News @ M-Media

Category: ကမ္ဘာကျော် မွတ်စလင်များ

ကမ္ဘာတွင်ကျော်ကြားခဲ့သော မွတ်စလင်မ် သိပ္ပံ၊ ၀ိဇ္ဖာ ပညာရှင်ကြီးများ၊နိုဘယ်ဆုရှင်များ၊ ကမ္ဘာကျော်အားကစားသမားများ၊ အနုပညာရှင်များ

  • နာဂျီဘ် မာဟ် ဖော်ဇ် (အီဂျစ်) – စာပေရေးရာ နိုဘယ်ဆု ၊ ၁၉၈၈

    နာဂျီဘ် မာဟ် ဖော်ဇ် (အီဂျစ်) – စာပေရေးရာ နိုဘယ်ဆု ၊ ၁၉၈၈

    မွေး – ၁၉၁၁ ဒီဇင်ဘာ ၁၁
    မွေးဖွားရာနေရာ – ကိုင်ရို ၊ အလ်ဂျမာလီယာဒေသ
    ကွယ်လွန် – ၂၀၀၆ သြဂုတ် ၃၀
    လူသိများရခြင်းအကြောင်း – ၁၉၈၈ ခုနှစ် စာပေဆိုင်ရာ နိုဘယ်ဆု ၊ ရပ်ရှ်ဒီအား သေဒဏ်ဖသ်သ၀ါ ထုတ်ခဲ့သော အီရန်အကြီးအကဲ အယာတိုလာခိုမေနီအား အကြမ်းဖက်သမားဟု သမုတ်ခဲ့သောကြောင့် လုပ်ကြံရန်ကြိုးပမ်းမှု ခံခဲ့ရသူ။

    နာဂျီဘ် မာဟ် ဖော်ဇ် (အီဂျစ်) – စာပေရေးရာ နိုဘယ်ဆုရှင် ၊ ၁၉၈၈

    အီဂျစ်လူမျိုး ၀တ္ထုနှင့် တီဗွီဇတ်လမ်းတွဲများရေးသားသည့် စာရေးဆရာတစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ် တွင် စာပေဆိုင်ရာ နိုဗယ်ဆု ရရှိခဲ့သည်။ သူသည် အာရပ် လူမျိုးများထဲ၌ နိုဗယ်ဆုရရှိသည့် ပထမဆုံးစာရေးဆရာလည်းဖြစ်သည်။
    သူသည် ယခုကိုင်ရိုတက္ကသိုလ်ဟုခေါ်တွင်သည့် ဖောင်ဒီတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ၁၉၃၄တွင် ဒဿနိကဗေဒဖြင့် ဘွဲ့ရရှိသည်။ ၁၉၃၄ မှ ၁၉၇၁ အထိကာလအတောအတွင်း သူသည် အီဂျစ်နိုင်ငံ အစိုးရဌာနများ၌ ရာထူးအမျိုးမျိုးဖြင့် အမှုထမ်းခဲ့ပြီး ၁၉၇၁ တွင် အနားယူခဲ့သည်။

    မာဟ် ဖော်ဇ်သည် ကနဦးတွင် ၀တ္ထုတိုများကို စတင်ရေးသားခဲ့သည်။ ၁၉၁၁ခုနှစ် ၊ သူ၏အသက် ၁၇ နှစ်တွင် စာရေးသားခြင်းကို စတင်ခဲ့သည်။

    သူ၏ပထမဆုံးဝတ္ထုကို ၁၉၃၉တွင် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၁၉၅၂ ၊ ဂျူလိုင်လတွင်ဖြစ်ပေါ်ခဲ့သော အီဂျစ်တော်လှန်ရေးမတိုင်မီအထိ ၀တ္ထု ၁၀ အုပ် ရေးသားပြီးဖြစ်လေသည်။

    သူ၏အစောပိုင်းကာလတွင် ရေးသားခဲ့သော ၀တ္ထု ဖြစ်သည့် “ရာဒိုဘစ် (၁၉၄၃)” ၌ သူသည် အီဂျစ်၏ ရှေးခေတ်ကာလအခြေအနေများကို မဏ္ဍိုင်ပြုရေးသားခဲ့ပြီး စာရေးခြင်းအလုပ်ကို သူ၏ အဓိကအသက်မွေးဝမ်းကျောင်းအဖြစ်ပြုလုပ်လာခဲ့ သည့် နောက်ပိုင်း ၁၉၅၆-၅၇တွင် ထုတ်ဝေခဲ့သည့် အပိုင်း ၃ပိုင်းပါဝင်သော ကိုင်ရိုဝတ္ထုရှည်ကြီး (ကိုင်ရို ထရိုင်လော်ဂျီ ) အဖြစ်ကျော်ကြားသော “အလ်သူလာ သေရာ” ၀တ္ထုတွင်မူ ခေတ်ဆန်သော အီဂျစ်နိုင်ငံအခြေအနေများကို ဖော်ပြခဲ့သည်။

    အလ်သူလာ သေရာဝတ္ထုသည် အခြားအမည်များဖြင့်ထုတ်ဝေခဲ့သော ၀တ္ထု ၃ခုကို ပေါင်းစည်းထားခြင်းဖြစ်သည်။ ထို ၀တ္ထု ၃ ခုမှာ ၁၉၅၆ တွင်ထုတ်ဝေခဲ့သော “ပဲလေ့စ် ဝေါ့လ်ခ် (1956; Palace Walk)” ခေါ် ဘေးန် အလ် ကစ္စရားန် ၊ ၁၉၅၇ တွင် ထုတ်ဝေခဲ့သော “ပဲလေ့စ် အော့ဖ် ဒီဆိုင်းရာ (1957; Palace of Desire) ” ခေါ် ကဆရ်အလ်ရှောက် ၊ ၁၉၅၇ တွင်ပင် ထုတ်ဝေခဲ့သော “ရှုးဂါး စထရိတ် (1957; Sugar Street)” ခေါ် အလ်ဆက္ကရီယာ တို့ဖြစ်သည်။ ထိုဝတ္ထု သုံးခုသည် ပထမကမ္ဘာစစ်မှ ၁၉၅၂ ခုနှစ်တွင် ဖာရွတ်ဘုရင်အား ဖြုတ်ချနိုင်ခဲ့သည့် ကျော်ကြားလှသော အီဂျစ်စစ်တပ် အာဏာရလာချိန်ထိ ကာလများအတွင်း ကိုင်ရိုမြို့နေ မိသားစု သုံးခု၏ အမျိုးအဆက်အနွယ်များအကြောင်းကို ကိုယ်စားပြု ခြယ်မှုန်းထားခြင်းဖြစ်သည်။

