News @ M-Media
Category: ဆောင်းပါး
  • ပါးရိုက်ဋီကာ၊ ၀န္နာမိဓလေ့၊ ဓားစာခံ ယဉ်ကျေးမှုနှင့် ထောင်ချောက်နိုင်ငံရေး
    ပါးရိုက်ဋီကာ၊ ၀န္နာမိဓလေ့၊ ဓားစာခံ ယဉ်ကျေးမှုနှင့် ထောင်ချောက်နိုင်ငံရေး
    ဇူလိုင် ၂၅ ၊ ၂၀၁၄
    M-Media
    .ဆောင်းပါးရှင်- ကျော်နေမင်း (မြို့ပြ)
    2
    Cartoon Credit – ကျော်သူရိန်
    ပါးရိုက်ဋီကာ
    ဋီကာချဲ့ ပြရလောက်အောင် တွင်ကျယ်လာတဲ့ လုပ်ရပ်တစ်ခုက ပါးရိုက်သမှု ပြုနေကြခြင်းပါ၊ လုပ်ရပ်တစ်ခုအပေါ် စက်ဆုပ်မှု၊ မုန်းတီးမှု၊ ရွံရှာမှု၊ နာကျည်းမှုနဲ့ မခံချင်စိတ်တို့ အုံကြွလာရာကနေ စိတ်မထိန်းနိုင်တဲ့ လုပ်ရပ်တစ်ခုပါ။ ရိုင်းစိုင်းမှုကိုပြတဲ့ လုပ်ရပ်တစ်ခုပါ။ မျက်လုံးရဲ့ အောက်မျက်ရိုးခုံနဲ့ မေးရိုးရဲ့ အကြားမှာ အကာအကွယ် ပြုပေးထားတဲ့ နူးညံ့ပွဖောင်းတဲ့ အသားစိုင်လေး တစ်ခုဟာ ကြမ်းတမ်းတဲ့ လက်ဖ၀ါးရဲ့ ဒေါသအဟုန်ကို ရင်ဆိုင် အတွေ့မှာ “ဖြန်း”ဆိုတဲ့ အသံနဲ့အတူ ပူစပ် ပူလောင် ခံစားရ၊ တဒင်္ဂမှာ ကြယ်တွေ လတွေ တောင် မြင်သွား ရပါသတဲ့။ ရိုက်ခံရတဲ့ ပါးကို ပွတ်ကိုင်ရင်းနဲ့ ရှက်ဇော တွေဖြာပြီး တုံပြန့်ခြင်းငှာ မစွမ်းသာလို့၊ ချိုးနှိမ်ချတဲ့ မျက်နှာလေးတွေကို သင်တို့မြင်ဖူး ကြပါသလား။ ကျွန်တော် မြင်ဖူးပါတယ်။
    နေရာက ရန်ကုန်မြို့ရဲ့ လူစည်ကားရာ ဈေး တစ်ခု ဖြစ်တဲ့ မင်္ဂလာဈေး၊ နားမှာပါ။ စစ်အစိုးရ လက်ထက်မှာပါ။ ကျွန်တော်နဲ့ ခင်တဲ့ ယာဉ်ထိန်းရဲ တစ်ယောက်ရယ်၊ ကျွန်တော်ရယ်၊ စကားပြောနေတုန်း အဝေးကနေ ကားတစ်ီးလုံး မှန်မှာ အနက်ရောင် စတေကာ တပ်ထားတဲ့ ဆိုက်ကနက် (cygnus) ကား တစ်စီးကို တွေ့လိုက်လို့ စကားပြောနေရင်းနဲ့ လက်တားလိုက်ပါတယ်။ အဲဒီ ကာလက ကားမှာ အနက်ရောင်စတေကာ ကပ်ရင် အရေးယူမယ်လို့ စီမံချက် ချထားပြီး ဖမ်းဆီးနေတဲ့ ကာလလေ၊ ကားကို ရပ်သွားတယ်။ တံခါးကို ဖွင့်လိုက်တယ်။ ကားပေါ်က ရုပ်ခပ်မာမာနဲ့ လူတစ်ယောက် ဆင်းလာပြီး လက်ပြတားတဲ့ ယာဉ်ထိန်းရဲကို ရုတ်တရက် ပါးရိုက်လိုက်တယ်။ ပါးစပ်ကလည်း ပြောလိုက်တယ်။ ငါဘယ်သူလဲ မင်းမသိဘူးလား၊ ဗိုလ်မှူးချုပ် xxx တဲ့ကွ။ ပါးစပ်ဟောင်းလောင်းနဲ့ ပါးကို ပွတ်နေတဲ့ ကျွန်တော့် သူငယ်ချင်း သတိဆွဲပြီး အလေးပြုလိုက်တယ်။ သူ့ကား ပြန်ထွက်တဲ့အထိ တုပ်တုပ်မျှ  မလှုပ်ရဲ ဘူး၊ ကားထွက်သွားတဲ့အခါ ဒီမြင်ကွင်းကို ကြည့်နေတဲ့ ပရိသတ်ကြီးကို သူတစ်ချက်ကြည့်ပြီး နီးစပ်ရာ အငှားယာဉ်တစ်စီးငှားပြီး အမြန်ပျောက်ကွယ်သွားတော့တာပါပဲ။ နှစ်ပေါင်း အတော်ကြာပါပြီ။ သူ့ကို လုံးဝ မတွေ့ရတော့ပါ။ သူ့ကို ကျွန်တော် နောက်ဆုံတွေ့လိုက်ရတဲ့ မျက်ရည်စတွေ ပြည့်လုံရီဝေနေတဲ့ သူ့မျက်လုံးတွေကို ယနေ့တိုင် မှတ်မိနေပါတယ်။
    နောက်တစ်ယောက်က ဇွဲကပင် အသင်းပိုင်ရှိ ဦးလှဌေး ဘောလုံးကွင်းထဲဝင်ပြီး ကွင်းလယ်ဒိုင်ကို ပါးရိုက်ခဲ့တဲ့ မြင်ကွင်းပါ။ ပါးကိုလက်နဲ့ ပွတ်ပြီး တအံ့တသြ ကြည့်နေတဲ့ မတုံ့ပြန်နိုင်ရှာတဲ့ ကွင်းလယ်ဒိုင်ရဲ့ မျက်နှာကို ကျွန်တော်မြင်ယောင်နေမိပါတယ်။ မကျေနပ်လို့ ပါးရိုက်သတဲ့။
    တချိန်က နာမည်ကျော် ရုပ်ရှင်မင်းသမီး ချောကလည်း အင်တာဗျူးတဲ့ သတင်းထောက်မလေးကို ပါးရိုက်လိုက်တာ နိုင်ငံကျော်သွားတယ်။ အဲရှိုက်ထိစေမဲ့ မေးခွန်းကို မကျေနပ်လို့တဲ့။ တရားရုံးက ဒဏ်ငွေ (၁၀၀၀)လား ချမှတ်လိုက်တယ်။ ထိရောက်တဲ့ ပြစ်ဒဏ်ဆိုတာမျိုးလေ။
    ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးတပါးက သူခိုင်းတာ မလုပ်ရကောင်းရဲ့ဆိုပြီး ပြည်နယ် ပညာရေးမှူးကို ခပ်ကြမ်းကြမ်း ဆုံးမလေရာ ၀င်ပြောတဲ့ လ/ထ ကြီးကြပ်ရေးမှူးကို ပါးရိုက်လိုက်သတဲ့။ အကြောင်းက သူ ခရီးမသွားခင် မူလတန်းဆရာတွေရဲ့ ပြောင်းရွှေ့ရေး ကိစ္စတွေကို အမိန့်ထုတ်ပြီး လက်မှတ် ထိုးခိုင်းတာကို ငြင်းဆန်လို့တဲ့ဗျာ။ ဒီဝန်ကြီးက ယခင် ဒုဗိုလ်မှူးကြီး တယောက်ဖြစ်ပြီး ကြံ့ဖွံ့ ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။
    တလောတုန်းကတောင် တက်သစ်စ မော်ဒယ်မင်းသားလေးက ယာဉ်ထိန်းရဲကို ပါးရိုက်ပြန်တယ်။ အကြောင်းက သူစီးလာတဲ့ ကားကို တားလို့တဲ့၊ အမှု ရုံးပေါ်ရောက် မလာဘဲ ငွေကြေးနဲ့ ကြေအေးလိုက်ကြ တယ်။
    နိုင်ငံရေး အကျဉ်းသားတွေရဲ့ အဆိုအရ စစ်ကြောရေး စခန်းမှာ စစ်ကြောရေး တာဝန်ကျ ထောက်လှမ်းရေးတွေက မြင်မြင်ခြင်းပဲ နိုင်ငံရေး လုပ်အုန်းမလားကွ၊ ဆိုပြီး ပါးရိုက်သတဲ့။
    နယ်လှည့်ပါးရိုက်တက်တဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့် တယောက်လည်း အခု ဘယ်နယ် တွေကို လှည့်ရိုက်နေလဲ မဆိုတတ်ပါဘူး။
    ဆရာကြီး သိပ္ပံမှူးတင်(ခေါ်) ဗိုလ်မှူးတင်မောင်(ငြိမ်း) ကတော့ ဂျပန်မှာ စစ်သင်တန်းတက်တဲ့အခါ ဂျပန်တွေရဲ့ ပါးရိုက်ဆုံးမတာကို ခံရတာဟာ ပိုပြီး မှတ်မိလွယ်ပြီး စည်းကမ်းကောင်းလာစေသတဲ့၊ ပါးရိုက်တာကို အကောင်းပြောတဲ့ ဆေးလိပ် ဆန့်ကျင်ရေး သမားကြီးလေ။
    ပါးရိုက်တဲ့ စစ်တမ်းလေးကို ဇယားချကြည့်တော့ ရိုက်တဲ့သူတွေက အာဏာရှင်တွေ၊ ရေပေါ်ဆီ လူ့မလိုင်တွေ၊ နာမည်ကျော်တွေချည်းဘဲဗျို့။ ရိုက်ခံရတဲ့ သူတွေကတော့ ထုံးစံအတိုင်း နှိမ့်ကျစွာ တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံ ၀န်ထမ်းတွေနဲ့ ပြည်သူတွေသာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဥပဒေပြု ပုဂ္ဂိုလ် ကြီးများကို အကြံပြုလိုပါသည်။ ပါးရိုက်ခြင်းဟာ လူ့ဂုဏ်သိက္ခာကို ချိုးနှိမ်ခြင်းနှင့် ရိုင်းစိုင်းသော ကိုယ်ကျင့် တရားကို ဖော်ထုတ်ပြခြင်း မည်ပါတယ်။ အကြမ်းဖက်မှု စာရင်းသွင်းပြီး ပြင်းထန်သော ဥပဒေ ပြဋ္ဌာန်း၍ အပြစ်ဒဏ် ပေးရန် ဆောင်ရွက်သင့်ပါတယ်။ သို့တည်း မဟုတ်ပါက ပါးရိုက်ခံရသူတွေ များလာလို့ နောင်အခါ သမ္မတကြီး မိန့်ခွန်းပြောရင် “ပါးရိုက်ခံရသော မိဘပြည်သူများခင်ဗျာ” လို့ ပြောရမလို ဖြစ်လာလိမ့်မယ်။ တားဆီးပေးကြပါ။
    အခု အစိုးရခေတ်မှာ ရေပန်းစားလာတဲ့ ကိစ္စတစ်ခုက လုပ်စရာရှိတာသာ လုပ်ပြစ်လိုက်၊ ပြောချင်တာသာ ပြောပြစ်လိုက်၊ ပြီးရင် မှားတာရှိရင် ၀န္နာမိ ပါလို့ တောင်းပန်လိုက်။ ဒီလို ဓလေ့ ထုံးတမ်းကြီး တစ်ခုကို မြင်တွေ့ရပြန်တယ်။
    စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒ ဖော်ထုတ်မှု သပိတ်စခန်းကို မီးလောင်ဗုံး ဆက်ကပ် လှူဒါန်းအပြီးမှာ ဒဏ်ရာ ရရှိသော ရဟန်း၊ သာမဏေများအား သမ္မတ ရုံးပြည်ထောင်စု ၀န်ကြီး ဦးလှထွန်း၊ ကျန်းမာရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေသက်ခင်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်း၊ သမ္မတ အကြံပေး ဦးလှမောင်ရွှေနှင့် တာဝန်ရှိသူများက ပြည်ထောင်စု အစိုးရ အဖွဲ့ကိုယ်စား မိုက်မဲတွေဝေ မလိမ္မာကြောင်း ဖြင့် ၀န်ချတောင်းပန်ပြီး ကျေအေးလိုက်ကြတယ်။ အဓိက တာဝန်ရှိသူတွေရဲ့ တာဝန်ယူမှု အခန်းကဏ္ဍဟာ ပျောက်ဆုံးနေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် လုပ်ချင်တာလုပ်ရဲ၊ ပြောချင်တာ ပြောရဲ၊ ဖြစ်ကုန်ကြတာပေါ့။
    ကိုယ်တိုင်ကျတော့ အစားကောင်း၊ အသောက်ကောင်းတွေနဲ့ ရာထူး အဆောင်အယောင် အစီအစဉ်တွေနဲ့ ပြီးပြည့်စုံပြီးတော့ လယ်ထဲကိုင်းထဲမှာ နေပူမရှောင် မိုးရွာမရှောင် ဆင်းရဲခြင်း ဒုက္ခနဲ့ ၀မ်းစာ ရှာနေတဲ့ တောင်သူဦးကြီးတွေကို “အကြွေးကြေအောင်” ထမင်းတနပ်လျော့စား လို့ ပြောတဲ့သူ၊ ၀န်ကြီးလဲ ပြောရက်ပါပေ့တယ်၊ ပြီးတော့မှ ပြန်တောင်းပန်တယ်၊ မှားတာရှိရင် ၀န္နာမိ ပေါ့ လွယ်ပါတယ်။
    အိမ်ရောင်း၊ ကားရောင်းပြီး ငြိမ်းချမ်းရေး လုပ်နေတဲ့ ငြိမ်းချမ်းရေး ဗိသုကာ ၀န်ကြီးတစ်ပါးကလည်း ကိုယ့်တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်ကြတဲ့ စစ်ပွဲတွေကနေ သူရ ဘွဲ့တွေ ဘာတွေပေးဖို့ မလိုပါဘူးလို့ ပြောပြန်ရော။ ပြီးမှ နိုင်ငံ၊ ပြည်သူ၊ တပ်မတော်နဲ့ တပ်မတော်သားတွေ အပေါ် သစ္စာ မဖောက်ပါဘူးလို့ ပြန်တောင်းပန်လိုက်တယ်လေ။ တောင်းပန်ရတယ် ဆိုကတည်းက အမှားလုပ်လိုက်လို့ပါ။ ဒါကြောင့် မှန်ကန်တဲ့ ခံယူချက် မရှိရင် စကားတွေကို လက်လွတ်စပယ် မပြောသင့်ပါ။ လုပ်ရပ်တွေကို အစကတည်းက မလုပ်သင့်ပါ။ အမှားတွေလုပ်၊ အမှားတွေပြော၊ ပြီးရင်တောင်းပန်၊ ဒီလိုဓလေ့ကြီး ထုံးတမ်းကြီးကို ခေါင်းဆောင်ဆိုသူတွေ လုပ်ပြနေရင် နိုင်ငံသားတွေ အကြားမှာ ပိုလို့တောင် အစဉ်အလာ ဖြစ်သွားလိမ့်မယ်။ တာဝန်ယူမှု ဆိုတဲ့ အကျင့်ကောင်း၊ ဓလေ့ကောင်းတွေ ပျောက်ကွယ် သွားပါလိမ့်မယ်။ ဒါကြောင့် စာသားလေးတစ်ခု အမှားကြောင့် တာဝန်ယူပြီး ရာထူးက နှုတ်ထွက်သွားတဲ့ ဂျပန်ဝန်ကြီး တပါး အကြောင်းကို ပြောပြချင်ပါတယ်။
    “ယခု ဂျပန်မှာ ၀န်ကြီးချုပ် လုပ်နေတဲ့ “ရှင်ဇိုအဘေး” ဟာ ယခင်တကြိမ်မှာလည်း ၀န်ကြီးချုပ် ဖြစ်ခဲ့ ဖူးပါတယ်။ အဲဒီအခါတုန်းက ဂျပန်ကျောင်းသုံးစာအုပ်မှာ ဂျပန်ဟာ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ အရှေ့တိုင်း ယဉ်ကျေးမှုကို ထိန်းသိမ်းရန် အလို့ငှာ အာရှနိုင်ငံများကို သိမ်းသွင်းရခြင်းဖြစ်သည်” လို့ ရေးသားခဲ့ပါသတဲ့။ ဒီမှာတင် တရုတ်နဲ့ ကိုရီးယားမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး ဆူဆူပူပူ ဖြစ်လာတော့ တာပေါ့။ ဒါနဲ့ ဂျပန်ဝန်ကြီးချုပ်က ပညာရေး ၀န်ကြီးကိုခေါ်ပြီး စာအုပ်ထဲက အမှားကို ပြင်ခိုင်းတော့တာပါ။ ဒီတော့ ဂျပန်ဝန်ကြီးက စာအုပ်ထဲက အမှားဟာ ကျွန်တော်ခံယူထားတဲ့ အမှန်တရားပါ၊ ဒီအမှားကို ပြင်ရမယ်ဆိုရင် ကျွန်တော်ရပ်တည်တဲ့ အမှန်တရားအတွက် အလုပ်က ထွက်ပါတယ်ဆိုပြီးတော့ နှုတ်ထွက်စာ ကိုပေးပြီးတော့ ၀န်ကြီးချုပ်ရုံးထဲက ပြန်ထွက်လာခဲ့တယ်။ ဒါကြောင့် မှားတာရှိရင် “၀န္နာမိ” ပါဆိုတာမျိုး ဂျပန်မှာ ထုံးတမ်းဓလေ့ မဖြစ်ပေါ်လာခဲ့ဘူး ကိုယ့်တာဝန် ကိုယ်ယူတတ်တဲ့ အလေ့အထမျိုး ကျွန်တော်တို့ မွေးယူကြဖို့ အချိန်တန်ပါပြီ။
    ဓားစာခံ ယဉ်ကျေးမှု
    ဆဲဗင်းဂျူလိုင် ရဲ့နောက်တနေ့ 8.7.1962 မှာ မြန်မာပြည် (တ.က.သ) အဆောက်အအုံကြီးကို ဒိုင်းနမိုက်တွေနဲ့ ဖြိုခွဲလိုက်စဉ်က အမိန့်ပေးခဲ့တဲ့ တရားခံဟာ ဗိုလ်ချုပ်အောင်ကြီး ဖြစ်ပြီး သူဘာမှ မသိဘူး လို့ ငြင်းရင် အာဏာသိမ်းခေါင်းဆောင်ကြီး ဦးနေ၀င်းက ဓားစာခံ ယဉ်ကျေးမှုကို စတင်ခဲ့တယ်။
    ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ကို ဖမ်းဆီးချုပ်နှောင်ထားတာ သူမဟုတ်ဘဲ ဗိုလ်ချုပ်ဖေတင်ကို လက်ညှိုးထိုးလို့ ဓားစာခံ ရွေးခဲ့ပြန်တယ်။
    (၂၀၀၃) မေ (၃၀) ရက်နေ့က စစ်ကိုင်းတိုင်းက ဒီပဲယင်းနယ်မှာ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ ယာဉ်တန်းကို အပြတ်ရှင်းတဲ့ လူသတ်ပွဲကြီးကို အမိန့်ပေး စေခိုင်းခဲ့သူကို ဖော်ထုတ်မရတာ ယနေ့တိုင်အောင် ဖြစ်နေပါတယ်။ တချို့ကတော့ ရိပ်ဖန်းသံဖန်းနဲ့ ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး စိုးဝင်းကို ဓားစားခံအဖြစ် ထိုးကျွေးချင်ကြတယ်။ လူမရှိတော့ အမှုက ပြတ်ပီလေ။
