News @ M-Media
Category: ထွေရာလေးပါး
  • ဥရောပတိုက်က အထူးခြားဆုံး တံတားတစ်စင်း (သို့) Øresund တံတား
    ဇူလိုင်-၂၈၊၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ- မိုးတိမ်
    M-Media ရဲ့ Knowledge အစီအစဉ်အနေနဲ့ ဥရောပတိုက်က အထူးခြားဆုံး တံတားတစ်စင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
    panorama-Oresund-Bridge-Lin
    Øresund ခေါ် Öresund တံတားဟာ ဥရောပက မြို့ကြီးနှစ်မြို့ဖြစ်တဲ့ ဒိန်းမတ်နိုင်ငံ မြို့တော် Copenhagen နဲ့ ဆွီဒင်နိုင်ငံရဲ့ မြို့ကြီး Malmö တို့ကို အထပ်နှစ်ထပ်နဲ့ ဆက်သွယ်ထားတဲ့ တံတားတစ်စင်းပါ။ ရထားလမ်းရောကားလမ်းပါ ပါဝင်ပြီး ရေပေါ် တံတားအနေနဲ့တစ်ပိုင်း ရေအောက်လှိုင်ဂူအနေနဲ့ တစ်ပိုင်းတည်ဆောက်ထားပြီး ထိုအမျိုးအစားတွေထဲက အကြီးဆုံး တံတားတစ်ခုဖြစ်ပါတယ်။
    ၁၉၉၅ မှာ စတင်တည်ဆောက်ပြီး ၁၉၉၉ မှာ ပြီးစီးသွားတဲ့ တံတားကို ၂၀၀၀ ခုနှစ် ဇူလိုင်လမှာ စတင်အသုံးပြုခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံ ကုန်ကျတဲ့ တံတားကို ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့က တဝက်စီ ပိုင်ဆိုင်ပြီး ၂၀၃၅ ခုနှစ်မှာ အရင်းကျေမှာဖြစ်ပါတယ်။
    တံတားဟာ ဆွီဒင်ကမ်းဘက်ကနေ ၅ မိုင်အကွာမှာ တည်ဆောက်ထားတဲ့ လူလုပ်ကျွန်း Peberholm အထိ သွယ်တန်းထားပြီး ကျန်တဲ့ ၂ မိုင်ခွဲကိုတော့ ဒိုင်းမတ်ကျွန်း Amager အထိ ရေအောက်လှိုင်ဂူနဲ့ သွယ်တန်းထားပါတယ်။ တံတားအမြင့် မဆောက်ပဲ အကုန်အကျပိုများတဲ့ ရေအောက်လှိုင်ဂူတည်ဆောက်ရတာကတော့ အနီးအနားမှာရှိတဲ့ Copenhagen အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ လေယာဉ်လမ်းကြောင်းတွေ မရှုပ်ထွေးစေဖို့ပါ။နောက်ပြီး ရာသီဥတုဆိုးရွားတဲ့အချိန်တွေမှာတောင် သင်္ဘောတွေလွပ်လွပ်လပ်လပ် သွားနိုင်အောင်အောင် စီစဉ်ထားတဲ့ Øresund တံတားကို အံ့ဖွယ် အင်ဂျင်နီယာတည်ဆောက်မှု တစ်ခုလို့ သတ်မှတ်ကြပါတယ်။
    Ref: Wiki
  • ရွာဆော်ကြီးစပ်သမျှ PR သင်ပုန်းကြီးဖတ်စာ
    ရွာဆော်ကြီးစပ်သမျှ PR သင်ပုန်းကြီးဖတ်စာ
    ဇွန် ၁၀၊ ၂၀၁၃
    M-Media
    ရေးသူ- ရွာဆော်ကြီး
    ရွာဆော်ကြီးစပ်သမျှ PR သင်ပုန်းကြီးဖတ်စာ
    ငယ်ငယ်တုန်းကတည်းက ကြားဖူးကြသည့်မြန်မာစကားရှိသည်။
    “ပွဲဆူအောင်လုပ်တယ်” “ပွဲစည်အောင်လုပ်တယ်’’ ‘’ပွဲလန့်တုန်းဖျာခင်းတယ်’’ ဆိုပဲ။
    ပွဲနဲ့ပတ်သက်သောစကားများဖြစ်သည်။
    “ပွဲကြိုက်ခင်’’ ‘’ပွဲကြိုက်မောင်’’များလည်း ရှိသည်။
