News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • ကျွန်တော် ဘာကြောင့် အစ္စလာမ်ကို သက်ဝင်လက်ခံရသလဲ ? (Kareem Abdul-Jabbar)

    ကျွန်တော် ဘာကြောင့် အစ္စလာမ်ကို သက်ဝင်လက်ခံရသလဲ ? (Kareem Abdul-Jabbar)

    ဧပြီ ၂၈ ၊ ၂၀၁၅
    M-Media

    ကျွန်တော် ဘာကြောင့် အစ္စလာမ်ကို သက်ဝင်လက်ခံရသလဲ ? (Kareem Abdul-Jabbar- အမေရိကန် နာမည်ကြီး ဘတ်စကက်ဘော ကစားသမား)

    kareem-abdul-jabbar-lakers
    အမေရိကားမှာ မွတ်စ်လင်မ်တစ်ဦးဖြစ်ရခြင်းက မလွယ်လှပါဘူး၊ ဒါပေမယ့် ကျွန်တော့်ရွေးချယ်မှုက နာမ်ပိုင်းဆိုင်ရာအသွင်ကူးပြောင်းမှုလို့ ဆိုရပါမယ်။

    ကျွန်တော့်ကို လျူ အလ်စင်းဒေါ Lew Alcindor အဖြစ် မွေးဖွားခဲ့ပါတယ်။ ခုတော့ ကရီးမ် အဗ်ဒုလ် ဂျဗ္ဗာ့ရ် Kareem Abdul-Jabbar ဖြစ်နေပါပြီ။

    လျူ ဘ၀ကနေ ကရီးမ်အဖြစ် အသွင်ကူးပြောင်းမှုဟာ Sean Combs ကနေ Puff Daddy ၊ အဲ့ဒီကနေ Diddy ၊ နောက်တစ်ဆင့် P. Diddy ဖြစ်သွားသလိုမျိုး နာမည်ကြီးအောင် အမည်နာမမျှသာ တံဆိပ်ပြောင်းလဲလိုက်ခြင်း မဟုတ်ပါဘူး။ နှလုံးသား၊ စိတ်၊ ၀ိညာဉ်များရဲ့ အသွင်ကူးပြောင်းချက်ပါ။ အမေရိကလူဖြူတွေ မျှော်လင့်တဲ့အတိုင်း ကျွန်တော်ဟာ လျူအဖြစ်နဲ့ သူလိုကိုယ်လို နေထိုင်ခဲ့တာပေါ့။ ခုချိန်မှာတော့ ကျွန်တော့်ရဲ့ အာဖရိကန်သမိုင်း၊ ယဉ်ကျေးမှုနဲ့ ယုံကြည်မှုတွေကို ကိုယ်ထင်ပြပြီး အဗ်ဒုလ် ဂျဗ္ဗာ့ရ် အဖြစ် ရပ်တည်နေပါပြီ။

    လူအများစုအတွက် ဘာသာတစ်ခုကနေ နောက်တစ်ခုကိုကူးပြောင်းခြင်းဆိုတာ စေ့စပ်သေချာစွာသိမြင်နားလည်ထားဖို့ လိုအပ်တဲ့ သီးခြားကိစ္စတစ်ခု ဖြစ်ပါတယ်။ သို့သော် အသင်က လူသိများကျော်ကြားသူဖြစ်နေရင်တော့ အဲ့ဒီကိစ္စဟာ လူတွေရဲ့မျက်စေ့ဒေါက်ထောက်ကြည့်ခံရပြီး အငြင်းပွားစရာ ဖြစ်သွားနိုင်ပါတယ်။ ပြီးတော့ အသင်ဟာ ထိတွေ့မှုနည်းပါးတဲ့ သို့မဟုတ် လူသိနည်းတဲ့ ဘာသာတရားတစ်ရပ်ကို ကူးပြောင်းမယ်ဆိုရင် မိမိရဲ့ကိုယ်ရေးကိုယ်တာ၊ အမျိုးသားရေးနဲ့ စိတ်ဖြူစင်မှုဆိုင်ရာ ဝေဖန်ချက်တွေကို ဖိတ်ခေါ်မှု ဖြစ်လာစေပါတယ်။ ကျွန်တော် မွတ်စ်လင်မ်ဖြစ်ခဲ့တာ နှစ်ပေါင်း ၄၀ ကျော်လွန်နေချိန်မှာပင်လျှင် အဲ့ဒီရွေးချယ်မှုနဲ့ပတ်သက်ပြီး ခုခံကာကွယ်နေရဆဲပါ။

    နာမည်ကြီးအတွက် မလွယ်ကူ
    —————————-
    UCLA မှာ မောင်သစ်လွင်ဖြစ်စဉ်ကပဲ အစ္စလာမ်နဲ့ ကျွန်တော် ထိတွေ့ခဲ့ပါတယ်။ တိုင်းသိပြည်သိ ဘတ်စကက်ဘောကစားသမားဆိုတဲ့အဆင့် ရောက်ခဲ့ပြီးဖြစ်သော်ငြား ကျွန်တော်ဟာ ကိုယ်ပိုင်ဘ၀ကို သီးခြားထုတ်ယူနိုင်အောင် ကြိုးစားခဲ့တယ်။ လူသိများကျော်ကြားမှုက ကျွန်တော့်ကို ပူပင်မှုတွေများစေတယ်၊ သက်တောင့်သက်သာမဖြစ်စေခဲ့ပါဘူး။ နုပျိုငယ်ရွယ်ဆဲဖြစ်တော့ မီးမောင်းရှေ့မှာ ဘာကြောင့်ရှက်နေသလဲလို့ သေသေချာချာ မရှင်းပြနိုင်ခဲ့ဘူးလေ။ နောက်ထပ်နှစ်အနည်းငယ်ကြာပြီးနောက်မှာတော့ ကောင်းကောင်းကြီး သဘောပေါက်လာပါတော့တယ်။

    လူတွေ အမွှမ်းတင်ဂုဏ်ပြုနေသူဟာ စင်စစ်အားဖြင့် ငါ ဆိုတဲ့သူ မဟုတ်ပါလားဆိုတဲ့ ခံစားချက်က ကျွန်တော့်စိတ်ကျဉ်းကြပ်မှုရဲ့အစိပ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော်ဟာ လူကြီးတစ်ဦးဖြစ်လာတော့မယ့် မြီးကောင်ပေါက်အရွယ်တစ်ယောက်သာမက နိုင်ငံတွင်းက အကောင်းဆုံးကောလိပ်ဘတ်စကက်ဘောအသင်းတစ်ခုအတွက် ကစားရင်း ပညာရေးရှေ့ဆက်နိုင်အောင် ကြိုးစားနေရသူပါ။ ၁၉၆၆ နဲ့ ၆၇ ခုနှစ်မှာပေါ့။ ကျားသစ်နက်ပါတီကိုတည်ထောင်ပြီး မစ္စစ္စပီမြစ်ကို ဖြတ်ကျော်ချီတက်လာရာမှာ James Meredith ဟာ ချုံခိုတိုက်ခိုက်ခံခဲ့ရတယ်။ Thurgood Marshall ဟာ ပထမဆုံး အာဖရိကန်နွယ်ဖွားအမေရိကန် ဗဟိုတရားသူကြီးချုပ်အဖြစ်ခန့်အပ်ခံရတယ်။ လူမည်းဖြစ်နေခြင်းဆိုတဲ့အချက်ကြောင့် ဒက်ထရွိုက်မှာ လူမျိုးရေးအဓိကရုဏ်းဖြစ်ပြီး ၄၃ ဦးသေဆုံးတယ်။ ၁၁၈၉ ဦး ဒဏ်ရာရတယ်။ အိမ်ခြေ ၂၀၀၀ ကျော် ဖျက်ဆီးခံလိုက်ရပါတယ်။

    အဲ့ဒီမှာ ကျွန်တော် သဘောပေါက်သွားခဲ့တယ်။ လူတကာ ချီးကျူးအားပေးနေကြတဲ့ ကျွန်တော် Lew Alcindor ဆိုတာ သူတို့ယူဆထားတဲ့သူအစစ် မဟုတ်ပါဘူး။ လူမျိုးရေးတန်းတူဆက်ဆံမှုကို ပုံဆောင်ဖော်ကျူးပေးနေတဲ့ ရွှေမင်းသားအဖြစ် သူတို့က လိုချင်နေကြတာပါ။ ဘယ်လိုလူမျိုး၊ ဘာသာ၊ အလွှာ – ဘယ်လိုကျောထောက်နောက်ခံရှိသူဖြစ်နေပါစေ အမေရိကန်အိပ်မက်ကို အရောက်လှမ်းနိုင်ပါတယ် ဆိုတဲ့ ကြော်ငြာလူငယ်လေးပေါ့ဗျာ။ သူတို့အဖို့ ကျွန်တော်က “လူမျိုးကြီးဝါဒမဲ့ သက်ရှိသာဓက” တစ်ရပ် ဖြစ်နေခဲ့တယ်။
    kareem-abdul-jabbar-karriere-lakers-magic-johnson-larry-bird-20
    အရပ် ၇ပေ ၂လက္မရှိပြီး အားကစားထူးချွန်တာကြောင့် ဒီနေရာကိုရောက်လာတာပါ။ တန်းတူအခွင့်အရေးပေးတဲ့အနေနဲ့ ကစားကွင်းထဲရောက်လာတာမဟုတ်ကြောင်း ကျွန်တော် သိပြီးသားပါ။ ဒါပေမယ့် အထက်လူကြီးတွေ ကျေနပ်အောင်ကြိုးစားရေး အတွက် ပျိုးထောင်မှုအကြား ကျွန်တော် ဖြတ်သန်းနေရပါတယ်။ ကျွန်တော့်ဖခင်က စည်းကမ်းသားကောင် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တယ်။ ကျွန်တော်က စည်းမျဉ်းတွေပိုတင်းကြပ်တဲ့ ဓမ္မဆရာတွေ၊ သီလရင်တွေနဲ့အတူ ကက်သလစ်ကျောင်းကို တက်ခဲ့ရသူပါ။ စည်းကမ်းကလနားပိုများတဲ့ နည်းပြတွေအတွက် ကျွန်တော် ဘတ်စကက်ဘော ကစားခဲ့သူပါ။ အဲ့ဒီနေရာတွေ ပြန်လှန်ပြောဆို တင်ပြခွင့်ဆိုတာ မရှိပါဘူး။

    ၁၉၆၀ ခုနှစ်များအတွင်း ကြီးပြင်းလာသူဖြစ်လို့ စံပြလူမည်းအမျိုးသားတွေကို များများစားစား မသိနိုင်ခဲ့ပါဘူး။ မာတင်လူသာကင်း ဂျူနီယာကို သူရဲ့ ကိုယ်ကျိုးစွန့်သတ္တိနဲ့ စွမ်းဆောင်ချက်တွေအတွက် ကျွန်တော် လေးစားအားကျတယ်။ လူများစုလူဖြူတွေရဲ့အသိတရားမှာ လူမည်းတွေက လူကောင်းသူမွန်တွေ မဟုတ်ဘူးလို့ စွဲမှတ်ထားပုံရပါတယ်။ လူမည်းတွေဟာ တမင်နှိမ့်ချဆက်ဆံရမယ့်လူမျိုးစုတွေ၊ သူတို့လိုအပ်တဲ့ အခွင့်အရေးတွေရဖို့ လူဖြူတွေဆီ လက်ဖြန့်ရမယ့်လူစားတွေ သို့မဟုတ် လူဖြူတွေရဲ့အိမ်၊ လုပ်ငန်းနဲ့ သမီးတွေကို ဖယ်ထုတ်ချင်နေတဲ့ လူမျိုးရေးပြဿနာရှာသူတွေ စသဖြင့် တစ်ခုမဟုတ်တစ်ခု ထင်မှတ်ထားကြတယ်။ လူဖြူတွေက လုပ်ငန်းဖြစ်စေ၊ အားကစားမှာဖြစ်စေ သူတို့ကိုယ်ကျိုးစီးပွားတွေအပေါ် သစ္စာစောင့်သိနိုင်မယ်လို့မျှော်မှန်းထားတဲ့ ရုပ်ပြတွေကိုသာ လူကောင်းသူမွန်များအဖြစ် အသိအမှတ်ပြုကြတယ်လေ။ ဒီအရှိတရားက တစ်ခုခုကြောင့် မှားယွင်းနေတာ၊ ဒါကို အပြောင်းအလဲလုပ်ဖို့လိုတာ ကျွန်တော် သိခဲ့ပါတယ်။ အဲ့ဒါက ကျွန်တော့်အတွက် ဘာတွေအကျိုးသက်ရောက်လာမယ်ဆိုတာကိုတော့ မသိပါဘူး။

    kareem-celtics-74

    ကျွန်တော်ဟာ ချာ့ခ်ျကျောင်းတွေကို မီးလောင်တိုက်တွင်းတော့မလိုလို အမေရိကန်အလံကို အစိပ်စိပ်အမြွာမြွာ ဆွဲဆုတ်ပစ်တော့မလိုလို ကျွန်တော့်ပရိသတ်အချို့က ကျွန်တော့်ဆုံးဖြတ်ချက်အပေါ် တစ်ဖက်စွဲအမြင်ထားရှိခဲ့ကြတယ်။

    ကျွန်တော့်ရဲ့ အစောပိုင်းလူသစ်တန်းနိုးကြားမှုကို “Malcolm X ကိုယ်တိုင်းရေးအတ္ထုပ္ပတ္ထိ” စာအုပ် ဖတ်ရှုရာမှ အများအပြားရရှိခဲ့တယ်။ တကယ့်အကျဉ်းထောင်ထဲ ခြေမချမီ မိမိဟာ လူမျိုးခွဲခြားရေးဝါဒရဲ့ဓားစာခံအဖြစ် ရေရှည်ပိတ်ခံရသူဖြစ်ကြောင်း နားလည်သွားပုံကို ဖော်ပြတဲ့ မဲလ်ကွန်မ်အကြောင်းက ကျွန်တော့်ကို ညှို့ယူသွားပါတယ်။ ကျွန်တော် ခံစားနေရတာနဲ့ ထပ်တူထပ်မျှဖြစ်နေတာကိုးဗျ။ ပုံဖော်ချက်အရိပ်တစ်ခုအောက်မှာ ကျွန်တော် အကျဉ်းကျနေရတယ်လေ။ ပထမဆုံးအနေနဲ့ မဲလ်ကွန်မ်က သူ့မိဘရဲ့ပျိုးထောင်မှုဖြစ်တဲ့ နှစ်ခြင်းဘာသာကို သူ့ထံက ဖယ်ခွာလိုက်တယ်။ ပြီးတော့ အစ္စလာမ်ကို လေ့လာတယ်။ သူ့အဖို့ ခရစ်ယာန်ဝါဒဟာ လူမည်းတွေကိုကျွန်ပြုရေး လူဖြူယဉ်ကျေးမှုရဲ့အုတ်မြစ်တစ်ခု၊ ဒါ့အပြင် လူ့အဖွဲ့အစည်းအကြား လူမျိုးကြီးဝါဒကျားကန်ချက် ဖြစ်နေပါတယ်။ သူ့မိသားစုကို အစွန်းရောက် ခရစ်ယာန် Ku Klux Klan ကေသုံးလုံးဂိုဏ်းသားတွေက တိုက်ခိုက်ပြီး သူ့အိမ်ကိုလည်း မီးရှို့ခဲ့ကြတယ်။