    (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေးမှ အပြစ်ရှိရင် ကြိုးစင်တက်ပါမယ်ဆိုလာသူက ရန်ကုန် တိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမြင့်ဆွေ (ငြိမ်း) ပါ၊ ၀န်ခံရဲတဲ့ သတ္တိကို ချီးကျုးမိပါတယ်။ ဒါပေမဲ့ တရားခံ မဟုတ်ဘဲ “ဓားစားခံ” တယောက်လို့ ပြည်သူအများက ထင်မြင်နေလေရဲ့၊ အဆိုတော် မေလလာရဲ့ သီချင်းလို “တရားခံ ဘယ်သူလဲဟေ့” ပြော လို့ ဆိုရမလိုလို။
    နောက်တစ်ယောက်က နိုင်ငံတော်ရဲ့ စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင်ပါ။ နိုင်ငံတော် အကြီးအကဲတွေနဲ့ အတူ ဂေါက်ရိုက်ကစားလေ့ရှိတယ် ဆိုပဲ။ တကြိမ်တော့ ဂေါက်ရိုက်ရင်းနဲ့ စေတနာ ထားပြီး သတိပေး စကား ပြောမိခဲ့တယ်။ ဒီစေတနာ စကားကြောင့်ပဲ ပညာပေး ခံရပြီး ရာထူးကနေ ဖယ်ရှား ခြင်းခံလိုက်ရပါတယ်။ တကယ်တော့ နိုင်ငံတော် စာရင်းစစ် ချုပ်ရဲ့ လက်ထဲမှာ နိုင်ငံတော်ကြီးရဲ့ စာရင်းဇယားတွေရှိနေတယ်လေ၊ သိနေနိုင်တယ်လေ၊ ဗိုလ်ချုပ်လွန်းမောင်က “ဒီကိစ္စတွေ ပြန်မပြောချင်တော့ဘူး၊ စေတနာ အမှားပေါ့၊ တချို့သော သူတွေက ကိုယ့်စေတနာကို ကိုယ်ကျိုး အတွက် သုံးခဲ့ကြတာတော့ ကိုယ်က ခံရတာပေါ့၊ ဒီအပေါ် ဘာအာဃာတမှ မထားဘူး”လို့ ပြောခဲ့ပါတယ်။ အခုတော့ မွန်ပြည်နယ် ဘီးလင်းနယ်ထဲမှာ “အောင်ပြည့်စုံ”ဆိုတဲ့ ထမင်းဆိုင်ဖွင့်ပြီး အသက်မွေးဝမ်းကြောင်း ပြုနေရ ရှာတယ်၊ ဓားစာခံ ယဉ်ကျေးမှုရဲ့ တရားခံတဦးပါ။
    စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က မိသားစုရဲ့ လုံခြုံရေးကို တာဝန်ယူမယ်ဆိုရင် စစ်အစိုးရ လက်ထက်က အတွင်းရေးတွေကို ပြောပြဖို့ ရှိပါသတဲ့။ ကိုယ်လုပ်ခဲ့ တာတွေကိုမှ ၀န်မခံဘဲ၊ ဘယ်သူတွေကို ဓားစာခံ လုပ်မလဲဆိုတာကို စိတ်ဝင်တစား နားစွင့်နေကြရဲ့။
    အခုနောက်ဆုံး ဓားစာခံလို့ ပြောစဖွယ် ပြုခံရသူက “သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်ပါ။ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်ကတော့ ….သမ္မတကြီး ဆုံးမတာကို နားမထောင်လို့၊ ကျော်လွန်ပြီး ဆောင်ရွက်လို့ စသည်ဖြင့် ပြောကြားခဲ့သလို ငွေကြေးအလွဲသုံးစားမှုများ ရှိခဲ့ကြောင်းလည်း သတင်းများ၊ ပေါ်ထွက်ခဲ့သည်။ ဦးဆန်းဆင့် ကိုယ်တိုင်က “စစ်ပြီးသား ကိစ္စတစ်ခုအတွက် မတရား လုပ်တာ ခံရတယ်”ဟု ရှင်းလင်းခဲ့ပြန်သည်။ အများပြည်သူ အမြင်မှာတော့ “မဟာသန္ဒသုခ” ကျောင်းတိုက်ကြီး ကိစ္စရပ်အပြီး ဓားစာခံတဦး ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေခဲ့ကြတယ်။ ဦးဆန်းဆင့်ကလဲ ထစ်ကနဲ ဖော်ကောင်ဘညွန့် လုပ်မယ်ဆိုပြီး ခြိမ်းခြောက်နေတော့ ပျင်းတောင်ပျင်းသေးတယ်ပေါ့။
    နိုင်ငံတော်နဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေမှာ တကယ့်ဖြစ်ရပ်မှန် တရားခံအမှန်တွေ မပေါ်ပေါက်ဘဲ ဓားစာခံ တွေသာ အစားထိုး ဖြေရှင်းနေတဲ့ ယဉ်ကျေးမှု တရပ်တောင် ဖြစ်ပေါ်နေပြီလို့ ယူဆမိပါတယ်။ စကားမစပ် နိုင်ဂျီးရီးယားက “ဘိုကိုဟာရမ်” အဖွဲ့က မိန်းကလေး ကျောင်းသူ (၂၀၀) ကျော်ကို ဓားစာခံလုပ်ပြီး ပြန်ပေးဆွဲသွားတာ ကမ္ဘာကျော်သွားတယ်လေ၊ တလောတုန်းက ဖြစ်ရပ်ပါ။ ဒီထက် အရင်နှစ်ပေါင်း (၅၀) ကျော်ကတည်းက မော်လမြိုင် တက္ကသိုလ်က ပြန်လာတဲ့ ကျောင်းသူလေးတွေကို KNDO သောင်းကျန်းသူတွေက ကြားဖြတ် ပြန်ပေးဆွဲပြီး ဓားစာခံ လုပ်ခဲ့သေးတယ်၊ တရုတ်ဖြူတွေဆီက လက်နက်နဲ့ ကျောင်းသူလှပျိုဖြူတွေနဲ့ လဲလှယ်မယ်တဲ့ဗျာ။ ဓားစာခံ ယဉ်ကျေးမှုရဲ့ အစ မြန်မာပြည်ကလို့ ဆိုရိုးစကား ပေါ်လာနိုင်ပါတယ်။ လေယာဉ်ပြန်ပေးဆွဲမှုကတော့ ကမ္ဘာမှာ မြန်မာက အစဆိုတဲ့ မှတ်တမ်းရှိ ပါတယ်။
    ထောင်ချောက်နိုင်ငံရေး
    ထောင်ထားတဲ့ အကွက်တစ်ခုထဲကို တိုးဝင်လာအောင် လုပ်၊ အချိန်ကိုက်ပြီးမှ မောင်းဖြုတ် ချလိုက်တဲ့ ထောင်ချောက်နည်း ပရိယာယ်ကို ညစ်ပေတဲ့ နိုင်ငံရေးကစားကွက် တစ်ခုအဖြစ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ ကျောက်ဖြူ-ကူမင်းဓာတ်ငွေ့ပိုက်လိုင်း ကိစ္စ ရခိုင်တစ်ပြည်လုံး လူထု ဆန္ဒပြပွဲ မတိုင်မီလေးမှာ ကျောက်နီမော်မှာ မသီတာထွေး အသတ်ခံရမှုနဲ့ တောင်ကုတ် လူသတ်ပွဲ ထောင်ချောက် ခလုပ်တွေ ဆွဲချခဲ့တယ်။ ဆင့်ကဲဆိုသလို မိတ္ထီလာ၊ လားရှိုးနဲ့ ပဲခူးတိုင်းက မြို့တချို့ရဲ့ ပဋိပက္ခ ထောင်ချောက်တွေဟာ မဖြစ်ခင်ကတည်းက ကြိုသိနေတဲ့ လုပ်ရပ်တွေဆိုတာ ထင်ရှားလာခဲ့ပါ တယ်။ Online ၊ ဖုံးသတင်း လက်ကမ်းစာစောင်၊ မျက်နှာစိမ်းများ ၀င်ရောက်လှုပ်ရှားမှု စသည်ဖြင့် ကြိုတင် အသွင်ဆောင်မှုတွေကို အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။ ယခု နောက်ဆုံး ထောင်ချောက်ကြီးကတော့ မန္တလေး ပဋိပက္ခရဲ့ ထောင်ချောက်ကြီးပါ။ Online မှာ တရားဝင်သတင်း ၀ဘ်ဆိုဒ်မဟုတ်တဲ့ သစ်ထူးလွင် ၀က်ဆိုဒ်ဟာ လှုံ့ဆော်မှုကို စတင်ခဲ့တာပါ။ နိုင်ငံတွင်း နိုင်ငံပြင်ပမှ စိတ်ဝင်စားဖွယ်ရာ သတင်းများကို တရားဝင် မီဒီယာများထံမှ ခွင့်ပြုချက် မယူဘဲ အသုံးပြုနေခဲ့တဲ့ တရားမ၀င် တခုပါ။ သတင်းကို အခြေခံပြီး ၀င်ရောက်ကြည့်ရှုသူတွေ အရမ်းများလာတဲ့အခါ စီးပွားရေး ကြော်ငြာဝန်ဆောင်မှုတွေနဲ့ အလုပ်ဖြစ်လာတဲ့ ၀ဘ်ဆိုဒ်တစ်ခုပါ။ ကွန်ပျူတာ ပညာရှင် ဦးဇော်သူရိန်ထွန်းက ဒီမိုကရေစီ တူဒေးကို ပြောကြားရာမှာ “သစ်ထူးလွင်”ကဲ့သို့ မြန်မာ အိတ်ပရက်ဇ်ဆို လဲ ဒီအတိုင်းပါပဲ လို့ ဆိုပါတယ်။
    နိုင်ငံတော် အစိုးရအနေနဲ့ ဒီ “ဘလော့ဂ်’တွေကို ဖော်ထုတ်ပြီး ဆိုင်ဘာ ရာဇ၀တ်မှုများအတွက် အရေးယူရန် လိုအပ်နေပါပြီ။ ခိုင်လုံတဲ့ သတင်း ရပ်ကွက် အဆိုအရ ဒီဝဘ်ဆိုဒ်ဟာ အမေရိကန် ပြည်ထောင်စု မှာ ဖွင့်လှစ်ထားတာလို့ သိရပြီး သက်ဆိုင်ရာ အစိုးရထံ တင်ပြတောင်းဆိုသင့်ပါသည်။ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်ကလည်း အမေရိကန် အခြေစိုက် အဖွဲ့အစည်းတစ်ခုကို အစိုးရရဲ့ နိုင်ငံတကာ မျက်နှာစာ အတွက် နှစ်စဉ်ကြေး ဒေါ်လာ သန်းချီပေးပြီး ငှားရမ်းခဲ့ပါသေးတယ်။ မန္တလေး ပဋိပက္ခကြီးဟာ တနည်းအားဖြင့် NLD နဲ့ ၈၈ မျိုးဆက်တို့ရဲ့ ပုဒ်မ ၄၃၆ ဖျက်သိမ်းရေး လက်မှတ်ရေးထိုးပွဲနဲ့ ယှဉ်ပြိုင် ထောက်ချောက်ကြီးလို့ မီဒီယာတွေက မှတ်ချက်ပြုနေပါပြီ။ NLD ပါတီရဲ့ ကြေငြာချက်အတု ထွက်လာတာ ကြည့်ရင် အကွက်ကျကျ ဆောင်ရွက်နေတယ် ဆိုတာ ထင်ရှားနေပါပြီ။ နောက်ထပ် ကြောက်စရာ ထောင်ချောက်ကြီး တခုက “မျိုးစောင့်ဥပဒေ” ထောင်ချောက်ကြီးပါ။ အစိုးရနဲ့ လွှတ်တော်အကြား ဘောလီဘော ပုတ်လို့အပြီးမှာ အပြစ်မဲ့ပြည်သူတွေ အသုံးချခြင်း ခံလိုက်ရမဲ့ နောက်ထပ် ထောင်ချောက် တစ်ခုလို့ မြင်နေရပါပြီ။
    ထို့အတူ လေးနှစ်သက်တမ်းကို ချင်းနင်းဝင်ရောက်လာပြီး ဖြစ်တဲ့ သမ္မတကြီး ဦးသိန်းစိန် အစိုးရဟာ ကောင်းမွန်သော အစိုးရ (Good Government)  သန့်ရှင်းသော အစိုးရ (Clean government) ဆိုတဲ့ နားဝင်ချိုတဲ့ ပြောစကားတွေနဲ့ ပြည်သူတွေ အတွင်းမှာ ရေပန်းစားခဲ့ပါတယ်။
    ၂၀၁၂ ပဋိပက္ခများမှ ယနေ့ထက်တိုင် မန္တလေးအထိ နောက်ကွယ်မှ ဆူပူလှုံ့ဆော်နေသူများရဲ့ ပုံရိပ်ကို စကားလုံး အမျိုးမျိုးနဲ့ ဓာတ်ပြားဟောင်း မိန့်ခွန်းတွေ ချွေနေသော်ငြားလည်း လက်တွေ့မှာ နောက်ကွယ် လက်မည်းကြီး တွေကို ဖော်ထုတ်နိုင်ခြင်း မရှိတဲ့ အတွက် ယုံကြည်မှု လျော့နည်းလာခဲ့ပါပြီ။ တဆက်တည်းမှာပဲ မီဒီယာနဲ့ ပတ်သက်တဲ့ ကိုင်တွယ်ပုံတွေဟာ လုပ်နည်းလုပ်ထုံး လမ်းကြောင်းတွေကနေ သွေဖယ်ပြီး အာဏာရှင် တွေရဲ့ အငွေ့အသက်တွေနဲ့ ကိုင်တွယ် ပုံတွေကြောင့် စာနယ်ဇင်း အသိုင်းအ၀ိုင်းအပါအ၀င် အများပြည်သူတွေက စိုးရိမ်နေကြရပါပြီ။ ဒီအတွက်ကြောင့် အစိုးရ အဖွဲ့ရဲ့ ကောင်းမွန်တဲ့ ပုံရိပ်တွေကို အကာအကွယ်ပြုပြီး အာဏာ တည်မြဲရေး အတွက် ကြိုးစားနေကြသူတွေကို ရည်ရွယ်ပြီး သူတို့ပုံပေါ် ဖော်နေကြတဲ့လုပ်ရပ်တွေ လုပ်ဇာတ်တွေ အတွက် လိုက်လျောညီထွေ မဲ့ ဆောင်ပုဒ်တချို့ကို လက်ဆောင် ပေးလိုက်ချင်ပါတယ်။
    ဖတ်ရှုတော်မူပါ….မိဘပြည်သူအပေါင်းတို့ ခင်ဗျား။
    ပါးရိုက်ဋီကာ—-တွင်ကျယ်လာ
    ဓားစာခံ ယဉ်ကျေးမှု—အမြဲပြု
    ထောင်ချောက်နိုင်ငံရေး —-ရာထူး၊ အာဏာ၊ တည်မြဲရေး
    ကျော်နေမင်း (မြို့ပြ)
    * ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။
  • အောင်ဒင် – အမုန်းတရားများဖြန့်ဝေခြင်းနှင့် ဥပဒေပြုတားမြစ်ခြင်း
    (ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၂၀၅၊ ဇူလိုင်လ ၁၇ ရက်နေ့၊ ၂၀၁၄၊ စာမျက်နှာ ၁၈/၂၂)
    Aung din
     မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် – ၇၀
    မကောင်းဆိုးဝါးအင်အားစုကြီးတစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးလှုံ့ဆော်နေတဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများက မြန်မာနိုင်ငံကို အရိပ်မဲကြီးနဲ့ လွှမ်းမိုးနေတာကြာပါပြီ။ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်ကနေ ၅ ရက်အတွင်းမှာ မြန်မာနိုင်ငံရဲ့  ယဉ်ကျေးမှုမြို့တော် မန္တလေးမှာ မခိုင်လုံတဲ့ ကောလာဟလတွေကို အခြေပြုပြီး ဗုဒ္ဓဘာသာဝင်လူများစုက အစ္စလမ်ဘာသာဝင် လူနည်းစုကို အကြမ်းဖက်တိုက်ခိုက်တဲ့ ဘာသာရေးအဓိကရုဏ်း တစ်ခု ဆိုးဆိုးဝါးဝါးဖြစ်ပွါးခဲ့ပါတယ်။ လေးရက်ကြာအကြမ်းဖက်မှုတွေအတွင်းမှာ လူနှစ်ဦး အသတ်ခံရပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရလို့ အဆောက်အအုံ၊ ယဉ်ပျက်စီးမှုတွေ အမြောက်အများရှိခဲ့ပါတယ်။ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရက ဇူလိုင်လ ၃ ရက်နေ့ကစလို့ မန္တလေးခရိုင် (၆) မြို့နယ်မှာ ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ရပြီး ဇူလိုင် ၅ ရက်နေ့မှာ ညမထွက်ရအမိန့်ကို ပုသိမ်ကြီးမြို့နယ်အထိ တိုးချဲ့ခဲ့ရပါတယ်။
    ပဋိပက္ခဖြစ်ပွါးပုံကလည်း မြန်မာတစ်နိုင်ငံလုံးက ရခိုင်ပြည်နယ်၊ မိတ္ထီလာ၊ လားရှိုး၊ စတဲ့ အခြား ဒေသတွေမှာ ဖြစ်ပျက်ခဲ့တဲ့ ပုံစံအတိုင်းပါပဲ။ ဘာသာခြားများက ဗုဒ္ဓဘာသာမိန်းကလေးတစ်ဦးကို မုဒိန်းကျင့်တယ်ဆိုတဲ့ သတင်းကို မကောင်းဆိုးဝါးများက အရင်ဖြန့်ချီတယ်။ အယုံလွယ်သူတွေက ဆက်ပြီး ဖြန့်ချီတယ်။ သွေးဆူသူတွေက လက်နက်ရှာ၊ အုပ်စုဖွဲ့ပြီး နီးစပ်ရာ ဘာသာခြားတွေကို တိုက်ခိုက်တယ်။ ဘာသာခြားတွေပိုင်တဲ့ အဆောက်အအုံတွေ၊ လုပ်ငန်းတွေကို လုယက်ဖျက်ဆီးတယ်။ ဘာသာခြားတွေကလည်း ပြန်လည်တိုက်ခိုက်တယ်။ လူစုလူဝေးနဲ့၊ လက်နက်တွေနဲ့ တိုက်ခိုက်ဖျက်ဆီးနေကြတာကို ဒေသအာဏာပိုင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မတားဆီးနိုင်ကြ။ အခြေအနေအတော်ဆိုးလို့ မီဒီယာနဲ့ ပြည်သူတွေ ဝိုင်းအော်ကြမှ ညမထွက်ရအမိန့်ထုတ်၊ လုံခြုံရေးအင်အားတိုးချဲ့၊ ရမ်းကားနေဆဲလူအချို့ကို ဖမ်းဆီး၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေကိုခေါ်ပြီး ငြိမ်းချမ်းရေးတရားတွေဟော၊ ပြီးတော့ “မြို့ခံတွေမပါပါဘူး၊ အပြင်လူတွေ လာလုပ်သွားတာပါလို့” ဖြေရှင်းကြပြန်ပါတယ်။ ဘဝသံသရာဆိုတာ ဒါကိုခေါ်တာများလား။ ဒါဆို မန္တလေးပြီးရင် ဘယ်မြို့အလှည့်ကျမလဲ။ မကောင်းဆိုးဝါးအင်အားစုကြီးကတော့ အကုသိုလ်ယန္တရားကြီးကို ဆက်လက်မောင်းနှင်ပြီး မြန်မာနိုင်ငံ အနှံ့အပြားမှာ အမုန်းတရားတွေကို ဖြန့်ဖြူးလို့ တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေဦးမှာပါ။ နိုင်ငံတော်အာဏာပိုင်များက ဒီမကောင်းဆိုးဝါးအင်အားစုကြီးကို ရဲရဲရင့်ရင့်ဖော်ထုတ်ပြီး ပြတ်ပြတ်သားသားအရေးမယူသ၍ပေါ့။
