News @ M-Media

Category: M-Media စာအုပ်စင်

  • သူ့တပည့်များကပြောသော ဆရာကြီး ဦးရာဇတ် အကြောင်း( M-Media စာအုပ် အညွှန်း)

    ဇူလိုင်-၂၁၊၂၀၁၃
    M-Media
    ဗေဒါလမ်း

    u razak cover2

    ၁၉၉၅ ခု (၇၅) နှစ်မြောက်စိန်ရတု အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုထုတ်ဝေသော “သူ့တပည့်များကပြောသော ဆရာကြီး ဦးရာဇတ် အကြောင်း ” စာအုပ်

    ကျွန်တော်တို့ ဆရာကြီးက သူ့ကျောင်းသားတွေ အားကစားမှာ မျက်နှာမငယ်ရအောင် နေရာကျဉ်းကျဉ်းနဲ့ ထိရောက်ထက်မြက်ပြီး တိုင်းပြည်အတွက် အသုံးတည့်မည့် အားကစားကို တည်ထောင်ပေးတယ်။ အဲဒါက ဘာလဲဆိုတော့ ယောက်ျား ပီသပြီး ကိုယ်ခံပညာ ကောင်းကောင်းနဲ့ သူများကို အနိုင်မကျင့်တဲ့ တိုင်းပြည်ကိုလည်း ကာကွယ်နိုင်မယ့် အားကစားဖြစ်တဲ့ လက်ဝှေ့ကို သင်ပေးတာပါ။ မန္တလေးမြို့မှာ လက်ဝှေ့ပညာကို ယောက်ျားလေး စာသင်ကျောင်းတွေပေမယ့် ဘယ်ကျောင်းမှာမှ မသင်ကြရပါဘူး။ ကျွန်တော်တို့ ကျောင်းမှာတော့ အကောင်းဆုံးနည်းပြဆရာကို ဆရာကြီးကငှားရမ်းပြီး လက်အိတ်ဖိုး ဘယ်လောက်ကုန်ကုန် ဆရာကြီးက အကုန်အကျခံပြီး အကျအန သင်ပေးခဲ့ပါတယ်။ ဒါကြောင့် အထက်မြန်မာနိုင်ငံက လက်ဝှေ့လောကဟာ မန္တလေးမှာရှိတဲ့ ဗဟို အမျိုးသားကျောင်းက ပေါက်ဖွားတဲ့ လက်ဝှေ့သမားများရဲ့ လောကပါပဲ။

    (ခင်မောင်ပု-အမျိုးသားကျောင်းသားဟောင်း)

    ဆရာကြီးအကြောင်းကို တခြားသူ ၂၈ ဦးမှရေးသားထားသည့် အတွက် စာအုပ်အဟောင်းဖြစ်သော်လည်း ဆရာကြီးအကြောင်း သိလိုသူများ ရှာဖွေ ဖတ်ရှု.သင့်သည့် စာအုပ်ဖြစ်ပါသည်။

  • အစ္စလာမ်နှင့် မြန်မာ မွတ်စလင်တို့ အပေါ်အထင်အမြင် လွဲမှားမှုများကို ရှင်းလင်းချက် စာတန်းအကျဉ်း

    မေ-၇၊ ၂၀၁၃
    M-Media
    ဗေဒါလမ်း

    အစ္စလာမ်နှင့် မြန်မာ မွတ်စလင်တို့ အပေါ်အထင်အမြင် လွဲမှားမှုများကို ရှင်းလင်းချက် စာတန်းအကျဉ်း  (M-Media စာအုပ်အညွှန်းကဏ္ဍ)

    Sayar U Myint Thein
    ဒေါက်တာမြင့်သိန်း(ငြီမ်းချမ်းလုလင်) ရေးသားသော အစ္စလာမ်နှင့် မြန်မာမွတ်စလင်တို့ အပေါ်အထင်အမြင် လွဲမှားမှုများကို ရှင်းလင်းချက်စာတန်းအကျဉ်း စာအုပ်ပါ။

