News @ M-Media

Category: ပညာရေး

  • ရခိုင်မြောက်ပိုင်း ၃ မြို့နယ်တွင် ယူနက်စကို ပညာရေးပရောဂျက် အစိုးရလက်ခံ

    စက်တင်ဘာ၊ ၂၂
    M-Media

    northern Rakhine state
    ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများ၌ ကျောင်းပညာရေးအဆင့်တွင် မတူညီသော ယဉ်ကျေးမှုများအကြားအပြန်အလှန် လေးစားမှုကိုအားပေးသော နည်းလမ်းအဖြစ်ပြုလုပ်သော ငြိမ်းချမ်းသောပညာရေး အစီအစဉ်အား မြန်မာအစိုးရက လက်ခံခဲ့သည်ဟု တာဝန်ရှိသူများက ဒီကနေ့တွင်ပြောကြားလိုက်သည်။

    ထိုအစီအစဉ်အား ရခိုင်ပြည်နယ်ရှိမြို့သုံးမြို့ဖြစ်သော မောင်းတော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ယူနက်စကိုနှင့် မြန်မာအစိုးရတို့ပူးပေါင်းကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ဘယ်လ်ဂျီယံအစိုးရက ငွေးကြေးထောက်ပံ့မည်ဖြစ်သည်။ ထိုအစီအစဉ်အောက်တွင် ပဋိပက္ခဖြစ်ခဲ့သည့် ဒေသများရှိ အခြေခံပညာကျောင်း ၄၀ မှ ဆရာ၊ ဆရာမ ၃၅၀ကို ငြိမ်းချမ်းသောပညာရေး အစီအစဉ်နှင့်ပက်သက်ပြီး လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကာ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၀၀၀) ကျော်ကို အကျိုးသက်ရောက်စေမည်ဖြစ်သည်။

    ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် စာသင်ကျောင်းရာပေါင်းများစွာပိတ်ပစ်ခဲ့ရပြီး ကျောင်းသူကျောင်းသား ထောင်ပေါင်းများစွာမှာ ပညာသင်ခွင့်ဆုံးရှုံးခဲ့ရသည်။ ရခိုင်ပြည်နယ်ရှိ လူမျိုးစုနှစ်ခုအကြား ထင်ရှားစွာဖြစ်ပေါ်နေသည့် တင်းမာမှုများကို ကိုင်တွယ်ဖြေရှင်းရန် ငြိမ်းချမ်းသောပညာရေးအစီစဉ်ကို အဓိကထားလုပ်ဆောင်ရမည့် ကိစ္စတစ်ခုအဖြစ် မြန်မာအစိုးရနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ရှုမြင်သုံးသပ်ကြသည်။

    ငြိမ်းချမ်းသောပညာရေး အစီအစဉ်ကို အကောင်အထည်ဖေါ်ရသည့် ဘုံရည်ရွယ်ချက်မှာ ဆရာဆရာမများ၊ ကျောင်းသားများနှင့် ကျောင်းသားမိဘများ ပြဿနာများကိုဖြေရှင်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို တိုးပွားစေလိုခြင်းနှင့် နိုင်ငံသားဆိုင်ရာဖော်ပြချက်ကို ပိုမိုခိုင်မာစေရန်ပင်ဖြစ်သည်။

    Ref: ဆင်ဟွာ

  • ဥပဒေ ဒီပလိုမာကို အွန်လိုင်းမှတဆင့် ရယူနိုင်

    ဥပဒေ ဒီပလိုမာကို အွန်လိုင်းမှတဆင့် ရယူနိုင်

    စက်တင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    လင်းလင်း

    ရန်ကုန်   ။         ။   အွန်လိုင်းမှတဆင့် သင်ယူနိုင်သော ဥပဒေ ဒီပလိုမာ သင်တန်းကို ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေရေးရာဌာနသို့ အွန်လိုင်းမှ လျှောက်ထားနိုင်ကြောင်း သိရသည်။

    စာမေးပွဲဖြေဆိုရာ၌ ရုံးချိန်ပြင်ပ ဖြေဆိုလိုသူများအတွက် ပိုမိုအဆင်ပြေစေရန် နံနက် ၆ နာရီမှ ည ၆ နာရီ အထိ သတ်မှတ်ပေးထာကြောင်း၊ ယခုနှစ်တွင် ဒုတိယ အသုတ် ဒီပလိုမာသင်တန်း ပထမနှစ်ဝက်ဖြေဆိုသူ ၁၀၀-ကျော်ရှိပြီး ပထမ အသုတ် ဒီပလိုမာသင်တန်း ဒုတိယနှစ်ဝက်ဖြေဆိုသူ ၅၄-ဦးရှိကြောင်း ဖြေဆိုပြီး ရက်ပိုင်းအတွင်း၌ ရလဒ်များကို Online ၌ ထုတ်ပြန်ပေးမည် ဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေ ဒီပလိုမာကို www. yudeonline.com.mm မှ လျှောက်ထားနိုင်ကြောင်း သိရသည်။

