News @ M-Media

Category: ဆောင်းပါး

  • ဂျေရုဆလင်ရှိ  အတ်က်ဆွာ ဗလီဝတ်ကျောင်းနှင့် စပ်လျဉ်း၍ လူသိနည်းသော အချက်(၈)ရပ်

    ဂျေရုဆလင်ရှိ အတ်က်ဆွာ ဗလီဝတ်ကျောင်းနှင့် စပ်လျဉ်း၍ လူသိနည်းသော အချက်(၈)ရပ်

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media

    8ThingsYou-Didnt-Know-about-Masjid-Al-Aqsa
    အစ္စလာမ့်သမိုင်းတွင် ပထမဦးဆုံးလက်ရာဟု ယူဆထားသည့် ကျောက်သားပေါင်း မိုးခုံးအား အုမိုင်ယဒ်မင်းဆက် ခလီဖဟ် အဗ်ဒုလ် မာလစ်က် အိဗ်နု မရ်ဝါန်မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

    ဂျေရုဆလင်ရှိ အတ်က်ဆွာ ၀တ်ကျောင်းတော်မှာ ကမ္ဘာ့အငြင်းပွားမှုအကြီးမားဆုံး နယ်မြေအတွင်း၌ တည်ရှိနေသည်။ လူတို့သည် ၎င်းအား ထိန်းချုပ်ရေးအတွက် နှစ်ထောင်ပေါင်းများစွာ အာသာငမ်းဖြစ်နေခဲ့ကြသည်ဟု ဆိုလျှင် လွန်မည်မထင်ပါချေ။

    မွတ်စ်လင်မ်တို့၏နှလုံးသားအတွင်း ၎င်းသည် ရင်နှစ်သည်းချာ နေရာတစ်ခုအဖြစ် တည်ရှိနေ၏။ ထိုနေရာမှာ တမန်တော်မြတ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)၏ အစ္စရာ့အ်နှင့် မိအ်ရာ့ဂ်ျ ခရီးစဉ်အတွင်း ခရီးတစ်ထောက်နားခိုရာ ဖြစ်ခဲ့သည်။ လူ့သမိုင်းကြောင်း၌ အကြီးမြင့်ဆုံး အံ့ဘနန်းစုရုံးရာမြင်ကွင်းတစ်ရပ်လည်း ဖြစ်တည်ခဲ့သည်။ အကြောင်းကား လောကတစ်ခွင် ပွင့်ပေါ်ခဲ့သည့် စေတမန်တော်အပေါင်းသည် ထိုနေရာဝယ် တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)၏ နောက်မှ စုံညီစုပေါင်း ၀တ်ပြုခဲ့သောကြောင့် ဖြစ်ပေသည်။

    သို့တိုင် ယင်း မတ်စ်ဂျိဒ် အတ်က်ဆွာနှင့်စပ်လျဉ်း၍ ယနေ့တိုင် လူသိနည်းသောအချက်များ ရှိနေပါသေး၏။

    ၁။ ၎င်းသည် ဗလီဝတ်ကျောင်း တစ်လုံးတည်းသာရှိသည့် အဆောက်အဦ မဟုတ်
    ————————————————————-
    ကျွန်ုပ်တို့မှ မတ်စ်ဂျိဒ် အတ်က်ဆွာဟု သိရှိကြသော ရပ်ဝန်းပေါ်တွင် မျိုးတူဗလီများစွာ ရှိနေပါ၏။ ၀တ်ကျောင်းတော်ကြီး၏ တောင်ဖက်စွန်းထောင့်ဖက်ရှိ အဆောက်အဦကို ကျွန်ုပ်တို့မှ မတ်စ်ဂျိဒ် အတ်က်ဆွာဟု ထင်မှတ်လျက်ရှိသည်။ စင်စစ်မှာမူ ၎င်းမှာ ကစ်ဗ်လီ ၀တ်ကျောင်းတော် ဖြစ်၏။ ကစ်ဗ်လဟ်မျက်နှာမူရာ အရပ်နှင့် အနီးဆုံးဖြစ်၍ ယင်းသို့ ခေါ်ဆိုခြင်းပင်။ ထိုတောင်ကုန်း တစ်ခုလုံးသည်ပင် မတ်စ်ဂျိဒ် အတ်က်ဆွာ ဖြစ်ပါသည်။ ရှုပ်ထွေးမှုကင်းစေရေး အတွက် ရံဖန်ရံခါ ဟရာမုလ် ရှရီးဖ် ဟု ရည်ညွှန်းသုံးနှုန်းလေ့ရှိသည်။  သို့သော် ယင်းရပ်ဝန်းပေါ်တွင် အခြားဝတ်ကျောင်းတော်များလည်း တည်ရှိနေပြီး   သမိုင်းဝင်ဖြစ်ရပ်များနှင့် ဆက်နွှယ်လျက်ရှိပြန်သည်။ ဥပမာ – ဗုရာ့က်ဗလီ၊ မရ်ဝါနီဗလီ စသည်များ။

    ၂။ ၎င်းသည် သင်္ချိုင်းမြေပြင် ဖြစ်သည်
    —————————————-
    တမန်တော်များ၊ တမန်တော်မြတ် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)၏ နောက်လိုက်သာဝကတော်များ အရေအတွက် မည်မျှအထိ ထိုနေရာ၌ မြှုပ်နှံသင်္ဂြိုလ်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာများ မရှိသော်လည်း အများအပြားမြုပ်နှံခဲ့သည်မှာ အသေအချာပင်။ ဥပမာ – တမန်တော် စုလိုင်မာန်(ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ)အား ထိုနေရာ၌ မြုပ်နှံခဲ့ခြင်း ဖြစ်နိုင်ချေများ၏။ အကြောင်းသော် တမန်တော် တစ်ပါးပါး ကွယ်လွန်လျှင် ကွယ်လွန်သည့်နေရာ၌ မြုပ်နှံရစမြဲသာဖြစ်သည်။ ထို့ပြင် တမန်တော်မြတ် (ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)သည်လည်း အလားတူပင် ညွှန်ကြားခဲ့ကြောင်း ဟဒီးဆ်တော်များတွင် တွေ့ရသည်။

    ၃။ တစ်ချိန်က အမှိုက်များစွန့်ပစ်သည့်နေရာ ဖြစ်ခဲ့သည်
    —————————————————–
    မြို့တော်အတွင်း ဂျူးလူမျိုး တစ်ဦးတစ်လေမျှ နေထိုင်ခွင့် မရခဲ့စဉ်ကာလက ဒေသခံရောမလူမျိုးတို့သည် ၎င်းဝတ်ကျောင်းတည်ရာ တစ်ဝိုက်ကို အမှိုက်များ စွန့်ပစ်သည့် နေရာအဖြစ် အဓိက အသုံးပြုခဲ့ကြသည်။ အုမရ်(ရဿွိ)မှ မြို့တော်အား ကိုယ်ပိုင်လွတ်လပ်ခွင့် ပေးလိုက်သည့်အခါ သူကိုယ်တိုင် မိမိ၏လက်ဗလာဖြင့် အမှိုက်သရိုက်များအား ရှင်းလင်းပေးခဲ့သည်။ သို့သာမက  သူသည် ဂျူးတို့အား ရာစုများစွာ နယ်နှင်ထားမှုကို ရုပ်သိမ်းစေပြီး အနီးအနားရှိ အပယ်ခံရွာမှ မိသားစုပေါင်း (၇၀)ကို မြို့ထဲ ပြန်နေရန် ဖိတ်ကြားကာ တန်းတူညီမျှအခွင့်အရေး ပြန်လည်ရရှိအောင် ဖော်ဆောင်ပေးခဲ့သည်။

    ၄။ အိမာမ် အလ် ဃဇာလီမှ သူ၏ပြိုင်စံရှား ကျမ်းဂန် ရေးသားခဲ့သောနေရာ
    —————————————————————————–
    အစ္စလာမ့်စာပေ၌ အကျော်ကြားဆုံး ကျမ်းတစ်စောင်ဖြစ်သည့် အိဟ်ယာ အုလူးမုဒ် ဒီးန် ကျမ်းကြီးကို အစ္စလာမ့်မဟာ ပညာရှင် အိမာမ် အဗူ ဟာမစ်ဒ် အလ် ဃဇာလီမှ ရေးသားခဲ့သည်။ ကုရ်အာန်နှင့် ဟဒီးဆ် သွန်သင်မှုများအပေါ် အခြေခံ၍ လူ့စိတ်သဘောကို နက်ရှိုင်းစွာ ထိုးထွင်းထုတ်ဖော် တင်ပြနိုင်သည့် အရည်အသွေးကြောင့် မဇ်ဟဗ်(အစ္စလာမ့်ဥပဒေရေးရာ အတွေးအမြင်လမ်းကြောင်း)အားလုံးမှ ကြည်ညိုလေးစားခံရသူ ဖြစ်သည်။ လူတို့မှ လုံးဝနီးပါး မသိရှိကြသည်မှာ အလ် ဃဇာလီသည် မတ်စ်ဂျိဒုလ် အတ်က်ဆွာ၌ ကာလ တစ်ရပ်အထိ နေထိုင်ပြီး ထိုကျမ်းကို ရေးသားခဲ့သည့်အကြောင်းပင်။ သူနေထိုင်ခဲ့သည့် အခန်းဟောင်းနေရာကို ၀တ်ကျောင်းတော်ရှိ အဆောက်အဦတစ်ခုတွင် ထင်ရှားစွာ တွေ့ရဆဲဖြစ်သည်။

    ၅။ မြင်းဇောင်း၊ နန်းတော်၊ ကွပ်မျက် ခန်းမဆောင်များ အဖြစ် အသုံးပြုခဲ့ခြင်း
    ——————————————————————-
    ပထမ ခရူးဆိတ်စစ်သည်များမှ ဂျေရုဆလင်ကို သိမ်းပိုက်သောအခါ မွတ်စ်လင်မ်ဦးရေ အများစုသည် အတ်က်ဆွာ ၀တ်ကျောင်းတော်အတွင်း ပိတ်မိနေခဲ့သည်။ ပိတ်မိနေသူများအနက် လူပေါင်း ခုနစ်သောင်းခန့် ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။ ၎င်းနောက် ကစ်ဗ်လီ ၀တ်ကျောင်းတော်ကို နန်းတော်အဖြစ် ပြောင်းလဲခဲ့သည်။ ကျောက်သားပေါင်းမိုးခုံးအား ၀တ်ပြုဆုတောင်း ခန်းမအဖြစ် အသွင်ပြောင်းခဲ့သည်။ မြေအောက်ခန်းမများကို မြင်းဇောင်း အဖြစ် ပုံပြောင်းခဲ့သည်။ လက်မွန်မဆွ စုပြုံသတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့သည့် မွတ်စ်လင်မ်တို့သည်လည်း နောက်ပိုင်းတွင် ၀တ်ကျောင်းတော်၏ဗဟိုအနီး ကားစင်တင် ကွပ်မျက်ခံရသည်။ ယင်းတစ်ခုတည်းသော လက်ဝါးကပ်တိုင်(ကားစင်)ကို ဆွလာဟုဒ္ဒီးန် မှ ရိုက်ချိုးခဲ့သည်။ ယင်းကားစင်၏ အောက်ခြေကို ယနေ့တိုင် တွေ့မြင်နိုင်သည်။

