ဖေဖော်ဝါရီ ၆ ၊ ၂၀၁၅
M-Media
ဘာသာပြန်- လေးမောင်
– ဗာဂျီးနီးယား ဆင်ခြေဖုံးရှိ ကြေးနီရောင်အုတ်ခဲများနှင့် မှန်တံခါးများ တစ်ဝက်ဖွင့်ထားသော အဆောက်အဦးကြီးက အပြင်ပန်းကြည့်လျှင် ထူးခြားပုံမရဘဲ သာမန်မြင်နေရသည့် အဆောက်အဦးတစ်ခု၏ ပုံစံသာဖြစ်သည်။ ထို့ပြင် နည်းပညာကုမ္ပဏီ တစ်ခု၏ ရုံးချုပ်တစ်ခုနှင့် လည်း ဆင်တူနေသည်။ ထိုအဆောက်အဦး အတွင်းတွင်တော့ ဆော်ဒီတော်လှန်ရေး တစ်ခု ဖြစ်ပွားနေပြီး ဘုရင့်နိုင်ငံ၏ အနာဂတ်ကို ထင်ထင်ရှားရှား အကျိုးသက်ရောက်မှုရှိမည့် တော်လှန်ရေးမျိုး ဖြစ်လေသည်။
ထိုအဆောက်အဦးက အမေရိကန်ဆိုင်ရာ ဆော်ဒီအာရေဗျ ယဉ်ကျေးမှုအဖွဲ့၏ ရုံးဖြစ်သည်။ ထိုယဉ်ကျေးမှုအဖွဲ့မှာ အမေရိကန်နိုင်ငံ အတွင်း `ဘုရင် အဗ္ဗဒူလာ ပညာတော်သင် အစီအစဉ်´ (KASP) ကို စီမံခန့်ခွဲရသည့် ရုံးဖြစ်သည်။ KASP မှာ အရှေ့အလယ်ပိုင်းသမိုင်းနှင့် ကမ္ဘာ့သမိုင်း လူမှုရေးနှင့် ပညာရေးနယ်ပယ်အတွင်း ရည်မှန်းချက် အကြီးမားဆုံး စွမ်းဆောင်မှုများထဲမှ တစ်ခုလည်းဖြစ်သည်။
ထိုအစီစဉ်အောက်တွင် ဆော်ဒီနိုင်ငံသား ၂ သိန်းခန့်မှာ ကောလိပ်ကျောင်းသား ဘ၀မှ ပါရဂူဘွဲ့ရသည့်အဆင့် အထိတိုင်အောင် ပညာသင်ထောက်ပံ့ကြေး အပြည့်အ၀ဖြင့် ပညာသင်ကြားခွင့်ရနေသည်။ ကျောင်းသားများမှာ တောင်အာဖရိကမှ တောင်ကိုရီးယား၊ အိုင်ယာလန်မှ အီတလီ၊ ယူကေမှ အမေရိကန်စသဖြင့် နိုင်ငံပေါင်း ၂၃ နိုင်ငံတွင် ပညာသင်ယူနေကြခြင်းဖြစ်ပြီး KASP က ကျန်းမာရေးစောင့်ရှောက်မှု ကိုလည်း ပေးအပ်ထားသည်။ ထိုကျောင်းသားများထဲတွင် ၂၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး ဘွဲ့ရအဆင့်တွင် အရေအတွက်က ပိုမိုမြင့်တက်လာသည်။ ပညာရေး စူးစမ်းလေ့လာသူများကတော့ `ဘုရင် အဗ္ဗဒူလာ ပညာတော်သင် အစီအစဉ်´ မှာ အဆင့်မြင့်ပညာရေးအတွက် ကမ္ဘာ့တစ်ဝှမ်း နိုင်ငံတော်မှထောက်ပံ့သည့် အစီအစဉ်များထဲတွင် အကြီးမားဆုံး အစီအစဉ်ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ကြသည်။
မိမိ၏လုပ်ပိုင်ခွင့်နှင့် ရေနံမှရရှိသော စည်းစိမ်တို့ကိုပေါင်းစပ်၍ ဘုရင် အဗ္ဗဒူလာ တစ်ယောက် ဆော်ဒီရှိ လူငယ်များအတွက် ပညာရေးပြုပြင်ပြောင်းလဲမှုကို ၂၀၀၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ အဆိုပါလူငယ်များတွင် အများစုက အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ယူနေသူများ ဖြစ်သည်။ ထို့ကြောင့် ဆော်ဒီအာရေဗျ ယဉ်ကျေးမှုရုံးချုပ်ကို ဗာဂျီးနီးယား ဆင်ခြေဖုံးဒေသတွင် ဖွင့်လှစ်ခဲ့ပြီး၊ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ကိုင်နေသော ဌာန၊ အမေရိကန်တွင် ကျောင်းတက်နေသော ဆော်ဒီ လူငယ် ၁ သိန်း၏ ပညာရေးကို စီမံခန့်ခွဲသည့် ဌာနအဖြစ် ရှုမြင်ကြသည်။