    # အမုန်းတရားဟောပြောမှု (Hate Speech)
    ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေရဲ့  အရင်းအမြစ်က အမုန်းတရားဟောပြောမှု (Hate Speech) များပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာခြား၊ လူမျိုးခြားကို မုန်းတီးအောင်၊ ဆန့်ကျင်အောင် လှုံ့ဆော်ဟောပြောမှုများကို အဓိကအားဖြင့် လေးမျိုး တွေ့ရပါတယ်။
    (၁) သံဃာအချို့က ဘာသာရေးတရားပွဲတွေမှာ ဘာသာခြား၊ လူမျိုးခြားဆန့်ကျင်ရေး ဟောပြောကြပါတယ်။ အဲဒီဟောပြောချက်များကို အသံသွင်းပြီး ထပ်မံဖြန့်ချီကြပါတယ်။ ဟောပြောသမျှထဲက ကောက်နှုတ်ချက်တွေကို စာရွက်စာတမ်းများနဲ့လည်း ဖြန့်ချီပါတယ်။
    (၂) အမျိုး၊ ဘာသာ၊ သာသနာထိန်းသိမ်းဖို့ရည်ရွယ်ချက်နဲ့ ဟောပြောပွဲတွေကျင်းပပြီး သံဃာများ၊ ရှေ့နေများ၊ တက်ကြွသူများက ဘာသာခြား၊ လူမျိုးခြားမုန်းတီးရေး တရားများဟောပြောကြပါတယ်။ အဲဒီဟောပြောချက်များကို အသံသွင်းပြီး ထပ်မံဖြန့်ချီကြပါတယ်။ ဟောပြောသမျှထဲက ကောက်နှုတ်ချက်တွေကို စာရွက်စာတမ်းများနဲ့လည်း ဖြန့်ချီပါတယ်။
    (၃) ဘာသာခြား၊ လူမျိုးခြားတို့ရဲ့  မကောင်းမှုများ၊ မဟုတ်မမှန်စွပ်စွဲချက်များကို သတင်းပုံစံရေးသားပြီး ဖေ့စ်ဘုတ် (Face Book) နဲ့ ဘလော့ (Blog) စတဲ့ အင်တာနက်မီဒီယာများ၊ လက်ကိုင်ဖုန်း သတင်းတိုပေးပို့ခြင်း (Mobile Phone Short Message Service) များမှ ဖြန့်ချီပါတယ်။
    (၄)  အမျိုး၊ ဘာသာ၊ သာသနာထိန်းသိမ်းသူများက တည်ထောင်တဲ့ တရားဝင်ဂျာနယ်အချို့မှာ ဘာသာခြား၊ လူမျိုးခြားများအပေါ် အပြစ်တင်စွပ်စွဲသည့် မခိုင်လုံသည့် သတင်းများကို ရေးသား ဖော်ပြပါတယ်။
    အထက်ဖော်ပြပါ အမုန်းတရားဟောပြောလှုံ့ဆော်မှုများကို တားဆီးနိုင်မှ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများကို တားဆီးနိုင်ပါလိမ့်မယ်။ အမုန်းတရားဟောပြောလှုံ့ဆော်မှုများကို စနစ်တကျ ဖန်တီးနေတဲ့ မကောင်းဆိုးဝါးအင်အားစုကြီးကို ထိထိရောက်ရောက် ဖြိုခွဲနိုင်မှပဲ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မှာပါ။ အဲဒီလို တားဆီးနိုင်ဖို့ အဓိကတာဝန်ရှိတာက အုပ်ချုပ်ရေးအာဏာကို ကိုင်တွယ်တဲ့ အစိုးရ၊ ဥပဒေပြုအာဏာကို ကိုင်တွယ်တဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ တရားစီရင်ရေးအာဏာကိုကိုင်တွယ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ ဖြစ်ပါတယ်။
    #အမုန်းတရားများဟောပြောခြင်းကို တားဆီးသည့် ဥပဒေ
    ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ၂၀၁၃ ခုနှစ်ဇွန်လအတွင်း အမေရိကန်ပြည်ထောင်စုကို အလည်လာတုန်းက “အမုန်းတရား ဖြန့်ချီဟောပြောစည်းရုံးမှုများကို တားမြစ်ဖို့” ဥပဒေတွေ ပြဋ္ဌန်းမယ်လို့ ပြောသွားခဲ့ပါတယ်။ ဒီစာရေးချိန်က ၂၀၁၄ ခုနှစ်၊ ဇူလိုင်လဆိုတော့ တစ်နှစ်ကျော်ခဲ့ပါပြီ။ ဒီကနေ့အထိတော့ အမုန်းတရားဟောပြောမှုများကို ဥပဒေပြု တားဆီးတာ မတွေ့ရသေးပါ။ အမုန်းတရားဟောပြောမှုကို တားဆီးအရေးယူတဲ့ ဥပဒေမရှိသေးပေမည့်၊ ခွဲခြားဆက်ဆံမှုများကို ဟန့်တား၊ တားမြစ်တဲ့ ဥပဒေတွေ မရှိသေးပေမည့် ခွဲခြားဆက်ဆံမှုတွေကို တရားဝင်ဖြစ်စေမည့် မျိုးစောင့်ဥပဒေတွေ ပြဋ္ဌန်းဖို့ တောင်းဆိုတာကိုတော့ အလွယ်တကူ သဘောတူလိုက်တာကို ဝမ်းနည်းဖွယ်တွေ့မြင်ရပါတယ်။
    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၃၆၄) မှာ ဒီလို ပြဋ္ဌာန်းထားပါတယ်။ 
    “နိုင်ငံရေးကိစ္စအလို့ငှါ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော် လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်။”
    အထက်ပါ ပုဒ်မ (၃၆၄) ပြဌာန်းချက်အရ အမုန်းတရားပွါးများအောင် ဟောပြောလှုံ့ဆော်နေတာတွေ၊ အမုန်းတရားဟောပြောချက် များကို ရေးသားဖြန့်ချီနေတာတွေ၊ ဘာသာခြား၊ လူမျိုးခြားကိုရည်ရွယ်တိုက်ခိုက်နေတာတွေအားလုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး အဲဒီ အပြုအမူကျူးလွန်သူတွေကို ပြစ်ဒဏ်ပေးနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဌာန်းရမှာပါ။ ဒါပေမည့် ပြည်ထောင်စု လွှတ်တော်သက်တမ်း ၃နှစ်ခွဲကျော်ပါပြီ။ အမုန်းတရားဟောပြောမှုများကို တားမြစ်ရေး ပြည်ထောင်စုလွှတ်တော်က ဥပဒေမပြုနိုင်သေးပါ။
    #ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်
    ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက “နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်” (International Covenant on Civil and Political Rights) (ICCPR) ကို အတည်ပြုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများကို လက်မှတ်ရေးထိုး အကောင်အထည်ဖော်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီစာချုပ်ဟာ ၁၉၇၆ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့မှာ စတင် အသက်ဝင်လာခဲ့ပြီး ဒီကနေ့အထိ လက်မှတ်ရေးထိုးသော နိုင်ငံပေါင်း (Signatories) (၇၄) နိုင်ငံရှိပြီး စာချုပ်ပါသဘောတူညီချက်တွေကို လိုက်နာဖို့ ဆန္ဒရှိကြောင်းဖော်ပြတဲ့ နိုင်ငံပေါင်း (Parties) (၁၆၈) နိုင်ငံရှိပါတယ်။ မြန်မာနိုင်ငံကတော့ လက်မှတ်လည်းမထိုး၊ သဘောတူညီချက်တွေကို လိုက်နာမည့် ဆန္ဒလည်း မဖော်ပြသေးပါ။ ဒီသဘောတူစာချုပ်ထဲက အမုန်းတရားဟောပြောမှု တားဆီးရေးနဲ့ သက်ဆိုင်တဲ့ ပြဋ္ဌာန်းချက် နှစ်ခုကို ကောက်နှုတ်ဖော်ပြချင်ပါတယ်။
    ပြဋ္ဌာန်းချက် (၁၉)
    ၁။ မည်သူမဆို ပြင်ပစွက်ဖက်မှုမပါပဲ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်ရှိသည်။
    ၂။ မည်သူမဆို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိသည်။ ၎င်းအခွင့်အရေးတွင် သတင်းအချက်အလက်များ၊ အကြံညဏ်နည်းလမ်းပေါင်းစုံကို မည်သည့်နည်းလမ်း၊ မည်သည့်ပုံစံနှင့်မဆို (နှုတ်ဖြင့်ဖြစ်စေ၊ ရေးသား၍ဖြစ်စေ၊ ပုံနှိပ်ထုတ်ဝေ၍ဖြစ်စေ၊ အနုပညာ ပုံသဏ္ဍန်ဖြင့် ဖြစ်စေ၊ နှစ်သက်ရာ သတင်းမီဒီယာမှဖြစ်စေ) လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံခွင့်၊ ဖြန့်ဖြူးခွင့်ရှိသည်။
    ၃။ အထက်ပါ အပုဒ် ၂ တွင်ဖော်ပြထားသော အခွင့်အရေးများအားလုံးသည် လက်တွေ့ကျင့်သုံးရာတွင် အထူးတာဝန်များနှင့် တာဝန်ခံမှုများဖြင့် ကျင့်သုံးရန်ဖြစ်သည်။ ၎င်းအခွင့်အရေးများကို ကျင့်သုံးရာတွင်
    (က) အခြားပုဂ္ဂိုလ်များ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို လေးစားရန်နှင့်
    (ခ) နိုင်ငံတော်လုံခြုံရေး၊ ပြည်သူ့ကျန်းမာရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် စိတ်ဓာတ်ရေးရာများကို ကာကွယ်ရန် လိုအပ်လျင် ဥပဒေပြဋ္ဌာန်း၍ ကန့်သတ်ချက်အချို့ချမှတ်နိုင်သည်။
    ပြဋ္ဌာန်းချက် (၂၀)
    ၁။ မည်သည့် စစ်ဖြစ်ပွါးရန် လှုံ့ဆော်မှုများကိုမဆို ဥပဒေဖြင့် တားမြစ်ရမည်။
    ၂။ ခွဲခြားနှိမ့်ချဆက်ဆံခြင်း၊ ရန်လိုခြင်း၊ အကြမ်းဖက်ခြင်းစသည်တို့ကို ပြုလုပ်ရန် စည်းရုံးသည့် မည်သည့် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရား သင်ကြားချက်များကိုမဆို ဥပဒေဖြင့် တားမြစ်ရမည်။
    အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတိုင်း၊ အစိုးရတိုင်းမှာ လူသားတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများကို အပြည့်အဝအာမခံဖို့ တာဝန်ရှိသလို အခွင့်အရေးများကို ချိုးဖောက်ပြီး၊ လွတ်လပ်မှုကို အလွဲသုံးစားလုပ်ပြီး ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ ဖန်တီး လှုံ့ဆော်မှုများကိုလည်း ဥပဒေနဲ့ အရေးယူဖို့ တာဝန်ရှိပါတယ်။
    #ထိရောက်စွာ အရေးယူပါ
    မကောင်းဆိုးဝါးအင်အားစုကြီးက မြန်မာနိုင်ငံတွင်းမှာ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေကို ဆက်လက်ဖန်တီးနေဦးမှာပါ။ မန္တလေးမြို့ပြီးရင် အခြားမြို့တွေရဲ့  အလှည့်ရောက်လာဦးမှာပါ။ အစိုးရအနေနဲ့ ပဋိပက္ခဖြစ်မှ ဖြေရှင်းရတာထက် ပဋိပက္ခမဖြစ်ပွါးအောင် ကြိုတင်တားဆီးဖို့ ပိုမိုကြိုးစားသင့်ပါတယ်။ အမုန်းတရားများကို ဟောပြောလှုံ့ဆော်ကြတဲ့ သံဃာများ၊ လူပုဂ္ဂိလ်များရဲ့ ဟောပြောချက်များဟာ အသံဖိုင်များ၊ ဗီဒီယိုများ၊ စာရွက်စာတမ်းများနဲ့ သက်သေအထင်အရှားရှိနေပါတယ်။ အဲဒါတွေကို လူထုကြား ဖြန့်ဖြူးနေတာတွေကို တားဆီးပိတ်ပင်ဖို့ လိုအပ်သလို ဟောပြောကြ၊ လှုံ့ဆော်ကြသူများကိုလည်း ဘာသာရေးစည်းမျဉ်းစည်းကမ်း၊ ရာဇသတ်ကြီးဥပဒေများနဲ့ ထိထိရောက်ရောက် အရေးယူသင့်ပါပြီ။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး စည်းရုံးဆွေးနွေးမှုတွေလုပ်သလို တစ်ဖက်မှာလည်း အမုန်းတရားဟောပြောမှုများ၊ ရေးသားမှုများ၊ ဖြန့်ဖြူးမှုများကို မပြုလုပ်နိုင်အောင် တားမြစ်ပိတ်ပင်ရမှာပါ။ ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေး အဖွဲ့များကလည်း အကြမ်းဖက်သူများ၊ ဖျက်ဆီးသူများကို စုံစမ်းဖော်ထုတ်ပြီး တိတိကျကျ အရေးယူဖို့လိုအပ်ပါတယ်။ ဘာသာခြားများ စုဝေးနေထိုင်ရာ ရပ်ကွက်များ၊ဘာသာရေးအဆောက်အအုံများ၊ အရေးကြီးနေရာဋ္ဌာနများနဲ့ အစဉ်အလာအခန်းအနားများကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့လိုအပ်ပါတယ်။
    ပြည်ထောင်စုလွှတ်တော်ကတော့ အမုန်းတရားဟောပြောသူများ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖန်တီးသူများကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးနိုင်မည့် ဥပဒေပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။ အဲဒီလို ဥပဒေပြဋ္ဌာန်းဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တာဝန်ပေးအပ် ထားသလို ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက အတည်ပြုထားတဲ့ “နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်” ကလည်း တောင်းဆိုထားပါတယ်။
    (ဇူလိုင် ၉၊ ၂၀၁၄)
    မိုးမခ ဝဘ်ဆိုဒ်မှ ထပ်ဆင့်ကူးယူဖော်ပြပါသည်။
  • Ooredoo ကို ဆန့်ကျင် သတဲ့လား
    Ooredoo ကို ဆန့်ကျင် သတဲ့လား
    ဇူလိုင် ၂၄ ၊ ၂၀၁၄