    ထို ကိုင်ရိုဝတ္ထုရှည်ကြီး (ကိုင်ရို ထရိုင်လော်ဂျီ )သည် ၂၀ရာစုတွင် အီဂျစ်၏အတွေးအခေါ် ၊ သဘောထားနှင့် လူမှုရေးဆိုင်ရာပြောင်းလဲဖြစ်တည်ခြင်းများကို ခြုံငုံမြင်ရသော အနေအထားတစ်ခုအား လှစ်ဟပေးထားသည်။မာဟ် ဖော်ဇ်၏ နောက်ဆက်တွဲစွမ်းဆောင်မှုများ အနေဖြင့် အီဂျစ်နိုင်ငံအာဏာရှင်စနစ်အပေါ် အချက်ကျကျရှုမြင်သုံးသပ်ထားပုံ ၊ ဗြိတိသျှတို့လက်အောက် ကိုလိုနီဘ၀ကျရောက်ခဲ့စဉ်အနေအထားများနှင့် ခေတ်သစ်အီဂျစ်နိုင်ငံအနေအထားဖော်ပြမှုများ စသည်တို့ဖြစ်သည်။သူ၏ နိုင်ငံရေးအကျဉ်းသားရေးရာများနှင့် အမျိုးသမီးရေးရာများပါဝင်သော လူမှုရေးပြဿနာများအား ဆက်နွယ်ရေးသား ထားသော အသိအမှတ်ပြုလောက်ဖွယ် အဆင့်ရှိ ၀တ္ထုများစွာလည်း ရှိလေသည်။၁၉၅၉ တွင်ထုတ်ဝေခဲ့သည့် “တန်းလျား မှ ကလေးများ (1959; Children of the Alley)” ခေါ် အော်လက် ဟာရတိနာ ၀တ္ထုသည် တမန်တော် မုဟမ္မဒ် ၊ မိုးစက်နှင့် အခြားသော သူတော်စင်များကို ဖော်ပြထားရာ ထိုဖော်ပြချက်များရှိ အသုံးအနှုံးဝိသေသများကြောင့် သာမက သာသနာအပေါ် အငြင်းပွားဖွယ် သုံးသပ်ဖော်ပြထားမှုများကြောင့် ပိတ်ပင်ခံရသည်။ ၁၉၉၄ တွင် ၈၂ နှစ်ရှိပြီဖြစ်သော မာဟ် ဖော်ဇ်အား အချို့လူများက လုပ်ကြံရန်ကြိုးပမ်းခဲ့ရာ ကိုင်ရိုရှိ သူ၏နေအိမ်တွင် လည်ပင်းတွင်းကြိုးကွင်းစွပ်နိုင်သည့် အနေအထားထိ အောင်မြင်ခဲ့သည်။ သို့သော် သူ၏ညာဘက်လက် အကြောများ သေသွားခဲ့သော်လည်း အသက်မသေခဲ့ပေ။ ထိုသည့်နောက်ပိုင်းတွင်မူ သူသည် ကိုယ်ရံတော်များ ဖြင့်သာ သွားလာလှုပ်ရှားခဲ့သည်။

    မာဟ်ဖော်ဇ် နှင့် အစ္စလာမ့်အ၀န်းအ၀ိုင်းမှ အချို့ပုဂ္ဂိုလ်များ

    ၁၉၇၈ တွင် အီဂျစ်သမ္မတ ဆာဒက်၏ ဒေးဗစ်ကမ့်ဖ် ၌ အစ္စရေးနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမှုအား မာဟ်ဖော်ဇ်က လောကွတ်ချော်၍ ထောက်ခံရေးသားခဲ့သဖြင့် သူ၏စာအုပ်များကို အာရပ်နိုင်ငံများက သူနိုဗယ်ဆုမရခင်အထိ ပိတ်ပင်ခဲ့ကြသည်။အီဂျစ်နိုင်ငံ၏ အခြားသော စာရေးဆရာများနှင့် အကျော်ဒေးယျများနည်းတူ မာဟ်ဖော်ဇ်သည်လည်း အချို့လူများ၏ လုပ်ကြံရန်စာရင်းတွင် နံပါတ်ချိတ်ခဲ့လေသည်။ ၁၉၈၉တွင် အီရန်အကြီးအကဲ အယာတိုလာခိုမေနီက ဆလ်မန်ရပ်ရှ်ဒီက သေဒဏ်ဖသ်သ၀ါထုတ်ခဲ့သည်တွင် မာဖော်ဇ်က ရပ်ရှ်ဒီဘက်မှ ရပ်တည်၍ ခိုမေနီအား ဝေဖန်ခဲ့သည်။ တဆက်တည်းပင် ရပ်ရှ်ဒီ၏ စေတန်နစ်ဗားစက်ကိုလည်း အစ္စလာမ်အား တဖက်သတ်ပုတ်ခတ်ထားသော စာအုပ်အဖြစ် ဝေဖန်ခဲ့သည်။မာဟ်ဖော်ဇ်သည် လွတ်လပ်စွာရေးသားဖော်ပြပိုင်ခွင့်အား ထောက်ခံသော်လည်း ရပ်ရှ်ဒီ၏လုပ်ရပ်ကိုမှူ ဆန့်ကျင်ခဲ့သည်။ သို့သော် ရပ်ရှ်ဒီအား သေဒဏ်အဖြစ် ဖသ်သ၀ါထုတ်ခြင်းအား သင့်လျော်မှုအဖြစ် လက်မခံခဲ့ပေ။ သူကခိုမေနီအားဝေဖန်သည့်ပြင် ခိုမေနီသည် အစ္စလာမ်အား ကိုယ်စားပြုသည့်အနေ အထားတွင်မရှိသည်ကိုလည်း ယုံကြည်ခဲ့သည်။၁၉၈၉တွင် ခိုမေနီက ရပ်ရှ်ဒီနှင့် သူ၏စာအုပ်ထုတ်ဝေသူတို့အား သေဒဏ်ဖသ်သ၀ါထုတ်သည်တွင် မာဟ်ဖော်ဇ်က ခိုမေနီအား အကြမ်းဖက်သမားဟု ခေါ်ခဲ့လေသည်။ မရှေးမနှောင်းမှာပင် မာဟ်ဖော်ဇ်သည် အခြားအကျော်ဒေးယျ ၈၀ ဦးပါဝင်သောအဖွဲ့က “ စာရေးဆရာတစ်ဦးအား သာသနာအားဝေဖန်သဖြင့် သေဒဏ်ပေး၏။ ဤသည် အစ္စလာမ်နှင့် မွတ်စလင်တို့အား ထိခိုက်စေသည်။ ” ကြေညာခဲ့ရာတွင် ထိုကြေညာမှုအား ထောက်ခံသူများဘက်မှ ပါဝင်ခဲ့လေသည်။