    ၆။ ဒဏ္ဍာရီဆန်သော ဓမ္မပလ္လင်တစ်ခု ရှိခဲ့သည်
    ————————————————
    အစ္စလာမ့်သမိုင်းမှ သူရဲကောင်းကြီး တစ်ဦးဖြစ်သည့် နူးရုဒ္ဒီးန် ဇင်ကီသည် ခရူးဆိတ် စစ်ဆင်သူများထံမှ အတ်က်ဆွာဝတ်ကျောင်းအား အဆုံးသတ်ပြန်လည် ရယူနိုင်သောအခါ မတ်စ်ဂျစ်ဒ် အတွင်း ထည့်သွင်းရန် ပြုလုပ်ခဲ့သော ဓမ္မပလ္လင်တစ်ခု ရှိခဲ့သည်။ ဤပလ္လင်မှာ တင့်တယ်ထယ်ဝါသည်သာမက ၎င်းကို ကော်တစ်စက် သံတစ်ချောင်း အသုံးမပြုဘဲ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၀မ်းနည်းစရာကောင်းသည်မှာ နူးရုဒ္ဒီးန်သည် အောင်ပွဲကို မြင်တွေ့ရသည်အထိ အသက်မရှည်ခဲ့ချေ။ သို့သော် သူ့အားဆက်ခံသော ဆွလာဟုဒ္ဒီးန်က ဆရာဖြစ်သူ၏ ဆန္ဒကို ဖြည့်ဆည်းနိုင်ခဲ့သည်။ အစ္စလာမ့်သမိုင်းတွင် ဂျေရုဆလင်အား ဒုတိယအကြိမ်မြောက် လွတ်လပ်နယ်မြေဖြစ်စေခဲ့ပြီးချိန်၌ ယင်းဓမ္မပလ္လင်ကို ထည့်သွင်းခဲ့၏။ ၎င်းသည် ပန်းပု၊ ပန်းတည်းပညာရှင်များအကြား ယနေ့တိုင်အောင် ပြောစမှတ်ပြုရသည့် လက်ရာဖြစ်ခဲ့သည်။  ကံဆိုးလှစွာဖြင့် ဤဓမ္မပလ္လင်သည် (၁၉၆၉) ခုနှစ်တွင် သြစတေးလျနိုင်ငံသား ဇီယွန်ဝါဒီတစ်ဦး၏ မီးရှို့ဖျက်ဆီးမှုကို ခံခဲ့ရသည်။

    ၇။ မူလပုံဟန်ပျောက်သွားသော ကျောက်သားပေါင်းမိုးခုံး
    ————————————————————–
    အစ္စလာမ့်သမိုင်းတွင် ပထမဦးဆုံးလက်ရာဟု ယူဆထားသည့် ကျောက်သားပေါင်းမိုးခုံးအား အုမိုင်ယဒ်မင်းဆက် ခလီဖဟ် အဗ်ဒုလ် မာလစ်က် အိဗ်နု မရ်ဝါန်မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လက်ဦးပထမတွင် သစ်သားအခံ
    ကြေးနီ၊ ခဲသတ္ထု သို့မဟုတ် ကြွေထည်အဖုံးဖြင့် တည်ဆောက်ခဲ့သည်။ သို့သော် နှစ်တစ်ထောင်နီးပါး ကြာမြင့်ပြီးနောက် အော်တိုမန် ခလီဖဟ် စုလိုင်မာန်လက်ထက်တွင် ပေါင်းမိုးကို တောက်ပသည့်ရွှေရောင်တင်၍ အဆောက်အဦမျက်နှာစာကို အော်တိုမန်လက်ရာကြွေပြားများဖြင့် ဆင်ယင်လိုက်လေသည်။

    ၈။ ပြာပုံဘ၀ ရောက်ခဲ့ဖူးသည်
    ——————————-
    (၁၉၆၇)ခုနှစ်တွင် ဂျေရုဆလင်သည် မွတ်စ်လင်မ်တို့၏လက်မှ တတိယအကြိမ် လွတ်ထွက်သွားပြန်ပြီး အစ္စရေးတို့၏ထိန်းချုပ်မှုအောက် ရောက်ရှိသွားသည်။ ကျူးကျော်အောင်နိုင်သော အစ္စရေးစစ်သားတို့က ၎င်းတို့၏အလံကို ပေါင်းမိုးခုံးပေါ် လွှင့်တင်ခဲ့ကြသည်။ မတ်စ်ဂျိဒုလ် အတ်က်ဆွာအား ပြောင်ပြောင်တင်းတင်း ထိန်းချုပ်ထားခြင်းဖြင့် မွတ်စ်လင်မ်ကမ္ဘာအား မပြတ်တမ်း အမျက်ထွက်အောင် ဆွပေးရာရောက်နေမည်ကို အစ္စရေးအကြီးအကဲများက သိနားလည်ခဲ့သည်။ မွတ်စ်လင်မ်တို့အား အမျက်ဖြေ၍ အာသာဆန္ဒလျော့ပါးသွားစေရန် ၎င်းတို့က သာသနာ့ဝတ္ထိကမြေ အတုအယောင်တစ်ခုကို အသုံးချခဲ့ကြသည်။ လက်တွေ့ အလုပ်ဖြစ်ခဲ့သည်။

    (၁၉၆၉)ခုနှစ်တွင် သြစတေးလျလူမျိုး ဇီယွန်ဝါဒီတစ်ဦးသည် နူးရုဒ္ဒီးန်၏ ဓမ္မပလ္လင်အား မီးရှို့ရာ မီးမငြိမ်းသတ်နိုင်တော့သဖြင့် ကစ်ဗ်လီ ဗလီတစ်ခုလုံးလည်း မီးလောင်ကျွမ်းသွားသည်။ ဆိုးသွမ်းပါသည်ဆိုသော ပါလက်စတိုင်းသားများသာ ရသည့်နည်းနှင့် မီးကို ငြိမ်းသတ်ခဲ့ကြ၏။ အွမ္မသ်ထုတစ်ရပ်လုံး အတွက် ရှက်ဖွယ်လိလိ ဖြစ်ခဲ့ရသည်။

    ၎င်းနောက်တွင် ၀တ်ကျောင်းတော်ကို ပြန်လည်တည်ဆောက် မွမ်းမံခဲ့ကြသည်။ သို့သော် အစ္စလာမ်၏ တတိယမြောက် အမြင့်မြတ်ဆုံးနယ်မြေမှာ ယနေ့တိုင်အောင် စော်ကားခံနေရ၏။ ဗလီဝတ်ကျောင်းတစ်ခုလုံး၏အုတ်မြစ်များကို အစဖျောက်ဖျက်ထားခြင်း၊ ၀င်ရောက်လည်ပတ်ခွင့်မပြုခြင်း၊ ရှေးဟောင်းကျောင်းတော်အား ပြန်လည်တည်ဆောက်ရန် နေ့စဉ်နှင့်အမျှ ဒုက္ခပေးနေခြင်း စသည်တို့အား လက်ရှိကြုံဆုံနေရလေသည်။ မတ်စ်ဂျစ်ဒ် အလ် အတ်က်ဆွာကတော့ (လွတ်လပ်ခြင်းကို) မျှော်လင့်စောင့်စားနေဆဲ …………။

    ** မုဟမ္မဒ် ၀ါဂျစ်ဒ် အခ်သာရ် ၏ 8 Things You Didn’t Know about Masjid Al-Aqsa ကို မင်းထွဋ်ခေါင်မှ ဆီလျော်အောင်ပြန်ဆိုသည်။

  • နှစ်တစ်ထောင်ကျော် မေ့လျော့ခံရသည့်  မွတ်စ်လင်မ့် အမွေအနှစ်မှ အားကစားများ

    နှစ်တစ်ထောင်ကျော် မေ့လျော့ခံရသည့် မွတ်စ်လင်မ့် အမွေအနှစ်မှ အားကစားများ

    စက်တင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media

    ပရော်ဖက်ဆာ စာလင်မ် အလ်ဟတ်ဆာနီက (Spring 2012 Runnymede Bulletin – Sport) မှာ “မွတ်စ်လင်မ့်အမွေအနှစ်မှ အားကစားများ”ဆိုပြီး ဆောင်းပါးတို တစ်ပုဒ် ရေးသားခဲ့တယ်။ ဥရောပမှာ အမှောင်ခေတ်ဖြစ်ဆဲအချိန် အစ္စလာမ်ကမ္ဘာမှာတော့ အနုပညာ၊ သိပ္ပံနဲ့ အားကစားကဏ္ဍမှာ ရွှေခေတ်ရောက်ရှိနေခဲ့ကြောင်း အဲ့ဒီထဲ တခုတ်တရ ထည့်ရေးထားပါတယ်။ ဒီကာလရှည်ကြီး အတွင်း ဂန္ထ၀င် အစ္စလာမ့်လောကထဲမှာ အရဗီလို ရိယာဇာ လို့ခေါ်တဲ့ အားကစား အမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေခဲ့ပြီး ဒီအစဉ်အလာဟာ လက်ရှိ အချိန်ထိ ပျိုးထောင်စီးမျောလာခဲ့ပါတယ်။

    ဒါဟာ မွတ်စ်လင်မ်၊ တရုတ်နဲ့ အိန္ဒိယက ခရစ်သက္ကရာဇ် ၇၀၀ က ၁၇၀၀ ကာလ နှစ်တစ်ထောင်ဝန်းကျင် လူ့ယဉ်ကျေးမှုအတွင်း လူတို့မေ့လျော့ထားတဲ့ကိစ္စ တစ်ရပ် ဖြစ်နေတယ်။ ယနေ့ ကျွန်တော်တို့ရဲ့ပညာရေး စနစ်ဟာ အမှောင်ခေတ်၊ အလယ်ခေတ်က ဥရောပတိုက်ရဲ့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သချာင်္ပညာရပ်တွေကို လျစ်လျူရှုပြီးသကာလ ရောမနဲ့ဂရိက ဥရောပပညာတန်ဆောင်ခေတ်ဆီ ခုန်ပေါက်ပြီး ကြည့်နေကြတယ်။ ဥရောပယဉ်ကျေးမှုတစ်ဖက်မှာ ရှိခဲ့တဲ့ သိပ္ပံပညာရှင်တွေ၊ တီထွင်ချက်တွေကို ဥပေက္ခာပြုထားကြပါတယ်။

