လက်ပြီး သံလမ်းလုပ်ငန်းသုံးပစ္စည်းများလှူဒါန်းရခြင်းနှင့် ပက်သတ်၍ ဂျပန်သံရုံးမှ ၀န်ကြီး Mr.Maru yama မှ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြန်မာ့မီးရထား သံလမ်းလုပ်ငန်းသုံးပစ္စည်းများနှင့်ပတ်သက်သော စာရွက်စာတမ်းများကို JITI မှ နာယကကျောင်းအုပ်ကြီး Mr.Makoto Washizu မှ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး အား လွှဲပြောင်းပေးခဲ့ပါသည်။
    ယင်းအခမ်းအနားတွင် Tie tamper TT-E2B (60 Hz), (With Accessories), Engine generator EG-52D1, Hydraulic liter (M-40 SE), Level measuring instrument တို့ကို လွှဲအပ်လှူဒါန်းခဲ့ကြောင်းလည်း သိရပါသည်။

    ထို့နောက် Hand Tie Tamper Machine အားလက်တွေ့လုပ်ဆောင်ပြသပြီး နေ့လည် ၁၂-နာရီတွင် အခမ်းအနားပြီးဆုံးခဲ့သည်။

     

  • မြန်မာပြည်တ၀ှမ်း ဘုံကထိန်ပွဲများ ပြုလုပ်

    မြန်မာပြည်တ၀ှမ်း ဘုံကထိန်ပွဲများ ပြုလုပ်

    နိုဝင်ဘာ ၁၆၊ ၂၀၁၃
    M-Media
    သူရိန်

    unnamed
    နှစ်စဉ်တန်ဆောင်မုန်းလရောက်တိုင်း ဆင်နွှဲလေ့ရှိသော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ ရိုးရာမဟာဘုံကထိန်ပွဲများကို နိုင်ငံနှင့်အ၀ှမ်းတွင် စည်ကားစွာ ကျင်းပလျက် ရှိကြသည်။

    ယခုကဲ့သို့ ကျင်းပပြုလုပ်ကြသော ကထိန်ပွဲတွင် ရပ်ရွာအတွင်းရှိ ၇-ရက်သားသမီးအပေါင်းမှ စုပေါင်းထည့်ဝင်ပါဝင်မှုဖြင့် သက်ဆိုင်ရာဘုန်းကြီးကျောင်းများတွင် သီတင်းသုံး နေထိုင်လျက်ရှိကြသော ဆရာတော်သံဃာတော်များကို ကထိန်လျာသင်္ကန်းအပါအ၀င် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည့်ပွဲတော်တရပ်လည်း ဖြစ်သည်။အများအားဖြင့် တန်ဆောင်မုန်းလပြည့်နေတွင် စုပေါင်းဘုံကထိန်ပွဲတော်များလှည့်လည်လေ့ရှိပြီး ငွေပဒေသာပင်များဖြင့် မြို့ရွာအတွင်း စည်ကားလျက် ရှိကြသည်။ ဆရာတော်သံဃာတော်များကို ဆွမ်း၊သင်္ကန်းများဆက်လှူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

    ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင်လည်း တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖြင့် စည်ကားလျက်ရှိကြသည်။

    တန်ဆောင်တိုင်ပွဲတော်ဟု လူသိများသော ကထိန်ပွဲတော်သည် မြန်မာ့ရိုးရာတစ်ဆယ့်နှစ်လ ရာသီပွဲများတွင် တစ်ခု အပါအ၀င်ဖြစ်ပါသည်။ တန်ဆောင်းမုန်း လပြည့်ည ကို ကျီးမနိုးပွဲတော် သူခိုးကြီးများညဟုကင်ပွန်းတပ်ကြပြီး ကျေးလက်ရပ်ရွာများတွင် ကျီးမနိုးခင်(မိုးမလင်းခင်) ပစ္စည်းများပြောင်းရွေ့သည့် ဓလေ့လည်းရှိကြသည်။ ဆေးပေါင်းခသည်ဟု အဆိုရှိသည့် ထိုညတွင်မဲဇလီဖူးသုပ်စားခြင်းသည်လည်း မြန်မာ့ဓလေ့တစ်ခုဖြစ်နေပါသည်။