    ( ရည်ညွှန်း – http://en.wikipedia.org/wiki/Naguib_Mahfouz#Clash_with_Fundamentalists )

  • အမေရိကန်မှ ပထမဆုံး လူမည်းမွတ်စလင် မြို့တော်ဝန်

    အမေရိကန်မှ ပထမဆုံး လူမည်းမွတ်စလင် မြို့တော်ဝန်

    C. Jack Ellis
    Facebook – https://www.facebook.com/cjackellisformayor

    Clearance Jack Ellis ကို ၁၉၄၆-ခုနှစ် ဇန်နဝါရီလ ၆-ရက်မှာ မွေးဖွားခဲ့ပြီး သူဟာ ဒီမိုကရက်တစ်ပါတီဝင် နိုင်ငံရေးသမားတစ်ဦးဖြစ်၍ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် မေကွန်မြို့ရဲ့ မြို့တော်ဝန်အရာရှိဟောင်းပါ။ အမေရိကန် လေထီးခုန်တပ်မှာ နှစ်ပေါင်း-၂၀ အမှုထမ်းခဲ့ပြီး ဗီယက်နမ်စစ်ပွဲမှာလည်း ၂-နှစ်ကြာ တိုက်ပွဲဝင်ခဲ့သူပါ။ ၁၉၉၉-ခုနှစ်မှာ မြို့တော်ဝန်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ ပထမဆုံး လူမည်း မြို့တော်ဝန်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၀၃-ခုနှစ်မှာ နောက်တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ဘက်များအပေါ် အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။

    ၂၀၀၇-ခုနှစ် အာဖရိကတိုက် ဆီနီဂေါနိုင်ငံသို့ ခရီးရောက်စဉ် အစ္စလာမ်သာသနာ့ဘောင်အတွင်းဝင်ရောက်ခဲ့ပြီး မွတ်စလင်ဘွဲ့အမည် Hakim Mansour အဖြစ် ခံယူခဲ့ပါတယ်။ Hakim Mansour Ellis အဖြစ် တရားဝင်အမည်ပြောင်းလဲဖို့လဲ အစိုးရထံလျှောက်ထားကြိုးပမ်းခဲ့ပါတယ်။ မွတ်စလင်မဖြစ်ခင် နှစ်ပေါင်းများစွာကတည်းက ‘ကျမ်းတော်မြတ်ကုရ်အာန်’ ကို လေ့လာနေခဲ့ကြောင်းနဲ့ သူ့ဘိုးဘွားဘီဘင်များဟာ အာဖရိကမြောက်ပိုင်းမှ အမေရိကသို့ အစေခံကျွန်များအဖြစ် မရောက်ရှိခင်က ‘အစ္စလာမ်ဘာသာဝင်များ’ ဖြစ်ကြကြောင်း သူကပြောပါတယ်။

    လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုရှိတဲ့ အမေရိကန်မှာ နိုင်ငံသားဖြစ်ရတာ ဂုဏ်ယူမဆုံးကြောင်း၊ မည်သူမဆို ‘ အစ္စလာမ်သာသနာ’အကြောင်း လေ့လာသိရှိလိုပါက ပညာရှင်ဆန်စွာ ဆွေးနွေးတင်ပြမှာဖြစ်ကြောင်းနဲ့ သူ့ရဲ့ ရှာဖွေတွေ့ရှိနားလည်မှုအရ မိမိတို့အားလုံးဟာ ဘာသာသာသနာရေးရာမှာ အသိနည်းသူများသာဖြစ်ကြကြောင်း အစသဖြင့် သူကတင်ပြပါတယ်။

    ၂၀၀၇-ခုနှစ် ဇန်နဝါရီလမှာပဲ အခြားတစ်ဦးဖြစ်တဲ့ Keith Ellison ဟာ ပထမဦးဆုံး လူမည်းမွတ်စလင် အထက်လွှတ်တော်အမတ်အဖြစ် (the U.S. Congress) ရွေးချယ်ခံရပါတယ်။ သူကတော့ မီချီဂန်ဒေသကဖြစ်ပြီး ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးပါပဲ။ ဒက်ထရိုက်ပြည်နယ်မှာမွေးဖွားခဲ့ပြီး ကောလိပ်တက်နေစဉ် အစ္စလာမ် သာသနာ့ဘောင်အတွင်းဝင်ရောက်ခဲ့တာပါ။ အထက်လွှတ်တော်အမတ်ရာထူးလက်ခံပွဲမှာ  ဝေဖန်ကန့်ကွက်သူများရှိသော်လည်း  ‘ကျမ်းတော်မြတ်ကုရ်အာန်’ ကိုင်ပြီး သစ္စာဆိုခဲ့တာဟာဖြင့် ဂုဏ်ယူစရာပါပဲ။

    အမေရိကန်နိုင်ငံ အစ္စလာမ်သမိုင်းကိုလေ့လာကြည့်တော့ ၁၈-ရာစုကတည်းက မွတ်စလင်များ အခြေချနေထိုင်ခဲ့ကြတဲ့ အထောက်အထားတွေတွေ့ရပါတယ်။ နှစ်ပေါင်း-၁၀၀ အတွင်း မွတ်စလင်ဦးရေ တိုးတက်များပြားလာခြင်းဟာ ရွှေ့ပြောင်းလာသူများ (Muslim immigrants) တိုးပွါးလာယုံမျှသာမက  အစ္စလာမ်သာသနာ့ဘောင်အတွင်းဝင်ရောက်လာသူများလည်း အမြောက်အများရှိနေတာ အထင်အရှားပါ။ စစ်တမ်းများအရ အမေရိကန်မွတ်စလင်ဦးရေ ၃-ပုံ ၁-ပုံဟာ လူမည်းမွတ်စလင်များဖြစ်ကြပြီး နှစ်ပေါင်း-၇၀ အတွင်း အစ္စလာမ်သာသနာ့ဘောင်အတွင်းဝင်ရောက်လာသူများဖြစ်ပါတယ်။

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    References:

    http://en.wikipedia.org/wiki/C._Jack_Ellis

    http://wechooseislam.wordpress.com

  • Fareed Zakaria ဆိုတာ ဘယ်သူလဲ?