     

    1000_Years_Amnesia
    ဇွတ်အတင်းမေ့ဖျောက်ခြင်းနှင့် မေ့လျော့အောင်ကြံဆောင်ခြင်း ပုံပြချက်

    ဒီလို လုပ်ဆောင်ချက်ကြောင့် ဥရောပလက္ခဏာထဲ အကဲလွန်အရှုပ်အထွေး၊ အခြားလက္ခဏာတွေထဲ အဆင့်လျှော့အရှုပ်အထွေးကို ကြီးမားစေသော ပြဿနာဖြစ်လာစေ ပါတယ်။ ဒီ ပုံပြချက်က ပြဿနာကို ရှင်းလင်းထားပြီး ဖြေရှင်းသင့်ပုံကိုပါ တင်ပြထားပါတယ်။ နှစ်ပေါင်း (၁၀၀၁)နှစ် လစ်ဟာမှုကို တွေ့ရမှာဖြစ်သလို အဲ့ဒီကွက်လပ်မှာ တရုတ်၊ ပါးရှန်း၊ အိန္ဒိယနဲ့ မွတ်စ်လင်မ့်ယဉ်ကျေးမှုတွေကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။

    ယဉ်ကျေးမှုချင်း အပြန်အလှန် ထိထိရောက်ရောက်လေးစားရေးနဲ့ လူမှုဆိုင်ရာသဟဇာတဖြစ်ရေးအတွက် အားကစား အပါအ၀င် သင်ကြားနေကြတဲ့ ဘာသာရပ်အားလုံးကို အခြားယဉ်ကျေးမှု အမွေအနှစ်များ၊ အထူးသဖြင့် မွတ်စ်လင်မ့်အမွေအနှစ်နဲ့ ဥရောပ ပညာတန်ဆောင်ခေတ် မရောက်မီ စပိန်က ယဉ်ကျေးမှုများထဲက အကျိုးပြုစွမ်းဆောင်ချက်တို့ကို တိုးမြှင့် ထည့်သွင်းသွားဖို့ လိုအပ်ပါတယ်။

    မွတ်စ်လင်မ့် ယဉ်ကျေးမှုထဲက အားကစားကဏ္ဍကို အထူးပြုဖော်ပြလိုပါတယ်။ မွတ်စ်လင်မ်တွေဟာ ရှေးခေတ် မွတ်စ်လင်မ်လောကကို သာမက အားကစား တိုးတက်ရေးမှာလည်း  ကြီးကြီးမားမား အကျိုးပြုခဲ့ပါတယ်။ ဥပမာအားဖြင့် ခရစ်ကက်အားကစားနည်းကို ဗြိတိသျှနည်းလမ်းအဖြစ် ကျွန်တော်တို့အားလုံး လက်ခံထားသော်လည်း တကယ်တော့် ဒီကစားနည်းဟာ ခရစ် (၇၀၀)ခုနှစ် အိန္ဒိယမြောက်ပိုင်းကနေ စတင်မြစ်ဖျားခံလာတာပါ။  အဲ့ဒီကနေတဆင့် ဗြိတိသျှတို့ မွေးယူလိုက်ရာမှ အနောက်တိုင်းဖက်မှာ ထိပ်တန်းအဆင့်အဖြစ် ရွေ့လျောသွားခဲ့ရတာပါ။ နောက်တစ်ခုကတော့ ပိုလိုကစားနည်းပါပဲ။ အဲ့ဒါက ပါးရှားပြည်နဲ့ အာဖဂန်နစ္စတန်က ရှေးဟောင်းကစားနည်းတစ်ခုဖြစ်တယ်။ မွတ်စ်လင်မ်တွေဟာ အဲ့ဒီအားကစားနည်းကို အလွန်နှစ်သက်ခဲ့ကြတယ်။ အမျိုးသားရော အမျိုးသမီးတွေပါ ပါဝင်ခဲ့ကြကြောင်း မှတ်တမ်းများမှာ ဖော်ပြထားပါတယ်။

    Ruqaya_Al-Gassra
    (၂၀၀၆)ခုနှစ် ဒိုဟာတွင် ကျင်းပသည့် (၁၅)ကြိမ်မြောက် အာရှအားကစား ပွဲတော်တွင် မီတာ(၂၀၀) တာတိုပြေးပွဲ၌ ဗိုလ်စွဲပြီး ရွှေတံဆိပ်ရခဲ့သူ Ruqaya al-Ghasara ။ မီတာ ၁၀၀ နှင့် ၂၀၀ တွင် ဗိုလ်စွဲခဲ့သည်။

    တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမှုခညောင်းပါစေ)လည်း အားကစားကို နှစ်သက်မြတ်နိုးတော်မူခဲ့တယ်။ တမန်တော်မြတ်ရဲ့ဖြစ်စဉ်/ဓလေ့/သြ၀ါဒ (ဟဒီးဆ်) မှတ်တမ်းမှာ ကိုယ်တော်ဟာ မိမိကြင်ရာတော် အာအိယှဟ်နဲ့ အပြေးပြိုင်ခြင်းကို ဖော်ပြထားတယ်။ ပထမအကြိမ်မှာ အာအိယှဉ် အနိုင်ရပြီး ဒုတိယအကျော့မှာ ကိုယ်တော်မြတ်က အနိုင်ရခဲ့တယ်လို့ တွေ့ရပါမယ်။ ထို့အတူ ကိုယ်တော်မြတ်ဟာ ကလေးငယ်များကို ရေကူး၊ မြင်းစီး၊ လေးမြား အတတ် သင်ကြားပေးဖို့ မိဘတွေကို တိုက်တွ န်းအားပေးတော်မူခဲ့တယ်။

    အားကစားကို အရဗီလို ရိယာဇဟ် လို့ခေါ်ပါတယ်။ ထူးခြားမှုတစ်ခုကတော့ သင်္ချာပညာနဲ့ ဆူဖီတို့ရဲ့နာမ်ပိုင်းလေ့ကျင့်ခန်းကိုလည်း ဒီစကားလုံးကို အသုံးပြုတာပါပဲ။ မွတ်စ်လင်မ့်အမွေအနှစ်က အားကစားဟာ ခန္ဓာ၊ အသိဥာဏ်နဲ့ စိတ်ကို လေ့ကျင့်ခြင်းနဲ့ တွဲထားပါတယ်။ အားကစားရဲ့သဘောသဘာဝဟာ ရိုးသားမျှတမှု၊ ယုံကြည်စိတ်ချမှု၊ သဘောထားကြီးဦးစားပေးမှုကဲ့သို့သော ရုပ်ပိုင်းနာမ်ပိုင်း စံပြအပြုအမူတို့နဲ့ ဆက်နွယ်နေပါတယ်။ စပိန်၊ စစ္စလီ၊ အစ္စတန်ဘူ(ကွန်စတန်တီနိုပယ်)နဲ့ အခြားကမ္ဘာ့ဒေသများကို မွတ်စ်လင်မ်တို့ ရောက်ချိန်တုန်းက ပါဝင်သူတွေကို အန္တရာယ်ဖြစ်စေသော သက်စွန့်ထိုးသတ်ပွဲနဲ့ အလားတူကစားနည်းဖြစ်တဲ့ အားကစားအားလုံးကို ပိတ်ပင်ထားကြတယ်။ အဲ့ဒီအချိန်က မွတ်စ်လင်မ်တွေအနေနဲ့ အလဲထိုးစနစ်သာ မတင်ပြခဲ့ကြရင် လက်ဝှေ့အားကစား ဖြစ်လာမှာ မဟုတ်ပါဘူး။

    လက်ရှိကာလမှာ အိုလံပစ်ပွဲတော်အတွင်း မွတ်စ်လင်မ်ကမ္ဘာက အားကစားသမား၊ အားကစားမယ်တွေ တအုံတကျင်း ၀င်ပြိုင်တာကို လက်ရှိမှာ ကျွန်တော်တို့ သတိထားမိကြပါပြီ။ အမျိုးသမီးယှဉ်ပြိုင်သူရာခိုင်နှုန်း မြင့်မားမှုက စိတ်ဝင်စားစရာ တစ်ခုပါပဲ။ အလားတူစွာ လူတွေစိတ်ဝင်စားကြတာက မွတ်စ်လင်မ်အမျိုးသမီးတွေ ဟိဂျာ့ဗ်ဝတ်စုံနဲ့ ပြိုင်ပွဲဝင်လာကြတာပဲ ဖြစ်ပါတယ်။ ဟိဂျာ့ဗ် ဆိုတာ အစ္စလာမ့်ဥပဒေ(ရှရီအဟ်)နဲ့အညီ မျက်နှာနဲ့လက်ကိုသာ ဖွင့်ဖော်ထားရတဲ့ အမျိုးသမီးဆိုင်ရာ ၀တ်စားဆင်ယင်မှုပါ။ (၂၀၀၈)ခုနှစ်မှာ ဘာရိန်းသူ Ruqaya al-Ghasara က မီတာ ၁၀၀နဲ့ ၂၀၀ တာတိုပြေးပွဲမှာ ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့တယ်။ သူမရဲ့ တစ်ကိုယ်လုံး လုံခြုံစွာ ဆင်ယင်ပြီး ပြိုင်ပွဲဝင်ခဲ့ပုံက ကမ္ဘာကို အံ့အားသင့်သွားစေခဲ့တယ်လေ။

     

    Muslim Heritage တွင် ဖော်ပြထားသည့် “A 1000 Years Amnesia: Sports in Muslim Heritage” ဆောင်းပါးကို မင်းထွဋ်ခေါင် ပြန်ဆိုရေးသားသည်။

  • မွတ်စ်လင်မ်တို့ကို အဓမ္မဘာသာ ပြောင်းစေလိုကြသော ဟိန္ဒူ အမျိုးသားရေး ၀ါဒီများ

    မွတ်စ်လင်မ်တို့ကို အဓမ္မဘာသာ ပြောင်းစေလိုကြသော ဟိန္ဒူ အမျိုးသားရေး ၀ါဒီများ

    စက်တင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    -မြင့်မိုရ်မောင်မောင် ဘာသာပြန်သည်။