    ယခုအချိန်ကာလတွင် မြန်မာနိုင်ငံအနှံ့အပြား၌ ဘုံကထိန်ပွဲတော်များကို ခြိမ့်ခြိမ့်သဲ ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။

  • နိုဝင်ဘာ ၁၄၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းစုစည်းမှု

    နိုဝင်ဘာ ၁၄၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းစုစည်းမှု

    နိုဝင်ဘာ ၁၄၊ ၂၀၁၃
    M-Media

    နိုင်ငံတော်သို့ အကြွေးများပေးဆပ်ရန် ၀န်ကြီးဌာနများကို ပြည်ထောင်စု လွှတ်တော် ဖိအားပေး

    အစိုးရ၀န်ကြီးဌာန ၁၉-ခုမှ နိုင်ငံတော်သို့ ပေးဆပ်ရန်ရှိနေသည့် အကြွေးငွေ ဘီလျံပေါင်းများစွာအား ပေးဆပ်နိုင်ရန် ဆောင်ရွက်နေပြီး မပေးဆပ်သည့် သူများကို တည်ဆဲ ဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကတိအတိုင်း ဆောင်ရွက်ကြရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်ထောင်စုလွှတ်တော်သို့ ဒုဝန်ကြီးများ လာရောက်
    ဖြေဆိုကြစဉ်က ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းက တိုက်တွန်း ပြောကြားလိုက်ကြောင်း ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားပါတယ်။
    _______________________

    မြန်မာနိုင်ငံရေးအပြောင်းလဲအတွက် ချီးကျူးဝမ်းသာသလို အကြမ်းဖက်မှုတွေအားလည်း စိတ်မချမ်းမြေ့ကြောင်း သမ္မတဟောင်း ကလင်တန်ပြော

    မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ဟာ နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများက ကိုယ်စားလှယ် ၂၀၀ ခန့်နဲ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ယနေ့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံရေးအပြောင်းအလဲများ စတင်လိုက်သည့်အပေါ် ကမ္ဘာတ၀န်းလုံးက ချီးကျူး ၀မ်းမြောက်ကြသကဲ့သို့ ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုများနဲ့ပတ်သက်ပြီးလည်း စိတ်မချမ်းမြေ့ဖြစ်ကြရကြောင်း ပြောကြားခဲ့တယ်လို့ RFA သတင်းမှ တဆင့် သိရှိရပါတယ်။

    ______________________

    ရခိုင်ပြည်နယ် အကြမ်းဖက်ခံရသူများအား လူသားချင်းစာနာမှုအပိုင်းတွင် စိုးရိမ်ဖွယ်ရှိသေးကြောင်း အမေရိကန်သံရုံးမှ ထုတ်ပြန်

    ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ခံရသည့်အတွက် အိုးအိမ်စွန့်ခွာခဲ့ရသူများ နေထိုင်ရန် ယာယီတန်းလျားများအား မိုးရာသီအတွင်း ဆောက်ထားမှုသည် တိုးတက်မှု ဖြစ်သော်လည်း လူသားချင်း စာနာထောက်ထားမှု အနေအထားမှာမူ စိုးရိမ်ဖွယ်ဖြစ်နေသေးကြောင်း၊ အကြမ်းဖက်မှု ကျူးလွန်သူများနှင့် မတရားပြုလုပ်သူများကို ခွဲခြားမှုမရှိဘဲ အစိုးရက ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား အရေးယူသင့်သည်ဟု မှတ်ချက်ပြုကြောင်း အမေရိကန်သံရုံးက ဒီနေ့ထုတ်ပြန်လိုက်တယ်လို့ မဇ္ဈိမသတင်း ဌာနအား ကိုးကား၍ ဖော်ပြလိုက်ပါတယ်။

    ______________________

    နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးရာ မူဝါဒအကြီးအကဲနှင့် ဥရောပကော်မရှင် အဖွဲ့အား လက်ခံတွေ့ဆုံ

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးရာ မူဝါဒအကြီးအကဲနှင့် ဥရောပကော်မရှင် ဒုတိယ ဥက္ကဋ္ဌ မစ္စ ကက်သရင်း အက်ရှ်တန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ ၅-နာရီခွဲတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုအခြေအနေ၊ ငြိမ်းချမ်းရေး တည်ဆောက်နေမှု အခြေအနေ၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးတွင် ပါရှိသည့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ ဖွံ့ဖြိုးမှုနှင့် ကုန်သွယ်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါတယ်။