    စာအုပ်ကို ငြီမ်းချမ်းမှုတည်ဆောက်ရေးကွန်ယက် Peace Cultivation Network (PCN) မှ ဖြန့်ချီပြီး ရောင်းဈေး ၄၀၀ ကျပ်ပါ။

    မာတိကာ
    ၁။ ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ယက်မူဝါဒ ရေးရာ ကော်မတီ၏ အမှာစာ
    ၂။ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သို့လျှောက်ထားခြင်း
    ၃။နိုင်ငံတော်သမ္မတထံ ရှင်းလင်းတင်ပြခြင်း
    ၄။နိဒါန်း(မြန်မာနိုင်ငံမှ ၂၀၁၃ နွေရာသီအကြမ်းဖက်မှုများ)
    ၅။ ၇၈၆ သင်္ကေတ၏အဓိပ္ပါယ်အမှန်မှာ အဘယ်နည်း
    ၆။ဂျီဟာဒ်ဟူသည် မွတ်စလင်မ် မဟုတ်သူများကို သုတ်သင် ရှင်းလင်းခြင်း ဖြစ်ပါသလော
    ၇။အစ္စလာမ်တွင် သာသနာပြု လမ်းညွှန် မည်သို့ရှိသနည်း
    ၈။အစ္စလာမ်က အခြားသာသနာများအပေါ် သဘောထား
    ၉။အစ္စလာမ်တွင်မယား ၄ ဦးယူ၍ သားဖောက်သာသနာပြုခြင်းကို ညွှန်ကြားထားပါသလော
    ၁၀။မြန်မာပြည်တွင်မွတ်စလင်မ်တို့က ဗုဒ္ဓဘာသာ အမျိုးသမီးကို ရအောင်ယူနိုင်ပါက အမျိုးသမီး၏ လူမှုရေး အဆင့်အတန်း အလိုက် ဗလီမှ ဆုငွေများ ထုတ်ပေးနေသည်ဆိုခြင်းမှာ မှန်ကန်ပါသလား
    ၁၁။ဗလီခေါ် အစ္စလာမ်ဝတ်ကျောင်းတော်များသည် ငြီမ်းချမ်းရေးစင်တာများဖြစ်သည်
    ၁၂။မြန်မာမွတ်စလင်မ် လူ့အစုအဝေးသည် မြန်မာနိုင်ငံ၏ မွေးရာပါနိုင်ငံသားများ ဖြစ်ကြသည် စသည်ဖြင့်အကြောင်းအရာ ၁၂ မျိုးကိုအကျဉ်းချုပ် ရှင်းလင်းထားသော စာအုပ်ဖြစ်ပြီး အစ္စလာမ် သာသနာအပေါ် တဘက်သတ်စွတ်စွဲချက်များကို ပြန်လည်ရှင်းလင်းထားသောစာအုပ်ကောင်းတအုပ်ဖြစ်ပါသည်။

    စာမျက်နှာ ၅၆ မျက်နှာ
    ၂၀၁၃ ဧပြီ ၂၂ ထုတ်
    ရောင်းဈေး ၄၀၀

  • ပုလင်းထဲက ယင်ကောင်များ (M-Media စာအုပ်အညွှန်းကဏ္ဍ)

    မေ-၂-၂၀၁၃
    M-Media
    သစ္စာချို

    Yin kg

    ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်ကို ညွှန်းပါရစေ။

    ဒီစာအုပ်ဟာ Intellectual Person တွေအကြား စတင်လှုပ်ခတ်လာတဲ့ ဘာသာပြန်စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်။

    သမိုင်းနဲ့ဒဿနိကပညာကို အထူးစိတ်ဝင်စားသူ အောက်စ်ဖို့ဒ်၊ ဟားဗတ်တက္ကသိုလ်ဆင်း အိန္ဒိယနိုင်ငံသား ဟိန္ဒူလူမျိုး စာရေးဆရာ Ved Mehta က ဘာထရန်ရပ်ဆဲလ်(ဒဿန)၊ အာနိုးတွိုင်ဘီ(သမိုင်း) စတဲ့ ကမ္ဘာကျော်ပညာရှင်တစ်ချို့နဲ့ တွေ့ဆုံမေးမြန်းစုစည်းလိုက်ရာမှ ထွက်ပေါ်လာခဲ့တဲ့ စာအုပ်ဖြစ်ပြီး Fly and the Fly-Bottle လို့အမည်ရပါတယ်။