    RSS-BJP
    BJP နှင့် RSS ခေါင်းဆောင်များ

    “ဟိန္ဒူ ဂယက် စတင်ရိုက်ခတ်နေပါပြီ။ ဆယ်နှစ်အတွင်း  ခရစ်ယာန်နဲ့ မွတ်စ်လင်မ် အားလုံးကို ကျွန်တော်တို့ ဘာသာ ကူးပြောင်းသွားစေမယ်” ဟု ဟိန္ဒူတက်ကြွလှုပ်ရှားသူနှင့် Rashtriya Swayamsevak Sangh (RSS) အဖွဲ့သား ရာဂျက်ရှ်ဝါဆင်းမှ ပြောကြားသည်။

    ဟိန္ဒူတက်ကြွလှုပ်ရှားသူ ရာဂျက်ရှ်ဝါဆင်းသည် အိန္ဒိယရှိ နှစ်ရာချီသော မတူကွဲပြားသည့်ဘာသာရေးကို အဆုံးသတ်ရန် ဘာသာတစ်ခုတည်းသို့ အကုန်အစင် ကူးပြောင်းလာရေးအတွက် ပြင်းပြင်းထန်ထန် မုန်းမာန်အပြည့်နှင့် ဆောင်ရွက်နေသည်။

    သူ့အသံက လမ်းကျဉ်းတစ်ဖက်ရှိ ပရိုတက်စတင့် ဘုရားကျောင်းနံရံများကိုပင် ပဲ့တင်ရိုက်ခတ်သွားပါ၏။ ဆင်းသည် လွန်ခဲ့သည့်ရက်သတ္တပတ်က အခြားဘာသာ တရားများကို အမုန်းတရားဖြင့် ဆန့်ကျင်သောလုပ်ရပ် တစ်ခု ပြုလုပ်ခဲ့၏။ ၎င်းမှာ ဒေလီမြို့တောင်ဖက် ၁၄၀ ကီလိုမီတာ(၈၇ မိုင်)ရှိ ဟာဆာယန်မြို့ငယ်မှ ခရစ်ယာန်မိသားစု တစ်ခုကို ဟိန္ဒူဘာသာသို့ ကူးပြောင်းရန် အဓမ္မလုပ်ဆောင်ခြင်းဖြစ်သည်။

    သူသည် ထိုမိသားစု၏ အိမ်ရှေ့ခြံဝင်းထဲရပ်လျက် ဇာတ်နိမ့်ကူးပြောင်းသူများအား သန့်စင်ရာ ရိုးရာမီးဒုတ်ကိုကိုင်ပြီး “ငါတို့ ဟိန္ဒူလူ့အဖွဲ့အစည်း သန့်စင်ရေးပြု ရတော့မယ်။ ဘာရသ်(အိန္ဒိယ)ထဲမှာ ချာ့ခ်ျဘုရားကျောင်း သို့မဟုတ် ဗလီဝတ်ကျောင်းရဲ့ လျှို့ဝှက်အကြံအစည်တွေကို အထမြောက်အောင် ခွင့်မပြုနိုင်တော့ဘူး” ဟု ပြောဆိုခဲ့သည်။

    မေလအတွင်း ၀န်ကြီးချုပ် နာရင်ဒြာမိုဒီ အာဏာရလာခြင်းကြောင့် သူ၏ ဟိန္ဒူအမျိုးသားရေး ပါတီ(BJP) ခေါင်းဆောင်များ သွေးကြွလာကာ ဆင်းကဲ့သို့ လက်ျာစွန်းရောက် တက်ကြွလှုပ်သူတို့နှင့် ပူးပေါင်းခဲ့ကြသည်။ ၎င်းနောက် အိန္ဒိယ၏ ဗဟုဝါဒ အခြေခံ စည်းမျဉ်းဥပဒေအား စိန်ခေါ်သည့်အားဖြင့် အိန္ဒိယကို ဟိန္ဒူတိုင်းပြည် အဖြစ် ပြောင်တင်းစွာ ကြေငြာရန် တာစူလာကြသည်။

    အိန္ဒိယလူဦးရေ (၁.၂၇)ဘီလီယံ၏ ငါးပုံတစ်ပုံမှာ ဟိန္ဒူဘာသာဝင်များ မဟုတ်ကြ။

    နိုင်ငံတော်ကို အထွဋ်အထိပ်ရောက်စေရန် ဟိန္ဒူ များသွေးစည်းရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသည့် အမျိုးသားရေးဝါဒီ အဖွဲ့အစည်း RSS က ဆင်းအား သိမ်းသွင်းထား၏။

    RSS က မိုဒီအား နိုင်ငံရေးလောကထဲ ငယ်ရွယ်နုပျိုစဉ်ကပင် တွန်းပို့ခဲ့သည်။ ၎င်း၏အမာခံ အင်အားတို့က အိန္ဒိယ၏ အချက်အခြာနယ်ပယ်များ၌ သူ၏မေလရွေးကောက်ပွဲ အနိုင်ရရန် အခိုင်အမာ ရပ်တည်ပံ့ပိုးခဲ့သည်။ ယခု ဟာဆာယန်မြို့တည်ရှိသော လူဦးရေအများဆုံး ဥတားပရာတက်ရှ် ပြည်နယ်တွင် အကြီးအကျယ်အောင်ပွဲခံခဲ့သည်။

    အထွေထွေရွေးကောက်ပွဲကာလကတည်းက အဓိကကျသည့် ကက်ဘိနက် ရာထူးများနှင့် ပါတီ၏ ထိပ်တန်းခေါင်းဆောင်များတွင် အဖွဲ့ဝင်များ ခန့်အပ်ခံရခြင်းနှင့်အတူ RSS မှာ လျင်မြန်စွာအားကောင်းလာခဲ့သည်။

    မိုဒီ၏ ငယ်ပေါင်း RSS ခေါင်းဆောင် မိုဟန်ဘဂ၀ါ့သ်၏ တစ်ယူသန်စကားများ အရှိန်ပြင်းထန်လာရာ မိုဒီ အနိုင်ရမှုအပေါ် စိတ်လှုပ်ရှားနေသည့် သန်းချီရှိသော ဆင်းကဲ့သို့ လူစားများကို သွေးကြွသွားစေသည်။

    “အင်္ဂလန်မှာနေတဲ့သူဟာ အင်္ဂလိပ်၊ ဂျာမဏီမှာ နေတဲ့သူဟာ ဂျာမန်၊ ယူအက်စ်မှာနေတဲ့သူဟာ အမေရိကန် ဖြစ်ရသလိုပဲ ဟင်ဒူစတန်(အိန္ဒိယ)မှာနေတဲ့သူဟာလည်း ဟိန္ဒူတွေ ဖြစ်ရမယ်” ဟု ဘဂ၀ါ့သ်က အိန္ဒိယ မွတ်စ်လင်မ်များနှင့် ခရစ်ယာန် လူနည်းစုတို့အပေါ် အမျက်ချောင်းချောင်းထလျက် ပြောကြားခဲ့သည်။

    သို့ဖြင့် ဘာသာရေးကို အမျိုးသားရေး လက္ခဏာအဖြစ် ဖော်ကျူးနေသူများနှင့် ဘာသာစုံနိုင်ငံ တစ်ခုအသွင် ခံယူထားသည့် လစ်ဘရယ်သမားတို့အကြား အတွေးအမြင် အက်ကြောင်းထစေသည့် တုန့်ပြန်ချက်များဖြင့် အချေအတင် ဖြစ်လာကြတော့သည်။

    အချစ် ဂျိဟာ့ဒ်
    —————-
    ကွဲလွဲငြင်းခုံမှုကို အရှိန်မြှင့်တင်၍ RSS ဆက်နွှယ်အုပ်စုများသည် “အချစ် ဂျိဟာ့ဒ်” ဆန့်ကျင်ရေး ကမ်ပိန်းတစ်ရပ်အား ထပ်ဆင့် တက်လှမ်းလာသည်။ အချစ်ဂျိဟာ့ဒ် ဟူသော အသုံးအနှုန်းသည် ဟိန္ဒူ အမျိုးသမီးများကို ထိမ်းမြားခြင်း နည်းလမ်းဖြင့် မွတ်စ်လင်မ် ဇာတ်သွင်းသော ဗျူဟာဟု ၎င်းတို့ဖာသာ သတ်မှတ်ခေါ်ဆိုမှုဖြစ်၏။

    ယခင်ရဲဌာနစစ်ဆေးချက်များ၌ ၎င်းအချစ် ဂျိဟာ့ဒ်နှင့်စပ်လျဉ်းသည့် မည်သည့် အထောက်အထားမျှ  မတွေ့ရှိကြ။ သို့သော် အဆိုပါ အယူအဆမှာ မကြာသေးမီ ရက်သတ္တပတ်များအတွင်း အိန္ဒိယ အလယ်ပိုင်းတခွင်၌ ယုံမှတ်ခြင်း များပြားလာကြသည်။ ၎င်းသည် လူများစု၏ အခြေအမြစ်မဲ့ ဖန်တီးသော ကြံစည်ချက် ဓာတ်ပြားဟောင်းဟု သုံးသပ်မှတ်ယူရမည့်အစား အလယ်အလတ် အိန္ဒိယများကိုပင် ရံဖန်ရံခါ အကြမ်းဖက်တုန့်ပြန်မှု ဖြစ်သွားစေသည်။

    “အချစ် ဂျိဟာ့ဒ်” ဟုအမည်ပေးထားသော လက်ကမ်းစာစောင်ကို နိုင်ငံအ၀ှမ်း ဟိန္ဒူမင်္ဂလာပွဲများ၊ ရိုးရာပွဲတော်များ၊ ကောလိပ်ကျောင်းပြင်ပများ၌ RSS အဖွဲ့ဝင်များမှ ကျယ်ကျယ်ပြန့်ပြန့် ရိုက်နှိပ်ဖြန့်ဝေလျက်ရှိသည်။

    “ကျွန်တော်တို့ အတွေ့များတာကတော့ ဟိန္ဒူအမျိုးသမီးနဲ့ မွတ်စ်လင်မ်အမျိုးသားတို့ မေတ္တာသက်ဝင်ကြတယ်။ မိဘတွေရဲ့ဆန္ဒကိုဆန့်ကျင်ပြီး လက်ထပ်ထိမ်းမြားကြတယ်။ ဒါတွေက မေတ္တာနှောင်ဖွဲ့မှုပါ၊ အချစ်ဂျိဟာ့ဒ် မဟုတ်ပါဘူး” ဟု ဥတားပရာဒက်ရှ် ပြည်နယ်ရဲမှူးကြီး A.L. Banerjee မှ ရိုက်တာသို့ ပြောကြားသည်။