    ______________________

    မုန်တိုင်းအလွန် ဖိလစ်ပိုင်တွင် အခက်အခဲများနှင့် ကြုံတွေ့နေရ

    နိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံးသော မုန်တိုင်းဒဏ် ခံရပြီးနောက် ဖိလစ်ပိုင်နိုင်ငံတွင် အစားအသောက်များ၊ ဆေးဝါးများ နည်းပါးမှု၊ ဥပဒေချိုးဖောက်မှုများနှင့် သေဆုံးသူ များ၏ ရုပ်အလောင်းများအား အချိန်မီမြှုပ်နှံနိုင်မှု မရှိသောကြောင့် အသက်ရှင်သူများ၏ ကျန်းမာရေးအား ခြိမ်းခြောက်နေမှု စသည့် အခက်အခဲများနှင့် ကြုံတွေ့ နေရသည်ဟု သိရသည်။

    သေဆုံးသူများ၏ ရုပ်အလောင်းများအား မြှုပ်နှံရန်အတွက် အစိုးရအနေဖြင့် အမိန့်ပေးထားပြီဖြစ်ကြောင်း ဖိလစ်ပိုင် ကတ်ဘိနတ်၏ အတွင်းရေးမှူး ရီနီ အလ်မန် ဒရက်စ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    မုန်တိုင်းကြောင့် Leyte ပြည်နယ် Tacloban မြို့တွင် ၅ မီတာအမြင့်ရှိ လှိုင်းလုံးကြီးများ တက်လာခဲ့ပြီးနောက် အားလုံးနီးပါးပျက်ဆီးခဲ့ပြီး ထိုမြို့တစ်ခုတည်းတွင်ပင် သေဆုံးသူ တစ်သောင်းခန့်ရှိမည်ဟု ကုလသမဂ္ဂက တွက်ချက်ခဲ့သည်။ သို့သော်လည်း သေဆုံးသူမှာ ၂၅၀၀ ထက် မကျော်ဟု ဖိလစ်ပိုင် သမ္မတ အကွီနိုက ပြောကြား ခဲ့သည်။

    မုန်တိုင်းတိုက်ခတ်ပြီး ၅-ရက် ကြာမြင့်နေပြီဖြစ်သော်လည်း မုန်တိုင်းကြောင့် သေဆုံးသွားသူများကို မြှုပ်နှံနိုင်ခြင်းမရှိသေးပေ။

    “အလောင်းတွေကိုရှင်းလင်းတာ ရပ်တန့်သွားတဲ့အချက်ကတော့ ကျွန်တော်တို့မှာ အလောင်းတွေကို ထုတ်ဖို့ အိတ်တွေကုန်သွားလို့ပါ။ ဒါပေမယ့် အခုတော့ ကျွန်တော် တို့မှာ အိတ် ၄၀၀၀ ရှိပါပြီး။ သေဆုံးသူ ၄၀၀၀ ရှိတယ်လို့မဆိုလိုပါဘူး။ အိမ်တွေကုန်သွားမှာစိုးလို့ ပိုယူထားတာပါ” ဟု အလ်မန်ဒရက်စက ထည့်သွင်းပြောကြား ခဲ့သည်။

    သို့သော်လည်း ယမန်နေ့ကသေဆုံးသူများကို မြှုပ်နှံရန်စီစဉ်ချိန်တွင် သေနတ်ဖြင့် ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး၊ အစိုးရမှ ဆန်များပေးဝေရာနေရာသို့ တိုးဝှေ့ သွားရောက် ခြင်းကြောင့် လူ ၈-ဦး သေဆုံးခဲ့ရသည်ဟု Tacloban မြို့ မြို့တော်ဝန် အလ်ဖရက် ရိုမူလ်ဒဇ်က ပြောကြားခဲ့သည်။