    ‘’ပွဲပျက်အောင်’’တော့ မလုပ်ကြပါစေနှင့်။
    မြန်မာပြည်ကြီးမှာ မိုးတွေရွာနေသည်။
    မိုးတွင်းမို့ မိုးရွာတာမဆန်းပါ။
    မိုးတွင်းမိုးသာမက ‘’အနမ်းမိုး’’ များပါ ရွာနေကြသည်။
    အမေရိကန် သမ္မတကြီးက စ သည်။
    မင်းသား/မင်းသမီးများ စတန့်ထွင်လာပြီ။
    PR မိုးတွေလည်းရွာနေသည်။
    PR သုံးပြီး ပွဲဆူအောင် ဖွကြသည်။
    facebook မှာ နမ်းတဲ့ပုံတွေတင်ကြသည်။
    ကလော်တဲ့သူက ကလော်၊ ပျော်တဲ့သူက ပျော်
    ကလော်သူနဲ့ ပျော်သူတို့ ‘’ဆော်’’ ကြသည်။
    ပွဲဆူသွားသည်။
    ကလော်တာပဲဖြစ်ဖြစ်၊ ပျော်တာပဲဖြစ်ဖြစ်
    ဆော်တာပဲဖြစ်ဖြစ်
    ပို့စ်တင်သူတို့ကြိုက်ကြသည်။
    ကလော်ရာ၊ ဆော်ရာမှ
    တော်တော်အလုပ်ဖြစ်သွားသည်။
    Comment များ သတိထားရေးကြစေလိုသည်။
    PR ထောင်ချောက်ကြီးထဲဝင်သွားမှာ စိုး၍ဖြစ်သည်။
    မျိုးဆက်သစ်များအတွက် ရင်လေးစရာဖြစ်လာသည်။
    အချို့အချို့သောလူကြီးများက
    ဘယာနကရသမြောက်အောင် ဟောနေကြသည်။
    ရေကူးဝတ်စုံနဲ့ မယ်ပြိုင်တဲ့မိန်းကလေး
    မင်္ဂလာအနမ်းနဲ့ ပွဲကြမ်းတဲ့ အဆိုတော်လေး
    မွေးနေ့အမှတ်တရနဲ့  မင်းသမီးကိုချီ,မ ပြတဲ့
    ရှမ်းပြည်နယ်က စိုင်းလူငယ်လေးတို့ကို
    မည်သို့သဘောထားကြမည်လဲ?
    ဂလိုဘယ်လိုက်ဇေးရှင်းပင်လယ်ကြီးထဲက
    ယဉ်ကျေးမှုလှိုင်းတံပိုးအောက်မှာ
    ယဉ်ကျေးမှုတွေ သင်္ဂြိုဟ်ခံနေကြရသည်။
    အချို့ယဉ်ကျေးမှုများ လှိုင်းပေါ်တွင် လူးလွန့်နေသည်။
    အချို့ယဉ်ကျေးမှုများကတော့ လှိုင်းပေါ်မှာ မားမားရပ်တည်နိုင်ကြသည်။
    ‘’လှိုင်းကြီးလှေအောက်”ဟုဆိုသည်မဟုတ်ပါလား
    မြန်မာ့ယဉ်ကျေးမှုလှေကြီး လှိုင်းအောက်မရောက်စေလိုပါ။
    မျိုးဆက်သစ်ပန်းကလေးများကို
    ကောင်းမြတ်သော ယဉ်ကျေးမှု၊ သီလတရားရေစင်များဖြင့်
    ဥာဏ်သစ်လောင်းပေးသင့်သည်။
    PR တွေ တော်တော် ပေါနေသည်။
    မင်းသား/ မင်းသမီး မွေးနေ့လည်း PR
    မင်းသမီး ကလေးမွေးလည်း PR
    အူဝဲ က အူဝဲလေးမွေးတာ
    ကလေးရဲ့  Stem Cell သိမ်းထားသည်ဆိုပါလား
    ရွာဆော်ကြီးတို့ရွာမှာတော့ ထူးခြားဖြစ်စဉ်ဖြစ်သည်။
    မတော်လို့များ ကလေးကြီးလာလို့ နေမကောင်းဖြစ်လျှင်
    ထို Cell ဖြင့် အစားထိုးကုသလို့ရသည်ဆိုပါလား။
    PR သုံးပြီး ဖွ လိုက်ကြသည်။
    အဆင်ပြေသွားကြသည်။
    ဘာပဲဖြစ်ဖြစ် ဒီလို PR မျိုးကတော့ အများအကျိုးဖြစ်စေသဖြင့် ကြိုဆိုပါသည်။
    Facebook မှာ ကွန်ပျူတာနည်းပညာ အခမဲ့သင်တန်းပေးသည့် Fun Page များပေါ်လာသည်။