    Fareed Zakaria ဆိုတာ ဘယ်သူလဲ?

    Fareed Zakaria ဆိုတာ ဘယ်သူလဲ?

    Fareed Zakaria
    Photo-Wiki
    သူဟာ ဒီကနေ့ နိုင်ငံတကာမီဒီယာလောကမှာ ထိပ်တန်းစာရင်းဝင် ဂျာနယ်လစ်တစ်ဦးပါ။ သူဟာ လက်ရှိ အမေရိကန်နိုင်ငံသားပါ။သူဟာ  ‘တောင်အာရှနွယ်ဖွား’ (ယနေ့ မြန်မာအများစု အခေါ် ကုလား’) ဆိုရင် စာရှုသူ ပိုစိတ်ဝင်စားသွားမလား? အံ့အားသင့်သွားမလား?
    ထိပ်တန်းဂျာနယ်လစ်

    ၁၉၉၂-ခုနှစ်မှာ ကမ္ဘာကျော် Foreign Affairs မဂ္ဂဇင်းရဲ့ အယ်ဒီတာ၊ ၂၀၀၀ မှ ၂၀၁၀-ခုနှစ်အထိ ကမ္ဘာကျော်  Newsweek မဂ္ဂဇင်းရဲ့ ပင်တိုင်ဆောင်းပါရှင်နဲ့ အယ်ဒီတာတို့အပြင် Newsweek International  ရဲ့ အယ်ဒီတာရှင်ဖြစ်ခဲ့ပြီး ၂၀၁၀-ခုနှစ်မှာ ကမ္ဘာ့ထိပ်တန်း TIME  မဂ္ဂဇင်းရဲ့ စာရေးစာတည်း ကလောင်ရှင် ဖြစ်လာပါတယ်။ နောက်ထပ်ပြီး ကမ္ဘာသိ အမေရိကန်ရုပ်သံဌာန CNN မှာ ၂၀၀၈-ခုနှစ်ကစတင်၍ Fareed Zakaria GPS အမည်နဲ့လည်း ကဏ္ဍတစ်ခု တင်ဆက်ထုတ်လွှင့်နေပါတယ်။

    အခြားသော ကမ္ဘာကျော်သတင်းစာ၊ မဂ္ဂဇင်း၊ စာစောင်များဖြစ်တဲ့  New York Times ၊ Wall Street Journal ၊ The New Yorker ၊ Slate တို့မှာလည်း ဆောင်းပါးများ မကြာခဏပါဝင်ရေးသားလေ့ရှိပါတယ်။

    ဒီလောက် အောင်မြင်ထင်ရှားတဲ့ မွတ်စလင် တစ်ဦးအကြောင်း လေ့လာကြည့်ကြပါစို့။

    ငယ်စဉ်အခါ

    Fareed Zakaria ကို ၁၉၆၄-ခုနှစ် ဇန်နဝါရီလ ၂၀-ရက်မှာ အိန္ဓိယနိုင်ငံ ဘုံဘေမြို့၌ မွေးဖွားခဲ့ပါတယ်။ ဖခင် Rafiq Zakaria ဟာ Indian National Congress ပါတီ နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မိခင် Fatima Zakaria ဟာ တစ်ချိန်က Sunday Times of India သတင်းစာရဲ့ အယ်ဒီတာပါ။ ဖခင်ဟာ အစ္စလာမ် သာသနာ့ပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

    ပညာအရည်အချင်း

    ငယ်စဉ်အခါ ဘုံဘေမြို့ Anglican Cathedral နဲ့ John Connon ပုဂ္ဂလိလကျောင်းများမှာ ပညာသင်ကြားခဲ့ပြီး Bachelor of Arts (B.A.) ဘွဲ့ကို အမေရိကန်နိုင်ငံရှိ ကမ္ဘာ့ထိပ်တန်း ‘ယေးလ်တက္ကသိုလ်’ (Yale University) မှ ရရှိခဲ့ပါတယ်။ တက္ကသိုလ်၌ရှိစဉ် ‘ယေးလ် နိုင်ငံရေးရာ ယူနီယံအဖွဲ့’ ဥက္ကဌအဖြစ်လည်းကောင်း၊ လစဉ်ထုတ် ‘ယေးလ် နိုင်ငံရေးရာ’ စာစောင် အယ်ဒီတာချုပ်အဖြစ် လည်းကောင်း ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၃-ခုနှစ်မှာ အမေရိကန်နိုင်ငံရှိ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် နောက်တစ်ခုဖြစ်တဲ့ ‘ဟားဗတ်’ (Harvard University) မှ နိုင်ငံရေးသိပ္ပံပညာ (Political Science) အထူးပြုပါရဂူ (Doctor of Philosophy) ဘွဲ့ရရှိခဲ့ပါတယ်။ ဟားဗတ်မှာ ကမ္ဘာ့ထိတ်ထိတ်ကြဲ ပညာရှင်ကြီးများဖြစ်တဲ့ နိုင်ငံရေးသိပ္ပံပညာရှင် Samuel Paul Huntington နဲ့ ဥရောပရေးရာပညာရှင် Stanley Hoffmann တို့အပြင် နိုင်ငံတကာ ဆက်ဆံရေး ပညာရှင် (International Relations) Robert Keohane ထံမှာလည်း ပညာဆည်းပူးခဲ့ပါတယ်။