    Ref : Aljazeera
    Phi______________________

    ဗြိတိန်သူလျှိုတစ်ဦးအား သေဆုံးလျက်တွေ့ရှိ

    ဗြိတိန်သူလျှို့အဖွဲ့ MI6 မှ ၀န်ထမ်းတစ်ဦး၏ ပုပ်သိုးဆွေးမြေ့နေသော ရုပ်အလောင်းအား ရေချိုးဇလုံအနီး သော့ခတ်ထားသည့် အိတ်အတွင်းတွင် တွေ့ရှိခဲ့ရပြီး ၎င်းမှာ မတော်တဆ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဗြိတိန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    အ၀တ်ဗလာဖြင့်သေဆုံးနေသည့် အဆိုပါဝန်ထမ်းမှာ MI6 ထောက်လှမ်းရေး အဖွဲ့တွင် စကားဝှက် သင်္ကေတများကို ဖော်ထုတ်ရသူအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဂါရက်ဝီလီယံဖြစ်မည်ဖြစ်ဟု ယူဆရပြီး စုံစမ်းစစ်ဆေးမှုးများအရ လုပ်ငန်းနှင့်ပက်သက်၍ အသတ်ခံရခြင်းမဟုတ်ဘဲ မတော်တဆ သေဆုံးခဲ့ခြင်းသာ ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ လက်ထောက် မဟာမင်းကြီး မာတင်ဟေးဝစ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အသက် ၃၁-နှစ်အရွယ်ရှိပြီဖြစ်သည့် ၀ီလီယံမှာ MI6 အဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည်မှာ ၃-နှစ်ကြာမြင့်ခဲ့ပြီး နိုင်ငံရပ်ခြား သူလျှိုကိစ္စရပ်များအား လုပ်ဆောင် ရသူဖြစ်သည်။ ၀ီလီယံမှာ ယမန်နှစ်က သေဆုံးခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်မေလက သေမှုသေခင်းအရာရှိမှ ၀ီလီယံမှာ အသတ်ခံရခြင်းဖြစ်နိုင်သည်ဟု ပြောကြားခဲ့ သေးသည်။

    သူ၏ ရုပ်အလောင်းအား MI6 အဖွဲ့ချုပ်အနီးတွင်ရှိသည့် သူ၏ နေအိမ်တွင် တွေ့ရှိခဲ့ရပြီး ခန္ဓာကိုယ်အား စစ်ဆေးကြည့်ရာ အရက်၊ မူယစ်ဆေးနှင့် အဆိပ်တို့ကြောင့် သေဆုံးခြင်းမဟုတ်ကြောင်းတွေ့ရှိခဲ့ရပြီး၊ သေဆုံးခဲ့သည့် ရေချိုးခန်းအတွင်း သဲလွန်စများနှင့် အခြားသူများ၏ DNA ကိုလည်း တွေ့ရခြင်းမရှိဟု ရဲတပ်ဖွဲ့က ပြန်လည်၍ သတင်းထုန်ပြန်ခဲ့သည်။

    Ref : Aljazeera
    ______________________

    အိန္ဒိယတွင် ဘတ်စ်ကားမီးလောင်ပြီး လူ ၇ ဦး သေဆုံး

    အိန္ဒိယတောင်ပိုင်းတွင် ယမန်နေ့က ခရီးသည်တင်ဘတ်စ်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် လူ ၇-ဦး သေဆုံးခဲ့ပြီး ၄၀ နီးပါးဒဏ်ရာရရှိခဲ့သည်။

    ယမန်နေ့ နံနက် ၂-နာရီ ၄၅-မိနစ်တွင် နိုင်ငံတောင်ပိုင်း Karnataka ပြည်နယ်၏ မြို့တော် ဘန်ဂလူရူမှ မွန်ဘိုင်းသို့ အရှိန်ပြင်းစွာမောင်းနှင်နေသည့် Volvo အမျိုးအစား ခရီးသည်တင်ယာဉ်မှာ အဝေးအပြးလမ်းမ-၄ ရှိ တံတားတစ်ခုကိုတိုက်မိခဲ့ရာ ဆီတိုင်ကီကို ထိခိုက်မိသွားပြီး မီးထလောင်ခဲ့ခြင်းဖြစ်သည်။