    ဧရာဝတီ မှ ကူးယူဖော်ပြပါသည်။
    ဆောင်းပါးရှင်- ငြိမ်းချမ်းအေး
    610x414xooredoo.jpg,Mic.xMJQeqDbVi.jpg.pagespeed.ce.3l3vpSiN05
    ရန်ကုန်မြို့လယ်ရှိ Ooredoo ကြော်ငြာ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
    မြန်မာပြည်မှာ ဆက်သွယ်ရေး လုပ်ငန်း လုပ်ခွင့်ရထားတဲ့ ကာတာ အခြေစိုက်ကုမ္ပဏီ Ooredoo ဆန့်ကျင်ရေး ဟောပြောပွဲတွေ၊ ဆန္ဒပြ လှုံ့ဆော်မှုတွေ လုပ်မယ် ဆိုတာတွေ ဖတ်ရတော့ စိတ်ဝင်စားမိတယ်။
    နိုင်ငံတကာက စီးပွားရေး လုပ်ငန်းစုကြီးများရဲ့ ရင်းနှီးမြှုပ်နှံမှု စီးပွားလုပ်ငန်းတွေကို ဒေသခံ လူမှု၊ နိုင်ငံရေး အဖွဲ့အစည်း တွေက စောင့်ကြည့်လေ့လာ၊ ဝေဖန်သုံးသပ်၊ လိုအပ်ရင် ဆန့်ကျင်တာမျိုးဟာ ဖွံ့ဖြိုးဆဲ တတိယ နိုင်ငံတွေမှာ ရှိသင့် ရှိထိုက်တဲ့ ဓလေ့ကောင်း ဖြစ်လို့ ဒီသတင်းကို စိတ်ဝင်စားရတာပါ။
    အထူးသဖြင့် အာဏာနဲ့ လူတစု အကျိုးစီးပွားကိုသာ ရှေးရှုတတ်တဲ့ အုပ်ချုပ်သူ မင်းအစိုးရစနစ် ရှင်သန်ရာ မြန်မာပြည်လို တိုင်းပြည်မျိုးမှာ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက ဦးဆောင်ပြီး နိုင်ငံခြားတိုက်ရိုက်၊ သွယ်ဝိုက် ရင်းနှီးမြှုပ်နှံမှုတွေရဲ့ လူအများစု ပြည်သူအပေါ် သက်ရောက်တဲ့ အကျိုး၊ အပြစ်တွေကို စောင့်ကြည့်ဝေဖန် ဆန်းစစ် အသံထွက်မှုမျိုးဟာ လိုအပ်ပါတယ်။
    နိုင်ငံတကာမှာတော့ ဒါမျိုးကို တက်ကြွလှုပ်ရှားသူ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေက ဦးဆောင် လှုပ်ရှားလေ့ ရှိကြတယ်။ မြန်မာပြည်မှာကျတော့ လူမှုအသိုက်အဝန်းမှာ သံဃာရဲ့ အခန်းကဏ္ဍက ကြီးတဲ့ အတွက် ဒီလို ကိစ္စတွေမှာ အခု ရဟန်း သံဃာတော်တွေ စိတ်ဝင်စားမှုရှိ၊ ဝင်ရောက်ပါဝင် လှုပ်ရှား လိုတာဟာလည်း နားလည် လက်ခံနိုင်စရာ ပါပဲ။
    ဒါပေမယ့် “ဘာကြောင့် ဆန့်ကျင်သလဲ” ဆိုတဲ့ အကြောင်းပြချက်တော့ ခိုင်မာ၊ မှန်ကန် ရပါမယ်။
    အခု Ooredoo ကို သပိတ်မှောက်ဖို့ ဆော်ဩနေသူများ ပေးတဲ့ “Ooredoo ဟာ အစ္စလမ် ဘာသာဝင်တွေရဲ့ စီးပွားရေး လုပ်ငန်းတခု ဖြစ်တယ်၊ အမျိုး၊ ဘာသာ၊ သာသာနာ ကာကွယ်ဖို့ရာ ဆန့်ကျင်ရမယ်” ဆိုတာက လက်သင့် ခံစရာ မရှိ၊ မှန်ကန် ခိုင်လုံတဲ့ အကြောင်းပြချက်မျိုး မဟုတ်ပါ။
    တရုတ် ဖြစ်လို့၊ အာရပ် ဖြစ်လို့၊ မွတ်စလင် စီးပွားဖြစ်လို့ ဆိုပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေကို ဘာသာ၊ လူမျိုး အခြေခံ ဆန့်ကျင်တာမျိုးဟာ ယုတ္တိမတန်၊ ခြေခြေမြစ်မြစ် မရှိ၊ ခိုင်မာတဲ့ အကြောင်းပြချက်ကောင်း မဟုတ်သလို လက်တွေ့မှာလည်း အကျိုး မရှိနိုင်ပါ။ ဆန့်ကျင်ရမယ့် အခြေခံဟာ ဒီနိုင်ငံခြား စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ စီးပွားလုပ်ထုံး လုပ်နည်း လုပ်ဟန် (Business Practice) အပေါ် စောင့်ကြည့်လေ့လာပြီးမှပဲ ဖြစ်သင့်ပါတယ်။
    နိုင်ငံတကာက အရင်းရှင်စီးပွားရေး ကုမ္ပဏီကြီးတွေရဲ့ အလုပ်သမား ငှားရမ်းရေး ပေါ်လစီက ဘာလဲ၊ အလုပ်သမား အခွင့်အရေး ဘယ်လောက်ရှိသလဲ၊ ဒေသခံတွေ အပေါ် ဘယ်လောက် အကျိုးကျေးဇူး ရှိသလဲ၊ ဒေသခံတွေရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ၊ ယဉ်ကျေးမှု၊ ဓလေ့တွေကို ဘယ်လောက် ထိခိုက်နစ်နာစေသလဲ၊ တောတောင် ရေ၊ မြေ၊ လေ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လောက် ပျက်စီးနိုင်သလဲ စတဲ့ ခိုင်မာတဲ့ အကြောင်းအချက်ကြီးတွေကို ဆန်းစစ် လေ့လာ သုတေသနပြုပြီးမှသာ နောက်ဆက်တွဲ ဆန့်ကျင်မှု၊ သပိတ်မှောက်မှုတွေ လုပ်ဆောင်ရမှာပါ။
    အခုမြန်မာပြည် ဆက်သွယ်ရေး နည်းပညာကဏ္ဍမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ရတဲ့ Ooredoo နဲ့ Telenor ကုမ္ပဏီ နှစ်ခုကိုလည်း ဒီလို စီးပွားလုပ်ဟန် အပေါ် မူတည်ပြီးပဲ ဆန့်ကျင်သင့်ရင် ဆန့်ကျင်ရမှာပါ။ အလုပ်သမား အခွင့်အရေး၊ လူသား အခြေခံအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသလား၊ သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေ သလား၊ တရားလွန် အမြတ်ကြီးစား နေသလား၊ ဒါတွေကို ကြည့်ပြီး သပိတ်မှောက် သင့်ရင် မှောက်ရပါမယ်။
    ဒီအချက်တွေ အခြေခံဆို ရရင် အစဉ်အဆက် ဝန်ဆောင်မှု ညံ့ဖျင်း၊ ဈေးနှုန်း မတန်တဆကြီးမြင့်ကာ သုံးစွဲသူ လူထုဆီက အေးဓားပြ တိုက်နေတဲ့ အပြင် ဝန်ထမ်းတွေမှာလည်း လူ့အခွင့်အရေး ဆိတ်သုဉ်းနေတဲ့ အစိုးရ ဆက်သွယ်ရေး လုပ်ငန်းကို အရင်ဆုံး ဆန့်ကျင်သင့် ပါတယ်။
    အသစ်ဝင်လာသူ Ooredoo နဲ့ Telenor ကိုတော့ ချပြထားတဲ့ စီးပွားလုပ်ငန်း အစီအစဉ်ကို လေ့လာကြည့်ရသလာက် အခုလောလောဆယ် ဆန့်ကျင်စရာ ဘာအကြောင်းမှ မရှိပါ။ သူတို့ဒေသခံ နိုင်ငံသား အများစုကို ဝန်ထမ်း အဖြစ် အသုံးပြုမယ်၊ လိုအပ်တဲ့ နည်းပညာ အတတ်ပညာ၊ အုပ်ချုပ်မှုပညာတွေ လေ့ကျင့်ပေးမယ်၊ နိုင်ငံတကာအဆင့် လုပ်ခလစာ အခွင့်အရေးတွေ ပေးမယ်၊ ဒါတွေဟာ ကိုယ့်နိုင်ငံအတွက် အကျိုးရှိရာရှိကြောင်း ချည်းပါ။
    သူတို့ ကတိပေးထားတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု အဆင့်ဟာ စံချိန်မီသလို ဈေးနှုန်းကလည်း သင့်တင့် လျောက်ပတ်တဲ့ အတွက် ကန့်ကွက်စရာ မမြင်ပါ။ ဆိုခဲ့တဲ့အချက်တွေ နောင်မှာ ချိုးဖောက်လာမှု ရှိ/မရှိ စောင့်ကြည့် လေ့လာနေဖို့ပဲ လိုပါတယ်။
    ခေတ်အဆက်ဆက် မြန်မာပြည်မှာ အုပ်စိုးသူ စစ်ဗိုလ်ချုပ်ကြီးများရဲ့ ကိုယ်ကျိုးရှာ၊ အကျင့်ပျက် ခြစား၊ ငို့ဘ တခုတည်း ကြည့်မှုကြောင့် လက်သင့်ရာ စားတော်ခေါ် လုပ်ပိုင်ခွင့်တွေ ချပေးရင်းနဲ့ အထက်မှာဆိုခဲ့တဲ့ တကယ် ပြည်သူ့ အကျိုးအတွက် စောင့်ကြည့်ဝေဖန် ထောက်ပြရမယ့် အချက်တွေဟာ နိုင်ငံခြား လုပ်ငန်းကြီးတွေရဲ့ ရင်းနှီး မြှုပ်နှံမှုတွေမှာ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့သလို အုပ်စိုးသူနဲ့ တစီးပွားတည်း ပေါင်းစားနေတဲ့ ပြည်တွင်း လုပ်ငန်းရှင် ခရိုနီကြီးများရဲ့ စီးပွားလုပ်ငန်းတွေ မှာလည်း မလုပ်နိုင်ခဲ့ပါ။
    ဒီအကျိုးဆက်ကြောင့် ဒေသတခုခုမှာ နိုင်ငံခြား/ ပြည်တွင်း ကုမ္ပဏီကြီးများ စီးပွားလုပ်ရင် သူတို့သာ ချမ်းသာသထက် ချမ်းသာသွားပြီး ဒေသခံပြည်သူမှာတော့ မွဲသထက်မွဲ၊ ဆင်းရဲဒုက္ခ ရောက်သထက်ရောက် ဖြစ်နေရတာ လက်ရှိ မြန်မာပြည် အနှံ့မှာ ပကတိ မြင်နိုင်ပါတယ်။
    ဖောင်စီးရင်း ရေငတ်နေကြရတဲ့ နင်းပြားပြည်သူများရဲ့ဘဝနဲ့ အသက်ငင်နေတဲ့ မြန်မာ့ သဘာဝအလှကို နိုင်ငံတဝှန်း က ရွှေတွင်း၊ ကျောက်စိမ်းတွင်း၊ ကြေးနီမိုင်း၊ သစ်လုပ်ငန်း လုပ်ငန်းကြီးတွေမှာ တွေ့နိုင်ပါတယ်။ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်းခံ ပြည်သူတွေရဲ့ မျက်ရည်တွေက သက်သေပြုပါတယ်။ လက်ပံတောင်းတောင်က မီးဗုံးဒဏ်ခံ သံဃာ ပြည်သူတွေရဲ့ဘဝ အနာ အော်သံ ခံစားကြည့်ရင် နားလည်နိုင်ပါတယ်။
    နိုင်ငံတကာ စံနှုန်းတွေထက် အဆပေါင်းများစွာနည်းတဲ့ အခြေခံလစာလေး ရဖို့အရေး ဖမ်းဆီး၊ ထောင်ကျ၊ အလုပ်ပြုတ်ခံ ဆန္ဒပြနေရတဲ့ ကျောမွဲအလုပ်သမားထုကြီးက သက်သေရှိပါတယ်။ သေမလို ဖြစ်နေတဲ့ ဧရာဝတီမြစ် ကြီးကို တိုင်တည်ကြည့်နိုင် ပါတယ်။ တောင်ခေါင်းတုံးတွေ အပြည့်နဲ့ ရိုးမတောင်တန်းကြီးတွေက တရားလို သက်သက်ပြုဖို့ အသင့်ရှိပါတယ်။
    ဒီလို အများပြည်သူ လူထုဘဝနဲ့ တိုင်းပြည်ရဲ့ အလှ၊ သဘာဝကို ပျက်စီးဆုံးရှုံးစေတဲ့ စီးပွားရေး လုပ်ငန်းကြီးမျိုးတွေကို ဆိုရင် ပြည်တွင်း/ပြည်ပ ဘယ်လူမျိုး၊ ဘယ်ဘာသာ မဆို ဆန့်ကျင်ရမှာပါ။
    အခု အမျိုး၊ ဘာသာအတွက်ဆိုကာ Ooredoo ဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားနေသူ ဆရာတော်၊ လူပုဂ္ဂိုလ်များကို လျှောက်ထား မေးမြန်းချင်ပါတယ်။ ဒေသခံတွေရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ အကြီးအကျယ် ထိခိုက်ပျက်စီးစေတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ မြန်မာပြည်မှာ ဒုနဲ့ဒေး ဖြစ်ချင်တိုင်း ဖြစ်နေတာကျ ဘာကြောင့် မျက်ကွယ်ပြုထားပါသလဲ။  ဘယ်သူသေသေ၊ ငတေတွေ မာနေတဲ့ ဒဏ် ပြည်သူအများစုမှာ ခါးစည်းခံ နေတာကိုကျ ဘာကြောင့် အသံဆိတ်နေရ ပါသလဲ။
    လူထု စီးပွားပျက်ရင် အကျင့်သီလလည်း အနည်းအများ ထိခိုက်မှာပဲ၊ အကျင့်သီလ ထိခိုက်ရင် အမျိုး၊ ဘာသာပျက်ဖို့ အခွင့်အလမ်းလည်း ပိုများနိုင်တာပဲ မဟုတ်လား။ တကယ် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက် ထိန်းသိမ်းချင်ရင်၊ စည်ပင် ဝပြောစေချင်ရင် ကျယ်ကျယ်ပြန့်ပြန့် အမြော်အမြင် ရှိရှိ စဉ်းစားမျှော်ကြည့်ပြီး ဒီလို လူထုအများ လူမှု၊ စီးပွား ချွတ်ခြုံကျ ဖြစ်စေတဲ့ စနစ်၊ အဲဒီ စနစ်ကို ဖန်တီး စံစားနေသူ လူတစုနဲ့ အပေါင်းအပါ စီးပွားဘီလူးကြီးတွေကို (ပြည်တွင်း/ ပြည်ပ လူမျိုး/ဘာသာ မခွဲ) ဆန့်ကျင်သင့်တယ် မဟုတ်ပါလား ခင်ဗျာ။
    အခုလို Ooredoo ဟာ အာရပ်ကုမ္ပဏီ အစ္စလမ်တွေမို့ ဆိုပြီး မဆီမဆိုင် အမျိုး၊ ဘာသာ၊ သာသနာနဲ့ ဆွဲစပ် အကြောင်းပြ ကန့်ကွက်ခြင်းဟာ ကိုယ့်နိုင်ငံ လူ့အဖွဲ့အစည်း အမြင်ကျဉ်းမြောင်း၊ သဘောထား သေးသိမ်၊ ရင်ဘတ် နှလုံးသား မကျယ်ပြန့်၊ ဦးနှောက် အသိဥာဏ် အတွေးအခေါ် မမြင့်မားတာကို နိုင်ငံတကာမှာ အထုပ်ဖြေပြသလို ဖြစ်ကာ တိုင်းပြည် ဂုဏ်သိက္ခာ ကျဆင်း အရှက်ရတာက လွဲလို့ တခြား အကျိုးမရှိပါ။
    အမျိုး၊ ဘာသာ စောင့်ရှောက်လိုသူများ (ဆိုတဲ့) ပုဂ္ဂိုလ်များ အသံထွက် ဆန့်ကျင်ဖို့ ပျက်ကွက်နေတဲ့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စနစ်ဆိုးကြီးနဲ့ စနစ်စံလူတစု တိုင်းပြည်မှာ ရှင်သန် နေသရွေ့ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ သာသနာလည်း ထွန်းကားစည်ပင်နိုင်မှာ မဟုတ်ပါ။
    နောက်တခုက အခုမွတ်စလင်တွေမို့ အဆက်အဆံ မလုပ်ရဘူး၊ မပတ်သက်ရဘူး၊ ဖုန်းတောင် လက်ခံ မဖြေရဘူး ဆိုနေတဲ့ ဆရာတော်များ အပါအဝင် Ooredoo ဆန့်ကျင်ရေး လှုံ့ဆော်သူ အားလုံးကို ဒီလို လူမျိုး၊ ဘာသာ အခြေပြု ခွဲခြားဆန့်ကျင် ရန်၊ ငါ၊ စည်း ပြတ်ချင်တယ် ဆိုရင် ကလေးတွေကို ခေတ်ပညာ စာသင်ကျောင်းတွေကို မလွှတ်ဖို့ပါ ပူးတွဲလှုံ့ဆော်ဖို့ အကြံပြုချင်ပါတယ်။
    အကြောင်းက ခေတ်သစ်ကမ္ဘာရဲ့ သိပ္ပံ၊ ဝိဇ္ဇာ၊ အနုသုခုမ ကဏ္ဍ အသီးသီးဟာ အာရပ်တွေ၊ မွတ်စလင်တွေ ပေးခဲ့တဲ့ အမွေအနှစ် မကင်းခဲ့လို့ပါ။ သင်္ချာ၊ နက္ခတ္တဗေဒ၊ ဆေးအတတ်ပညာ၊ ဗိသုကာ လက်ရာကနေ ကဗျာ၊ စာပေ၊ အနုပညာ အထိ ကမ္ဘာ့လူသား ယဉ်ကျေးမှု တိုးတက်ခဲ့မှု ဖြစ်စဉ်မှာ အာရပ်တွေရဲ့ ကျေးဇူးအများကြီး ပါပဲ။ ဆိုတော့ မွတ်စလင်မို့ ဆန့်ကျင်လိုသူများ ဒါတွေအားလုံးနဲ့ ကင်းအောင်နေဖို့ တိုက်တွန်းပါတယ်။
