News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • ဘူဟာရီ၊ ဂျိုနသန်နှင့် နိုက်ဂျီးရီးယား၏ သမိုင်းဝင်ရွေးကောက်ပွဲ

    ဘူဟာရီ၊ ဂျိုနသန်နှင့် နိုက်ဂျီးရီးယား၏ သမိုင်းဝင်ရွေးကောက်ပွဲ

    ဧပြီ ၇ ၊ ၂၀၁၅
    M-Media
    Centenary-3a-1024x680
    – ပြီးခဲ့တစ်ပတ် နိုက်ဂျီးရီးယား သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း မိုဟာမက်ဒူ ဘူဟာရီဟာ ဗုဒ္ဓဟူးနေ့မှာ သူ့ရဲ့ ပထမဆုံးမိန့်ခွန်းကို ပြောကြားခဲ့ပြီး အဲဒီအထဲမှာ နိုက်ဂျီးရီးယားပြည်သူတွေ စုပေါင်းဆန္ဒရဲ့ အင်အားကို ဘိုကိုဟရမ်အဖွဲ့က မကြာခင် သိလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    ရွေးကောက်ပွဲရလဒ်တွေကိုတော့ အင်္ဂါနေ့က ကြေညာခဲ့တာဖြစ်ပြီး အသက် ၇၂ နှစ်အရွယ် ဘူဟာရီက သမ္မတ ဂွဒ်လက် ဂျိုနသန်ကို အနိုင်ရရှိခဲ့ပါတယ်။ အဲဒီအနိုင်ရလဒ်ဟာ “နိုက်ဂျီးရီးယားရဲ့ ဒီမိုကရေစီ ရင့်ကျက်လာမှု သက်သေဖြစ်တယ်” လို့ ကုလသမဂ္ဂက ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

    မြို့တော်အဘူဂျာမှာ ဗုဒ္ဓဟူးနေ့က တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းမှာ ဘူဟာရီက သူရဲ့အစိုးရဟာ ဘိုကိုဟရမ်အဖွဲ့ကို မီးကုန်ယမ်းကုန် ခြေမှုန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီနိုင်ငံမှာ အကြမ်းဖက်မှုကို မောင်းထုတ်ဖို့နဲ့ ငြိမ်းချမ်းကို ပြန်လည်ယူဆောင်လာဖို့ဆိုတဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ စုပေါင်းဆန္ဒနဲ့၊ ယုံကြည်ချက်ရဲ့ စွမ်းအားကို ဘိုကိုဟရမ်က မကြာခင်သိလာပါလိမ့်မယ်။  ကျွန်တော်တို့ သက်ညှာသွားမှာ မဟုတ်ပါဘူး။ သူပုန်ထမှုကို တွန်းလှန်တဲ့နေရာမှာ ခက်ခဲပြီး ချက်ခြင်းလုပ်ရမယ့်အလုပ်တွေ ရှိနေပါတယ်” လို့ ဘူဟာရီက ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။

    နောက်ပြီး သူ့ရဲ့အုပ်ချုပ်မှုမှာ ချစားမှုကို သည်းခံမှာမဟုတ်ဘူးလို့လည် ဆိုပါတယ်။ ချစားမှုပြဿနာဟာ သမ္မတဟောင်း ဂျိုနသန်လက်ထက်မှာ တော်တော်လေးဝေဖန်ခံနေရတဲ့ ပြဿနာပါ။

    ဘူဟာရီကတော့ ဂျွန်နသန်ဟာ နိုက်ဂျီးရီးယားနိုင်ငံသားကောင်းတစ်ယောက်ဖြစ်ပြီး၊ ဂျိုနသန်အနေနဲ့ မိမိကိုလည်း ဘာမှ ကြောက်စရာမလိုဘူးလို့ ပြောခဲ့ပါတယ်။

    “ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ကျွန်တော်တို့တိုင်းပြည်မှာ တည်ဆောက်သွားမှာပါ။ အတိတ်ကို အထူးသဖြင့် မကြာသေးခင်က အတိတ်ကို အနောက်မှာ ထားခဲ့ကြပါစို့။ ကျွန်တော်တို့ရဲ့ တိုက်ပွဲဟောင်းတွေ၊ အတိတ်က နာကျည်းချက်တွေကို မေ့ကိုမေ့ပစ်ရမှာဖြစ်ပြီး ရှေ့ကို ခိုင်မာအောင် ကြိုးစားသွားရမှာပါ”

    ရွေးကောက်ပွဲ အောင်မြင်မှုကိုကြည့်မယ်ဆိုရင် ဘူဟာရီဟာ ထောက်ခံမဲအရေအတွက် ၁၅.၄ သန်းကို ရရှိခဲ့ပြီး ဒီအရေအတွက်ဟာ ဂျိုနသန်ရခဲ့တဲ့ ထောက်ခံမဲအရေအတွက် ၁၃.၃ သန်းရဲ့ စိန်ခေါ်မှုကို တားဆီးဖို့ လုံလောက်ခဲ့ပါတယ်။

    မကြုံစဖူး ခြေလှမ်းအနေနဲ့ သမ္မတဟောင်းဂျိုနသန်ကလည်း အင်္ဂါနေ့မှာ အရှုံးကို တရားဝင်လက်ခံခဲ့ပြီး မဲရလဒ်ကို လက်ခံဖို့အတွက် သူ့ရဲ့ နောက်လိုက်တွေကို တိုက်တွန်းတဲ့ ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ခဲ့ပါတယ်။ ဒါဟာ အာဖရိက လူဦးရေအများဆုံး နိုက်ဂျီးရီးယားမှာ လူအနည်းစုကသာ မျှော်လင့်ထားတဲ့ ဒီမိုကရေစီနက်ရှိုင်းမှုရဲ့ ပြယုဂ်ပါပဲ။ ဂျိုနသန်ကတော့ တရားဝင်အာဏာလွှဲပြောင်းမယ့်နေ့ကို မေလ ၂၉ ရက်အဖြစ် သတ်မှတ်လိုက်ပါတယ်။

    “ဘယ်သူ့ရဲ့ရည်မှန်းချက်မှ နိုက်ဂျီးရီးယားက ပြည်တစ်ယောက်ရဲ့ သွေးလောက် တန်ဖိုးမရှိပါဘူး” လို့ ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် ထုန်ပြန်တဲ့ကြေညာချက်မှာ ဂျိုနသန်က ရေးသားဖော်ပြခဲ့ပါတယ်။

    ဂျိုနသန်ရဲ့ ပြည်သူ့ဒီမိုကရက်တစ်ပါတီ PDP ဟာ ၁၉၉၉ ခုနှစ် စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်သွားပြီးတဲ့အချိန်ကစလို့ တောက်လျှောက် နိုင်ငံကို အုပ်ချုပ်လာခဲ့တာပါ။ ဒါပေမယ့် ရေနံကဏ္ဍမှာ ချစားမှုပြဿနာ၊ နိုင်ငံအရှေ့မြောက်ပိုင်းက ဘိုကိုဟရမ်အဖွဲ့ရဲ့ သောင်းကျန်းမှုပြဿနာတွေကြောင့် ထောက်ခံမှု ဆုံးရှုံးလာခဲ့တာ ဖြစ်ပါတယ်။

    မကြုံစဖူး အောင်မြင်မှု
    ———————
    ယခင်စစ်ဘက်အကြီးအကဲဟောင်း ဘူဟာရီဟာ ရွေးကောက်ပွဲကတစ်ဆင့် လက်ရှိသမ္မတကို ဖြုတ်ချနိုင်တဲ့ ပထမဆုံး နိုက်ဂျီးရီးယားခေါင်းဆောင် ဖြစ်လာပါတယ်။

    ပြီးတော့ သူ့ရဲ့အောင်မြင်မှုဟာ နိုက်ဂျီးရီးယားသမိုင်းမှာ အာဏာရပါတီလက်ထဲကနေ အတိုက်အခံပါတီက ဒီမိုကရေစီနည်းကျကျနဲ့ နိုင်ငံကို ပထမဆုံး ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

    ဂျိုနသန်ဟာ ဘူဟာရီကို ချီးကျူးခဲ့တာနဲ့ ရွေးကောက်ပွဲရလဒ် ကြေညာပြီးခဲ့တဲ့နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်မလာခဲ့တာက အံ့သြစရာဖြစ်တယ်လို့ အလ်ဂျာဇီးရား သတင်းထောက် ဟာရူ မူတာဆာက လာဂို့စ်ကနေ သတင်းပေးပို့ပါတယ်။

    ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာ ဘူဟာရီက ဂျိုနသန်ကို ဖြုတ်ချပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေဖြစ်လို့ လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

    “ဘူဟာရီနိုင်ကြောင်း ကြေညာမှုကို နိုင်ငံတစ်ဝှမ်းမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။ လူအများစုဟာ စိတ်လှုပ်ရှားနေပြီး ဒါဟာ စတင်မှုအသစ်ဖြစ်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ၊၊ ပြီးတော့ နိုင်ငံရှေ့ဆက်သွားမယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်” လို့ မူတာဆာက ဆိုပါတယ်။

    ဘူဟာရီကိုထောက်ခံသူ ရာပေါင်းများစွာကတော့ အဘူဂျာမှာရှိတဲ့ ဘူဟာရီအိမ်ရှေ့မှာ စုံရုံးအောင်ပွဲခံခဲ့ကြပြီး ချစားမှုကို ရှင်းလင်းမယ်ဆိုတဲ့ အမှတ်အသားကို ဖော်ကျူးတဲ့အနေနဲ့ အချို့တွေက တံမြက်စည်းတွေကိုလည်း ကိုင်ထားကြပါတယ်။

    ပြီးတော့ ဒီရွေကောက်ပွဲဟာ လွတ်လပ်၊ မျှတပြီး၊ မသမာမှုတွေ မရှိခဲ့ဘူးလို့လည်း ဘူဟာရီကို ထောက်ခံသူတွေက ဆိုပြီး ခေတ်သစ်ကို ခရီးဦးကြိုပြုခဲ့ပြီလို့လည်း ပြောခဲ့ပါတယ်။

    “ကျွန်တော်တို့ လမ်းတွေ၊ လျှပ်စစ်တွေမလိုပါဘူး။ လူငယ်တွေက အလုပ်ရှာနေကြတာပါ။ လူတွေက အပြောင်းအလဲကို လိုချင်ကြပြီး အဲဒီအပြောင်းအလဲဟာ အခု လာပါပြီ” လို့ ဘူဟာရီကိုထောက်ခံသူတစ်ဦးက ပြောခဲ့ပါတယ်။

    အတိုက်အခံလိုလားတဲ့ ဒေသတွေက မဲတွေကို မရေတွက်ခင်မှာ ဂျိုနသန်ကို ထောက်ခံတဲ့ မဲအရေအတွက်ဟာ ၅ သိန်းလောက်ရှိနေတာပါ။