    သနားစဖွယ်ရာဇ၀တ်သားကနေ နိုင်ငံရေးခေါင်းဆောင်အဖြစ် မဲလ်ကွန်မ် အိတ်စ်ရဲ့ ပုံလွှာအပြောင်းအလဲက ကျွန်တော့်ရဲ့ကြီးပြင်းမှုအပေါ် စေ့စေ့စပ်စပ် သုံးသပ်စေခဲ့တယ်။ ကျွန်တော့်ရဲ့ လူမျိုးရေးအမှတ်သညာအကြောင်းကိုလည်း နက်ရှိုင်းစွာ စဉ်းစားဖို့ တွန်းအားပေးခဲ့ပါတယ်။ အစ္စလာမ်က သူ့ကိုသူ အမှန်အတိုင်းတွေ့မြင်လာစေခဲ့ပြီး၊ လူဖြူလူမည်းနှစ်ရပ်စလုံးရဲ့သူစိမ်းဆန်မှုကို ရင်ဆိုင်ရေးအတွက်သာမက တန်းတူလူမှုဆက်ဆံရေး တိုက်ပွဲဝင်ဖို့အတွက် ခွန်အားတွေ ဖြည့်ပေးခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ကုရ်အာန်ကျမ်းတော်ကို စတင် လေ့လာပါတော့တယ်။

    kareem-college

    ယုံကြည်လက်ခံခြင်းနဲ့ အာခံခြင်း
    ——————————-
    ဒီဆုံးဖြတ်ချက်က ကျွန်တော့်ကို နာမ်ပိုင်းပြည့်ဝမှုလမ်းကြောင်းတစ်ရပ်ဆီ ဦးလည်မသုန် ချမှတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် ချောမွေ့တဲ့ ပန်းခင်းလမ်းတစ်ခု မဟုတ်ခဲ့တာတော့ အမှန်ပါ။ လမ်းခရီးတစ်လျှောက် ချွတ်ချော်မှုတွေ မနည်းပါဘူး။ မိမိယုံကြည်ချက်တွေ ထက်ရှလာရေးနဲ့ စိန်ခေါ်ရေး အလို့ငှာ တွေ့ရှိချက်အမှားအယွင်းတွေ၊ အတားအဆီးအနှောင့်အယှက်တွေ၊ လမ်းကြောင်းချော်မှုတွေကို တပုံတပင် ဖြတ်သန်းရပါတယ်။ “ရင်းနှီးပေးဆပ်ဖို့ အဆင်သင့်ဖြစ်သွားတဲ့လူတစ်ယောက်ဟာ မိမိကိုယ်ကို အရူးလုပ်ဖို့ ခေါင်းစဉ်တပ်ခံရသူလို့ ကျွန်တော် ယူဆတယ်” လို့ မဲလ်ကွန်မ် ကပြောခဲ့တယ်။

    ကျွန်တော် …… ရင်းနှီးပေးဆပ်ခဲ့တယ်လေ။

    အစောပိုင်းကပြောခဲ့သလိုပါပဲ၊ ကျွန်တော်ဟာ စည်းကမ်းရဲ့ကျွန်အဖြစ် ကြီးပြင်းလာခဲ့တယ်။ အထူးသဖြင့် စာသင်ဆရာ၊ ဓမ္မဆရာ၊ နည်းပြဆရာဆိုတဲ့ စည်းကမ်းထုတ်သူတွေအပေါ်မှာပေါ့။ ကျွန်တော်က အများနဲ့မတူတဲ့ ကျောင်းသားတစ်ဦးဖြစ်တဲ့အတိုင်း အစ္စလာမ်အကြောင်း သိချင်စိတ်ပြင်းပြလာတဲ့အချိန်မှာ Hammas Abdul-Khaalis ကို ဆရာတင်ဖို့ ရှာတွေ့ခဲ့တယ်။ Milwaukee Bucks မှာ ကစားနေစဉ်တစ်လျှောက် ဟမ္မာ့စ်ရဲ့ အစ္စလာမ့်တင်ပြချက်တွေထဲ စီးမျောခဲ့တယ်။ အဲ့ဒီနောက် ကျွန်တော့်အသက် ၂၄ နှစ်၊ ၁၉၇၁ ခုနှစ်မှာ အစ္စလာမ်ကို သက်ဝင်လက်ခံလိုက်ပြီး ကရီးမ် အဗ်ဒုလ် ဂျဗ္ဗာ့ရ် ဖြစ်လာပါတော့တယ်။ ကရီးမ် အဗ်ဒုလ် ဂျဗ္ဗာ့ရ် ဆိုတာ “အနန္တစွမ်းအားရှင်ရဲ့နာခံကျွန် ထွဋ်မြတ်သူ” လို့ အဓိပ္ပာယ်ရပါတယ်။

    ကျွန်တော့်ကို မကြာခဏမေးမြန်းကြတဲ့မေးခွန်းတစ်ခုရှိတယ်။ အမေရိကန်ယဉ်ကျေးမှုနဲ့ မနီးစပ်လှတဲ့ သာသနာ၊ လူတွေ အသံထွက်ပြောဆိုဖို့ ခဲယဉ်းတဲ့ အမည်နာမကို ဘာကြောင့် ရွေးချယ်ရတာလဲတဲ့။ ကျွန်တော်ဟာ အမေရိကန်အလံကိုဆုတ်ဖြဲပြီး ချာ့ခ်ျကျောင်းတွေကို မီးရှို့တော့မလားဆိုပြီး ကျွန်တော့်ပရိသတ်အချို့က တစ်ဖက်သတ်ဆန်ဆန် အမြင်ရှိကြတယ်။ အမှန်တကယ်ပဲ ကျွန်တော်က ကျွန်တော့်ရဲ့အမေရိကန် ယဉ်ကျေးမှုနဲ့ မနီးစပ်တဲ့ သာသနာကို အာခံပယ်လှန်ပြီး ကျွန်တော့်ရဲ့အာဖရိကန် လူမည်းအမွေအနှစ်တစ်ရပ်ကို လက်ခံလိုက်တာလေ။ (အာဖရိကတိုက်ကနေ ခေါ်ဆောင်လာခဲ့တဲ့ ကျွန်တွေ ၁၅ ရာခိုင်နှုန်းက ၃၀ ရာခိုင်နှုန်းအထိဟာ မွတ်စ်လင်မ်တွေ ဖြစ်ခဲ့ပါတယ်)။ ၁၉၃၀ ခုနှစ်က တည်ထောင်ခဲ့တဲ့ အမေရိကန် အစ္စလာမ်လှုပ်ရှားမှုအဖွဲ့ Nation of Islam ထဲ ကျွန်တော် ၀င်လိုက်ပြီလို့ ပရိသတ်တွေက ထင်မြင်ကြတယ်။ Nation of Islam ရဲ့ခေါင်းဆောင် Malcolm X ရဲ့လွှမ်းမိုးမှု ကျွန်တော့်အပေါ် ရှိနေလင့်ကစား အဲ့ဒီအဖွဲ့ထဲ မ၀င်ရောက်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးထက် နာမ်ပိုင်းဖွံ့ဖြိုးရေးကိုသာ ကျွန်တော် အာရုံစိုက်ချင်လို့ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူ့အဖွဲ့ဝင်သုံးဦးက သူ့ကို ပြန်လုပ်ကြံမှုမတိုင်မီ အဲ့ဒီအုပ်စုကို မဲလ်ကွန်မ် စွန့်ခွာခဲ့ပါတယ်။

    ကျွန်တော့်ရဲ့ ကူးပြောင်းသက်ဝင်မှုအပေါ် မိဘတွေက မနှစ်မြို့ကြဘူး။ သူတို့က တင်းကြပ်လှတဲ့ ကက်သလစ်တွေ မဟုတ်သော်လည်း ကျွန်တော့်ကို ခရစ်ယာန်အယူဝါဒပေါ်ယုံကြည်ဖို့ ပျိုးထောင်ခဲ့တာကိုး။ ဒါပေမယ့် သမိုင်းကြောင်းကို ပိုလေ့လာကြည့်လေ ကျွန်တော့်လူမျိုးကျွန်ပြုခံရမှုနဲ့ပတ်သက်ပြီး ခရစ်ယာန်အယူကို ပိုပြီး စိတ်မချမ်းမြေ့လေ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ဒုတိယမြောက်ဗာတီကန်ကောင်စီက ၁၉၆၅ ခုနှစ်မှာ “ကျွန်ပြုခြင်းစနစ်ဟာ ဘုရားသခင်ကိုသိက္ခာချတဲ့ လုပ်ရပ်ဆိုးဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအတွက် အဆိပ်အတောက်ဖြစ်ကြောင်း” ကြေငြာခဲ့တာပေါ့။ ဒါပေမယ့် အဲ့ဒီကြေငြာချက်က ကျွန်တော့်အတွက် မလုံလောက်သလို အခါလည်းနှောင်းသွားခဲ့ပါပြီ။ ကျောင်းတော်ဝါဒ ကျဆုံးမှုဟာ ပြုပြင်တည့်မတ်မယ့်အစား အင်အားနဲ့သြဇာသုံးပြီး ကျွန်စနစ်ကို အဆုံးသတ်စေတာကြောင့် ဖြစ်တယ်။ မွေးရာပါအပြစ်သား ဆိုတဲ့အတွေးအခေါ်ကလည်း ကျွန်တော့်အဖို့ မခံချိမခံသာဖြစ်စေခဲ့တယ်လေ။ ဆိုးသွမ်းတဲ့ သာသနာပိုင်ပုဂ္ဂိုလ်အချို့ (ဥပမာ – Dum Diversas နဲ့ Romanus Pontifex )က ဒေသခံတိုင်းရင်းသားတွေကို ကျွန်ပြုဖို့၊ နယ်မြေ မတရားသိမ်းယူဖို့ အမြင်ဆိုးတွေသွတ်သွင်းခဲ့ကြတာဖြစ်တယ်။

    (အခြားသာသနာတစ်ခုကို)ကူးပြောင်းသက်ဝင်မှုဆိုတာ အန္တရာယ်များတဲ့ကိစ္စတစ်ရပ်ပါ။ ဘာကြောင့်လဲဆိုတော့ မိသားစု၊ မိတ်ဆွေ၊ အသိုင်းအ၀ိုင်းရဲ့ထောက်ခံကျားကန်ပေးမှုတွေကို ဆုံးရှုံးသွားနိုင်လို့ ဖြစ်ပါတယ်။

    ပြီးတော့ ခရစ်ယာန်အများအပြားဟာ သူတို့ရဲ့ဘ၀၊ မိသားစုဝင်တွေကို ရင်းနှီးစွန့်စားလို့ ကျွန်စနစ်ကို ရင်ဆိုင်အံတုတယ်။ သူတို့ကိုယ်တိုင်မပါဝင်ဘဲ အဲ့ဒီစနစ်အဆုံးသတ်ဖို့ ရှိမှာမဟုတ်ကြောင်း ကျွန်တော် နားလည်သွားပါတယ်။ ယဉ်ကျေးမှုဆိုင်ရာအသိတရားနဲ့ မိမိကိုယ်ကို ကြားခွနေဖို့ ခဲယဉ်းလှကြောင်း ကျွန်တော် သိမြင်သွားတယ်။ ဒီအချက်က သူတို့ အထွဋ်အမြတ်ထားတဲ့ ယုံကြည်မှုတွေကို တိုက်ရိုက်ချိုးဖောက်ရေးမှာ မျက်စေ့စုံမှိတ်ပြီး ခပ်ကြမ်းကြမ်းတိုးဝင်သွားစေခဲ့တာပါ။

    အမည်သစ်နဲ့ကင်ပွန်းတပ်လိုက်ခြင်းကလည်း ကျွန်တော့်အာခံမှုရဲ့ ထပ်ဆင့်လက်တံတစ်ရပ်ပါပဲ။ ဆိုလိုတာက ကျွန်တော့်မိသားစု၊ ကျွန်တော့်လူမျိုးစု ကျွန်ပြုခံရခြင်းနဲ့စပ်လျဉ်းသော ဘ၀အရေးအရာအပေါင်းကို အမြစ်လှန်လိုက်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်ဘိုးဘေးတွေဟာ (လက်ရှိ) နိုင်ဂျီးရီးယားက ယိုရုဘာ Yoruba လူမျိုးနွယ် ဖြစ်ပါတယ်။ ကျွန်တော့်မိသားစုမျိုးနွယ်တွေရဲ့ ကျွန်ပိုင်ရှင်ရဲ့အမည်နာမကို ခံယူထားခြင်းဟာ သူတို့အပေါ် မလေးစားရာ၊ သိက္ခာချရာ ရောက်စေသလိုဖြစ်တာမို့ အရှက်တကွဲအကျိုးနည်းဖြစ်ခြင်းရဲ့ အမှတ်တံဆိပ် ခပ်နှိပ်ခံထားရတယ်ဆိုပြီး ခံစားနေရပါတယ်။

    အစ္စလာမ်ထဲကို ကျွန်တော် လုံးလုံးလျားလျား စိတ်နှစ်ကိုယ်နှစ် ၀င်ရောက်ခဲ့တာပါ။ အခြားအမျိုးသမီးတစ်ဦးအပေါ် ခံစားချက်ပြင်းထန်နေလင့်ကစား ဟမ္မာ့စ် အကြံပြုတဲ့ အမျိုးသမီးကိုပင် လက်ထပ်ထိမ်းမြားဖို့ သဘောတူတဲ့အထိပါပဲ။ ကစားသမားကောင်းပီပီ နည်းပြ ဟမ္မာ့စ်ရဲ့လမ်းညွှန်မှုအတိုင်း လိုက်နာလိုက်တာဖြစ်ပါတယ်။ ကျွန်တော့်မိဘများကို မင်္ဂလာပွဲ မဖိတ်ကြားဖို့ သူ့လမ်းညွှန်ချက်ကိုလည်း ကျွန်တော် နာခံလိုက်ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီအမှားကို ပြန်တည့်မတ်နိုင်ဖို့ ဆယ်စုနှစ်တစ်ခုကျော်တဲ့အထိ အချိန်ကြာသွားခဲ့ပါတယ်။ ဟမ္မာ့စ်ရဲ့လမ်းညွှန်မှုအချို့အပေါ် ကျွန်တော် သံသယရှိသော်လည်း အတွေးထဲက ဖယ်ထုတ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အဲ့ဒီကာလများမှာ နာမ်ပိုင်းပြည့်ဝမှု တင်းပြည့်ကျပ်ပြည့် ကြုံတွေ့ခံစားနေရလို့ပါပဲ။

    သို့သော် ကျွန်တော့်ရဲ့ လွတ်လပ်စွာနေတတ်တဲ့ စိတ်က နောက်ဆုံးတော့ လမ်းခွဲထွက်လိုက်တယ်။ လူတစ်ဦးတည်းဆီက ဘာသာရေးအသိပညာကို လက်ခံနေခြင်းအပေါ် တင်းတိမ်မှုမရှိတော့တဲ့အတွက် ကိုယ်ပိုင်လေ့လာမှုတွေနဲ့ ရှေ့ဆက်ပါတော့တယ်။ သိပ်မကြာခင်မှာ ဟမ္မာ့စ်ရဲ့ ကုရ်အာန်သင်ကြားချက် အချို့ လက်ခံနိုင်စရာမဟုတ်ကြောင်း သိမြင်သွားတဲ့အခါ ကျွန်တော်တို့ လမ်းခွဲလိုက်ကြပါတယ်။ ၁၉၇၃ ခုနှစ်မှာ လစ်ဗျားနဲ့ ဆော်ဒီအာရေဗျကို ကျွန်တော် သွားတယ်။ ကိုယ်ပိုင်အစီအစဉ်နဲ့ ကုရ်အာန်ကိုလေ့လာနိုင်ဖို့ အရဗီစာပေကို ကောင်းစွာ သင်ယူခဲ့ပါတယ်။ ဟဂ်ျပြုပြီးနောက် ရှင်းလင်းပြတ်သားတဲ့ယုံကြည်ချက်၊ သစ်လွင်သောအယူဝါဒနဲ့အတူ ကျွန်တော် ပြန်လာခဲ့ပါတယ်။