    ကွန်ပျူတာ၊ တယ်လီဖုန်း Software များ
    Free download ရသည်။
    Open Source System (O/S) ဖြင့်ရေးထားသော
    Software အများစုဖြစ်သည်။
    Share ပေးသော ကွန်ပျူတာပညာရှင်ကြီးများကို လေးစားပါ၏။
    Like လုပ်သူတွေများလာပြီ။
    ကွန်ပျူတာပညာရှင်ကြီးများအရောင်နည်းနည်း စ ပြောင်းပြီ
    နိုင်ငံရေး/ဘာသာရေး/လူမျိုးရေး/ ဟိုအရေး/ဒီအရေးတွေကို
    ‘’ဆွ”လာ ‘’ဖွ”လာကြသည်။
    သြော်….”သူတို့လည်းလေ PR သမားပေမို့”
    သဘောပေါက်လိုက်ပါပြီ
    Fun Page များ အားလုံးကို မပြောရဲပါ။
    လူ့အကျိုးပြု Fun Page များစွာရှိသည်။
    ရွာဆော်ကြီးသဘောပေါက်ပါသည်။
    အားကစားလောက၊ အနုပညာလောက၊ စီးပွားရေးလောက
    အစရှိသည့် လောကပေါင်းများစွာမှ ကျော်ကြားသူအချို့
    နိုက်ကလပ်တွင် မူးပြီးရန်ဖြစ်ကြ
    နောက်ဆုံးပေါ်ကားတွေကို မူးပြီး မောင်းပြီး တိုက်ကြ
    ပြဿနာတွေတက်ကြ၊ ရှင်းကြ။
    မိဘမဲ့ကလေးများဂေဟာ
    ဘိုးဘွားရိပ်သာ၊ ဆေးရုံ၊ ဆေးခန်းများမှာ
    သာရေး/နာရေးအသင်းများမှာ
    ငွေတွေသွားလှူကြ၊ မီဒီယာတွေမှာ ဓါတ်ပုံရိုက်ဖေါ်ပြကြ
    လူထုက သာဓုခေါ်ကြ
    ကဲ…ပြီးသွားပြီ၊ အတိတ်ကဇာတ်လမ်းတွေ
    PR ကန့်လန့်ကာချ။
    ရုပ်ရှင်မင်းသားတစ်ယောက် ဒူးထောက်နေသည်။
    ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး(အဲလေ…ယောင်လို့)
    ရှုတည်တည်ကြီးနှင့်ဖြစ်သည်။
    မီဒီယာသမားများ ၀ိုင်းရံလာကြပြီ
    ဘုရားကျောင်းလူကြီးများရှင်းပြကြသည်။
    ထိုလူကြီးများ တော်တော်, တော် ပါသည်။
    လူအများနားလည်အောင် ရှင်းပြနိုင်ကြသည်။
    ဘုရားကျောင်းထဲကို ဘာသာမရွေးဝင်ခွင့်ရှိကြောင်းကို ဦးစွာပထမထားပြီး ပြောသည်။
    ဓါတ်တော်၊ မွေတော်များထားသည့် နေရာများကဲ့သို့သော
    ဘာသာဝင်များ အမြတ်တနိုးထားသည့်နေရာများအကြောင်းကို
    လူအများနားလည်အောင် ဥပမာပေး၍ ရှင်းပြကြသည်။
    ဒူးထောက်သူမင်းသား၏
    မြန်မာ့ယဉ်ကျေးမှုနှင့်မလျော်ညီကြောင်း ရှင်းပြသည်။
    ၎င်းတို့ဘာသာအကြောင်းတောင် သိပ်မပြောကြပါ။
    လိုအပ်သလောက်သာပြောသွားကြသည်။
    အများနားလည်အောင်ရှင်းပြသောအခါ
    အားလုံးလက်ခံသွားကြသည်။
    ထိုပုဂ္ဂိုလ်များ၏ PR ကြွယ်ပုံကို လေးစားပါသည်။
    တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံး၊ တစ်ရွာလုံး
    PR ခေတ်ပြောင်းရေစီးကြောင်းကြီးထဲ ပါဝင်လာကြပြီ။
    ရွာဆော်ကြီးတို့လူစုတွေ ဘာလုပ်ကြမည်လဲ?