    အင်္ဂါနေ့မှာ မဲရေတွက်မှုကို ဆက်မလုပ်ခင်မှာ ဂျိုနသန်ရဲ့ PDP ပါတီက အကျဉ်းရုံးဆန္ဒပြမှုတစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။

    ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ အတ္တာဟီရူ ဂျီဂါက ရလဒ်ကို ကြေညာပြီးနောက်ပိုင်းမှာ “စွပ်စွဲချက်တွေဟာ (အတိုက်အခံလိုလားတဲ့) ရစ်ဗားပြည်နယ်မှာ ရွေးကောက်ပွဲကို ဖျက်သိမ်းဖို့ ဒါမှမဟုတ် ပြန်လည်ကျင်းပဖို့အတွက် ခိုင်ခိုင်လုံလုံဖြစ်နေတယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့ ရလဒ်တွေကို အတည်ယူသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

    ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ပစ္စည်းပစ္စယာတွေ ပို့ဆောင်ဖို့ နှောင့်နှေးတာ၊ မဲပေးသူတွေ မှန်ကန်မှုရှိမရှိ ဆန်းစစ်တဲ့ ပစ္စည်းကိရိယာတွေရဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းတာတွေကလွဲလို့ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေကတော့ နိုက်ဂျီးရီးယားရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြပါတယ်။

    နိုင်ငံတစ်ဝှမ်းမှာ စောင့်ကြည့်လေ့လာသူတွေထားခဲ့တဲ့ နိုက်ဂျီးရီးယား အကူးအပြောင်းစောင့်ကြည့်ရေးအဖွဲ့ကတော့ ဒီလို အခက်အခဲတွေက ရွေးကောက်ပွဲဝင်တဲ့သူတွေ၊ ပါတီတွေကို နစ်နာစေခဲ့တာမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    ref: aljazeera
    မိုးဝေ ဘာသာပြန်သည်။

  • နေ၊ လ ကြတ်မှုကို ပထမဆုံး ရေးဆွဲဖော်ပြခဲ့သူ  မူတီဖာရီကာ

    နေ၊ လ ကြတ်မှုကို ပထမဆုံး ရေးဆွဲဖော်ပြခဲ့သူ မူတီဖာရီကာ

    ဧပြီ ၄ ၊ ၂၀၁၅
    M-Media
    လေးမောင် ရှာဖွေတင်ဆက်သည်။

    Ibrahim Muteferrika

    – ကမ္ဘာ့နက္ခတဗေဒပညာရပ်မှာ မွတ်စလင်တွေရဲ့ လက်ဖျားခါလောက်တဲ့ ကူညီမှုတွေကို လူတိုင်းသိကြပါတယ်။ အဲဒီအထဲကမှ အချက်အလက်အပြည့်အစုံပါဝင်တဲ့ နက္ခတဗေဒဆိုင်ရာ ဇယားတစ်ခုကို ပထမဆုံး ရေးသားဖော်ထုတ်ခဲ့တာကတော့ အာရပ် နက္ခတဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ အစ်ဗနေ့ အလ်-ရှာတီရ်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လောက်က ဖြစ်ပါတယ်။ ဟန်ဂေရီ ခရစ်ယာန် ဘုန်းတော်ကြီးအဖြစ်ကနေ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့တဲ့  အီဗရာဟင်(မ်) မူတီဖာရီကာ  ဆိုသူကတော့ အော်တိုမန် အင်ပါယာထဲကို ပုံနှိပ်စက် ပထမဆုံး တင်သွင်းလာသူဖြစ်ပြီး နေကြတ်ပုံအသေးစိတ်ကို ပထမဆုံး ရေးဆွဲခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ လောက်က အီဗရာဟင် မူတီဖာရီကာဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ တူရကီနဲ့ အော်တိုမန်ကမ္ဘာကို ပုံနှိပ်စက်တစ်လုံး ယူဆောင်လာခဲ့ပြီး ၀ိဇ္ဖာ၊ သိပ္ပံစာအုပ်တွေကို ရိုက်နှိပ်ထုတ်ဝေဖို့ အော်တိုမန်ခလီဖာရဲ့ ခွင့်ပြုချက်ကို ရခဲ့ပါတယ်။ ၁၇၂၀ ခုနှစ်မှာတော့ သူဟာ အစ္စလာမ်ကမ္ဘာရဲ့ ပထမဆုံး စာပုံနှိပ်တိုက်တစ်ခုကို အစ္စတန်ဘူလ်မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

    မူတီဖာရီကာဟာ ယခင်က ဟန်ဂေရီ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာတာပါ။ သူ့ရဲ့နောက်ကြောင်းကို Risale­yi Islamiyye လို့ခေါ်တဲ့ စာအုပ်ထဲမှာ ရေးသားဖော်ပြထားပါတယ်။ သူဟာ အော်တိုမန်အင်ပါယာရဲ့ နည်းပညာနဲ့ အုပ်ချုပ်ရေးပိုင်း ခေတ်နောက်ကျမှုကို အလွန် စိုးရိမ်တဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် Usul al­Hikam fi Nizam al­Umam လို့ခေါ်တဲ့ ကျမ်းတစ်စောင်ကို ရေးသားခဲ့ပြီး ၁၇၃၁ ခုနှစ်မှာ သူကိုယ်တိုင်ပဲ ထုတ်ဝေခဲ့ပါတယ်။

    ibrahim-hakki3_1

    အဲဒီစာအုပ်ထဲမှာ မူတီဖာရီကာဟာ ဥရောပမှာ ပြန့်နှံ့ကျင့်သုံးနေကြတဲ့ အစိုးရစနစ်နဲ့ စစ်တပ်စနစ်တွေကို ဖော်ပြထားပြီး ဥရောပရဲ့ စစ်ရေးနည်းပညာ၊ အုပ်ချုပ်ရေးပုံစံနဲ့ သိပ္ပံဆိုင်ရာ အသိပညာတွေကို မွေးစားအသုံးပြုမှသာ လွတ်လပ်တဲ့ မွတ်စလင်တိုင်းပြည်ကြီးဟာ ဆက်လက်သက်ဆိုးရှည်မယ်လို့ အော်တိုမန် ပြည့်ရှင်ကို တိုက်တွန်းခဲ့ပါတယ်။

    ဥရောပလူ့အဖွဲ့အစည်းနဲ့ပတ်သက်လို့ အီဗရာဟင် မူတီဖာရီကာရဲ့ သတိပေးပြောဆိုမှုတွေဟာ အနည်းငယ်သာ ထိရောက်ခဲ့ပါတယ်။ အော်တိုမန်အင်ပါယာကြီးဟာ တစ်ဖက်မှာ အရေးပါတဲ့ အစ္စလာမ့် အမှတ်သညာကို ထိန်းသိမ်းဖို့ကြိုးစားရင်း တစ်ဖက်မှာလည်း စီးပွားရေး ဆန်းသစ်မှုဆိုတဲ့ အငြင်းပွားဖွယ် ကိစ္စရပ်နဲ့ ပတ်သက်လို့လည်း လုပ်ဆောင်ခဲ့ပါတယ်။

    ibrahim-muteferrika_1

    ဆူလ်တန် အဟ်မဒ် ၃ ရဲ့အုပ်ချုပ်မှုအောက် ကျူလစ်ခေတ်မှာ မူတီဖာရီကာရဲ့ ကျွမ်းကျင်မှုတွေဟာ တန်းဖိုးမြင့်လာပါတယ်။ သူဟာ စာအုပ်ထုတ်ဝေသူ၊ ဧည့်လမ်းညွှန်၊ သံတမန်၊ နက္ခတဗေဒပညာရှင်၊ သမိုင်းပညာရှင်၊ အစ္စလာမ့်ရေးရာ ပညာရှင်၊ လူမှုဗေဒပညာရှင် စသဖြင့် ဘွဲ့မျိုးစုံနဲ့ ကျော်ကြားလာပါတယ်။ အဲဒီလို ဘွဲ့ထူးဂုဏ်ထူးတွေအပြင် မူတီဖာရီကာဟာ ရွှေ့လျားစနစ် ပုံနှိပ်စက်ကို တည်ဆောက်ခဲ့တဲ့ ပထမဆုံး မွတ်စလင်လည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ စတင်အသုံးပြုခဲ့တဲ့ ရွှေ့လျားစနစ် ပုံနှိပ်စက်တွေကို ဥရောပမှာ အချိန်အတော်ကြာကတည်းက အသုံးပြုခဲ့ပေမယ့် မူတီဖာရီကာ ဖန်တီးခဲ့တဲ့ အဲဒီပုံနှိပ်စက်ကတော့ ပိုဆန်းသစ်ပြီး မွတ်စလင်ကမ္ဘာရဲ့ တီထွင်ဖန်တီးမှုတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီ ပုံနှပ်စက်ကို အသုံးပြုပြီး မူတီဖာရီကာတစ်ယောက် နေကြတ်၊ လကြတ်မှုကို ပြတဲ့ ပထမဆုံး မြေပုံကို ရေးဆွဲကာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

    ibrahim-tiflisi

    ဒါတင်မကသေးဘဲ ဂျီအိုဂရပ်ဖီဆိုတဲ့ ကလောင်အမည်ကိုသုံးပြီး တော်လမီရဲ့ ကမ္ဘာဗဟိုပြုတဲ့ ပုံစံအရ အာကာသထဲက ဂြိုဟ်တွေရဲ့ အနေအထားကို ဖော်ပြတဲ့ ပုံတစ်ပုံကို ရေးဆွဲခဲ့ပါသေးတယ်။ တော်လမီရဲ့ အယူအဆကတော့ ကမ္ဘာကြီးဟာ စကြာဝဠာကြီးရဲ့အလယ်မှာ အသေရှိနေပြီး ဗဟိုတူ စက်ဝန်းတွေက ၀န်းရံထားကြတယ် ဆိုတာမျိုးပါ။ အဲဒီဗဟိုတူ စက်ဝန်းတွေထဲမှာ လ၊ မာကျူရီ၊ ဗီးနပ်စ်၊ နေ၊ မားစ်၊ ဂျူပီတာနဲ့ စေတန်ဂြိုဟ်တွေက အစဉ်အတိုင်းရှိနေကြပြီး ရွေ့ရှားမှုမရှိတဲ့ ကြယ်တွေကိုလည်း အဲဒီဂြိုဟ်တွေရဲ့ စက်ဝန်းအတွင်းမှာ တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီဂြိုဟ်တွေရဲ့ အစွန်မှာတော့ စက်ဝန်းတွေသာရှိပြီး စကြာဝဠာကြီးလို့ မှတ်ယူပါတယ်။ အဲဒီပုံစံကို မူတီဖာရီကာက သူ့ရဲ့ စာအုပ်ထဲမှာ ရေးဆွဲဖော်ပြခဲ့တာပါ။