    သို့တစေ ဆင်းကဲ့သို့ လှုပ်ရှားတက်ကြွသူများက ဟိန္ဒူဝါဒဖက်သို့ ပြန်လည်ဦးလှည့်ရေးအတွက် ကာကွယ်အရေးယူရန်လိုအပ်ကြောင်း အမြင်ထားရှိကာ တစ်ဆင့်တက်လာကြသည်။

    ကနဦးပိုင်းဖော်ပြချက်ဖြစ်သော သောကြာနေ့က ဘာသာကူးပြောင်းပွဲအပြီးတွင် ခေါင်းတုံးထားသော ဆင်းက “ “ဟိန္ဒူဂယက် စတင်ရိုက်ခတ်နေပါပြီ။ ဆယ်နှစ်အတွင်း  ခရစ်ယာန်နဲ့ မွတ်စ်လင်မ်အားလုံးကို ကျွန်တော်တို့ ဘာသာကူးပြောင်းသွားစေမယ်” ဟု အားပါးတရပြုံး၍ ပြောဆိုလိုက်သည်။

    စနေနေ့ဝတ်ပြုတော်အသင်း ဓမ္မဆရာဖြစ်ခဲ့ပြီး ဟိန္ဒူဘာသာသို့ ကူးပြောင်းလာသူ (ကမ္ဘာကျော် မွတ်စ်လင်မ် ဗိသုကာလက်ရာ တဂ်ျမဟာလ် တည်ရှိရာ)အဂ်ရာမြို့မှ လုပ်ငန်းရှင်တစ်ဦးလည်း ၎င်း၏အဖွဲ့သားများ၌ ပါဝင်သည်။

    “BJP က ဒို့ရဲ့နိုင်ငံရေးအဖွဲ့၊ ဒို့ရဲ့ညီနောင်တွေဖြစ်တယ်။ သူတို့ ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ တပ်အပ်ဆိုခဲ့တယ်။ မိုဒီက ဟိန္ဒူခေါင်းဆောင်ဖြစ်တယ်။ ဒါဟာ ဒို့တွေရဲ့ ရွှေခေတ်ပဲ” ဟု ဆင်းက ပြောသည်။

    ဆင်း၏ ဆယ်နှစ်တာ တွက်ကိန်းသည် အိန္ဒိယလူဦးရေပမာဏ၏ (၁၅)ရာခိုင်နှုန်းဖြစ်သော  မွတ်စ်လင်မ်လူဦးရေ (၁၇၅)သန်းရှိပြီး ကမ္ဘာ့တတိယမြောက် မွတ်စ်လင်မ်အများဆုံး နိုင်ငံတစ်နိုင်ငံ၌၊ အလားတူစွာ အခြား ဘာသာတရားများလည်း တည်ရှိနေသည့် တိုင်းပြည်တစ်ခု၌ အဘယ်ကဲ့သို့ လက်တွေ့ကျနိုင်ပါမည်နည်း ?

    World Bulletin မှ India’s Hindu nationalists aim to ‘convert’ Muslims သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင်ပြန်ဆိုရေးသားသည်။

  • အငြင်းပွားဖွယ် မြန်မာ့သန်းခေါင်စာရင်း

    အငြင်းပွားဖွယ် မြန်မာ့သန်းခေါင်စာရင်း

    စက်တင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    -မြင့်မိုရ်မောင်မောင်  ဘာသာပြန်သည်။

    အဖိနှိပ်ခံလူနည်းစုဝင်တစ်ရပ်ကို အသိအမှတ်ပြုဖို့ပျက်ကွက်ခဲ့တဲ့ သန်းခေါင်စာရင်းကြောင့် လူ့အခွင့်အရေးအုပ်စုများက အလိုမကျစိတ်ပျက်နေကြပါတယ်။

    c4ebf973d2d51b0c500f6a706700c25d
    ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မိသားစု တစုကို သန်းခေါင်စာရင်း ကောက်ယူနေစဉ် မြင်ကွင်း

    နှစ်ပေါင်း (၃၀)အတွင်း မြန်မာနိုင်ငံရဲ့ ပထမဆုံးသန်းခေါင်စာရင်းကောက်ခံမှုက ထွက်ရှိလာတဲ့ ရှေ့ပြေးအဖြေများကို ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ထုတ်ပြန်ခဲ့တယ်။ မူလက ယူဆထားတဲ့ပမာဏထက် (၉)သန်းနီးပါး လျော့နည်းနေတာကို တွေ့ရတယ်။ ဒါ့အပြင် အဖိနှိပ်ခံရိုဟင်ဂျာမွတ်စ်လင်မ်တွေရဲ့ လူဦးရေစာရင်းကို အသိအမှတ်ပြုထည့်သွင်းမထားခြင်းအပေါ် လူ့အခွင့်အရေးအုပ်စုများက ရှုတ်ချခဲ့ကြတယ်။

    ရှေ့ပြေးသန်းခေါင်စာရင်းအရ လက်ရှိမြန်မာနိုင်ငံလူဦးရေဟာ (၅၁.၄၁)သန်းရှိပြီး ကနဦးပိုင်း ကမ္ဘာကိုတင်ပြထားတဲ့ ခန့်မှန်းချေ သန်း(၆၀)ဆိုသော ပြည်တွင်းနေ လူစာရင်းနဲ့ တော်တော့်ကို ကွာဟသွားတယ်။

    ရိုဟင်ဂျာမွတ်စ်လင်မ်တွေကို တိုင်းရင်းနွယ် စာရင်းထဲကနေ ဖယ်ထုတ်ထားတာဟာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးအတွက် ထည့်သွင်းစဉ်းစားမှု မရှိတာကြောင့် ဒေါ်လာသန်း(၅၀)လက်ခံ ရယူပြုလုပ်ထားတဲ့ သန်းခေါင်စာရင်းက အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း အဆင့် မ၀င်ဘူးလို့ လူ့အခွင့်အရေး အုပ်စုများက သတ်မှတ်လိုက်ပါတယ်။

    “ ရိုဟင်ဂျာတွေကို သန်းခေါင်စာရင်းကနေ ဖယ်ထုတ်ထားခြင်းက သန်းခေါင်စာရင်းဆိုင်ရာ ပင်မရည်ရွယ်ချက်နဲ့ စည်းမျဉ်းတွေ၊ နိုင်ငံတကာက အလှူရှင်တွေ၊ ဒီအရေးထဲ ပါဝင်ဆောင်ရွက်တဲ့ ကုလအေဂျင်စီတွေ အပေါ် သစ္စာချိုးဖောက်ခြင်းဖြစ်တယ်။ ရိုဟင်ဂျာတွေအနေနဲ့ ကိုယ့်လူမျိုးအမည်ကို ကိုယ်ပိုင်သတ်မှတ် ပိုင်ခွင့်ရှိတယ်။ နိုင်ငံသား အခွင့်အရေးရသင့်တဲ့ သူတွေလည်းဖြစ်တယ်။ သန်းခေါင်စာရင်းမှာ ဒါတွေကို ငြင်းပယ်လိုက်ယုံနဲ့ နယ်မြေမဲ့ရိုဟင်ဂျာ အရေးကို ဖြေရှင်းလိုက်ရာ မရောက်ပါဘဲ ပိုမို ဆိုးရွားသွားစေပါတယ်။ အစိုးရဖက်က အစွန်းရောက်သမားတွေနဲ့ သူတို့ရဲ့ လူမျိုးကြီးဝါဒအစီအမံတွေအပေါ် လူမိုက်အားပေး မလုပ်သင့်ပါဘူး။ အာရကန်(ရခိုင်ပြည်နယ်)ထဲ မှီတင်းနေထိုင်နေကြတဲ့ ပြည်သူအားလုံး၊ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြနိုင်ပြီး ရိုဟင်ဂျာအဖြစ် မိမိကိုယ်ကို ခံယူသူများကို ထည့်သွင်းရေတွက်သင့်တယ် ” လို့  The Diplomat ထံပေးပို့တဲ့အီးမေးလ်မှာ မြန်မာ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ အထက်တန်း သုတေသီ David Mathieson က ရေးသားပေးပို့ပါတယ်။

    ရှေ့ပြေးသန်းခေါင်စာရင်းက နှစ်ရှည်လများ မသိခဲ့ကြတဲ့ မြန်မာ့လူဦးရေကို မခြုံငုံ မဖော်ပြနိုင်ခဲ့ဘူး၊ နိုင်ငံတွင်းရှိနေတဲ့ တိုင်းရင်းသားအနွယ် အားလုံး အပါအ၀င် အဓိကကျတဲ့ အချက်အလက်တွေလည်း မပါဝင်နိုင်ခဲ့ဘူး။ လာမယ့် အထွေထွေရွေးကောက်ပွဲ အချိန်ဝန်းကျင် (၂၀၁၅)မေလမှာ ထုတ်ပြန်ဖို့ အချိန်ကို ရွေးချယ်ခဲ့တယ်။ လူမျိုးရေးအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာအောင် ဒီအချက်အလက်တွေကို ရွေးကောက်ပွဲ ကာလ၀န်းကျင်မှာ ထုတ်ပြန်စေတာလားလို့ စိုးရိမ်မှုတွေ ရှိနေကြဆဲပါ” လို့ Mathieson က ဆိုပါတယ်။

    သြဂုတ်လ (၃၀)ရက် ရှေ့ပြေးသန်းခေါင်စာရင်း ထုတ်ပြန်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီက လူမျိုးရေး အပြန်အလှန် တင်းမာမှုတွေကြောင့် ဖြစ်နိုင်ချေရှိသော အကြမ်းဖက်မှုကို ရှောင်လွှဲသောအားဖြင့် ရိုဟင်ဂျာတွေကို ထည့်သွင်းရေတွက် မထားပါဘူးလို့ တရားဝင်ပြောကြား သွားခဲ့တယ်။

    “သူတို့ကိုသူတို့ ရိုဟင်ဂျာလို့ ခံယူပြောဆိုပေမယ့် သူတို့ရဲ့ အိမ်ထောင်စုစာရင်းထဲမှာ ဘင်္ဂါလီလို့သာ ထည့်သွင်းထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း သုံးခွင့် မပြုပါဘူး။ ဒါကြောင့် ကျွန်တော်တို့ လက်မခံခဲ့ဘဲ စာရင်းသွင်းခွင့်မရှိသူတွေအဖြစ် သတ်မှတ်ခဲ့ကြတာပါ” ဆိုပြီး ပြောဆိုခဲ့တာပါ။