    အာရဗီ စကား “Alhamdulillah/Thanks and Praise to God/ ဘုရားသခင်သည် ချီးမွမ်းခြင်း၏ တည်ရာပေတည်း” နိဒါန်းပလ္လင် စကားခံပြီး ကမ္ဘာ့ရှေးဂန္ထဝင် စာပေစာရင်းဝင် အာရပ်တွေရဲ့ “တစ်ထောင့်တစ်ည” ပသီပုံပြင်များကို မြန်မာပြည် အတွက် ဘာသာပြန်ပေးခဲ့တဲ့ တို့ဗမာအစည်းအရုံး သခင်ဆရာကြီး၊ ဗမာ့ အမျိုးသားရေး လှုပ်ရှားမှုရဲ့ ခေါင်းကိုင်ကြီး သခင်ဘသောင်းကိုလည်း ဆန့်ကျင်ပါ။ သခင်ဘသောင်းပဲ ဘာသာပြန်ခဲ့တဲ့ ရုရှား မွတ်စလင် အာမက် အဗ္ဗဒူလာရေး ပသီပုံပြင်အခြေခံ “ဘဂ္ဂဒက်မြို့မှ သူခိုးအာမက်” ကိုလည်း မြန်မာကလေးတွေကို မဖတ်ခိုင်းပါတော့နဲ့။
    အစ္စလမ် ဘာသာရေး ပညာရှင် တပါးလည်းဖြစ်သူ ကဗျာဆရာ၊ ဂီတစာဆို၊ အတွေးအခေါ်၊ သင်္ချာ၊ နက္ခတ္တဗေဒ ပညာရှင်ကြီး အိုမာခရမ်ရဲ့ ကမ္ဘာမှာ သမ္မာကျမ်းစာနဲ့ ကိုရန်ကျမ်းစာပြီးရင် ဒုတိယ စောင်ရေ အရောင်းရဆုံး လို့တောင် ပြောစမှတ်တွင်တဲ့ ရူဘိယတ် ကဗျာတွေ ကိုလည်း မြန်မာလူငယ်၊ လူရွယ်လေးတွေကို ပေးမသိပါနဲ့တော့။  အိုမာခရမ်ရဲ့ ဘဝနဲ့ စာပေကို ဘာသာပြန် ရေးသား မိတ်ဆက်ပေးခဲ့တဲ့ မင်းယုဝေကိုလည်း ကန့်ကွက်ကြပါ။
    မွတ်စလင်တွေရဲ့ ကမ္ဘာ့အကျိုး ပြုခဲ့မှု သမိုင်းကို ကိုလိုနီဝါဒ၊ လူမျိုးရေးဝါဒ အခြေခံပြီး ဥရောပ သမိုင်းဆရာ တချို့ ဖုံးကွယ်ခဲ့ကြ ကြောင်းကို ထောက်ပြကာ ရောမအင်ပါယာ ပြိုကွဲချိန် ဥရောပ အမှောင်ခေတ်ကြီးမှာ အာရပ် မွတ်စလင် တွေဟာ ပညာအလင်းရောင်နဲ့ ကမ္ဘာကို ဦးဆောင်ခဲ့ကြောင်းကို သူ့ရဲ့ အထင်ကရ ကျမ်းတစောင်ဖြစ်တဲ့ သဘာဝ သိပ္ပံကျမ်းမှာ မပျက်မကွက် ထည့်သွင်းမှတ်တမ်းတင် ပြုစုခဲ့သူ ဗန်းမော်တင်အောင်နဲ့ သူ့ကျမ်းကိုလည်း ဆန့်ကျင်ဆန္ဒ ပြကြပါ။
    အာရပ်တွေရဲ့အမွေ အက္ခရာ သင်္ချာ၊ ဂဏန်း သင်္ချာ၊ ကိန်းဂဏန်း အရေအတွက် တွေကိုလည်း ကျောင်းတွေမှာ မသင်ကြားစေဖို့ တောင်းဆိုကြပါ။ တနည်းအားဖြင့် မွတ်စလင်နဲ့ကင်းအောင် ဗမာပြည်ကို အမှောင်ခေတ်၊ ကျောက်ခေတ်မှာပဲ နေစေဖို့ ဝိုင်းဝန်းဆော်ဩကြဖို့ တိုက်တွန်းလိုပါတယ်။
    နိဂုံးချုပ်ရရင် လိုရင်းက အခု Ooredoo ဆန့်ကျင်ရေးရဲ့ အကြောင်းပြချက် မမှန်၊ အကျိုးကျေးဇူး မရှိပုံကို မြင်စေချင် တာပါ။ ပြည်သူလူထု အများစု အကျိုးအတွက် ပြည်တွင်း/ပြည်ပ စီးပွားလုပ်ငန်းကြီးတွေကို ဘယ်လို ဘယ်အချိန် ဘယ်အနေအထားမှာ အခြေအမြစ် ရှိရှိ ဆန့်ကျင်သင့်ကြောင်းကို ထောက်ပြချင်တာပါ။
    အမျိုး၊ ဘာသာ၊ သာသနာ တကယ် စည်ပင်ဖွံ့ဖြိုးလို၊ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ ကမ္ဘာ့အလယ်မှာ သိက္ခာရှိရှိ ခေါင်းမော့၊ ရင်ကော့၊ စီးပွားဥစ္စာ ချမ်းသာနေလိုတယ် ဆိုရင် အုပ်စိုးသူနဲ့ အပေါင်းအပါလူတစု အမြဲတမ်း အသာစီး တဖက်စောင်းနင်း ကောင်းစားခွင့် ရနေတဲ့ စနစ်ဆိုးကြီးကိုသာ ဆန့်ကျင်တော်လှန် ပြုပြင်ရမှာပါ။
    ဒါမှသာ စီးပွားပျက်၊ ဥစ္စာပျက် ကုန်းကောက်စရာ မရှိ၊ ဖြူခါ ပြာခါကျရင်း ကနေ အကျင့်သီလပါ ထိခိုက်လာပြီး အမျိုး၊ ဘာသာ၊ သာသနာ ပျက်စီးမယ့်အရေးက လည်းကာကွယ်နိုင်မှာ ဖြစ်ကြောင်း၊ ဧရာဝတီစာဖတ် ပရိသတ် စဉ်းစား မြော်မြင် သုံးသပ်ကြည့်နိုင်ဖို့ရာ ဆွေးနွေး တင်ပြလိုက်ကြောင်းပါ ခင်ဗျာ။
    (ငြိမ်းချမ်းအေးသည် သြစတြေးလျနိုင်ငံတွင် အိုင်တီနှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာသင်ယူခဲ့သည်။ အွန်လိုင်း မီဒီယာများတွင် မျက်မှောက်ရေးရာနှင့် အထွေထွေ အာဘော်ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်။)
  • ကျွန်ုပ်တို့၏ အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင် (၂)
    ကျွန်ုပ်တို့၏ အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင် (၂)
    ဇူလိုင် ၂၄ ၊ ၂၀၁၄
    M-Media
    ကျွန်ုပ်တို့၏ အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင် (၁) ဖတ်ရန်
    E အကန့်ဝင်များ
    ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင် E အကန့်ဝင်တွေက အရေအတွက်များပါတယ်။ ဒီတော့ …   ဒီနေရာမှာ ကျွန်တော်မျှဝေချင်တာက E အကန့်ထဲမှာပါနေတဲ့ အချို့သော လက်လုပ်လက်စား ဆင်းရဲသားတွေ အကြောင်းပါပဲ။ လုပ်ငန်းအကြီးကြီးတွေမှာ ကျွမ်းကျင်ပညာရှင်အဆင့်အနေနဲ့ အလုပ်လုပ်နေကြတဲ့ ပညာရှင်တွေအနေနဲ့ကတော့ အဆင်ပြေကြပြီး ဝင်ငွေတွေလည်းကောင်းကြပေမယ့် ရိုးရိုးသာမန် လက်လုပ်လက်စား ဆင်းရဲသားတွေရဲ့ဘဝတွေကတော့ မလွယ်လှပါဘူး။ ကျွန်တော်ဆိုရင်လည်း E အကန့်ဝင် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်နိုင်ငံခြားသွားပြီး အလုပ် လုပ်ခဲ့ဖူးတယ်။ ၁၉၉၉ -၂ဝဝဝ​ ခုနှစ်က မလေးရှားမှာ သွားအလုပ်လုပ်ခဲ့တာပါ။ ပညာရှင်အနေနဲ့ မဟုတ်ပါဘူး။ အထွေထွေလုပ်သား၊ General Worker ပါပဲ။ မလေးရှားနိုင်ငံမှာ ကျွန်တော်နေထိုင်ခဲ့စဉ် ကာလမှာ ကျွန်တော်တွေ့ကြုံခဲ့တာလေးတွေကို ဖောက်သည် ချချင်ပါသေးတယ်။
    ကျွန်တော့်ရဲ့ မလေးရှားအတွေ့အကြုံ
    malay
    ကျွန်တော်တို့ မြန်မာအချင်းချင်းကို မလေးရှားမှာ ရွှေ လို့ ခေါ်ကြပါတယ်။ ငါတို့တွေက ရွှေညီအစ်ကို တွေ အစရှိသည်ဖြင့်လည်း ပြောကြ ပါသေးတယ်။ ရွှေ ထဲမှာလည်း ကောင်းတဲ့လူ ရှိသလို မကောင်းတဲ့လူလည်း ရှိပါတယ်။ ရွှေ အချင်းချင်း ပိုက်ဆံတွေလိမ်သွားတယ် ဆိုတာတွေလည်း ကြား သိနေရပါတယ်။ မလေးရှားမှာ ကျွန်တော်တို့နဲ့အလုပ် အတူတူလုပ်ခဲ့ဖူးတဲ့မန်နေဂျာကြီးက Chinese ပါ။
    သူက ရွှေ တွေနဲ့အလုပ်အတူတူလုပ် ရတာ ပျော်ဖို့ကောင်းတယ်လို့ မကြာခဏပြောပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့စားသောက်ဆိုင် အလုပ်တွေထဲမှာ ပိုက်ဆံကောင်တာ cashier မှာနေပြီး ကျသင့်ငွေကိုတွက်ချက်၊ ပြီးရင် customer ဆီက ငွေယူရတဲ့အလုပ်ဟာ တော်တော်လေးလူသက်သာပါတယ်။ ဂရုစိုက်ဖို့တော့လိုတာပေါ့။ ကျွန်တော်တို့မြန်မာ တွေကတော့ ကျွန်တော်တို့ရဲ့မန်နေဂျာအန်ကယ်ကြီးက အသက် ၅ဝ ဝန်းကျင်ဆိုတော့ သူ့ကို အဲဒီ cashier မှာပဲအလုပ်လုပ်စေပါတယ်။ ကျန်တဲ့ပင်ပန်းတဲ့အလုပ်တွေကို ကျွန်တော်တို့လူငယ်တွေလုပ်ကြပါတယ်။ ကျွန် တော်တို့ဆိုင်မှာက မန်နေဂျာဆိုပြီး အင်္ကျီအဖြူလေးဝတ် ၊ necktie လေးစီးပြီး ကျော့ကျော့လေးလုပ်ရတာ မျိုး မဟုတ်ပါဘူး။ သူကိုယ်တိုင်အများနည်းတူ အလုပ်ဝင်လုပ်ရပါတယ်။ ဒါပေမယ့် အဲဒီအန်ကယ်ကြီးကိုတော့ ကျွန်တော်တို့က စောစောကပြောသလို အလုပ် လုပ်ရတာသက်သာတဲ့နေရာမှာလုပ်စေပါတယ်။ အဲဒီတော့ အန်ကယ်ကြီးက မြန်မာတွေနဲ့အလုပ်လုပ်ရတာတော်တော်သဘောကျပါတယ်။ အဲဒါနဲ့ မြန်မာ စိတ်ဓါတ်ကို သူ သိပ်ချစ်ခင်လေးစား သွားတာပါပဲ။
    အလားတူပဲ ဘတ်စ်ကားတွေလိုင်းကားတွေစီးလို့ အသက်ကြီးရွယ်ကြီးတွေ ကားပေါ်တက်လာတယ်။ သူတို့ထိုင်ဖို့နေရာမရှိတော့ရင် ကျွန်တော်တို့က နေရာဖယ်ပေးလိုက်ပါတယ်။ သူတို့ကကျွန်တော်တို့ကို ကျေးဇူးတင်လို့ “Thank you, where are your from?” လို့မေးရင် “I’m from Myanmar.”လို့ဖြေရတာ တော်တော်ကို ပျော်ရွှင်ကြည်နူးခဲ့ရတဲ့အဖြစ်ပါ။ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားတွေ၊ ပညာရှင်ကြီးတွေလို မျိုးတော့ လူသိထင်ရှားကြီးကျယ်တဲ့ဂုဏ်မျိုးမဆောင်နိုင်ခဲ့ပေမယ့် နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာ အတွက်တော့ “ငါ မြန်မာနိုင်ငံသား ဆိုတဲ့စိတ်နဲ့ ကိုယ်စွမ်းသလောက်လုပ်ခဲ့တာပါပဲ”။          ကိုယ့် ရွှေ အချင်းချင်းမှာလည်း သင့်တင့်လျောက်ပတ်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မလေးရှားမှာအလုပ်လုပ်ခဲ့ရတဲ့ အချိန်တွေမှာ တစ်ခါတလေတော့လည်း စိတ်အခန့်မသင့်ဖြစ်တာလေးတွေ ရှိတာပေါ့လေ။ အများအားဖြင့်တော့ ပျော်ရွှင်စွာ ကုန်ဆုံးခဲ့ပါတယ်။
    ဒီလိုနဲ့ပဲ နိုင်ငံခြားရောက်မြန်မာတွေဟာ ”ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း”ဆိုသလို ရွှေ အချင်းချင်းလည်း တွေ့ရင် စကြ၊ နောက်ကြ၊ စားကြသောက်ကြနဲ့ (သြော်..လက်ဖက်ရည်သောက်ပြီး မုန့်စားတာကိုပြောတာပါ။ဟဲ..ဟဲ) ပျော်ရွှင်စွာနေခဲ့ဖူးပါတယ်။ ဒီလိုအခြေအနေမျိုးတွေဟာ ယခုအချိန်အထိရော မလေးရှားက ရွှေ အချင်းချင်း ကြားထဲမှာရှိပါသေးရဲ့လား။ စိတ်ပူမိပါတယ်။ မလေးရှားရောက်နေတဲ့ ရွှေ တွေအားလုံးအတွက် စိတ်ပူမိသလို စောစောကပြောသလို ရွှေ အချင်းချင်းကြားမှာရှိတဲ့ ချစ်ခင်ပျော်ရွှင်စရာကောင်းတဲ့ဓလေ့လေးတွေလည်း နေဝင် ပျောက်ကွယ်သွားမှာကို စိုးမိပါတယ်။ ဒီလိုချစ်ခင်ပျော်ရွှင်စရာကောင်းတဲ့ ဓလေ့လေးတွေကို အဓွန့်ရှည်စေချင်ပါတယ်။ အားလုံးအဆင်ပြေကြပါ စေလို့လည်း ဆုတောင်းဆန္ဒပြု အပ်ပါတယ်။
    မြန်မာပြည်မှာအဆင်မပြေလို့ ကိုယ့်ဘဝတိုးတက်ရာ တိုးတက် ကြောင်း အတွက် နိုင်ငံခြားသွားရတယ်ဆိုတာ တော်တန်ရုံ ဘယ်သူမှမလုပ်ချင်ကြပါဘူး။ ကိုယ်မိသားစု၊ ကိုယ့်တိုင်းပြည်ကို ဘယ်သူကမှ နှစ်ရှည်လများ ခွဲမသွားချင်ပါဘူး။ သွားရပြန်တော့လည်း နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့ မြန်မာပြည်က အလုပ်သမားတွေဟာ ဘယ်လိုအခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ရတတ်သလဲ၊ အရမ်းကြီးပျော်စရာမကောင်းတာတော့အမှန်ပါ။ နဂိုကတည်းက အဆင်မပြေလို့ စိတ်ညစ်ခံပြီး စွန့်စွန့်စားစားနဲ့ နိုင်ငံခြား ထွက်လာပါတယ်ဆိုမှ အဲဒီနိုင်ငံခြားမှာ ထပ်ပြီးစိတ်ပူစရာ၊ ဒေါသဖြစ်စရာတွေ ကြုံနေရဦးမယ် ဆိုရင်တော့ “မြွေပူရာကင်းမှောင့်” တာပါပဲ။ စာရေးဆရာညီမင်းညိုက မလေးရှား စာပေဟောပြောပွဲ တစ်ခှုမှာ ပြောသွားတာလေး heart ထိပါတယ်။ ”နှလုံးသားဖြူစင်တဲ့လူတွေဟာ သူတို့ရဲ့ ဖြူစင်တဲ့နှလုံးသား အချင်းချင်း ဆက်သွယ်ပြီးတော့ ကမ္ဘာပတ်လို့ရတယ်”တဲ့။
    ဆရာညီမင်းညိုဟောသလိုပဲ နိုင်ငံခြားရောက် ရွှေ မြန်မာများ နှလုံးသားဖြူစင်တဲ့လူအချင်းချင်းတွေ့ဆုံကြပြီးတော့ အဆင်ပြေကြပါစေလို့လည်း ထပ်ဆင့် ဆုတောင်းဆန္ဒပြု အပ်ပါတယ်။
    ဒီလိုပါပဲ၊ ကျွန်တော်လို E အကန့်ဝင်တွေကတော့ ကိုယ်ဘဝတိုးတက်ရေး အတွက် အမျိုးမျိုးကြိုးစားနေကြ ပါတယ်။ နိုင်ငံရပ်ခြားတွေမှာသွားပြီး အလုပ်လုပ် ပိုက်ဆံရှာကြပါတယ်။ ကျွန်တော် လေ့လာမိသလောက် မလေးရှားမှာလည်း စီးပွားရေး လုပ်ငန်းတော်တော်များများကို တရုတ် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေပိုင်ပါတယ်။ ဒါပေမယ့် အဲဒီ လူမျိုးခြား စီးပွားရေးလုပ်ငန်းကြီးတွေမှာ အလုပ်ဝင်လုပ်နေ ကြတဲ့ မလေးရှားနိုင်ငံသား၊ မလေးလူမျိုးတွေရဲ့ရပိုင်ခွင့်တွေ၊ အထွေထွေခံစားခွင့်တွေ အတွက် သူတို့မလေး အစိုးရက ဥပဒေရေးဆွဲပြီး စနစ်တကျအကာအကွယ်ပေးထားပါတယ်။ လူမျိုးခြားစီးပွားရေးလုပ်ငန်းရှင်ကြီး တွေဆီမှာ အလုပ် လုပ်ရလို့ သူ့နိုင်ငံသားတွေမျက်နှာမငယ်အောင်၊ အောက်မကျို့အောင်၊ အခွင့်အရေးတွေ ခေါင်းပုံဖြတ်မခံရအောင် ဥပဒေတွေရေးဆွဲပြဌာန်းပြီး သေသေချာချာကို အကာအကွယ်ပေးထားပါတယ်။ အဲဒီတော့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကလည်း သူတို့လုပ်ငန်းလိုအပ်ချက်အရရော၊ သူတို့တိုင်းပြည်ရဲ့ဥပဒေ တွေအရရော ကျွန်တော်တို့လို နိုင်ငံခြားအလုပ် သမားတွေကို သူတို့လုပ်ငန်းတွေမှာ ခေါ်သုံးလာကြပါတယ်။