    centre-of-the-world

    မူတီဖာရီကာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲမှာ ကာတစ်ပ် ဂျာလစ်ဘ်ရဲ့  Jihan­nüma (ကမ္ဘာ့ကြေးမုံ) လို့ခေါ်တဲ့ ကမ္ဘာ့မြေပုံတစ်ခုလည်း ပါဝင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ နောက်ထပ်ထုတ်ဝေတဲ့စာအုပ်မှာ မူတီဖာရီကာဟာ ကော်ပါးနီးကပ်စ်ရဲ့ နက္ခတဗေဒဆိုင်ရာ သီအိုရီနဲ့ ပတ်သက်လို့ ငြင်းခုံချက်တွေ၊ အဲဒီသီအိုရီကို ဆန့်ကျင်မှုတွေနဲ့အတူ သူ့ရဲ့ သီအိုရီ ပတ်သက်လို့ အသေးစိတ် ဆွေးနွေးထားပါတယ်။ ဒီအကြောင်းအရာတွေကြောင့် မူတီဖာရီကာကို အော်တိုမန် သိပ္ပံညာရပ်အတွင်းမှာ နေဗဟိုပြု နက္ခတဗေဒ သီအိုရီတွေ မိတ်ဆက်ပေးခဲ့တဲ့ သူတွေထဲက တစ်ဦးအဖြစ် မှတ်ယူကြပါတယ်။ သူဟာ ပထ၀ီပညာရှင်၊ နက္ခတပညာရှင်နဲ့ ဒဿနပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ဂျာမန်မြေပုံပညာရှင် အန်ဒရီယက်စ် ဆဲလ်လာရီယက် (၁၆၆၅ တွင်ကွယ်လွန်) ရဲ့  Atlas coelestis (ကြယ်မြေပုံ) အစာအုပ်ကို လက်တင်ဘာသာကနေ ပြန်ဆိုခဲ့ပြီး  Majmua’tul Haiy’a­ Kadim wal­Jadid ဆိုတဲ့ အမည်နဲ့ ၁၇၃၃ မှာ ပြန်လည်ထုတ်ဝေခဲ့ပါတယ်။

    ref:World Bulletin

  • လူမှုရေး စိတ်တွေရှိတယ်ဆို

    လူမှုရေး စိတ်တွေရှိတယ်ဆို

    ဧပြီ ၃ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    social-skills-training-804
    လူဆိုတာက ယေဘုယျသဘောအနေနှင့် အတ္တကို ဗဟိုပြုတတ်ကြတာ သဘာဝပေါ့နော်။ ကိုယ့်အတွက် ကိုယ်သံယောဇဉ်တွယ်တဲ့ ဘဝ လက်တွဲဖော်နောက်လိုက်ပြီး မိသားစု အသိုင်းအဝိုင်း စတာတွေရဲ့  အကျိုးစီးပွားကိုခေါင်းထဲ ထည့်ထားဖြစ်ကြတာကိုး။ အဲဒီလို ကိုယ့်ကိုကိုယ် ဦးစားပေးရာမှာ သာမန်ထက် လွန်ကဲလာရင်တော့ အတ္တကြီးသူဘဝကို ရောက်မှန်း မသိရောက်သွားရော။ ဒီတော့လည်း အမှားကိုမမြင်၊ တော်၏၊ မတော်၏ မတွေးတော့ဘဲ ကိုယ့်ဖို့ဆိုတာကိုချည်း တစ်စိုက်မတ်မတ် လုပ်လာပြီပေါ့။ လောဘ၊ ဒေါသနှင့် ညှာတမှုကင်းခြင်းတွေက အကျိုးဆက်အဖြစ် လက်တွေ့ထင်ရှားလာမှတော့ လူ့အသိုင်းအဝိုင်းက ငြိုငြင်အပြစ်တင်လာမှာတော့ မဆန်းပါဘူး။ ငတေ မာမာချာချာ ရှိဖို့အတွက် တစ်လောကလုံး သေပလေ့စေ မမှုပါဘူးဆိုတဲ့ စိတ်ဓာတ်ဟာ အတ္တကြီးခြင်းရဲ့ သင်္ကေတတစ်ခုလို့ ဆိုရမယ်။

    ဒါပေမယ့် ဒီစိတ်ဓာတ်မျိုးဟာ ပင်ကိုယ်သဘာဝ အရ အခြေတည်လာတယ်လို့တော့ တစ်ထစ်ချ မပြောနိုင်ပါဘူး။ တစ်စုံတစ်ယောက်ဟာ သူကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်ရဲ့ သြဇာလွှမ်းမိုးမှုကြောင့်ပဲဖြစ်ဖြစ်၊ စိတ်ထားမြင့်မြတ်မှု မရှိတဲ့ သူတွေရဲ့ အရောင်ဆိုးမှုကို ခံရတာကြောင့်ပဲဖြစ်ဖြစ်၊ နဂိုဖြူစင်နေတဲ့ စိတ်ထားလေးက ညစ်ထေးသွားတတ်တာမျိုး။ ကိုယ်တစ်ယောက်တည်း (ကိုယ့်မိသားစုအပါအဝင်) ကြီးပွားချမ်းသာဖို့အတွက် အများကို နင်းပြီးတက်တဲ့အခါ ပြုခဲ့တဲ့ မတရားမှုတွေရဲ့ ရောင်ပြန်ဟပ်ခြင်းကိုတော့ မလွဲမသွေ ခံစားရတတ်ပါတယ်။ ဒါဟာလောကနိယာမတစ်ခု။ နှလုံးသားထဲမှာ အတ္တစိတ်ချည်း ပြည့်နေတာထက် သူများအတွက်ဆိုတာလေးကို နည်းနည်းပါးပါး နေရာပေးရင်တော့ လူသားဆန်သူတစ်ဦးအဖြစ် ရပ်တည်နိုင်မှာ အသေအချာပါပဲ။

    နေ့စဉ်ဘဝမှာ လူတစ်ယောက်ဟာ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှု ဒါမှမဟုတ် အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုမျိုးကို ပြုတတ်ကြတယ်လို့ ဆိုပါတယ်။ တစ်နည်းပြောရရင် အဲဒီသူဟာ သူရဲ့အင်အားကို ကောင်းကျိုးပြုရာမှာပဲ ဖြစ်ဖြစ် ဆိုးကျိုးပြုရာမှာပဲ ဆိုဆို အသုံးချတဲ့သဘောပါ။ အကောင်းမြင်ပြီး ကောင်းကျိုးလုပ်ရာမှာ မွေ့လျော်သူဟာ ဖြစ်ရပ်တိုင်းကို အကောင်းဘက်က မြင်တတ်တွေးတတ်တယ်။ ဒီတော့လည်း လူမှုရေးစိတ်ဓာတ် အပြည့်ရှိသူအဖြစ် အပေါင်းအသင်း မိတ်ဆွေ ပေါများလေ့ရှိတယ်။ သူနှင့်ဆက်ဆံဖြစ်တဲ့သူတိုင်းမှာ စိတ်ချမ်းသာစရာလေး တစ်ခုခုကို ခံစားရတာ အမှန်ပဲမို့ အပျော်လေးတွေ ကူးစက်စိမ့်ဝင်တာကို လက်တွေ့ကြုံဖူးကြမှာပါ။ လူမှုရေးစိတ်ရှိသူဟာ အပေါင်းအသင်းတွေအလယ်မှာ အများက လိုလားနှစ်သက်လက်ခံတာကို အသေအချာ နားလည်သိရှိခွင့်ရတယ်။

    လူမှုရေးစိတ်ဓာတ်ရှိသူ တစ်ဦးဆိုတာ ကိုယ်ကျိုး လုံးဝစွန့်လွှတ်တာမျိုး မဟုတ်သည့်တိုင် သူများအတွက်ဆိုတဲ့ စာနာ စိတ်ကလေး ထည့်တွေးတတ်တယ်။ လက်တွေ့မှာလည်း တစ်နိုင်တစ်ပိုင် ဆောင်ရွက်သူ လို့ဆိုပါရစေ။ အဲဒီလိုလူမျိုးဟာ လူတွေရဲ့မကောင်းတဲ့ အချက်တွေကိုချည်း ရွေးမနေဘူး။ ကောင်းကွက် မကောင်းတဲ့ အချက်တွေကိုချည်း ရွေးမနေဘူး။ ကောင်းကွက်လေးတွေကို ရှာပြီး ကြည့်တတ်မြင်တယ်။ နောက်ပြီး သူ့ကိုလက်ခံလိုလား။ သူအရေအတွက်ဟာ မနှစ်မြို့ဘဲ စကားဆိုမဲ့သူတွေထက် များတယ်ဆိုတာ အခိုင်အမာယုံကြည်ပြီးသား။ သူ့ရဲ့လုပ်ရပ်တွေကို (မနာလိုစိတ်ပွားပြီး) မေးငေါ့သူတိုင်းရဲ့ စိတ်ထားကို ဥပေက္ခာပြုထားလိုက်တယ်။ ဒီတော့ အဲဒီလူတွေနှင့် ဟန်မပျက်ဆက်ဆံနိုင်တယ်။ သူတို့ပြောသမျှဆိုသမျှကို တနုံ့နုံ့ခံစားမနေဘူး။ ကောင်းကျိုး တစ်ခုခုပြုရင်း လောကမှာ နေပျော်အောင် လူမှုရေးအသိစိတ်နှင့် ဆောင်ရွက်နိုင်တာကိုပဲ အားရကျေနပ် ဖြစ်နိုင်တယ်။ သူ့အယူအဆ သဘောထားနှင့် မကိုက်ညီခဲ့ရင် ဒေါသတကြီး မဖြစ်ဘဲ ကွဲလွဲမှုကို လက်ခံနိုင်တယ်။ ဒါဟာ လူမှုရေးစိတ်အပြည့်အဝရှိသူရဲ့ ထူးခြားတဲ့ အရည်အသွေးတစ်ခုပါပဲ။

    ရှိသေးတယ်။ သူ့အနေနှင့် တစ်ခါတစ်ရံမှာတော့ လူ့သဘာဝအရ အမှားအယွင်းလေးတွေ ပြောမိလုပ်မိမှာ သေချာတယ်။ တစ်ခါတစ်လေတော့လည်း စေတနာအမှားလို့ ဆိုရမယ်။ အဲဒီလိုကြုံတဲ့အခါတိုင်း အမှားကို နှောင့်နှေးမနေဘဲ အလျင်အမြန် ဝင်ချတောင်းပန် တတ်တယ်။ ဒီတော့လည်း ရင်ထဲမှာ တေးထားမှတ်ထားတာတွေ ဘာမှမရှိတော့တာမို့ စိတ်ရှင်းသွားမှာတော့ အသေအချာပဲပေါ့။

