News @ M-Media

Category: ဆောင်းပါး

  • ထူးတာလား ရူးတာလား (သို့)  နေတန်ယာဟုရဲ့ ချိုကျိုးနားရွက်ပဲ့ တွက်ကိန်း

    ထူးတာလား ရူးတာလား (သို့) နေတန်ယာဟုရဲ့ ချိုကျိုးနားရွက်ပဲ့ တွက်ကိန်း

    စက်တင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    -မြင့်မိုရ်မောင်မောင် ဘာသာပြန်သည်။

    ဘင်ဂျမင် နေတန်ယာဟုဟာ သူ့ရဲ့ပင်မရည်မှန်းချက်တွေဆီ မပေါက်မြောက်နိုင်တော့ပါဘူး။

    ဂါဇာမြို့တော်၊ ရှီဂျိုင်ယာအရပ်က ဖျက်ဆီးခံအိမ်ရာများအနီး နိုင်ငံတော်အလံကိုင်ပြီး လမ်းလျှောက်နေကြတဲ့ ပါလက်စတိုင်း ကလေးငယ်တစ်စု (ဓာတ်ပုံ - အေအက်ဖ်ပီ)
    ဂါဇာမြို့တော်၊ ရှီဂျိုင်ယာအရပ်က ဖျက်ဆီးခံအိမ်ရာများအနီး နိုင်ငံတော်အလံကိုင်ပြီး လမ်းလျှောက်နေကြတဲ့ ပါလက်စတိုင်း ကလေးငယ်တစ်စု (ဓာတ်ပုံ – အေအက်ဖ်ပီ)

    ရက်(၅၀) ဂါဇာစစ်ပွဲပြီးတဲ့နောက် အစ္စရေးရော ပါလက်စတိုင်းကပါ အနိုင်ရရှိတယ်လို့ ဆိုနေခြင်းမှာ နိုင်ငံရေးအရ၊ ထင်ပေါ်မှုအရသာ ဖြစ်တယ်။ အကျည်းတန် စစ်ပွဲတစ်ခုအပေါ် ထီမထင်ပုံပြခြင်းက နှစ်ဖက်စလုံးမှာဖြစ်ပွားခဲ့တဲ့ ဆုံးရှုံးမှုတွေကို ဖုံးကွယ်လိုက်ခြင်းလို့ ဆိုရပါမယ်။ ဒါပေမယ့် နှစ်ဖက်စလုံးရဲ့ ဆုံးရှုံးမှုပုံစံတွေက မတူညီပါဘူး။ တကယ်တမ်းကျတော့ စစ်နဲ့ အကျိုးဆက်တွေကို ဘယ်လိုသတ်မှတ်ကြသလဲ၊ အဲ့ဒါသာလျှင် သူတို့တစ်တွေရဲ့ဆုံးရှုံးမှုကြားက သိသာတဲ့ ကွာခြားချက်ပဲ ဖြစ်ပါတယ်။

    အစ္စရေးဖက်ကဆိုရင် လွတ်လပ်ရေးရပြီးကတည်းက ဒီစစ်ပွဲအတွင်း မဟာဗျူဟာမြောက် စစ်ရေးရည်မှန်းချက်ဖြစ်တဲ့ စစ်တပ်တားဆီးမှု ချည့်နဲ့သွားတယ်။ ဟားမတ်စ်တွေရဲ့ ကြံ့ခိုင်မှုနဲ့ အကန့်အသတ်ရှိစွမ်းရည်က အစ္စရေးကို တုန်လှုပ်သွားစေတယ်။ အရှင်းသား ပေါ်လွင်သွားတာကတော့ အစ္စရေးတို့ဟာ ပါလက်စတိုင်းတွေကို အင်အားအလုံး အရင်းသုံးခြင်း သို့မဟုတ် တအုံတကျင်း လက်တုံ့ပြန်ခြင်းအားဖြင့် ကြောက်လန့်အောင် မလုပ်နိုင်ခဲ့ဘူး၊ အစ္စရေး အတွင်းပိုင်းမှာ လက်တုံ့ပြန်မှုကိုလည်း မတားဆီးနိုင်ခဲ့ဘူး။ ဒါဟာ စစ်တပ်နဲ့ သိမ်းပိုက်မှုအောက်က ဖြစ်လာ ရတဲ့ အကြမ်းဖက် ချိန်ခွင်လျှာ တစ်ခုလို့ အနီးစပ်ဆုံးလို့ ဆိုနိုင်ပါတယ်။

    အစ္စရေးမှာ အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ရှိလင့်ကစား ဂါဇာဖက်ကပစ်တဲ့ ဒုံးကျည်များက အစ္စရေးတောင်ပိုင်း လူ့အဖွဲ့အစည်းတွေကို လှုပ်မရအောင် ဖြစ်သွားစေပါတယ်။ ဒါ့အပြင် အစ္စရေးရဲ့ အလယ်ပိုင်းနဲ့ ကမ်းခြေလွင်ပြင်ဒေသများကို ကမ်းမြှောင်ဖက်ကနေ ပထမဆုံး ပစ်မှတ်ထားတာ ခံလိုက်ရပါတယ်။ အလားတူစွာပဲ အစ္စရေးက ဂါဇာကို တရွေ့ရွေ့ကျူးကျော်ချိန်မှာ အကောင်းဆုံးပြင်ဆင်ထားတဲ့ ဟားမတ်စ် တိုက်ခိုက်ရေး သမားတွေက အဆင့်မြင့်လေ့ကျင့်ထားတဲ့ သူ့စစ်တပ်အပေါ် အထက်စီးရခဲ့ပြီး တော်တော်များများကို သတ်ဖြတ်နိုင်ခဲ့ကြတယ်။

    အခြားတစ်ဖက်မှာလည်း ပါလက်စတိုင်းတွေဟာ လူသားအရင်းအမြစ်၊ မြို့ပြနဲ့ စီးပွားရေးရာမှာ ကြီးကြီးမားမား ဆုံးရှုံးခဲ့ရတယ်။ အရပ်သားအများစုပါဝင်တဲ့ လူပေါင်း နှစ်ထောင်အထက် သေကြေဒဏ်ရာရရှိပြီး၊ ထောင်နဲ့ချီတဲ့ အိမ်ရာနဲ့စီးပွားရေးလုပ်ငန်းတွေ ပျက်စီးခဲ့ရုံမက နောက်ထပ်လူပေါင်း တစ်သိန်းကျော် အိုးအိမ်မဲ့ဘ၀ ရောက်သွား ရပါတယ်။ ပါလက်စတိုင်း ဒုက္ခသည်တစ်ဦး အနေနဲ့ ဘယ်နှစ်ကြိမ်အထိ ရွှေ့ပြောင်းနေ ရဦးမှာလဲ။ ဂါဇာကထွက်လာတဲ့ အာခံခြင်း ပုံရိပ်တွေနောက်ကွယ်မှာ သွေးနဲ့ မျက်ရည်ပေါင်းများစွာ စီးတွေခဲ့ရတယ်။ ဆက်လက်သွေးချောင်းစီးဦးမှာပါပဲ။ တပြုံတမကြီး သေဆုံး၊ ပျက်စီးမှုတွေ ကြုံရတာကြောင့် ပါလက်စတိုင်းများဟာ  မိမိတို့ခံစားနာကြင်ရတာနဲ့အညီ အမျက်ထွက်နေဖို့ များပါတယ်။

    ဒီအရာအားလုံးက မေးခွန်းတစ်ခုကို ထွက်လာစေတယ်။ ပါလက်စတိုင်းတွေအပေါ် ဗုံးကြဲခဲ့တာကြောင့် အကောင်းဆုံး အိမ်နီးချင်း အဖြစ် သူ့ဆီ ဘယ်လိုပြန်လှည့်နိုင်စေမှာလဲ ? သူတို့ကလေးငယ်တွေကို သတ်ဖြတ်ခဲ့ခြင်းက သူတို့အပေါ် ငြိမ်းချမ်းနွေးထွေးလာစေမှာလား ?

    မြို့ပြနဲ့ ဗျူဟာ
    —————
    ဒီနေရာမှာ အတိုင်းထက်အလွန် ထူးခြားလာပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒီကာလအဆုံးသတ်ချိန်မှာ အစ္စရေးအဖို့ အဓိအားဖြင့် မဟာဗျူ ကျဆုံးပြီး၊ ပါလက်စတိုင်းတွေအဖို့ မြို့ပြနဲ့ လူထုတွေ ဆုံးရှုံးရတယ်။

    “အကြမ်းဖက်မှုအပေါ် စစ်ဆင်ခြင်း”လို့ အမည်ခံထားတဲ့ အစ္စရေးတို့ရဲ့ အကြမ်းဖက်မှုဟာ ယခင်စစ်ပွဲများထဲ ကျွန်တော်တို့မြင်ဖူးသမျှအရာတွေထက် ကျော်လွန်သွားခဲ့တယ်။ လူတိုင်းကို တုန်လှုပ်သွားစေသလို အစ္စရေးပြည်သား အပေါင်းက “သန့်ရှင်းတဲ့တိုက်ပွဲ”လို့ ကြွေးကြော်နေဆဲပါ။

    ဂါဇာကလူထုတွေ ထိခိုက်နစ်နာမှုအတွက် အစ္စရေးက ဟားမတ်စ်ကို တစိုက်မတ်မတ် အပြစ်ပုံချခဲ့တယ်။ ပါလက်စတိုင်း လူထုကို လူတံတိုင်းအဖြစ် အသုံးချတယ်လို့ စွပ်စွဲခဲ့တယ်။ သို့သော်၎င်းစွပ်စွဲချက်မှာ အကြီးအကျယ် မှားယွင်းကြောင်း သက်သေဖြစ်ခဲ့ပါပြီ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း အသဲအမဲ ဗုံးကြဲ တိုက်ခိုက်မှုက အစ္စရေးရဲ့ မဟာဗျူဟာမြောက် ရည်ရွယ်ချက်အမှန်ကို ဖွင့်ပြလိုက်ပြီဖြစ်ပါတယ်။ လူထုတွေဟာ သူတို့ရဲ့ခေါင်းဆောင်တွေအပေါ် အယုံအကြည်မဲ့ရေးအတွက် သူတို့ကို ကြီးမားစွာ ဖျက်ဆီး၊ ဒုက္ခပေးလိုက်ခြင်းပါပဲ။ ဒီအရာတွေဟာ မည်သည့် စံချိန်စံညွှန်းနဲ့ ချိန်ထိုးသည်ဖြစ်စေ စစ်ရာဇ၀တ်မှု ထိုက်သက်နေပါပြီ။

    ဒါဟာ ဟားမတ်စ်ဖက်က စိတ်ရူးပေါက်လို့ပြောပြော အစီအစဉ်ရှိရှိလို့ပြောပြော အစ္စရေးနိုင်ငံမြို့တွေကို ဒုံးကျည်နဲ့ ပစ်ခတ်တာ အတွက် ဆင်ခြေ ဒါမှမဟုတ် အကြောင်းပြချက် မဟုတ်ပေမယ့်၊ အစ္စရေးဖက်က သက်သက်ညှာညှာ တိုက်ခိုက်လိမ့်မယ်လို့ မျှော်လင့်ဖို့ မဖြစ်နိုင်ပါဘူး။ သိမ်းပိုက်သူနဲ့ သိမ်းပိုက်ခံအကြား တရားနည်းလမ်းမကျတဲ့ တိုက်ပွဲကို တရားနည်းလမ်း ကျကျစစ်ပွဲစံနှုန်းနဲ့ သုံးသပ်ဆုံးဖြတ်လို့ မရပါဘူး။ ရလဒ်အမှန်လည်း ထွက်လာမှာ မဟုတ်ပေဘူး။

    ကာရံ မညီသော
    —————–
    အစ္စရေးအတွက် ဟားမတ်စ်ကို ဆန့်ကျင်တယ်ဆိုပြီး ခြောက်နှစ်အတွင်း တတိယအကြိမ်မြောက် ဂါဇာအပေါ် စစ်ဆင် တိုက်ခိုက်ခြင်း၊ အောင်မြင် စိုးမိုးလိုခြင်းဟာ အဓိပ္ပာယ်မဲ့လှပါတယ်။ ဒီလို စစ်ဆင်လိုက်တိုင်း ဟားမတ်စ်က ပိုမို အားကောင်းလာပြီး ပိုပြီး လူသိများထင်ရှားလာစေပါတယ်။

    (၁၉၄၈)ခုနှစ်ကတည်းက သိမ်းပိုက်အောင်နိုင်ရေးကာလရှည်တစ်လျှောက် အစ္စရေးဟာ အောင်ပွဲဘယ်နှစ်ကြိမ် ရခဲ့ဖူးပါသလဲ ?  ပါလက်စတိုင်းက အရှုံးမပေးသေးသမျှ သို့မဟုတ် ထွက်ခွာစွန့်လွှတ်မှု မပြုသေးသမျှ အနိုင်မရနိုင်ဘူး ဆိုတာကို သဘောမပေါက်မချင်း နောက်ထပ် ဘယ်နှစ်ကြိမ် တိုက်နေဦးမှာလဲ ?