    မလေးရှားလူမျိုးတွေအနေနဲ့ကတော့ သူတို့တိုင်းပြည်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာလို့ရှိရင် သူတို့တိုင်းပြည်အတွက်ရော၊ သူတို့အတွက်ပါ အလုပ်အကိုင်နဲ့ ဝင်ငွေအခွင့်အလမ်းကောင်းတွေရလာနိုင်ပြီး နည်းပညာအထောက်အကူတွေလည်း ရလာနိုင်တာကိုသိရှိထားကြပါတယ်။ အဲဒီတော့ သူတို့က အေးအေးဆေးဆေးပါပဲ။ အခု ကျွန်တော်တို့မြန်မာပြည်မှာ အစိုးရကလည်း “ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့်အရင်းအနှီးများ ဖိတ်ခေါ်ခြင်း”ကို စီးပွားရေး ဦးတည်ချက်တစ်ခုအနေနဲ့ပြုလုပ် ဆောင်ရွက်လာ တာကို တွေ့ရပါတယ်။ ဒီလိုလုပ်ကိုင်လာတာ တိုင်းပြည် အနာဂတ်အတွက် ကောင်းမွန်ပါတယ်။
    ဒါပေမယ့် ကျွန်တော်အထက်က တင်ပြခဲ့သလို ဒီလို နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ပဲဖြစ်ဖြစ်၊ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ပဲဖြစ်ဖြစ် လုပ်ကိုင်တဲ့ နေရာမှာ တိုင်းသူပြည်သားတွေ အတွက် အလုပ် အကိုင်အခွင့်အလမ်းတွေ၊ နည်းပညာအခွင့်အလမ်း အစရှိတဲ့ ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေ ရရှိခံစားဖို့၊ တိုင်းပြည်အတွက်လည်း ကောင်းမွန်တဲ့ အသီးအပွင့်တွေရရှိဖို့၊ ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေအတွက်လည်း သင့်တင့်လျောက်ပတ်တဲ့ အမြတ်အစွန်းတွေ ရရှိဖို့အတွက်ကတော့ တရားဥပဒေစိုးမိုးရေးကအရေးကြီးပါတယ်။ အဲဒီလိုတရားဥပဒေစိုးမိုးပါမှ လူထုကြီးအနေနဲ့ကလည်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ အပြုသဘောဆောင်တဲ့အမြင်မျိုး၊ သဘောထားမျိုးနဲ့ ပေါင်းစည်းလုပ် ကိုင်ဖို့ အာသီသပြင်းပြလာပါလိမ့်မယ်၊ နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် Entrepreneur လို့ ခေါ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အမှန်တကယ်လိုအပ်လှပါတယ်။ အဲဒီတော့ အဲဒီစီးပွားရေးလုပ်ငန်းရှင်ကြီး တွေနဲ့အလုပ် လုပ်ကိုင်ရာမှာတော့ win – win theory အရ ပေါင်းစပ်လုပ်ကိုင်ဖို့ အတွက်၊ နိုင်ငံတော်နဲ့ ပြည်သူအများ အကျိုးစီးပွား တိုးတက်ဖို့ အတွက်ကတော့ တရားဥပဒေစိုးမိုးရေးက အလွန်အရေးကြီးပါတယ်။ ဒါမှသာ ရင်းနှီးမြှုပ်နှံမယ့် သူဌေးတွေအနေနဲ့လည်း အပူအပင်ကင်းကင်းနဲ့ စီးပွားရေးလုပ်နိုင်မှာဖြစ်သလို ဝန် ထမ်းတွေအနေနဲ့ကလည်း သူတို့ရဲ့လုပ်အားတွေ၊ အချိန်တွေကို ဈေးပေါပေါနဲ့ ခေါင်းပုံဖြတ်ခံရခြင်းမှ ကင်းဝေး မှာ ဖြစ်ပါတယ်။ အခုလည်းစာရေးသူတို့မြန်မာပြည်မှာ သိသာထင်ရှားတဲ့အပြောင်းအလဲတွေဖြစ်နေပါတယ်။
    ဆက်သွယ်ရေးကဏ္ဍမှာဆိုလည်း တယ်လီနောတို့၊ အော်ရီဒူးတို့လို နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီကြီးတွေ လာပြီးရင်းနှီးမြှုပ်နှံကြပါတယ်။ အဲဒီကုမ္ပဏီကြီးတွေလာပြီးဆက်သွယ်ရေးကဏ္ဍမှာရင်းနှီးမြှုပ်နှံပြီဆိုရင် မြန်မာ ပြည်ရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ၊ speed (ဆက်သွယ်ရေးအမြန်နှုန်း)တွေ ပိုပြီးမြင့်တက်လာလေမလား၊ သုံးစွဲသူတွေအနေနဲ့ 3G,4G အစရှိတဲ့ ဝန်ဆောင်မှုတွေလို အဆင့်မြင့်ဝန်ဆောင်မှုတွေကို အပြည့်အဝ ရရှိခံစားနိုင်မလား? ဆိုပြီး စဉ်းစားရင်ခုန်နေကြသလို တစ်ဖက်မှာလည်း ဒီနိုင်ငံခြားကုမ္ပဏီကြီးတွေမှာ အလုပ်ဝင်လုပ်ရင် အခြေခံလစာက အဆင့်မြင့်တယ်၊ ပြည်တွင်းကုမ္ပဏီတွေမှာဒီလိုမရနိုင်ဘူးဆိုပြီး အဲဒီကုမ္ပဏီကြီးတွေမှာအလုပ်ဝင်လုပ်ဖို့ CV တင် ထားကြတဲ့သူတွေလည်းအများကြီးပါ။ စာရေးသူအထက်က ဖော်ပြသလို အဲဒီစီးပွားရေးလုပ်ငန်းကြီးတွေနဲ့ စာရေးသူတို့ ပြည်သူလူထုကြီး win-win theory အရ ဆက်ဆံနိုင်ဖို့ကတော့ တရားဥပဒေစိုးမိုးရေးနဲ့ အလုပ်သမားအခွင့်အရေးများ ခိုင်မာစွာချမှတ်ထားရှိရေး၊ တစ်ဖက်မှာလည်း လာပြီးရင်းနှီးမြှုပ်နှံမယ့်လုပ်ငန်းကြီးတွေအတွက် လုပ်ပိုင်ခွင့်နဲ့ လုံခြုံမှုရှိရေးတွေက အရေးကြီးပါတယ်။ အမှန်တကယ်ပဲ ကိုယ့်တိုင်းပြည်အတွက်၊ ကိုယ့် တိုင်းသူပြည်သားတွေအတွက် အကျိုးအမြတ်ရှိမယ့် အခွင့်အလမ်းမျိုးဆိုရင်တော့ လွဲချော်မခံသင့်ပါဘူး။
    ဒီလို အခွင့်အရေးမျိုးတွေရဖို့ ကျွန်တော်တို့ ဘယ်နှစ်နှစ်စောင့်ခဲ့ရသလဲ။ အခု ဒီအစိုးရ လက်ထက်မှာ ဒါတွေရလာပြီ။ နောက်ထပ်လည်း အခုထက်ပိုကောင်းတဲ့ အခွင့်အရေးတွေရနိုင် ပါသေးတယ်။ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်ကြီးတွေပဲဖြစ်ဖြစ်၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေပဲဖြစ်ဖြစ်ပါ ၊ ဘယ်သူမဆို သူ့အတွက်လည်း အမြတ် ကျန်အောင်လုပ်ပါ။ တိုင်းပြည်အတွက်နဲ့ အဲဒီလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေတဲ့ တိုင်းသူပြည်သားတွေ အတွက်လည်း သင့်တင့် လျောက်ပတ်တဲ့အကျိုးအမြတ်ရအောင်လုပ်ပေးနိုင်မယ်ဆိုရင် ဒါကို ကျွန်တော်တို့ကြိုဆိုရပါလိမ့်မယ်။
    ဘယ်သူ မဆိုတော့ ကိုယ့်ဘဝကို လူနေမှု အဆင့်မြင့်မြင့်နဲ့ဖြတ်သန်းချင်တယ်။ ကိုယ့်ရဲ့မျိုးဆက်သစ် ကလေး တွေကိုလည်း အမွေကောင်းတွေပေးချင်တယ် မဟုတ်ပါလား။ ကျွန်တော်တို့မြန်မာပြည်သားတွေက မိသားစုနဲ့ခွဲ၊ တိုင်းပြည်နဲ့ခွဲပြီး နိုင်ငံခြား အထိအလုပ်သွားလုပ်စရာ မလိုပဲ မြန်မာပြည်မှာတင် နေထိုင်လုပ်ကိုင်လို့ ရရင်မကောင်းဘူးလား။ ဒီလို အခြေအနေမျိုးဖြစ်ဖို့ နှစ်များစွာစောင့်ခဲ့ ရသလို နောက်ထပ်လည်း လုပ်စရာတွေက အများကြီး ကျန်သေးတယ်။ အဲဒီတော့အခုအချိန်မှာ ကျွန်တော်တို့တွေဟာ “ရွှေပြည်တော် မျှော်တိုင်းဝေး” အဖြစ်မျိုး မရောက်စေဖို့ အတွက် ကျွန်တော်တို့ပါးနပ်ရပါလိမ့်မယ်။ ကြိုးစားရပါလိမ့်မယ်။ လောကသဘောအရ တစ်ဖက်မှာ တိုးတက်ဖြစ်ထွန်းမှုရှိသလို တစ်ဖက်မှာအဲဒီ တိုးတက်ဖြစ်ထွန်းမှုကို ပျက်စီးစေမယ့် အကြောင်းတရား တွေပေါ်လာတတ်ပါတယ်။
    ဒါတွေကိုကျွန်တော်တို့က အသိရှိရှိ လိမ္မာ ပါးနပ်စွာနဲ့ ရှောင်ကွင်းသွားပြီး ကိုယ့်ရဲ့ ပန်းတိုင်ကိုရောက်အောင် သွားနိုင်တာကိုက ကျွန်တော်တို့အတွက်လိုအပ်တဲ့ အရည်အချင်းတစ်ရပ် မဟုတ်ပါလား။ ကျွန်တော်တို့သာ ဒီအချိန်မှာလိမ္မာပါးနပ်စွာနဲ့ ဒီစိန်ခေါ်မှုကိုဖြေရှင်းနိုင်ခဲ့မယ်၊ မှတ်ကျောက်အတင်ခံနိုင်ခဲ့မယ်ဆိုရင်တော့.. တွေးကြည့်လိုက်ပါ။
    ကျွန်တော်တို့ရဲ့မျိုးဆက်သစ်လေးတွေဘဝ၊ ကျောင်းကားအကောင်းစားကြီးစီးပြီး အဆင့်မြင့် နည်းပညာတွေနဲ့နိုင်ငံတကာ အဆင့်မီ သင်ကြားပေးနေတဲ့ စာသင် ခန်းမကြီးတွေထဲမှာ စာတွေသင်လို့၊ ကျွန်တော်တို့တွေကလည်း ကျွန်တော်တို့မိသားစုနဲ့ ကိုယ်စီကိုယ်ငှ ပျော်ရွှင်နေကြပြီး နိုင်ငံကြီးသားပီသတဲ့ ၊ သဘောထားကြီးပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံကြီး သားတွေအနေနဲ့ ကမ္ဘာ့အလယ်မှာဂုဏ်တင့်လို့ ဘယ်လောက်များကောင်းလိုက်မလဲ။ မြန်မာနိုင်ငံသားဆိုရင် တတိယနိုင်ငံ(ဆင်းရဲတဲ့နိုင်ငံ)ကလို့ သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံကြီးတွေအလယ်မှာ မျက်နှာမငယ်ရစေဖို့ကတော့ လက်ရှိကျွန်တော်တို့မျိုးဆက်မှာတာဝန်ရှိပါတယ်။
    ကျွန်တော်တို့ခေတ်မှာမှ ဒီလို နိုင်ငံရေးစနစ် ပြောင်းလဲမှုကြီးက စ ဖြစ်တာကိုး။ အဲဒီတော့ ကျွန်တော်တို့က ဒီ အပြောင်းအလဲတစ်ခုကို ပါးပါးနပ်နပ်နဲ့ ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခဲ့ရင်တော့ ကျွန်တော်တို့မျိုးဆက်က သမိုင်းမှာ အမည်ကောင်းနဲ့ မှတ်ကျောက် အတင်ခံနိုင်မှာဖြစ်သလို ကျွန်တော်တို့မျိုးဆက်သစ်လေးတွေကိုလည်း အမွေကောင်းတွေ ထားရစ်ခဲ့နိုင် ပါလိမ့်မယ်။ ကျွန်တော်တို့တစ်ချိန်ကမက်ခဲ့ရတဲ့ “နိုင်ငံခြားမှာ ပညာသွားသင်ဖို့၊ အလုပ်သွား လုပ်ဖို့အိပ်မက်ကို ကျွန်တော်တို့ ဒီတိုင်းပြည်မှာပဲအကောင်ထည်ဖော်ရအောင်။”
    E အကန့်ဝင်မဟုတ်သေးသူများ
    ဒီနေရာမှာ ထပ်မံဖေါ်ပြချင်တာကတော့ E လို့ခေါ်တဲ့ Employee အကန့်လည်းမဟုတ်၊ ဘယ်အကန့်မှာ မှလည်းမပါတဲ့ “အလုပ်အကိုင်ရရှိဖို့ အားကြိုးမာန်တက်ရှာဖွေနေသူတွေ” (တစ်နည်း) အလုပ်လက်မဲ့တွေ လည်း ကျွန်တော်တို့တိုင်းပြည်မှာ ရှိပါတယ်။ ဒီလိုလူမျိုးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့လိုသလို မှန်ကန်တည့်မတ်တဲ့ သမ္မာအာဇီဝနည်းနဲ့ ငွေရှာချင်အောင် စိတ်ပိုင်းဆိုင်ရာကို motivation လုပ်ပေးဖို့၊ တည့်မတ် မြှင့်တင်ပေးဖို့လည်းလိုပါတယ်။ နောက်ပြီးတော့ ကျွန်တော် လေ့လာမိ သလောက်တွေ့မိတာကတော့ အထူးသဖြင့် ငွေရေးကြေးရေးလိုအပ်ချက်ရှိနေသူတွေကို Financial Education လို့ ခေါ်တဲ့ ငွေကြေးပညာကို တတ်သိနားလည်လာအောင် အကြံပေးသင့်တာအကြံပေး၊ ကူညီ သင့်တာ ကူညီဖို့ပါပဲ။
    Financial ဆိုတဲ့ ဘဏ္ဍာရေးနဲ့ပတ်သက်တာတွေက အစိုးရဌာနဆိုင်ရာတွေ၊ ကုမ္ပဏီ အကြီးကြီး တွေနဲ့သာ သက်ဆိုင်တာမဟုတ်ပါဘူး။ လူတစ်ဦးချင်းစီမှာလည်း ဝင်ငွေနည်းသူက နည်းသူအလျောက်၊ များသူက များသူအလျောက် ကိုယ့်ဝင်ငွေနဲ့ ထွက်ငွေကို စီမံခန့်ခွဲနိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ ငွေအများကြီး မရှာနိုင်သေးရင် ငွေထွက်ပေါက်(ငွေယိုပေါက်)တွေကို သတိထားပြီးကြည့် ရမယ်။ မလိုအပ်တဲ့ ငွေထွက်ပေါက်တွေမရှိတာအကောင်းဆုံးပါပဲ။ ၂ လုံး၊ ၃ လုံး၊ ချဲထီ ၊ ဘောလုံးလောင်းကစား အစရှိတဲ့ လောင်းကစားတွေကို သက်ဆိုင်ရာက ဥပဒေတွေပြဌာန်းသတ်မှတ်ပြီး အရေးယူနေပေမယ့် လစ်ရင်လစ်သလို လုပ်နေကြတာပါပဲ။
    အဲဒီမှာလည်း ထွက်ငွေတွေရှိပါတယ်။ ပြီးတော့ အပျော်အပါး ပွဲလမ်း သဘင်တွေမှာလည်း ငွေတွေထွက်ကြပါတယ်။ မပျော်ပါနဲ့လို့တော့ မပြောလိုပါ။ သို့သော် မိမိမှာငွေကြေးလိုအပ်ချက်ရှိနေတယ်။ မိမိ မိသားစုမှာငွေကြေးလိုအပ်ချက်ရှိနေတာကိုသိသိကြီးနဲ့ အပျော်အပါးနဲ့ဖျော်ဖြေရေး(Entertainment) လုပ်ငန်းတွေအတွက် ငွေအများကြီးမသုံးသင့်ပါဟု အကြံပြုလိုတာပါ။ ဖျော်ဖြေရေး လုပ်ငန်းတွေကတော့ အခုခေတ်မှာ ပိုတောင်မှ မြိုင်ဆိုင်လာပါသေးတယ်။
    ဒါပေမယ့် ကိုယ့်ရဲ့ဝင်ငွေအတိုင်းအတာကို ချင့်ချိန်သင့်ပါတယ်။ ဘယ်လောက်ပဲ စားသောက်ဆိုင်ကြီးမှာ အကောင်းဆုံး စားသောက်ဖွယ်ရာတွေနဲ့ ချောမောလှပနဲ့ မိန်းကလေးတွေ ရှိနေပါစေ… မိမိရဲ့အိမ်ထောင်ဖက်သည်သာ မိမိအတွက်အသင့်လျော်ဆုံးပါ။ မိမိ သားသမီးတွေရဲ့ မျက်နှာကို ငဲ့သင့်ပါတယ်။ တစ်လင် တစ်မယားစနစ် ကျင့်သုံးတာကိုအားပေးပါတယ်။ အမှန်တကယ် တစ်လင်တစ်မယား စနစ်ဖြစ်ဖို့တော့လိုပါတယ်။ အခုလို ပွင့်လင်း လွတ်လပ်လာတဲ့ခေတ်ကြီးမှာ ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရားကို စိန်ခေါ်နေတဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေ အများကြီး ပေါ်ပေါက် လာနေပါတယ်။ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားကို တည်ဆောက်နိုင်မယ်ဆိုရင်တော့ ကိုယ်လည်း ဂုဏ်သိက္ခာရှိ လူကြီးလူကောင်း တစ်ယောက် ဖြစ်လာမှာဖြစ်ပြီး ကိုယ့်ငွေလည်း မကုန်သင့်တာမကုန်တော့ပါ။ ကိုယ့်အိမ်ထောင်ရေးလည်း သာယာမှာဖြစ်ပြီး မိသားစုပျော်ရွှင်ချမ်းမြေ့မှုလည်းရလာပါလိမ့်မယ်။