    အဲ့ဒီနှစ်ကနေ ဒီကနေ့ထိ အစ္စလာမ်ကိုကူးပြောင်းသက်ဝင်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် နည်းနည်းလေးမှ မယိမ်းယိုင်တော့သလို နောင်တရတယ်ဆိုတာလည်း မရှိတော့ပါဘူး။ ပြန်လှန်သုံးသပ်ကြည့်တဲ့အခါ ကျွန်တော်ဟာ မြူဆွယ်မှုတွေ၊ သွေးထိုးခံရမှုတွေ အလျဉ်းမပါဝင်ဘဲ ကျွန်တော့်ကိုယ်ပိုင်ဟန်နဲ့ ချီတက်လိုက်တဲ့အသွင် ဆောင်နေပါတယ်။ အဲ့ဒီအချိန်က ကျွန်တော်ဟာ ကျွန်ပြုမှုစနစ်နဲ့ အဲ့ဒီစနစ်ကိုကျားကန်ပေးတဲ့ ဘာသာရေးအယူအဆတွေအပေါ် ရှုတ်ချပြီး လူ့အခွင့်အရေးလှုပ်ရှားမှုတွေအတွက် အသံထုတ်နေချိန် ဖြစ်ခဲ့တယ်။ အဲ့ဒါက ကျွန်တော့်တစ်ကိုယ်ရည်မျှော်မှန်းချက်တွေထက် ပိုပြီး နိုင်ငံရေးအရ နည်းလမ်းကျခဲ့တယ်လေ။

    လူများစွာတို့ဟာ မွေးဖွားပြီးနောက် သူတို့ရဲ့သက်ဆိုင်ရာ ဘာသာတရားထဲ သွတ်သွင်းခံရတယ်။ အဲ့ဒါက သူတို့အဖို့ အစဉ်အလာအရ၊ သက်သာမှုအရ အလွန်အရေးပါနေကြတယ်။ သူတို့ရဲ့ အယူဝါဒက သာသနာ့သွန်သင်မှုအတွင်းကမဟုတ်ဘဲ ယုံကြည်မှုအပေါ်၊ ထိုနည်းလည်းကောင်း မိသားစုနဲ့ယဉ်ကျေးမှုအစဉ်အလာဖြစ်နေတဲ့ ဘာသာရေးအပေါ် အခြေခံတာပါ။ ဘာသာကူးပြောင်းသူအဖို့ အဲ့ဒီအချက်တွေကို ထဲထဲဝင်ဝင်နားလည်ဖို့၊ အာခံနိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ယုံကြည်ချက်က အယူဝါဒနဲ့အတွေးအခေါ် ပေါင်းစပ်ချက်အပေါ် အခြေပြုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့မိသားစု၊ အသိုင်းအ၀ိုင်းတွေရဲ့ ထုံးတမ်းဓလေ့များကို စွန့်လွှတ်နိုင်ဖို့ – ပြီးတော့ သူစိမ်းပြင်ပြင်ဖြစ်ရတဲ့ ယုံကြည်မှုတွေကို လက်ခံနိုင်ဖို့ အလွန်အားကောင်းတဲ့ ကြောင်းကျိုးဆီလျော်မှု လိုအပ်လို့ပါဘဲ။ မိသားစု၊ မိတ်ဆွေနဲ့ အသိုင်းအ၀ိုင်းရဲ့ထောက်ခံကျားကန်မှုတွေကို ဆုံးရှုံးလက်လွှတ်သွားတတ်တာကြောင့် ဘာသာတရားကူးပြောင်းခြင်းဆိုတာ တကယ့်စွန့်စားခန်းတစ်ရပ်ဖြစ်ပါတယ်။

    တချို့ပရိသတ်တွေက ကျွန်တော့်ကို လျူ လို့ခေါ်ဝေါ်ဆဲဖြစ်တယ်။ အဲ့လိုခေါ်ရင် ကျွန်တော် ကရုမစိုက်တတ်တာကြောင့် သူတို့ စိတ်အနှောင့်အယှက်ဖြစ်ဟန်ရှိကြတယ်။ ကျွန်တော့်နာမ်ပိုင်းဆိုင်ရာရွေးချယ်မှုအတွက် သူတို့ရဲ့မလေးစားမှုက စော်ကားခြင်းတစ်ရပ် ဖြစ်နေတယ်ဆိုတာ သူတို့နားမလည်ကြပါဘူး။ လူတိုင်း ကိုယ်ပိုင်ဘ၀ရှိတယ်ဆိုတာမျိုးထက် သူတို့စိတ်ကြိုက်ဆင်ယင်တဲ့ကမ္ဘာတစ်ခုကို ခင်းကျင်းနိုင်ဖို့ ကျွန်တော့်ကို ရုပ်ပြသက်သက်လို သဘောထားတာမျိုးကြောင့် ဖြစ်နေရတာပါ။

    Kareem Abdul-Jabbarပြင်သစ်လူမျိုး ကားမစ် Kermit က “အမေရိကန်မှာ မွတ်စ်လင်မ်ဖြစ်ဖို့ ကြိုးစားရတာဟာ အစိမ်းရောင်ဖြစ်ဖို့ မလွယ်ကူသလိုဘဲ” လို့ လူသိများအောင် ပြောခဲ့ဖူးပါတယ်။ အဓိကဘာသာတရားလူ့အုပ်စုများဆိုင်ရာအမြင်ကို စစ်တမ်းကောက်လိုက်တဲ့ Pew Research Center အဆိုအရ အမေရိကန်ပြည်ထောင်စုမှာ အစ္စလာမ်က တတိယအကြီးဆုံးဘာသာတရား ဖြစ်နေပါလျက် အမေရိကန်လူထုက မွတ်စ်လင်မ်နဲ့ပတ်သက်ပြီး အလေးအနက်မထားဆုံး ဖြစ်တယ်။ ဘာသာမဲ့တွေပင်လျှင် သူတို့ထက် မဆိုစလောက်လေး အလေးအနက်ထားခံရတယ်လို့ ဆိုပါတယ်။ မိမိကိုယ်ကို မွတ်စ်လင်မ်လို့ကြွေးကြော်ပြီး အကြမ်းဖက်မှု၊ လူမဆန်မှု၊ အဓမ္မဆက်ဆံမှုတွေပြုလုပ်နေကြတဲ့ လက်တစ်ဆုပ်စာလူတွေကြောင့် ကမ္ဘာပေါ်ရှိကျန်သူများက ကျွန်တော်တို့ကို ကြောက်ရွံ့နေကြတယ်။ ကမ္ဘာ့မွတ်စ်လင်မ်လူဦးရေ သန်း ၁၆၀၀ အနက် အများစုက ငြိမ်းချမ်းစွာ ဘ၀တည်ဆောက်နေကြတာပါ။ ဒီအမှန်တရားကို မသိရှိပါဘဲလျက် သူတို့က အဆိုးဆုံးပုံရိပ်တွေကိုဘဲ ရှုမြင်နေကြတယ်လေ။ ကျွန်တော့်ရဲ့ အစ္စလာမ်ကူးပြောင်းခြင်းမှာ ကျွန်တော့်သာသနာအကြောင်း အခြားသူတွေကို သင်ကြားဖို့ တာဝန်ခံလိုက်ခြင်းလည်း  အစိတ်အပိုင်းတစ်ရပ်အဖြစ်ပါဝင်ပါတယ်။ သူတို့ကို ကူးပြောင်းအောင် ပြုလုပ်ဖို့ မဟုတ်ပါဘူး။ သူတို့နဲ့အတူ အပြန်အလှန်လေးစားမှု၊ ကူညီမှု၊ ငြိမ်းချမ်းရေးအားဖြင့် အတူယှဉ်တွဲနေထိုင်သွားနိုင်ရေးသာ ဖြစ်ပါတယ်။ ကမ္ဘာလောကကြီးက ဘာသာတရားတစ်ခုတည်းသာ တည်ရှိနေဖို့ မလိုအပ်ပါဘူး။ တကယ်အလိုအပ်ဆုံးကတော့ ငြိမ်းချမ်းစွာ အတူနေထိုင်ရှင်သန်ရေးဆိုတဲ့ ယုံကြည်ချက်တစ်ခုတည်းပါဗျာ။

    xxxxxxxxxxxxxxxxxxxxxx

    ကိုယ်တိုင်ရေးဆောင်းပါးရှင် ကရီးမ် အဗ်ဒုလ် ဂျဗ္ဗာ့ရ် – Kareem Abdul-Jabbar သည် အမေရိကန်၏နာမည်ကြီး NBA – National Basketball Association ဘတ်စကက်ဘောအသင်း၏ အချိန်ပြည့်ဦးဆောင်ကစားသမားဖြစ်သည်။ သူပါဝင်ကစားသော ရာသီပွဲစဉ် ၂၀ အတွင်း အသင်းသည် ချန်ပီယံ ၆ ကြိမ်ဆွတ်ခူးပြီး သူသည်လည်း အကောင်းဆုံးကစားသမားအဖြစ် ၆ ကြိမ်တိုင်တိုင် ရွေးချယ်ခြင်းခံခဲ့ရသည်။

    မူရင်း – Why I converted to Islam ; America . Al Jazeera
    ဘာသာပြန် – သြရသ ရေချမ်း

  • ကြောက်စိတ်ကို ပယ်ရအောင်

    ကြောက်စိတ်ကို ပယ်ရအောင်

    ဧပြီ ၂၈ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင် ရေးသည်။
    399713_314534755255895_152560524786653_906274_147362491_n
    လူ့သဘာဝအရ ခန္ဓာကြံ့ခိုင် သန်စွမ်းသည်ပဲထား တစ်စုံတစ်ခုကိုကြောက်တဲ့ စိတ်မျိုးရှိတတ်တာ မဆန်းပါဘူး။ ယောင်္ကျားရယ် မိန်းမရယ် မခွဲခြားဘူး။ ကြောက်စိတ်ဆိုတာ ရှိနေတတ်တာပဲပေါ့။ ဆိုပါစို့။ တချို့က သတ္တဝါတွေကို ကြောက်တယ်။ ကြွက်၊ ပင့်ကူ၊ ပိုးဟပ်ကစလို့ ခွေး၊ ကြောင်အဆုံး။ တချို့ကျပြန်တော့အမြင့်ကိုကြောက်တယ်။ အထပ်မြင့် အဆောက်အဦးတွေ တက်ရမှာကြောက်တယ်။ မလွှဲသာလို့ တက်ရရင် အောက်ခြေကို ငုံ့မကြည့်ရဲဘူး။ လှေမစီးရဲသူ၊ ရေစပ်နား မသွားရဲအောင် ရေကြောက်သူတွေလည်း ရှိရဲ့။ “ဒါများကြောက်စရာလားလို့” သူများကို ပျက်ရည်ပြုလို့တော့ မရပါဘူး။ ဒါကလူတစ်ဦးစီရဲ့စိတ်ခံစားမှုပဲလေ။

    ကြောက်စိတ်ဆိုတာ ခံစားရခက်ပြီး ကြုံဖူးတဲ့အတွေ့အကြုံ ဒါမှမဟုတ် ကိုယ့်စိတ်ကူးအရ ရင်မဆိုင်ရဲတဲ့ အရာပါပဲလို့ စိတ်ပညာရှင်တွေက အဓိပ္ပယ်ဖွင့်ဆိုကြတယ်။ တကယ်တမ်းပြောရရင် ကြောက်စိတ်ဟာ လူတစ်ယောက်ရဲ့ တိုးတက်မြင့်မားလာတဲ့ အသိစိတ်နှင့် အောင်မြင်မှုအတွက် အဟန့်အတားဖြစ်စေတာတော့ အမှန်ပါပဲ။

    ကိုယ့်ကိုကိုယ်ဆန်းစစ်ကြည့်ရအောင်ပါ။ ကိုယ်ကဘာတွေကို ကြောက်နေတာလဲ။ ဘဝမှာ ဆုံးရှုံးမှု တစ်ခုခုနှင့် ရင်ဆိုင်ရမှာကိုလား။ ဘာကိုကြောက် စိတ်ဝင်နေတာလဲ။ များသောအားဖြင့်ကတော့ လက်ရှိအခြေအနေကို အပြောင်းအလဲလုံးဝမရှိဘဲ နေမြဲနေလိုတဲ့ သဘဝရှိတယ်။ တစ်ခါတစ်ရံမှာပေါ့ ကိုယ့်ရဲ့လက်ရှိအနေအထားကို လှုပ်လှုပ်ရှားရှားလေးဖြစ်သွားအောင် တစ်ခုခုဖြစ်ပေါ်လာရင် ဦးဆုံးဖြစ်ပေါ်လာတာက ကြောက်စိတ်။ ဒီတော့ဘာလုပ်မလဲ။ အဲဒီကြောက်စိတ်ကို ဖြေဖျောက်မဲ့နည်းလမ်းကို အပင်ပန်းခံပြီး စဉ်းစားမနေတော့ဘဲ ကိုယ်ကြောက်ရွံ့နေတဲ့ အရာနှင့် ရင်ဆိုင် မတိုးမိအောင် ကွေ့ရှောင်သွား လိုက်တာပဲပေါ့။ လမ်းရိုးလမ်းဟောင်းကို တစ်စိုက်မတ်မတ်လျှောက်ရင်း ကြောက်စိတ်ကို မပစ်ပယ်ဘဲ နေလိုက်တာ များတယ်။

    လူ့သမိုင်းတစ်လျှောက်မှာ ရဲရဲဝံ့ဝံ့ထိုးဖောက်လျှောက်လှမ်းခဲ့တဲ့သာ  ယောင်္ကျားတွေ မိန်းမတွေဟာ ကြောက်စိတ်တွေကိုပယ်ပြီး ကြိုးပမ်း အားထုတ်ခဲ့ကြတာကြောင့် နောက်လာနောင်သားတွေအတွက် အကျိုးခံစားမှုတွေ ကြီးကြီးမားမားခံစားရသည်ပဲပေါ့။ ကမ္ဘာကြီးမှာ ရဲဝံ့စွန့်စား၊ ကြောက်စိတ်ကို ပယ်ရှားသူတွေရှိနေခဲ့ခြင်းကြောင့် ဒီကနေ့ခေတ်မှာ ရှာဖွေတွေ့ရှိမှု အသစ်အဆန်းတွေကို အမွေဆက်ခံခွင့်ရကြတာပါ။

    ဖြစ်ရိုးဖြစ်စဉ်ကြောက်စိတ်မျိုး (သဘာဝဘေးဒဏ်၊ ရေကြီး ရေလွှမ်း၊ ငလျင်ဒဏ်စသည်ဖြင့်) ဆိုတာမရှိမဟုတ် ရှိပါတယ်။ ဒါပေမယ့် တချို့ကတော့ သဘာဝလွန်၊ ပုံမှန်မဟုတ်တဲ့ကြောက်စိတ်တွေ ရှိနေပြန်တယ်။ ဒီလိုကြောက်စိတ်ရှိလာတဲ့အခါ စိုးရိမ်ပူပန်မှုနှင့် သောက ဖိစီးမှုတွေကို ဖြစ်ပေါ်လာနိုင်တယ်။

    ကြောက်စိတ်နှင့် စိတ်ဖိစီးမှုဆိုတာ အမြွာလို လက်ချင်း ဆက်တွဲပြီး ရောက်လာတာမျိုး။ စိုးရိမ်စိတ်နှင့် သောကစိတ်များလွန်းတဲ့အခါ လူတစ်ယောက်ရဲ့သိစိတ်က မခံစားနိုင်တော့တာကြောင့် စိတ်ဓာတ်ကျဆင်းပြီး စိတ်ရောဂါခံစားလာရတဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။ ကြောက်စိတ်လွှမ်းမိုးနေသူဟာ အရာရာကို ဝေခွဲမရ၊ ဆုံးဖြတ်ချက်မှန်မှန်ချလို့ မရနိုင်ဖြစ်လေ့ရှိတယ်။ ကိုယ်ရည်ကိုယ်သွေးတွေ ညံ့ဖျင်းသွားတာကြောင့်လည်း တစ်ကြောင်းပေါ့။ ဘဝကို ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုစိတ်အားနည်းသွားတယ်။