    ကိုယ်နှင့်ဆက်နွယ်နေသူတွေရဲ့ အခက်အခဲတွေ ရင်ဖွင့်သမျှတွေကို စိတ်ဝင်တစား နားထောင်ပေးပြီး နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်း မျိုးကို မဆိုင်းမတွပေးဖို့ အမြဲတမ်း စဉ်းစားပေးတယ်။ ပါးစပ်ကနေ နှုတ်ကတိ လွယ်လွယ်ပေးပြီး အဖျားရှုးသွားတာမျိုးကို လူ့အသိုင်းအဝိုင်းက ရေရှည် လက်ခံလေ့မရှိကြဘူး။ ဒါကြောင့် လူမှုရေးစိတ်ရှိတယ်ဆိုရာမှာ သူများရဲ့အခက်အခဲ အကြပ်အတည်းတွေကို လူသားဆန်ဆန် တတ်စွမ်းသမျှ ကူညီယိုင်းပင်းတာမျိုး။ စကားပြောကောင်းပြီး လေစကားလေထဲပျောက်၊ လက်တွေ့မပါသူကို ပတ်ဝန်းကျင်က လက်မခံချင်ကြဘူး။

    လူသားကောင်းကျိုးဆိုတဲ့ ဦးတည်ချက်တစ်ခုတည်းကို ခေါင်းထဲမှာ သံမှိုစွဲသလို မြဲမြဲမြံမြံရှိသူဟာ ကိုယ်နှင့်ဆက်နွယ်နေသူတွေကို အာရုံစိုက်တယ်။ စိတ်ဝင်တစားလည်း ရှိတယ်။ ပေါ့ပါးရွှင်လန်းတဲ့ ဟန်ပန် အမူအရာမျိုးကို ပိုင်ဆိုင်ထားတာကြောင့် မြင်ရသူတွေမှာ အပျော်အလေးတွေ ကူးစက်ပြီး စိတ်လက်ပေါ့ပါးသွားရော။

    စိတ်ခံစားမှုဆိုတာက ကူးစက်တတ်တဲ့ သဘောရှိတာမို့ သောကတွေ ဒေါသတွေ လွှမ်းနေသူနှင့် တွေ့ကြုံရဖန်များလာတဲ့အခါ ကိုယ့်စိတ်တွေပါ လေးလံဆိုးညစ်ကုန်တယ်။ လောကကြီးကို အလှဆင်နိုင်ဖို့ တစ်ထောင့်တစ်နေရာလေးက ပါဝင်ခွင့်ရသူဟာ လူမှုရေးစိတ်ရှိပြီး လူသားအကျိုး သယ်ပိုးသူတစ်ဦးဆိုတာတော့ သံသယပွားစရာမလိုအောင် ယုံကြည်ကြရအောင်ပါလို့။

    နှင်းဆီခင်

  • အာဏာရှင် လီကွမ်ယူဆီက ဘာတွေရနိုင်သလဲ

    အာဏာရှင် လီကွမ်ယူဆီက ဘာတွေရနိုင်သလဲ

    (မိုးမခ)မှ ကူးယူဖော်ပြသည်။
    ဧပြီ ၂၊ ၂၀၁၅

    BN-HN696_0322LK_M_20150322225828

    အင်္ဂလန်နိုင်ငံ၊ လေဘာပါတီမှာ အာဏာရလာတဲ့ တိုနီဘလဲ၊ ရွေးကောက်ပွဲအနိုင်ရဖို့အတွက် အကြံဥာဏ်ကောင်းတွေလိုအပ်နေတယ်။ တိုနီဘလဲက အဲဒီအကြံဥာဏ်ကောင်းတွေကို လီကွမ်ယူဆီကနေ ရယူခဲ့တယ်။ ဗြိတိသျှလို ကမ္ဘာ့စံပြ ဒီမိုကရေစီနိုင်ငံကို အုပ်ချုပ်ဖို့အတွက် လီကွမ်ယူဆီမှာ ဘာတွေရှိနေလို့လဲ။ မြန်မာတွေက လီကွမ်ယူဆီက ဘာမှ အတုယူနိုင်စရာ မရှိတော့ဘူးလား?

    ခင်ဗျားဘ၀မှာ ဘာအရေးအကြီးဆုံးလဲ၊ ဒါကအမေးပါ။

    လီကွမ်ယူက ထုံးစံအတိုင်း ဦးနှောက်ကို အလုပ်ပေးပြီး ဖြေးညင်းစွာ အဖြေပေးခဲ့တာက ‘ကျုပ်မိသားစုနဲ့ ကျုပ်ရဲ့တိုင်းပြည် က ကျုပ်ဘ၀မှာ အရေးအကြီးဆုံးပါပဲ’ တဲ့။ ‘ကျုပ်မိသားစု’ (My family) ကို အလျင်ဖြေပြီးမှသာ တိုင်းပြည်ဆိုတာကို ပြောပါတယ်။ ရှေ့နောက်အစီအစဉ်ထားမှုဟာ သာမာန်ကာလျှံကာ မဟုတ်ပါ။ ဒီတော့ အဲဒီအချက်ကရော အတုယူစရာဟုတ်လား၊ မဟုတ်ဘူးလား? စဉ်းစားကြရမယ်။

    လီကွမ်ယူက ဗီယက်နမ်ကွန်မြူနစ်ရန်က လုံခြုံဖို့ မဟာဗျူဟာ နှစ်ရပ်ချမှတ်ခဲ့တယ်။ အဲဒီထဲကတစ်ခုက အာဆီယံခေါ် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ကို အင်အားကြီးလာအောင်လုပ်ပြီး ဗီယက်နမ်ရဲ့ ကွန်မြူနစ် ပေါ်လစီကို တွန်းလှန်ဖို့ပဲ။ လီကွမ်ယူက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေများလာဖို့ ကြိုးစားခဲ့သလို တနည်းဆိုရရင် သူ့နိုင်ငံမှာ ကွန်မြူနစ်တွေတိုးတက်အာဏာရမလာစေဖို့ အာဆီယံကို အသုံးချခဲ့တယ်။ သူ့နိုင်ငံကောင်းစားရေးအတွက် ဘာမဆိုလုပ်ခဲ့တယ်။ ဘာကိုမှ ချွင်းချက်မထားဘဲ တင်းကြပ်တဲ့စည်းမျဉ်းတွေနဲ့ ကိုင်တွယ်ပြီး ဇီးရိုးကနေ ဟီးရိုးဖြစ်အောင်လုပ်ပြသွားတယ်။ သူ့မှာ အငြင်းပွားဖွယ် အတွေးအခေါ်တွေ ရှိနေတာအမှန်ပဲ၊ သို့သော် ကျွန်တော်တို့ နိုင်ငံအနေနဲ့ သူ့ဆီက အတုယူစရာတွေ တပုံတပင်ရှိနေတုန်းပါပဲ။ ဘာကြောင့်လဲ၊ ရှင်းပါတယ်။ သူက အလုပ်နဲ့ သက်သေပြသွားခဲ့ပြီလေ။

    ၁။ လီကွမ်ယူရဲ့ စင်ကာပူအတွက် ရည်စူးဆောင်ရွက်ခဲ့တဲ့ အောင်မြင်မှုရလဒ်တွေပေါ့ ၊ အဲဒါတွေကို အခြေခံပြီး သူ့ရဲ့ အာဏာရှင်ဆန်မှုကို လျော်ကန်သင့်မြတ်တယ်လို့ ကာကွယ်ငြင်းဆိုနိုင်ပါ့မလား။ ဒီအမေးကို အင်္ဂလန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲကို မေးတဲ့အခါ သူက အောက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်။

    ” ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေကနေ လေ့လာသင်ယူနိုင်တာတွေရှိသလို အတုယူလို့မရနိုင် တာတွေလည်းရှိတယ်။ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးပြီးဖြစ်တဲ့ အနောက်တိုင်းနိုင်ငံတစ်ခုမှာ စင်ကာပူလို စနစ်မျိုး ဘယ်တော့မှ ကျင့်သုံးနိုင်မယ်မဟုတ်ဘူး၊ ဒါပေမယ့် စင်ကာပူဆီကနေ လေ့လာသင်ယူနိုင် တာတွေရှိတုန်းပဲ။ တရားဥပဒေစိုးမိုးရေး ပေါ့၊ ကျွန်တော်က ခိုင်မာတဲ့ အခြေအနေတစ်ခုအထိ တရားဥပဒေစိုးမိုးဖို့အတွက် တကယ့်ကို လေးလေးနက်နက် ထောက်ခံအားပေးတဲ့သူဖြစ်တယ်၊ အဲဒီ ကိစ္စနဲ့ပတ်သတ်ရင် ကျွန်တော်လေ့လာခဲ့တဲ့ နိုင်ငံတွေထဲမှာ စင်ကာပူလည်း ပါဝင်တယ်။ ဒီကနေ့ စင်ကာပူရဲ့ စီးပွားရေးနဲ့ လူမှု အသိုင်းအ၀န်းကြီးတစ်ခုလုံး (စနစ်တကျ) အလုပ်လုပ်နေဖို့ဆိုရင် နိုင်ငံသူ နိုင်ငံသားတွေအားလုံး မိမိတို့ကိုယ် မိမိတို့ လုံခြုံမှု ရှိနေပါလားဆိုတာကို ခံစားနားလည်နေရမယ်၊ ဒီအချက်ကို လီကွမ်ယူက သဘောပေါက်ခဲ့တယ်။ လီကွမ်ယူရဲ့ အောင်မြင်မှုတွေထဲမှာ အဓိကအစိတ်အပိုင်းတစ်ခုက တိုင်းသူပြည်သားတွေရဲ့ လုံခြုံမှုကို (အာမခံပေးထားနိုင်အောင်) လုပ်ပေးနိုင်ခဲ့တာပဲဖြစ်တယ်။

    ဒါ့ပြင် ၊ နိုင်ငံရေးမှာတိုးတက်အောင်မြင်နေတဲ့ အရေးကြီးပုဂ္ဂိုလ်တွေက ဒီအချက်တခုကိုလည်း နားလည်သဘောပေါက်ကြတယ်။ ဘာလဲဆိုတော့ လီကွမ်ယူက (မတူညီတဲ့) ယဉ်ကျေးမှု ဓလေ့စရိုက်တွေကို ပကတိသုညအခြေအနေကနေ တိုးတက်လာတဲ့အထိ ပေါင်းစည်းစုရုံးပေးတဲ့နေရာမှာ ချံပီယံတစ်ဦးပါပဲ။ တိုင်းပြည်တစ်ခုမှာ နေထိုင်တဲ့ တိုင်းရင်းသားပြည်သူများရဲ့ မတူညီတဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်တွေက စုစည်းပေးတာမျိုးမရှိဘဲ တစ်ယောက်တစ်ပေါက် ကွဲပြားနေမယ်၊ ဒါဆိုရင် ပြဿနာ ကြီးကြီးမားမားဖြစ်လာမယ်ဆိုတာကို လီကွမ်ယူက ရှေ့ရေးကို တော်တော်များများကြီးအထိ ကြိုတင်ပြီး ကွင်းကွင်းကွက်ကွက် မြင်နိုင်ခဲ့တယ်။ ယဉ်ကျေးမှု ဓလေ့စရိုက် ကွဲပြားတဲ့ လူတွေကို တိုင်းပြည်အတွင်းမှာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ၊ တစ်ဦးကိုတစ်ဦးလေးစားဖို့နဲ့ အားလုံးကို တန်းတူညီမျှ ဆက်ဆံမှု ထားဖို့ စတာတွေကို လီကွမ်ယူက ထောက်ခံပြောဆိုရုံ သက်သက်မဟုတ်ဘဲ တကယ့်လက်တွေ့ အကောင်အထည်ဖော်ခဲ့တယ်။ ” (1)