    ဒီလိုမျိုး ဝင်ငွေနည်းဝန်ထမ်းတွေ၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်နေသူတွေနဲ့ အလုပ် အကိုင်ရရှိဖို့တွက် အားကြိုးမာန်တက်ရှာဖွေနေ သူတွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုဗယ်ဆုရှင်ကြီး ဒေါက်တာ မိုဟမ္မဒ်ယူနွတ်စ်လို Micro Banking System လို စနစ်မျိုးတွေ တည်ထောင်ပြီး တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းတွေကိုကူညီတာ၊ ဝင်ငွေနည်းအလုပ်သမားတွေ၊ အားကြိုးမာန်တက် အလုပ်အကိုင်ရှာဖွေနေသူတွေကို ကူညီပေးတာမျိုးတွေ လုပ်ပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပါ။ ဒါကတော့ စာရေးသူတွေးမိတာလေးပါ။ အမှန်တကယ်ပဲ ဆင်းရဲသားတွေ ဘဝကို စာနာပေးပြီး သူတို့ကို ဆင်းရဲတွင်းကနေ နည်းလမ်းကျကျ  ကယ်တယ်ပေးမယ့်၊ ကယ်တင်ပေးနိုင်တဲ့ အခြေအနေမှာလည်းရှိတဲ့ Entrepreneur လို့ ခေါ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ လိုအပ်တာတော့အမှန်ပါပဲ။
    ပြုပြင်ပြောင်းလဲခြင်းများ
    နိုင်ငံတော်အစိုးရအနေနဲ့လည်း ပညာရေး၊ ကျန်းမာရေးအစရှိတဲ့ကဏ္ဍတွေမှာ အရင်ကထက်စာရင် အများကြီး ပံ့ပိုးလာတာကိုတွေ့ရပါတယ်။ ယခုစာသင်နှစ် ၂​ဝ၁၄-၂ဝ၁၅ စာသင်နှစ်အတွက် အစိုးရကျောင်းများ က ကျောင်းသားများကို လက်ခံတဲ့နေရာမှာ အစိုးရအလယ်တန်း အဆင့်အထိကို ငွေကြေးတစ်စုံတရာ ကောက် ခံခြင်းမပြုတော့ပါဘူး။ အခမဲ့ပညာရေးစနစ်ပုံစံမျိုးကို ဦးတည်ပြီးသွားနေတာကို ဝမ်းသာဖွယ်ရာတွေ့ရပါတယ်။
            အခုဆိုရင် နိုင်ငံတော်အစိုးရရဲ့ခွင့်ပြုချက်တွေနဲ့ Non-Government Organization လို့ ခေါ်တဲ့ NGOs တွေ၊ International Non-Government Organization လို့ ခေါ်တဲ့ INGOs တွေလည်း မြန်မာပြည်မှာ များပြား စွာရောက်ရှိလာနေပါပြီ။ အဲဒီ NGO လုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်နေတဲ့ ကျွန်တော့်သူငယ်ချင်းတွေလည်း များပြားစွာရှိပါတယ်။ သူတို့အတွေ့အကြုံလေးတွေကိုလည်း ကျွန်တော် “ဗျူး”ကြည့်ပါသေးတယ်။
    မြန်မာနိုင်ငံ မှာ လက်ရှိဖြစ်ပွားနေတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေးအစရှိတဲ့အခန်းကဏ္ဍတော်တော်များများမှာ ဒီ NGO အဖွဲ့တွေဟာ ပါဝင်လှုပ်ရှားဆောင်ရွက်နေကြပါတယ်။ ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေလုပ်တာ (ဥပမာ… နေပူမိုးရွာမရှောင် တောထဲတောင်ထဲ အထိသွားပြီး ကျေးလက်နေပြည်သူတွေကို AIDS အသိပညာပေး၊ သားဆက်ခြားအသိပညာပေး အစရှိတဲ့ လုပ်ငန်းတွေကိုဆောင်ရွက်နေသလို တစ်ဖက်မှာလည်း လူမှုဖူလုံရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။
    အလျဉ်းသင့်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့ကို စာရေးသူကိုယ်တိုင် NGO လုပ်တဲ့သူငယ်ချင်း မန္တလေးသား ကိုနိုင်အောင်မင်းနဲ့ သွားရောက်လေ့လာခဲ့တာ တွေကို ပြန်လည် မျှဝေချင်ပါသေးတယ်။) ဘ/က လို့ခေါ်တဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ အစိုးရကျောင်းတွေမှာ သွားရောက်ပြုလုပ်တဲ့ ပညာရေးကူညီမှုအစီအစဉ်လေးတွေပါ။ ပထမဦးစွာ ဒလမြို့ကို ရောက်သွားတော့ ဒလမြို့ရဲ့ အုပ်ချုပ်ရေးမှူးရုံးမှာ ခွင့်ပြုချက်ယူရပါတယ်။ ပြီးတော့ ပညာရေး ကိစ္စဖြစ်တဲ့အတွက် ဒလမြို့ရဲ့ ပညာရေးမှူးရုံးထံမှလည်း ခွင့်ပြုချက်ယူရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကလည်း အကောင်းဆုံးဖြစ်အောင်ဆောင်ရွက် ပေးပါတယ်။
    ဒါတွေဟာ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ပြောင်းလဲဖြစ်ပေါ်လာတဲ့ အပြု သဘောဆောင်တဲ့ ဖြစ်ထွန်းမှုတွေပါ။ နောက်ပြီးတော့ ကျွန်တော်တို့ ဘ/က ကျောင်းကိုသွားတယ်။ ဘ/က ကျောင်းကဆရာတော်ကို ကလေးတွေရဲ့ ပညာရေး၊ စီးပွားရေးနောက်ခံအင်အား အစရှိတာတွေကို လျှောက်ထား မေးမြန်းတော့ ဆရာတော်ကလည်း ပြန်လည်ပြီး အသေးစိတ်ရှင်းပြ မိန့်ကြားပါတယ်။ ပြီးတော့ ဒီကလေးတွေထဲမှာ ဆင်းရဲတဲ့ကလေးတွေရှိတယ်။ သူတို့တွေကို ပညာအလကားခေါ်သင်ပေးရုံနဲ့ သူတို့က မလာပါဘူး။ ဘာဖြစ်လို့မလာတာလည်းဆိုတော့ သူတို့မိသားစုစီးပွားရေးကမကောင်းတော့ ဒီကလေးတွေက သူတို့မိသားစုကို ငွေပြန်ရှာပေးနေရတော့ ကျောင်းလာမတက်နိုင်ဘူး။ အဲဒီတော့ ဒီကလေးတွေကို ကျောင်းမှန်မှန်လာပြီး စာလာသင်နိုင်ဖို့ ဒီကလေးတွေရဲ့မိဘတွေကိုခေါ်ပြီး တစ်အိမ်ထောင်အတွက် တစ်ပတ် ကို ဆန် (၅)ပြည်၊ ဆီ(၁)ဗူး အစရှိသည်ဖြင့် အဲဒီအိမ်ထောင်မှာရှိတဲ့ မိသားစုဦးရေအပေါ်မူတည်ပြီး ထောက်ပံ့ပေးရပါတယ်။
    အစိုးရကထောက်ပံ့တာတွေရှိသလို ကုမ္ပဏီကြီးတွေ၊ NGO တွေ၊ အနုပညာရှင်တွေ အစရှိသည်ဖြင့် တော်တော်များများက လာထောက်ပံ့ပါတယ်။ ထို့နောက် စာရေးသူတို့လည်း အစိုးရ မူလတန်းကျောင်းလေးဆီကို ခရီးဆက်ခဲ့ကြပါတယ်။ ကျောင်းအုပ်ဆရာမ ကြီးနဲ့လည်းတွေ့ဆုံစကားပြောခွင့် ရတော့ စာရေးသူရဲ့ထုံးစံအတိုင်း ဆရာမကြီးကို နည်းနည်း”ဗျူး”ခဲ့ပါသေးတယ်။ ဆရာမကြီးကလည်း သေချာရှင်းပြပါတယ်။ အခုဆိုရင် နိုင်ငံခြားကုမ္ပဏီတစ်ခုကလာပြီး ကလေးတွေ ဥာဏ်ရည် ထက်စေဖို့ ပြုလုပ်ထားတဲ့ နို့တွေကို ကလေးတွေကို တစ်ရက်ကိုတစ်ဗူးတိုက်တယ်။ အစိုးရက ထောက်ပံ့ပေးတာတွေလည်း ရှိတယ်။NGO တွေကလည်း လာပြီး ကျောင်းစိမ်းဝတ်စုံတွေ၊ စာရေးကိရိယာတွေ၊ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ လာလှူထားတာတွေအများကြီးရှိပါတယ်။
    စာရေးသူတို့ကိုလည်း ပြပါတယ်။ နောက်နှစ်နည်းနည်းကြာရင် မြန်မာပြည်ကျောင်းတွေမှာ စာအုပ်တွေ၊ ဘောပင်တွေပျောက်ပြီး Projector နဲ့ ဆရာတွေကစာသင်၊ ကလေးတွေက Laptopလေးတွေနဲ့စာလိုက်မှတ်တဲ့ ပုံစံမျိုးတွေတောင် ဖြစ်လာနိုင်ပါတယ်။ ဖော်ပြပါအတိုင်းပဲ ကလေးတွေအတွက် ဝမ်းသာစရာသတင်းကောင်းတွေကို များစွာ တွေ့မြင်ကြားသိခဲ့ရပါတယ်။ စာရေးသူတောင် တွေးမိပါသေးတယ်။ “သြော်… ငါတို့ငယ်ငယ်တုန်း ကတော့ ဒီလိုမျိုးထောက်ပံ့ကူညီတာမျိုးတွေ မကြားပါဘူး၊ မကြုံဘူးပါဘူး၊ အခုတော့များ ကြည့်စမ်း၊ ဘယ် လောက်တောင်အဆင်ပြေသလဲ၊ ပိုက်ဆံမရှိတဲ့အိမ်က ကလေးတွေကို ကျောင်းတွေက ဆီတွေ၊ ဆန်တွေပါ ပြန်ပေးသတဲ့၊ ကျွန်တော်တို့ငယ်ငယ်တုံးကတော့ မေလအကုန် ဇွန်လအဆန်းဟာ ပိုက်ဆံချမ်းသာသူတွေ အတွက်တော့ သိပ်ပြဿနာမဟုတ်ပေမယ့် သာမန်လူတန်းစားတွေ၊ လက်လုပ်လက်စားရုန်းကန်နေရတဲ့လူတွေ အတွက်တော့ တကယ့်ပြဿနာပါပဲ။
    ကလေးတွေကို ကျောင်းအပ်ရတော့မယ်။ စာအုပ်ဖိုး၊ ကျောင်းအပ်ပိုက်ဆံ၊ ကျောင်းစိမ်း ဝတ်စုံဖိုးတွေ… နောက်ပြီး ကျူရှင်လခတွေ အစရှိသည်ဖြင့်ပေါ့လေ။ ချေးရ၊ ငှားရနဲ့။ ဒီလိုပါပဲ။ အခုတော့ စာရေးသူတောင် ကလေးတွေနဲ့ရောပြီး ကျောင်းပြန်တက်ချင်စိတ်ပေါ်လာလို့ အတန်းပိုင်ဆရာမလေး ကို ခွင့်တောင်းပြီး (“ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည် ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒ္ဒီ”ဆိုတဲ့ သီချင်းလေးကိုဆို…. သြော်…ဆောရီး… စာရေးရင်းနဲ့ယောင်သွားပြန်ပြီ။)
    ကင်မရာတစ်လုံးနဲ့ ကလေးတွေကို ဓါတ်ပုံတွေရိုက်ရင်း သူတို့လေးတွေ စာတွေအော်ဆိုနေကြတာကို ကြည့်ပြီး စာရေးသူတောင် ယောင်ပြီးလိုက်ဆို မိပါသေးတယ်။ “ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ၊ နေခြည်မှာရွှေရည်လောင်း၊ ငါတို့စာသင် ကျောင်း” ဆိုပြီးတော့ပေါ့။ သြော်…ကျွန်တော်လည်း ကျွန်တော်တို့ခေတ်တုန်းက မရခဲ့ဘူးတဲ့ အခွင့်အရေး ကောင်းကောင်းတွေ ရနေတဲ့ ကလေးတွေအကြောင်းကို ဝမ်းသာအားရ ပြန်လည် မျှဝေရင်းနဲ့ စာရေး နေတာတောင် ဘယ်ရောက်သွားပါလိမ့်။ အဲဒီလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်းရဲမွဲတေမှုကလွတ်မြောက် ပြီး ပညာရည်တွေမြင့်မားဖို့၊ ကာယ၊ ဥာဏ စာရိတ္တ.. အစရှိတဲ့ ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဖို့အတွက် နိုင်ငံတော်အစိုးရမှလည်း ၎င်းကိုယ်တိုင် ကူညီထောက်ပံ့နေသည့်အပြင် နိုင်ငံတကာ ကူညီ ထောက်ပံ့ရေးအစီအစဉ်များကို ခွင့်ပြုထားပြီးဖြစ်သလို ပြည်တွင်း/ပြည်ပမှ စေတနာရှင်များ၊ အဖွဲ့အစည်းများမှ လည်း အားတက်သရော ကူညီထောက်ပံ့နေတာကို ပညာရေးကဏ္ဍတွင်သာမဟုတ်ဘဲ ကျန်းမာရေး၊ စီးပွားရေးအစရှိသည့် အခြားကဏ္ဍတော်တော်များ များမှာမြင်တွေ့နေရပါတယ်။ အခုလိုမျိုး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေကို ကိုယ်တိုင်လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်နေရုံသာမက နိုင်ငံတကာကပါ ပူးပေါင်းပါဝင်ကူညီနိုင်အောင် ခွင့်ပြုချက်ပေးခဲ့တဲ့ နိုင်ငံတော် အစိုးရနှင့် တကွ သက်ဆိုင်ရာ တာဝန်ရှိအကြီးအကဲများ၊ စေတနာရှင်များ၊ ကုသိုလ်ဖြစ်အဖွဲ့အစည်းများ၊ NGOs / INGOs များ၊ ပါဝင်လှုပ်ရှားဆောင်ရွက်နေသူ ဆရာ/ဆရာမများ၊ ပညာရှင်များ၊ မိတ်ဆွေများ အားလုံးကိုလည်း စာရေးသူရဲ့ရင်ထဲက လှိုက်လှဲစွာကျေးဇူး တင်ရှိပါကြောင်းကိုလည်း ကျေးဇူးတင် စကားဆိုပါရစေ။
    နိဂုံးချုပ်အားဖြင့်တော့ စာရေးသူတို့တိုင်းပြည်ရဲ့ရွှေရောင်အနာဂတ်ဟာ စာရေးသူတို့ရဲ့ ခပ်လှမ်း လှမ်းမှာ ရေးပြပြလေးတော့ တွေ့မြင်နေ ရပါပြီ။ ဒါပေမယ့် ဒီလို အချိန်အခါမျိုးမှာ ဒီဆောင်းရဲ့အစမှာ စာရေးသူဖေါ်ပြခဲ့သလိုပဲ အဖျက်အမှောင့်တွေ၊ အတားအဆီးတွေလည်း ဝင်လာတတ်ပါတယ်။ ဒါတွေကို စာရေးသူတို့က လိမ္မာပါးနပ်စွာနဲ့ ရှောင်ကွင်းသွားပြီး ကိုယ်လိုရာပန်းတိုင်ခရီးကိုရောက်အောင် သွားနိုင်ခဲ့ရင်တော့ ဒါဟာ”အမျိုးသားအောင်ပွဲ”ပါပဲ။ စာရေးသူအနေနဲ့ကတော့ မိမိမွေးဖွားရှင်သန်ရာ တိုင်းပြည် နဲ့ တိုင်းသူပြည်သားတွေ ပညာဥာဏ်ရည်တွေ၊ ဆင်ခြင်တုံတရားတွေမြင့်မားပြီး နိုင်ငံကြီးသားပီသနေတာ၊ ကြီးပွားကောင်းစားနေ တာကို မြင်ချင်တာပါပဲ။ စာရေးသူရဲ့ ပုဂ္ဂလိက အမြင်အရ စာရေးသူရဲ့အမျိုးသားရေး ရည်မှန်းချက်ကိုပြောပါ ဆိုရင်တော့ နိုဗယ်ဆုရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒေါက်တာ မိုဟာမက်ယူနွတ်စ် ပြောသလို “ဆင်းရဲမွဲတေမှု ဆိုတာကြီးကို ပြတိုက်ထဲကိုပို့ပစ်လိုက်ချင်တာပါပဲ”လို့ မျှဝေရင်း နိဂုံးချုပ်လိုက်ပါရစေ။ ။
    Ref : ၂၁ရာစုစီးပွားရေးနှင့် Robert T.Kiyosaki ၊ သန်းမြင့်(စီးပွားရေး)။
  • စည်သူအောင်မြင့် – ဘာသာခြားဖိနှိပ်မှု အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်နေသလား
    စည်သူအောင်မြင့် – ဘာသာခြားဖိနှိပ်မှု အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်နေသလား
    ဇူလိုင် ၂၄ ၊ ၂၀၁၄
    မြန်မာတိုင်း(မ်) မှ ကူးယူဖော်ပြသည်။
    ဆောင်းပါးရှင်- စည်သူအောင်မြင့်
    သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့သစ် လက်ထက် ၂၀၁၂ ခုနှစ်ကစပြီး ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