     ထင်ရှားစာအုပ်အရေးအသား

    သူရေးသားခဲ့တဲ့ လုံးချင်းစာအုပ်များကတော့ ၁၉၉၈-ခုနှစ် Princeton ထုတ် From Wealth to Power: The Unusual Origins of America’s World Role ၊ ၂၀၀၃-ခုနှစ် Norton ထုတ် The Future of Freedom ၊ ၂၀၀၈-ခုနှစ်မှာထုတ်ဝေခဲ့တဲ့ ကမ္ဘာတလွှား လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ The Post-American World တို့ဖြစ်ပါတယ်။ The American Encounter: The United States and the Making of the Modern World ဆိုတဲ့စာအုပ်ရဲ့ တွဲဖက် အယ်ဒီတာလည်းဖြစ်ပါတယ်။

    The Post-American World စာအုပ်ကို စာရေးဆရာဦးကျော်ဝင်း မဂ္ဂဇင်းတစ်ချို့မှာ အခန်းဆက်ဘာသာပြန်ခဲ့ပြီး လုံးချင်းလည်းထုတ်ဝေထားပါတယ်။ The Future of Freedom စာအုပ်ဟာလည်း New York Times အရောင်းအသွက်ဆုံး ထိပ်တန်းဝင်ခဲ့ပြီး ဘာသာပေါင်း ၂၀-ကျော်သို့လည်း ပြန်ဆိုအောင်မြင်ခဲ့ပါတယ်။

    ‘၉/၁၁ အရေးအခင်း’ ပြီးနောက်ပိုင်း Newsweek ၌ ‘Why They Hate Us’ အက်ဆေး ရေးသားခဲ့ရာ ‘အကြမ်းဖက်ဝါဒ’ဟာ အခြေခံအားဖြင့် ‘အစ္စလာမ်သာသနာ’မှ ပေါက်ဖွားလာခြင်းမဟုတ်ကြောင်း ခုခံတင်ပြခဲ့ပြီး ‘အာရပ်’နိုင်ငံများအနေနှင့် ပိုမိုတိုးတက်သော လူ့အဖွဲ့အစည်းအတွက် တံခါးဖွင့်လှစ်ဖို့လိုကြောင်းနဲ့ မွတ်စလင်များကိုလည်း တိုးတက်ခေတ်မှီတဲ့ ကမ္ဘာစီသို့ခြေလှမ်းကြဖို့ အဆိုပြုခဲ့ပါတယ်။ ‘၂၀၀၃-ခုနှစ် အီရတ် စစ်ဆင်ရေး’ကို ကနဦးပိုင်းမှာ ထောက်ခံခဲ့ပေမယ့် နောက်ပိုင်းမှာ ‘အီရတ်သိမ်းပိုက်စိုးမိုးရေး’ လုပ်တယ်လို့ ‘ဘုရှ်အစိုးရ’ကို မကြာခဏဝေဖန်ခဲ့ပါတယ်။ ၂၀၀၆-ခုနှစ်နောက်ပိုင်း အမေရိကန်အစိုးရဟာ ‘အကြမ်းဖက်မှုတိုက်ဖျက်ရေး’မှာ သာမက ‘လူဝင်မှုကြီးကြပ်ရေး’နဲ့ အခြားနေရာတွေမှာပါ ‘အကြောက်တရား အခြေခံတဲ့ ပေါ်လစီများ’ ကျင့်သုံးနေတာကိုလည်း ဝေဖန် ထောက်ပြခဲ့ပါတယ်။

    ၂၀၀၈-ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ‘ဘာရက် အိုဘားမား’ကို ထောက်ခံခဲ့ပြီး ‘သမ္မတ ဘာရက် အိုဘားမား’ ကလည်း အရှေ့အလယ်ပိုင်းရေးရာများမှာ သူ့ထံက အကြံဉာဏ်ယူတာမျိုးရှိတယ်လို့လည်း The New York Times မှာ ရေးသားဖော်ပြခဲ့ပါတယ်။

    ကျော်ကြားရုပ်သံအစီအစဉ်

    ၂၀၀၂ မှ ၂၀၀၇-ခုနှစ်အထိ အမေရိကန် ABC ရုပ်သံဌာန This Week with George Stephanopoulos ကဏ္ဍရဲ့ သတင်းစိစစ်ဝေဖန်သူတစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၅ မှ ၂၀၀၈-ခုနှစ်အတွင်း PBS ရုပ်သံဌာနမှာ Foreign Exchange with Fareed Zakaria အပတ်စဉ်ကဏ္ဍကို တင်ဆက်ခဲ့ပါတယ်။ ၂၀၀၈-ခုနှစ် ဇွန်လမှာ CNN မှာ Fareed Zakaria GPS (Global Public Square) ကို စတင်ခဲ့ပါတယ်။ သူရဲ့အင်တာဗျူး အစီအစဉ်များမှာ တိဘက်ငြိမ်းချမ်းရေးခေါင်းဆောင် ဒလိုင်းလားမား၊ အမေရိကန်သမ္မတ အိုဘားမား၊ အိန္ဓိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ ဂျော်ဒန်ဘုရင် အဗဒူလာ၊ ရုရှားသမ္မတဟောင်း လက်ရှိဝန်ကြီးချုပ် ဒီမီထရီ မက်ဒေဗက်၊ ဘရာဇီးသမ္မတကြီး လူလာဒါ စီလဝါ၊ စင်္ကာပူဖခင်ကြီး လီကွမ်ယူ အစရှိသော ခေါင်းဆောင် အများအပြားပါဝင်ခဲ့ပါတယ်။

    ဂုဏ်ထူးဆောင်ဘွဲ့များ

    ၂၀၀၇-ခုနှစ်မှာ ဩဇာတက္ကိမကြီးတဲ့ Foreign Policy နဲ့ Prospect မဂ္ဂဇင်းတို့က Fareed Zakaria အား ကမ္ဘာ့ထိပ်သီး ဥာဏ်ကြီးရှင် (leading public intellectuals) အယောက် ၁၀၀ စာရင်းထည့်သွင်းခဲ့ပါတယ်။ ၂၀၀၈-ခုနှစ် ပြည်ပရောက်အထူးချွန်ဆုံး အိန္ဒိယသားဆု (India Abroad Person of the Year 2008)ကို ရရှိခဲ့ပြီး ၂၀၁၀-ခုနှစ်မှာ  အိန္ဒိယအစိုးရက နိုင်ငံရဲ့ တတိယအမြင့်ဆုံး ဂုဏ်ထူးဆောင် Padma Bhushan ဆုကို ချီးမြှင့်ခဲ့ပါတယ်။ မိုင်ယာမီတက္ကသိုလ်(University of Miami)၊ အိုဘာလင်ကောလိပ်(Oberlin College)၊ ဘိတ်စ်ကောလိပ်(Bates College)၊ ဘရောင်းတက္ကသိုလ်(Brown University)၊ ဟားဗတ်တက္ကသိုလ်(Harvard University) နဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်(Johns Hopkins University) တို့မှလည်း ဂုဏ်ထူးဆောင်ဘွဲ့များ အသီးသီး ချီးမြှင့်ခဲ့ကြပါတယ်။