    ကြောက်စိတ်ဆိုတာ ဘဝမှာဖြစ်နိုင်ခြေရှိတဲ့ စိတ်ချမ်းမြေ့စရမှန်သမျှကို ခိုးယူလိုက်သူနှင့် တူတယ်။ ဒါကြောင့် ကိုယ့်ရဲ့နေပျော်စရာဘဝလေးကို ဖျက်ဆီးပစ်မဲ့ကြောက်စိတ်ကို ဘယ်လိုအနိုင်ယူပါ့မလဲ။ နည်းလမ်းရှာဖို့တော့ လိုပါတယ်။ ပညာရှင်တွေက သုတေသနပြုလေ့လာ ထားတာတွေကို လေ့လာကြည့်ကြရအောင်ပါ။

    ဦးဆုံးအနေနှင့် ကိုယ်ကြောက်ရွံ့နေတဲ့အရာကို အသိအမှတ်ပြုလိုက်ပြီး ရင်ဆိုင်ဖြေရှင်းမယ်ဆိုတဲ့     ဆုံးဖြတ်ချက်ကို အလေးအနက်ထားရမှာဖြစ်တယ်။ အကျပ်အတည်းတိုင်းအတွက် အောင်မြင်မှုထွက်ပေါက်ရှိနေတယ်ဆိုတဲ့အချက်ကို အမြဲဆင်ခြင်ဖို့ လိုတယ်။ နောက်ပြီး အကျပ်အတည်းတိုင်းအတွက် အခွင့်အလမ်းတစ်ခုခုရှိနေမယ်လို့ ယုံကြည်ထားသင့်တယ်။ ကိုယ့်ရဲ့ကြောက်စိတ် ဆိုတာ ကိုယ်ကသာမကြောက်မရွံ့ရင်ဆိုင်နိုင်မယ်ဆိုရင် ရလာမဲ့အကျိုးဖြစ်ထွန်း မှုတွေကို ဖွင့်ပြနေတဲ့သဘောပါ။ ကိုယ့်ရဲ့ပြင်းပြတဲ့ စိတ်စွမ်းအား က ကြောက်စိတ်ကို အနိုင်ယူလိုက်မှာတော့ အသေအချာမို့ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရှင်သန်လာပြီပေါ့။

    ကြောက်စိတ်ကိုကိုယ်က ပုံဖော်စိတ်ကူးပြီး ကြောက်ရွံ့နေရတာဖြစ်တယ်။ အရှုံးနှင့်အခက်အခဲတွေကိုချည်းတွေးမြင်နေလို့ကတော့ ကြောက်စိတ်ထဲမှာပဲ တဝဲလည်လည်ဖြစ်နေမှာ သေချာတယ်။ အဲဒါရဲ့ဆန့်ကျင်ဘက် အနေနှင့် အောင်မြင်မှုနှင့် အခွင့်အလမ်းတွေကို ပုံဖော်စိတ်ကူးနေမိရင်တော့ လက်တွေ့အကောင်အထည်ဖော်လာနိုင်မှာပါ။ တကယ်တော့ မျှော်လင့်ချက်ဆိုတာ အစွမ်းထက်တဲ့တွန်းအားတစ်ခုပါ။ လာမယ့် မနက်ဖြန်တွေဟာ ဒီကနေ့ထပ်ပိုပြီးကောင်းလာမှာ သေချာတယ်ဆိုတဲ့ယုံကြည်မှုဟာ မျှော်လင့်ချက်ပဲပေါ့။ မျှော်လင့်ချက်ကင်းမဲ့တာဟာ အောင်မြင်မှုဆိုတဲ့အမြင်ပျောက်ကွယ်သွားခြင်းလို့ ဆိုနိုင်တယ်။ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်မှုနှင့် တက်ကြွလန်းဆန်းမှုတွေပါ လျော့ပါးသွားမှာဖြစ်တယ်။ ဒါကြောင့် မျက်လုံးတွေရော၊ နှလုံးသားပါဖွင့်ထားပြီး မဝေးတော့တဲ့ အနာဂတ်မှ ရလာနိုင်တဲ့ အောင်မြင်မှုတွေကို မျက်လုံးတွေနှင့် မြင်ကြည့်မယ် ။ နှလုံးသားကိုတော့ ယုံကြည်မှုနှင့် ဖြည့်ထား မယ်။ ဒါဆိုရင်တော့ သေချာပြီ။ ကြောက်စိတ်ကို အဆုံးစွန်ရောက်တဲ့ အထိနှင်ထုတ်နိုင်မှာပါ။

    ကြောက်စိတ်ဟာ စိတ်ခံစားမှုတစ်မျိုးမို့ ကိုယ်ကယုယုယယထွေးပိုက်ထားရင် ကိုယ့်ခန္ဓာမှာ မျှော့တစ်ကောင်လိုတွယ်ကပ်နေလိမ့်မယ်။ သတိမထားမိဘဲ အမှတ်တမဲ့နေသွားရင်တော့ အဲဒီကြောက်စိတ်ဆိုတဲ့ မျှော့ဟာ ကိုယ်ခန္ဓာထဲမှာ`ရှိတဲ့ အစွမ်းအစတွေကို အားပါးတရ စုပ်ယူပစ်လိုက်ပါလိမ့်မယ်။

    “ရဲရင့်တဲ့သူဆိုတာ ကြောက်ရွံ့စိတ်မရှိတဲ့ သူမဟုတ်ဘူး။ အဲဒီကြောက်စိတ်ကို အနိုင်ယူတဲ့ သူ” လို့ တောင်အာဖရိက နိုင်ငံက တော်လှန်ရေးခေါင်းဆောင် မင်နဲဒဲလားက ပြောခဲ့တယ်ဆိုတဲ့အကြောင်း။

    နှင်းဆီခင်

    Image: internet

    ဆောင်းပါးရှင် နှင်းဆီခင်၏ အခြားဆောင်းပါးများ ဖတ်လိုလျှင် =>http://www.m-mediagroup.com/news/tag/d-rose

  • သူဌေးစိတ်ဓါတ် (Millionaire Mentality)

    သူဌေးစိတ်ဓါတ် (Millionaire Mentality)

    ဧပြီ ၂၅ ၊ ၂၀၁၅
    M-Media
    လူမင်းဟန် ရေးသည်။
    11164135_10205940509139315_2080486325_n
    သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့ ကံကောင်းမှု့၊ အလုပ်ကြိုးစားမှု့ ဒါတွေ အားလုံးလိုပါတယ်။ အထူးသဖြင့် အလုပ်ကြိုးစားမှု့ ပိုပြီးလိုပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးထက်အရေးကြီးတဲ့ အရာတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ Millionaire Mentality လို့ခေါ်တဲ့ သူဌေး စိတ်ဓာတ် ပါပဲ။ မိမိစီးပွားရေး ရည်မှန်းချက်ကို ရောက်အောင် လူတစ်ဦး ချင်းစီရဲ့ ကျွမ်းကျင်မှု့တွေ၊ အရည်အသွေးတွေ အသိပညာတွေ အားလုံးကိုစုစည်း ကြိုးကိုင်နိုင်မောင်းနှင် နိုင်တဲ့ စိတ်ဓာတ်ကို ဆိုလိုပါတယ်။

    ကာလီဖိုးနီးယားက ကျတော့်ရဲ့ ရေနံလုပ်ကွက် တွေကို စီမံခန့်ခွဲဖို့ လူတစ်ယောက်ကိုငှားဖူးပါတယ်။ သူ့နာမည်ကို ဂျော့မီလာ လို့ပဲ ခေါ်ကြပါစို့။ သူက ရိုးသားတယ်၊ အလုပ်ကြိုးစားတယ်၊ ပြီးတော့ ရေနံလုပ်ငန်းကိုလည်း ကျွမ်းကျင်ပါတယ်။
    သူ့ကို ကျတော်ပေးတဲ့ လစာဟာလည်း သူတာဝန်ယူရတဲ့ အလုပ်နဲ့ မျှတပါတယ်။ သူကိုယ်တိုင်လည်း ကျေနပ်ပုံရပါတယ်။ ဒါပေမယ့် အဲဒီရေနံ လုပ်ကွက်တွေကိုသွားပြီး ရေနံတွင်းတွေ၊ စက်ပစ္စည်းတွေကို စစ်ဆေး တိုင်း ကျတော် အားမရပါဘူး။ ဂျော့မီလာ ရဲ့ စီမံခန့်ခွဲမှု့ဟာ ထင်သလောက်အရာမရောက်ဘူးလို့ ဆုံးဖြတ်မိပါတယ်။ မလိုအပ် ပဲ လူတွေ အများကြီးခန့်ထားတယ်။ ကုန်ကျစားရိတ်တွေ အရမ်းများနေတယ်။ တချို့အလုပ်တွေ နှောင့်နှေးနေတယ်။ တချို့အလုပ်တွေ ကျပြန်တော့ လည်း မြန်မြန် လုပ်ပြီး သေချာဂရုမစိုက်။ တချို့ပစ္စည်းကိရိယာတွေ လိုနေတယ်။ တချို့ဟာတွေကျ မလိုအပ် ပဲ ပုံနေတယ်။ ဂျော့မီလာ ကိုယ်တိုင်လည်း လုပ်ကွက် ထဲကို သေချာဆင်းပြီး မလေ့လာပဲ ရုံးခန်းမှာချည်းပဲ အချိန်ကုန်နေ တယ်လို့ ကျတော်ထင်ပါတယ်။ တကယ်တမ်းဆို ဒါတွေအားလုံးဟာ သူ့တာဝန်ပါ။ ဒါတွေကြောင့် အလုပ်ဟာ စားရိတ်တွေကြီး၊ ထုတ်လုပ်မှု့ကလည်း ကျ၊ အမြတ်လည်း လုံးဝအားရစရာမရှိဖြစ်နေပါတယ်။ ဒါပေမယ့် ကျတော် ဂျော့မီလာ ကိုသဘောကျ တယ်။ နောက်ပြီးသူ့မှာ ဒီအလုပ်အတွက် လိုအပ်တဲ့ အရည်အချင်းတွေ အားလုံးပြည့်စုံတယ်လို့ကျတော်ယုံကြည်တယ်။ ဒါကြောင့် တနေ့မှာတော့ ကျတော် ဂျော့မီလာနဲ့ နှစ်ယောက်တည်း စကားပြောပါတယ်။ သူ့ရဲ့ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ပဲ သူ့ကိုပြောပြလိုက်ပါတယ်။

    “ငါ ဒီဆိုဒ်ထဲမှာ တစ်နာရီလောက် အချိန်ယူလိုက်တာနဲ့ ဘာတွေလိုနေတယ်၊ ဘယ်လို ပြုပြင်ရမယ်ဆိုတာ ငါသိတယ်။ အပွင့်လင်းဆုံးပြောရရင် မင်းဘာလို့ ဒါတွေ မမြင်တာလည်းဆိုတာ ငါနားမလည်ဘူး။ ” ကျတော်က သူ့ကိုပြောပြသည်။
    “ဟုတ်မှာပေါ့။ ခင်ဗျားက ဒါတွေ အကုန်လုံးပိုင်တယ်လေ။ ဒီကရတဲ့ အကျိုးအမြတ်တွေအကုန်လုံးလဲ ခင်ဗျားပဲရမှာလေ။ ဒီတော့ ခင်ဗျားမျက်စိက ဘာတွေလိုတယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာ ပိုမြင်တာပေါ့။” သူကလည်း ကျတော့်ကို ပွင့်ပွင့်လင်းလင်းပဲ သူ့အမြင်ကိုပြန်ပြောပါတယ်။

    အမှန်အတိုင်းပြောရရင် သူပြောတာကို ကျတော် အရင်က မစဉ်းစားမိပါဘူး။ ဒါနဲ့ကျတော်လည်း ရက်အနည်းငယ်လောက် စဉ်းစားပြီးတော့ စမ်းသပ်မှု့တစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်တကြိမ် ဂျော့မီလာ နဲ့ ကျတော်စကားပြောပါ တယ်။
    “ဒီမှာ ကြည့်စမ်း ဂျော့…. ဒီဆိုဒ် ကို မင်းကို ငါလွှဲပေးလိုက်မယ်။ မင်းကို ပုံမှန်လစာမပေးတော့ဘူး။ ဒီ ဆိုဒ် က ရတဲ့ အကျိုးအမြတ်ကို ရာခိုင်နှုန်းနဲ့ အချိုးကျ ခွဲပေးမယ်။ ဘယ်လိုလဲ။ မင်းလက်ခံမလား။”

    ကျတော့် ကမ်းလှမ်းချက်ကို သူသေချာစဉ်းစားပြီးကျေကျေနပ်နပ်လက်ခံလိုက်ပါတယ်။

    ပြောင်းလဲမှု့ ကတော့ ချက်ချင်းဆိုသလိုပါပဲ။ ဒီဆိုဒ်က ရတဲ့ အကျိုးအမြတ်ဟာ သူနဲ့ ဆိုင်တယ်ဆိုတာလည်း သိရော၊ ဂျော့ ဟာ သူ့ရဲ့ အစွမ်းကို အကုန်ထုတ်သုံးတော့တာပါပဲ။ ကုန်ကျ စားရိတ်တွေကို လျှော့ချတယ်။ ထုတ်လုပ်မှု့တွေတိုး တက်အောင်လုပ်တယ်။ အရင်က သူမမြင်ခဲ့တဲ့ လုပ်ပုံကိုင်ပုံ အမှားတွေကို ချက်ချင်းပြင်ပါတယ်။ မလိုအပ်တဲ့ အလုပ်သမားတွေကိုလည်း ချက်ချင်းလျှော့ပစ်ပါတယ်။ အရင်တုန်းက တပတ်ကို သုံးရက်လောက် ရုံးခန်းမှာပဲ အချိန်ဖြုန်းနေတဲ့ ဂျော့ဟာ အခုတော့ ဆိုဒ်ထဲမှာပဲ အချိန်ကုန်ပါတယ်။ ရုံးခန်းကို တစ်လ လေးခေါက်လောက်ပဲ လာပါတော့တယ်။ နောက်နှစ်လ လောက်နေတော့ ကျတော် ဂျော့မီလာ ရဲ့ လုပ်ကွက်ကို ထပ်ပြီး စစ်ဆေးခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ ဘာအမှား အယွင်းမှ မရှိပါဘူး။ ကျတော်ကိုယ်တိုင် သူ့နေရာဝင်ပြီးလုပ်ရင်တော့ သူ့လောက် အပေါက်အလမ်း တည့်အောင်လုပ်နိုင်မယ် မထင်ပါဘူး။ ကျတော်တို့ ရဲ့ အမြတ်ဟာလည်း ပြောစရာ မလိုအောင်ကို တောက်လျှောက် တိုးတက်လာခဲ့ပါတယ်။

    စီးပွားရေးရူ့ဒေါင့်က ကြည့်ရင် လူလေးမျိုးရှိပါတယ်။ ပထမတစ်မျိုးက ကိုယ်ပိုင်စီးပွားရေးသမားတွေပါ။ သူတို့ ဟာ ဘယ်သူ့ဆီမှာမှ လခစား မလုပ်လိုပဲ ကိုယ်ပိုင်စီးပွားရေး လုပ်ချင်သူတွေပါ။ လွတ်လွတ်လပ်လပ် နဲ့ကိုယ့် ဘ၀ရဲ့ အာမခံချက်အတွက် ကိုယ်တိုင်ကြိုးစားချင် သူတွေဖြစ်ပါတယ်။ ကိုယ်တိုင်စွန့်စားလုပ်ကိုင်မယ်။ ဖြစ်လာမည့် အကျိုးဆက်ကိုလည်း ကိုယ့်ဟာကို တာဝန်ယူရဲတဲ့သူတွေပါ။