    ၂။ ၁၉၅၉ ဇူလိုင် ၂၁ ရက်၊ အာဏာရ ပါတီဖြစ်လာတဲ့ လီကွမ်ယူရဲ့ people action party (ပီအေပီ)။ လီကွမ်ယူဟာ ကိန်းဗရစ်ခ်ျ တက္ကသိုလ်ကြီးမှာ ဥပဒေဘွဲ့ကို ပထမတန်းစား ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တယ်။ ထူးချွန်သူအလိုက်စီတော့ နောင်ကိန်းဗရစ်ခ်ျမှာ ဥပဒေပရောဖက်ဆာကြီးတွေဖြစ်လာမယ့် ထိပ်တန်းအကျော်အမော်နှစ်ဦးရဲ့ ရှေ့မှာ လီကွမ်ယူနာမည်ရှိခဲ့တယ်။ အာဏာရပါတီကို ခေါင်းဆောင်ပြီး ၀န်ကြီးချုပ်တစ်ယောက်ဘ၀ ပထမဆုံးရောက်လာခဲ့တဲ့ လီကွမ်ယူဟာ အသက် ၃၅ နှစ်သာ ရှိပါသေးတယ်။ Legislative Assembly ခေါ် ဥပဒေပြုလွှတ်တော်မှာ ၀န်ကြီးချုပ်တစ်ယောက်နေနဲ့ ပထမဆုံးမိန့်ခွန်းပေးဖို့ လက်နှစ်ဖက်နောက်ပစ်ပြီး ၀င်လာခဲ့တဲ့ လီကွမ်ယူက သူ့ရဲ့ Stand ခေါ် ရပ်တည်သွားမယ့် ရည်ရွယ်ချက်ကို ပြတ်ပြတ်သား သားကြီး ဖော်ပြခဲ့ပါတယ်။ မိန့်ခွန်းရဲ့ အနှစ်ချုပ်က “Vow to cleanse the system of the evils of the past” ၊ “အတိတ်က စနစ်ဆိုးကို ရှင်းလင်းသုတ်သင်ဖို့အတွက် သန္နိဌာန်” ပါပဲ။ စင်ကာပူကို မြေလှန်ပစ်ဖို့အတွက် ပြတ်သားရဲရင့်တဲ့ ဆုံးဖြတ်ချက်နဲ့အတူ သူတို့ (ပီအေပီ) ရဲ့စွမ်းဆောင်ရည်ကို နောင်ငါးနှစ်သက်တမ်းအတွင်း မှတ်ကျောက်တင် ဖို့ပါ စိန်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။ (2)

    မှတ်သားရမှာက “Vow to cleanse the system of the evils of the past” ၊ “အတိတ်က စနစ်ဆိုးကို ရှင်းလင်းသုတ်သင်ဖို့အတွက် သန္နိဌာန်” ။

    ၃။ ၁၉၆၂ ဇွန်လ ၁၄ ရက်၊ civil servant ခေါ် အစိုးရ၀န်ထမ်းတွေကို လီကွမ်ယူပြောခဲ့တဲ့ မိန့်ခွန်း၊ “ခေါင်းဆောင်မှုအရည်အချင်းမှသည် ပြောင်းလဲမှုဆီသို့ ” ။ နိုင်ငံရေးနဲ့ ခေါင်းဆောင်မှု အရည်အသွေးဆိုတဲ့ ကဏ္ဍနှစ်ခုနဲ့ပတ်သတ်ပြီး လီကွမ်ယူက သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။ “နိုင်ငံရေးဆိုတာ ခေါင်းဆောင်မှုပဲ၊ အချုပ်အခြာအာဏာကို ခိုင်မြဲအောင်လုပ်ပြီးတော့ လူတွေကို ရှေ့ကိုချီတက်နိုင်ဖို့ လက်တွဲကူညီရမယ်၊ သူတို့ရဲ့ ဘ၀လမ်းကြောင်းကို တိုးတက်စေဖို့ ပြုလုပ်ပေးရမယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ ခြေလှမ်းစပြီးလှမ်းနေတဲ့ နိုင်ငံတစ်နိုင်ငံက ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံဖြစ်အောင်လုပ်ဖို့ အချက်သုံးချက်လိုတယ်။ သန္နိဌာန်ချပြီး အဲဒီအပေါ်မှာ အလျော့မပေးတဲ့ဇွဲနဲ့ ခိုင်ခိုင်မာမာရပ်တည်တတ်တဲ့ ခေါင်းဆောင်မှုအရည်အချင်း ၊ အဲဒီအရည်အချင်းကတိုင်းပြည်ကို ရွေ့အောင် ရွှေ့နိုင်ပြီး အခွင့်အာဏာကို လက်တွေ့အသုံးချနိုင်တဲ့အထိသော်လည်းကောင်း ၊ ထိရောက်တဲ့ ကွပ်ကွဲမှုနဲ့ လူတွေအကြား စည်းကမ်းသေ၀ပ်မှု ရှိလာတဲ့အချိန်အထိ အစိုးရတစ်ရပ်အနေနဲ့ ရပ်တည်နေရမယ်။ ” (3)

    ဒါက လီကွမ်ယူရဲ့ ခေါင်းဆောင်မှုအရည်အချင်းကို မြင်တဲ့အမြင်။ ၁၉၆၆ ခုနှစ်မှာ စင်ကာပူအမျိုးသားအဓိဌာန် (Singapore National Pledge) ကို လီကွမ်ယူက တည်းဖြတ်ပေးခဲ့တယ်။ အဲဒီထဲမှာ “to build a democratic society, based on justice and equality” ၊ “တရားမျှတ၊ သာတူညီမျှရှိတဲ့ ဒီမိုကရေစီ အသိုက်အ၀န်းကို တည်ဆောက်ရန်” ဆိုတဲ့အချက်ပါဝင်တယ်။ လီကွမ်ယူဟာ ဒီမိုကရေစီကို ဗန်းပြပြီး ဒီမိုကရေစီအခြေခံ စင်ကာပူစတိုင် အုပ်ချုပ်ရေးကို စတင်ခဲ့တယ်။ လီကွမ်ယူရဲ့ အုပ်ချုပ်ရေးအတတ်ပညာနဲ့ပတ်သတ်ပြီး တိုနီဘလဲက အခုလို မှတ်ချက်ပြုခဲ့တယ်။

    “အုပ်ချုပ်ရေးဆိုတာ အတွေးအခေါ် ဒဿနသက်သက်မဟုတ်ဘဲ လိုချင်တာကို ပုံသွင်းယူပြီး ရလဒ်ထွက်အောင် လုပ်ယူရတဲ့ စွမ်းအားဆိုတာကို သဘောပေါက်နားလည်ခဲ့တဲ့ သူတွေထဲမှာ လီကွမ်ယူဟာ ၂၀ ရာစုနှောင်းပိုင်းကာလအတွက် ပထမဆုံးခေါင်းဆောင်တစ်ဦး ဖြစ်တယ်။” (1)

    လီကွမ်ယူတီထွင်ခဲ့တဲ့ စင်ကာပူစတိုင် ဒီမိုကရေစီဟာ freedom of choice ခေါ် လွတ်လပ်စွာရွေးချယ်ခွင့် ၊ freedom of expression ခေါ် လွတ်လပ်စွာဖော်ပြပိုင်ခွင့်စတာတွေကို ဗန်းပြထားပြီး အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေးသာဖြစ်တယ်လို့ ဝေဖန်ခံခဲ့ရတယ်။ ဒီတော့ လီကွမ်ယူရဲ့ ဒီမိုကရေစီကဘာလဲ၊ သူက ဒီမိုကရေစီကို ဘယ်လို အဓိပ္ပါယ်ဖွင့်သလဲ။

    လီကွမ်ယူက ဒီလိုဆိုတယ်။

    “ဒီမိုကရေစီလူ့အသိုင်းအ၀ိုင်းက သူ့ဟာသူ အော်တိုလည်ပတ်နေတဲ့ အသိုင်းအ၀ိုင်းမဟုတ်ဘူး။ ဒီမိုကရေစီအောင်မြင်ဖို့ လိုအပ်ချက်နှစ်ခုရှိတယ်။ ပထမတစ်ချက်က တိုင်းပြည်ကို စီမံခန့်ခွဲတတ်တဲ့ နိုင်ငံရေးသမားခေါင်းဆောင်တွေ ရွေးဖို့အတွက် ‘ စိတ်ဝင်တစားနဲ့ ကြောင့်ကြစိတ်ထားတတ်ရုံသာမက နိုးကြားတက်ကြွ မျက်စိဖွင့်နားစွင့်ထားတဲ့ မဲဆန္ဒရှင် ’ တွေ လိုအပ်တယ်၊ တခါ အဲဒီ (မဲဆန္ဒရှင်) လူထုအမြင်ကို အင်အားအဖြစ် အသုံးချပြီး ရွေးကောက်ထားတဲ့ နိုင်ငံရေးသမားတွေကို ထိန်းချုပ်ရမယ်။ ဒုတိယတစ်ချက်က ဒီမိုကရေစီအသိုက်အ၀န်းမှာ ခေါင်းဆောင်ကို အစားထိုးရွေးချယ်နိုင်ဖို့အတွက် ရိုးသားပြီး လုပ်နိုင်စွမ်းရည်ရှိတဲ့ နိုင်ငံရေးပါတီတွေ များများစားစားလိုအပ်တယ်။ ” (4)