    အစ္စရေးဟာ တစ်ဖက်သတ်စစ်ပွဲတွေကနေ သင်ခန်းစာကောင်းကို မရယူနိုင်ခဲ့ဘူးဆိုတာ ထင်ရှားလွန်းပါတယ်။ အင်အားနည်းသူကို ရေရှည် တိုက်ခိုက်ပြီဆိုရင် အင်အားကြီးသူရဲ့ အမည်ဂုဏ်အင် ကျဆင်းလာရစမြဲဖြစ်တယ်။

    တိုင်းပြည်နိုင်ငံများဟာ အများနှစ်လိုတဲ့ငြိမ်းချမ်းရေးရဖို့ စစ်ပွဲတွေ ဆင်နွှဲရပါတယ်။ ဒါပေမယ့် သမိုင်းဝင် ပါလက်စတိုင်းနယ်မြေရဲ့  (၇၈)ရာခိုင်နှုန်းကိုသိမ်းပိုက်ဖြစ်တည်ထားတဲ့ အစ္စရေးနိုင်ငံ ကတော့ ပြဿနာရှာရေး၊ ခေတ်ကာလကို တစ်ဖက်သတ် လက်ဝါးကြီးအုပ်ဖို့ နည်းလမ်းတစ်ရပ်အနေနဲ့ ဆက်လက်တိုက်ခိုက်နေခဲ့တယ်။

    အသစ်တဖန် မိတ်ဆက်လာတဲ့ ဒုံးကျည်တွေကို ဥပမာတစ်ခုအနေနဲ့ ကြည့်ကြပါစို့။ တကယ်လို့ ပါလက်စတိုင်းသားတွေက ဂါဇာမှာ စက်ရုံကြီးတွေနဲ့ အဲ့ဒါတွေကို ထုတ်လုပ်နိုင်မယ်ဆိုရင် အနောက်ဖက် ကမ်းမြှောင်ဒေသမှာ အဲ့ဒီအရာတွေကို ပိုမို မထုတ်လုပ်နိုင်အောင် ဘာက တားဆီးရပ်တန့်စေမလဲ ? အဲ့ဒါဟာ အစ္စရေးအမျိုးသားတွေ အားလုံးအဖို့ အန္တရာယ်သစ်များကို ခင်းကျင်းပြသလို ဖြစ်မနေပေဘူးလား၊ သူတို့ခေါ်ဝေါ်လိုတဲ့ အတိုင်း လုံခြုံရေးခြံစည်းရိုး သို့မဟုတ် ခွဲခြားရေးတံတိုင်း ဖြစ်အောင် လွန်လွန်ကျူးကျူး တွန်းပို့သလို မဖြစ်ပေဘူးလား ?

    ဘာဖြစ်သွားပြီလဲ
    ——————-
    စစ်ပွဲဆင်နွှဲရေးမှာ ပိုပြီးသတိထားရမယ့်သူ၊ စေ့စပ်ညှိနှိုင်းရေးမှာ သူ့ရှေ့ကလူတွေထက် ပိုသတိပြု အပ်သူလို့ ကျော်စောနေတဲ့ ဘင်ဂျမင် နေတန်ယာဟုက ဟားမတ်စ်ကို အနိုင်ရဖို့၊ အဘ္ဘာ့စ်ကို ချောင်ပိတ်ဖို့နဲ့  အိုဘားမားရဲ့အာရုံစိုက်မှုရဖို့  ဒေသတွင်း ဗျူဟာပိုင်း ပရမ်းပတာဖြစ်နေမှုအပေါ်၊ အီဂျစ်က နှစ်လိုဖွယ် အခြေအနေများအပေါ် အမြတ်ထုတ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ၀မ်းနည်းစရာဖြစ်ရတာကတော့ သူ့ရဲ့ အဓိက ဦးတည်ချက်တွေ တစ်ခုမှ မပေါက်မြောက်ခဲ့ပါဘူး။

    ဟားမတ်စ်က နာမည်ကြီးသထက်ကြီးလာ၊ အဘ္ဘာ့စ်ရဲ့ ဟားမတ်စ်နဲ့ ညွှန့်ပေါင်း အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကလည်း အပစ်အခတ် ရပ်စဲမှု ထိန်းသိမ်းရေး အတွက် အရင်ကထက်ကို ပိုပြီးအရေးပါလာပြီးတယ်၊ အိုးဘားမားဖက်ကလည်း ထူးမခြားနား။ ပိုပြီးဆိုးရွားတာက အစ္စရေးရဲ့အပြစ်ရှောင်ခြင်းဟာ ဘာမျှအရာမရောက် (တစ်နည်း) ပါလက်စတိုင်းပြည်သူတွေရဲ့သွေးစက် ပိုမိုကျလေလေ အစ္စရေးရဲ့ပုံရိပ်က ပိုပြီး မှေးမှိန် အရည်ပျော်သွားလေလေ ဖြစ်ရတယ်။

    ပြီးတော့ တကယ်လို့များ ပါလက်စတိုင်းပြည်သူတွေ နိုင်ငံတကာရာဇ၀တ်မှုခုံရုံး တက်ခဲ့ရင် အစ္စရေးအပေါ် စစ်ရာဇဝတ်မှုအတွက် ပြစ်တင်ဖို့အကြောင်းက အဓိက သံတမန်ရေးနဲ့ စီးပွားရေးထိုးနှက်မှု ဖြစ်လာနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ မရေရာတဲ့အပစ်ရပ်ရေး စကားဝိုင်းများတစ်ခွင်မှာ သံတမန်ရေးရာ အငြင်းပွားမှုတွေ အစပြုနေပြီဖြစ်တယ်။ စစ်မြေပြင်မှာ သတ်ဖြတ်ခဲ့ခြင်းထက် နှစ်ဖက်စလုံး စေ့စပ်ဆွေးနွေးရေးဖက်ကို စိတ်အားထက်သန်မှု မလျော့ပါးသွားဖို့သာ မျှော်လင့်ထားပါလေ။

    အီဂျစ်အစိုးရက ဂါဇာအပေါ် ပိတ်ဆို့ဝိုင်းရံမှု ရုပ်သိမ်းရေးကို သေချာအောင် သမာသမတ်ကျကျ ဆောင်ရွက်ပြုမူလေ မလား၊ သို့တည်းမဟုတ် ဟားမတ်စ် ချည့်နဲ့သွားဖို့  ပိတ်ဆို့မှုတင်းကြပ်ရေးမှာ အစ္စရေးနဲ့ မလည်ရှုပ်လုပ်ကြလေမလား ……. ဆိုတာ စောင့်ကြည့်ရမှာပါ။ အသေအပျောက် အပျက်အစီး အမြောက်အများ ဖြစ်ပြီးတဲ့နောက် လတ်တလောမှာ နှစ်ဆတိုးပြီး လမ်းဟောင်းပြန်လိုက်ဖို့ ထင်ရှားနေပါတယ်။

    မတူကွဲပြားတဲ့အဖြေတစ်ခု ရလာမယ်လို့ မျှော်လင့်ပြီး ဒီလမ်းကို ထပ်ပြန်တလဲသွားနေခြင်းဟာ ရူးသွပ်မိုက်မဲခြင်းထက် မပိုပါဘူး။ ဂျေရုဆလင်က ဆိုရိုးစကားအတိုင်း – “အသင်က ရေကို ထပ်ပြန်တလဲ ရိုက်နေရင်လည်း နောက်ဆုံး ကျန်နေရစ်မှာ ရေပါပဲ” လို့သာ ပြောလိုက်ရပါတော့တယ်။

    xxxxxxxxxxxxxx

    အလ်ဂျဇီးရားသတင်းဌာန၏ အကြီးတန်း နိုင်ငံရေးသုတေသီ Marwan Bishara ရေးသားသော Netanyahu’s miscalculation: Bullish or foolish ကိုယ်ပိုင်အမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။

  • ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံမှ ၂၁ ရာစု အထိ ခွဲခြားခံနေရသူများ (သို့) အိန္ဒိယမှ ဒါလစ်ဇာတ်နိမ့်များ

    ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံမှ ၂၁ ရာစု အထိ ခွဲခြားခံနေရသူများ (သို့) အိန္ဒိယမှ ဒါလစ်ဇာတ်နိမ့်များ

    စက်တင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    -လေးမောင် ဘာသာပြန်သည်။
    20148259194714734_20
    – သူမ၏ ဘ၀တစ်ခုလုံးမှာ အိမ်သာတွင်းများမှ လူများ၏ အညစ်အကြေးများကို ကြုံး၍သာ ကုန်ဆုံးရတော့မည်ဟု မိခင်ဖြစ်သူ ပြောခဲ့စဉ်က ရာဂ်ျနီ အသက်မှာ ၁၀ နှစ်သာရှိသေး၏။ ရာဂ်ျနီတို့ မိသားစုမှာ ဗာလ်မီကီ မျိုးရိုးမှဖြစ်ပြီး ဒါလစ်ဇာတ်နိမ့်မျိုးနွယ်တွင် အနိမ့်ဆုံးမျိုးရိုး ဖြစ်လေသည်။

    “ကျွန်မတို့ဟာ ဒါမျိုးလုပ်ဖို့သာ မွေးဖွားလာတာလို့ အမေက ကျွန်မကို ပြောပါတယ်။ ပထမဆုံး လူတွေရဲ့ အညစ်အကြေးတွေကို စွန့်ပစ်ပေးရတယ်။ အဲဒီတော့မှ ကျွန်မတို့ စားစရာရပါတယ်”

    မိခင်ဖြစ်သူ၏ ပြောစကားကို ရာဂ်ျနီက ပြန်ပြောင်းပြောပြခြင်း ဖြစ်သည်။

    အသက် ၂၁ နှစ်ရှိပြီဖြစ်သည့် ရာဂ်ျနီက အူတာပရာဒရှ်ပြည်နယ် ရွာတစ်ရွာ၌ ဖြတ်သန်းခဲ့ရသည့် သူမ၏ ကလေးဘ၀ အချိန်အများစုတွင် မည်ကဲ့သို့ ခံစားနာကျင်ခဲ့ရသည်ကို အမှတ်ရနေသည်။ မိလ္လာအညစ်အကြေးများကို  ထွက်လာသော အနံ့များကို ခံရသည်။ ထိုအညစ်အကြေးများကို အိမ်မှယူလာသည့် ခြင်းတစ်ခုဖြင့် သယ်ဆောင်သွားသည့်အခါ ယင်ကောင်များကလည်း တ၀ီဝီဖြင့် လိုက်လာကြသည်။

    “မိုးရွာတဲ့နေ့ကတော့ အဆိုးဆုံးပါပဲ။ အညစ်အကြေးတွေက ကျွန်မရဲ့ လည်ပင်းတွေ၊ ပုခုံးပေါ်တွေကို စီးကြလာပါတယ်။ ကျွန်မလေ မအန်မိအောင် မည်းထိန်းထားခဲ့ရပါတယ်” ဟု သူမကဆိုသည်။

    ဆယ်ကျော်သက်အရွယ်မှာပင် ရာဂ်ျနီ အိမ်ထောင်ကျခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ သူမ ခင်ပွန်း၏ ရွာတွင် တွင်းအိမ်သာများမှ အညစ်အကြေး စွန့်ပစ်ပေးသူအဖြစ် လုပ်ကိုင်ခဲ့ရသည်။ Sulabh International ဟု အမည်ရသည့် အန်ဂျီအိုတစ်ခုက ထိုရွာရှိ တွင်းအိမ်သာများကို ရေလောင်းအိမ်သာများဖြင့် လဲလှယ်ဆောက်လုပ်ပေးခဲ့ပြီး နောက်ပိုင်းတွင်မှသာ ရာဂ်ျနီတစ်ယောက် ထိုအလုပ်မှ အနားရခဲ့လေသည်။

    လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် ထိုအဖြစ်အပျက်များ ပပျောက်စေရန် ကိုယ်ထူကိုယ်စနစ်ဖြင့် မိလ္လာအညစ်အကြေးရှင်းလင်းရေးကို ဆန့်ကျင်သည့် တင်းကြပ်သော ဥပဒေတစ်ခုကို အိန္ဒိယပါလီမန်တွင် ပြီးခဲ့သည့်နှစ်က ပြဌာန်းခဲ့သည်။ သို့သော်လည်း ရာဂ်ျနီကဲ့သို့ ကံမကောင်းခဲ့သည့် ဇာတ်နိမ့်မျိုးရိုးမှ ပြည်သူထောင်ပေါင်းများစွာမှာ အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် မိလ္လာအညစ်အကြေး စွန့်ပစ်ပေးရသူများအဖြစ် ဆက်လက်လုပ်ကိုင်နေရဆဲပင် ဖြစ်လေ၏။