    ရန်ကုန်အဝေးသင်တက္ကသိုလ်ရှိ ကျန်ဘာသာရပ်များလည်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှစပြီး အွန်လိုင်းမှတစ်ဆင့် ဒီဂရီပေးနိုင်ရန် စတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

    ရန်ကုန်အဝေးသင်တက္ကသိုလ်ဥပဒေရေးရာဌာနအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဥပဒေဒီပလိုမာသင်တန်းကို ၂၀၁၂-ခုနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဒီပလိုမာသင်တန်းကို နှစ်ဝက် စာသင်ကာလ နှစ်ခုနှင့် တစ်ခုကို ၅-လတာ သတ်မှတ်ကာ ပထမနှစ်ဝက်တွင် ဘာသာရပ် ၅-ခု သင်ကြား ခဲ့ကြောင်း ဘာသာရပ်တစ်ခုလျှင် ဥပဒေပညာရပ်နှစ်ခု သင်ကြားရန်ပြဠာန်းထားသည်။ ဒုတိယနှစ်ဝက်တွင်လည်း ဥပဒေပညာရပ် ၄-ခု ပြဋ္ဌာန်း သင်ကြားပေး ပြီး အဲဒီအနက် ဥပဒေဘာသာရပ်တစ်ခုကို စာတမ်းပြုစုတင်ပြရမည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်ပါမောက္ခ ဒေါ်မမလေးမှ ပြောကြားခဲ့သည်။

    ကိုးကား >> ကြေးမုံသတင်းစာ

  • PCN ကွန်ရက်မှ ဦးဆောင်ပြီး ယင်းတော်တွင် မူလတန်း စာသင်ကျောင်းဆောက်လုပ်ပေးနိုင်ရန် ကြိုးစားလျက်ရှိ

    သြဂုတ်လ ၂၃၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    “ပညာရည် မြင့်မားအောင် ပြုလုပ်တာ ဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရ အနေနဲ့လည်း ကူညီပေးမှာပါ အဲဒီလိုပဲ ယုံကြည်တယ်…”ဟု PCN မှ မူဝါဒရေးရာ ကော်မတီဝင်တစ်ဦးမှ ဆို

    U Aung Mg

    ရန်ကုန်။        ။ PCN (ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက်) မှ မိတ္ထီလာခရိုင်၊ ယင်းတော်ရွာတွင် ကလေးသူငယ်များ နစ်နာခဲ့ရသော စာသင်နှစ် တစ်နှစ်အတွက် အမြန်ဆုံး ပြန်လည်ဖာထေးနိုင်ရန် ဒေသခံများ၊ သက်ဆိုင်ရာအာဏာပိုင်များ၊ ပညာရေးဋ္ဌာနများနှင့် ဆွေးနွေးခဲ့ပြီး အစိုးရအခြေခံ မူလတန်းလွန် ပညာသင်ကျောင်းဆောက်မည့်ဆိုသည့် သတင်းနှင့် ပတ်သပ်၍ သိလိုသမျှကို PCN မှ မူဝါဒရေးရာ ကော်မတီဝင် တစ်ဦးဖြစ်သော တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်အား  M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    ” ကျွန်တော်တို့ ယင်းတော်ရွာမှာ မူလတန်းလွန် ကျောင်းဆောက်လုပ်မယ် ဆိုတဲ့ အကြောင်း ဖြစ်လာတာကတော့  ပြီးခဲ့တဲ့ ဥပုဉ်လ အတွင်းမှာ ကျွန်တော်တို့ မိတ္ထီလာနဲ့ ယင်းတော်ရွာတွေဆီကို ကွင်းဆင်းပြီး သွားကြည့်ကြတယ်။ ကျွန်တော်တို့ PCN ရဲ့ နဂိုမူလ ရည်ရွယ်ချက်ကိုက မငြိမ်းချမ်းသေးတဲ့နေရာတွေကို ငြိမ်းချမ်းအောင် ကျွန်တော်တို့ တတ်စွမ်းသလောက် လုပ်မယ်။ ငြိမ်းချမ်းမှု ပြိုပျက်သွားတဲ့ ဒေသတွေမှာလည်း ငြိမ်းချမ်းမှုကို ပြန်လည် တည်ဆောက်ပေးမယ် ဆိုတာက ကျွန်တော်တို့ရဲ့ အခြေခံမူပါ။ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ ငြိမ်းချမ်းရေးကို အထောက်အကူ ပြုစေတဲ့ လုပ်ငန်းတွေ အများကြီး ရှိတယ်။ ဆိုလိုတာက ချစ်ကြည်ညီညွှတ်ရေးတွေ၊ ပွဲလမ်းသဘင်နဲ့ အပြန်အလှန် သက်ရောက်ရေးတွေ၊ ပညာမတတ်တဲ့နေရာမှာ ပညာတတ်အောင် သင်ပေးမယ်။ ဆင်းရဲတဲ့နေရာမှာ ဆင်းရဲမူ ပပျောက်အောင် လုပ်ပေးမယ်။ အလုပ်အကိုင် မရှိတဲ့သူတွေ အလုပ်အကိုင်ရအောင် လုပ်ပေးမယ်။ အသိပညာ အတတ်ပညာတွေကို ဖလှယ်ပေးမယ်။ အမုန်းတရားတွေ ပပျောက်သွားအောင် လုပ်ပေးမယ်။ အိုးအိမ်တွေ ပျက်ဆီးယိုယွင်းသွားတာ ရှိလို့ရှိရင် တတ်စွမ်းသမျှ တည်ဆောက်ပေးမယ်။