    ဒုတိယတစ်မျိုးကတော့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ပိုင် စီးပွားရေးတော့ မလုပ်ပါဘူး။ ဒါပေမယ့် အမြတ်ခွဲဝေမှု့ ပုံစံနဲ့ သူများဆီမှာ အလုပ်လုပ်တဲ့ပုံစံမျိုးပါ။ ဒီအမျိုးအစားထဲမှာ ကော်မရှင်နဲ့ လုပ်တဲ့အရောင်း ကိုယ်စားလှယ်ကနေ စီးပွားရေးလောက ရဲ့ ထိပ်တန်း မန်နေဂျာတွေ၊ စီအီးအိုတွေ အထိပါပါတယ်။ ဂျော့မီလာဟာ ဒီ ဒုတိယ အမျိုးအစားထဲမှာပါပါတယ်။

    တတိယတစ်မျိုးကတော့ ၀န်ထမ်းပဲ လုပ်ချင်သူတွေပါ။ သူတို့ဟာ ပုံမှန်လစာလိုချင်တယ်။ အလုပ်အာမခံချက်လိုချင်တယ်။ သူတို့ကိုခိုင်းတဲ့ အလုပ်ကိုလည်းကောင်းကောင်းမွန်မွန်လုပ်မယ်။ ဒီအုပ်စုမှာပါတဲ့သူတွေဟာ အလုပ်ကြိုးစားတဲ့၊ ယုံကြည်စိတ်ချရတဲ့ ၀န်ထမ်းကောင်းတွေပါ။ ဒါပေမယ့် သူတို့မှာ စွန့်စားလုပ်ကိုင်ချင်စိတ်၊ ဦးဆောင်ချင်စိတ် မရှိပါဘူး။ နောက်ပြီး ပထမအုပ်စုနဲ့ ဒုတိယအုပ်စုက လူတွေလို မဟုတ်ဘဲ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်လည်းနည်းပါးကြပါတယ်။

    စတုထ္တတစ်မျိုးကလည်း ၀န်ထမ်းတွေပါပဲ။ ဒါပေမယ့် သူတို့ရဲ့ အလုပ်အပေါ်မှာထားတဲ့ စိတ်ထားဟာ ဘာနဲ့တူသလဲ ဆိုရင် စာတိုက်က စာရေးတွေ ဆက်သွယ်ရေးဝန်ကြီးဌာန အပေါ်မှာ ထားတဲ့သဘောထားမျိုးနဲ့တူပါတယ်။ စာတိုက်စာရေး တွေကိုစော်ကားတာ မဟုတ်ပါဘူး။ ဒါပေမယ့် စာတိုက်စာရေးတွေဟာ သူတို့ အလုပ်ရှင် မြတ်သလား ရူံးသလားဆိုတာ သိတဲ့သူ၊ မြတ်စေလိုတဲ့ စိတ်နဲ့ ကြိုးစား အလုပ်လုပ်သူ မရှိသလောက်ရှားပါတယ်။ စာတိုက်ဌာနရဲ့ အရူံးဟာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါ။ ဒီအရှုံးတွကို ပြည်ထောင်စု အစိုးရက ကျခံပေးပါတယ်။ ကျတော့် အထင်တော့ စာတိုက်စာရေး ဆယ်ယောက်မှာ တစ်ယောက် တောင် စာတိုက်ဌာန ရှုံးသလား၊ မြတ်သလားဆိုတာ ဂရုစိုက်သူ မရှိဘူးလို့ထင်ပါတယ်။

    ဒီလိုစိတ်ထားမျိုးရှိသူတွေကို အလုပ်ခန့်တာဟာ စာတိုက်ဌာန အတွက် ဘာမှ မဖြစ်ပေမယ့် ဈေးကွက်စီးပွားရေးစနစ် မှာတော့ ဒီလိုစိတ်ထားရှိတဲ့ သူကို အလုပ်ခန့်မိတဲ့ စီးပွားရေးလုပ်ငန်းဟာ ကိုယ့်သေတွင်းကိုယ်တူးတာပါပဲ။

    ဒါပေမယ့် စီးပွားရေးလုပ်ငန်းတွေမှာ စာတိုက်စာရေး စိတ်ဓာတ်မျိုးရှိတဲ့ သူတွေ ရာထူးကြီးကြီးယူထားတာကို အများကြီးတွေ့ရပါတယ်။ သူတို့ဟာ လစာ ပုံမှန်ရနေသ၍ သူတို့ကို အလုပ်ခန့်ထားတဲ့ ကုမ္ပဏီ မြတ်သလား၊ ရူံးသလားဆိုတာကို သိပ်ပြီး ဂရုမစိုက်ကြပါဘူး။ ကျတော်ကိုယ်တိုင် ဒီလိုလူမျိုးတွေကို အများကြီးကြုံဘူးပါတယ်။ တချို့ဆိုရင် နာမည်ကြီး စီးပွားရေးကျောင်းတွေက ဘွဲ့ယူထားတဲ့သူတွေတောင်ပါ ပါသေးတယ်။ ဒါပေမယ့် သူတို့ဟာ Balance Sheet ကိုတောင် ကောင်းကောင်းမကြည့်တတ်ပါဘူး။ အမြတ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကိုတောင် နားလည်အောင် ရှင်းမပြနိုင်ကြပါဘူး။ ဒီလိုလူမျိုးတွေဟာ ဘယ်လောက်ပဲ ကြီးကျယ်တဲ့ ဘွဲ့တွေကို ရထားပါစေ။ သူတို့ရဲ့ စိတ်ဓာတ်ဟာ စာတိုက် စာရေးထက် မပိုပါဘူး။ သူတို့ဟာ ကိုယ့်အကျိုးအတွက် ကြည့်တတ်တာက လွဲရင် သူလုပ်နေတဲ့ အလုပ် အပေါ်မှာ တာဝန်ယူလိုစိတ်မရှိကြပါဘူး။ သူတို့ဟာ အပြင်ပန်းအားဖြင့်တော့ ရာထူးကြီးကြီး အတွက် ထိုက်တန်တဲ့ အရည်အချင်းတွေ အတွေ့အကြုံတွေ ရှိသလိုလိုထင်ရပါတယ်။ တကယ်တမ်းကျ သူတို့ရဲ့ ဆယ်နှစ် အတွေ့အကြုံဟာ တစ်နှစ်အတွေ့အကြုံကိုပဲ ဆယ်ခါ ထပ်တလဲလဲ ရှိနေသလိုပါပဲ။ ဆယ်နှစ်အတွေ့အကြုံရှိတယ်ဆိုတဲ့ စကားနဲ့တန်တဲ့ အရည်အချင်း၊ လုပ်ချင်ကိုင်ချင်စိတ် မရှိကြပါဘူး။ မြောက်များလှစွာသော စာတိုက်စာရေး စိတ်ဓာတ် နဲ့လူတွေဟာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပေမယ့် ဘာလို့ မအောင်မြင်တာပါလိမ့်၊ ဘာလို့ မကြီးပွားတာပါလိမ့်လို့ မေးတတ်ကြပါတယ်။

    ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ စိတ်ဓာတ်ကြောင့်ပါပဲ။

    ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ Millionaire Mentality လို့ခေါ်တဲ့ သူကြွယ်စိတ်ဓာတ် ဆိုတာ တကယ်ရှိပါတယ်။ ဒီစိတ်ဓာတ်ရှိသူဟာ ကိုယ်ပိုင်စီးပွားရေးလုပ်သူဖြစ်စေ၊ ၀န်ထမ်း ဖြစ်စေ အောင်မြင်မှု့လမ်းကြောင်းမှာ သူများထက် ရှေ့ကရောက် နိုင် ပါတယ်။ အချုပ်အားဖြင့် ဆိုရင်တော့ သူကြွယ် စိတ်ဓာတ်ရှိသူဟာ ကုန်ကျ စားရိတ်ကို တတ်နိုင်သမျှလျှော့ချ၊ အမြတ် ရရှိဖို့အတွက် ရှေ့ရှုပြီး လုပ်ကိုင်နိုင်တဲ့ အရည်အချင်းမျိုးရှိသူပါ။ ဒီလို သူကြွယ်စိတ်ဓာတ်မျိုးဟာ ကျတော် အပေါ်မှာပြောခဲ့တဲ့ လူလေးမျိုးထဲက ပထမတစ်မျိုးနဲ့ ဒုတိယ တစ်မျိုးမှာ များသောအားဖြင့် တွေ့ရတတ်ပါတယ်။ တတိယ အုပ်စုမှာ ဒီစိတ်ဓာတ်မျိုး သိတ်မတွေ့ရတတ်ပါဘူး။ ဒီအုပ်စုက လူတွေဟာ အလယ်အလတ်တန်းစားဘ၀ လောက် နဲ့တင်ကျေနပ် တတ်ကြတဲ့သူတွေပါ။ စတုထ္တအုပ်စုမှာတော့ ကျတော်ပြောတဲ့ သူကြွယ်စိတ်ဓာတ်မျိုး လုံးဝ မရှိနိုင်ပါဘူး။ ဒီလူမျိုးတွေဟာ နည်းနည်းလုပ်ပြီး များများပြန်လိုချင် သူတွေပါ။ သူတို့ဟာ အလုပ်ခန့်တဲ့ကုမ္ပဏီ ကို တိုးတက်အောင်၊ ကြီးပွားအောင် ၀ိုင်းဝန်းကြိုးပမ်းရမယ့် အရာလို့မမြင်ပဲ သူတို့လိုတာကိုပေးတဲ့ ပဒေသာပင် အဖြစ်မြင်ချင်ကြပါတယ်။

    ကျတော်အရင်တုန်းက တွေ့ဘူးပါတယ်။ သူတို့တွေ မအောင်မြင်ရတာဟာ ငါ့လောက် ကံမကောင်းကြလို့၊ ငါ ပညာတွေ သင်ခဲ့ရသလို သူတို့ မသင်ခဲ့ကြရလို့၊ ငါ့လောက် စီးပွားရေး အတွေ့အကြုံတွေ မရှိလို့ လို့ ဖေးဖေးမမ တွေးဘူးပါတယ်။

    ဒါပေမယ့် ကျတော် တဖြည်းဖြည်း နဲ့သိလာတာက ခုနက စီးပွားရေးအတွေ့အကြုံမရှိပါဘူး၊ ကံမကောင်းပါဘူး ဆိုတဲ့သူတွေဟာ သူတို့ အကျိုးအတွက်ဆိုပါက အတော်ဆုံး စီးပွားရေးသမားတွေ ထက်တောင် တွက်တက်ချက်တတ်တယ် ဆိုတာပါပဲ။ ကျတော်တစ်ခါ တုန်းက ကုမ္ပဏီတစ်ခုကို ၀ယ်လိုက်ပါတယ်။ ဒီကုမ္ပဏီဟာ အောင်မြင်နိုင်တဲ့ အခြေအနေတွေ ၊ အခွင့်အလမ်းတွေ အများကြီး ရှိပါလျက်နဲ့ မအောင်မမြင်ပါဘူး။ ဘာလို့လဲ ဆိုတာ ကျတော် အဖြေရှာကြည့်ပါတယ်။ မကြာပါဘူး ပြသနာရဲ့ အရင်းအမြစ်ကိုသိလိုက်ရပါတယ်။ ကုမ္ပဏီရဲ့ အဓိက တာဝန်ရှိသူ မန်နေဂျာ သုံးယောက်ဟာ စာတိုက်စားရေး တွေ ဖြစ်နေတာကိုး။ သူတို့ဟာ မလိုတဲ့ အသုံးစားရိတ်တွေကို လျှော့ချရမယ်၊ အမြတ်ရရှိဖို့ ရှေ့ ရှု့အလုပ်လုပ်ရမယ် ဆိုတာ မသိကြပါဘူး။

    သူတို့ရဲ့ တစ်လ လစာဟာ ထောင် ဂဏန်းရှိပါတယ်။ လကုန်ခါနီးတော့ သူတို့ လစာထဲက ငါးဒေါ်လာ နုတ်ထားဖို့ စာရင်းဌာန ကို ကျတော်ညွန်ကြားလိုက်ပါတယ်။ တကယ်လို့ သူတို့ဘက်က မေးလာရင် ကျတော့်ဆီကို တိုက်ရိုက်လွှတ်လိုက် ဖို့လည်း ထပ်ပြီး ညွန်ကြားထားလိုက်ပါတယ်။ ကျတော် ထင်ထားသလိုပါပဲ လစာချက် ရပြီး တစ်နာရီအတွင်းမှာ မန်နေဂျာကြီး သုံးယောက် ကျတော်ဆီရောက်လာပါတယ်။

    “ကုမ္ပဏီ စာရင်းအင်းတွေကို ငါ အကုန်ကြည့်ပြီးပြီ။ ဒီထဲမှာ မလိုအပ်တဲ့ အသုံးစားရိတ်တွေ အများကြီးတက်နေတာတွေ့ရတယ်။ ဒါတွေကြောင့် မနှစ်တုန်းက ဒေါ်လာသောင်း ဂဏန်းလောက် နစ်နာခဲ့တယ်။ မင်းတို့ ဒါတွေကို ဂရုမစိုက်ခဲ့ဘူး။ ပြီးတော့ ဒီလို အသုံးစားရိတ်တွေ အများကြီး ဘာလို့ တက်နေတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာလည်းမရှာဘူး။ ပြင်လည်း မပြင်ဘူး။ အခု မင်းတို့ လစာ ငါးဒေါ်လာလျှော့နေတာ ကျတော့ ချက်ချင်း သိပြီး complain လုပ်တယ်။” ကျတော်လည်းသူတို့ကို ဆုံးမရပါတယ်။ နှစ်ယောက် ကတော့ ကျတော့်စကားကို နားထောင်ပြီး ပြင်ကြပါတယ်။ နောက်တစ်ယောက်ကတော့ တခြားမှာအလုပ်ရှာဖို့ ထွက်သွားပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုဟာ အမြတ်မရပဲ ဆက်လက် ရပ်တည်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ပြောစရာကိုမလိုပါဘူး။ နောက်ပြီး စီးပွားရေးတစ်ခုမှာ ပိုင်ရှင်ရော အလုပ်သမားတွေရောဟာ ထုတ်လုပ်မှု့တိုးတက်ဖို့၊ အသုံးစားရိတ် တတ်နိုင်သလောက်လျှော့ချနိုင်ဖို့၊ ထုတ်လုပ်မှု့အရည်အသွေး တိုးတက်ဖို့ ဒါတွေကို သတိရှိရှိနဲ့ အမြဲကြိုးစားနေရမှာပါ။ ဒါမှလည်း စီးပွားရေးလုပ်ငန်းဟာ တိုးတက်လာ မှာပါ။ ဒါတွေဟာ စီးပွားရေး ပညာရဲ့ အခြေခံအကျဆုံး အပိုင်းတွေပါ။ ဒီသဘောတရားကို တချို့ စီးပွားရေးသမားတွေသိတ်နားမလည် ကြပါဘူး။ တချို့ဆိုလုံးဝ ကိုနားမလည်တာပါ။

    စီးပွားရေးလောကမှာ အားလုံးသိတဲ့ သဘောတရားတစ်ခု အကြောင်းကိုလည်းပြောချင်ပါသေးတယ်။ တခါတုန်းက လူငယ်မန်နေဂျာ တစ်ယောက်ဟာ သူ့ဌာန အသုံးစားရိတ်ခွင့်ပြုမှု့ကို ဒေါ်လာ ၂၀,၀၀၀ လျော့ချလိုက်တဲ့အကြောင်း ကျတော့ ကို မကျေမနပ် ပြောပြပါတယ်။

    “အဲလို လျှော့ချလိုက်တဲ့အတွက် မင်း ဌာနရဲ့ စွမ်းဆောင်ရည် ဒါမှမဟုတ် ထုတ်လုပ်မှု့ ကျသွားလို့လား။” ကျတော်သူ့ကို ပြန်မေး လိုက်ပါတယ်။

    သူက ခဏစဉ်းစားပြီး “အဲလိုတော့ မဟုတ်ပါဘူး။”

    “ဒါဖြင့် ဘယ်နှယ့်ကြောင့် မကျေမနပ်ဖြစ်နေတာတုန်း။”