    ကိုယ်ထူကိုယ်ထ မိလ္လာအညစ်အကြေးရှင်းလင်းရေး လုပ်ငန်းနှင့် ပတ်သက်၍ သြဂုတ်လ ၂၅ ရက် တနင်္လာနေ့တွင် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) မှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် မိလ္လာအညစ်အကြေးများ ကိုင်တွယ်ရှင်းလင်းခြင်းပေါ် တားမြစ်ထားသော်လည်း ဒါလစ် ဇာတ်နိမ့်မျိုးရိုးမှ အနိမ့်ဆုံးမျိုးနွယ်များမှာ ကျေးလက်နှင့် မြို့ပြများပါမကျန် အဆိုပါ အလုပ်မျိုးကို အတင်းအကျပ် စေခိုင်းခြင်းခံနေရသည်ဟု ဖော်ပြထားသည်။

    ထိုကဲ့သို့လုပ်ကိုင်ရခြင်းမှာ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်း၊ လူမှုအအသိုင်းအ၀ိုင်းမှ နှင်ထုတ်ခံရခြင်းတို့ကို ရှောင်ရှားလိုသည့် အကြောင်း အရင်းများကြောင့် ဖြစ်သည်ဟု အဆိုပါအစီရင်ခံစာတွင် ထည့်သွင်းရေးသားထားလေ၏။

    အကောင်အထည်မဖော်သည့်ဥပဒေ
    —————————————
    မိလ္လာအညစ်အကြေး စွန့်ပစ်ရန် ခိုင်းစေမှု တားမြစ်ရေးနှင့် ပြန်လည်ထူထောင်ရေး ၂၀၁၃ အက်ဥပေဒတွင် မိလ္လာအညစ်အကြေးစွန့်ပစ်ရန် ခိုင်းစေမှု အတွက် ထောင်ဒဏ် တစ်နှစ် ကျခံရန် သို့မဟုတ် ဒဏ်ငွေ ရူပီ ငါးသောင်း (ကန်ဒေါ်လာ ၈၂၆) ပေးဆောင်ရန် သတ်မှတ်ထားပြီး၊ ထိုဥပဒေအား ဖောက်ဖျက် ကျူးလွန်သူအား အာမခံခွင့် မပေးရ ပြဌာန်းထားလေသည်။

    ထို့ပြင် မိလ္လာအညစ်အကြေးစွန့်ပစ်ရန် ခိုင်းစေခံရသူများအား အသက်မွေးဝမ်းကြောင်း အတတ်ပညာ သင်ကြားပေးခြင်း၊ အိမ်ဝယ်ရန်နှင့် လယ်ယာမြေများ ၀ယ်ယူရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့ပေးခြင်း၊ အမတော်ငွေ ပေးအပ်ခြင်း၊ အတိုးနှုန်းနည်းပါးသည့် ချေးငွေများထုတ်ပေးခြင်းနှင့် ၎င်းတို့၏ ကလေးငယ်များအား ပညာသင်ဆုပေးအပ်ခြင်း စသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်လည်း ပါဝင်လေ၏။

    အိန္ဒိယတွင် မိလ္လာ အညစ်အကြေးများအား စွန့်ပစ်ရန် ခိုင်းစေမှုမှာ ဒါလစ် ဇာတ်နိမ့်မျိုးရိုးများအား ခွဲခြားဆက်ဆံမှုတွင် အဆိုးဝါးဆုံးပုံစံ ဖြစ်လေသည်။ ဒါလစ်မျိုးနွယ်များအား ဇာတ်မြစ် မျိုးရိုးများက ရာစုနှစ်ပေါင်း များစွာကြာ ဆေးဖေါ်ကြောဖက်မလုပ်ကြဘဲ၊ ထိတွေ့ကိုင်တွယ်ခြင်းပင် မပြုကြ။

    အဆိုပါ ဒါလစ်မျိုးနွယ်တွင် မိလ္လာ အညစ်အကြေး စွန့်ပစ်သူအဖြစ် လုပ်ကိုင်ရသူ အများစုမှာ အမျိုးသမီးများဖြစ်ကြသည်ဟု ကုလ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။ မိလ္လာ အညစ်အကြေး သန့်ရှင်းခြင်းနှင့် ဒါလစ်မျိုးနွယ်များမှာ ခွဲခြား၍မရချေ။

    ၂၀၁၂ ခုနှစ်အထိ မိလ္လာ အညစ်အကြေး စွန့်ပစ်သူအဖြစ် လုပ်ကိုင်ခဲ့ရသူ အသက် ၂၅ နှစ်အရွယ် ဘလက်ရှ်ဝါရီက သူမအား မည်သူကမှ အိမ်အတွင်းသို့ ၀င်ခွင့်မပေးဘဲ၊ အစားအသောက်များကိုလည်း အဝေးမှသာ သူမ၏လက်တွင်းသို့ ပစ်ထည့်ပေးကြသည်ဟု လူ့အသိုင်းအ၀ိုင်းမှ ပစ်ပယ်ခံရမှုကို ဖွင့်ဟခဲ့သည်။

    သူမတို့အား ကိုင်တွယ်ထိတွေ့ခြင်း မပြုကြသော်လည်း မိလ္လာအညစ်အကြေး စွန့်ပစ်သည့် အလုပ်ကို တစ်ရက် မပျက်လာရောက်ရန်နှင့် လူစားထိုးခြင်း မပြုလုပ်ရန် ၎င်းတို့က ပြောထားကြသည်။

    “တစ်ရက်လောက် ပျက်ရင် အညစ်အကြေးပုံကြီးက အရမ်းလေးသွားပြီး ပိုးကောင်တွေလည်း အဲဒီအထဲကနေ ထွက်လာပါတယ်။ ငရဲတမျှပါပဲရှင်” ဟု ဘလက်ရှ်ဝါရီက စိတ်ပျက်အားငယ်စွာဖြင့်ဆို၏။

    ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မိလ္လာ အညစ်ကြေးရှင်းလင်းခြင်းတွင် အကာအကွယ် မရှိသည့် မိလ္လာကန်များ၊ မိလ္လာမြောင်းများ တည်ဆောက်ခြင်းလည်း ပါဝင်သည်။ ထိုသို့ဆောက်လုပ်ခြင်းမှာ ကျန်းမာရေးအတွက် အန္တရာယ်ရှိ၏။ တစ်အိမ်တွင် အိမ်သာတစ်လုံး မရှိခြင်းက အညစ်အကြေးစွန့်ရန် သီးခြားနေရာများကို ရှာဖွေရသည့် အမျိုးသမီးများ အတွက်လည်း အလွန်အန္တရာယ်ရှိလေသည်။

    ထိုစနစ်မျိုးပပျောက်ရန် ထုတ်ပြန်ထားသည့် ဥပဒေအတွင်း ရေလောင်းအိမ်သာများ ဆောက်လုပ်ရန်ပါဝင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ဥပဒေစတင်ပြီး ၉ လအတွင်း ဒေသတွင်း အာဏာပိုင်များက ပြီးဆုံးအောင်လုပ်ရန်အတွက်လည်း သတ်မှတ်ထားသည်။ ထို့ပြင် ထိုကာလအတွင်း ပြည်သူများကလည်း ၎င်းတို့၏ စုပေါင်းတွင်းအိမ်သာများကို ဖျက်ဆီးပစ်ရန် လိုအပ်လေသည်။

    သြဂုတ်လ ၁၅ ရက်နေ့က ကျရောက်ခဲ့သည့် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့တွင် ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီက “သန့်ရှင်းသော အိန္ဒိယ” ဟူသည့် လှုပ်ရှားမှုတစ်ခု စတင်ရန် ကြေညာခဲ့သည်။ ထိုလှုပ်ရှားမှုကြောင့် တစ်နှစ်အတွင်း အိန္ဒိယရှိ ကျောင်းတိုင်းတွင် မိန်းကလေးများအတွက် သီးသန့် အိမ်သာများထားရန် ဥပဒေ ထွက်ပေါ်လာခဲ့သည်။ သို့သော် ထိုဥပဒေအား အောက်ခြေ လူတန်းစားအထိ ပြန့်နှံ့ရောက်ရှိစေရန်အတွက် ပြည်နယ်အစိုးရက လုပ်ဆောင်ရန်လိုအပ်သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုလေသည်။

    စနစ်ကျသည့် မိလ္လာသန့်ရှင်းရေးစနစ်ဖြစ်ပေါ်လာရေး မိုဒီက ရှ့တန်းတင်ပြောဆိုသော်ငြား ထိုဥပဒေကို အောက်ခြေလူတန်းစား အထိ ပြန့်နှံ့ရောက်ရှိအောင် ပြည်နယ် အစိုးရများက ဆောင်ရွက်ရေးအတွက် ဗဟို အစိုးရမှ သေသေချာချာ ကြီးကြပ်ရမည်ဟု တောင်အာရှ လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့မှ မီနက်ခ်ရှိ ဂန်ဂူလီက ဆိုသည်။

    “ဥပဒေဆိုတာကြီးကို ကျင့်သုံးစရာ မလိုပါဘူးဆိုတဲ့ အတွေးက လူတွေမှာ အရိုးစွဲနေပါပြီ။ အစိုးရနဲ့ ရဲတပ်ဖွဲ့ကလည်း ကြားဝင်ဆောင်ရွက်ခြင်းမရှိပါဘူး” ဟု ဂန်ဂူလီက ဖွင့်ဟခဲ့ပြီး လူမှုဖူလုံရေး အတွက် ဗဟိုအစိုးရထံမှ ထောက်ပံ့ငွေများကို ပြည်နယ်အစိုးရနှင့် ရပ်ကွက်ကောင်စီတို့က ရရှိနေပြီး ဥပဒေအား အကောင်အထည် မဖေါ်သည့် ကိစ္စအတွက် ၎င်းတို့က တာဝန် ယူသင့်သည်ဟုလည်း ပြောကြားခဲ့လေသည်။

    “ဒေလီအစိုးရကနေ ရပ်ကွက်ကောင်စီအထိ ဒါတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရမှာပါဗျာ”

    မိလ္လာအညစ်အကြေးစွန့်ပစ်ရေး အလုပ်သမများ
    —————————————————–
    အိန္ဒိယတွင် မိလ္လာအညစ်အကြေး စွန့်ပစ်ရသည့် အလုပ်သမား စုစုပေါင်း မည်မျှရှိသည်ဆိုသည့်နှင့်ပတ်သက်၍ တရားဝင်အချက်အလက်များမရှိ။ သို့သော် ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှု အရ အိန္ဒိယနိုင်ငံ အတွင်း တွင်းအိမ်သာ အသုံးပြုသူ ၂.၆ သန်းရှိသည်ဟု သိရလေသည်။

    “ပြည်နယ်အစိုးရတိုင်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ မိလ္လာအညစ်အကြေး ရှင်းလင်းရေးကို အမြစ်ပြတ်အောင်လုပ်မယ်လို့ တရားရုံးချုပ်မှာ ကတိပေးခဲ့ကြပါတယ်။ ဒါပေမယ့် မိလ္လာအညစ်အကြေး စွန့်ပစ်သူအဖြစ် နိုင်ငံအတွင်းမှာ လုပ်ကိုင်နေရတဲ့ မိသားစုတွေက ၂ သိန်းကနေ ၃ သိန်းအထိ ရှိပါတယ်” ဟု ဗဟိုအစိုးရ ၀န်ကြီးဟောင်း ဂျိုင်ရန်  ရာမက်ရှ်က ၂၀၁၂ ခုနှစ်တွင် ပြောကြားခဲ့သည်။

    ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မိလ္လာအညစ်အကြေးရှင်းလင်းရေးနှင့် ပတ်သက်၍ ဥပဒေပြဌာန်းပြီး နောက်ပိုင်း ပြည်နယ် ၂၃ ခုတွင် မိလ္လာအညစ်အကြေးစွန့်ပစ်ရသူ  ၁၀၀၀ ကို တွေ့ရှိခဲ့ရပြီး စစ်တမ်းကောက်ယူမှုများကို ဆက်လက်လုပ်ဆောင်နေသည်ဟု အိန္ဒိယအစိုးရက ပြီးခဲ့သည့် သီတင်းပတ်ကပင် ပြောကြားခဲ့သည်။