    Christopher Murray, Jens Stoltenberg, Bill Gates, Gordon Brown, Olusegun Obasanjo, Fareed Zakaria and Giulio Tremonti during the World Economic Forum 2006 Davos, Switzerland. (second from the right)
    Photo-wiki

    ၁၉၉၉-ခုနှစ်မှာ Esquire မဂ္ဂဇင်းက သူ့ကို ‘သူ့မျိုးဆက်ရဲ့ ဩဇာအကြီးဆုံး နိုင်ငံတကာရေးရာ ပေါ်လစီပညာရှင်ကြီး’ အဖြစ် ကင်ပွန်းတပ်ခဲ့ပြီးနောက် GPS ကဏ္ဍမှာ တရုတ်ပြည်ဝန်ကြီးချုပ် မစ္စတာဝမ်ကျားပေါင်နဲ့ အင်တာဗျူးဟာလည်း Emmy အကယ်ဒမီဆု လျာထားခြင်းခံရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ၂၀၁၀-ခုနှစ်ရဲ့ နိုင်ငံလုံးဆိုင်ရာ မဂ္ဂဇင်းဆု ရရှိခဲ့တဲ့အပြင် သူ့ရဲ့အခြားဆောင်းပါးများ၊စာပေများဟာလည်း ဆုပေါင်းများစွာ ချီးမြှင့်ခြင်းခံရပါတယ်။

    ၂၀၁၂-ခုနှစ် ဟားဗတ်တက္ကသိုလ်(Harvard University) နဲ့ ဂျူခ်တက္ကသိုလ် (Duke University) တို့ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားများမှာလည်း မိန့်ခွန်း (commencement addresses) ပြောကြားပေးခဲ့ပါတယ်။

    သမ္မတ အိုဘားမားရဲ့ အိမ်ဖြူတော် ညစာစားပွဲသို့လည်း ဖိတ်ကြားခြင်းခံခဲ့ရဖူးပါတယ်။

    ပုဂ္ဂိုလ်ရေးရာ

    လက်ရှိ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဇနီး Paula Throckmorton Zakaria ၊ သားဖြစ်သူ Omar ၊ သမီး ၂-ဦး  Lila ၊ Sofia တို့နှင့်အတူ နေထိုင်လျက်ရှိပါတယ်။ သူ့မှာ ကိုယ်ပိုင် Web Site ရှိပြီး www.fareedzakaria.com ဖြစ်ပါတယ်။ လက်ရှိ ‘ဟားဗတ်တက္ကသိုလ် ဂေါပကအဖွဲ့ဝင်’ အဖြစ်လည်း အမှုထမ်းလျက်ရှိပါတယ်။ ဇနီးဖြစ်သူကလည်း ‘ဟားဗတ်တက္ကသိုလ်’မှ M.B.A ဘွဲ့ရရှိထားသူဖြစ်၍ ရတနာ ဒီဇိုင်းလုပ်ငန်း ပိုင်ဆိုင်လုပ်ကိုင်လျက်ရှိပါတယ်။ Wall Street Journal အပါအဝင် အခြားစာစောင်များတွင်လည်း မကြာခဏဆိုသလို ဆောင်းပါးများရေးသားလေ့ရှိပြီး နယူးယောက်မြို့အခြေစိုက် Black Book ဓာတ်ပုံ အနုပညာဂျာနယ် ထုတ်ဝေသူနဲ့ စာအုပ်တိုက် ပိုင်ရှင်လည်းဖြစ်ပါတယ်။

    လင်းယုန်နက် (ခြင်္သေ့မြို့တော်) စုဆောင်းပြုစုသည်။

    References:

    http://fareedzakaria.com/about/

    http://nymag.com/nymetro/news/politics/national/features/n_8621/

    http://www.conservapedia.com/Fareed_Zakaria

    http://washingtonscene.thehill.com

    http://www.dev.slate.com/authors.paula_throckmortonzakaria.html

    http://en.wikipedia.org/wiki/Fareed_Zakaria

  • “မွတ်စလင်မ်ဖြစ်တဲ့ အတွက် ကျွန်တော် အရက်မသောက်ဘူး” (ယာယာတိုရေး)

    ပြီးခဲ့သော စနေ့နေ့ည က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ် နယူးကာဆယ်နှင့် မန်ချက်စတာ စီးတီး ပွဲစဉ်တွေင် မန်ချက်စတာစီးတီး ကွင်းလယ်ကစားသမားသည် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအဖြစ် ရွေးချယ်ခြင်းခံရသည်။

    ပရီးမီးယားလိဂ် မွတ်စလင်မ် ဘောလုံးစူပါစတား ယာယာတိုရေးသည် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအဖြစ် ရရှိသော အရက်ပုလင်းဆုကို ငြင်းပယ်ခဲ့သည်။

    “မွတ်စလင်တစ်ဦးဖြစ်တဲ့အတွက် ကျွန်တော် အရက်ကို ရှောင်ပါတယ်။”ဟု တိုရေးက ရှင်းပြခဲ့ပါသည်။

    အိုင်ဗရီကို့စ်နိုင်ငံသား မွတ်စလင်မ် တစ်ဦးဖြစ်သူ တိုရေးသည် မန်စီးတီးက ၂ဂိုးပြတ်ဖြင့် နယူးကာစတယ်လ်ကို နိုင်သောပွဲတွင် အခြားကစားသမားများထက် အမှတ်နှစ်ဆပြတ်ခဲ့သည်။

    သို့သော် တိုရေးသည် ဆုကို မိမိ၏ အသင်းဖော် ဂျိုလိယွန် လိစ်ကော့တ်ကို “မင်းပဲ ယူလိုက်ပါ” ဟုပြောလျက် လွှဲပြောင်းပေးခဲ့သည်။