    ဒီမိုကရေစီကို အခြေပြုစတင်လိုက်ရင် ဒီမိုကရေစီစနစ်ကြီးဟာ သူ့ဟာသူအလိုအလျောက် လည်ပတ်သွားမှာ မဟုတ်ဘူးလို့ လီကွမ်ယူတင်ပြခဲ့တယ်။ လီကွမ်ယူက အဲဒီအတွက် မြန်မာ ၊ ပါကစ္စတန် နဲ့ အင်ဒိုနီးရှားတို့ကို ဥပမာပေးခဲ့တယ်။ တနည်းဆိုရရင် လီကွမ်ယူက “မြန်မာ့ဒီမိုကရေစီ အခြေပြု စတင်တာဟာ တကယ်တန်းလက်တွေ့ကျတဲ့ ဆောင်ရွက်ချက်တွေမရှိဘဲ မူပြောင်းပြီး ဒီမိုကရေစီကတော့ဖြင့် သူ့ဟာသူ အလိုအလျောက်အလုပ်လုပ်သွားမယ်လို့  မျှော်မှန်းနေကြတယ်” ဆိုပြီး ထောက်ပြခဲ့တာဖြစ်တယ်။

    “နိုင်ငံသားတွေဟာ (ရွေးကောက်ပွဲမတိုင်မီ) သဘောတူထားတဲ့ ရည်ရွယ်ချက်တွေ အထမြောက်အောင်မြင်ဖို့ သူတို့ရွေးကောက်တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်ကို အထောက်အပံ့ပေးရန် အင်အားရှိရမယ်၊ စည်းကမ်းကို သဘောတူလိုက်နာရမယ်၊ လိုအပ်တဲ့အခါမှာ စွန့်လွှတ်အနစ်နာခံတာတွေ လုပ်ရမယ်။ အင်အားနည်းမယ်၊ စွန့်လွှတ်အနစ်နာခံမှု နည်းမယ်ဆိုရင် စီးပွားရေးတိုးတက်မှုလည်း နည်းမှာပဲ။ လူမှုရေးစည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်မယ်၊ ကိစ္စရပ်တစ်ခုအပေါ်မှာ သဘောတူညီချက်ရအောင် မလုပ်ယူနိုင်ဘဲ အထွေထွေသဘောကွဲလွဲမှုတွေ များနေမယ်၊ ဒါဆိုရင်တော့ (အစိုးရရဲ့) စွမ်းဆောင်ရည်ကလည်း နည်းမယ်၊ အောင်မြင်မှု ရလဒ်ကလည်း နည်းမယ်။” (5)

    လီကွမ်ယူဆီက ဘာတွေအတုယူနိုင်မလဲ။

    (က) သန္နိဌာန်ချပြီး အဲဒီအပေါ်မှာ အလျော့မပေးတဲ့ဇွဲနဲ့ ခိုင်ခိုင်မာမာရပ်တည်တတ်တဲ့ ခေါင်းဆောင်မှုအရည်အချင်းရှိတဲ့ ပါတီ

    (ခ) ရိုးသားပြီး လုပ်နိုင်စွမ်းကောင်းတဲ့ နိုင်ငံရေးပါတီ များများစားစားကြီးလိုအပ်တယ် ၊

    (ဂ) သဘောတူထားတဲ့ ရည်ရွယ်ချက် (တနည်း) ရွေးကောက်ပွဲမတိုင်မီ ကတိပေး မဲဆွယ်ထားတာတွေကို ရွေးကောက်ခံရ အပြီးမှာ ပြန်လည်ဖြည့်ဆီးပေးမှု။ စင်ကာပူမှာ အရည်အချင်းရှိ အစားထိုးရွေးချယ်နိုင်တဲ့ နိုင်ငံရေးအင်အားစု မရှိဘူး။ အချိန်တန်ရင် လီကွမ်ယူရဲ့ ပီအေပီက နိုင်တယ်။ လူတွေက ပီအေပီကို တစထက်တစ ကြိုက်နှစ်သက်မှု နည်းလာသည့်တိုင် သူတို့မှာ ရွေးချယ်စရာ မရှိဘူး။ သို့သော် ပီအေပီသည် ကတိတည်ပြီး ရွေးကောက်ပွဲမတိုင်မီ သဘောတူထားတဲ့ ရည်ရွယ်ချက်တွေကို ‘အတတ်နိုင်ဆုံး’ ဖြည့်ဆီးပေးတယ်။

    ၄။ ၁၉၈၇ ခုနှစ် ၊ ဇန်န၀ါရီ ၂၆ ပါလီမန်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်း။ “၀န်ကြီးတွေလည်း စစ်ဆေးမေးမြန်းတာကို ခံရမှာပဲ။ ” အကျင့်ပျက်ခြစားမှုကို လုံးဝလက်မခံနိုင်ဘူးလို့ ပါလီမန်မှာ လီကွမ်ယူက ပြတ်ပြတ်သားသားကြေညာခဲ့တယ်။ ၁၉၅၉ မှာ လီကွမ်ယူဟာ CPIB ခေါ် အကျင့်ပျက်ခြစားမှုတွေ တိုက်ဖျက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ကို မူလနေရာကနေ ၀န်ကြီးချုပ်ရုံးရှိတဲ့နေရာကို ပြောင်းရွှေ့ရုံးထိုင် စေခဲ့တယ်။ အစိုးရ၀န်ထမ်းတွေကို အကျင့်ပျက်ခြစားမှုနဲ့ ပတ်သတ်ပြီး အပြစ်ရှိရင် ဖမ်းဆီးတယ် ၊ နှစ်ရှည် ထောင်ချတယ်၊ ရှာဖွေတယ် ၊ သက်သေခံတွေအဖြစ် ဆင့်ခေါ်တယ် ၊ ဘဏ်အကောင့်တွေကို စစ်ဆေးတယ် ၊ သံသယဖြစ်ခံရသူနဲ့ သူ့မိသားစုတွေရဲ့ အခွန်းထမ်းမှု စာရင်းဇယားကို စစ်ဆေးတယ်။ (6)

    ၅။ ၂၀၁၁ ခုနှစ် ၊ စက်တင်ဘာ ၆ ရက်၊ စင်ကာပူနိုင်ငံ ၊ အင်္ဂလိပ်ဘာသာစကား သင်ယူတဲ့ ကျောင်းဖွင့်ပွဲမှာ လီကွမ်ယူက အင်္ဂလိပ်စာ၊ ဘာသာစကားက စင်ကာပူဆက်လက်ရှင်သန်ဖို့  သေချာစေခဲ့တယ်လို့  ပြောခဲ့ပါတယ်။

    “အင်္ဂလိပ်ကို အများသုံးဘာသာစကားအနေနဲ့ ရွေးလိုက်တယ်။ အင်္ဂလိပ်စာဟာ သင်ယူ လေ့လာတဲ့နေရာမှာ၊ ဒါမှမဟုတ် ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ၊ ဒါမှမဟုတ် လုပ်ငန်းခွင်ထဲမှာ စတာတွေ  မှာ အမျိုးအမည်ကွဲတဲ့ လူမျိုးခြားတွေအကြား အခွင့်အရေးတန်းတူထုတ်ပေးနိုင်တဲ့ ဘုံဘာသာစကားဖြစ်တယ်။ ကျွန်တော်တို့မှာ ဘာသာစကားနှစ်မျိုးပြောဖို့ ပေါ်လစီရှိတယ်၊ အဲဒီပေါ်လစီအတိုင်းပဲ ကျွန်တော်တို့ ရဲ့မိခင်ဘာသာစကားကိုလည်း ထိန်းသိမ်းထားတယ်၊ လူတွေကိုလည်း သူတို့လူမျိုးအလိုက် သက်ဆိုင်တဲ့ မိခင်ဘာသာစကား သင်ယူခွင့်ပေးတယ်။ ဒီတော့  သူတို့မှာ မူဘဘူတအရင်းအမြစ်တွေကလည်း ဆက်လက်တိုးတက်နေဆဲဆိုတာကို ခံစားသိမြင်စေသလို မိမိကိုယ်ကိုယုံကြည်မှု ၊ မိမိကိုယ်ကို လေးစားမှုတွေလည်း တိုးတက်လာတယ်။  လူမျိုးစုံပြီး ကွဲပြားတဲ့ မိခင်ဘာသာစကားတွေကို ပေါင်းစည်းစုရုံး လိုက်တဲ့အခါ စင်ကာပူနိုင်ငံကြီး ဆက်လက်တည်တံ့စေဖို့ ခိုင်မာသေချာသွားခဲ့တာပါ။ အင်္ဂလိပ်စာကို မရွေးခဲ့ရင်တော့၊ ကျွန်တော်တို့ နောက်ကောက်ကျ ကျန်ရစ်နေခဲ့မှာပေါ့။ ” (7)

    ဒါ့ပြင် လီကွမ်ယူက အင်္ဂလိပ်စကားပြော လူ့အသိုက်အ၀န်းကြောင့် နိုင်ငံတကာက အသိပညာရှင် အတတ်ပညာရှင်တွေကို မြှူဆွယ်ဖို့ လွယ်ကူတဲ့အကြောင်း၊ သူတို့ကလည်း စင်ကာပူမှာ လုပ်ရကိုင်ရ ဆက်ဆံရတာတွေ လွယ်ကူချောမွေ့နေတာကို ခံစားသိရှိသွားစေမယ့်အကြောင်း ပြောခဲ့တယ်။

    မှတ်သားရမယ့် အချက်နောက်တစ်ခုကို လီကွမ်ယူက ဆိုပြန်တယ်။ “ငယ်ရွယ်တဲ့ကလေးတွေကို အင်္ဂလိပ်ဘာသာစကားသုံးပြီး ပညာသင်ကြားနိုင်စေဖို့ အရေးကြီးတဲ့အကြောင်းကို ကျွန်တော်တို့ နယ်ပယ်အတွင်း တိုင်းပြည်တော်တော်များများက နားလည်ကြတယ်။ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ language policy ခေါ် စကားပြောဓလေ့ကို ပြန်လည်တည်ဆောက်ဖို့အတွက်က ဆယ်စုနှစ်များစွာ ကြာလိမ့်မယ်။” (7)

    ၆။ ‘အစ္စလာမ်မစ်အကြမ်းဖက်’။ ဒီကိစ္စနဲ့ ပတ်သတ်လို့ မြန်မာလူထုက လီကွမ်ယူသည် အစ္စလာမ်သာသနာ နဲ့ အစ္စလာမ်မစ်အစွန်းရောက်ကို ကွဲပြားစွာ ဖော်ထုတ်သူမဟုတ်ဘဲ အဲဒီနှစ်ခု အတူတူပဲလို့  ဒိုးဒိုးဒေါက်ဒေါက် ထောက်ပြထားသူလို့ နားလည်ကောင်း နားလည်ထားကြလိမ့်မယ်။ အဲဒီလိုသာ သိထားတာပါဆိုရင်တော့ ဒါဟာ တကယ့်မှားယွင်းမှုကြီးပဲ။ အခု လီကွမ်ယူအဆိုတွေကို ကြည့်ကြမယ်။