    မြန်မာပြည်မှာ ရိုဟင်ဂျာမွတ်စ်လင်မ်တွေ (၈)သိန်းလောက်ရှိမယ်လို့ လူ့အခွင့်အရေးအဖွဲ့များက သုံးသပ်ထားပြီးဖြစ်ပါတယ်။

    ကုလလူဦးရေရံပုံငွေအဖွဲ့(UNFPA)ရဲ့ ပံ့ပိုးမှုနဲ့ လ၀က ၀န်ကြီးဌာနဆောင်ရွက်ခဲ့တဲ့ သန်းခေါင် စာရင်းက မတ်လ(၃၀)ရက်မှ (၁၂)ရက်တာအတွင်း ကောက်ခံ ခဲ့တာပါ။ ရခိုင်၊ ကရင်၊ ကချင်ပြည်နယ် စတဲ့ ပဋိပက္ခဧရိယာတွေမှာ အဲ့ဒီကာလအတွင်း သန်းခေါင်စာရင်းကောက်ခံ လုပ်ငန်းကို မဆောင်ရွက်နိုင်ခဲ့ပါဘူး။ စုစုပေါင်း (၅၀.၂၁)သန်း လူဦးရေထဲက လူဦးရေ (၁.၂၀)သန်းကို လ၀ကအရာရှိများက ကြိုတင်ပုံဖော်ထားတဲ့ အိမ်ထောင်စု စာရင်းတွေနဲ့ ထပ်တိုးဖြည့်စွက်ထားပါတယ်တဲ့။

    စုစုပေါင်းလူဦးရေပမာဏကို ကိုယ်စားပြု မဖော်ပြနိုင်ပေမယ့်လည်း အဲ့ဒီသန်းခေါင်စာရင်းက အိမ်ထောင်စုတစ်စုရဲ့ ပျမ်းမျှခန့်မှန်းဦးရေ (၄.၄)ဦးထက် လျော့နည်းနေ သလို အမျိုးသမီးများက အမျိုးသားများထက် ပမာဏ (၂)သန်းနီးပါး များပြားတာကို ဖော်ပြနေပါတယ်။

    UNFPA ရဲ့အဆိုအရ ဒီစာရင်းတွေရရှိဖို့ အိမ်ခြေ (၁၁)သန်းဆီ စာရင်းကောက် တစ်သိန်း တစ်သောင်းငါးထောင်ကို ကွင်းဆင်းစေလွှတ်ခဲ့ပါတယ်။

    KIO ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်ဒေသအချို့မှာ မကောက်ခံခဲ့ကြောင်း၊ စာရင်းကောက်များဟာလည်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာရွာနဲ့ ဒုက္ခသည် စခန်းအချို့ဆီ မသွားရောက်နိုင်ခဲ့ကြောင်း တရားဝင်ရှေ့ပြေးသန်းခေါင်စာရင်းက ဖော်ပြနေပါတယ်။

    “KIO က သူတို့ထိန်းချုပ်ထားတဲ့ ကချင်ဒေသတွင်းက ရွာသူရွာသားတွေကို စာရင်းကောက်ခံဖို့ စာရင်းကောက်ဝန်ထမ်းတွေကို ၀င်ခွင့်မပြုခဲ့ပါဘူး။ သူတို့ခေါင်းဆောင်တွေနဲ့ အစိုးရ အကြား ညှိနှိုင်းစေ့စပ်မှု မရရှိခဲ့ပါဘူး” လို့ အဲ့ဒီဒေသက (၉၇)ရွာဆီ စာရင်းမကောက်ခံနိုင် ခဲ့ကြောင်း ရှေ့ပြေးသန်းခေါင်စာရင်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

    ကချင်နဲ့ ရခိုင်ပြည်နယ်ထဲက ဒေသအချို့ဟာ (၁၉၄၈)လွတ်လပ်ရေးရပြီး ဗမာလူများစု စိုးမိုးတဲ့ အစိုးရအပေါ် လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသော လက်ကျန်တိုင်းရင်းသား အုပ်စုများက ထိန်းချုပ်ထားကြတယ်။

    ကချင်ပြည်နယ်တစ်ခုထဲမှာပဲ KIA နဲ့ အစိုးရအကြား (၁၇)နှစ်တာအပစ်ရပ်စဲရေးပြိုလဲတဲ့ ပဋိပက္ခကြောင့် (၂၀၁၁)ခုနှစ်ကတည်းက နေရပ်စွန့် အိုးအိမ်ရွှေ့ပြောင်းရသူတွေ တစ်သိန်းနှစ်သောင်းနီးပါး ရှိနေပါတယ်။

    စီးပွားရေးဆောင်ရွက်မှုတွေ ယုံကြည် စိတ်ချရစေဖို့ ဂုဏ်သိက္ခာရှိအောင် ထုတ်ပြန်ထားတဲ့ မြန်မာပြည်က စာရင်းဇယားတွေထဲမှာလည်း စိတ်ချယုံကြည်စရာ လုံးလုံး မရှိမသေးဘူးလို့ ကျွမ်းကျင်သူ အချို့က ဆိုပါတယ်။

    “ပမာဏဖော်ပြချက်မှာ မရိုးသားမှု အမြဲတမ်း တွေ့နေရတယ်။ ချန်ရစ်ထားတာ အမှန်တကယ် ရှိမှာပဲ။ လူဦးရေပမာဏနဲ့ GDP ကို ချိန်ထိုးအချိုးချကြည့်ရတာဆိုတော့ ခြုံငုံခန်းမှန်းလိုက်တဲ့ GDP ဟာ ယုံကြည်စိတ်ချစရာ စာရင်းမ၀င်ပါဘူး ” လို့ သြစတေးလျ၊ ဆစ်ဒနီမြို့၊ Macquarie တက္ကသိုလ်က မြန်မာ့စီးပွားရေးကျွမ်းကျင်သူ Sean Turnell က ပြောကြားပါတယ်။

    “သန်းခေါင်စာရင်းကနေ အကောင်းဆုံးကောက်ယူနိုင်တဲ့ အချက်က မြန်မာစားသုံးသူဈေးကွက်ဟာ သန်း(၆၀)ကနေ (၅၁)သန်းအထိ လျှောကျသွားတာပါပဲ။ အခြားအာဆီယံနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် မပြောပလောက်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှု အတွက် တော်တော့်ကို ဆွဲဆောင်နေကြောင်း ကိန်းဂဏန်းတွေက ဖော်ပြနေတယ်။ စီးပွားရေး အရတော့ မြန်မာပြည်မှာ ကုန်ထုတ်စွမ်းရည်နဲ့ ၀ယ်လိုအား ညီမျှနေတာကို ကျွန်တော်တို့ တွေ့နေရဆဲပါ။ ဒါပေမယ့် အခုဆိုရင် လူဦးရေပမာဏ ပြောင်းလဲသွားပြီဖြစ်တဲ့အတွက် ၀ယ်လိုအား ၀င်ငွေတွက်ချက်တဲ့အခါ ခန့်မှန်းမှုတွေကို ပြန်လည်သုံးသပ်ရတော့မှာပဲ” လို့ Thura Swiss မြုပ်နှံဈေးကွက်နဲ့ သုတေသနအဖွဲ့ CEO အောင်သူရက ဆိုပါတယ်။

    (၁၉၈၃)ခုနှစ်က နောက်ဆုံးကောက်ခံထုတ်ပြန်ခဲ့တဲ့ လူဦးရေ စာရင်းထက်စာရင် လက်ရှိစာရင်းက ပိုတိကျမှုရှိလာတယ်ဆိုပြီး အဆိုးထဲက အကောင်းတစ်ရပ်အဖြစ် UNFPA ကတော့ ယူဆပါတယ်။

    “သန်းခေါင်စာရင်းဆိုတာ နိုင်ငံ့ရတနာတစ်ပါးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆယ်စုနှစ်များစွာအဖို့ ပြည်သူတွေအတွက် အရေးတကြီးလိုအပ်နေတဲ့ လမ်းတွေ၊ ကျောင်းတွေ၊ ကျန်းမာရေး ၀န်ဆောင်ချက်နဲ့ အခြားအခြေခံအဆောက်အဦများ ဖော်ဆောင်ရေးလိုအပ်ချက်တွေကို တစ်ချက်တည်းနဲ့ တွက်ချက် သုံးသပ်နိုင်လို့ပါပဲ။ ဒီရှေ့ပြေးစာရင်းက မြို့တော်တွေမှာ လူဦးရေ ပိုမိုထူထပ်သိပ်သည်းနေကြောင်း ဖွင့်ပြနေပါတယ်။ မည်သည့်စီမံကိန်းရှိရှိမရှိရှိ မြို့အစွန်အဖျားက လူတွေအပါအ၀င် လူနေနှုန်းမြင့်တက်တာ အရမ်းမြန်ဆန်ကြီးထွားနေပါတယ်” ဆိုပြီး မြန်မာနိုင်ငံရဲ့ UNFPA ကိုယ်စားလှယ် ဂျက်နက်ဂျက်ဆင်က ဆိုပါတယ်။

    မြန်မာ့မြို့ကြီးတွေမှာ လူဦးရေထူထပ်လာမှုပုံရိပ်တစ်ခုကို ဒီအချက်အလက်တွေက ရှင်းလင်းစွာ ပြဆိုနေပါတယ်။ သန်းခေါင်စာရင်းအရ ရန်ကုန်မြို့လူဦးရေဟာ ဒုတိယမြို့တော် မန္တလေးထက် လေးဆများပြားပြီး (၅.၂၀)သန်း ရှိနေပါတယ်။ နေပြည်တော်မှာတော့ (၁.၁၅)သန်းသာ ရှိပါတယ်။ စုစုပေါင်းလူဦးရေအနက် (၂၉.၆) ရာခိုင်နှုန်းက ဆင်ခြေဖုံးမှာ နေထိုင်နေကြကြောင်း ဖော်ပြနေပါတယ်။

    The Diplomat တွင်ဖော်ပြသော ရန်ကုန်အခြေစိုက်ဂျာနယ်လစ် Philip Heijmans ရေးသားသည့် Myanmar’s Controversial Census ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုပါသည်။

  • မဝေဝေနုရဲ့ မတရားမှုများ အဆုံးသတ်ရေး နှင့်  ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အိပ်မက်

    မဝေဝေနုရဲ့ မတရားမှုများ အဆုံးသတ်ရေး နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အိပ်မက်