    PR ကို လေ့လာသင့်ပြီ၊ Social Psychology တွေကို နားလည်သင့်ပြီဟုတော့
    မရဲတရဲဖြင့် အကြံပေးပါရစေ။
    တစ်ဖက်မှာလည်း တုတ်နဲ့ဓါးနဲ့
    တစ်ဖက်မှာလည်း PR နဲ့ ၊ Media နဲ့
    ကြားညှပ်သွားလျှင် “မိအေးအခါတစ်ရာမကနာပါလိမ့်မည်”။
    ရွာဆော်ကြီးလည်း PR အကြောင်း လေ့လာပါဦးမည်။
    အခုတော့ သွားလေရာထီးဆောင်နေရသည်။
    စောစောကပြောသလို မြန်မာပြည်ကြီးမှာ မိုးတွေရွာနေသည်မဟုတ်ပါလား
    ကိုယ့်ကိုကိုယ်တော့ လုံအောင် “ကာ” မှဖြစ်မည်။
    ကာရင်းနဲ့ “ကား” မသွားဖို့တော့ လိုမည်ထင်သည်။
    ဒီတစ်ခေါက်တော့ ဒီမျှနှင့်တော်ဦးမည်။
    တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံး၊ တစ်ရွာလုံး
    ကျန်းမာချမ်းသာကြပါစေ။
    ပြောချင်တာပြောပြီးမှ
    Comment များတွင် အကြိမ်းခံရမှာစိုး၍
    PR သုံးတာ မဟုတ်ပါ။
    ရိုးသားဖြူစင်စွာမေတ္တာပို့ခြင်းဖြစ်ကြောင်းဝန်ခံရင်း….
    အမှားပါရင်ခွင့်လွှတ်ကြပါရန် ပန်ကြားရင်း….။   ။
    • PR – Public Relation – လူမှုပေါင်းသင်းဆက်ဆံရေးနည်းဗျူဟာ / လူမှုပေါင်းသင်းဆက်ဆံရေးအတတ်ပညာ
    • ဘယာနကရသ – ကြောက်ရွံ့ထိတ်လန့်မှုဖြစ်စေသည့် ရသခံစားမှု။
    • ၀ံသာနုတရား – မျိုးစောင့်တရား/မျိုးချစ်တရား
  • “အပြာ”
    “အပြာ”
    ဖေဖော်ဝါရီ ၂၀ ၊ ၂၀၁၃
    M-Media
    ကျော်မိုးအောင်
    ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ ဝတ္ထုတိုတစ်ပုဒ်ပါ။ ရောင်စုံ သူပုန်တွေ နယ်တွေမှာ ကြီးစိုးနေစဉ်ကပေါ့ … ရွာသားတွေခမျာ တစ်ဖွဲ့ကလာလိုက် မင်းတို့က ဘာရောင်လဲမေးလိုက် (ကွန်မြူနစ် အလံနီလား … ရဲဘော်ဖြူလား … ဘယ်ဘက်ကိုထောက်ခံတာလဲဆိုတာပါ။) ရွာသားတွေကလည်း အလိုက်အထိုက် လာတဲ့သူပေါ်ကြည့်ပြီး သူ့အရောင်ကို ဖြေပေးလိုက်၊ နောက်တစ်ဖွဲ့ကမေးရင် သူ့အကြိုက် လိုက်ဖြေလိုက်ရ …. တစ်ခါတစ်လေ နှစ်ဖက်လုံးက မကျေနပ်ရင်လည်း အထုအထောင်း ခံလိုက်ရနဲ့ပေါ့လေ။
    တစ်ခါမှာတော့ ထုံးစံအတိုင်း မင်းတို့ ဘာရောင်လဲဆိုတော့ ရွာသားတစ်ယောက်က ကျွန်တော်တို့က အပြာပါတဲ့။ ထူးထူးဆန်းဆန်း … မရှိသေးတဲ့ အဖွဲ့လားပေါ့ … မေးခွန်းထုတ်စရာ။ သူပြန်ဖြေပုံက … ဘယ်သူလာလာ … အထောင်းခံ၊ အထုခံ… အားလုံးကို ပြာနေအောင် ကြောက်နေရတဲ့ အပြာတွေပါတဲ့။