    ဆရာသန်းစိုးနိုင်က “ ပုလင်းထဲက ယင်ကောင်များ” အမည်နဲ့လှလှပပ ပြန်ဆိုရေးသားထားတာ တွေ့ရပါလိမ့်မယ်။ ဒဿနပညာများနဲ့ငြင်းခုံခြင်း၊ သမိုင်းနှင့်ငြင်းခုံခြင်း ဆိုပြီးအပိုင်း ၂ ပိုင်း ပါဝင်ပါတယ်။

    စတိအမြည်းသဘောအနေနဲ့ အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။ ရှုထောင့်အမြင် အသစ်နဲ့အဟောင်း အားပြိုင်ချက်တွေကို ခံစားရကြပါလိမ့်မယ်။

    ဒေါ်အောင်ဆန်းစုကြည် – “ အန်ကယ်လ်တို့လွတ်လပ်ရေးရခါစက လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြတာ မစုတော့ လုံးဝမှားတယ်လို့ထင်တာပဲ။ ”
    ဆရာလေထီးဗိုလ်အုန်းမောင် – “ မစုရယ်၊ အဲ့ဒီအချိန်က မစုလည်း အရွယ်မရောက်သေး၊ ငယ်သေးလို့ဖြစ်မှာပါ။ အဲ့ဒီခေတ်ကာလအခြေအနေကို အဲ့ဒီတုန်းကရှိနေတဲ့ သမိုင်းရေးဝန်းကျင်၊ သမိုင်းကြောင်းအချက်အလက်တွေနဲ့ နှိုင်းယှဉ်ခံစားပါဝင်ကြည့်မှ သိနိုင်၊ နားလည်နိုင်ပါလိမ့်မယ်။ ဒီနေ့ခေတ်အနေအထားကနေလှမ်းကြည့်ပြီး အဆုံးအဖြတ်ပေးဖို့ဆိုတာ ခက်ပါလိမ့်မယ်။ ” (ဘာသာပြန်သူ၏အမှာစာမှ)

    “ အချင်းချင်းဆွေးနွေးငြင်းခုံနေကြတဲ့ ဒဿနပညာရှင်တွေဆိုတာကလည်း ပုလင်းထဲက ယင်ကောင်တွေလိုပါပဲ။ ပုလင်းထဲက ထွက်ခွင့်ရဖို့ အတွက် ဖောက်ထွင်းမြင်နေရတာကို ပုလင်း နံရံမှန်းမသိဘဲ အတင်း တိုးဝှေ့ရုန်းကန်နေကြတာပါ။ တကယ်က ဒီပုလင်းမှာ အဖုံးမရှိဘူး ဆိုတာကို
    သူတို့ မသိခဲ့ကြရှာပါဘူး။ ” ဒဿနပါရမီရှင်ကြီး Ludwig Wittgenstein (1889-1951)

    “ ကိုယ့်တိုင်းပြည်အင်အား ကြီးထွားတောင့်တင်းစေလိုတဲ့ ဂျာမန်တွေအနေနဲ့ဟစ်တလာလို ယုတ်မာရက်စက်တဲ့လူမျိုးကို ဘာဖြစ်လို့ ခေါင်းဆောင်တင်ခဲ့ကြတာလဲ? ”

    “ အတိတ်ကဖြစ်ရပ်တွေကို အကဲဖြတ်ရာမှာ အဲ့ဒီအချိန်ကတည်ရှိနေတဲ့ အမြင်သဘောထားကျင့်ဝတ်တွေအရပဲ ကျွန်တော်အကဲဖြတ်တယ်။ ကျွန်တော့်အမြင်သဘောထားတွေနဲ့ အကဲဖြတ်ဖို့ မကြိုးစားဘူး။ ” A.J.P. Taylor (1906-1990)