    “ကွန်မြူနစ်ဝါဒနဲ့ ဒီမိုကရေစီဝါဒ ဒါမှမဟုတ် အရှေ့တိုင်းနဲ့ အနောက်တိုင်း။ အဲသလို ကွဲပြားမှု မရှိတော့ဘဲ အမေရိကန် ၊ အစ္စရေးနဲ့သူတို့ကို ထောက်ခံတဲ့ နိုင်ငံတွေက တဖက် ၊ မွတ်စလင်အကြမ်းဖက်က တဘက် ဒါမျိုးဖြစ်နေပြီ။ စစ်သွေးကြွမွတ်စလင်အုပ်စုနဲ့  ခေတ်နဲ့ ညီပြီး စစ်အရိပ်အယောင်တွေကင်းတဲ့ မွတ်စလင်အုပ်စု ၊ (သူတို့နှစ်အုပ်စုရဲ့ တိုက်ပွဲ) ကို ဒုတိယစစ်မြေပြင်လို့ ဆိုရမယ်။” (8)

    “အစ္စလာမ်မစ် အကြမ်းဖက်ဝါဒကို မွတ်စလင်တွေကသာ အောင်မြင်စွာ ဖြိုခွင်းနိုင်မယ်။” (9)

    “မွတ်စလင် (အစွန်းရောက်အတွေးအခေါ်မရှိသည့် မွတ်စလင်များနှင့် ခေတ်မီသည့်အတွေးအခေါ်များဖြင့် ဘ၀လမ်းကြောင်းနေသည့် မွတ်စလင်များ) တွေကိုယ်တိုင်ကပဲ နှလုံးသားထဲက အယူသည်းဝါဒကို တိုက်ခိုက်နိုင်မှာဖြစ်တယ်။ အစ္စလာမ်မစ်အတွေးအခေါ်တွေကို မှားယွင်းဖောက်ပြန်စွာ အနက်ဖွင့်ကြတယ်၊ အဲဒီလို အနက်အဓိပ္ပါယ်ဖွင့်ဆိုမှုပေါ်မှာ အခြေခံတဲ့ အကြမ်းဖက်အတွေးအခေါ်ကို သာမာန်မွတ်စလင် တွေက ဆန့်ကျင်ရမယ်၊ တန်ပြန်ရင်ဆိုင်ရမယ်။ ” (9)

    “ဂျမားအစ္စလာမီးယားပါတီလိုမျိုး အစွန်းရောက်အကြမ်းဖက်တွေအကြောင်း ကျွန်တော်ပြောခဲ့ဖူးတယ်။ ဂျီဟတ်ဝါဒီတရားဟောဆရာတွေက မှားယွင်းတဲ့အတွေးအခေါ်တွေ သူတို့ ခေါင်းထဲရိုက်သွင်းခဲ့တာပဲ။ သူတို့က သူတို့နဲ့  အမြင်သဘော တသတ်မတ်ထဲမထားနိုင်သူအားလုံးကို နှိပ်ကွပ်မှာပဲ။ အဲဒီတော့ သူတို့အစ္စလာမ်ဗားရှင်းက ဖောက်ပြန်တဲ့ဗားရှင်းဖြစ်နေပြီ။ ဒီလိုမျိုးဗားရှင်းကို စင်ကာပူက မွတ်စလင်အရေအတွက် အများစုက လက်ခံနောက်လိုက်နေကြတာမျိုးမဟုတ်ဘူး။ ကျွန်တော်တို့ (စင်ကာပူ) က မွတ်စလင်ခေါင်းဆောင်တွေက ချင့်ချိန်နိုင်စွမ်းရှိကြသူတွေဖြစ်တယ်ဆိုတာကို ကျွန်တော်ထောက်ပြခဲ့ဖူးတယ်။ အစွန်းရောက်အကြမ်းဖက်ဝါဒကို ဖြေရှင်းဖို့အတွက် အဆုံးစွန်သော အန္တိမနည်းလမ်းအဖြေက ‘ အစွန်းမရောက်တဲ့မွတ်စလင်တွေကို အင်အားကောင်းလာအောင် အားပေးထောက်ကူရမယ်၊  သူတို့သာသနာ (အစ္စလာမ်ကို) မောင်ပိုင်စီးပြီး အကြမ်းဖက်လုပ်ရပ်တွေအတွက် လူသူအင်အားစုဆောင်းနေတဲ့ အစွန်းရောက်သူတွေကို ဆန့်ကျင်ပြောဆို ဝေဖန်တာတွေလုပ်နိုင်အောင် ၊ ရှေ့ကို ထွက်လာနိုင်ဖို့အတွက် ရဲဆေးတင်ပေးရမယ်။’ (10)

    “မွတ်စလင်ရာခိုင်နှုန်းအများစုက အကြမ်းဖက် ဒါမှမဟုတ် အစွန်းရောက်ကိစ္စတွေနဲ့ ပတ်သတ် စပ်ယှက်နေတာမျိုး လုံးဝမရှိဘူး။ ဒါပေမယ့် လက်နက်ကိုင် အကြမ်းဖက်တွေက အစ္စလာမ်ကို တွန်းအားတစ်ရပ်ဖြစ်လာစေဖို့ မောင်ပိုင်စီးတယ်၊ ပြီးတော့မှ ပြင်းထန်တဲ့ လှည့်ကွက်တွေနဲ့ အစ္စလာမ်ဘာသာကို တန်ဆာ ဆင်တော့တယ်။” (11)

    ဇူလိုင် ၂၀၀၅ တုန်းက လီကွမ်ယူနဲ့ ဟီလာရီကလင်တန်တို့ တွေ့ဆုံခဲ့ကြတယ်၊ အဲဒီမှာ လီကွမ်ယူက အစ္စလာမ်ဘာသာကို ရည်ညွှန်းပြီး အဆိပ်အတောက်အယူဝါဒ (venomous religion) ရယ်လို့ ကင်ပွန်းတပ်ခဲ့ကြောင်း ၀ီကီလိခ်က ဖော်ပြတယ်။ ဒါကိုနောက်ပိုင်းမှာ လီကွမ်ယူက တရားဝင်ငြင်းပယ်ပြီး စာတမ်းတစ်ခုထုတ်ကာ ဖြေရှင်းခဲ့တယ်။ အဲဒီဖြေရှင်းမှုကို စင်ကာပူရုပ်သံ MediaCorp က သတင်းအဖြစ် ထုတ်လွှတ်ပေးခဲ့တယ်။ (12)

    အဲဒီလိုပဲ ၊ မလေးလူမျိုးတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ တသီးပုဂ္ဂလဆန်ပြီး စင်ကာပူအသိုင်းအ၀န်းအတွက်  ပေါင်းစည်းဖို့် အခက်ခဲဆုံးဖြစ်တယ်လို့ လီကွမ်ယူက သူ့ရဲ့   “Hard Truths to keep Singapore going” ဆိုတဲ့စာအုပ်မှာ မှတ်ချက်ပေးဖော်ပြခဲ့တယ်။ ဒါကို နောက်ပိုင်းမှာ လီကွမ်ယူက “I stand corrected” ဆိုတဲ့ စာတမ်းထုတ်ပြီး သူ့အဆိုကို ပြန်လည်ရုပ်သိမ်းခဲ့တယ်။ (13)

    ဒီအချက်တွေကို မြန်မာပရိသတ်တွေထဲမှာ သိထားသူ မရှိသလောက်ပဲ။

    လီကွမ်ယူရဲ့ အဆို်မှာ သတိပြုမှတ်သားနိုင်တာက အစ္စလာမ်မစ်အစွန်းရောက်ကို ချေမှုန်းဖို့အတွက် အစွန်းမရောက်တဲ့ မွတ်စလင်တွေရဲ့အင်အားကို အသုံးအချရမယ်၊ ဒီတော့ အစွန်းမရောက်တဲ့ အလယ်အလတ်ဝါဒီ မွတ်စလင်တွေကို ပွဲထုတ်ရမယ်၊ အစွန်းရောက်ဝါဒနဲ့ ဆန့်ကျင်ပြီး သူတို့ကို ဟောပြောတင်ပြခိုင်းရမယ်။ ဒီအချက်တွေက မှတ်သားစရာတွေပါပဲ။

    လီကွမ်ယူဆီက ဘာတွေရနိုင်သလဲဆိုတဲ့ ယခုစာတမ်းကို အင်္ဂလိပ်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ရဲ့မှတ်ချက်များနဲ့ အဆုံးသတ်လိုပါတယ်။

    “စင်ကာပူက ကျွန်တော်တို့ကို ဒီမိုကရေစီလဲမသင်ပေးဘူး၊ ဒီမိုကရေစီမဟုတ်တဲ့ နည်းလမ်းကိုလဲ မသင်ပေးဘူးလို့ဘဲ ကျွန်တော် ထင်တယ်။ ကွဲပြားတဲ့နိုင်ငံတွေအလိုက် စနစ်မျိုးစုံရှိမှာပဲ။ စင်ကာပူက ကျွန်တော်တို့ကို အုပ်ချုပ်ရေးပိုင်းဆိုင်ရာအရည်အသွေးနဲ့  နိုင်ငံနဲ့ချီပြီး ချမှတ်ရတဲ့ဆုံးဖြတ်ချက်တွေရဲ့ အရည်အသွေး ၊ အဲဒါတွေကို သင်ပေးတယ်လို့ကျွန်တော်ထင်တယ်။  … စင်ကာပူကပေးတဲ့သင်္ခန်းစာက အကျင့်ပျက်ခြစားမှုကင်းပြီး ထိရောက်တဲ့ နည်းလမ်းနဲ့ နိုင်ငံကို အုပ်ချုပ်ပါ၊ လက်တွေ့ကျပြီး လက်ဆုပ်လက်ကိုင် သက်သေပြနိုင်တဲ့ ဆုံးဖြတ်ချက်မျိုးကို ချမှတ်ပါ၊ အဲဒါတွေပဲဖြစ်ပါတယ်။ (တိုနီဘလဲ)” (1)

    ဖော်ပြပါအချက်အလက်တွေက အာဏာရှင် လီကွမ်ယူဆီက အတုယူနိုင်ပြီလို့ ယတိပြတ်သတ်မှတ်လိုက်ရမယ့် အချက်တွေလား? မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီလိုဆိုပါတယ်။

    “မစ္စတာလီက လူတော်တစ်ယောက်ပဲ။ ဒါပေမယ့် သူလည်း အမြဲတမ်းတော့ ဘယ်မှန်ပါ့မလဲ။” (14)

    “စင်ကာပူမှာအောင်မြင်နေတဲ့ စနစ်တွေကို ကျမအများကြီးလေ့လာချင်ပါတယ်။ ဒါပေမယ့် ကျမတို့နိုင်ငံအတွက် ဒီထက်ပိုပြီး လိုအပ်နေတာမျိုးတွေ ရှိသေးသလားဆိုတာကိုတော့ ကျမဆင်ခြင်မိတယ်။ … တကယ်တော့ စင်ကာပူကလည်း ကျမတို့ဆီက သက်သောင့်သက်သာရှိတဲ့ ဘ၀လမ်းကြောင်းမှုပုံစံကို လေ့လာနိုင်သေးတာပဲ။” (14)