    မန်စီးတီး၏ ထိုနေ့အောင်ပွဲသည် ၄၄နှစ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် အိပ်မက်ကို ပိုမို နီးစပ်သွားစေခဲ့သည်။

    “အသင်းအနေနဲ့ ဒီနှစ်ရာသီမှာ အနိုင်ရဖို့ အကူအညီ ပေးနိုင်လို့ ကျွန်တော် အရမ်းပျော်ပါတယ်” လို့ အသက်၂၈ နှစ် ရှိ တိုရေးက သူ့ခံစားချက်ကို ရင်ဖွင့်ခဲ့ပါသည်။

    “ကျွန်တော့်အနေနဲ့ကတော့ အရေးအကြီးဆုံးက အပြင်းအထန် အားထုတ်ကြိုးစားရင်း ရှေ့ဆက်ဖို့ပါပဲ။ နောက်တစ်ပတ်မှာ အနိုင်ကစားဖို့ ကြိုးစားရပါမယ်။”

    အစ္စလာမ်သာသနာသည် မူးယစ်ဆေးဝါးမှန်သမျှကို လေးနက်ပြင်းထန်စွာ တားမြစ်ထားပါသည်။ ထို့ကြောင့် မွတ်စလင်မ်တစ်ဦးသည် အရက်သေစာသောက်စားခြင်း၊ အရက်ယာမကာ ရောင်းချခြင်း လုံးဝမပြုရပေ။

    အစ္စလာမ့်တရားတော်အရ မူးယစ်စေသော အဖျော်ယာမကာမှန်သမျှကို ပမာဏနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ အရက်ဖြစ်စေ၊ ဆေးဝါးများဖြစ်စေ၊ အချည်ကစော်ဖောက်ထားသော စပျစ်ဝိုင်ဖြစ်စေ စသည်တို့အားလုံးကို တားမြစ်ထားပါသည်။

    ကမ္ဘာပေါ်တွင် အလားအလာအရှိဆုံး လူငယ်ကစားသမားများအနက် တစ်ဦးအဖြစ် ၂၀၀၅ခုနှစ်တွင် ယူရိုစပို့တ်က ကြေငြာခဲ့သော တိုရေးသည် ယခုအခါ ပရီးမီးယားလိဂ် စူပါစတားများအနက် တစ်ဦးဖြစ်နေပြီ ဖြစ်သည်။

    ဘောလုံးအထိန်းအသိမ်းတွင် ပါရမီပါသော တိုရေးသည် အနီးပေး၊ အဝေးပေး နှင့် တိုက်ရိုက် လူပေးကစားခြင်း များတွင်လည်း အလွန်ကောင်းမွန်သည်။

    အကျပ်အတည်းအခြေနေများတွင် ဘောလုံးရှေ့ထွက်အောင်လုပ်နိုင်သော သူ၏ တမူမတူ ထူးခြားမှုများကြောင့် ၀မ်းတူးသမားဆိုသည့် နာမည်ပြောင် တွင်ခဲ့ရသည်။

    သူသည် ပရီးမယားလိဂ်သို့ မလာခင် စပိန်နာမည်ကျော် ဘာစီလိုနာအသင်းတွင် ကစားခဲ့သည်။

    ဘာကာမှာ ရှိစဉ်ကတည်းက သူကိုးကွယ်ရာ ဘာသာတရားနှင့်ပတ်သက်ပြီး လျှို့ဝှက်ဖုန်းကွယ်ခြင်း လုံးဝမရှိခဲ့ပေ။ စစ်မှန်ယုံကြည်သူ မွတ်စလင်မ်တစ်ဦးဖြစ်ခြင်းနှင့် အောင်မြင်ကျော်ကြားသော ဘောလုံးသမားတစ်ဦးဖြစ်ခြင်းတွင် မည့်သည့်ဆန့်ကျင်မှုမျှမရှိဟု သူခံယူထားပေသည်။

     

    Ref: http://www.onislam.net/

  • ၂၀၁၁ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ရီမန်သူ မွတ်စလင်မ် အမျိုးသမီး Tawakkol Karman

    ဆွီဒင်လူမျိုး တစ်ဦးဖြစ်သည့် Alfred Nobel ဆိုသူ ကမကထပြု တည်ထောင်ခဲ့တဲ့ နိုဘယ်ဆုကို ၁၉၀၁ ခုနှစ်တွင် စတင်ခဲ့ပြီး ဆုပေါင်း ၉၂ ခုကို ချီးမြှင့်ခဲ့ပြီး ဖြစ်ပါသည်။ နိုဘယ်ဆုမှာ အမျိုးအစားခွဲ ၆ ခု ဖြစ်သည့် ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာနယ်ပယ်၊ စာပေအနုပညာ၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေး စသည့်  အသီးသီးမှာ ထူးချွန်သူများကို ပေးအပ်ပါသည်။ နိုဘယ်ဆုများ အနက်မှ ငြိမ်းချမ်းရေးဆုကို နော်ဝေနိုင်ငံတွင် ပေးအပ်သည်မှ လွဲ၍ ကျန်ဆုပေးပွဲများကို ဆွီဒင်နိုင်ငံတွင် ပြုလုပ်သည်။

    နိုဘယ်ဆုမှာ တစ်ဦးတည်း သီးသန့် ချီးမြှင့်ခြင်းနှင့် အများနှင့် နှစ်ယောက် သို့မဟုတ် သုံးယောက် အတူ ပူးတွဲ ချီးမြှင့်ခြင်း ဆိုပြီး ရှိပါသည်။ ယခုနှစ် ၂၀၁၁ တွင် ဆုရရှိခဲ့သူများမှာ ပူးတွဲဆုများ ဖြစ်ပြီး အမျိုးသမီး အခွင့်အရေး၊ လူ့အခွင့်အရေး အတွက် မိမိတို့ နိုင်ငံအသီးသီးမှာ ကြိုးပမ်းခဲ့ကြတဲ့ အမျိုးသမီး သုံးယောက် ဖြစ်ပါသည်။

    သူတို့တွေကတော့ Liberia နိုင်ငံမှ Ellen Johnson Sirleaf၊ နောက်တစ်ဦးမှာလည်း Liberia နိုင်ငံမှ Leyman Gbowee နှင့် နောက်ဆုံးတစ်ယောက်မှာ Yemen နိုင်ငံမှ  Tawakkol Karman  တို့ဖြစ်ကြပါတယ်။