    “ဒါပေမယ့် ကျတော်တို့ သုံးစရာတစ်ခုခုတွေ့လာမှာပေါ့။ နောက်ပြီး စီးပွားရေးမှာ အောင်မြင်ဖို့အတွက်ဆို အကြီးကြီးစဉ်းစားပြီး ပိုက်ဆံများများသုံးရမယ်မို့လား။” သူကလည်း သူ့သဘောထားကိုပြန်ပြောပါတယ်။

    ဒီကောင်လေးဟာ ကျတော့် ၀န်ထမ်း မဟုတ်တာတော်သေးတယ်လို့ အောက်မေ့မိပါတယ်။ နို့မဟုတ်ရင် အဲနေရာမှာတင် သူ့ကို အလုပ်ဖြုတ်ပစ်မှာ။

    “အောင်မြင်ဖို့အတွက် ကြီးကြီးစဉ်းစားပြီး များများသုံးရမယ်” ဆိုတဲ့သဘောတရားကို ကျတော်စီးပွားရေးလောက ထဲစ၀င်လာကတည်းက ကြားဘူးပါတယ်။ ဒီသဘောတရားလောက် နားလည်မှု့လွဲမှားခံရတဲ့ သဘောထား စီးပွားရေးလောက မှာ မရှိဘူးထင်ပါတယ်။
    စီးပွားရေးမှာ အောင်မြင်ဖို့အတွက် ဆိုရင် စဉ်းစားဥာဏ်ရှိရမယ်။ မျက်စိတစ်ဆုံးကို ကြိုတင်တွေးတောနိုင်ရမယ်ဆိုတာ ကျတော် နားလည်ပါတယ်။ နောက်ပြီး ငွေကြေးကိုလည်း လိုအပ်တဲ့နေရာမှာ သုံးစွဲရမယ်၊ လိုအပ်ရင် ဆုံးရူံးနိုင်ချေ ရှိတဲ့နေရာမှာတောင် ရင်းနှီးရမယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမမယ့် သုံးတဲ့နေရာမှာ သေချာတွက်ချက်ရမယ်။ ဆုံးရူံးနိုင်ချေ ရှိတဲ့နေရာမှာလည်း ဆုံးရူံးနိုင်ချေ ကို သေချာတွက်ချက်ပြီး ပြန်ရမှာနဲ့ တန်တဲ့ နေရာတွေမှာပဲ ရင်းနှီးရမှာပါ။ ဆင်ကန်းတောတိုး သလိုလုပ်ဖို့ မဟုတ်ပါဘူး။
    ကျတော့် ကိုယ်ပိုင် အမြင်အရတော့ သူကြွယ်စိတ်ဓာတ်ရှိသူတစ်ယောက်ဟာ ကြီးကြီးမားမားတွေကိုစဉ်းစားဖို့ထက် အသေးစိတ် ကိစ္စတွေကို သတိထားဖို့ ပိုပြီးလိုတယ်လို့ထင်ပါတယ်။ မလိုအပ်တွေအသုံးစားရိတ်တွေကို လျှော့ချဖို့အတွက် အသေးစိတ် ကိစ္စတွေကို သေသေချာချာလေ့လာသင့်ပါတယ်။ ကျတော် ဒီသဘော ကိုပြောတဲ့အခါ တစ်ယောက်က စီးပွားရေးမှာအောင်မြင်ဖို့ ကပ်စီးနည်း ရမှာလားလို့ မေးဘူးပါတယ်။ တစ်နေရာမှာ ကပ်စီးနည်း တယ်လို့ ထင်ရတဲ့ကိစ္စလေး တွေဟာ တခြားတနေရာမှာ ကြီးမားတဲ့ကုန်ကျ စားရိတ်တွေကို သက်သာစေနိုင်တယ်လို့ ကျတော်သူ့ကို သေချာရှင်းပြရပါတယ်။ တစ်ခါတုန်းက အမေရိကန် ကော်ပိုရေးရှင်းကြီး တစ်ခု ဟာ သူ့ရုံးခန်းအမှိုက်ပုံးထဲက စွန့်ပစ်ပစ္စည်းတွေကို လေ့လာ ပါတယ်။ ဒီထဲက အသုံးဝင်မည့် ပစ္စည်းအသေးအမွှားလေးတွေကို ရွေးပြီး တန်ဖို့းဖြတ်ပါတယ်။ ဥပမာ- စက္ကူညှပ်တဲ့ကလစ်တို့၊ သားရေကွင်းတို့၊ ခဲတံတို့ပေါ့။ ဒါတွေအာလုံး ပေါင်းလိုက်တာ တစ်နှစ်ကို ဒေါ်လာ ၃၀,၀၀၀ လောက်ဟာ အမှိုက်ပုံးထဲရောက်နေတာကိုတွေ့ရပါတယ်။ ထရပ်ကား ကုမ္ပဏီတစ်ခု မှာလဲ အဲသလိုပါပဲ။ ကားသမားတွေဟာ ကားကို ဓာတ်ဆီဖြည့်တဲ့အခါ ပိုက်ထဲမှာ ကျန်ပြီး မြေကြီးပေါ်ကျ ကုန်တဲ့ ဓာတ်ဆီဟာ တစ်နှစ်ကို ဒေါ်လာ ၁၅,၀၀၀ လောက် ရှိပါသတဲ့။

    ကျတော်ပိုင်တဲ့ ကုမ္ပဏီတစ်ခုက အငယ်တန်းမန်နေဂျာ တစ်ယောက်ဟာ ထုတ်လုပ်မှု့ကို သေချာလေ့လာပြီး ပစ္စည်းတစ်ခုကို ဆင့်တ၀က် ထုတ်လုပ်မှု့ကုန်ကျစားရိတ်သက်သာအောင်လုပ်ပါတယ်။ ဒါပေမယ့် အဲဒီဆင့်တစ်ဝက် ဟာ တစ်နှစ်လုံးပေါင်းလိုက်တဲ့အခါ ဒေါ်လာ ၂၅,၀၀၀ ရှိပါတယ်။ ဒီပမာဏဟာ သူ့လစာ ထက်များပါတယ်။ နောက်တစ်နှစ်ကျတော့လည်း အဲဒီ မန်နေဂျာပဲ သူ့ဌာနမှာ ကုန်ကျစားရိတ် ၂၀ ရာနှုန်းလျော့ချပြီး၊ ထုတ်လုပ်မှု့ ၁၂ ရာနှုန်းတက်လာ အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီကောင်လေးမှာ ကျတော်ပြောတဲ့ သူကြွယ် စိတ်ဓာတ်အပြည့်အ၀ ရှိပါတယ်။ ကျတော် သေသေချာချာပြောရဲ ပါတယ်။ ဒီကောင်လေး ဟာ အငယ်တန်း မန်နေဂျာ အဖြစ်နဲ့ပဲမနေဘူးဆိုတာ။ မကြာခင်အချိန်အတွင်းမှာ သူ ကိုယ်တိုင် သန်းကြွယ်သူဌေးတစ်ဦး ဖြစ်မှာပါ။

    အခုလို ပြိုင်ဆိုမှု့တွေ အရမ်းများနေတဲ့ ခေတ်မှာ စီးပွားရေးလုပ်ငန်းတိုင်းဟာ ကုန်ကျစားရိတ်လျှော့ချဖို့နဲ့ ထုတ်လုပ်မှု့တိုးတက်ဖို့ကို အပြင်းအထန်ကြိုးစားနေကြရတာပါ။ ဒီလိုခေတ်ကြီးမှာ ကုမ္ပဏီတစ်ခု ရဲ့ အနိမ့်ဆုံးဝန်ထမ်းနေရာမှာ တောင် စာတိုက်စာရေးလို လူစားမျိုးတွေ အတွက် နေရာမရှိပါဘူး။ အဲသလိုပဲ Millionaire Mentality ရှိတဲ့ မန်နေဂျာတွေ ၀န်ထမ်းတွေ အလွန်လိုအပ်ပါတယ်။

    ကျတော်နောက်တစ်ခေါက် ထပ်ပြောပါရစေ။ သူကြွယ်စိတ်ဓာတ်ရှိတယ်ဆိုတာ ကပ်စီးနည်းတာ၊ တွန့်တိုတာကိုပြောတာမဟုတ်ပါဘူး။ မိမိပိုင်တဲ့ ဒါမှမဟုတ်လဲ မိမိ အလုပ်လုပ်တဲ့ ကုမ္ပဏီရဲ့ အကျိုးကို မျှော်မှန်းပြီး မလိုအပ်တဲ့ကုန်ကျစား ရိတ်တွေကို လျှော့ချဖို့၊ အမြတ်ရရှိဖို့ အတွက် ရှေ့ရူ့လုပ်ကိုင်ဖို့ပါ။ မန်နေဂျာတစ်ယောက်အနေနဲ့ဆိုရင် မိမိကို ကုမ္ပဏီရဲ့ အစုရှယ်ယာ ပိုင်ရှင်တွေဟာ ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ လွှဲအပ်ထားခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ ယုံကြည်မှု့နဲ့တန်အောင် ကိုယ်က ကြိုးစားဖို့လိုပါတယ်။ စီးပွားရေးလုပ်ငန်း တစ်ခု ဆက်လက်ရပ်တည်နေဖို့ တစ်ခုတည်းမဟုတ်ပဲ အခွင့်အရေးရတိုင်း ဘယ်လို တိုးချဲ့လုပ်ကိုင်မယ်ဆိုတာကိုပါ ကြိုတင် စဉ်းစားထားဖို့လိုပါတယ်။ ။

    ************************************************************

    ရေနံသူဌေးကြီး J. Paul Getty ၏ How to be rich စာအုပ်မှ The Millionaire Mentality ကို ကျတော်နားလည်သလို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ Getty ဟာ တစ်ချိန်တုန်းက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ Getty Interest ကုမ္ပဏီဟာ အရှေ့အလယ်ပိုင်းမှာ ရေနံစ တူး တဲ့ ကုမ္ပဏီတွေထဲမှာ တစ်ခု အပါအ၀င်ဖြစ်ပါတယ်။ အလှူအတန်းတွေလည်း အများကြီးလုပ်ခဲ့ပါတယ်။ သူဟာ အနုပညာပစ္စည်း စုဆောင်းရတာကိုလည်း ၀ါသနာပါပြီး သူစုဆောင်းခဲ့တဲ့ အနုပညာပစ္စည်းတွေကို အခုအခါမှာ Getty Museum မှာ ပြသထားပါတယ်။

  • တရားမျှတမှု အတွက် တိုက်ပွဲဝင်နေရသည့် ကိုလံဘီယာမှ အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူ အမျိုးသမီးများ

    တရားမျှတမှု အတွက် တိုက်ပွဲဝင်နေရသည့် ကိုလံဘီယာမှ အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူ အမျိုးသမီးများ

    ဧပြီ ၂၄ ၊ ၂၀၁၅
    M-Media
    colombia_acid_attack2
    – တစ်နေ့သော ကြာသာပတေးနေ့၌ အသက် ၃၄ နှစ်အရွယ် နာတာလီယာ ပွန်ဆီ ဒဲလ် လီယွန်မှာ ဆန်တာဘာဘရာ ရပ်ကွက် လူကုန်ထံများနေထိုင်ရာ နေရာရှိ မိခင်ဖြစ်သူထံသို့ သွားရောက်လည်ပတ်ခဲ့သည်။ ထိုရပ်ကွက်အတွင်းရှိ လူနေတိုက်ခန်းများကဲ့သို့ သူမမိခင်၏ ကွန်ဒိုတိုက်ခန်းတွင် လုံခြုံရေးကင်မရာစနစ်၊ ဂိတ်ပေါက်ဝ၊ ဧည့်ကြိုစားပွဲနှင့် လုံခြုံရေးတစ်ဦးရှိသည်။ ညနေ ၅ နာရီကျော်ကျော်လောက်တွင် လုံခြုံရေးက သူမအား ဖုန်းခေါ်ပြီး ဧည့်သည်တစ်ယောက် ရောက်နေသည်ဟု ပြောသည်။ ဘယ်သူလဲဟုကြည့်ရန် အောက်ဆင်းလာစဉ် ခေါင်းစွပ်ဝတ်ထားသည့် လူစ်တစ်ယောက် ပေါ်လာပြီး သူမ၏ မျက်နှာကို ပူနေသော အရည်ဖြင့် လောင်းချလိုက်လေသည်။

    “ပထမတော့ ကျွန်မက ရေပဲထင်တာပေါ့။ ဒါပေမယ့် သူက နောက်တစ်ခေါက် ထပ်လောင်းချတယ်။ ပြီးတော့ အဲဒီအချိန်မှာ စပြီး လောင်တော့တာပါပဲ။ သွေးပူနေတာကြောင့် ချက်ခြင်းတော့ ကျွန်မ မနာသေးဘူး။ ဘာမှမမြင်ရတော့ဘူးဆိုတာ သိလိုက်ရတဲ့အခါမှာ ကျွန်မ စအော်တော့တာပဲ” ဟု သူမက ဆိုသည်။

    ပွန်ဆီ ဒီ လီယွန်မှာ အိမ်တွင်းရေပိုက် သန့်ရှင်းသည့် အရည်များတွင် များသောအားဖြင့် တွေ့ရသည့် ဆာလဖျူရစ်အက်စစ်ဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ စက္ကန့်ပိုင်းအတွင်း ထိုအက်ဆစ်က သူမ၏ အ၀တ်အစားကို တစ်စစီစားသွားသည်။  သူမက၏ အရေပြားထဲသို့ စိမ့်ဝင်သွားပြီး အပြင်အရေပြားအလွှာက အရည်ပျော်ကျလာသည်။

    မျက်နှာသွင်ပြင် ပျက်ဆီးသလောက်ဖြစ်သွားပြီး ခန္ဓာကိုယ်၏ ၂၄ ရာခိုင်နှုန်းကို လောင်ကျွမ်းပျက်ဆီးစေခဲ့သည့် မတ်လ ၂၇ ရက် အဆိုပါတိုက်ခိုက်မှုမှာ တစ်နှစ်စွန်းစွန်းပင် ရှိလာခဲ့ပြီ။ သူမ၏ ဒဏ်ရာဒဏ်ချက်များကို လူသိရှင်ကြား ထုတ်ပြခြင်းမပြုသော်လည်း သူမ၏ ကိစ္စက မီဒီယာများတွင် ဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားပြီး၊ တစ်နိုင်ငံလုံးတွင် ကန့်ကွက်သံတွေ ညံသွားသည်။ #FuerzaNataliaPoncedeLeón (ပွနှ်ဆီ ဒီ လီယွန်အတွက် အင်အား) ဟူသည့် အမည်ဖြင့် အွန်လိုင်း လှုပ်ရှားမှုကိုလည်း Twitter တွင် သိန်းနှင့်ချီ၍ ဖြန့်ကြသည်။ သူမကဲ့သို့ ခံစားရသူများအတွက် တရားမျှတမှုကို တောင်းဆိုသည့် ချီတက်ဆန္ဒပြမှုကိုလည်း မြို့တော်ဘိုကိုတာတွင် ပြုလုပ်ခဲ့ပြီး လူထောင်ချီ တက်ရောက်ခဲ့ကြသည်။

    “ကျွန်မရဲ့ အဖြစ်အပျက်က နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ အပေါက်တစ်ပေါက်ကို ဖွင့်ထုတ်လိုက်တာပါပဲ။ ဖြစ်ပျက်တာတွေ အားလုံးအတွက် ကျွန်မ ဘာမှ မပြင်ဆင်နိုင်ခဲ့ပါဘူး” ဟု သူမက ပြောကြားခဲ့သည်။