    မိထ္တီလာ ဒုက္ခသည်စခန်းမှာ ဒုက္ခသည် တွေဟာ ပျက်ဆီးဆုံးရှုံးသွားတဲ့ သူတို့ရဲ့ မူလ အိမ်နေရာလေးတွေကို သူတို့ ပြန်ပြီးတော့ နေချင်ကြတယ်။ အဲလို ပြန်ရောက်ပြီးတော့ အခါကြတော့မှ သူတို့ရဲ့ သားသမီးတွေ ကျောင်းတွေ ပြန်တက်နိုင်မယ်။ သူတို့ရဲ့ မူလနေရာလေးတွေမှာ အမြန်ဆုံး အိုးအိမ် ထူထောင်နိုင်ရေး၊ ဒုက္ခသည်တွေရဲ့ ဘ၀လုံ့ခြုံရေး၊ သူတို့ရဲ့ စီးပွားရေး ဘ၀ ပြန်လည် ဦးမော့လာဖို့၊ သူတို့ရဲ့ သားသမီးတွေ ပညာရေး ပြန်လည် မြှင့်တင်ဖို့ ကျွန်တော်တို့ ကွင်းဆင်းလေ့လာခဲ့ပါတယ်။

    နိုင်ငံတော် အစိုးရ အနေနဲ့ တစ်တိုင်းပြည်လုံး အတိုင်းအတာကို လွှမ်းခြုံပြီးတော့ တစ်ခါတည်း တထိုင်တည်း လုပ်ဖို့ မလွယ်ပါဘူး။ ကျွန်တော်တို့လို ရိုးရိုးအရပ်ဘက် လူ့မူအဖွဲ့အစည်းဆိုတော့ ပိုတောင် ဝေးတာပေါ့။ သို့သော် ဒီလိုပဲ နည်းနည်း နည်းနည်းနဲ့ စုဆောင်းလာလို့ရှိရင် ကျွန်တော်တို့ လိုချင်တဲ့ ရည်မှန်းချက်တစ်ခုကို တစ်ချိန်မှာ ရောက်လာမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ။ အဲဒီ့အခါမှာ ပြည်သူတွေနဲ့ ပူးပေါင်းမယ်။ နိုင်ငံတော်နဲ့လည်း ပူးပေါင်းမယ်။ ကောင်းသော ရည်ရွယ်ချက်နဲ့ အခုလို ဆောင်ရွက်နေခြင်းပါ။

    ကျွန်တော်တို့ ကွင်းဆင်းလေ့လာတဲ့အခါမှာ မိထ္တီလာမြို့ပေါ်ရဲ့ အနေအထားကတော့ ဒုက္ခသည်တွေ သူတို့နေရာကို ပြန်ရောက်ဖို့ အတွက် တော်တော်လေး အချိန်ယူရအုန်းမယ် ဆိုတဲ့ အနေအထားတွေ ကြားသိခဲ့ရတယ်။ အဲဒီ ဒုက္ခသည်စခန်းတွေကိုလည်း ရန်ကုန်နဲ့ မန္တလေးက အလှူရှင်တွေကနေပြီးတော့ ယခုလက်ရှိ တတ်နိုင်သလောက် ထောက်ပံ့ပေးနေကြတယ်။ မိထ္တီလာအနေအထားကတော့ ချက်ချင်းလက်ငင်းကြီး ဘာမှလုပ်လို့မရနိုင်သေးဘူး။