    ကျွန်တော်တို့ကတော့ ကွန်မြူနစ်ခေတ် မဟုတ်လည်း အပြာကတော့ အပြာပဲ။ မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်တုန်းကတည်းက မွဲပြာပုဆိုး အပ်ကြောင်းထပ်နေတဲ့ ဇာတ်ဆရာ အလိုကျ ဇာတ်ထုတ်ထဲမှာ အသုံးတော် ခံနေရစဲပါပဲလား။
    ဘယ်အဖွဲ့ တက်တက် .. ဘယ်သူလာလာ … အထောင်းခံ၊ အထုခံ၊ ခလုတ်တိုက်ခံ၊ ပြဿနာ အရှာခံ၊ စည်တော်ကြီး အတီးခံ၊ ဆွမ်းကြီးအလောင်းခံ၊ အဆဲအဆို အပုတ်အခတ်ခံ … အားလုံးကို ပြာနေအောင် ကြောက်နေရတဲ့ အပြာဘဝတွေမှာပါပဲလား။
    အဖိုးတို့ကို အားနာလိုက်တာဗျာ …..။
    ကျွန်တော်တို့ကတော့ …. အင်း ဒေါက်တာသန်းထွန်းရေ …. “အ” မြဲ “အ” လျက်ပါပဲဗျာ။ အအ တွေကြား ရုန်းကန်နေရစဲ၊ အမုန်းခံနေရစဲ …. ကုန်းခံနေရစဲပါပဲဗျာ။
    by ကျော်မိုးအောင် FB မှ ကူးယူဖော်ပြသည်။
  • တရားမျှတမှု လိုလားသည်
    ဖေဖော်ဝါရီ ၁ ၊ ၂၀၁၃
    M-Media
    စိန်စံထိုက် (ဟံသာမြေ)
    justice5(၅.၆.၂၀၁၂) နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှ ဖေါ်ပြချက်အရ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် မွတ်စလင်မ် ခရီးသွား (၁၀)ဦးအား လူ (၃၀၀)ခန့်မှ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခဲ့ကြောင်း ဖေါ်ပြ ပါရှိပါသည်။
    ဤဖြစ်စဉ်နှင့် ပက်သက်၍ (၆.၆.၂၀၁၂) ရက်စွဲဖြင့် ပြည်ထောင်စု ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကြောင်း သိရှိရသည်။
    ယခု ၂၀၁၃ ဖေဖော်ဝါရီလ ရောက်သည့်တိုင် ထိုအဖွဲ့မှ တရားခံတစ်ဦးကိုမျှ ဖေါ်ထုတ် အရေးယူသည်ကို မကြားသိရပါ။
    သို့သော်လည်း (၂၄.၉.၂၀၁၂) နေ့ထုတ် (Voice) ဂျာနယ်တွင်
    (ကျောက်တော်လူသတ်မှု တရားခံဟု ယူဆရသူ ဘင်္ဂါလီခြောက်ဦးကို ဖမ်းဆီး) ဟူသော ခေါင်းစဉ်ဖြင့် ဖေါ်ပြရာတွင် “ရခိုင် အမျိုးသား ဦးကျော်မောင်ချေ အား သတ်ဖြတ်မှုဖြင့် (၁၁.၉.၂၀၁၂) နေ့၌ ကျူးလွန်သူဟု ယူဆရသူများကို ပုဒ်မ ၃၀၂ ဖြင့် အရေးယူ စစ်ဆေးလျှက်ရှိကြောင်း ဖေါ်ပြပါရှိပါသည်။”
    ဤဖြစ်စဉ်နှစ်ခုအား လေ့လာသုံးသပ်ရာတွင် တောင်ကုတ်မြို့ပေါ်တွင် လူ (၃၀၀)ခန့်က လူ (၁၀) ဦးအား အကြမ်းဖက် သတ်ဖြတ်သော တရားခံကို ယခု (၈)လတာ ကြာသည်အထိ တစ်စုံတစ်ရာ ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိပါဘဲ….