ပညာရှင်များဖြင့်စုစည်းထားသည့် အမေရိကန် ပညာတော်သင်အဖွဲ့ Woodrow Wilson International Center မှ အကြီးတန်း ပညာရှင်နှင့် ၀ါရှန်တန်ပို့စ်၏ ဂျာနယ်လစ်ဟောင်း တစ်ဦးဖြစ်သူ ဒေးဗစ် အော့တိုဝေးက အဆိုပါ ပညာတော်သင်အစီအစဉ်ကို `၁၉၅၃ ဘုရင်ကြီး အဗ္ဗဒူလ် အဇစ် ကွယ်လွန်ပြီးကတည်းက ဘုရင့်နိုင်ငံကို အုပ်ချုပ်လာခဲ့သည့် ၎င်း၏ သားတော် ၅ ပါးအနက် ဘုရင် အဗ္ဗဒူလာ မှာ လူကြိုက်အများဆုံးနှင့် ပါးနပ်မှုအရှိဆုံးဟု သမိုင်းတွင်သည့် ဘုရင်ဖြစ်လာစေသော အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
`ဆော်ဒီ အမျိုးသမီးတွေကို နိုင်ငံရေးမှာ ပါဝင်ခွင့်ရအောင် ဆောင်ရွက်ပေးတာ၊ စိန်ခေါ်မှုတွေရှိတဲ့ သူ့ရဲ့နိုင်ငံကို ခေတ်မီ တိုးတက်အောင်လုပ်ဖို့ ဆော်ဒီကျောင်းသား ထောင်ပေါင်းများစွာကို အမေရိကန်နဲ့ ဥရောပလွှတ်ပြီး ပညာသင်စေတာတွေ အတွက် သူ(ဘုရင် အဗ္ဗဒူလာ) ကို ဆော်ဒီသမိုင်းမှာ အမှတ်တရ ရှိနေမှာပါ´
အမေရိကန်တစ်ဝှမ်း
———————-
သိပ္ပံဆိုင်ရာ ဂျာနယ်တစ်ခုဖြစ်သည့် Scientific Research Journal တွင် ချားလ်စ်တေလာနှင့် ၀က်စ်မီယာ အလ်-ဘက်စ်ရီတို့ ရေးသား ခဲ့သော ဆောင်းပါးတစ်ခုတွင် အမေရိကန်၌ လာရောက်ပညာ သင်ကြားသည့် ကျောင်းသား အရေအတွက်တွင် ဆော်ဒီအာရေဗျမှာ တရုတ်၊ အိန္ဒိယနှင့် တောင်ကိုရီးယားတို့နောက် စတုတ္ထအများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။ ဆော်ဒီကျောင်းသားများမှာ အမေရိကန်နိုင်ငံတစ်ဝှမ်း ပြန့်နှံ့နေပြီး ဆင်ခြေဖုံးဒေသရှိ ကျောင်းများတွင်သာမက အမေရိကန်၏ အဓိက တက္ကသိုလ်ကြီးများတွင် ပညာသင်ယူလျက် ရှိနေသည်။ အိုဟိုင်းယိုး၊ အီလီနွိုက်စ်၊ တက္ကဆက်၊ အော်ရီဂွန်၊ ကယ်လီဖိုးနီးယား၊ ကန်တာကီ စသည့်ပြည်နယ်များ က ဆော်ဒီကျောင်းသားများ အဓိကစုဝေးရာ နေရာများဖြစ်သည်ဟု တေလာနှင့် ဘက်စ်ရီတို့က ဖော်ပြခဲ့သည်။
အဆိုပါ ပညာတော်သင်အစီအစဉ်တွင် ဘုရင့်နိုင်ငံက နှစ်စဉ် ကန်ဒေါ်လာ ၂.၄ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံထားသည်။ ထိုအစီအစဉ်မစတင်ခင်က အမေရိကန်တွင် ပညာသင်ယူနေသော ဆော်ဒီကျောင်းသားဦးရေမှာ ၅၀၀၀ အောက်သာရှိပြီ ယခုအချိန်တွင်တော့ တစ်သိန်းနီးပါး ရှိနေပြီဖြစ်သည်။ အမေရိကန်၏ ပညာရေးသမိုင်းတွင် ကာလအနည်းငယ်အတွင်း မယုံနိုင်ဖွယ် မြင့်တက်မှုလည်းဖြစ်ခဲ့သည်။