    “ သမိုင်းဆရာရဲ့ အဓိကနဲ့အရေးအကြီးဆုံးတာဝန်ဟာ သမိုင်းဖက်က ရပ်တည်ဖို့၊ သစ္စာရှိဖို့ဖြစ်ပြီး အောင်မြင်သူတွေကို သစ္စာရှိဖို့၊ ရပ်တည်ဖို့မဟုတ်ဘူး။ ” Isaiah Berlin (1909-1997)

    “ လူ့အဖွဲ့အစည်းနှစ်ရပ်ကြားမှာ ခုနှစ်သက္ကရာဇ်တွေ အာကာသ လောက် ကျယ်ပြောကွာလှမ်းခဲ့ကြပေမယ့် လူတွေရဲ့စဉ်းစားတွေးခေါ်ပုံတွေ၊ ကြုံဆုံရတဲ့ ဒုက္ခသုခတွေက မျဉ်းပြိုင်ဆွဲလို့ရအောင် ၊ နှိုင်းယှဉ်လို့ရအောင် တူညီမှုတွေ ရှိကြတယ်။ ” Arnold J. Toybee (1889-1975)

    “ သမိုင်းဆိုတာ စီးဆင်းနေတဲ့မြစ်တစ်စင်းနဲ့တူတယ်။ နှစ်ကြိမ် ဆင်းလို့မရဘူးဆိုတဲ့စကားဟာ သမိုင်းမှာလည်း မှန်တယ်။ ” E.H. Carr (1892-1982)

    ( သစ္စာချို )

  • ဒေါက်တာ သန်းထွဋ်အောင် ရေးသားတဲ့” ပြောပြချင်ပါတယ် ” (M-Media စာအုပ်အညွန်း ကဏ္ဍ)

    ဧပြီ-၂၈-၂၀၁၃
    M-Media
    ဗေဒါလမ်း

    Dr Than Htut Aung
    ၂၀၁၃ ဧပြီလထုတ်ပါ။စာမျက်နှာပေါင်း ၁၆၃ မျက်နှာ။အခန်း(၁)မှာပြောပြချင်ပါတယ် အခန်းဆက်ဆောင်းပါ ၁၁ ပုဒ် ပါရှိပြီး၊ အခန်း ၂ မှာ မိန်.ခွန်း ၂ ခု ၊ အခန်း(၃)မှာ ရနံ.သစ်မဂ္ဂဇင်းနဲ.အင်တာဗျုး စတာတွေပါရှိပါတယ်။

    ပြောပြချင်ပါတယ်စာအုပ်စာမျက်နှာ ၉၀ မှ UWSA “ဝ”တပ်ဖွဲ.အကြောင်းကောက်နုတ်တင်ပြချက်

    “ဝ” ဒေသမှာ “ဝ” လူမျိုးခြောက်သိန်းခန်.ပဲရှိပြီး “ဝ” အမြဲတန်းစစ်တပ်နဲ.အရန်တပ်အင်အား သုံးသောင်းကနေ ငါးသောင်းအထိရှိပါတယ်။ခေါင်းဆောင်အများစုကတရုပ်နိုင်ငံအတွင်းမှာမွေးဖွားခဲ့သူတွေဖြစ်ပါတယ်။ “ဝ” ဒေသအတွင်းမှာ တရုတ်စကားဟာ ဒေသသုံးစကားဖြစ်ပြီးတရုပ်စာကရုံးသုံးစာလိုဖြစ်ပါတယ်။တရုပ်ငွေကြေးကိုသာသုံးစွဲပြီးတရုပ်နိုင်ငံနဲ.သီးခြားနိုင်ငံခြားဆက်ဆံရေးရှိပါတယ်။တရုပ်ဘာသာနဲ.ထုတ်လွှင့်တဲ့ရုပ်မြင်သံကြားဌာနတခုလည်းရှိပါတယ်။

    တရုတ်နိုင်ငံက စီးပွါးရေး လုပ်ငန်းရှင်များဟာ ခဲမဖြူ တူးဖော်ရေးလို လုပ်ငန်းမျိုးကို မြန်မာအစိုးရကို အသိမပေးဘဲလုပ်ကိုင်ပါတယ်။ ဆိုလိုတာက “ဝ” ဒေသဟာ State Within The State ပါ။ “ဝ” ဒေသဟာ လူဦးရေအရ၊ သမိုင်းကြောင်းအရ၊ ဘာသာစကားအရ ပြည်နယ်တခုပေးနိုင်တဲ့ အနေအထားမှာမရှိပါဘူး။ တရုတ်နိုင်ငံကို ရုရှား၊ မြန်မာကို ဂျော်ဂျီယာ၊ “ဝ” ဒေသကို သြဇက်တီးရှား ဒေသလို. နှိုင်းယှဉ်ရင် “ဝ” ပြည်နယ် တောင်းဆိုမှုဟာ ရိုဟင်ဂျာကိုတိုင်းရင်းသား အဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းတာထက် အဆပေါင်းများစွာ အန္တရယ်ကြီးတယ်ဆိုတာကိုတော့ သတိပြုရပါမယ်။

  • လူ့အခွင့်အရေး လက်စွဲ (M-Media စာအုပ်အညွှန်း ကဏ္ဍ)

    မတ်လ ၊ ၁၈ ၊ ၂၀၁၃
    M-Media
    ဗေဒါလမ်း

    Human Right Manual

    လူ.အခွင့်အရေး ပညာပေးရေးဌာန (မြန်မာနိုင်ငံ)ရဲ. ဒါရိုက်တာ ဦးအောင်မျိုးမင်းရေးသားသော HUMAN RIGHT MANUAL လူ.အခွင့်အရေး လက်စွဲစာအုပ် ဖြစ်ပါတယ်။
    စာအုပ်မှာ အခန်း(၁၄) ခန်းပါဝင်ပြီး လူ.အခွင့်အရေးဆိုတာဘာလဲ? လူ.အခွင့်အရေးသမိုင်းကြောင်း၊ နိုင်ငံတကာဥပဒေ၊ အပြည်ပြည်ဆိုင်ရာလူ.အခွင့်အရေးဥပဒေများ၊ အမျိုးသမီးနှင့်ကလေးအခွင့်အရေး၊ NGO များအကြောင်း၊ လူ.အခွင့်အရေးနှင့် ပတ်သက်၍ မှတ်တမ်းတင်ခြင်း၊ တွေ.ဆုံမေးမြန်းခြင်း၊ ပညာပေးခြင်း၊ သတင်းဌာနများနှင့် ဆက်သွယ်ခြင်း၊လူ.အခွင့်အရေးနှင့် ပတ်သက်သော စာချုပ်စာတန်းများ စသည့် အကြောင်းအရာများပါဝင်ပါသည်။

    လူ.အခွင့်အရေးဆိုတာ လူသားအားလုံးအပေါ် ခွဲခြားခြင်းမရှိဘဲ မွေးရာပါ ဂုဏ်သိက္ခာနှင့်အတူ လူတိုင်းရရှိ ခံစားခွင့်ရှိတဲ့ အခွင့်အရေးဖြစ်ကြောင်း၊လူ.အခွင့်အရေးအကြောင်း လူတိုင်းနားလည် သဘောပေါက်လာလျှင် လူတဦးခြင်း၏ ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမှုကို လေးစား တန်ဖိုးထားတက်တဲ့ ယဉ်ကျေးမှု ထွန်းကားလာမှာဖြစ်ကြောင်း စာရေးသူက စာအုပ်အမှာမှာ ရေးသားထားပါတယ်။

    ဒီစာအုပ်က ပြည်ပမှာ ၄ ကြိမ်ရိုက်နှိပ်ခဲ့ဖူးပေမယ့် ပြည်တွင်းမှာတော့ ပထမဆုံးအကြိမ် ဖြန့်ချီတာဖြစ်ပါတယ်။ လူ.အခွင့်အရေးနှင့် ပတ်သက်ပြီး နောက်ဆုံးရ သတင်း အချက်အလက်များကို ယခုအကြီမ်တွင် ဖြည့်စွက်ဖော်ပြထားပါသည်။

    တန်ဖိုး–၂၀၀၀ ကျပ်ပါ။