    သေဆုံးခဲ့သူများတွင် ကလေးငယ်တစ်ဦးပါဝင်ခဲ့ပြီး၊ အလောင်းများမှာ မီးများကျွမ်းနေသောကြောင့် မည်သူမည်ဝါမှန်းခွဲခြားမသိကြောင်း၊ ထိုဘတ်စ်ကားနှင့် လိုက်ပါ သွားသည့် ခရီသည်မှာ ၅၂-ဦးရှိကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် ခရီးသည်များမှာ အိပ်ပျော်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    လွန်ခဲ့သည့် သီတင်းသုံးပတ်ကလည်း Andhra Pradesh ပြည်နယ်တွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည် ၄၅-ဦးသေဆုံးခဲ့သည်။

    Ref : Xinhua
    ______________________

    ဘရာဇီးတွင် လူဖြူများထက် လူမည်းများ ၀င်ငွေနည်းပါး

    ဘရာဇီးနိုင်ငံရှိ အာဖရိကသွေးပါသော နိုင်ငံသားများမှာ အာဖရိကသွေးမပါသည့် အခြားသောနိုင်ငံသားများထက် ၀င်ငွေ ၃၆ ရာခိုင်နှုန်းလျော့နည်းကြောင်း လေ့လာ ဆန်းစစ်မှုများအရသိရသည်။

    ထိုလေ့လာမှုအား စာရင်အင်းနှင့် စီးပွားရေးဆိုင်ရာများကို အထူးပြုလေ့လာသည့် Inter-Union ဌာနမှကောက်ယူခဲ့ခြင်းဖြစ်ပြီး ဘရာဇီးနိုင်ငံ လူမည်းများနေ့ မတိုင်မီ တစ်ပါတ်အလို ယမန်နေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    အလယ်တန်းအဆင့် ပညာအရည်အချင်းရှိသည့် လူမည်းတစ်ဦးမှာ တစ်နာရီလုပ်အားခ ၅.၂၇ ရီယဲလ် (ကန်ဒေါ်လာ ၂.၂၇)သာ ရရှိပြီး၊ လူမည်းမဟုတ်သည့် နိုင်ငံသား များမှာ လုပ်အားခ ၆.၄၆ ရီယဲလ်(ကန်ဒေါ်လာ ၂.၇၈) ရရှိပြီး ၁၈.၅ ရာခိုင်နှုန်းကွာဟမှုရှိနေသည်။

    ထိုကဲ့သို့ကွာဟမှုမှာ ပညာတတ်သည့် အသိုင်းအ၀ိုင်းတွင် ပိုမိုကြီးမားပြီး ဘွဲ့ရ လူမည်းတစ်ယောက်နှင့် ဘွဲ့ရလူဖြူတစ်ယောက်၏ ၀င်ငွေမှာ ၄၀ ရာခိုင်နှုန်း ကွာဟကြောင်း တွေ့ရှိရသည်။

    ထို့ပြင်လူမည်းမဟုတ်သည့် ဘရာဇီးနိုင်ငံသားများ၏ ခေါင်းဆောင်မှုနေရာ ရရှိမှုမှာ ၁၈.၁ ရာခိုင်နှုန်းရရှိပြီး၊ လူမည်းများ၏ ခေါင်ဆောင်နေရာရရှိမှုမှာ ၃.၇ ရာခိုင်နှုန်း ရှိလေသည်။

    Ref : Xinhua
    ______________________

    ပင်ဆယ်လ်ဗားနီယားတွင် သေနစ်ပစ်မှုဖြစ်ပွား ကျောင်းသား ၃ ဦးသေဆုံး

    အမေရိကန်ပြည်ထောင်စု ပင်ဆယ်လ်ဗားနီးယားပြည်နယ်ရှိ အထက်ကျောင်းတစ်ခုတွင် ယမန်နေ့က သေနစ်ပစ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျောင်းသား ၃-ဦးသေဆုံး ခဲ့သည်ဟု သိရသည်။

    တမင်ရည်ရွယ်ကာကျူးလွန်ခဲ့သည့် ထိုသေနစ်ပစ်မှုမှာ ပစ်ဘာ့ဂ်မြို့ရှိ Brashear အထက်တန်းကျောင်း အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့သည့် ကျောင်းသားများ မှာ အသက် ၁၇-နှစ် ရွယ်တစ်ဦးနှင့် အသက် ၁၅-နှစ်အရွယ် နှစ်ဦးတို့ဖြစ်ကြကာ ကျောင်းသို့သွားမည့် ကားအနီးသို့ လမ်းလျှောက်သွားစဉ် ခေါင်းနှင့် လည်ပင်းတို့တွင် ပစ်ခတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