ဘုရင်ကြီး အဗ္ဗဒူလာ ထားခဲ့သည့် အမွေများ၌ အဆိုပါ ပညာတော်သင်အစီအစဉ်က ၎င်း၏ ပြုပြင်ပြောင်းမှုများမှ ရရှိခဲ့သည့် အအောင်မြင်ဆုံး ကိစ္စရပ်များတွင် တစ်ခုအပါအ၀င် ဖြစ်သည်။ ပညာရေးအဆင့်အတန်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်ကုန် စွမ်းအား မြှင့်တင်နိုင်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းရှိမှုတို့နှင့် ဆက်နွယ်မှုမှာ ငြင်းစရာမရှိ။ KASP အစီအစဉ်မှ ထွက်ပေါ်လာသော ပညာရေးမျိုးဆက်က ဘုရင့်နိုင်ငံသို့ အမြင်ကျယ်ကျယ်၊ ကျွမ်းကျင်မှုကောင်းကောင်းဖြင့် ပြန်သွားမည်ဖြစ်ပြီး နိုင်ငံ၏ တိုးတက်မှုနောက် တစ်ဆင့် အတွက် လိုအပ်နေသော ပုဂ္ဂလိကဆိုင်ရာဖွံဖြိုး တိုးတက်မှုကို ကူညီထောက်ပံ့နိုင်မည် ဖြစ်လေသည်။ အဆိုပါ အစီအစဉ်မှာ ငွေကြေး ကုန်ကျသည်နှင့်အမျှ နိုင်ငံ၏ ရေရှည် စီးပွားရေးအတွက်လည်း အဓိပ္ပါယ် ရှိမည်ဖြစ်သည်။
မှီခိုအားထားရမှုများခြင်း
————————-
လူမှုသိပ္ပံဆိုင်ရာ ဂျာနယ်တစ်ခုဖြစ်သော Journal of Humanities and Social Science မှပညာရေးနှင့်ပတ်သက်သည့် ကျွမ်းကျင် ပညာရှင် အဗ္ဗဒူလ် ရဟ်မာန် အမ် အဘူအမ်မိုဟ်၊ လယ်ရီ အာရ် စမစ်နှင့် အဗ္ဗဒူလ် အဇစ် အမ် ဒူဝေ့စ်တို့မှ ပူးပေါင်းရေးသား ထားသည့် ဆောင်းပါးတစ်ခုတွင် ဆော်ဒီ အာရေဗျအနေဖြင့် လက်ရှိအချိန်၌ နိုင်ငံခြား ကျွမ်းကျင်သူများကို လွန်စွာမှီခိုနေရပြီး စက်ရုံအလုပ်ရုံ ကဏ္ဍ သုသေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အတွက်လည်း နိုင်ငံခြားမှ သုတေသနပြုမှုများကို အားထားနေရသည်ဟု မှန်ကန်စွာ သုံးသပ်ဖော်ပြခဲ့သည်။
KASP အစီအစဉ်မှ ကျောင်းသားများမှာ အိမ်ပြန်နေကြပြီဖြစ်သောကြောင့် ထိုလစ်ဟာမှုကို ကူညီဖြည့်ဆည်းပေးမည် ဖြစ်သည်။ အဆိုပါ ပညာတော်သင် အစီအစဉ် စတင်ပြီးကတည်းက နိုင်ငံရပ်ခြားတွင် ပညာသင်ယူနေသော ဆော်ဒီကျောင်းသား အရေအတွက်မှာ ၉၀၀ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ထိုပညာရှင်များက ထောက်ပြခဲ့သည်။
ဆော်ဒီအာရေဗျဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဂျိမ်းစမစ်က ဆော်ဒီ-အမေရိကန် ဆက်ဆံရေးနှင့် သတင်း အချက်အလက်အဖွဲ့ SUSRIS နှင့် တွေ့ဆုံရာတွင် KASP အစီအစဉ်၏ လူတော်လူကောင်းမြှောက်စားသည့် သဘာဝကို ဖွင့်ဟခဲ့သည်။