    အဲဒီကနေ ယင်းတော်ရွာ ကိုရောက်တယ်။ ယင်းတော်မှာရှိတဲ့ ပြည်သူတွေကလည်း ကြာပြီ ဖိတ်ခေါ်ထားတာ၊ PCN သူတို့ဆီ လာပေးပါ။ သူတို့ကို အားပေးပါ။ သူတို့ကို ကူညီပါ။ အဲဒီနောက် ကျွန်တော်တို့ ယင်းတော်ကို ရောက်တယ်။ ယင်းတော်ဒုက္ခသည် စခန်းတွေမှာ ကျွန်တော်တို့ကြည့်တယ်။ ယင်းတော်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတယ်။ အဲဒီမှာ ဘာသိခဲ့ရလဲဆိုတော့ ယင်းတော်မှာ သူတို့ တင်ပြချက်အရ မူလတန်းကျောင်း မရှိဘူးလို့ သိရတယ်။ မရှိတဲ့ အတွက် ကလေးတွေ ပညာသင်ကြားရေး အခက်အခဲ ဖြစ်နေတယ်။ ရှိတဲ့နေရာကလည်း ဝေးတယ်။ ဝေးတဲ့နေရာမှာလည်း အခြားဘာသာဝင်တွေ။  အခု ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို ခြုံငုံသုံးသပ်ကြတဲ့အထဲမှာ အချက်တစ်ချက်က ပညာနည်းလို့၊ ပညာမတတ်လို့ အသိပညာ ဗဟုသုတတွေ ခေါင်းပါးလို့ ဒီလို ပြင်ပ ပယောဂါတွေ သွေးထိုးလှုံဆော်မှုတွေကို ထင်ယောင်ထင်မှားတွေနဲ့ တလွဲယူဆပြီးတော့ သံသယတွေနဲ့ အမုန်းပွားရာကနေ ဖြစ်တယ်လို့ သုံးသပ်ကြတယ်။ ဒီလိုဆိုရင် အခြေခံ အကျဆုံးဖြစ်တဲ့ ကလေးတွေကို ပညာသင်ပေးမယ်။ သူတို့ရဲ့ ဘ၀ကို မြှင့်တင်ပေးမယ်။ လိမ္မာအောင် ယဉ်ကျေးအောင် သင်ပေးမယ်။ နောင်တစ်ချိန်မှာ အသိပညာရှင် အတတ်ပညာရှင်တွေ ဖြစ်အောင် မွေးထုတ်ပေးမယ်။ အဲလို စိတ်ကူးလေးနဲ့ အခြေခံ အဆောက်အအုံ့ ဖြစ်တဲ့ အခြေခံပညာ မူလတန်းလွန်ကျောင်းလေး တစ်ကျောင်း အဲဒီမှာ ဆောက်ပေးမယ်လို့စိတ်ကူးရတယ်။