    ထိုကျောင်းမှာ ပစ်ဘာ့ဂ်မြို့တွင်ရှိသည့် အကြီးဆုံးကျောင်းများအနက်မှ တစ်ကျောင်းဖြစ်ပြီး ပညာသင်ယူနေသော ကျောင်းသား ၁၅၀၀ ရှိသည်။ အခင်းဖြစ်ပွားပြီးနောက် အနီးအနားရှိအိမ်များမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ငါးဦးကို ထိန်းသိမ်းထားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    မကြာသေးခင်ကလည်း ဒက်ထရွိုက်မြို့နှင် နယူးဂျာဆီတို့တွင် ပစ်ခတ်မှုသုံးခုဖြစ်ပွားခဲ့သေးသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက ကွန်နက်တီကတ်ပြည်နယ် နယူးတောင်း မြို့ရှိ မူလတန်းကျောင်းတစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီးနောက် ယခုအချိန်အထိ အမေရိကန်နိုင်ငံတစ်ဝှမ်း သေနစ်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူပေါင်း ၃၀၄၀၀
    ကျော်သေဆုံးခဲ့ပြီဟု သိရသည်။

    Ref : Press TV
    ______________________

    အစ္စရေးကျူးကျော်စစ် တစ်နှစ်ပြည့်အခမ်းအနား ဂါဇာတွင်ပြုလုပ်

    အစ္စရေးကပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်ဒေသအပေါ် ယမန်နှစ်က ပြုလုပ်ခဲ့သည့် ၈-ရက်ကြာ ကျူးကျော်စစ် တစ်နှစ်ပြည့်အခမ်းအနားအား ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်းများက ကျင်းပခဲ့ကြသည်ဟုသိရသည်။

    အစ္စလာမ့်မစ်ကာကွယ်ရေးလှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်နှင့် အစ္စလာမ့်မစ်ဂျေဟာဒ် လှုပ်ရှားမှုအဖွဲ့များ၏ အဖွဲ့ဝင်များအပါအ၀င် ပါလက်စတိုင်းနိုင်ငံသား ထောင်ပေါင်း များစွာတို့က ဂါဇာရှိလမ်းများပေါ်တွင်စုရုံးကာ အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများအတွက် ပြန်လည်ခုခံရန် အဆင်သင့်ရှိကြောင်း ပြသခဲ့ကြသည်။

    ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင် ဒေသအား ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအ၀င် ပါလက်စတိုင်း အရပ်သား ၁၆၀ ကျော်သေဆုံးခဲ့ပြီး ၁၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

    ၂၀၀၈ ခုနှစ်ကလည်း ဂါဇာဒေသအား အစ္စရေးတို့က ၂၂ ရက်ကြာ တိုက်ခိုက်ခဲ့ပြီး ပါလက်စတိုင်း အရပ်သား ၁၄၀၀ ကျော်သေဆုံးခဲ့ကာ သေဆုံးသူများထဲတွင် ကလေးငယ် ၃၀၀ ကျော် ပါဝင်ခဲ့သည်။

    Ref : Press TV

    ______________________
    စစ်ရေးလေ့ကျင့်ခန်းများအား ပြန်လည်စစ်ဆေးရန် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ပေးခံရ

    ဝေးလ်နိုင်ငံတောင်ပိုင်းတွင် ပူပြင်းသောနေ့များတွင် ပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်မှုကြောင့် စစ်သားသုံးဦး သေဆုံးခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ လေ့ကျင့်ခန်းများမှ ဖြစ်ပေါ်လာမည့် အန္တရာယ်များကို ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်ဆေးလုပ်ဆောင်ရန် အမိန့်ပေးခြင်းခံခဲ့ရသည်ဟု သိရသည်။

    ဝေးလ်နိုင်ငံတောင်ပိုင်း Brecon Beacon ဒေသတွင် ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ခဲ့သည့်စစ်သားများအနက် အသက် ၃၁ နှစ်အရွယ် ဂျွန်မဟာ၊ အသက် ၂၄-နှစ်အရွယ် ဂျွန်ရောဘတ်နှင့် အသက် ၃၁ နှစ်အရွယ် ဂျိမ်းဒန်စဘီတို့မှာ ရာသီဥတုပူပြင်းမှုဒဏ်ကြောင့် သေဆုံးခဲ့ရသည်။

    ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အမှုဆောင်အဖွဲ့(HSE) ကဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်သားများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းအတွက် လုံလောက်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းမရှိဟု ယမန်နေ့ကထုတ်ပြန်သော ကြေညာချက်တွင် ရေးသားထားသည်။

    ထို့ပြင် HSE စစ်ဆေးရေးမှူးက ထိုကဲ့သို့ စစ်ရေးလေ့ကျင့်မှုများကြောင့် ဖြစ်ပေါ်လာတက်သော ဆိုးရွားသည့် အန္တရာယ်များနှင့် စပ်လျဉ်းပြီး အရေးယူ ဆောင်ရွက်မှုများပြုလုန်ရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနသို့ အမိန့်ပေးခဲ့သည်။

    ထိုအမိန့်အရ ကာကွယ်ရေးဝန်ကြီးဌာနမှာ ရာသီဥတုပူပြင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များ အပါအ၀င် စစ်ရေးလေ့ကျင့်မှုများတွင် ဖြစ်ပေါ်တတ်သည့် အန္တရာယ်များကို စစ်ဆေးရန် နိုဝင်ဘာလ အကုန်အထိ အချိန်ရရှိမည်ဖြစ်သည်။

    Ref : Press TV

    ______________________

    တူရကီ နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံသို့ ၂ ရက်ကြာခရီးစဉ် ဒီနေ့စတင်မည်

    ကမ္ဘာပေါ်တွင် နှိပ်စက်ညှင်းပမ်းမှု အခံရဆုံး လူသားများအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည့် ရိုဟင်ဂျာ မွတ်စလင်များ၏ အခြေအနေအား အလေးထား လေ့လာရန် တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu မှာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်ဟု သိရသည်။

    ကြာသာပတေးနေ့(ယနေ့)တွင် လာရောက်မည်ဖြစ်ပြီး နှစ်ရက်တာကြာမြင့်မည့် အဆိုပါ ခရီးစဉ်တွင် မြန်မာနိုင်ငံရှိ မွတ်စလင်လူနည်းစုများ၏ ဒုက္ခများကို အလေးထား ကြည့်ရှုသွားမည်ဖြစ်သည်။

    Davutoglu မှာ ရခိုင်ရှိ ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များအကြား အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက တူရကီဝန်ကြီးချုပ်၏ ဇနီးဖြစ်သူနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။

    ထိုအကြမ်းဖက်မှုများကြောင့် လူအများအပြားသေဆုံးခဲ့ပြီး သိန်းနှင့်ချီ၍ နေရပ်စွန့်ခွာခဲ့ရသည်။ ကုလသမဂ္ဂ၏ အဆိုအရ ၂၀၁၂ နှစ်ကုန်ပိုင်းတွင်ပင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင် ၁၂၅၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရသည်ဟု သိရသည်။

    ညှင်းပမ်းနှိပ်စက်မှုများနှင့် ရင်ဆိုင်နေရသည့် ရိုဟင်ဂျာမွတ်စလင်များအား မြန်မာအစိုးရက ခိုးဝင်လာသူများဟု အမည်တပ်ထားပြီး နိုင်ငံသား သို့မဟုတ် တိုင်းရင်းသား လူမျိုး တစ်မျိုးအဖြစ်လည်း အသိအမှတ်ပြုထားခြင်းမရှိပေ။ ရိုဟင်ဂျာများ၏ နောက်ဆုံး အခြေအနေများကို OIC အဖွဲ့က ဖွဲ့စည်းပေးထားသည့် ရိုဟင်ဂျာ ဆက်သွယ်ရေး အဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့က ဆောက်ရွက်ပေးမည်ဖြစ်ပြီး အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် အင်ဒိုနီးရှား၊ ဂျီဘောက်တီ၊ ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်နှင့် တူရကီနိုင်ငံတို့ ပါဝင်ကြသည်။

    Ref: Worldbulletin

    ဓါတ်ပုံအညွှန်း- နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက တူရကီဝန်ကြီးချုပ်၏ ဇနီးဖြစ်သူပါဝင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က ပုံရိပ်အချို့

    ______________________