    သို့သော်လည်း ၁၉၉၃ ခုနှစ်မှစ၍ ခေတ်အဆက်ဆက်မှ အစိုးရများမှာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အညစ်အကြေးရှင်းလင်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့သည့် ဥပဒေများမှာ အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့။ ထိုဥပဒေများတွင် တွင်းအိမ်သာတည်ဆောက်ခြင်းအား တားမြစ်ခြင်း၊ မိလ္လာအညစ်အကြေး စွန့်ပစ်ရန် စေခိုင်း သူများကို ထောင်ဒဏ်တစ်နှစ်ချမှတ်ခြင်းတို့ ပါဝင်လေသည်။

    ကိုယ့်နည်းကိုယ်ဟန်ဖြင့် မိလ္လာအညစ်အကြေးရှင်းလင်းခြင်းကို မိလ္လာစနစ်ပြဿနာအဖြစ် ယခင်ဥပဒေအဟောင်းများတွင် သုံးသပ်ထားပြီး၊ ယခုဥပဒေအသစ်တွင်မူ လူတို့၏ အညစ်အကြေးများကို ကိုင်တွယ်ရခြင်းမှာ လူ့ဂုဏ်သိက္ခာအား ချိုးဖောက်ခြင်းသာ ဖြစ်သည်ဟူသော အချက်ဖြင့် ပတ်သက်ဆက်နွယ်ရမည်ဟု တက်ကြွလှုပ်ရှားသူများက ဆိုလေသည်။ သို့သော်လည်း အလုပ်သမားများအား အကာအကွယ်ဖြစ်စေသည့် ၀တ်စုံများ၊ အန္တရာယ်ကင်းသည့် ကိရိယာများသုံး၍ မိလ္လာပိုက်များ၊ မိလ္လာကန်များ ရှင်းလင်းခြင်းကို ဥပဒေသစ်က ခွင့်ပြုထားလေသည်။

    သို့သော်လည်း အချို့သော တက်ကြွလှုပ်ရှားသူများကမူ ၀တ်စုံများ လုံလုံလောက်လောက် မပေးနိုင်မည်ကို စိုးရိမ်နေပြီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မိလ္လာအညစ်အကြေး ရှင်းလင်းခြင်းကို လုံးဝ ပိတ်ပစ်ရန် လိုလားနေလေသည်။

    အိန္ဒိယမှ မီးရထားများ
    ————————
    နိုင်ငံအလယ်ပိုင်း မဒ်ရာ ပရာဒက်ရှ်တွင် အခြေစိုက်သည့် တက်ကြွလှုပ်ရှားသူ အာရှစ်ဖ် ရှာအစ်ခ်ကမူ အိန္ဒိယရထားလိုင်းများက မိလ္လာအညစ်အကြေးများကို ကိုင်တွယ် ရှင်းလင်းရခြင်း၏ အဓိကရင်းမြစ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။  မီးရထားများမှ အိမ်သာများမှာ ဟောင်းလောင်းပေါက်များဖြစ်ပြီး လူတို့စွန့်ကြသည့် အညစ်အကြေးများမှာ ရထားလမ်းများပေါ်သို့ ကျရောက်သည်ဟု ၎င်းက ထောက်ပြ၏။

    “တစ်ယောက်ယောက်က ဒါကို လိုက်ကြုံးရပါတယ်။ ကျွန်တော်တို့အားလုံး ရထားတွေကိုသုံးတာကြောင့် ကောင်းမွန်တဲ့ အိမ်သာတွေရရှိဖို့ မီးရထားဌာနကို ကျွန်တော်တို့ ပြည်သူတွေက ဖိအားပေးဖို့လိုပါတယ်” ဟု အာရှစ်က ဆိုလေသည်။

    အိမ်သာအသစ်များ ဆောက်လုပ်ရန်အတွက် သမ္မတ မိုဒီက စိတ်အားထက်သန်နေသော်လည်း တက်ကြွလှုပ်ရှားသူများကမူ များပြားသော ပြည်သူအရေအတွက်နှင့် မိလ္လာစနစ်အခြေခံအဆောက်အဦးများ မလုံမလောက် ဖြစ်နေမည်ကို စိုးရိမ်မှုများ ရှိနေသည်။

    နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်မြို့တွင် ရေလောင်းအိမ်သာ ၁၀ လုံးမှ အလုံး ၃၀ ခန့်အား လူပေါင်း ၂၀၀၀ မှ ၃၀၀၀ အထိ စုတ်စုတ်ချာချာသုံးစွဲနေရသည်ဟု အဟ်မီဒဘတ်မြို့တွင် အခြေစိုက်သည့် Jan Vikas အကျိုးအမြတ်မယူသောအဖွဲ့ကို ဦးဆောင်နေသူ ဂျီတန်ဒရာ ရတ်ဟွဒ်က ဆို၏။

    ထို့ပြင် မြို့အတွင်း ဟာလာဟင်းလင်းမစင်စွန့်သည့် နေရာ ၁၀၀ မှ အညစ်အကြေးများကို မိလ္လာအညစ်အကြေးစွန့်ပစ်ရသူများမှ ရှင်လင်းရသည်ကို မိမိတို့အဖွဲ့မှ တွေ့ရှိထားသည်ဟု ရတ်ဟွဒ်က ပြောကြားခဲ့သည်။ ထိုပြဿနာအား ပြေရှင်းရာတွင် အဆင့် ၃ ဆင့်လိုအပ်သည်ဟု ၎င်းက သုံးသပ်လေသည်။

    ထိုအဆင့်သုံးဆင့်မှာ လူတိုင်းအတွက် အိမ်သာများ လုံလောက်အောင် ဆောက်ပေးခြင်း၊ ကောင်းမွန်သည့် မိလ္လာမြောင်းစနစ်နှင့် ရေပေးဝေရေး စနစ်တို့ ဆောင်ရွက်ပေးခြင်း စသည်တို့ဖြစ်၏။

    ထိုပြင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အညစ်အကြေးရှင်းလင်းမှုနှင့် ပတ်သက်၍ ပြည်သူများ၏ စောဒကတက်မှုများကို စုစည်းကာ ရဲစခန်းမျာသို့ သွားရောက် တိုင်တန်းခဲ့သော်လည်း မအောင်မြင်ဟု ရာဟွဒ်က ဆိုလေသည်။

    “အချို့ရဲတပ်ဖွဲ့ဝင်တွေက ဥပဒေသစ်အကြောင်း မသိကြပါဘူး။ တစ်ချို့တွေကြတော့လည်း စီနီယာတွေဖြစ်တဲ့ မြို့နယ်အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့ ရမှာကို ကြောက်ကြပါတယ်” ဟု သူက ဆိုသည်။

    လိုအပ်ချက်နှင့် ရာစုနှစ်ပေါင်းများစွာကြာရှိနေသည့် အယူအဆများကြောင့် ဖြစ်ပေါ်လာခဲ့သည့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အညစ်အကြေးရှင်းလင်းရေးစနစ် အမြစ်တွယ်နေသည့် လူ့အဖွဲ့အစည်းများအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းမှာ ကြီးမားသည့် စိန်ခေါ်မှုဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများက ထောက်ပြကြသည်။

    အဆိုပါ လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူများ၏ စိတ်ထားနှင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အညစ်အကြေးရှင်းလင်းသည့် စနစ်တို့ကို ပြောင်းလဲရန် အတွက် ရေရှည်တည်တံ့မည့် အားထုတ်မှုများကို လိုအပ်သည်ဟု Sulabh International အဖွဲ့မှ ဘင်ဒက်ရှ်ဝါ ပါသက်က ပြောကြားခဲ့လေသည်။ ထို့အဖွဲ့မှာ ၁၉၇၀ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံတွင် အိမ်သာပေါင်း တစ်သန်းကျော်ကို ဆောက်လုပ်ပေးခဲ့သည့် အဖွဲ့ဖြစ်၏။

    “(ဇာတ်နိမ့်ဇာတ်မြင့်မခွဲဘဲ) လူတွေ အတူတကွထိုင်ပြီး လက်ရေတစ်ပြင်တည်း စားသောက်ဖို့၊ လူအချင်းချင်း မထိရ၊ မကိုင်ရဆိုတဲ့စနစ်ကြီးပပျောက်ဖို့ဆိုတာ ဥပဒေတစ်ခု ပြဌာန်းလိုက်တာနဲ့ ပြီးသွားမှာပါလို့ ထင်နေလို့မရပါဘူး” ဟု ပါသက်က ဆိုလေသည်။

    လွန်ခဲ့သည့် ၂ နှစ်က အသက် ၁၈ နှစ်အရွယ် ဆိုနမ်ဆိုသည့် အမျိုးသမီးငယ်မှာ မနက် မိုးလင်းသည်နှင့် တစ်ပြိုင်နက် မိလ္လာအညစ်အကြေးများကို စွန့်ပစ်ပေးရန် ခြင်းတောင်း ကိုင်၍ ထွက်ခဲ့ရသည်။ မိခင်ဖြစ်သူနှင့် အဘွားဖြစ်သူတို့မှာလည်း ထိုကဲ့သို့ လုပ်ရလေသည်။

    သို့သော်လည်း ယခုတွင်မူ ၎င်းတို့ သုံးဦးစလုံးမှာ Sulabh International မှ ဖွင့်လှစ်ထားသည့် လေ့ကျင့်ရေးစင်တာသို့ သွားရောက်ကာ သင်တန်းများ တက်နေကြပြီဖြစ်သည်။ ထိုစင်တာတွင် မနက်ပိုင်း၌ အင်္ဂလိပ်၊ သင်္ချာနှင့် ဟင်ဒီတို့ကို သင်ပေးပြီး ညနေပိုင်းတွင်မူ အသံပိုင်းဆိုင်ရာနှင့် ပတ်သက်၍ လေ့ကျင့်သင်ကြားပေးလေသည်။

    “နှစ်ပေါင်း ၄၀ လောက် မိလ္လာအညစ်အကြေးတွေ စွန့်ပစ်ပေးခဲ့ရတဲ့ အဘွားရဲ့ဘ၀ဟာ အခုတော့ ပြောင်းလဲသွားပါပြီ” ဟု ဆိုနမ်က ကြည်နူးစွာ ဖွင့်ဟခဲ့လေ၏။

    Aljazeera သတင်းဌာနတွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် Betwa Sharma ၏ “India lower caste still removing human waste” ဆောင်းပါးကို ‘လေးမောင်’ မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

  • LifeStyle: အသုံးလှသော တစ်နေ့တာဘဝ

    LifeStyle: အသုံးလှသော တစ်နေ့တာဘဝ

    စက်တင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    -ဆောင်းပါးရှင် – နှင်းဆီခင်

    successful lifestyle

    – နှစ်ဆယ့်လေးနာရီရှိတဲ့ တစ်ရက်တာတွင် လူတွေဟာပုံစံမျိုးစုံနှင့် ကုန်ဆုံးနေကြတယ်။ ဒေါသတွေ၊ မောဟတွေ နောက်လည်း မုန်းတီးမှုတွေ ဒါမှမဟုတ် အကြင်အနာ တရားနှင့် ချစ်ခြင်းမေတ္တာ၊ပျော်ရွှင်ကြည်နှုးမှုတွေနှင့်ပေါ့။

    လူတိုင်းဟာသူ့ရဲ့သီးခြားခံစားမှုတွေရှိနေတာပေါ့။ တချို့လူနည်းစုတွေကတော့ တစ်ရက်တာကို အဓိပ္ပာယ်ရှိရှိ အပြည့်အ၀ အသုံးချရင်း ကုန်ဆုံးတတ်ကြတယ်လို့ သုတေသန ပညာရှင်တွေက လေ့လာ ဆန်းစစ်ထားကြတယ်။ ယေဘုယျအနေနှင့် လူအများစုကတော့ ခံစားရပေမဲ့ ကြည်နှုးပျော်ရွှင်မှုတွေကို ကိုယ့်ဘာသာ ဖျက်ဆီးပစ်နေကြပါတယ်တဲ့။

    ဘာကြောင့်လဲဆိုတော့ သူတို့ဟာ မနေ့ကပြုခဲ့မိတဲ့ အမှားတွေကို တမြည့်မြည့်တွေးရင်း ကိုယ့်ကိုကိုယ် အပြစ်တင်မိနေကြသလို မလာသေးတဲ့အတွက် မနက်ဖြန်မှာကြုံရမဲ့ ဒုက္ခတွေနှင့် အခက်အခဲတွေအတွက် သောက ပိုနေကြပြန်ရော။