        ယခု အကျယ်ချဲ့ ရေးမည့် နိုဘယ်ဆုရှင်၏ အမည်မှာ Tawakkol Karman (သ၀ဂ်ကယ် ကားမန်းဟု အသံထွက်သည်) ဖြစ်ပြီး အသက် ၃၀ အရွယ် သားသမီး သုံးယောက်၏ မိခင်ဖြစ်သည်။ အာရပ်နိုင်ငံများ၏ နိုင်ငံရေး အပြောင်းအလဲ အချိန်များတွင် (The Arab Spring) သူမသည် ရီမန်နိုင်ငံ၏ ဆန္ဒပြပွဲများတွင် (ဆန္ဒပြတောင်းဆိုသူများသည် အလုပ်လက်မဲ့နှင့် ဆိုးရွားသော စီးပွားရေး အခြေအနေ၊ အကျင့်ပျက် ခြစားနေသော မတရား လာဘ်စားမှုများကို ဆန့်ကျင်ခြင်း) လူထုကို ကိုယ်စားပြုသော မျက်နှာတစ်ခု ဖြစ်လာခဲ့သည်။

    Karman သည် ရှေ့နေ တစ်ဦး ဖြစ်သလို ဂျာနယ်လစ် တစ်ဦး၊ လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦး ဖြစ်ကာ Al-Islah အမည်ရှိ နိုင်ငံရေးပါတီဝင် တစ်ဦးဖြစ်သည်။ “Women Journalists Without Chain” ဆိုသည့် အဖွဲ့ကိုလည်း ၂၀၀၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ သူမသည် ၂၀၀၇ ခုနှစ်မှ စတင်၍ အပတ်စဉ် ဆန္ဒပြတောင်းဆိုပွဲများကို ဦးစီးခဲ့သည်။ ရီမန်နိုင်ငံ၏ သမ္မတ Ali Abdullah Saleh အစိုးရ အဖွဲ့ ဖြုတ်ချရေး အတွက် ဆန္ဒပြနေခဲ့စဉ် အရပ်အ၀တ်အစားနှင့် လုံခြုံရေးများက သူမအား ဓားချွန်ဖြင့် ထိုးသတ်ရန် ကြံစည်ခဲ့စဉ် သူမနှင့် အတှူဆန္ဒပြနေသူများ၏ အကူအညီဖြင့် ကာကွယ်မှုရရှိခဲ့သည်။

    ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ မိမိ၏ အမြင်များကို လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ရရှိလိုခြင်းသည် သူမ အဖွဲ့ “Women Journalists Without Chain” ၏ရည်ရွယ်ချက် ဖြစ်သည်။ Karman အား ခြိမ်းခြောက်စာ အမျိုးမျိုး၊ တယ်လီဖုန်းဖြင့် ခြိမ်းခြောက်ခြင်းများလည်း ပြုလုပ်ခံခဲ့ရသည်။ သတင်းစာပေ လွတ်လပ်ခွင့်ကို အလေးထားသော သူမသည် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ကာ အစ္စလာမ်ဘာသာဝင်များ တန်ဖိုးထား မြတ်နိုးသော တမန်တော်မြတ်၏ ရုပ်ပုံကာတွန်းများကို ဒိန်းမိတ်သတင်းစာ တစ်ခုတွင် ဖော်ပြခြင်း အပေါ်၌လည်း ဤသို့ တုန့်ပြန်ခဲ့သည်။ “We are not to call for tyranny and bans on freedom” (စာပေလွတ်လပ်ခွင့် ဆိုတာ လူအများ တညီတညွှတ်တည်း တားမြစ်ပိတ်ပင်ထားသော {သို့မဟုတ် ဘာသာရေး စော်ကားမှုများ မပြုလုပ်သင့်ကြောင်း လူသားဆန်စွာ လူ့အသိုင်းအ၀ိုင်းမှ လက်ခံထားသော} အကြောင်းအရာ တစ်ခုအား အာဏာ၊ အခွင့်အရေးကို အလွဲသုံးစား ပြုလုပ်သူ လူတစ်စုမှ တစ်ပါးသူကို မတရားသဖြင့် စော်ကားခြင်း မဟုတ်ဟု ဆိုခဲ့သည်)

    သူမ ပြောခဲ့သော စကားတစ်ခွန်းကတော့ ကျွန်မ နှစ်သက်မိတယ်။ “Women should stop being or feeling that they are part of the problem and become part of the solution. We have been marginalized for a long time and now is the time for women to stand up and become active without needing to ask for permission or acceptance. This is the only way we can give back to our society and allow for Yemen to reach the great potentials it has.”

    Karman သည် အသက် ၁၇ နှစ်အောက် ငယ်ရွယ်သည့် မိန်းကလေးများအား မိမိ၏ ဆန္ဒမပါဘဲ လက်ထပ်ပေးခြင်းကိုလည်း ရှေ့နေအဖြစ် ဆောင်ရွက်ကူညီ ပံ့ပိုးသည်။ ထိုသို့ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ စာပေလွတ်လပ်ခွင့် စသည်များကို တက်ကြွစွာ ဆောင်ရွက်သော Karman သည် အခြားနိုင်ငံများ၏ လွှမ်းမိုးမှုများ သူမ အပေါ် သက်ရောက်ခြင်း မရှိစေဘဲ လွတ်လပ်စွာ လှုပ်ရှား ဆောင်ရွက်သည်။

    သူမ၏ မျက်လုံးများဟာ မျှော်လင့်ချက်တွေနဲ့ အရောင်တောက်ပစွာ ပြုံးနေသည်။ သူမ၏ ပုံပန်းသဏ္ဍန်သည် လွတ်လပ်ပေါ့ပါးသည်။ သူမသည် ဦးခေါင်းတွင် အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ ဆင်ယင်လေ့ ရှိသော Hijab ဟီဂျဘ် ဟုခေါ်သော ပ၀ါလေး ခြုံထားသည်။ သူမသည် ရီမန်နိုင်ငံသားများ အတွက် မျှော်လင့်ချက် တစ်စုံတရာ ဖြစ်ပါသည်။

    Ref: http://www.nobelprize.org/nobel_prizes/peace/laureates/2011/

    http://en.wikipedia.org/wiki/Tawakel_Karman

    Nisa