    ဒီအကြမ်းဖက်မှုတွေရဲ့ သရုပ်သကန်ဟာ ဘာသာနှစ်ခု၊ လူမျိုး နှစ်ခု တစ်ခုနဲ့တစ်ခု အမုန်းပွား အပြန်အလှန် တိုက်ကြခိုက်ကြ သတ်ကြဖြတ်ကြဆိုတာမျိုးထက် လူနည်းစုက အကြမ်းဖက်ခံ၊ တိုက်ခိုက်ခံရတဲ့ အနေအထားမျိုး ပိုပြီး ပေါ်လွင်ပါတယ်။
    အမုန်းတရား ဖြန့်ဖြူးတာကအစ အကြမ်းဖက်ဖို့ လှုံ့ဆော်တာ၊ အကြမ်းဖက်တာအဆုံး ထွက်ပေါ်လာတဲ့ သတင်းအချက်တွေက အဲဒီအချက် မှန်ကန်ကြောင်း သက်သေပြနေသလို နိုင်ငံတကာ မိသားစုကြီးကလည်း အဲဒီအတိုင်း ပုံဖော်ပြောဆို ရေးသားကြပါတယ်။
    သမ္မတ အိုဘားမား အာရှ ခရီးစဉ်တုန်းကလည်း ဒီသဘော ပြောခဲ့တာပဲ ဖြစ်ပါတယ်။
    ဒါဟာ ခါးသီးပေမယ့် ငြင်းလို့ မရတဲ့ အမှန်တရားပါ။ အခုလို လူနည်းစု မြန်မာနိုင်ငံသား ဘာသာခြားတွေ ဖိနှိပ်ခံရတဲ့ ကိစ္စ ဘယ်သူလုပ်တယ်၊ ဘယ်ဝါ လုပ်တယ်၊ နောက်ကွယ်မှာ ကြိုးကိုင်သူ ရှိတယ် စသဖြင့် ဝေဖန်ပြောဆိုနေကြပေမယ့် အစိုးရပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး တိုက်ရိုက် ပြောဆိုတာမျိုးတော့ မရှိပါဘူး။
    ဒါပေမဲ့ အမုန်းတရား ဖြန့်ဖြူးသူတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေ၊ အကြမ်းဖက်သမားတွေ ကိုတော့ ထိထိရောက်ရောက် အရေးမယူ၊ တမင် မွေးမြူထားတယ်၊ လွှတ်ပေးထားတယ်ဆိုတဲ့ စွပ်စွဲမှုမျိုးတော့ ရှိပါတယ်။
    ဒါပေမဲ့ အခုနောက်ဆုံး ပေါ်ပေါက်လာတဲ့ ဘိုင်မွန်းတည့်နေ ဂျာနယ်ကို အရေးယူဖမ်းဆီးမှုမှာတော့ အစိုးရနဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ ဘာသာခြား လူနည်းစုတွေကို ဖိနှိပ်တဲ့အထဲ ပါဝင်နေပြီလား ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။
    အားလုံးသိကြတဲ့အတိုင်း သိပ်မကြာသေးခင်က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က အက်စ်ဘီခေါ် ရဲအထူးသတင်းတပ်ဖွဲ့ဟာ သတင်းစာ၊ ဂျာနယ် တာဝန်ရှိသူတွေကို ဆင့်ခေါ်ပြီး ငွေရေးကြေးရေး၊ ထုတ်ဝေမှုဆိုင်ရာ ကိစ္စတွေကို မေးမြန်း စစ်ကြောခဲ့ပါတယ်။
    ဒါဟာ ဥပဒေနဲ့ မညီပါဘူး။ တကယ်လုပ်ရမှာ စသုံးလုံး အဖွဲ့ဖြစ်တယ်။ ထူးခြားတာက ခေါ်ယူစစ်ဆေးမှုမှာ မွန်းတည့်နေနဲ့ ဘိုင် မွန်းတည့်နေ ဂျာနယ် တာဝန်ရှိသူတွေလည်း ပါဝင်ခဲ့ပါတယ်။
    အက်စ်ဘီဘက်က အဓိက စစ်ဆေးခဲ့တာက အဲဒီဂျာနယ် နှစ်စောင် ထုတ်ဝေတာ ပြည်ပက အိုအိုင်စီလို အစ္စလာမ္မစ် အဖွဲ့အစည်းတွေက ငွေကြေး ထောက်ပံ့တာ ရှိသလား၊ ပြည်တွင်းက အစ္စလာမ် လုပ်ငန်းရှင်တွေကရော ငွေကြေး ထောက်ပံ့ထားသလားဆိုတာပါ။
    တာဝန်ရှိသူတွေကတော့ အဲဒီလို မရှိတဲ့အကြောင်း ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
    ဇူလိုင် ၁၁ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် သတင်းစာမှာတော့ အခုလို သတင်းတစ်ပုဒ် ပါလာပါတယ်။
    ဇူလိုင် ၄ ရက်က ‘အိုအိုင်စီ အပါအ၀င် အစ္စလာမ်အဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့ ရယူနေသည့် သတင်းမီဒီယာများကို အစိုးရက စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်’နဲ့ ပတ်သက်ပြီး အမျိုးသားနိုင်ငံရေး စောင့်ကြည့်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲမင်းဦး ကို ကိုးကားပြီး ဖော်ပြထားတဲ့ သတင်းပါ။
    သတင်းထုတ်ပြန်ချက်ကိုကြည့်ရင် အချက်အလက် ခိုင်လုံပုံလည်း မရပါဘူး။ ခိုင်လုံတယ်ဆိုရင် တိုက်ရိုက် နာမည်တပ်ပြီး စွပ်စွဲဖော်ပြမှာ အသေအချာပဲ ဖြစ်ပါတယ်။
    အဲဒီအဖွဲ့ကို ဦးဆောင်နေတဲ့သူတွေကတော့ ကိုရဲမင်းဦး၊ အရင် ဒီဗီဘီမှာ အလုပ်လုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ခဲ့တဲ့ ရွှေသံစဉ် ကိုဝင်းမော်၊ သိပ်မကြာသေးခင်တုန်းက အော်ရီဒူး ဖုန်း မသုံးဖို့ လှုံ့ဆော် ဟောပြောခဲ့တဲ့ ရန်ကုန်က မကွေးကျောင်းတိုက်ဆရာတော်စတဲ့ လူနဲ့
    သံဃာတချို့ ပါဝင်ကြပါတယ်။
    ဒီ ထုတ်ပြန်ကြေညာချက်ဟာ တိကျသေချာ ခိုင်လုံမှု မရှိသလောက် စွပ်စွဲခံရတဲ့ဘက်ကို ဘယ်လောက်ကြီးတဲ့ ဘေးအန္တရာယ် ကျရောက်နိုင်တယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။
    ဆက်တိုက်ဆိုသလိုပါပဲ။ မန္တလေး အကြမ်းဖက်မှုကိစ္စ သမ္မတမိန့်ခွန်းပြောတဲ့ ဇူလိုင်လ ၇ ရက်နေ့ မှာပဲ ဘိုင်မွန်းတည့်နေဂျာနယ် သတင်းထောက်နဲ့ အယ်ဒီတာတွေကို အက်စ်ဘီက ဖမ်းပါတယ်။
    သူတို့ကို ဖမ်းဆီး အရေးယူလိုက်ရတာဟာ ကိုထင်ကျော် ခေါင်းဆောင်တဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (MDCF) အဖွဲ့ ရဲ့ ထုတ်ပြန်ကြေညာချက်ကို ‘ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများအား ကြားဖြတ် အစိုးရအဖြစ်ပြည်သူများက တင်မြှောက်ကြောင်း MDCF ထုတ်ပြန်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မျက်နှာဖုံးမှာ ဖော်ပြခဲ့တာကြောင့်လို့ အာဏာပိုင်တွေဘက်က ဆိုပါတယ်။
    ဘိုင်မွန်းတည့်နေလိုပဲ အဲဒီသတင်းကို နောက်နေ့မှာ ဖော်ပြခဲ့ကြတဲ့ တခြားသတင်းစာ ဂျာနယ်တွေ ကိုတော့ လုံးဝ အရေးယူတာ မတွေ့ရပါဘူး။
    အကြောင်းကတော့ ဒီသတင်းထည့်တာဟာ MDCF အဖွဲ့က ဆန္ဒပြပွဲ လုပ်ပြီး ကြေညာချက် ဖြန့်ဝေမယ့်နေ့နဲ့ ချိန်ကိုက်ဖြစ်အောင် လုပ်တယ်လို့ ယူဆပြီး ဖမ်းရတာလို့ ဆိုပါတယ်။
    ပုဒ်မ ၁၀ (ဃ)၊ ၁၀ (ည) တပ်ပါတယ်။ ဖမ်းဆီးထားသူတွေကို ဘာတွေ စစ်ဆေးတယ်ဆိုတာ မသိရပါဘူး။
    ဇူလိုင် ၂၂ ရက်နေ့ ရမန်ထပ်ယူ တရားရုံးကို ခေါ်လာတော့လည်း ဘယ်တစ်စုံ တစ်ယောက်ကိုမှ စကားတစ်ခွန်းမှ ပြောခွင့်မပေးပါဘူး။
    ဒါပေမဲ့ ဘိုင်မွန်းတည့်နေဂျာနယ် ထုတ်ဝေသူ လိုင်စင်ပိုင်ရှင်ရဲ့ ခင်ပွန်း ဦးစံတင်နဲ့ ဒီဇိုင်နာ ကိုဇွဲ တို့ကို ခေါ်ယူစစ်ဆေးရာမှာတော့ အိုအိုင်စီက ထောက်ပံ့ပေးတာ ရှိသလား၊ နိုင်ငံခြားဘဏ် တွေကနေ ငွေလွှဲပေးတာတွေ ရှိသလား၊ ပြည်တွင်းက အစ္စလာမ်ဘာသာဝင် လုပ်ငန်းရှင်တွေကငွေကြေးထောက်ပံ့တာတွေ ရှိသလား စတဲ့ မေးခွန်းတွေ အဓိက မေးခဲ့တယ်လို့ ဆိုပါတယ်။
    ဒီနေရာမှာ ပေါ်လွင်နေတာက အက်စ်ဘီရဲ့ ရည်ရွယ်ချက်ပါ။ MDCF နဲ့ ပတ်သက်တဲ့ သတင်းရေးလို့ ဖမ်းဆီးရတယ် ဆိုပေမယ့် သူတို့ အဓိက စွပ်စွဲပြီး အရေးယူချင်တာက အိုအိုင်စီလို နိုင်ငံတကာ အစ္စလာမ္မစ် အဖွဲ့အစည်းကနေ ငွေကြေးထောက်ပံ့မှု ယူပြီး ထုတ်နေတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
    ဒါကြောင့်လည်း နောက်ပိုင်း သတင်း ဖော်ပြမှုနဲ့ မဆိုင်တဲ့၊ ဂျာနယ်နဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ ငွေရင်းနှီးစိုက်ထုတ် လုပ်ကိုင်သူ ပုံနှိပ်တိုက်ပိုင်ရှင် ကိုကျော်မင်း မိသားစုကို ဖမ်းဆီးဖို့ အသည်းအသန် ကြိုးစားပါတော့တယ်။
    အက်စ်ဘီတွေဟာ အရမ်းတော်ပါတယ်။ ချီးကျူးဖို့ ကောင်းပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်နေပြီဖြစ်တဲ့ ကိုကျော်မင်း၊ သူ့ဇနီး ဒေါက်တာအိအိစံ၊ သူတို့ကလေး နှစ်ယောက်နဲ့ ကိုယဉ်မင်းထွန်း အားလုံးကို ထိုင်းရဲက ဖမ်းဆီးပြီး အက်စ်ဘီ လက်ထဲရောက်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ (အခုနောက်ဆုံး သတင်း ဒေါက်တာအိအိစံနဲ့ ကလေးနှစ်ယောက်ကို သူ့အိမ် ပြန်ပို့ထားပြီလို့ သိရပါတယ်။)
    တစ်ဆက်တည်းဆိုသလိုပါပဲ။ ဇူလိုင်လ ၂၀ ရက်နေ့ထုတ် ဒီမိုကရေစီတူဒေး သတင်းစာမှာ သမ္မတ အကြံပေး နေဇင်လတ်ရဲ့ စတုတ္ထမဏ္ဍိုင် အခြေခိုင်ဖို့ လိုသည်ဆိုတဲ့ ဆောင်းပါး တစ်ပုဒ် ဖော်ပြပါရှိပါတယ်။
    အဲဒီ ဆောင်းပါးထဲမှာ အိုအိုင်စီ အပါအ၀င် ပြည်ပ အဖွဲ့အစည်းများ၏ အထောက်အပံ့ ရယူထားသည့် မီဒီယာများ ရှိနေသည်ဟု အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့က ဆိုထားပြီး အရေအတွက်အားဖြင့် ငါးခု ခန့်ရှိကာ ၎င်းတို့ကို ဖော်ထုတ် အရေးယူပေးသွားရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း ထိုအဖွဲ့ကကြေညာခဲ့သည်ဆိုပြီး ကိုးကားဖော်ပြထားပါတယ်။
    သမ္မတရဲ့ နိုင်ငံရေးအကြံပေး ပုဂ္ဂိုလ် တစ်ယောက်ဟာ အဲဒီ မခိုင်မာတဲ့ စွပ်စွဲချက်တစ်ခုကို အတည်ယူပြီး တစ်စုံတစ်ခုကို ကြံစည်တော့မယ်ဆိုတာ တွေ့လိုက် ရတော့ ရိုးသား ပါတယ်ဆိုတဲ့ သမ္မတကိုတောင် သံသယ ဖြစ်စရာ ရှိလာပါတယ်။
    ဆက်ရေးထားတာ ကြည့်ပါဦး။ တစ်ဆက်တည်းပဲ ဆောင်းပါးမှာ ယခု ထိုဂျာနယ်မှ တာဝန်ရှိသူ များကို တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးနေကြလေပြီ။ အလောင်းအစားကြီးသည့် စွန့်စားမှုဖြစ်၍ တန်ရာတန်ကြေး နည်းပါးမည်ဟုတော့ မမြင်ပါလို့ ဖော်ပြထားပါတယ်။
    အလွန်ကြောက်စရာကောင်းတဲ့ မှတ်ချက်ပါ။ ဒီလောက်ဆိုရင် ဇာတ်လမ်းတစ်ခုလုံးကို ဇာတ်ရည်လည်လောက်ပြီ ထင်ပါတယ်။
    တကယ်ဆို သမ္မတ ဦးသိန်းစိန် အစိုးရသစ်တက်၊ ၂၀၁၂ ဇွန်လ စာပေစိစစ်ရေး ရုပ်သိမ်းပြီး နောက်ပိုင်း စာနယ်ဇင်း လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ရလာတဲ့ အချိန်မှာ တခြားသော စာနယ်ဇင်း ပေါင်းစုံနည်းတူ မွန်းတည့်နေ၊ ဘိုင်မွန်းတည့်နေနဲ့ အစ္စလာမ် ဘာသာဝင် ထုတ်ဝေသူ တချို့ကလည်း ဂျာနယ်လေးတွေ ထုတ်ဝေလာကြပါတယ်။
    အဲဒီ ဂျာနယ်နှစ်စောင်စလုံးမှာ သီးခြား အယ်ဒီတာချုပ်၊ အယ်ဒီတာနဲ့ သတင်းထောက်တွေ ရှိကြပြီး အများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။
    သူတို့ဘာသာ သူတို့ လွတ်လွတ်လပ်လပ် သတင်းရေးသား တင်ဆက်ပါတယ်။ တခြားသော သတင်းစာဂျာနယ်တွေနည်းတူ အစိုးရဘက်ကို ဝေဖန်တာ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ ဘက်ကို ထောက်ခံတဲ့ သတင်း၊ ဆောင်းပါး ဖော်ပြတာမျိုးတွေ လုပ်ပါတယ်။
    သိပ်အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ထူးခြားချက်ကတော့ ရခိုင်ပြည်နယ် ဘက်က ဘင်္ဂါလီတွေအရေး၊ ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ သတင်းစာတွေမှာ ဖော်ပြထားတာတွေကို တိုက်ရိုက်
    ဘာသာပြန် ဖော်ပြထားတာမျိုး လုပ်လေ့ရှိပါတယ်။
    ဂျာနယ်ထဲမှာ ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီတွေကို နိုင်ငံတကာက သုံးနှုန်းသလို ရိုဟင်ဂျာလို့ သုံးနှုန်းပါတယ်။ စထွက်စဉ် ကာလတုန်းက နိုင်ငံတကာ အစ္စလာမ်ဘာသာရေးနဲ့ ပတ်သက်တဲ့ သတင်းတိုထွာ ဘာသာပြန်ဖော်ပြတာတွေ ရှိပါတယ်။ ဒီလောက်ပါပဲ။
    အခု အဲဒီဂျာနယ်နှစ်စောင်က တာဝန်ရှိသူတွေကို ဖမ်းဆီးထားလို့ ဂျာနယ်နှစ်စောင် စလုံးလည်း ရပ်တန့်နေပါပြီ။
    ပြည်ထဲရေး ၀န်ကြီးဌာန၊ အက်စ်ဘီ၊ သမ္မတ ရဲ့ နိုင်ငံရေးအကြံပေး နေဇင်လတ်တို့ ဘာတွေ လိုချင်ကြပါသလဲ၊ ဘာတွေ လုပ်ချင်ကြပါသလဲ၊ သိပ်အကြာကြီး ဖုံးဖိလို့ မရပါဘူး။
    ဖြစ်နိုင်ရင်တော့ ပြည်ထဲရေး၊ အက်စ်ဘီ၊ သမ္မတအကြံပေး အားလုံး ဒီကိစ္စကို ဥပဒေနဲ့အညီပဲ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားကြပါလို့သာ တိုက်တွန်းလိုပါတယ်။
    http://myanmar.mmtimes.com/index.php/features/11240-2014-07-24-05-04-32.html