    ကျောက်တော်နယ်ရှိ လယ်ကွက်တစ်ခုအတွင်း ဓါးဒဏ်ရာဖြင့် သေဆုံးနေသော အမှုတွဲနှင့် ပက်သက်၍ တရားခံဟု ယူဆရသူ (၆) ဦးအား (၁၃) ရက်အတွင်း ဖမ်းဆီးနိုင်သော ဖြစ်စဉ်နှင့် နှိုင်းယှဉ်ပါက အသိဥာဏ်ရှိသူတိုင်း အခြေအနေအမှန်ကို တွက်ဆ ခန့်မှန်းနိုင်မည်ဟု ယူဆပါသည်။
  • ခေတ်ဆိုး စနစ်ဆိုးကြောင့် ဖြစ်တည်လာသော အငုံ့ကြောက်စိတ်
    ခေတ်ဆိုး စနစ်ဆိုးကြောင့် ဖြစ်တည်လာသော အငုံ့ကြောက်စိတ်
    အောက်တိုဘာ၊ ၃၀၊ ၂၀၁၂
    M-Media
    မိုးရဲဆောင်းရဲ
    တွေးမိတွေးရာလေးတွေပါ…
    ဇွန်လ ရခိုင် တောင်ကုတ်ကိစ္စတွေအပြီး ဇွန်လ ၁၀ ရက်နေ့မှာ မလေးရှား ကွာလာလမ်ပူကို Financial Training တခု သွားတက်ရပါတယ်… လွန်ခဲ့တဲ့ ၂လလောက်ကတည်းက စာရင်းသွင်းငွေသွင်းပီးသား Training ပါ… အတူသွားရတာက ဗုဒ္ဒဘာသာ ညီမလေးတစ်ယောက်နဲ့ပါ… အဲဒီ ညီမလေးနဲ့လက်ထပ်မယ့် ရခိုင်သားမောင်လေးက လေဆိပ်မှာကျွန်မကိုအထပ်ထပ် အပ်ပါတယ်…
    “အစ်မ စိတ်ချမယ်နော်… ကျွန်တော့်ညီမလေးကို အမလက်ထဲအပ်ပါတယ် စောင့်ရှောက်ပေးပါတဲ့…”
    ကျွန်မတို. Ampang Point နားမှာ တည်းပါတယ်… Training နေရာက Myanmar Embassy နားက Lanson Place Ambassador Row Residences မှာပါ… ရောက်တဲ့ညမှာပဲ ရခိုင်တွေကိုမလေးမွတ်စလင်တွေက ဓါးနဲ့လိုက်ခုတ်တယ်… အဲနောက်တော့ မဟုတ်ဘူး မွတ်စလင်တွေကိုရခိုင်တွေကလိုက်သတ်တာ ဆိုပီးသတင်းတွေကြားပါတယ်… ကျွန်မတို့တည်းတဲ့ Ampang နားမှာလည်း ရခိုင်တွေနေတာ များတယ်လို့လည်း သိရပါတယ်… မနက် မိုးလင်းတော့ မနက်စာကို ဟိုတယ် အောက်ထပ်က ဟိုတယ် စားသောက်ဆိုင်မှာ စားရပါတယ်…
    ကျွန်မနဲ့အတူသွားတဲ့ ညီမလေးက မျက်စိမျက်နှာပျက်ပီး မစားနိုင်ပါဘူး… မြန်မြန်သွားရအောင်လို့ပဲ လောနေပါတယ်… ဘာဖြစ်လို့လဲညီမလေး ဆိုတော့ ညီမလေးက ဗမာဆိုတော့ မလေးမွတ်စ်လင်တွေ ဓါးနဲ့လာခုတ်မှာ ကြောက်လို့တဲ့… ပြီးတော့ မှတ်တိုင်၂ခုလောက်ပဲရှိလို့ ဘတ်စ်နဲ့သွားရအောင်ဆိုတာကို မွတ်စလင် ကြားထဲမသွားရဲဘူးမမ… Taxi နဲ့ပဲသွားရအောင်… ညီမလေးကိုဗမာဆိုပီးတခုခုလုပ်လိုက်မှာ ကြောက်လို့တဲ့… ကျွန်မကိုတောင် သူကပြောလိုက်သေးတယ် မမက မြန်မာပြည်မှာဆိုရင်တော့ မွတ်စ်ပေါ့တဲ့ ဒါပေမယ့်မလေးမှာတော့ မမကဗမာပြည်ကလာတာပဲ… မမလည်းသတိထားပါတဲ့… ကျွန်မတောင် ကြောက်ချင်သလိုလို ဖြစ်သွားပါတယ်… ဒါနဲ့ပဲ မလေးတကျပ်လောက်ကုန်မယ့် ခရီးကို နေ့တိုင်း ၁၅ကျပ်လောက် အကုန်ခံပီး Taxi နဲ့သွားရပါတယ်…
    Twins Tower သွားရအောင်ဆိုလဲ သူ့မှာကြောက်… သူဘာဆောင်ထားလဲဆိုတော့ ပုဝါလေးတထည် ဆောင်ထားပါတယ်… ဘာလုပ်တာလဲ ညီမလေးဆိုတော့ ဆန္ဒပြတဲ့လူအုပ်တွေ့ရင် ကုလားမလေးနဲ့တူအောင် ပုဝါခြုံမလို့တဲ့… ကျွန်မမှာ ငိုအားထက်ရီအားသန် ဖြစ်ရပါသေးတယ်… ကျွန်မတို့Training တက်မယ့်ဟိုတယ်နားက Myanmar Embassy ကို ဆန္ဒလာပြမယ်လို့ ကြားနေတာကိုး…
    ကျွန်မတို့ကလည်း ကွာလာလမ်ပူမှာလည်မယ်ဆိုပီး လက်မှတ်ကို Training ပြီး ၂ရက်နေမှပြန်မယ်ဆိုပီးကြိုဖြတ် ထားကြတော့ဒုက္ခများပါလေရော… လက်မှတ်ကလည်း ရက်ပြောင်းချင်ရင် ၄၂ ဒေါ်လာ ထပ်ပေးရမယ်တဲ့… နှမြောလည်းနှမြော လည်လဲလည်ချင်တယ်ဆိုတော့ အဲဒီညီမလေးမှာ ကြောက်လို့ မြို့ထဲမှာမလည်ရဲရှာပါ… မြို့ပြင်ဖြစ်တဲ့ Sunway Lagoon ကိုတရက် Genting Highland ကိုတရက်သွားခဲ့ရပါတယ်… သောကြာနေ့က Sunway မှာ တနေကုန်နေကြပီး သံရုံးရှေ့မှာဆန္ဒပြပွဲတွေပြီးပြီဆိုမှ ကျွန်မတို့ပြန်လာခဲ့ကြပါတယ်…
    ဒီညီမလေးက အလကား ရှာကြံကြောက်နေတာလို့ ကျွန်မအပြစ် မတင်ရက်ပါဘူး… ဒါဖြစ်လေ့ဖြစ်ထရှိတတ်တာပဲ…
    ဒီလိုနဲ့ရက်တွေကြာလာ လတွေကြာလာပြီးတော့ အခုရက်ပိုင်းမှာပြသနာတွေကပိုပိုဆိုးလို့လာပါတယ်… ကြားရတဲ့သတင်းတွေ ဒုက္ခတွေကြောင့် ကျွန်မတို့တွေလဲ Stress တွေအင်မတန်များကြပါတယ်… အိပ်ရေးတွေပျက်ပါများလို့ ဒီနေ့ကျွန်မ ခွင့်ယူလိုက်ပါတယ်… နားမလို့ပါဆိုကာမှ ရုံးကအရေးကြီးလို့ဖုံးဆက်ခေါ်ပါတယ်… ကျွန်မလည်း နေ့လည်ထမင်းစားပီးမသွားမဖြစ် သွားရပါတယ်… ထုံးစံအတိုင်း အလုပ်တွေ ရှုပ်နေလို့ ည ၇ နာရီမှာ Taxi နဲ့ပြန်လာပါတယ်… ကြုံတုန်းကြော်ငြာဝင်ရမယ်ဆိုရင်တော့ ကျွန်မဟာလုံးဝကြောက်တတ်တဲ့ သူမျိုးမဟုတ်ပါဘူး… တခါတခါ ည ၁၀ နာရီaလာက်မှရုံးကနေ အိမ်ပြန်တတ်ပါတယ်… အဲဒီတုန်းကတော့ ကိုယ့်ဟာကိုကားမောင်းပြန်တာပေါ့…