    ကမ္ဘာတစ်ဝှမ်း၌ အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူအရေအတွက်မှာ နှစ်စဉ် ၁၅၀၀ နီးပါးရှိသည်ဟု ထိုတိုက်ခိုက်မှုများကို စောင့်ကြည့်လေ့ လာနေသည့် Acid Survivors Trust International (ASTI) က ဆိုသည်။ ထိုအဖွဲ့မှာ လန်ဒန်အခြေစိုက်ဖြစ်ပြီး အကျိုးအမြတ်မယူသည့်အဖွဲ့ဖြစ်သည်။ အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူ အများစုမှာ အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဖြစ်ကြသည်။ သို့သော်လည်း ထိုရာဇ၀တ်မှုက ကိုလံဘီယာနိုင်ငံတွင် ဖြစ်နေကြ ရာဇ၀တ်မှုအဖြစ် လျင်လျင်မြန်မြန်ပင် ဖြစ်လာခဲ့သည်။

    src.adapt.960.high.colombia_acid_attacks_photo_article.1429029720099

    တောင်အမေရိက နိုင်ငံတစ်ခုဖြစ်သည့် ကိုလံဘီယာတွင် အက်ဆစ်ဖြင့်တိုက်ခိုက်မှုမှာ ပြီးခဲ့သည့်နှစ်က ၁၀၀ ကျော်ရှိခဲ့ပြီး လွန်ခဲ့သည့် ဆယ်နှစ် အတွင်း ၁၀၀၀ နီးပါး ရှိခဲ့သည်။ တစ်ယောက်ချင်း တိုက်ခိုက်မှုတွင်တော့ ကိုလံဘီယာမှာ ကမ္ဘာပေါ်တွင် အက်ဆစ်ဖြင့် တိုက်ခိုက်မှုအမြင့်ဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်ဟု ASTI ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဂျက်ဖ်ရှားက ပြောကြားခဲ့သည်။

    ကိုလံဘီယာတွင်ဖြစ်ပွားသည့် အက်ဆစ်ဖြင့်တိုက်ခိုက်မှုကို အမျိုးသားနှင် အမျိုးသမီးများပါ ခံစားရသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း တိုက်ခိုက်ခံရသူ ၉၂၆ ဦးတွင် ၅၆၅ ဦးမှာ အမျိုးသမီးများဖြစ်ပြီး ၃၆၁ ဦးမှာ အမျိုးသားများဖြစ်သည်ဟု National Institute of Legal Medicine and Forensic Sciences အဖွဲ့မှ မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှုတွင် ဖော်ပြထားသည်။

    သို့သော်လည်း ဘိုဂိုတာရှိ အမျိုးသမီးအဖွဲ့ကို ဦးဆောင်သူ မာသာ လူစီယာဆန်းချက် ဆီဂူရာကတော့ ထိုတိုက်ခိုက်မှုများ ဆောင်ရွက်သည့် နည်းလမ်းနှင့် ထိုနောက်ကွယ်မှ ရည်ရွယ်ချက်မှာ လိင်အလိုက် ကွဲပြားသည်ဟုဆိုသည်။

    “တိုက်ခိုက်ခံရသူ အမျိုးသားအများစုဟာ ခေါင်းအောက်ပိုင်းကို တိုက်ခိုက်ခံရပါတယ်။ အမျိုးသမီးတွေကျတော့ မျက်နှာနဲ့ လည်ပင်းကို လောင်းချခံရတယ်။ (တိုက်ခိုက်သူတွေမှာ) မိန်းကလေးတွေရဲ့ ရုပ်ဆင်းသွင်ပြင်ကိုဖျက်ဆီးဖို့ဆိုတဲ့ သိသာထင်ရှားတဲ့ ရည်ရွယ်ချက် ရှိနေပါတယ်။ တကယ်လို့ အဲဒီမိန်းကလေးတွေဟာ သူတို့နဲ့အတူ မရှိတော့ဘူးဆိုရင် ဘယ်သူနဲ့မှ အတူမရှိရဘူးဆိုတဲ့ သဘောမျိုးပေါ့ရှင်”  ဟု သူမက ပြောကြားခဲ့သည်။

    colombia_acid_attack-9

    ပွန်ဆီ ဒီ လီယွန်အား ရန်ပြုတိုက်ခိုက်သူမှာ ဆယ်နှစ်နီးအပါးအရင်က သူမ သိခဲ့သည့် ဂျိုနသန် ဗီဂါဆိုသူ အမျိုးသားတစ်ဦးဖြစ်သည်။ အသက် ၃၄ နှစ်အရွယ် ဂျိုနသန်က တိုက်ခိုက်မှုမပြုလုပ်ခင် ၆ လအရင်တည်းက အက်ဆစ်ကို ၀ယ်ယူထားခဲ့ပြီး လီယွန်အား ခြောင်းမြောင်း ကြည့်ရှုနေခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ လီယွန်၏ မိခင်ဖြစ်သူ နေထိုင်ရာ အဆောက်အဦးတွင် တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာမှတ်တမ်းက မီဒီယာများသို့ ပေါက်ကြားပြီးနောက် ဂျိုနသန်အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်က ဂျိုနသန် မည်သည့်နေရာတွင် ရှိနေသည်ဆိုသည်နှင့်ပတ်သက်၍ သတင်းအချက်အလက် ပေးနိုင်သူကို ပီဆို ၇၅ သန်း (ကန်ဒေါ်လာ ၄၀၀၀၀နီးပါး) ပေးမည်ဟု ဆုငွေထုတ်ခဲ့သည်။

    ပွန်ဆီ ဒီ လီယွန်၏ ထိုအမှုကို အာရုံစိုက်မှုနှင့် လျင်လျင်မြန်မြန် တုံ့ပြန်မှုတို့က ခြွင်းချက်ပုံစံမျိုး ဖြစ်နေသည်။ ကိုလံဘီယာအစိုးရက သာမန်အားဖြင့် အက်ဆစ်ဖြင့်တိုက်ခိုက်မှု ဖြစ်စဉ်များအတွက် ထိုကဲ့သို့ မြင့်မားသည့်ဆုငွေများ မထုတ်ဖူးသလို၊ ဖမ်းဆီးမှုများလည်း သိပ်မလုပ်ခဲ့။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ဖြစ်ပွားခဲ့သော ထိုရာဇ၀တ်မှုအတွက် တစ်ဒါဇင်အောက်သော သူများကိုသာ တရားစွဲဆိုခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရသူများက အများဆုံး ၅ နှစ် သို့မဟုတ် ၆ နှစ်ထောင်ဒဏ် လောက်သာဖြစ်သည်ဟု ဆီဂူရာက ဆိုသည်။
    colombia_acid_attack-99
    “နာတာလီယာ(ပွန်ဆီ ဒီ လီယွန်)ကို ကိုယ်စားပြုတဲ့ရှေ့နေက တိုင်းပြည်ရဲ့ ထိပ်တန်းရှေ့နေဖြစ်ပြီး လူကုန်ထံ အသိုင်းအ၀ိုင်းက လာတာပါ။ အမျိုးသမီးအများစုကတော့ ဒီလိုပုံစံမျိုး မဟုတ်ပါဘူး။ သူတို့မှာ များသောအားဖြင့် ကိုယ်စားပြုမယ့် ဒါမှမဟုတ် သူတို့အတွက် တရားရုံးမှာ ရင်ဆိုင်ပေးမယ့်သူ တစ်ယောက်မှ မရှိပါဘူး။ တရာခံတွေလွတ်မြောက်မှုက ဒီနိုင်ငံမှာ တော်တော်လေးမြင့်နေပါတယ်။ ပြီးတော့ ဒီလိုသရဲဘောကြောင်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်တဲ့သူတွေက အေးအေးဆေးဆေး ဖြစ်နေပါတယ်”

    အသက် ၄၂ နှစ်အရွယ်ရှိ အက်စ်ပီရန်ဇာ ရန်ဂျဲလ်၏ ဧည့်ခန်းတွင် ဖိုင်တွဲသုံးတွဲရှိသည်။ ထိုဖိုင်တွဲများတွင် သူမမှာ အိမ်တွင်းအကြမ်းဖက်မှု သားကောင်ဖြစ်ရသည့် သက်သေများဟု ဆိုသော တိုင်ကြားချက်၊ ရဲတပ်ဖွဲ့မှတ်တမ်းနှင့် ဆေးမှတ်တမ်းများ တစ်ခုချင်းစီတိုင်းကို  တွဲထားသည်။ ပထမဆုံး အထောက်အထားက ၂၀၀၉ ခုနှစ်ကဖြစ်ပြီး ခင်ပွန်းဟောင်း၏ ဆိုးဆိုးရွားရွား ရိုက်နှက်မှုကြောင့် ဆေးရုံတက်ရသည့် အထောက်အထားဖြစ်သည်။

    “သူ့ရဲ့ နှုတ်နဲ့ စော်ကားတာတွေ၊ ကိုထိလက်ရောက်စော်ကားတာတွေကို ဆယ်စုနှစ်တစ်ခု ကျော်လောက် သည်းခံလာခဲ့ပြီးတဲ့နောက်မှာ လွန်ခဲ့တဲ့ ၂ နှစ်က ကျွန်မရဲ့သားကိုခေါ်ပြီး သူဆီက ထွက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သူ ကျွန်မရဲ့အိမ်ကိုရောက်လာပြီး ခြိမ်းခြောက်ပါတယ်။ ပြီးတော့ ကျွန်မတို့ အတူပြန်မနေဘူးဆိုရင် နောင်တနဲ့ နေသွားရမယ်လို့လည်း ပြောပါတယ်” ဟု ရန်ဂျဲလ်က ဆိုသည်။

    နောက်နေ့ နေ့လည်ပိုင်းတွင် သူမ ဘုရားကျောင်းသို့သွားသည့်လမ်းတွင် ထိုအမျိုးသားက သူမအား အက်ဆစ်ဖြင့် ပက်ခဲ့လေသည်။ ထိုတိုက်ခိုက်မှုကြောင့် သူမ၏မျက်နှာနှင့် ရင်ဘတ်တို့တွင် အနာရွတ်များဖြစ်ခဲ့ပြီး ရွှေရောင်ဆံပင်ရှည်ကိုလည်း ဆုံးရှုံးခဲ့ရသည်။

    “မှန်ကြည့်တဲ့အခါတိုင်း ကျွန်မကိုယ်ကျွန်မ မမှတ်မိပါဘူး။ ဒီတိုက်ခိုက်မှုဟာ ကျွန်မရဲ့ မျက်နှာကိုသာ ပျက်ဆီးစေတာမဟုတ်ပါဘူး။ ကျွန်မရဲ့ ဘ၀တစ်ခုလုံး ပျက်ဆီးစေခဲ့တာပါ” ဟု ရန်ဂျဲလ်က မျက်ရည်ကိုသုတ်၍ ပြောသည်။

    ထိုတိုက်ခိုက်မှုကြောင့် မြို့တွင်းရှိ ကားအရောင်းခန်းမတွင် ၁၂ နှစ်ကြာ လုပ်ကိုင်ခဲ့ရသော သူမ၏ အလုပ်ကိုလည်း ပေးဆပ်ခဲ့ရသည်။ သူမမှာ လက်ရှိအချိန်တွင် မသန်းစွမ်းသူတစ်ယောက် ဖြစ်နေပြီး ယခင်သူမရရှိခဲ့သည့် ၀င်ငွေ၏ ၃ ပုံတစ်ပုံသာရှိသော ထောက်ပံ့ကြေးကို ရယူနေရသည်။ လကုန်လျှင်တော့ ၉ နှစ်အရွယ် သားဖြစ်သူနှင့်အတူ နေထိုင်နေရသည့် တိုက်ခန်းမှလည်း မဖြစ်မနေ ဖယ်ပေးရတော့မည်။ အဘယ့်ကြောင့်ဆိုသော် ထိုတိုက်ခန်းအား ဆက်လက်ငှားနေရန် မတတ်နိုင်သော ကြောင့်ဖြစ်လေသည်။

    သူမ၏ အမှုတွဲအား ရဲတပ်ဖွဲ့သို့ သွားရောက်ပြသခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးခြင်းမရှိသေး။

    “အလုပ်အကိုင်နဲ့ကျွန်မဘ၀ ကျဆုံးသွားတာကို မြင်ရတာ မလွယ်ပါဘူး။ ပြီးတော့ ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိသူဟာ လွတ်သွားကောင်းလွတ်သွားမယ်ဆိုတာလည်း ကျွန်မသိပါတယ်။ ကျွန်မရဲ့ ယုံကြည်ချက်နဲ့ ကျွန်မရဲ့သားလေးကြောင့် ကျွန်မ ဒီလို ဆက်လုပ်နေတာပါ။ ဒါတွေဟာ ကျွန်မကို ရှင်သန်စေတဲ့ အရာပါပဲ” ဟု ရန်ဂျဲလ်က ပြောကြားခဲ့သည်။

    ရန်ဂျဲလ်၏ အခြေအနေက မကြာခဏ ဆရာဝန်ထံသွားပြရသည့် အခြေအနေမျိုးဖြစ်ပြီး နလန်ပြန်ထလာဖို့အတွက် ခရင်မ်များ အခြားပစ္စည်းများကိုလည်း သုံးရသည်။ သူမ၏ ကုသမှုအတွက် နိုင်ငံတော်က ကျခံမည်ဟု ယူဆရသော်လည်း သူမလိမ်းနေသည့် ခရင်မ်များကို အလှပြင်ပစ္စည်းများဟု သတ်မှတ်သောကြောင့် ဆေးဖိုးတောင်းဆိုမှုကို မကြာခဏ ငြင်းပယ်ခြင်း သို့မဟုတ် လစ်လျူရှုခြင်းခံရသည်ဟု သူမကဆိုသည်။

    “မိတ်ကပ်ဘူးတွေနဲ့ နေရောင်ခံခရင်မ်တွေလို အရာတွေဟာ ကျွန်မရဲ့ ကုသမှုအတွက် အရေးပါတဲ့အရာတွေ ဖြစ်တယ်လို့ EPS (ကျန်မာရေးအာမခံဌာန) ကို ကျွန်မက ပြောပြပါတယ်။ ဥပဒေအရ ကျွန်မဟာ အထောက်အပံ့ရယူဖို့ အခွင့်ရှိပါတယ်”

    ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် ကိုလံဘီယာကွန်ဂရက်စ်က ဥပဒေအမှတ် ၁၆၃၉ ကို ပြဌာန်းလိုက်သည်။ ထိုဥပေဒက အက်ဆစ်ရာဇ၀တ်မှု သားကောင်များ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်ဖြစ်ပြီး ဥပဒေသုံးခု ပါဝင်သည်။ ၎င်းတို့မှာ အက်ဆစ်များ ရောင်းချခြင်းကို ကန့်သတ်သည်။ တိုက်ခိုက်သူများအတွက် ပြစ်ဒဏ်ကိုတိုးမြှင့်ထားသည်။ တိုက်ခိုက်ခံရသူများကို နိုင်ငံတော်မှ အခမဲ့ ကုသပေးရန် လိုအပ်သည်ဟုလည်း ထိုဥပဒေတွင် ဖော်ပြထားသည်။

    ထိုဥပဒေဖြစ်လာရန် တွန်းအားပေးသူထဲက တစ်ဦးမှာ အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်သည့် ဂီနာပိုတက်စ်ဖြစ်သည်။ သူမမှာ ကိုလံဘီယာနိုင်ငံတွင် ပထမဆုံး လူသိရှင်ကြားဖြစ်ခဲ့သော အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူ ဖြစ်သည်။ ထိုအချိန်ကတည်းက သူမ၏ အကျိုးအမြတ်မယူသော အဖွဲ့ Rebuilding Faes မှ တစ်ဆင့် အက်ဆစ်ဖြင့်တိုက်ခိုက်မှုကိစ္စအတွက် ပြောရေးဆိုခွင့် ရှိလာခဲ့သည်။

    “ကျွန်မဖြစ်တုန်းက ထောက်ပံ့ပေးတဲ့စနစ်ဆိုတာ မရှိခဲ့ပါဘူး။ ကျွန်မလောင်သွားတာက တော်တော်ဆိုးပါတယ်။ ဘယ်သူမှ ဘာလုပ်ရမယ်ဆိုတာ မသိပါဘူး” ဟု ပိုတက်စ်က ပြောကြားခဲ့သည်။