    ဒါ့အပြင် လတ်တလောကြုံတွေ့နေရတဲ့ အကြောင်းအရာ ဖြစ်ရပ်တွေအပေါ် အသေအချာ ထိန်းသိမ်းဆောင်ရွက်နိုင်စွမ်း မရှိတာကြောင့် အပူပေါ်အပူဆင့်ပြီး အပျော်လေးတွေ ပျောက်ဆုံးနေကြတယ်။ တစ်နည်းပြော ရရင် စိုးရိမ်စိတ်၊ ပူပန်စိတ်တွေနှင့် လုံးချာလိုက်နေတယ်။

    တကယ်တော့ လူတိုင်း ပိုင်ဆိုင်ခွင့်ရှိတာဟာ တစ်ရက်အတွက် ၂၄ နာရီအပြည့်အ၀ရှိတယ်။ စီစဉ်တကျကိုင်တွယ် အသုံးချမယ်ဆိုရင်တော့ စိတ်ပင်ပန်း လူပင်ပန်းမှုဒဏ်က ကင်းဝေးစွာ တစ်နေ့တစ်နေ့ ကုန်ဆုံးနိုင်မှာတော့ အသေအချာပါပဲ။ အချိန်ကို စနစ်တကျသုံးစွဲတဲ့အခါ အချိန်တွေပိုတွေရလာမှာတော့ အသေအချာပဲပေါ့။

    ဆိုပါစို့ မနက်အိပ်ရာကထဖို့အတွက် နှိုးစက်ပေးပြီးအချိန်သတ်မှတ်ရာမှာ ၁၀မိနစ်လောက်စောပြီး ချိန်ထားပေးပါ။ ဒါဆိုရင် နှိုးစက်အသံကြားကြားချင်း အိပ်ယာကနေ အပြေးအလွှားထဖို့ မလိုတော့ဘူး။ အချိန်ပို ၁၀ မိနစ်အတွင်းမှာ ခြေဆန့်လက်ဆန့်လုပ်ရင်း အသက်ရှုသွင်းထုတ်လေ့ကျင့်နိုင်ပါတယ်။ လက်တွေကို (အိပ်နေတဲ့ အနေအထားမှာ) ခေါင်းနားအထိအပေါ်ဖက်ကို ဆန့်ထုတ်ရင်း အသက်ကိုပြင်းပြင်း ရှုသွင်းရင်းပြီး လက်တွေကို ကိုယ်ခန္ဓာဘေးကို ပြန်ချတဲ့အခါ ခပ်ဖြည်းဖြည်းချင်း ရှုထုတ်နိုင်တယ်။ အချိန်ပို ၁၀ မိနစ်အတွင်း အဲဒိလို အသက်ရှုလေ့ကျင့်ခန်းလုပ်တာဟာ အိပ်နေတာထက်ပိုပြီး ထိရောက်တယ်။ ဒီလိုလေ့ကျင့်မှုက ကိုယ်ခန္ဓာဘေးနံရံကကြွက်သားတွေကို ဆန့်ထုတ်သလိုပါပဲ။

    အဲဒီနောက် ညာဘက်ကိုစောင်းအိပ်လို့ ညာလက်ကို ပခုံးပေါ်တင်ထားပြီး အသက်ပြင်းပြင်းရှုသွင်းတဲ့ အခါ လက်ကိုဦးခေါင်းနားဆီသို့ရောက်အောင် ဆွဲယူပါ။ အဲဒီအခါ ခါးအထိကြွက်သားတွေ ဆန့်ထုတ်သလို ခံစားရမယ့်အပြင် နောက်ကျောကြွက်သားတွေကိုလည်း ဆန့်ထုတ်သလိုဖြစ်လာ ပါတယ်။ လေကိုဝအောင် ရှုသွင်းတာဖြစ်လို့ အဆုတ်တွေ သွက်လက်လှုပ်ရှားလာမယ်။ ပြီးရင်ဘယ်ဘက်ကိုပြောင်းပြီးလုပ်ပါ။ ဘယ်ဘက်မှာရှိတဲ့နှလုံးဟာ သန်မာ လှုပ်ရှားလာနိုင်မှာဖြစ်လို့ အကျိုးဖြစ်ထွန်းမှုရှိပါတယ်။

    နောက်လေ့ကျင့်မှုတစ်ခုကတော့ အသက်ရှုသွင်းတဲ့အခါ ခြေထောက်တွေကို ဆန့်ထုတ်ပြီး မြှောက်ထားပါ။ အသက်ရှုထုတ်တဲ့ အခါမှ ဖြည်းဖြည်းချင်းပြန်ချပါ။ ဒီလေ့ကျင့်မှုသုံးမျိုးကို အိပ်ယာမှမထခင် နေ့စဉ် လိုလိုလေ့ကျင့် လှုပ်ရှားမယ်ဆိုရင်တော့ လန်းဆန်းတက်ကြွပြီး ကျန်းမာကြံ့ခိုင်စွာ ရှိနေမယ်ဆိုတာ အသေအချာပဲပေါ့။

    အိပ်ယာကထတဲ့အခါ တိုက်ရိုက်နိုးထတာမျိုးက ကိုယ်ရောစိတ်ပါထိခိုက်တတ်တယ်ဆိုတာ လက်တွေ့ သိသာနိုင်တယ်။ ရပ်နေတဲ့ကားတစ်စီးကို ဂီယာပြင်းပြင်းနှင့်နှိုးလိုက်သလိုမို့ စိတ်လှုပ်ရှားမှု အပြည့်နှင့် နှိုးထလာမှာပါ။

    နှလုံးမှာထိခိုက်ဝေဒနာခံစားရသလို စိတ်ပေါ့ပါးရွှင်လန်းမှုလည်းမရှိဘူး။ ဒါကြောင့် အချိန်ပိုကလေးယူ၊ နားနားနေနေရှိအောင် ကြိုးစားဖို့မမေ့သင့်ပါဘူး။ မနက်ခင်းမှာ စိတ်ကြည်ကြည်လင်လင်နှိုးထခြင်းဟာ တစ်နေ့လုံးစိတ်ကြည်လင် လန်းဆန်းဖို့အလားအလာအများကြီးရှိတာကိုး။

    အိပ်ယာကနိုးပြီဆိုတော့ မနက်စာအတွက်စီစဉ်ရပြီပေါ့။ မနက်စာစားရာမှာ ဘာစားတယ်ဆိုတာက ဘယ်လိုပုံစံစားသောက်တယ် ဆိုတာလောက်တော့ အရေးမကြီးလှဘူး။

    မနက်စာကိုဘာပဲစားစား ကျေကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင်စားသောက်ဖို့သိပ်ကိုအရေးကြီးတယ်။ ခေါင်းထဲမှာအတွေးတွေအပြည့်နှင့် အစားအသောက်ကို အချိန်ယူစားမနေတော့ဘဲ ကရိုက်ကတိုက်ပြီး စလွယ်စားတတ်တာဟာ အစာချေဖျက်မှု စနစ်ကို ပျက်စီးစေ ရုံသာမက စိတ်ဖိစီး တင်းကျပ်မှုတွေကိုခံစားရမှာတော့ အသေအချာပါ။ ဒါကြောင့် အစားအသောက်ကို အလျင်စလို မစားဘဲ(နည်းနည်းများများ) အစာကြေအောင် အချိန်ယူစားတတ်တဲ့ အကျင့်ရှိဖို့လိုတယ်။ ဒါမှလည်း စားလိုက်သမျှအစားအသောက်တွေဟာ တစ်နေ့တာလှုပ်ရှားရုန်းကန်ဖို့ အားဖြစ်စေ ပါလိမ့်မယ်။ နောက်ပြီး ကြုံတွေ့ရမဲ့ အခက်အခဲတွေ၊ ပြသာနာတွေကို ရဲရဲကြီးရင်ဆိုင်နိုင်မယ့်ခွန်အားကိုပေးတယ်။

    ပုံမှန်လှုပ်ရှားလုပ်ကိုင်ခြင်းဟာ လူရောစိတ်ပါအပင်ပန်းပြေစေတဲ့ သဘော။

    တစ်နေ့မှာ လုပ်ကိုင်ဆောင်ရွက်ရမယ့် တာဝန်တွေကိုအပြေးအလွှားပြီးအောင်လုပ်နေရသူဟာ စိတ်ဖိစီးမှုတွေတစ်ထမ်းကြီးခံစားရပြီသာမှတ်။ နာရီကိုကြည့်လိုက်တဲ့ အခါ တစ်စုံတစ်ခုလုပ်ဖို့နောက် ကျနေပြီဆိုတာသိလိုက်ရတာနှင့် ကိုယ်ခန္ဓာကြွက်သားတွေဟာ တောင့်တင်းပြီး အထိတ်တလန့်ဖြစ်သွားရော။

    အလုပ်သွား၊ ကျောင်းသွား နောက်ကျပြီဆိုတဲ့အသိ ကိုယ့်ကိုကိုယ်နှိပ်စက်နေတယ်။ ဒါကြောင့် အရာရာကို စနစ်တကျ အချိန်သတ်မှတ်ပြီး ကြိုတင်စီစဉ်တတ်သူဟာ အလောတကြီးလုပ်စရာ လုံးဝမလိုဘူး။ အရာရာကို ခပ်အေးအေးနှင့် တည်တည်ငြိမ်ငြိမ်ဆောင်ရွက်နိုင်တယ်။ အလုပ်၊ ရုံး၊ ကျောင်း စတာတွေကို အချိန်မီရောက်တယ်။ သောကမပိုတာကြောင့် အဲဒီတစ်နေ့တာအတွက် စိတ်ဓာတ်တက်ကြွ လန်းဆန်းနေပြီပေါ့။

    ငွေကိုစနစ်တကျခွဲဝေသုံးစွဲသလို အချိန်ကိုလည်း စီမံဆောင်ရွက်နိုင်ဖို့လိုတယ်။ ဒါဆိုရင် ကိုယ့်မှာဆောင်ရွက်စရာ တစ်ခုခုပေါ်လာတိုင်း “အချိန်မရှိလို့” ဆိုတဲ့ အကြောင်းပြချက်နှင့် ဆင်ခြေပေးဖို့ မလိုတော့ဘူး။ စနစ်ဇယားလှလှနှင့် အချိန်ကိုခွဲဝေသုံးစွဲမယ်ဆိုရင် တစ်နေ့တစ်နေ့မှာ အချိန်ပိုတွေ ရလာမှာဖြစ်လို့ ကိုယ်ဝါသနာပါရာ၊ ကိုယ့်ဘ၀ တိုးတက်ရာ တစ်ခုခုကို လေ့လာဖို့ အခွင့်အရေးရမှာ အသေအချာပါပဲ။ တစ်ကယ်တမ်းတွေးကြည့်ရင် တစ်ရက်မှာရှိတဲ့ ၂၄ နာရီ (၁၄၄၀ မိနစ်) မှာကိုယ်ပိုင် အနားယူပြီး စိတ်လွတ်လပ်ပေါ့ပါးစွာ နေနိုင်ဖို့ ၁၅ မိနစ်လောက် အနည်းဆုံးမရှိသင့်ဘူးလား။ ဒါဆိုရင်လာမယ့်နေ့သစ်တွေအတွက် စိတ်ဓာတ်ခွန်အားအပြည့်နှင့် ရင်ဆိုင်နိုင်မယ်ဆိုတာ လက်တွေ့ခံစားဖူးသူတိုင်းသိမှာပါ။

    တချို့ရှိတယ်။ ဘာလုပ်လုပ် လျင်လျင်မြန်မြန်ကြီးလုပ်တတ်တယ်။ လုပ်ရမယ့်အလုပ်တွေပြီးမှဖြစ်မယ် ဆိုတဲ့အသိစိတ်က တရစပ်နှိုးဆော်နေတာကိုး။ တကယ်တော့ဒါဟာ မှားယွင်းတဲ့လုပ်ရပ်တစ်ခုပါ။ ကိစ္စတိုင်းကို စနစ်တကျတွေး အလျင်စလိုကြီးလုပ်စရာမလို (ဖြည်းနှေးရမယ်လို့မဆိုလိုပါ) မှတ်တမ်းကလေး လုပ်သွားပြီး စိတ်ကို တင်းမထားဘဲ အလိုက်သင့်ပြေလျော့ထားဖို့လိုမယ်။ ဒါမှလည်း အလုပ်ကိုပျော်ပျော်ကြီးအပြီးသတ်နိုင်မှာဖြစ်သလို အလုပ်ကြောင့် ၀န်ပိနေတာမျိုး မခံစားရတော့ဘူးပေါ့။ စိတ်ပူတာ၊ စိုးရိမ်သောကတွေ မရှိခြင်းဟာ ကိုယ်ဆောင်ရွက် ရမယ့် ကိစ္စတိုင်းကို အချိန်လုံလုံလောက်လောက်ယူပြီး ခေါင်းအေးအေး ထားဆောင်ရွက်ခြင်းပဲဖြစ်တယ်။