    စက်တင်ဘာ ၃၊ ၂၀၁၄
    M-Media
    -လေးမောင် ဘာသာပြန်သည်။
    Rohingya activist and lawyer Wai Wai Nu, a former political prisoner, poses at her office in Yangon
    – အသက် ၂၇ နှစ်အရွယ်ရှိ ဝေေ၀နုမှာ သွေးသားထဲတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားရေးဝါဒ စီးဝင်နေသော လူငယ်တစ်ဦးဖြစ်ပြီး၊ လူငယ်ဘ၀၏ လေးပုံတစ်ပုံကို သံတိုင်များနောက်ကွယ်တွင် ကုန်ဆုံးခဲ့ရသူဖြစ်၏။

    သူမမှာ ယခင်က နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ပြီး ယခုတွင်မူ သူမ၏ လူမျိုးများဖြစ်သည့် မြန်မာနိုင်ငံအနောက်ပိုင်းမှ ရိုဟင်ဂျာလူမျိုးများ ရင်ဆိုင်နေရသော ညှင်းပန်းနှိပ်စက်မှုများ အဆုံးသတ်ရေး အတွက် ဆောင်ရွက်နေလေသည်။

    သူမနှင့်သူမ၏ မိသားစု ခံစားခဲ့ရသည့် မတရားမှုများက ရခိုင်ပြည်နယ်တွင် အဓိကနေထိုင်ပြီိး လူဦးရေ ၁.၃၃ သန်းရှိသည့် လူနည်းစု ရိုဟင်ဂျာများကို ရည်ရွယ်ပြုလုပ်သော မတရားစော်ကားမှုများထဲမှ ဥပမာတစ်ခုသာ ဖြစ်၏။ မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း ၎င်းတို့ အများစုမှာ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခြင်းခံထားရသည်။

    ဝေေ၀နုမှာ မြန်မာနိုင်ငံရှိ ဘာသာရေးဆိုင်ရာ သည်းမခံနိုင်မှု၊ လူမျိုးရေး တိုက်ခိုက်မှုများနှင့် ပတ်သက်၍  ဆွေးနွေးမှုများအပေါ် လွှမ်းမိုးသော အစွန်းရောက်အမြင်များအား တန်ပြန် တော်လှန်ရေး ပွင့်လင်း ရဲရင့်စွာ ဆောင်ရွက်နေသူများထဲမှ တစ်ဦးဖြစ်လေသည်။

    ရိုဟင်ဂျာများအကြောင်း ဆွေးနွေးလျှင်ဖြစ်စေ၊ အမျိုးသမီးများ မိမိတို့၏ ရွေးချယ်မှုအတိုင်း လက်ထပ်ခွင့်အကြောင်း ဆွေးနွေးလျှင်ဖြစ်စေ သွေးကြွနေသည့် ဘုန်းကြီးများနှင့် အမျိုးသားရေးဝါဒီများက ဗုဒ္ဓဘာသာ-မွတ်စလင် တင်းမာမှုကို အောင်မြင်စွာ မီးထိုးပေးခဲ့၏။

    “အခုဆိုရင် ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေဟာ အချင်းချင်း ပိုမိုကြောက်ရွံ့မှုတွေ အပြန်အလှန်ရှိနေကြပါတယ်။ လူတိုင်းက မလုံခြုံဘူးလို့ ခံစားနေရတာပါ” ဟု ဝေေ၀နုက ရန်ကုန်မြို့ရှိ သူမ၏ရုံးခန်းတွင် Thomson Reuters Foundation သို့ ပြောကြားခဲ့လေသည်။

    “လူအဖွဲ့အစည်းတွေ အကြား ဆက်သွယ်မှု၊ ယုံကြည်မှု ဒါမှမဟုတ် ပေါင်းသင်းဆက်ဆံမှုတွေဟာ အခုအချိန်မှာ နည်းနည်းပဲ ရှိပါတော့တယ်။ ဒါ့ကြောင့် မသမာသူတွေက ပဋိပက္ခတွေ၊ အမုန်းတွေဖြစ်လာအောင် လှုံ့ဆော်ပေးဖို့ လွယ်ကူပါတယ်”

    ဝေေ၀နု၏ ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံအတွင်းရှိ မတူညီသော လူအုပ်စုများအကြား အထူးသဖြင့် သူမ၏ မွေးရပ်မြေဖြစ်သော ရခိုင်ပြည်နယ်တွင် တာရှည်ခံမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် မတရားမှုများ အဆုံးသတ်နိုင်ရေး ဆောင်ရွက်ရန်ပင်ဖြစ်၏။

    “ရခိုင်ပြည်နယ်ဟာ ဘာသာလူမျိုးမခွဲခြားပဲ လူတိုင်းအတွက် မျှတမှုရှိပြီး တိုးတက်ဖွံ့ဖြိုးကာ ကြွယ်ဝချမ်းသာတဲ့ ပြည်နယ်တစ်ခု ကျွန်မတို့ဖြစ်ချင်ပါတယ်” ဟု သူမ၏ ဆန္ဒကကို ဝေေ၀နုက ဖွင့်ဟခဲ့သည်။

    သူမတည်ထောင်ထားသည့် Women Peace Network Arakan (ရခိုင် အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ယက်) မှာ လူ့အဖွဲ့အစည်းများအကြား ပိုမိုကောင်းမွန်သော နားလည်မှုမျိုး ဖြစ်ထွန်းလာစေရေး အတွက် လေ့ကျင့်သင်ကြားပေးမှုများကို ပြုလုပ်နေသည်။ ထို့ပြင် ခွဲခြားမှု ပုံစံမျိုးစုံကို ခံစားနေရသည့် ရိုဟင်ဂျာအမျိုးသမီးများ၏ အခွင့်အရေးအတွက် ပညာပေးမှုများ ပြုလုပ်နေသည့် အနည်းငယ်သောသူများတွင် ဝေေ၀နုလည်း အပါဝင်ဖြစ်လေသည်။

    1472354_388091024655325_406913226_n
    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambia) နှင့် မဝေဝေနု ၊ သူမ ဖခင် ဦးကျော်မင်း (Photo- Wai Wai Nu FB)

    ရွေးကောက်ပွဲမှ အကျဉ်းထောင်အတွင်းသို့

    ၂၀၀၅ ခုနှစ် အဖမ်းခံရစဉ်က ဝေေ၀မှာ အသက် ၁၈ နှစ်သာရှိသေးပြီး ဥပဒေပညာကို ဆည်းပူးနေသူ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်၏။ သူမ၏ ပြစ်မှုက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည့် ရိုဟင်ဂျာအမျိုးသား ဦးကျော်မင်း၏သမီး ဖြစ်နေသောကြောင့်ပင်။ ထိုရွေးကောက်ပွဲ ရလဒ်အား မြန်မာစစ် အာဏာရှင်များက အသိအမှတ်မပြုခဲ့ကြ။

    ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှ ပြည်နယ် ပညာရေးအရာရှိဖြစ်သည့် ဦးကျော်မင်းမှာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆာင်သည့် ၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခြင်းခံခဲ့ရသော လွှတ်တော်အမတ်များ ပါဝင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်လည်းဖြစ်၏။

    အာဏာပိုင်များ၏ ထပ်တလဲလဲ အနှောက်အယှက်ပေးမှုကို ခံခဲ့ရပြီးနောက် ဦးကျော်မင်းတို့ မိသားစုမှာ ၁၉၉၀ ပြည့်နှစ်များတွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာ ခဲ့လေသည်။

    ၁၀ စုနှစ်တစ်ခုကျော်ကြာပြီးနောက် ဦးကျော်မင်းတို့ မိသားစုတစ်ခုလုံးမှာ ထိန်းသိမ်းခံခဲ့ရ၏။ ပထမဆုံး ဦးကျော်မင်းဟာ  နိုင်ငံတော်လုံခြုံရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒများဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရလေသည်။ ဦးကျော်မင်း ဦးဆောင်ပြုလုပ်နေသည့် အလုပ်သမား အခွင့်အရေး ဆောင်ရွက်မှုများကို အဆုံးသတ်သွားစေချင်သည့် အတွက် စစ်အာဏာရှင်များက ထိုကဲ့သို့ တရားစွဲခဲ့ခြင်းဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။

    “ကျွန်မတို့တိုင်းပြည်မှာဖြစ်ပွားနေတဲ့ မတရားမှုတွေကို ဆင်ခြင်ဆုံးဖြတ်နိုင်ဖို့ အတွက် ဥပဒေကို ကျွန်မ ငယ်ငယ်ကလေးထဲက နားလည်ချင်ခဲ့တာပါ။ ကျွန်မတို့ ထောင်ထဲလဲရောက်ရော “အခုတော့ (ရည်မှန်းချက်ကို) လက်တွေ့ အကောင်အထည်ဖော်ဖို့ အခွင့်အရေးရပြီ” လို့ အမေက ကျွန်မကို ပြောပါတယ်။ ကျွန်မကတော့ ကံကောင်းတယ်လို့ပဲ ယူဆခဲ့ပါတယ်” ဟု အပြုံးတစ်ပိုင်းဖြင့် သူမကဆို၏။

    ဝေေ၀နုတို့မိသားစုအတွက် စစ်အစိုးရက တံခါးပိတ်ကြားနာမှုသာလုပ်သည်။ ရှေ့နေငှားခွင့်မရ၊ တရားသူကြီးကလည်း သူမတို့၏ ခုခံချေပမှုကို နားမထောင်ဟု သူမကဆိုသည်။ ထို့နောက် ဦးကျော်မင်းက ထောင်ဒဏ် ၄၇ နှစ် ချမှတ်ခံခဲ့ရသည်။ ၎င်း၏ ဇနီးနှင့် သားသမီး နှစ်ဦးတို့က တစ်ဦးလျှင် ထောင်ဒဏ် ၁၇ နှစ်စီ ချမှတ်ခံခဲ့ရလေသည်။

    “(ပြစ်ဒဏ်အတွက်) ကျွန်မတို့ တုန်လှုပ်ပြီး၊ နှုတ်ဆိတ်ခဲ့ရပါတယ်။ ကျွန်အဖေက အသက် ၆၀ ရှိပါပြီ။ ကျွန်မ တရားသူကြီးဘက်ကိုလှည့်ပြီး “စီရင်ချက် အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ အဖွားဟာ အသက်ရှည်ခဲ့တဲ့အတွက် ဒီပြစ်ဒဏ်အတွက် ကျွန်မတို့ အဆင်ပြေမှာပါ” ဆိုပြီး ပြောခဲ့တာကို မှတ်မိနေပါသေးတယ်။ ကျွန်အဖေကိုလည် မစိုးရိမ်ဖို့ ကျွန်မ ပြောခဲ့ပါသေးတယ်။ အချုပ်ခန်းထဲကို ကျွန်မပြန်ရောက်လာတော့ မျက်ရည် မဆည်နိုင်ခဲ့ပါဘူး” ဟု စီရင်ချက် ချခဲ့သည့်နေ့က အကြောင်းကို သူမက ပြန်ပြောင်းပြောပြသည်။ ဤအချိန်တွင်တော့ သူမ၏မျက်နှာတွင် ၀မ်းနည်းမှု အရိပ်ယောင်သန်းလာကာ မျက်ဝန်းမှ မျက်ရည်များကိုပင် သုတ်နေလေ၏။