    ၁၉၉၆ ခုနှစ် သူမ တိုက်ခိုက်ခံရပြီးကတည်းက ခွဲစိတ်ကုသမှုကို ၂၅ ကြိမ်ကျော် ဆောင်ရွက်ခဲ့ရသည်။ အများစုမှာ သူမ၏ အဖြစ်အပျက်အတွက် သနားကြသည့် ဆရာဝန်များက အခမဲ့ဆောင်ရွက်ပေးခြင်း၊ သို့မဟုတ် ဒေသတွင်းဖောင်ဒေးရှင်းများနှင့် ဘိုဂိုတာ အမျိုးသမီးအဖွဲ့တို့ကဲ့သို့ အစိုးရအေဂျင်စီများက ကူညီပေးကြခြင်း ဖြစ်သည်။

    “တိုက်ခိုက်ခံရသူအများစုက သူတို့ဆေးကုသဖို့အတွက် ပေးစရာ ဘာမှမရှိပါဘူး။ ဒါဟာ လှဖို့ပဖို့အတွက် မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်ပါ။ လုပ်စရာတွေတော့ အများကြီး ရှိနေတုန်းပါပဲ။ ဒါပေမယ့် ဒီဥပဒေက အနည်းဆုံး ကုသရေးအတွက် လမ်းကြောင်းတစ်ခု ချပေးလိုက်တာပါပဲ” ဟု ပိုတက်စ်က ဆိုသည်။

    ထိုဥပဒေအရ ဈေးသည်များမှာ အက်ဆစ် မည်သူဝယ်သွားသည်ဆိုသည်ကို နိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးစီမံခန့်ခွဲရေးဌာန INVIMA သို့ အကြောင်းကြားရန် လိုအပ်သည်။ နောက်ထပ် ၁၈ လ ကြာပြီးသောအခါ သတ်မှတ်ထားသည့် ဓာတုဗေဒပစ္စည်း ၇ မျိုးကို ၀ယ်ယူသူများက တစ်ချိန်တွင် ၅ လီတာအထိသာ ၀ယ်ယူခွင့်ရှိမည်ဟု ပြဌာန်းချက်တစ်ခု ထပ်ထည့်ခဲ့သည်။ ထိုဥပဒေတွင် တိုက်ခိုက်သူများအနေဖြင့် ပုံပျက်သွားအောင် အထူးသဖြင့် မျက်နှာကို ထိခိုက်သွားအောင် လုပ်ပါက ထောင်ဒဏ် ၁၆ နှစ်အထိ ကျခံရမည်ဟု ထောင်ဒဏ်ကိုလည်း ထပ်တိုးခဲ့သည်။

    ဘိုဂိုတာမြို့တော်ကောင်စီမှ အမျိုးသမီးဖြစ်သူ အိုလ်ဂါ ဗစ်တိုးရီးယား ရူဘီယိုက ထိုဥပဒေအား ချီးကျူးခဲ့သော်လည်း ဆောင်ရွက်စရာများ အများကြီးရှိနေသေးသည်ဟု ပြောကြားခဲ့သည်။

    “ထောင်ဒဏ်အားဖြင့်တော့ ဒီဥပဒေဟာ တိုးတက်မှုရှိပါတယ်။ ဒါပေမယ့် ဒီရာဇ၀တ်မှုတွေကို ဘယ်လိုကဏ္ဍခွဲမလဲဆိုတာ ကျွန်မတို့ ပြန်တွက်ဖို့ လိုနေတုန်းပါပဲ။ တစ်ချက်က အက်ဆစ်နဲ့တိုက်ခိုက်မှုကို ရဲတပ်ဖွဲ့က ပုဂ္ဂိုလ်ရေး ဒဏ်ရာအနတရဖြစ်အောင် တိုက်ခိုက်မှုလို့ပဲ သတ်မှတ်ပါတယ်။ တိုက်ခိုက်ခံရသူတွေ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ဘ၀မှာဖြစ်လာတဲ့ အကျိုးဆက်တွေက ဒီသတ်မှတ်ချက်နဲ့ မမျှဘူးဆိုတာ ပြသနေပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

    ဆေးကုသမှု တိုးတက်လာရန်နှင့် ကိုလံဘီယာရှိ အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူများအတွက် တရားမျှမှုကို ဆောင်ကျဉ်းပေးရန် ပွန်ဆီ ဒီ လီယွန်က သူမ၏ကိစ္စအပေါ် အာရုံစူးစိုက်မှုကို အသုံးချခဲ့သည်။ သူမက ဖောင်ဒေးရှင်းတစ်ခုထူထောင်ရန် ဆောင်ရွက်နေသည်။ ထိုဖောင်ဒေးရှင်းမှတစ်ဆင့် အက်ဆစ်ဖြင့်တိုက်ခိုက်ခံရသော ရန်ဂျဲလ်ကဲ့သို့ သူများကို ကူညီရန် မျှော်လင့်နေသည်။

    “ကျွန်မဟာ ရှေ့နေတစ်ယောက်၊ ဆရာဝန်တစ်ယောက်၊ ကုထုံးပညာရှင်တစ်ယောက် ဖြစ်လာရပါမယ်။ ကျွန်မ အများကြီး သင်ထားပြီးပါပြီ” ဟု ပွန်ဆီ ဒီ လီယွန်က ပလက်စတစ်ဆာဂျရီပညာရှင်နှင့် တွေ့ဆုံပြီးနောက်ပိုင်း ဆိုင်မွန်ဘိုလီဗာဆေးရုံရှိ ကော်ဖီဆိုင်တွင် ထိုင်နေစဉ် ပြောကြားခဲ့သည်။ “ဒီသံသရာထဲမှာ ကျွန်မ နေသားကျသွားပါပြီ။ ဒါပေမယ့် ဒီအတွေ့အကြုံက ကျွန်မရဲ့မျက်စိကို ဖွင့်ပေးပြီး တကယ့်ကို မတူညီတဲ့ လမ်းကြောင်းဆီကို ခေါ်သွားပါတယ်”

    ယခုလက်ရှိ သူမ၏ နိစ္စဓူဝကိစ္စများမှာ ဆရာဝန်များနှင့် သွားရောက်တွေ့ဆုံခြင်း၊ သူငယ်ချင်းများနှင့် တွေ့ဆုံခြင်း၊ နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုအသစ်များကို ရှာဖွေစူစမ်းခြင်းတို့ ပါဝင်လေသည်။ သူမမှာ အရေးပြား ဖြတ်ထုတ် အစားထိုးခြင်းအပါအ၀င်  ခွဲစိတ်ကုသမှုကို ၁၁ ကြိမ်ပြုလုပ်ခဲ့ရပြီး လက်မောင်းနှင့် ၀မ်းဗိုက်တို့ရှိ အမာရွတ်များကို ကာကွယ်ရန် အသားကပ်ဝတ်စုံကိုလည်း ၀တ်ရသည်။

    သူမ၏ အမှုက နိုင်ငံတကာ အကျိုးအမြတ်မယူသည့်အဖွဲ့ဖြစ်သော Physicians for Peace မှ စိတ်ဝင်စားမှုကိုလည်း ခံခဲ့ရသည်။ အဆိုပါအဖွဲ့မှာ သူမနှင့် ကိုလံဘီယာရှိ အခြားသော အက်ဆစ်လောင်ကျွမ်းသည့် လူနာများကို ဆေးဘက်ဆိုင်ရာ နောက်ဆုံးပေါ် နည်းလမ်းများဖြင့် ကုသရန် စပါယ်ရှယ်လစ်များကို လွှတ်ပေးသည်။

    “ကျွန်မရဲ့မျက်နှာကအသားက ဟော်လန်က ဒီအရေပြားအတုနဲ့ လုပ်တာပါ။ ပြီးတော့ ဒီမျက်နှာဖုံးအသစ်တွေကိုလည်း ဒီတစ်ပတ်မှာ ကျွန်မ ရပါတယ်” ဟု သူမ၏ မျက်နှာအား နေရောင်ခြည်၊ ညစ်ညမ်းသောအရာများနှင့် လူအများကြည့်ရှုမှုမှ ကာကွယ်ပေးသည့် အထူးပြုလုပ်ထားသော ပိုလီကာဘွန်နိတ် မျက်နှာဖုံးကို ချွတ်နေစဉ် ပြောကြားခဲ့သည်။

    အက်ဆစ်ကြောင့်ဖြစ်သည့် နက်နဲသောဒဏ်ရာများက သူမ၏ နှာခေါင်း၊ ပါးနှင့် လက်မောင်းတို့တွင်  ထင်ထင်ရှားရှား ရှိနေသော်လည်း သူမ၏ မျက်လုံးနှင့် အပြုံးက အ၀ါရောင်နံရံတွင် ချိတ်ထားသော ယခင်ပုံမှ မျက်လုံး၊ အပြုံးများနှင့် ဆင်တူနေသည်။ ထိုပုံကို စာနယ်ဇင်းနှင့် ဆိုရှယ်မီဒီယာများတွင်လည်း ဖော်ပြကြသည်။

    သူမအားတိုက်ခိုက်သူ၏ ရုံးချိန်မှာ ဧပြီလနှောင်းပိုင်းတွင် ပြန်စမည်။ ထိုရုံးချိန်းတွင် သူမက သက်သေထွက်ဆိုရန် စီစဉ်ထားပြီး တိုက်ခိုက်ခံရပြီးနောက်ပိုင်း ၎င်းနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရမည် ဖြစ်လေသည်။

    “ကျွန်မဟာ ထင်ထားတာထက်ကိုပိုပြီး ခံနိုင်ရည်ရှိနေပါတယ်။ လက်လျော့လိုက်ဖို့စဉ်းစားတဲ့ အချိန်တွေ၊ အသက်မရှင်ချင်တော့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်မဟာ ကျွန်မရှေ့မှာရှိတဲ့ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ်ဆိုတာ၊ ဒါမျိုး တစ်ခြားတစ်ယောက်ကို ထပ်မဖြစ်စေဖို့ ကြိုးစားရမယ်ဆိုတာ ကျွန်မ သိနေပါပြီ”

    Al jazeera  တွင် ဖော်ပြခဲ့သည့် “Survivors of acid attacks in Colombia fight for justice” ဆောင်းပါးကို မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

    Photo- AFP/Getty Images/Al Jazeera

  • နှစ်သစ်မှာ အတွေးသစ် အမြင်သစ်များအပေါ် လောင်းရိပ် မမိုးမိကြဖို့

    နှစ်သစ်မှာ အတွေးသစ် အမြင်သစ်များအပေါ် လောင်းရိပ် မမိုးမိကြဖို့

    ဧပြီ ၂၀ ၊ ၂၀၁၅
    M-Media
    သက်ဝေနှင်းရေးသည်။

    future
    .
    အခုဆိုရင် မြန်မာတို့ရဲ့ နှစ်သစ်ကိုကူးလူးရောက်ရှိခဲ့ပါပြီ။ နှစ်ဟောင်းမှ အညစ်အကြေးများကို ရေလောင်းဆေးကြောဖြစ်ခဲ့ကြပေပြီ။

    ယခုနှစ်ပြီးခဲ့လေသော သင်္ကြန်ပွဲတော်တွင် ချစ်ကြည်ရင်းနှီးခြင်း ပေါင်းစည်းခြင်းများစွာဖြင့် ဆင်နွဲကြသည်ကိုလည်း တွေ့ရှိခဲ့ကြပေပြီ။ ဟုတ်သည် သင်္ကြန်ကားများအပေါ်တွင် ကြည့်မည်လား။ သို့တည်းမဟုတ် သင်္ကြန်မဏ္ဍပ်များတွင် ကြည့်မည်လား။ ဘာသာခြားများ၊ အသွေးအရောင်မတူသူများ၊ နိုင်ငံခြားဧည့်သည်များနှင့် မြန်မာပြည်သူပြည်သားများ ဒိုးတူဘောင်ဖက် လည်ပတ်နေကြသည်။ ရေပက်ခံနေကြသည်။ ရေပက် ကစားနေကြလေသည်။

    ဤသို့ မတူခြားနားမှုများ အတူယှဉ်တွဲကာပေါင်းစည်းပျော်ရွှင်မှုသည် မြန်မာပြည်ကြီး၏ ငြိမ်းချမ်းခြင်း ပျော်ရွှင်သာယာခြင်း နမိတ်ပုံတစ်ခုပင် ဖြစ်ပေသည်။

    ယခုတိုးတက်၍ခေတ်မှီပြီး လွတ်လပ်ပွင့်လင်းလာသော ဒီမိုကရေစီခေတ်ကြီးတွင် လူတိုင်းလူတိုင်းသည် လွတ်လပ်စွာတွေးခေါ်မှု၊ လွတ်လပ်ပွင့်လင်းစွာ ဆုံးဖြတ်စီရင်နိုင်မှု၊ လူတစ်ဦးချင်းစီ အခွင့်အရေးများကို မည်သည့်အုပ်ချုပ်သူ၊ မည်သည့်လူ့အဖွဲ့အစည်းများမှ ချုပ်ကိုင်ထားခွင့် ချုပ်ကိုင်ပိုင်ဆိုးထားခြင်းမရှိတော့ပေ။ လူသားတို့၏ ကိုယ်ပိုင်ဥာဏ်ရည်ဥာဏ်သွေး ပွင့်လင်းမြင့်မားလာခြင်း၏ အခြေခံသဘောသည်လည်း ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ စူးစမ်းလေ့လာနိုင်ခွင့်တို့ အပေါ်တွင်လည်း မူတည်ပေသည်။ ချုပ်ခြယ်မှုများ တားမြစ်ပိတ်ပင်မှုများ၊ ကန့်သတ်ခွဲခြားမှုများဆိုသည်မှာလည်း နည်းမှန်လမ်းမှန်ဖြစ်ရန်များစွာ အရေးကြီးလှပေသည်။

    ယနေ့ခေတ်တွင် လူငယ်များတက်သစ်စ မျိုးဆက်သစ်များ အကြားတွင် ကန့်သတ်ချုပ်ခြယ်မှုများ ခွဲခြား ပိုင်းဖြတ်မှုများ နည်းပါးလာသည်ကို တွေ့ရှိကြရမည် ဖြစ်ပေသည်။ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် လူကြီးဖြစ်လာသောအခါတွင် ခွဲခြားမှုမရှိသော အတွေးအခေါ်အသစ်၊ အယူအဆအသစ်များ အားစွဲကိုင်လျှက် လမ်းသစ်ဖောက်မည့် အနာဂတ်ကြယ်များပင်ဖြစ်၏။

    ထို့ကြောင့် ယနေ့လူကြီးဖြစ်နေကြသည့် လူကြီးများသည် နောင်တွင်လူကြီးဖြစ်လာမည့် လူငယ်များအပေါ်တွင် နားလည်မှုများစွာထားရှိ၍ လူငယ်များ၏အတွေးအခေါ်အသစ် အယူအဆအသစ်၊ လမ်းစဉ်အသစ်များနှင့် ပတ်သတ်၍ ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်း၊ တားမြစ်ခြင်းများ ပြုလုပ်မည့်အစား ထိုက်သင့်သလောက်လက်ခံပေးနိုင်ကြမည်ဆိုပါမှ ငြိမ်းချမ်းသာယာသော ပေါင်းစည်းမှုအသင်းများ လူသားတို့အကြားတွင် ပေါက်ဖွား ရှင်သန်ပေလိမ့်မည်။ လူငယ်များ၏စိတ်၊ ဦးနှောက်၊ အတွေးအခေါ်၊ အယူအဆများအပေါ်တွင် မည်သည့်လောင်းရိပ်ကိုမျှ မအုပ်စိုးမိစေရန် သတိချပ်ဖို့သာလိုအပ်လှပေသည်။

    သက်ဝေနှင်း