    ယင်းတော်မှာ ရှိနေတဲ့ ကလေးတွေဟာ တော်တော်ဝေးတဲ့နေရာတွေကို သွားပြီး တက်ရင် လတ်တလော သံဟဇာတ မဖြစ်သေးဘူး။ အချိန်ယူပြီးတော့မှ ပြန်ပေါင်းစပ်ရမှာ ဖြစ်တယ်။ လတ်တလောမှာ ကျွန်တော်တို့က ဒီလို တစ်နေရာမှာဘဲ စုစည်းပြီးတော့ လုပ်ပေးသင့်တယ်လို့ ထင်တယ်။ တချို့ဆိုရင် မိတ္ထီလာမှာ သွားတက်နေရတယ်။ သူတို့တွေဟာ ကျောင်းသွားတဲ့အခါ ကားကြီးတစ်စီးထဲမှာ လူတွေက ခေါင်းမိုးပေါ်မှာပါ ပြည့်ကြပ်ပြီးတော့ လမ်းမှာ အချိန်မရွေး ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာ ရပြီး အသက်အန္တာရာယ်ထိ  ဖြစ်နိုင်ပါတယ်။ နောက် မတော်တဆ လမ်းခရီးမှာ အနှောက်အယှက်တွေနဲ့ ကြုံတွေ့ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်လာနိုင်ပါတယ်။ မိထ္တီလာမှာ ညမထွက်ရ အမိန့်ရှိနေတော့ သူတို့ ကျောင်းသွားတက်တဲ့ အချိန်နဲ့ ပြန်မယ့်အချိန်ကို အံ့ကိုက်အောင် မနည်းလုပ်ယူနေရတယ်။ အဲတာတွေကို ပြေလည်သွားအောင် လတ်တလော မူလတန်းအဆင့်လောက်တော့ လုပ်ပေးလိုက်ရင် ကောင်းမယ်လို့ စိတ်ကူးရတယ်။
    လတ်တလောကတော့ ကိုယ်ထူကိုယ်ထ မူလတန်းလွန်ကျောင်းပါ။  ဒေသဆိုင်ရာ အကြီးအကဲတွေက မြို့နယ် ပညာရေးမှူးတွေ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက သဘောတူတယ်။ ကျောင်းဆောက်ပါ။ သူတို့က အသိအမှတ်ပြုပြီးတော့ ရှေ့ဆက် ပညာရေး ၀န်ကြီးဌာနကို တင်ပြပြီးတော့ လုပ်ပေးမယ်။ မြန်မြန်ဆောက်ပါ။ သုံးလအတွင်း ဆောက်ပါ လို့အကူအညီ တောင်းလာတယ်။ ပြီးတော့မှ အစိုးရနဲ့ ပေါင်းစပ်ပြီးတော့ ဒီကလေးတွေကို ပညာအရည်အချင်း စစ်ဆေးမယ်။ အစိုးရ ထုတ်တဲ့ မေးခွန်းတွေကို ဖြေနိုင်ဖို့ ကျွန်တော်တို့ ကျောင်းကြီးတွေနဲ့ ပေါင်းစပ်ပြီးတော့ လုပ်ပေးမယ်။ ပြီး သူတို့ရဲ့ အတန်းတင် စနစ်တွေကို ညှိနှိုင်းပြီးတော့ လုပ်ပေးမယ်။ အဲဒီဒေသမှာရှိတဲ့ မူလတန်း သင်ပြနိုင်တဲ့ သူတွေကို ကျွန်တော်တို့က ပြန်ခန့်မယ်။ ကျွန်တော်တို့က အစိုးရကို အထောက်အကူ ပြုတဲ့အနေနဲ့ ဒီနေရာမှာ လတ်တလော အဆင်ပြေအောင် လုပ်ပေးတာပါ။ နောင်ကို အစိုးရနဲ့ ပေါင်းစပ်ပြီးတော့ လွှဲပြောင်းပေးလိုက်မှာ ဖြစ်တယ်။ နောက်ပိုင်း အစိုးရ ကျောင်းအဖြစ်နဲ့ သွားမှာ ဖြစ်တယ်။ သုံးလ အတွင်းပြီးအောင် ဆောက်နိုင်ရင် ကလေးတွေကို တွန်းသင်ပြီး သက်ဆိုင်ရာ ပညာရေး ဌာနနဲ့ ညှိနှိုင်းပြီးတော့ ဒီလာမယ့်နှစ်မှာ ဒီနှစ် အတန်းတင် စာမေးပွဲကိုကို ၀င်ဖြေခွင့်ရအောင် ကြိုးစားမယ်။ ပညာရည် မြင့်မားအောင် ပြုလုပ်တာ ဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရ အနေနဲ့လည်း ကူညီပေးမှာပါ အဲဒီလိုပဲ ယုံကြည်တယ်။

    အလှူရှင် ရှိတဲ့အတွက် ကျောင်းဆောက်မယ့် မြေနေရာအတွက်ကတော့  ရရှိထားပါတယ်။ မူလတန်းကျောင်းဆိုပေမယ့် လေးတန်းကျော်မယ်၊ ဘယ်အတန်းထိလဲဆိုတာကတော့ အဲဒီဒေသမှာရှိတဲ့ လိုအပ်ချက်အရပေါ့။ ဒါကြောင့် မူလတန်းလွန်လို့ ခေါ်တာပါ။ ဒုက္ခသည် စခန်းမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ အရည်အတွက်တွေ၊ သေသူတွေရဲ့ အရည်အတွက်တွေ၊ ပျောက်ဆုံးသူတွေရဲ့ အရည်အတွက်တွေ  အတိအကျ စရင်းမရသေးပါဘူး။ နည်းနည်း ကွာဟနေတာတွေ ရှိနေပါတယ်။ ကျောင်းသား အရေအတွက် ကလည်း ဘယ်လောက်ရှိမယ်ဆိုတာကို အတိအကျတော့ အခု မပြောနိုင်သေးပါဘူး။ ဒီတစ်ခေါက် ကျွန်တော်တို့ ပြန်သွားပြီး ကျောင်းသားစာရင်းတွေက်ု ကောက်ပြီး ပြုစုမှာ ဖြစ်တယ်။ တဆက်တည်း စာသင်ပေးနိုင်တဲ့ အရည်အချင်းရှိတဲ့ ဆရာ ဘယ်နှစ်ယောက်ရှိမလဲ၊ ကျောင်းသားက သူငယ်တန်း အဆင့် ဘယ်လောက်ရှိမလဲ၊ တစ်တန်းအဆင့် ဘယ်လောက်ရှိမလဲ စသည့်ဖြင့် အဲလို စာရင်းကောက်သွားမယ်။