    ညအိပ်ယာမ၀င်ခင်ကတည်းက နောက်တစ်နေ့မနက်အိပ်ယာနိုးလာရင် ဆောင်ရွက်ရမဲ့ကိစ္စတွေကို စီမံစဉ်းစားထားတာ သောကပိုတဲ့သဘော လုံးဝမဟုတ်ပါဘူး။ မိုးလင်းတာနဲ့ ကိုယ့်ရဲ့အစီအစဉ် အတိုင်း ဆောင်ရွက်သွားရုံပါပဲ။ တစ်ခုရှိတာက အိပ်ယာကနိုးလို့ မျက်လုံးဖွင့်လိုက်တာနှင့် ကိုယ်လုပ်ရမဲ့ ကိစ္စတွေက ခေါင်းထဲစုပြုံတိုးဝင်လာ၊ စိတ်ရှုပ်၊ စိတ်ဖိစီးတာမျိုးတော့ မဖြစ်သင့်ဘူး။ ဒါဟာကိုယ့်ဘာသာ စိတ်ပင်ပန်း၊ လူပင်ပန်းအောင်နှိပ်စက်တဲ့ သဘောဖြစ်နေတယ်။ ကြိုတင် စီစဉ်တာနှင့် စိတ်ပူတာဟာ လုံးဝခြားနားတာမို့ ခွဲခြားမြင်ဖို့တော့လိုတယ်လေ။

    လူ့သဘာဝအရ နေ့စဉ်ဘ၀မှာ အခက်အခဲတွေ၊ စိတ်ညဏ်စိတ်ရှုပ်စရာတွေ ကြုံကြရသည်ပဲပေါ့။ ဒါတွေအတွက် “စိတ်ညစ်လိုက်တာ” လို့ပါးစပ်ကနေခိုညည်း ညည်းနေလို့ အရာခပ်သိမ်းကာပြေလည် သွားမှာမှမဟုတ်တာနော့။ ဒီတော့ ကြုံလာသမျှမှာ အခက်အခဲတွေဆိုတာရှိရင် ထွက်ပေါက်ဆိုတာလည်း မလွဲမသွေရှိမယ် ဆိုတာကို ရဲရဲကြီးယုံကြည်ထားမယ် ဆိုရင်ပေါ့။ အခက်အခဲတွေ၊ ပြသာနာတွေ အတွက် ခေါင်းခဲနေမယ့် အစား၊ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို တွေးဆတာဟာ နည်းလမ်းကောင်းတစ်ခုပါ။

    အလုပ်ကိစ္စတွေဆောင်ရွက်လို့ပြီးစီးတဲ့အခါ၊ အစားအသောက်စားမယ်လို့ စိတ်ကူးတဲ့အခါ မိနစ်ပိုင်းလောက် ကလေးပဲဖြစ်ဖြစ် စိတ်ရောလူပါ အနားယူလိုက်ပါ။

    ဒါဆိုရင် စိတ်ကြည်လင်လန်းဆန်းသွားမှာသေချာတယ်။ အဲဒီတော့ စိတ်ဖိစီးမှုတွေက ကိုယ့်ကို အလဲထိုး၊ နှိပ်စက်နိုင်မှာ မဟုတ်တော့ဘူး။

    ဘ၀ဆိုတာ အစစအရာရာချောမွေ့အဆင်ပြေနေတတ်တာမျိုးမဟုတ်ဘူး ဆိုတဲ့အသိကို နားလည် လက်ခံထားရင်ပေါ့။ ကြုံပလေ့စေ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပစ်လိုက်မယ်ဆိုတဲ့ ခံယူချက် ရှိလာမယ်။ ၂၄ နာရီ ပတ်လုံးစိတ်သောကရောက်နေမှာ မဟုတ်တာတော့ သေချာတယ်။ ဒီတော့ ဘ၀ကို အလိုက်သင့်ဖြေရှင်းဆောင်ရွက်ရင်း နေပျော်အောင်နေမလား၊ ဒါမှမဟုတ် ၀န်ထုပ် ၀န်ပိုးပိပြီး လေးလံနေတယ်လို့ ယူဆမလား။ ဒါကတော့ စာဖတ်သူရဲ့ ဆန္ဒပေါ့။     ။

    နှင်းဆီခင်

  • ပြည်ထောင်စုဖတ်စာ

    ပြည်ထောင်စုဖတ်စာ

    သြဂုတ် ၃၁ ၊ ၂၀၁၄
    M-Media
    -ဆောင်းပါးရှင်- ညီသွေး

    01

    လွှတ်တော်ကြီး အနီး
    ပြည်ထောင်စုကြီး နွံထဲနစ်နေသည်။
    တိုင်းရင်းသားများ ၀ိုင်း၍ ညီညွတ်ပေးကြပါ။
    လေးပါးစုံညီတွန်းလျှင် ရွေ့နိုင်ပါ၏။

    လူဆိုတဲ့သတ္တ၀ါက ယဉ်ကျေးမှုစင်တာကြီးတွေ၊ အသိပညာမျိုးစုံ စည်ပင်စေတဲ့ တက္ကသိုလ်ကြီးတွေ တည်ထောင်နိုင်ခဲ့တယ်။ လူဆိုတဲ့သတ္တ၀ါက ကျမ်းစာတွေ တရားဓမ္မတွေ ပြုစုပြဋ္ဌာန်းနိုင်ခဲ့တယ်။ အဲ့ဒီလူစုကပဲ လူ့အခွင့်အရေးကြေညာစာတမ်းတွေ ထုတ်ပြန်လို့ ကျေးပိုင်ကျွန်ပိုင်စနစ်တွေ ရိုက်ချိုးနိုင်ခဲ့တယ်။ အဲ့ဒီလိုလူ့လောကကြီးက အမြဲ သတိရတမ်းတပြီး အမြဲကျေးဇူးတင်ထိုက်တဲ့ လူတွေ ရှိခဲ့သလို လူတစ်စု တစ်ဖွဲ့ကောင်းစားဖို့အတွက် တစ်တိုင်းပြည်လုံး ချောက်ထဲ တွန်းပို့ခဲ့တဲ့လူတွေ၊ ကိုယ့်လူမျိုး အသာစံရဖို့ဆိုပြီး အခြား အသွင်မတူ မျိုးကွဲ လူနည်းစုတွေအပေါ် မတရားဖိနှိပ်ချုပ်ချယ်တဲ့လူတွေ၊ လက်ဗလာ ခြေဗလာ ပြန်သွားရမယ် ဆိုတာ သိသိကြီးနဲ့ ဘယ်လိုစောဒကမှ တတ်နိုင်စွမ်းမရှိတဲ့ ခရီးတစ်ခုကို တစ်ကိုယ်တည်း ထွက်ခွာသွားရမယ်ဆိုတာ ကျိန်းသေနေတဲ့ကြားထဲက တစ်အုပ်စုပေါ် တစ်အုပ်စု တစ်နိုင်ငံပေါ် တစ်နိုင်ငံ ကျူးကျော်ရန်စ အနိုင်ကျင့် သိမ်းပိုက်ချင်နေတဲ့ လူ့ဗာလတွေလည်း ရှိနေပါသေးတယ်။

    ကမ္ဘာ့မြေပုံပေါ်မှာ အေးချမ်းတဲ့ နေရာဒေသ သာယာချမ်းမြေ့မှုရှိတဲ့ အရပ်ဆိုတာ မရှိသလောက် ရှားပါးနေပါပြီ။ နိုင်ငံတိုင်းမှာ ပြည်တွင်းစစ် (သို့) သူပုန်ထမှုဆိုတာရှိတယ်။ မငြိမ်းမချမ်း ဆန္ဒပြမှုတွေရှိတယ်။ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေရှိတယ်။ တစ်ချိန်က အရှေ့တောင်အာရှရဲ့ အဖွံ့ဖြိုး အချမ်းသာဆုံးတိုင်းပြည် သံယံဇာတကြွယ်ဝပေါများဆုံးတိုင်းပြည်၊ အငြိမ်းချမ်းဆုံးဘာသာတရား၊ အဆုံးအမနဲ့အညီ နေထိုင်ခဲ့ကြတဲ့ တိုင်းပြည်၊ လောကွတ်ပြုရာ ဗြဟ္မစိုရ် တရား များစွာပေါကြွယ်ဝတဲ့လူမျိုးတွေ ရှိခဲ့တဲ့ ဒီတိုင်းဒီဋ္ဌာနီမှာတောင် လူတစ်စုရဲ့ ခလောက်ဆန် မွှေနှောက်မှုကြောင့် ဘယ်လောက်တောင် ဆင်းရဲနိမ့်ကျ ချွတ်ခြုံကြခဲ့ရသလဲ။ နေ့စဉ်ရက်ဆက် လူထု ဆန္ဒပြထုတ်ဖော်ပွဲတွေ၊ ဒီအကြောင်းတရားတွေ ကြားထဲက သားသေလင်ပျောက် ဒုက္ခရောက်ခဲ့ရတဲ့ မိသားစုတွေ နေရပ်စွန့်ခွာ စစ်ဘေးရှောင် ဒုက္ခသည်စခန်းအတွင်းက တဖြေးဖြေးတိုးလာတဲ့ လူဦးရေတွေ၊ အကျဉ်းစခန်း၊ စစ်ကြောရေးစခန်းတွေထဲမှာ စတေးခံလိုက်ရတဲ့ နိုင်ငံသားတွေ၊ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ၊ မြေစာပင်တွေ၊ အပြစ်မဲ့တွေ။

    ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဆိုသည့် လူတစ်စု၊ ဒီလူတစ်စုရဲ့ အင်အားက အလွန်ကြီးပါသည်။ မီဒီယာတွေကိုပိုင်သည် အသံလွှင့်ဌာနတွေကို ပိုင်သည်။ ဘဏ်အကြီးကြီးတွေကို ပိုင်သည်။ အကျဉ်းထောင်တွေကို ပိုင်သည်။ တရားရုံးတွေ တရားသူကြီးတွေကို ပိုင်သည်။ ပဋိပက္ခတွေကို ပိုင်သည်။ သာသနာပိုင်တွေ တောင်ပိုင်သည်။ အကြမ်းဖက်သမားတွေကို ပိုင်သည်။ အများညီညီ မညီညီ ဤကို ကျွဲဟု လုပ်နိုင်သည်။ အမြဲတမ်း ‘ငါးပျံ’အလှည့်ချည်းပဲ လုပ်နိုင်သည်။ ပလိုင်းပေါက်နှင့်လည်း ဖားကောက်နိုင်သည်။ ရေဗူးပေါက်နေလည်း ရေပါအောင် လုပ်နိုင်သည်။ အလွန်ကြီးမား မြန်ဆန်လွန်းတဲ့အရှိန်နဲ့ သွားနေတာဆိုတော့ သူတို့ကို ဘယ်သူမှ ရပ်တန့်အောင် ကြိုးစားနိုင်မှာ မဟုတ်တဲ့အပြင် သူတို့ကိုယ်တိုင်လည်း ပြန်ပြီးရပ်တန့်အောင် လုပ်နိုင်တော့မှာ မဟုတ်တော့။ အလွန်မြန်တဲ့ယာဉ်ကို ရုတ်တရက် ရပ်တန့်အောင် လုပ်မည်ဆိုလျှင် ကြောင့်ကျတော့ကြမည်မဟုတ်။

    ဤကဲ့သို့သော အစိုးရ၀န်ကြီးဋ္ဌာနများသည် မြန်မာနိုင်ငံ၌ အကယ်စင်စစ်တည်ရှိခဲ့ပါသည်။ ‘ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် မညီညွတ်သည့်ကိစ္စရပ်များကို ဋ္ဌာနပေါင်း ၃၉-ခုရှိသည့်အနက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှလွဲ၍ ကျန်ဝန်ကြီးဋ္ဌာန ၃၈-ခုမှ ချိုးဖောက်ထားပါသည်။’တဲ့ ‘ဗဟိုအဖွဲ့အစည်းဌာနများ၏ ဥပဒေ၊ နည်းဥပဒေ ဘဏ္ဍာရေးစည်းမျဉ်း၊ ၀န်ထမ်းစည်းမျဉ်းများ၊ လုပ်ထုံး လုပ်နည်းနဲ့မညီညွတ်သော စစ်ဆေးတွေ့ရှိချက်များက ၂-နှစ်အတွင်း အကြိမ် ၅၀၀-ကျော်တဲ့’ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ရဲ့ အဆိုတင်သွင်းချက်မှတဆင့် ပြည်သူတွေ သိခွင့်ရတာပါ။ ‘မခင်ပုံနှင့်လောက်’ကွက်တိဆိုသလို ဒီလိုအစိုးရဌာနမျိုးတွေ ပိုင်ဆိုင်ထားတဲ့ တစ်နည်းအားဖြင့် မြွေပွေးတွေ ခါးပိုက်ပိုက်ထားတဲ့ တိုင်းပြည်မျိုးမှ မဆင်းရဲရင် ကမ္ဘာမှာ ဘယ်တိုင်းပြည်မှ မဆင်းရဲတော့ဘူး။ အဲ့ဒီလိုတိုင်းပြည်မှာမှ လူလာဖြစ်ရ၊ စာနယ်ဇင်းသမားလာဖြစ်ရ၊ နိုင်ငံရေးသမား လာဖြစ်ရတာကတော့ ဓါးသွားပေါ်က ပျားရည်စက်ကို လျက်ရသလို၊ ကောင်းအောင် ကြိုးတန်းပေါ် လျှောက်ပြနေရတဲ့ ဆက်ကပ်သမားလို အမြဲ သတိနဲ့ အသိ အကြီးကြီး ထားနေရမှာပါ။