`ဘုရင် အဗ္ဗဒူလာ ပညာတော်သင်အစီအစဉ်ဟာ ထူးခြားတဲ့ သဘာဝရှိတယ်ဆိုတာကို လူတော်တော်များများက နားမလည်ကြပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီအစီအစဉ်ဟာ အရည်အချင်းရှိတဲ့သူတွေ မြှောက်စားမှုကို အခြေခံတာဖြစ်ပြီး ဒီအတိုင်းသွားနေလို့ပါပဲ။ ဒါ့ကြောင့် ဒီအစီအစဉ်မှာ အကောင်ကြီးကြီးတွေရဲ့ သားသမီးတွေနဲ့ ပြည့်မနေဘဲ အရည်အချင်း ရှိတဲ့ ကျောင်းသားတွေ နဲ့သာ ပြည့်နေတာပါ။ ပြီးတော့ ကျွန်တော်တို့ ဗီဇာ ထုတ်ပေးတဲ့အခါမှာလည်း ဒီကျောင်းသားတွေဟာ မြို့ပေါ်က လူ့ဘော်ကျော့တွေသာ မဟုတ်ဘဲ နိုင်ငံတစ်ဝှမ်းလုံးက ဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီကျောင်းသားတွေက ကျောင်းမှာ ထူးချွန်ကြသူတွေပါ။ ဒါ့ကြောင့် အရည်အချင်းကို အခြေခံတဲ့ KASP အစီစဉ်မှာ သူတို့ဟာ ပညာသင်ဆု ရကြတာပါပဲ´
စိန်ခေါ်မှုများရှိနေ
——————-
သို့ရာတွင် ဆော်ဒီပြည်တွင်း ပညာရေး စနစ်တွင်တော့ စိန်ခေါ်မှုများရှိနေသည်ကို စမစ်က ၀န်ခံခဲ့ပြီး အလွယ်ကူဆုံး က ကျောင်းများဆောက်ခြင်းဖြစ်သည် ဟု ထောက်ပြခဲ့သည်။ သို့ရာတွင် စိန်ခေါ်မှုက ကျောင်းများတွင် မည်သူရှိမည်နည်း ဆိုသည်ပင်။ ဆော်ဒီပြည်တွင်း ပညာရေးနှင့် ပတ်သက်၍ ချဲ့ထွင်ခြင်းနှင့် နှစ်မြှုပ်ဆောင်ရွက်ခြင်းက အစကနဦးအဆင့်ပင် ရှိနေသးသည်ဟု ပြောစရာရှိသည်။ လိုအပ်သည့် အခြေခံ အဆောက်ဦးများ ဆောက်လုပ်နေချိန်တွင် သင်ရိုးညွှန်းတမ်း အပါအ၀င် ကမ္ဘာ့အဆင့် ပညာရေး အတွက် လိုအပ်သည့် အရာအားလုံးက ဆက်လက်ပေါ်ပေါက်လာမည် ဖြစ်ပေသည်။
`သတင်းကောင်းတစ်ခုကတော့ အမေရိကန်နဲ့ အခြားနိုင်ငံတွေမှာ ပညာဆည်းပူးနေတဲ့ ဒီကျောင်းသား တော်တော် များများက ဆော်ဒီ တက္ကသိုလ်တွေကို ပါမောက္ခတွေ အဖြစ် ပြန်လည်လာရောက်ဖို့ အစီအစဉ်ရှိကြပါတယ်။ ဒ့ါကြောင့် အလားအလာတွေ ကတော့ အများကြီးပါ။ သူတို့တွေအားလုံး တစ်ဆင့်ပြီးတစ်ဆင့် တက်လာဖို့နဲ့ ကမ္ဘာ့အဆင့် ပညာရေးစနစ်တစ်ခုကို သူတို့ တည်ထောင်ဖို့ဆိုတာ အချိန်နည်းနည်းပဲ ကြာတော့မှာပါ´ ဟု စမစ်က ထည့်သွင်းပြောကြားခဲ့သည်။
KASP အစီအစဉ်၏ ဆော်ဒီ လူ့အဖွဲ့အစည်းနှင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများအတွက် အကဲဖြတ်ရန် စောလွန်းနေသည်။ ဆော်ဒီသို့ပြန်လာကြသည့် ပညာတတ် လူငယ်များ ပုဂ္ဂလိကလုပ်ငန်းများတွင် ၀င်ရောက်ဆောင်ရွက်ခြင်း ကလည်း အရေးကြီးနေသည်။ ယခုအချိန်အထိတော့ ဆော်ဒီလူငယ် မျိုးဆက်တစ်ခုလုံး ထူးခြားသည့် ပညာရေး အခွင့်အလမ်းကို ရရှိခဲ့ပြီးဖြစ်၏။ ကျန်ရှိသည့် ကိစ္စများကတော့ ၎င်းတို့အပေါ်တွင်သာ မူတည်နေပေသည်။
ref:Alarabiya