    ကျောင်းဖြစ်ပေါ်လာဖို့ ကျွန်တော်တို့ PCN အနေနဲ့ စပြီး ပထမဆုံး မတည်မယ်။ ပြီးသွားရင် ကျွန်တော်တို့ကို အဆိုပြုထားတဲ့ အလှူရှင်တွေလည်း ရှိတယ်။ အဲဒီ့အပြင်ကို ကျွန်တော်တို့က စာတွေ နဲ့ ကျောင်းဆောက်မယ့်ပုံစံတွေကို ထုတ်ပြီးတော့ ဗလီတွေကို ဖြန့်ဝေထားတယ်။ အဲဒီဗလီတွေမှာ ရှိတဲ့ အလှူရှင်တွေကလှူဒါန်းရင်  ဗလီတွေက တာဝန်ခံပြီးတော့ စုပြီးတော့ ကောက်လာတဲ့ အလှူငွေတွေကိုလည်း လက်ခံပြီးတော့ သုံးသွားမယ်။ ကျောင်းဆောင် တစ်ဆောင်အတွက် ခန့်မှန်းကုန်ကျငွေက ကျပ်သိန်း ၄၀၀။ ကျောင်းဆောင်နှစ်ဆောင်ဆိုတော့  အနည်းဆုံး ကုန်ကျငွေက သိန်း၈၀၀ကျော်မှာ ရှိပါတယ်။ အလှူရှင်တွေအနေနဲ့ တစ်ဦးချင်းအနေနဲ့ ဖြစ်ဖြစ် လိုအပ်ချက်များကို အဆင်ပြေသလို လှူဒါန်းသွားလို့ ရပါတယ်။ ဒါမှမဟုတ် ကုန်ကျမယ့် သံတွေ၊ ကုန်ကျမယ့် အုတ်တွေလှူမယ်၊ ဘိလပ်မြေတွေ လှူမယ်၊ သဲတွေ လှူမယ်၊ လုပ်အားခတွေ လှူမယ် ဒါမှမဟုတ် လျှပ်စစ်မီးတွေ တပ်တဲ့အခါ လှူမယ်၊ စာသင်ခုံတွေ လှူမယ် စသည့်ဖြင့်ပေါ့ လှူချင်တဲ့ ပုံစံအလိုက် စရင်းတွက်ပေးပြီး လှူလို့ရမယ်။ ငွေကြေးလည်း လှူနိုင်တယ်၊ ကုန်ကျတဲ့ ပစ္စည်းတွေကိုလည်း အမယ်လိုက် လှူလို့ရတယ်။ ကိုယ့်တတ်နိုင်သလောက် လှူလို့ရတယ်။

    ယင်းတော်မှာ လိုအပ်နေတာကတော့ မိထ္တီလာမြို့ပေါ်ကနေ ထွက်ပြေးတိမ်းရှောင်လာရတဲ့ အချို့ဒုက္ခသည်တွေဟာ သူတို့ရဲ့ မူရင်းနေရာတွေကို ပြန်မသွားရဲတော့ဘူး။ အဲဒီလို ဖြစ်သွားတဲ့အခါမှာ သူတို့မှာ အလုပ်အကိုင်တွေလည်း မရှိတော့ဘူး။ သူတို့ရဲ့ အိမ်တွေ ရရှိရေးကို ပြန်လည်ကြိုးစားတာက တဂဏ္ဍ၊ ဒါပေမယ့် သူတို့တွေရဲ့အကြောက်တရား မပြေသေးတဲ့ သူတို့ကို ဒီနေရာမှာ အခြေကျဖို့ ကျွန်တော်တို့က အိမ်ယာတွေ ထူထောင်ပေးဖို့ လိုတယ်။ နောက် အလုပ်အကိုင်တွေ အခွင့်အလမ်းတွေ ရရှိအောင် ဖွံ့ဖြိုးအောင် လုပ်ငန်းတွေ အကောင်အထည်ဖော်ပေးဖို့ လိုတယ်။