    လက်နက်ခဲယမ်းအပြည့်အစုံနဲ့ တမူးက၀င်လာတဲ့ နိုင်ငံ အ၀ှမ်းလုံး မွှေနှောက်မယ့် တရုတ်နိုင်ငံသား ရှစ်ဦးကို လက်နက်ပုဒ်မ၊ ဆက်သွယ်ရေးပုဒ်မ၊ လ၀ကပုဒ်မတွေနဲ့ ၃-မျိုးပေါင်းပြီး ချလိုက်တဲ့ ထောင်ဒဏ်က ၁၀-နှစ် မပြည့်ပဲ စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြုပါတယ်ဆိုတဲ့ ဂျာနယ်လစ်တွေကို ချလိုက်တဲ့ ထောင် ၁၀-နှစ်ဆိုတာက သက်သေပဲ။

    အမှန်တရားဘက်တော်သားတွေကို ဒီလိုအစိုးရမျိုးက ဘယ်တော့မှ မျက်နှာသာ မပေးပါဘူး။ ဒါပေမယ့် ပြည်သူလူထုရဲ့ မျက်နှာစာမှာတော့ အမြဲ ဂုဏ်သိက္ခာမြင့်မားနေမှာပါ။ အဓိက ကတော့ အမှန်တရားကို ချစ်မြတ်နိုးဖို့ပါပဲ။ အမှန်တရားဆိုတာ သဲပွင့်လေးပဲ ဖြစ်နေပါစေ။ ကမ္ဘာမြေကြီးနဲ့ ပါဝင် ပေါင်းစပ်နိုင်လိုက်ရင် ဘယ်လောက် အင်အားကြီးသွားမယ်။ အမှန်တရားဟာ ရေတစ်စက်ပဲဖြစ်နေပါစေ။ သမုဒ္ဒရာကြီးနဲ့ ပတ်သက်နိုင်လိုက်ရင် ဘယ်လောက်ကျယ်ပြန့်နက်ရှိုင်းသွားမလဲ။ အဲ့ဒီ အမှန်တရားကို ပြည်သူတွေ သိအောင်လုပ်ပြနိုင်ဖို့က စတုတ္ထမဏ္ဍိုင်ရဲ့ အဓိကတာဝန်ပါပဲ။ ထောင် ၁၀-နှစ်ဆိုတာ ဆူးတစ်ကြိုးတစ်ထပ်လား၊ ပုဒ်မ ၁၈ ဆိုတာ မုန်တိုင်းတစ်ခုလား။ စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြုနေသူ အားလုံးအတွက်တော့ ရှေ့ဆက်ရမယ့်လမ်းမှာ ဒါတွေဟာ ကြိုတင်ရောက်နှင့်နေမယ့် ဧည့်ကြိုတွေအဖြစ်သာ သတ်မှတ်ထားလိုက်ပါ။

    အမှန်တရားဆိုတာ
    မာတိကာ အသစ်မှာ
    စာမျက်နှာတစ် ဖြစ်ခွင့်မရလည်း
    တောအုပ်ထဲ အရိပ်နင်းခံတဲ့ သစ်ပင်လို
    အရပ်ထက် မြင့်မှာပဲ။

    တိုင်းသူပြည်သားအားလုံးရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်လို့လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အချက် တစ်ခုဖြစ်တဲ့ လေးပါးစုံညီ တွေ့ဆုံဆွေးနွေးပွဲတွေ မလုပ်နိုင်တာ ဘာကြောင့်လဲဆိုတာ အရင် အဖြေရှာသင့်ပါတယ်။ ဥပမာအားဖြင့် လက်ရှိမြန်မာအစိုးရရဲ့ အဓိကခေါင်းဆောင်ပိုင်းနေရာတွေကို တာဝန်ခွဲဝေချထားပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ အသွင်ကူးပြောင်းရေးကို ဦးဆောင်လမ်းပြ မြေပုံရေးဆွဲပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေထံ အရင်သွားရောက်ပြီး အကြံဥာဏ်ကောင်းများ၊ လမ်းညွှန်မှုကောင်းများ တောင်းခံသင့်ပါတယ်။ ဖာရိုဘုရင် (ဒုတိယမြောက် ရမ်မဆီ)ထံ တမန်တော်ဂျိုးဇက်က ဒီလို တောင်းဆိုခဲ့ပါတယ်။

    ‘ငါ့လူတွေကို ပေးသွားခွင့်ပြုပါတော့’တဲ့ ထိုပုဂ္ဂိုလ်ကြီးများ အနေကလည်း ဒီတိုင်းပြည်ကြီးကို ပေးကောင်းဖို့ သင့်တဲ့အချိန် ရောက်နေပြီဆိုတာ သိနေမှာပါ။ အမမေစု အနေနဲ့ အရိုးရှင်းဆုံး နှလုံးသား သန့်သန့်နဲ့ လိမ်မာသိမ်မွေ့စွာ ကြိုးစား ချဉ်းကပ်သွားမယ်ဆိုလျှင် ဒီတွေ့ဆုံဆွေးနွေးမှုများ အထမြောက်ပြီး ပြည်ထောင်စုကြီးရဲ့ သမိုင်းဝင်နေ့ရက်များ ဖြစ်လာမှာပါ။ ထိုပုဂ္ဂိုလ်ကြီးများလည်း တစ်တိုင်းပြည်လုံးရဲ့ မေတ္တာကိုပြန်ရ၊ နောက်ဆုံး သံသရာ ခရီးမှာ လည်း ဖြောင့်တန်းချောမွေ့ငြိမ်းချမ်း၊ ပြည်ထောင်စုအကြီး အပေါ် ပေးဆပ်ဖို့ တင်ကျန်နေတဲ့ အကြွေးများလည်း ကြေအေး၊ ဘယ်လောက်တောင် ချမ်းမြေ့သာယာမယ့် အနာဂတ် လမ်းပါလဲ။ အားလုံးဝိုင်းစဉ်းစားသင့်ပါတယ်။ PR တို့ ပြည်ထောင်စု လွှတ်တော်တို့၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတို့ဆိုတာ ထိုပုဂ္ဂိုလ်ကြီးများရဲ့ ပင်လယ်မှ ရေမြှုပ် အဆင့်သာရှိပါတယ်။ ဒီပုဂ္ဂိုလ်ကြီးများရဲ့လက်နဲ့ ရေးခဲ့တာတွေဟာ ဒီပုဂ္ဂိုလ်ကြီးများရဲ့ correction pen နဲ့ပဲ ပြန်ဖျက်မှ အဆင်ပြေနိုင်မှာပါ။

    ဘာကြောင့် ဒီတွေ့ဆုံဆွေးနွေးမှုတွေ အရင်လုပ်သင့်သလဲဆိုတာ အောက်ပါ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွေကိုကြည့်ပြီး သဘောပေါက်နိုင်ပါတယ်။ ဒီအခင်းအကျင်းတွေကတော့ အများမညီပေမယ့် ဤက ကျွဲဖြစ်သွားတဲ့ လွှတ်တော်ထဲက PR က သက်သေပဲ မတော်မတရား နိုင်ငံအနှံ့ မြေယာသိမ်းမှုတွေက သက်သေပဲ။ ဆန္ဒပြ ထုတ်ဖော်တောင်းဆိုမှုတွေကို အကြမ်းဖက်နှိမ်နင်းနေတာက သက်သေပဲ။ တစ်သက်လုံး အစိုးရလာတဲ့ သမ္မတဆိုတဲ့သူထံ လွှတ်တော် နာယကကြီးက စာပို့တော့မှ အစိုးရက ၀င်ရောက်စွက်ဖက်လို့ မရဘူးလို့ အကြောင်းပြန်လိုက်တာက သက်သေပဲ။ ထောင်ဒဏ်အမိန့်ချပြီးမှ ဒီအမိန့်တွေဟာ တပ်ကလာတာပါလို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ တရားသူကြီးရဲ့ နှုတ်ထွက်စကားက သက်သေပါပဲ။ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ တမူးက၀င်လာတဲ့ နိုင်ငံ အ၀ှမ်းလုံး မွှေနှောက်မယ့် တရုတ်နိုင်ငံသား ရှစ်ဦးကို လက်နက်ပုဒ်မ၊ ဆက်သွယ်ရေးပုဒ်မ၊ လ၀ကပုဒ်မတွေနဲ့ ၃-မျိုးပေါင်းပြီး ချလိုက်တဲ့ ထောင်ဒဏ်က ၁၀-နှစ် မပြည့်ပဲ စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြုပါတယ်ဆိုတဲ့ ဂျာနယ်လစ်တွေကို ချလိုက်တဲ့ ထောင် ၁၀-နှစ်ဆိုတာက သက်သေပဲ။ တပ်အသုံးပြုရန် လိုအပ်၍ ပြန်လည် စွန့်လွှတ်ခြင်း မပြုဘူးဆိုတဲ့ သိမ်းဆည်းခံ လယ်ယာမြေဧက ၃၅၁၀၃၃.၇၃၈ ဧက က သက်သေပဲ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေတဲ့ ရက်အတွင်းမှာတောင်    တိုက်ပွဲတွေ ပြန်ဖြစ်နေတာက သက်သေပဲ။

    ပြည်သူလူထုဆိုတာ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆိုတာတို့၊ ပြည်နယ်ဝန်ကြီးချုပ် မည်သူဆိုတာတို့ကို မှတ်တမ်းတင်တာ မဟုတ်ဘူး။ သူတို့ရဲ့ အခက်အခဲတွေ၊ ဒုက္ခတွေကို မျှဝေခံစား၊ ကူညီ ရင်ဆိုင်ဖြေရှင်းပေးတဲ့သူတွေကိုသာ နှလုံးသားက မှတ်တမ်းတင်တတ်ကြတဲ့အမျိုးပါ။ အဲ့ဒီပြည်သူဆိုတာ သူတို့ရဲ့ ဘ၀တွေကို ပန်းပွင့်တွေလို ဝေဆာစည်ပင်လာအောင် ဥယျာဉ်မှူးကောင်းတစ်ယောက်လို ယုယ၊ သူတို့လျှောက်လှမ်းမယ့် လမ်းခရီးမှာ တံတား တစ်စင်းလို ကျောခင်းပေးနိုင်မည့် သူဖြစ်မှသာ ခေါင်းဆောင်ကောင်းဘွဲ့ဆိုတာကို ဖဲကြိုးဖြတ်၊ ကဗ္ဗည်းတင်ပေးဆပ်မှာပါ။

    ကဗျာဆရာကြီး အော်ဒင်က ‘ကဗျာဆိုတာ မမေ့နိုင်တဲ့ စကားစု’တဲ့။ ဒီလိုသာဆိုလျှင် ရာဇ၀င်သက္ကရာဇ်ပြန်လှည့်ရစ်ကြည့်ပါက မရေတွက်နိုင်လောက်အောင် များပြားလှတဲ့ နေ့ရက်တွေဟာ ပြည်သူလူထုရဲ့ ကဗျာဆန်သော နေ့ရက်တွေလို့ ခေါ်ဝေါ်သတ်မှတ်နိုင်ပါလိမ့်မယ်။ ၈၈ အရေးအခင်း နေ့ရက်များ၊ လက်ပံတောင်အရေးအခင်း နေ့ရက်များ၊ သမဂ္ဂဖြိုနေ့ရက်များ၊ ရွှေဝါရောင် သံဃာအရေးအခင်း နေ့ရက်များ၊ ရခိုင်ပဋိပက္ခနေ့ရက်များ စသည် စသည် ကဗျာဝါကျရှည်ကြီးဖြစ်သွားမယ့် နေ့ရက်များကို ရင်ဝယ်ပိုက်ခဲ့ရတာ ဒီပြည်သူတွေပါပဲ။ အဓိက သက်ဆိုင်သူကြီးများထံ ဒီပြည်သူတွေရဲ့ကိုယ်စား ဒီလို တောင်းဆိုပေးလိုက်ချင်ပါတယ်။