    ကိုးကား –
    1)    http://www.channelnewsasia.com/news/world/lee-kuan-yew-a-man-of/1748474.html
    2)    http://www.straitstimes.com/news/singapore/more-singapore-stories/story/his-own-words-vow-cleanse-the-system-the-evils-the-past-
    3)    Lee Kuan Yew, speech given to Singaporean civil servants at the Political Center, Singapore, June 4, 1962.
    4)    Lee Kuan Yew, speech given at an election rally at City Council, Singapore. December 20, 1957
    5)    Lee Kuan Yew, speech given at the swearing-in of the Singaporean Cabinet, Singapore. January 2, 1985.
    6) http://www.straitstimes.com/news/singapore/more-singapore-stories/story/teh-cheang-wan-case-no-way-minister-can-avoid-investigat
    7) http://www.moe.gov.sg/media/speeches/2011/09/06/speech-by-mr-lee-kuan-yew-at-elis-launch.php
    8) Lee Kuan Yew – The Grand Master’s Insights on China, the United States, and the World. ISBN 978-0-262-01912-5 , Chapter 5 – The Future of Islamic Extremism, Pg 68
    9) နံပါတ် ၈ တွင် ညွှန်းပြီးစာအုပ်၊ စာမျက်နှာ ၇၆
    10) နံပါတ် ၈ တွင် ညွှန်းပြီးစာအုပ်၊ စာမျက်နှာ ၇၆ – ၇၇
    11) နံပါတ် ၈ တွင် ညွှန်းပြီးစာအုပ်၊ စာမျက်နှာ ၇၇
    12) https://www.youtube.com/watch?v=otwgNu4AXjo
    13) http://news.asiaone.com/News/AsiaOne+News/Singapore/Story/A1Story20110308-267055.html
    14) http://www.irrawaddy.org/commentary/suu-kyi-singapore-and-the-ties-that-bind.html

    Photo credit – http://si.wsj.net/public/resources/images/BN-HN696_0322LK_M_20150322225828.jpg

  • အချိန်အဖြုန်းခံရသူများ

    အချိန်အဖြုန်းခံရသူများ

    ဧပြီ ၁ ၊ ၂၀၁၅
    M-Media
    ထက်မြတ်ရေးသည်။
    traffic
    ယနေ့ခေတ် ၂၁-ရာစုကြီးထဲတွင် လူကြီး၊ လူလတ်၊ လူငယ်မရွေး အရွယ်သုံးပါးစလုံး အမျိုးသား အမျိုးသမီးများအားလုံး တန်းတူ နေ့စဉ်နှင့်အမျှ စားဝတ်နေရေးအတွက် ရုန်းကန်နေကြသည်။ နေထွက်ချိန်မှ နေဝင်ချိန်ထိ တစ်နေ့တာ ဘဝကို ပုံစံမျိုးစုံဖြင့် ဖြတ်သန်းနေကြသည်။ ယင်းကဲ့သို့ ဖြတ်သန်းရာတွင် အဓိက ပေးဆပ်ရသည့်အရာမှာ “အချိန်” ပင်ဖြစ်ပါသည်။ လူတိုင်းသည် အချိန်ကိုရင်းပြီး သက်ဆိုင်ရာအလုပ်များကို လုပ်ကိုင်နေရခြင်း ဖြစ်သည်။

    ရန်ကုန်မြို့အတိုင်းအတာနှင့် ပြောရရင် ယနေ့ခေတ် သွားချင်တဲ့နေရာသို့ရောက်ရန် အိမ်မှ ယခင်ကထက် ပို၍ စောစွာထွက်ခွာရသည်။ အဘယ်ကြောင့်ဆိုသော် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသောကြောင့်ဖြစ်သည်။ ရန်ကုန်မြို့ ယာဉ်ပိတ်ဆို့မှု အဘယ်သူမှာ တာဝန်ရှိသနည်း။ မည်သူဖြေရှင်းပေးမည်နည်း။

    လမ်းတွေပြင်သည်၊ ခုံးကျော်တံတားတွေ ဆောက်လုပ်သည်။ ထိုအရာများသည် ပြီးစီးသွားလျှင်တော့ ပြည်သူများအတွက် အလွန်အသုံးဝင်နိုင်မည့်အရာတစ်ခုပါ။ သို့သော် မပြီးစီးခင်အချိန် အတိုင်းအတာတစ်ခုအတွက် ပြည်သူများအနေနှင့် အလွန်ဒုက္ခရောက်ရသည်။

    ကားအသစ်တွေတော့ များစွာတင်သွင်းလျက် ရှိနေပါတယ်။ လမ်းတွေကိုတော့ ကားတွေမတင်သွင်းမီ အရင်ကတည်းက လမ်းချဲ့တာ ဂုံးကျော်တံတားဆောက်တာတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဤကဲ့သို့သာ ပြုလုပ်ထားမည်ဆိုလျှင် ပြည်သူများအနေဖြင့် လွန်စွာလွယ်ကူချောမောပြီး စိတ်ချမ်းချမ်းသာသာနှင့် သွားလာနိုင်မည် ဖြစ်ပါသည်။

    ယခုတော့ လမ်းပြင်၊ ခုံးကျော်တံတားဆောက်နေစဉ် နှစ်လမ်းသွားကို တစ်လမ်းပဲပေးသွား၊ အခြားလမ်းများက ပတ်သွား အစရှိတဲ့ဖြစ်ရပ်တွေကြောင့် ကားတွေက မကျပ်သင့်ဘဲနှင့်ကြပ်၊ လိုရာခရီးကို ယခင်သွားနေကြ အချိန်တိုင်းမရောက်တော့၊ ယခင်ထက်အချိန်က နှစ်ဆလောက်ပေးရ စသည့် အခက်အခဲများကြောင့် နေ့စဉ်အချိန်များမှာ လမ်းပေါ်များတွင် ကုန်ဆုံးလျက် ရှိနေတော့သည်။ နွေရာသီဥတု ရာသီဥတုကလည်း အလွန်ပူ၊ ကားကလည်းပိတ်သောကြောင့် ခရီးသွားပြည်သူများမှာ နေ့စဉ်နဲ့အမျှ စိတ်မချမ်းသာမှုများနှင့် ရင်ဆိုင်နေရပါသည်။

    အခုတော့ နေ့စဉ်နဲ့အမျှအကျိုးမဲ့ အချည်းအနှီး ဖြုန်းတီးပစ်လိုက်ရတဲ့ အချိန်တွေ တစ်နေ့တစ်ခြား များသထက်များလာတာကို တွေ့နေရပါတယ်။ ရုံးသမား၊ ကျောင်းသား၊ အလုပ်သမား အစရှိသူများဟာ အလုပ်ချိန်ရဲ့ တစ်ဝက်လောက်ကို ဘတ်စ်ကားပေါ်မှာ အချိန်ကုန်နေရပါတယ်။ ဘတ်စ်ကားစောင့်ရင်း၊ ဘတ်စ်ကားပေါ်မှာ ကားလမ်းတွေပိတ်နေလို့ အချိန်ကုန်သွားခြင်းတို့ဖြင့် မိမိတို့၏ အဖိုးတန်အချိန်တွေကို ဖြုန်းတီးပစ်လိုက်ရတာ အင်မတန်ကို နှမြောစရာကောင်းလှပါတယ်။

    သက်ဆိုင်ရာဌာနများအနေနှင့်လည်း ထိုအရာများကို အလေးထား၍ ဆောင်ရွက်စေလိုသည်။ ထိုဖြစ်ရပ်များကို အထူး သတိချပ်စေချင်လိုသည်။ ယခုလို ပြည်သူတွေဆီက အချိန်ခိုးယူမှုတွေ တစ်နေ့ တစ်နေ့ ဘယ်လောက်တောင် များနေပြီလဲ။ အဲဒီလိုဖြစ်ရပ်တွေကြောင့် ဆုံးရှုံးမှုတွေ ဘယ်လောက်တောင် များနေပြီလဲ။ အလေးအနက်စဉ်းစားကြရန်လိုအပ်နေပါပြီ။

    ယနေ့ခေတ်လို အချိန်တွေရှားပါးလာတဲ့ ခေတ်မှာ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချနိုင်ကြဖို့ လိုအပ်နေပါပြီ။ ဒီကိစ္စတွေကို စဉ်းစားကြဖို့ကောင်းပါပြီ။ ဘတ်စ်ကားအပြင် တခြားဖြစ်ရပ်များဖြစ်သော ဘူတာရုံမှာ နှစ်နာရီ သုံးနာရီလောက် မီးရထားကိုစောင့်ပြီး နောက်ကျ လို့ဆိုပြီး စောင့်နေရတဲ့ အချိန်တွေ၊ ရုံးတွေ ဌာနတွေမှာ မိမိတွေ့ချင်သည့် ပုဂ္ဂိုလ်များကို တွေ့ရန် ဘုမသိ ဘမသိနဲ့ထိုင်စောင့်ခိုင်းထားလို့ အလဟာသဖြစ်သွားတဲ့အချိန်တွေ စသည်ဖြင့် တွက်ကြည့်လိုက်လျှင် တစ်နေ့တစ်နေ့ အကျိုးမဲ့ကုန်ဆုံးသွားသည့် အချိန်များမှာ မနည်းလှပါဘူး။

    လူတစ်ယောက်အတွက် တစ်နေ့ အကျိုးမဲ့ အချည်းအနှီး ဖြုန်းပစ်လိုက်ရတဲ့အချိန်ကို ပျှမ်းမျှ တွက်ကြည့်လိုက်လျှင် တစ်နေ့ကို (၄) နာရီပဲထား (၄) နာရီမှာ လူ (၁) သိန်းဆိုရင် ဘယ်လောက်ရှိမလဲ။ လူ (၁) သန်းဆိုဘယ်လောက်ရှိမလဲ။ တွက်ကြည့်ကြပါ။ ဒါကတစ်နေ့တာ အတွက်ပဲနော်။ တစ်လစာ တစ်နှစ်စာ သာဆိုလျှင် အကျိုးမဲ့ အချည်းအနှီး ဖြုန်းပစ်လိုက်ရတဲ့အချိန်တွေ ဘယ်လောက်တောင်များနေပြီလဲ။ ပြည်သူများမှာ အချိန်ဖြုန်းခံနေရသူများသာ ဖြစ်နေပါတော့သည်။ ထိုအချိန်များကို အကျိုးရှိမည့်နေရာများတွင်သာ အသုံးချမည်ဆိုပါက မည်ကဲ့သို့ တန်ဖိုးရှိနိုင်ကြောင်း သုံးသပ်ရန်လိုအပ်နေပါကြောင်း။

    ထက်မြတ်