    နိုင်ငံတော်အစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေက မိထ္တီလာမြို့ပေါ်မှာလည်း ဒုက္ခသည်တွေ အားလုံးကို သူတို့ရဲ့မူလနေရာတွေမှာ ပြန်ပြီးတော့ လုံ့ခြုံစွာနဲ့ ဘ၀ အခြေချပြီး ပြန်လည်တည်ဆောက်နိုင်ဖို့ သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်လည်ပြီး တပြေးညီ ဖြည့်ဆည်းပေးဖို့၊ အမုန်းတရားတွေ ပပျောက်ပြီးတော့ အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချစ်ချစ်ခင်ခင် လက်တွဲနေထိုင်နိုင်ဖို့၊ သူတို့ရဲ့ ပညာရေး အဆင့်အတန်းတွေ မြှင့်တင်ပေးဖို့ အဲဒါတွေ အားလုံးကို ဟန်ချက်ညီညီနဲ့ နေရာမလပ်ကျန်အောင် ကူညီပေးစေချင်ပါတယ်။ ဒီလိုကြိုးစား ဆောင်ရွက်နေတဲ့ NGO အဖွဲ့အစည်းတွေ၊ လူမူ အရပ်ဖက် အဖွဲ့အစည်းတွေကိုလည်း နိုင်ငံတော် အနေနဲ့ ပံ့ပိုး ကူညီပေးစေချင်တယ်၊ အားပေးစေချင်တယ်။ နိုင်ငံတော်နှင့်အတူ လက်တွဲပြီးတော့ ခေါ်ယူသွားစေချင်တယ်။ အဲဒီ့အခါမှာ ပြည်သူလူထု ကလည်း လူမျိုး၊ ဘာသာ၊ အသွေးအရောင်၊ အနိမ့်အမြင့်၊ ဆင်းရဲချမ်းသာ မခွဲခြားပဲနဲ့ လူသားချင်း စာနာတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ၀ိုင်းဝန်းပြီးတော့ နိုင်ငံချစ်တဲ့စိတ် ပြည်ထောင်စုသား စိတ်ဓာတ်နဲ့ ၀ိုင်းဝန်းကူညီကြစေတယ်။ အဲလိုဆို ကျွန်တော်တို့ တိုင်းပြည်ကြီးဟာ အမြန်ဆုံး  ဖွံ့ဖြိုးမှာပါ ” ဟု M-Media သို့ပြောကြားသည်။

    အဆိုပါ မူလတန်းလွန် ကျောင်းဆောင်အပြီးသတ် ဆောက်လုပ်ပြီး စာသင်ကြားနိုင်ရန် အတွက် အခြား ကျန်ရှိလိုအပ်ချက်အားလုံးကို အလှူရှင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ PCN မှ အပြီးသတ်ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ချက် ချထားပြီးဖြစ်ကြောင်း၊ ၎င်းကျောင်းမှ တဆင့် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် တိုးချဲ့သွားနိုင်ရန် မျှော်လင့်ထားပါကြောင်း၊ အလှူရှင်များ အနေဖြင့် ကလေးသူငယ်များ၏ အနာဂတ်အရေး ဆောင်ရွက်နေခြင်းအပေါ် အသင်တို့လည်း အလ္လာဟ်မျက်နှာသက်သက်ဖြင့် လှူဒါန်း ပါဝင် ကူညီပေးကြပါရန် တိုက်တွန်း နှိုးဆော်ကြောင်း၊ အနယ်နယ် အရပ်ရပ်မှ ဆက်သွယ် လှူဒါန်းလိုသူများ အနေဖြင့် [email protected] သို့မဟုတ် အမှတ် (၂) ၊ ၁၁၉လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်။ ဖုန်း ၀၁-၈၆၁၉၃၇၂သို့ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

  • စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း (ပညာဒါန သင်တန်းများ) ကျိုလီယာမွတ်စလင်မ် သာသနာ့ရံပုံငွေအဖွဲ့မှ ဖွင့်လှစ်မည်။

    ဇူလိုင် ၁၇၊ ၂၀၁၃
    M-Media
    KK

    Training

    ရန်ကုန် ။         ။              ရန်ကုန်တိုင်းဒေသကြီး ကျိုလီယာမွတ်စလင်မ် သာသနာ့ရံပုံငွေအဖွဲ့မှ ပညာဒါန သင်တန်းများအဖြစ် စက်ချုပ်သင်တန်းနှင့် ကွန်ပျူတာသင်တန်းများကို သြဂတ်လ ၁၉-ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

    ကျိုလီယာမွတ်စလင်မ် သာသနာ့ရံပုံငွေအဖွဲ့မှ ပညာဒါန သင်တန်းများအဖြစ် စက်ချုပ်သင်တန်း အမှတ်စဉ်(၅) နှင့် ကွန်ပျူတာသင်တန်း အမှတ်စဉ်(၆)ကို ၁၉.၈.၂၀၁၃ (တနင်္လာနေ့)တွင် အမှတ်(၁)၊ သုခလမ်း၊ (ခ)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၌ ဖွင့်လှစ်မည်ဖြစ်ပြီး လူမျိုးဘာသာရွေး တက်ရောက်သင်ယူနိုင်ကြောင်းလည်း သိရသည်။

    အဆိုပါ သင်တန်းအတွက် ၁၅.၇.၂၀၁၃ မှစတင်၍ သင်တန်းအပ်လက်ခံနေပြီး တက်ရောက်လိုသူများသည် သင်တန်းဝင်ခွင့်ပုံစံအား ကိုယ်တိုင်ဖြည့်သွင်းရမည်ဖြစ်ပြီး လိုင်စင်ဓါတ်ပုံ(၃)ပုံနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများ တက်ရောက်နိုင်ကြောင်းသိရသည်။ ကွန်ပျူတာ သင်တန်းတက်ရောက်မည့်သူသည် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဟုလည်း သိရသည်။