    အကျဉ်းထောင်အတွင်း နေရသည့်အချိန်များ

    ဝေေ၀နုမှာ ကြမ်းတမ်းသော အာဏာပိုင်များရှိပြီး၊ အခြေအနေ ဆိုးရွားသည်ဟု အမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်ထောင်အတွင်း ၇ နှစ်တာကာလကို ဖြတ်သန်းခဲ့ရသည်။

    အကျဉ်းကျခြင်း၏ စိတ်ပိုင်းဆိုင်ရာဝေဒနာကို သူမ ခံစားခဲ့ရပြီး အခြားသော အကျဉ်းသား အမျိုးသမီးများနှင့် စကားပြောခြင်း စသည့်နည်းလမ်းများဖြင့် ထိုဝေဒနာ ပျောက်ကင်းအောင် ဆောင်ရွက်ခဲ့ရသည်။ ထိုအကျဉ်းသားအများစုမှာ ပြည့်တန်ဆာ အမှု၊ လောင်းကစားအမှုနှင့် မူးယစ်ဆေးမှုတို့ဖြင့် အကျဉ်းကျ ခံနေရသူများ ဖြစ်လေသည်။

    “သူတို့ဟာ ငယ်ငယ်လေးတွေပဲ ရှိပါသေးတယ်။ တစ်ချို့ဆိုရင် ကျွန်မထက်တောင် ငယ်ပါတယ်။ သူတို့မှာ အခြားရွေးချယ်စရာမရှိလို့ ဒီလိုအလုပ်မျိုးတွေကို လုပ်ကြရတာပါ။ အခွင့်အလမ်းတွေမရခဲ့တာ သူတို့ အပြစ်လား” ဟု သူမက မေးခွန်းထုတ်လေသည်။

    ထိုအကျဉ်းသားများ၏ ဇာတ်လမ်းများကို ကြားရခြင်းက သူမအား ကျား၊ မ တန်းတူအခွင့်အရေးရန် လှုပ်ရှားသူအဖြစ် ပြောင်းလဲစေခဲ့ပြီး ဖယ်ကျဉ်ခြင်း ခံထားရသည့် အမျိုးသမီးများအား ကူညီချင်စိတ်ကိုလည်း ဖြစ်ပေါ်လာစေခဲ့သည်။

    “သူတို့နဲ့ တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာ ကျွန်မဟာ ငါပဲ ပြဿနာတွေ အများကြီး ရင်ဆိုင်နေရပါလားဆိုတဲ့ ကိုယ့်ဟာကိုယ် အားငယ်တဲ့စိတ်မျိုး မရှိတော့ပါဘူး။ အင်းစိန်ထောင်ဟာ ကျွန်မအတွက် ဘ၀တက္ကသိုလ်ကြီးပါပဲ” ဟု သူမက ဆိုလေသည်။

    အကျဉ်းထောင် အတွင်း စားဝတ်နေရေး ဒုက္ခရောက်မှုက သူမတို့မိသားစုအတွက် ကာလရှည် ဝေဒနာများဖြစ်စေခဲ့သည်။ ဖခင်ဖြစ်သူ၏ ကျန်းမာရေး ဆိုးရွားလာခဲ့ပြီး၊ သူမ၏ အမဖြစ်သူမှာလည်း အသည်းရောဂါရခဲ့ပြီး သေလုမြောပါးပင်ဖြစ်ခဲ့လေ၏။

    ၂၀၁၁ ခုနှစ်တွင် အာဏာရခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရသစ်၏ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုပေါ်လစီအရ ၂၀၁၁ ခုနှစ် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးမှုတွင် ဝေေ၀နုတို့ မိသားစု အားလုံး လွတ်မြောက်လာသည်။

    သို့သော်လည်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတို့၏ အခြေအနေမှာတော့ ပို၍ ဆိုးဝါးလာခဲ့လေသည်။

    နိုင်ငံမဲ့ဖြစ်ခြင်း

    ဦးကျော်မင်းမှာ ရိုဟင်ဂျာအမတ်အဖြစ် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ ရိုဟင်ဂျာဟူသော အခေါ်ဝေါ်နှင့် ပတ်သက်၍ အမြဲတမ်းပင် ဆွေးနွေးငြင်းခုံမှုများ ရှိခဲ့သော်လည်း နိုင်ငံရေး မီးစာတော့ မဖြစ်ခဲ့။ သို့သော်လည်း ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလတို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေးပဋိပက္ခများပြီးနောက် ယခုအချိန်တွင်တော့ ထိုအသုံးအနှုန်းက တာသွားမှုက ပိုဆိုးလာ၏။

    ထိုပဋိပက္ခကြောင့် လူပေါင်း ၁ သိန်းလေးသောင်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အများစုမှာ ရိုဟင်ဂျာများ ဖြစ်ကြလေသည်။

    အစိုးရနှင့် သာမန်မြန်မာပြည်သူများမှာ ရိုဟင်ဂျာများအတွက် ဘင်္ဂါလီဟူသော အသုံးအနှုန်းကို သုံးစွဲကြပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသူများအဖြစ် သတ်မှတ်ကြလေသည်။

    “ရိုဟင်ဂျာတွေဟာ အရင်တုန်းက ဂုဏ်သိက္ခာရှိပြီး လေးစားမှုခံရတဲ့ ဘ၀မျိုးတွေကို တည်ဆောက်ခဲ့ကြပါတယ်။ သူတို့ အရင်ကတည်းက နိုင်ငံမဲ့ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မမိဘတွေ၊ အဖိုးအဖွားတွေနဲ့၊ အဘိုးအဘွားတွေဟာ နိုင်ငံသားတွေ ဖြစ်ခဲ့ကြပါတယ်” ဟု ဝေေ၀နုက ဆိုလေသည်။

    ၁၉၈၂ ခုနှစ်က စတင်ပြဌာန်းခဲ့သော နိုင်ငံသားဥပဒေက သမိုင်းကို နောက်ပြန် ဖြစ်စေခဲ့ပြီး ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်ကို ဆုံးရှုံးစေခဲ့သည်။ ထို့ပြင် ၎င်းတို့အား ခရီးသွားခွင့်၊ ပညာသင်ကြားခွင့်နှင့် အလုပ်လုပ်ခွင့် ကန့်သတ်ချက်များကိုလည်း ဖြစ်စေခဲ့သည်ဟု သူမက ဆိုသည်။

    “ဒီကဒ်လေး မရှိတာက လူ့အဖွဲ့အစည်း တစ်ခုလုံကို ထိခိုက်စေပါတယ်။ အခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြစ်စေတယ်၊ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ဖယ်ရှားခံခဲ့ရတယ်။ စိတ်ဓာတ်ကောင်းတွေကိုလည်း ပျက်ဆီးစေပါတယ်”

    စက်တင်ဘာ ၁၅ ရက်နေ့တွင် နိုင်ငံမဲ့ပြည်သူများအတွက် ကမ္ဘာ့ ပထမဆုံး ဖိုရမ်တစ်ခုကို နယ်သာလန်နိုင်ငံ The Hauge တွင် ပြုလုပ်ရန်ရှိနေသည်။ ထိုဖိုရမ်တွင် ၁၀ သန်းခန့်ရှိမည့် နိုင်ငံမဲ့များ၏ အကြောင်းအရာပေါ် အလေးထားဆွေးနွေးသွားမည်ဖြစ်၏။ ဝေေ၀နုကတော့ ထိုဖိုရမ်က ရိုဟင်ဂျာအရေးကိစ္စအား အသက်ဝင် လာစေမည်ဟု မျှော်လင့်နေလေသည်။

    “ကျွန်မရဲအဖေ အစိုးရ အမှုထမ်းဖြစ်ခဲ့သလိုမျိုး၊ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သလိုမျိုး ကျွန်တို့လက်ထက်မှာ ဘာလိုမဖြစ်နိုင်ရတာလဲ” ဟု သူမက မေးခွန်းထုတ်ခဲ့သည်။

    စစ်အစိုးရ၏ ဆယ်စုနှစ်ပေါင်းများစွာ ၀ါဒဖြန့်မှုကြောင့် ရိုဟင်ဂျာများအပေါ် မကောင်းသည့်အမြင်များ ရှိနေခြင်းကိုလည်း သူက အပြစ်တင်သည်။

    မြန်မာနိုင်ငံရှိ အခြားသောတိုင်းရင်းသားနှင့် ဘာသာရေးလူ့အဖွဲ့အစည်းများအကြား ရိုဟင်ဂျာများအား ဂရုတ်စိုက်မည့်သူမရှိဟု ကုလသမဂ္ဂက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကပင် ရိုဟင်ဂျာများအတွက် ရပ်တည်၍ မပြောပေးကြ။

    “ဒီမိုကရေစီဆိုတဲ့ အရာအတွက် ကျွန်မတို့လည်း အရာအားလုံးကို စတေးခဲ့ကြရပါတယ်။ ကျွန်မတို့တိုင်းပြည်ရဲ့ ပိုကောင်းတဲ့ အနာဂတ်ဖြစ်လာဖို့အတွက် ကျွန်မတို့လည်း အတူတူ အလုပ်လုပ်နေကြပါတယ်။ ဒါ့ကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေက ရိုဟင်ဂျာတွေမှာ အခွင့်အရေးမရှိဘူးလို့ ဆိုလာရင် ကျွန်မ သိပ်ကို နာကျင်ရပါတယ်။ ကျွန်မတို့ရဲ့သမိုင်းကို စစ်အာဏာရှင်တွေက ဖျက်ဆီးခဲ့တာကြောင့် ဒီလိုပြောတာဟာ သူတို့ (လူ့အခွင့်အရေး လှုပ်ရှားသူတွေ)ရဲ့ အမှားတော့ မဟုတ်ပါဘူး။ စနစ်တစ်ခုလုံးရဲ့ အမှားပါပဲ” ဟု ဝေေ၀နုက နိဂုံးချုပ်ပြောကြားခဲ့လေသည်။

    ရိုက်တာ သတင်းဌာနတွင် ဖော်ပြခဲ့သည့် Young Rohingya woman chases dream of peace and justice in Myanmar ဆောင်းပါးကို လေးမောင် ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။