    ဒီနေ့တော့ မိုးချုပ်တဲ့အချိန်မှာ ပထမဆုံး Taxi နဲ့ပြန်တာပါ… သူငယ်ချင်းတွေဆီက ဖုံးတွေကလဲတရစပ် လာနေတော့ ကျွန်မတို့ဘာသာ ထုံးစံအတိုင်း “အပ်စလာမိုအာလိုင်ကွန်း” ဆိုပီးမှ ကျွန်မစကားစပြောတာပေါ့လေ… ဟိုတစ်ယောက်ဆီကလာလိုက် အပ်စလာမိုအာလိုင်ကွန်း ပြောလိုက် … ဒီတစ်ယောက်ဆီဆက်လိုက် အပ်စလာမိုအာလိုင်ကွန်းပြောလိုက်နဲ့ လုပ်နေရင်းဖိတ်စာတခုဝင်ယူစရာရှိလို့ ကားမောင်းသူကို ဘယ်လမ်းကပြန်မှာလဲဟင် ဆိုပီးလှမ်းမေးလိုက်တော့ ကားမောင်းတဲ့ သူက ရခိုင်သံဝဲ၀ဲနဲ့ ဥိးဝိစာရကလို့ဖြေပါတယ်… ကျွန်မ ကျောချမ်းသွားပါတယ်… ကြည့်လိုက်တော့မှ ရခိုင်လူငယ်လေးတစ်ယောက်ပါ ဘာလုပ်ချင်လို့လဲ မာဆတ်ဆတ်နဲ့ သူဆက်မေးတာကို ဘာမှမဟုတ်ပါဘူးဖြေပြီး တစ်ခါမှမဖြစ်ဘူးတဲ့ ကြောက်စိတ်က ဖြစ်လာပါတယ်… တကယ်တော့ သူ့ဟာသူစကားမာဆတ်ဆတ် ပြောတတ်တာလည်း ဖြစ်ချင်ဖြစ်မှာပါ… အမလေး ငါရဲ့ စလာမ်ပေးသံကြားတော့ မွတ်စ်မှန်းသူသိပီပေါ့… င့ါရုပ်ကလဲ ငြင်းလို့ရတာမှမဟုတ်တာ… ငါ့များ တခုခု လုပ်လိုက်ရင်ဒုက္ခ… ခု Taxi အသစ်တွေက တံခါးကို သူတို့ပိတ်လိုက်ရင် ဖွင့်မရဘူး… တနေရာ ခေါ်သွားရင်ဒုက္ခဆိုပြီး… ဘယ်လိုကို ကြောက်မှန်းမသိပါဘူး… မနေ့က မောင်လေးတွေကပြောတယ်… အမတို့ဘာမှမဖြစ်စေရဘူး ဖုံးသာဆက်လိုက်လို့ ပြောတယ်… ငါဖုံးဆက်လိုက်ရင် ကောင်းမလား… Text Message လှမ်းပို့လိုက်ရမလား မသိဘူး လျောက်တွေးနေတုန်း ဟိုဟာလုပ်ရကောင်းနိုးနိုး ဒီဟာလုပ်ရကောင်းနိုးနိုးလျှောက်စဉ်းစားနေရင်းနဲ့ပဲ အိမ်ရှေ့ကိုရောက်လာပါတယ်…
ုပိုက်ဆံလှမ်းပေးလိုက်တော့.. ကျေးဇူုးပဲနော်အမ ဆိုပီး ရခိုင်သံဝဲ၀ဲနဲ့ပြုံးပြ နှုတ်ဆက်သွားပါသေးတယ်… အမလေး ငါ့နှယ်နော် ဖြစ်မှ ဖြစ်ရလေ ဆိုပီးအိမ်ပေါ် လှမ်းတက်လာရင်းမှ ငါဘာလို့ ဒီလို ဖြစ်ရတာလဲဆိုတဲ့ မဆုံးနိုင်တဲ့ အတွေးတွေတစ်သီကြီး တွေးနေမိရင်း ဒီစာလေး ကို ရေးဖြစ်တာပါ…
    ခေတ်ဆိုးစနစ်ဆိုးကြောင့် အငုံ့ကြောက်စိတ်များ ဖြစ်တည်လာခြင်းလို့ပဲ ခေါင်းစဉ် တပ်ပါရစေတော့…
    မိုးရဲဆောင်းရဲ FB စာမျက်နှာမှ