    သင်တန်းနှင့်ပတ်သက်ပြီး သိရှိလိုပါက 01-577473, 01-8551191, 09-73137532 တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

  • မလေးရှားနိုင်ငံ University Tun Abdul Razak (UNIRAZAK) မှ ပညာသင်ဆုများ လျောက်ထားနိုင်

    ဇူလိုင်- ၁၇၊၂၀၁၃
    M-Media

    University Tun Abdul Razak

    University Tun Abdul Razak (UNIRAZAK) မှ ဘွဲ့လွန် သုတေသန ပညာသင်ထောက်ပံ့ဆုများ အတွက် လျှောက်လွှာများ ခေါ်ယူနေပြီ ဖြစ်သည်။ ပညာသင်ဆုများကို မဟာသိပ္ပံဘွဲ့ (စီမံခန့်ခွဲမှုဆိုင်ရာ) နှင့် ဘွဲ့လွန် ပါရဂူ (စီမံခန့်ခွဲမှုဆိုင်ရာ) ဒီဂရီများအတွက် ပေးအပ်ခြင်း ဖြစ်သည်။ ပညာသင်ဆုရရှိသူများသည် research assistant အဖြစ် လုပ်ဆောင်ရမည် ဖြစ်ပြီး Graduate School of Business မှ သူ/သူမ ၏ သုတေသန ပြီးဆုံးသည်အထိ guide လုပ်ပေးမည့် Supervisor တစ်ဦးစီ ချပေးမည် ဖြစ်သည်။ အချိန်ပြည့်ကျောင်းသားများသည် မိမိတို့ ရရှိသော ရက်သတ္တပတ်အတွင်းရှိ နာရီ လေးဆယ်အနက် နာရီ ၂၀ကို Research Project များအတွက်လုပ်ဆောင်ရမည် ဖြစ်ပြီး ကျန် နာရီ ၂၀ကို မိမိတို့၏ ဒီဂရီပြီးဆုံးရေးအတွက် လည်းကောင်း စာပြန်လည် ပို့ချခြင်းဖြင့်လည်းကောင်း၊ လိုအပ်သော Administrative Duties များလုပ်ဆောင်ခြင်းဖြင့် လည်းကောင်း မြှုပ်နှံမှုပြုရမည် ဖြစ်သည်။ research assistant များသည် ပညာသင်ထောက်ပံ့ကြေးအပြင် လစဉ်ထောက်ပံ့ကြေးလည်း ထပ်မံရရှိမည် ဖြစ်သည်။

    Research Assistant များလုပ်ဆောင်ရမည့် သုတေသန နယ်ပယ်များ – Halal supply chain, Social network development, Sustainability management, Economic and social indicators, Emotional labor, Service commercialization and Trans generational entrepreneurship

    ပညာသင်ဆုပေးအပ်မည့် နိုင်ငံ – မလေးရှား

    မည်သူတွေ အတွက်ပေးတာလဲ – မလေးရှားနိုင်ငံသားများ နှင့် နိုင်ငံတကာကျောင်းသားများ လျှောက်ထားနိုင်ပါသည်။

    Research Assistant အဖြစ် စတင် လုပ်ဆောင်ရမည့် အချိန်မှာ ၂၀၁၃ သြဂုတ်လ (၁)ရက်နေ့ဖြစ်ပါသည်။ ဘွဲ့လွန်သင်တန်းသားများအနေနှင့် သုတေသနနှင့် သက်ဆိုင်သော ဘာသာရပ်များဆိုင်ရာ အတန်းများ တက်ရောက်ရန်လိုအပ်သည်။

    မည်သို့လျှောက်ထားနိုင် သလဲ –

    • Graduate School of Business ၀င်ခွင့်အတွက် online applicationကို ဖြည့်စွက်ပါ။
    • Post Graduate Research Scholarship Application Form ကို ဖြည့်စွက်ကာ နှစ်ခုစလုံးကို မိမိတို့ စိတ်ဝင်စားမှုကို ဖော်ပြသော စာနှင့်အတူ Dr.Dewi Amat Sapuan (Bureau for Excellence in Research and Teaching) အီးမေးလ် [email protected] သို့ ပေးပို့ နိုင်ပါသည်။ “2013-2014 UPRS” ဟုခေါင်းစဉ်တပ် ပြီးပေးပို့စေလိုပါသည်။

    လျှောက်ထားနိုင်သည့် နောက်ဆုံးရက် – ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်

    အသေးစိတ် အချက်အလက်များအတွက် အောက်ပါ လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

    Click Here