    ‘ဒီပြည်သူတွေကို လွတ်မြောက်ခွင့် ပေးလိုက်ပါတော့။’
    ‘သွေးရောင်လွှမ်းတဲ့ နေ့ရက်တွေ ကုန်ဆုံး လွန်မြောက်ပါစေတော့။’

    လွှတ်တော်ကြီး အနီး
    ပြည်ထောင်စုကြီး နွံထဲနစ်နေသည်။
    တိုင်းရင်းသားများ ၀ိုင်း၍ ညီညွတ်ပေးကြပါ။
    လေးပါးစုံညီ တွန်းလျှင် ရွေ့နိုင်ပါ၏။

    ညီသွေး

  • အကြမ်းဖက်မှုများကို အမှန်တကယ် ဖြေရှင်းလိုလျှင်

    အကြမ်းဖက်မှုများကို အမှန်တကယ် ဖြေရှင်းလိုလျှင်

    သြဂုတ် ၃၁ ၊ ၂၀၁၄
    M-Media
    -ဆောင်းပါးရှင်- ဦးဦးမှော်ဆရာ

    ငြိမ်းချမ်းရေးပညာရပ်ဆိုင်ရာ သုတေသီ Johan Galtung က Violence (အကြမ်းဖက်မှု) တွေကို (၃) မျိုး ခွဲခြားပြတယ်။

     

    diagram

    ၁) Direct Violence ဆိုတာ မြင်သာထင်သာရှိတဲ့ တိုက်ခိုက်မှုမျိုးကို ဆိုလိုတယ်။ အဲဒါမျိုးက ကျနော်တို့ကိုယ်တိုင်လည်း ကိုယ့်အိမ်တွင်းမှာ တခါတရံ ကျူးလွန်တတ်ကြသလို၊ ရံဖန်ရံခါ လမ်းမပေါ်မှာတောင် တွေ့နိုင်တယ်။ အဓိကအားဖြင့် လူတစ်ယောက်ရဲ့ အခြေခံအခွင့်အရေးတွေဖြစ်တဲ့ အသက်ရှင်သန်ပိုင်ခွင့်၊ လုံခြုံမှု နဲ့ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်တွေကို တိုက်ရိုက်ထိပါးတဲ့ အပြုအမူတွေကို ဆိုလိုတယ်။ ဒီထဲမှာ ကိုယ်ထိလက်ရောက် ရိုက်နှက်ထိုးကြိတ်တဲ့ လုပ်ရပ်တွေ၊ လူသတ် မုဒိန်းကျင့်တဲ့ လုပ်ရပ်တွေက စလို့ လက်နက်တွေ အသုံးပြုပြီး သေနတ်ပစ်၊ ဗုံးဖေါက်၊ စစ်ပွဲတွေထိ ပါဝင်တယ်။

    ၂) Structural Violence ဆိုတာက နိုင်ငံတွင်းမှာရှိတဲ့ လူမှုစီးပွားနဲ့ နိုင်ငံရေးအဆောက်အအုံ တည်ဆောက်ပုံ မှားယွင်းမှုကြောင့် လူသားတွေရဲ့ လုံခြုံမှုကင်းမဲ့ပြီး ရှင်သန်ရပ်တည်မှုကို ထိခိုက်စေတဲ့ အနေအထားမျိုး၊ လူမှုစီးပွားဘ၀ ချွတ်ခြုံကျပြီး ဆင်းရဲနွမ်းပါးမှု မြင့်တက်နေတဲ့ အခြေအနေမျိုး၊ လူအခွင့်အရေးတွေ ပြင်းပြင်း ထန်ထန် ချိုးဖေါက်ခံရတဲ့ အခြေအနေမျိုးတွေနဲ့ သက်ဆိုင်တယ်။ တခါတရံမှာ အစိုးရကိုယ်တိုင်က Structural Violence ကို တိုင်းပြည်ရဲ့ လူမှုစီးပွားနဲ့ နိုင်ငံရေး အင်စတီကျူးရှင်းတွေမှာ ကဏ္ဍပေါင်းစုံကနေ ရည်ရွယ်ချက်ရှိရှိ မြှုပ်နှံထားတာမျိုးလည်း ဖြစ်နိုင်တယ်။ လိုအပ်တဲ့အချိန်မှာ အလွယ်တကူ ဖေါက်ခွဲပစ်လို့ရအောင်ပေါ့။ ဥပမာပြောရရင် လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ကျား-မ စတာတွေပေါ် အခြေခံပြီး အခွင့်အရေးနဲ့ အခွင့်အလမ်းတွေ ရယူပိုင်ဆိုင်ခွင့်တွေကို ကန့်သတ် ပိတ်ပင်ထားခြင်းက Structural Violence ကို ဖန်တီးထားခြင်းပဲ ဖြစ်တယ်။ ဒီလိုမျိုး လူ့အဖွဲ့အစည်းတွင်းမှာရှိတဲ့ မညီမျှမှုတွေကနေ တင်းမာမှုတွေ ပေါ်ပေါက်လာပြီး အချိန်မရွေး violence တွေ ဖြစ်ပွားလာစေတယ်။

    ရန်ငြိုးမရှိတဲ့ ပုဂ္ဂိုလ်တွေအချင်းချင်း စင်မြင့်ပေါ်မှာ ပြေလည်နေယုံနဲ့တော့ ဘာမှမထူးဘူး။ နောက်ပြီး ကိုယ်ကိုယ်တိုင် တဘက် ဘာသာဝင်တွေ အပေါ် အယုံအကြည် မရှိဘဲ ဒီလို ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး စကားဝိုင်းတွေ လုပ်နေလို့တော့ အချိန်ကုန်ယုံပဲ ရှိလိမ့်မယ်။ အစိုးရအတွက် အပြကောင်းယုံ ပွဲသက်သက်ပဲ ဖြစ်နေလိမ့်မယ်။

    ၃) Cultural Violence ဆိုတာကတော့ အပေါ်ကနှစ်ခုဖြစ်တဲ့ Direct Violence နဲ့ Structural violence နှစ်မျိုးကို အားပေးထောက်ခံတဲ့ (ဒါမှမဟုတ်) လက်ခံတဲ့ ဘာသာရေး၊ နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ အတွေးအခေါ်အယူအဆတွေ ရှိနေခြင်းကို ဆိုလိုတယ်။ ဥပမာ- တဘက်က ငါနဲ့မတူ ငါ့ရန်သူလို့သဘောထားပြီး ခွဲခြားဆက်ဆံတတ်တဲ၊့ တိရိစ္ဆာန်တွေ၊ ဗိုင်းရပ်စ်ပိုးတွေနဲ့ ခိုင်းနှိုင်းပြီး အဆုံးစွန်ထိ ဖယ်ထုတ်လိုတဲ့ အလေ့အထရှိနေတာမျိုး၊ ကျန်တဘက်ကလည်း ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို သဘောထားတတ်တာမျိုး၊ ကိုယ့်ရဲ့အားနည်းချက်ကြောင့်လို့ ဒီလို မတရားဖိနှိပ်ခံနေရတာဆိုပြီး အငုံ့စိတ်နဲ့ လွယ်လွယ်ကူကူ လက်ခံနေတတ်တာမျိုးတွေက Cultural Violence ပဲ။ ဒီလို အတွေးအခေါ်တွေက ပြဿနာကို အဖြေရှာရာမှာ အဟန့်အတားဖြစ်စေတယ်။

    ဒီသုံးမျိုးထဲက Direct Violence က လူသားရဲ့ အမူအကျင့်(Behaviour)မှာ အခြေခံတယ်။ ထစ် ခနဲရှိ လူသတ်၊ မီးရှို့ချင်တာမျိုး၊ ကိုယ့်တရား ကိုယ် စီရင် တတ်တာမျိုးတွေပေါ့။ Cultural Violence ကျတော့ လူတွေရဲ့ခံယူချက်၊ အတွေးအခေါ် (attitude)ပေါ်မှာ အခြေတည်တယ်။ Structural Violence ကတော့ ချိန်ကိုက်ဗုံးတွေလို၊ လောင်စာကန်ကြီး တစ်ခုလိုပဲ။ မီးစ တစ်စ လွင့်စင်လာတာနဲ့ ဆိုးဆိုးဝါးဝါး အကျိုးဆက်တွေ ပေါ်ပေါက်လာစေတယ်။

    မြန်မာပြည်မှာဖြစ်နေတဲ့ Violence က ဒီသုံးမျိုး ဆုံပြီး ဖြစ်နေတာ။ ဒီလို violence တွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး Interfaith Dialogue တွေ လုပ်နေတာလည်း ရှိတယ်။ Interfaith Dialogue ဆိုတာ ဒီလို ဘာသာရေးအခြေခံဖြစ်တဲ့ violence တွေကို ဖြေရှင်းရာမှာ တကယ်လိုအပ်တဲ့ လုပ်ဆောင်ချက် တစ်ခုပါပဲ။ ဒါပေမဲ့ ကျနော့် အမြင်ပြောရရင် Interfaith Dialogue တွေက Cultural Violence နဲ့ပက်သက်တဲ့ attitude တွေပေါ် အနည်းနဲ့အများ အကျိုးသက်ရောက်မှု ရှိနိုင်ပေမယ့် အဲဒါတစ်ခုတည်းနဲ့တော့ ဖြစ်နေတဲ့ violence တွေ ပြေလည်သွားဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါတောင် စိတ်ရင်းစေတနာမှန်တဲ့ ဘာသာရေးခေါင်းဆောင်တွေ ကိုယ်တိုင် ဦးဆောင်ပြီး နှစ်ဘက်လူ့အဖွဲ့အစည်းရဲ့ အောက်ခြေမှာပေါ်ပေါက်နေတဲ့ အထင်အမြင်လွဲမှားမှုတွေ၊ သံသယတွေကို ပွင့်ပွင့်လင်းလင်း ခြေခြေမြစ်မြစ် ထုတ်ဖေါ်ရှင်းလင်းနိုင်မှသာ အမှန်တကယ် အကျိုးသက်ရောက်မှု ရှိနိုင်မယ်။ ဒီလိုမှမဟုတ်ဘဲ ရန်ငြိုးမရှိတဲ့ ပုဂ္ဂိုလ်တွေအချင်းချင်း စင်မြင့်ပေါ်မှာ ပြေလည်နေယုံနဲ့တော့ ဘာမှမထူးဘူး။ နောက်ပြီး ကိုယ်ကိုယ်တိုင် တဘက် ဘာသာဝင်တွေအပေါ် အယုံအကြည် မရှိဘဲ ဒီလို ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး စကားဝိုင်းတွေ လုပ်နေလို့တော့ အချိန်ကုန်ယုံပဲ ရှိလိမ့်မယ်။ အစိုးရအတွက် အပြကောင်းယုံ ပွဲသက်သက်ပဲ ဖြစ်နေလိမ့်မယ်။

    Violence အကြောင်းတွေ ပြောရရင် စာတစ်ကြောင်းနှစ်ကြောင်းနဲ့ မပြီးဘူး။ နောက်ပြီး ဒီအကြောင်းတွေ ပညာရပ်ဆိုင်ရာ ရှုထောင့် ကနေ စေ့စေ့ပေါက်ပေါက် ထောက်ပြပြော ဆိုနိုင်လောက်အောင် အရည်အချင်း ကလည်း ကိုယ့်မှာ မရှိဘူး။ လိုရင်းပြောရရင် ဒီလို violence တွေကို ဖြေရှင်းနိုင်ဖို့အတွက် လူတွေရဲ့ behaviour တွေကို ပြောင်းလဲပစ်ပြီး Direct Violence ကို ရပ်တန့်နိုင်အောင် နည်းလမ်းရှာရမှာဖြစ် သလို၊ နှစ်ဘက်လူ့အဖွဲ့အစည်းရဲ့ attitude တွေ ပြောင်းလဲပြီး Cultural Violence ကို  ဖယ်ရှားနိုင်ဖို့ ကြိုးစားရင်း၊ အစိုးရ ကိုယ်တိုင်ကလည်း အနှစ်နှစ် အလလ ထောင်ထားခဲ့တဲ့ ချိန်ကိုက်ဗုံးစနက်တံတွေကို ပြန်ဖြုတ်တဲ့အနေနဲ့ ဖိနှိပ်ချုပ်ချယ်မှုနဲ့ မတရားမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေကို ဖယ်ရှားပြီး Structural Violence ကို နိဂုံးတန်စေဖို့ တပြိုင်နက်တည်း လုပ်ဆောင်နိုင်မှသာ အဆင်ပြေလိမ့်မယ်။