News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • လောကပါလတရားများ ထွန်းကားပါစေ မြန်မာပြေ(ပြည်)

    လောကပါလတရားများ ထွန်းကားပါစေ မြန်မာပြေ(ပြည်)

    အောက်တိုဘာ၊ ၁၆၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်-T.Z.A

    မပြောမဖြစ်လွန်းလို့ပြောရတာပါခင်ဗျား…လွန်တာကျွံတာရှိက ဆုံးမပါ”အစရှိတဲ့ ဟိုလွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်လောက် နာမည်ကြီးအဆိုတော် လွှမ်းမိုးသီဆိုခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ကို သွားသတိရမိတယ်။ အဲဒီသီချင်းလေးထဲကလိုပဲ စာရေးသူလည်း နည်းနည်းမျှဝေချင်တာလေးတွေရှိလာတယ်။ ဒါပေမယ့် စာရေးသူတို့ရဲ့ ထုံးစံအတိုင်း ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ ၀ါဒစွဲ ကင်းကင်းနဲ့ ကိုယ်မျှဝေချင်တာလေးတွေကို မျှဝေလိုက်ပါတယ်။ အကယ်၍များ တိုက်ဆိုင်မှုများရှိခဲ့လျှင်လည်း တိုက်ဆိုင်မှုသက်သက်အဖြစ်သာ နားလည်ပေးကြဖို့လည်း မေတ္တာရပ်ခံအပ်ပါတယ်။

    စာရေးသူတို့ ငယ်ငယ်တုန်းက သင်ကြားခဲ့ရတဲ့ လောကပါလ တရားနှစ်ပါး။လောကကို စောင့်ရှောက်တဲ့ တရားနှစ်ပါးပေါ့နော်။ (ဒါက စာပေသဘောအရဘာသာပြန်တာပါ။ ယုံကြည်ချက်မဟုတ်ပါဘူး၊) အဲဒီတရားနှစ်ပါးဆိုတာ “ဟီရိ၊ သြတ္တပ္ပ”တဲ့။ အဲဒါ မြန်မာလို ပြန်ရင်တော့ အရှက်တရား၊ အကြောက်တရား ပေါ့။ ဒီတရားနှစ်ပါးမရှိရင် လောကပျက်စီးရာ ပျက်စီးကြောင်းပေါ့။ ဒါပေမယ့် အခုအချိန်မှာ ဒီလို ကောင်းမြတ်တဲ့ကိုယ်ကျင့်တရားတွေကို ထိန်းသိမ်းထားကြတဲ့လူတွေဟာ စိန်ခေါ်ခံနေရတယ်။

    “ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်း”ဆိုတဲ့ စာရေးသူတို့ငယ်ငယ်တုန်းက သင်ကြားခဲ့ရတဲ့ ပျို့ကဗျာလေးကို မှတ်မိကြမှာပါ။  အခု စာရေးသူတို့တိုင်းပြည်မှာ ဘယ်သူတွေက ကောင်းမှုမြတ်နိုးပြီး ဘယ်သူတွေကို ကောင်းအောင်ကြိုးပမ်းပြီး ကိုယ်ကျင့်တရားတွေကိုထိန်းသိမ်းနေကြပါသလဲ။

    ဖွင့်ကြည့်လိုက်ပါ။ Facebook အစရှိတဲ့ social website တွေ၊ forum တွေကို။ အပြောအဆိုတွေ၊ အသုံးအနှုန်းတွေ ရင့်သီး ရိုင်းပြတာတွေ အများကြီးပါ။ အားလုံးကိုမဆိုလိုပါ။ ဒါပေမယ့် တော်တော်များပါတယ်။ “မိမိကိုယ်ကို လုံခြုံစိတ်ချပြီလို့ ထင်တဲ့အချိန်မှာ မိမိလုပ်လိုက်တဲ့အလုပ်ဟာ မိမိစရိုက်အမှန်ကိုဖော်ပြတယ်”ဆိုတာကို မမေ့သင့်ပါ။ အင်တာနက်ပေါ်မှာ အတိုင်းအတာတစ်ခုအထိတော့ လုံခြုံတယ်ပေါ့။ ကိုယ်က သူများကိုဆဲလည်းရတယ်။ သေးတဲ့ပြဿနာကို ကြီးအောင်၊ ကြီးတဲ့ပြဿနာကို အကျိုးနည်းအောင် ဖွ လည်း ရတယ်။ ချင့်ယုံတဲ့လူတွေရှိသလို ယုံတဲ့လူတွေလည်းရှိတယ်။ အယောက် တစ်ရာကြည့်လို့ ငါးယောက်၊ ဆယ်ယောက်လောက်ပဲ ယုံရင်တောင် ကိုယ့်အကြံအစည်က အတိုင်းအတာတစ်ခုအထိ အထမြောက်ပြီကိုး။

    ငါးပါးသီလထဲမှာ မုသာဝါဒကံ ပါ ပါတယ်နော်။ ကျွန်တော်တို့မြန်မာပြည်က အချို့သော မီဒီယာများ (print / web) “ပညာရှိသတိဖြစ်ခဲ”ဆိုသလို များဖြစ်နေသလား။ တမင်တကာပဲ မသိချင်ယောင်ဆောင်နေသလား။ ပြောလိုက်ရင်တော့ “ကျွန်တော်မျိုး အသက်ထက်ဆုံး ရှောင်ကြဉ်ပါ၏” တဲ့။စာရေးသူရဲ့ မိတ်ဆွေတစ်ယောက်ပြောသလိုပေါ့။ “ဟ…ပြောတာကိုက ရှင်းနေတာပဲ၊  မုသာဝါဒကံကို ကျွန်တော်ရှောင်တယ် လို့ပြောတာ၊ avoid ပေါ့နော်။ ကျွန်တော် မုသားမပြောဘူး၊ မလိမ်ဘူးလို့ပြောတာမဟုတ်ဘူး၊ အဲဒီမလိမ်ဘူး၊ မပြောဘူးဆိုတဲ့ ကံကို ကျွန်တော်ရှောင်တယ်လို့ပြောတာ”တဲ့။

    သြော်—မှတ်သားစရာပါပဲ။ သူတို့ပြောတဲ့ အသက်ထက်ဆုံးရှောင်ကြဉ်တယ်ဆိုတာ အဲဒါမျိုးလားမသိဘူး။

    ကျွန်တော်တို့တိုင်းပြည်မှာ ပညာရှင်တွေတော်တော်ပေါတယ်။

    “ကျားက လူကို သတ်တော့ ကျားကို ကျားဆိုး လို့ခေါ်တယ်၊ လူက ကျားကိုသတ်တော့ အမဲလိုက်တာပါ”တဲ့။ မဆိုးဘူး။

    “အင်္ဂလိပ်က မြန်မာပြည်ကိုနယ်ချဲ့တော့ အင်္ဂလိပ်ကို နယ်ချဲ့မိစ္ဆာကောင် လို့ခေါ်တယ်၊ မြန်မာဘုရင်တွေ ယိုးဒယားသွားတိုက်တော့ နိုင်ငံတော် နယ်ပယ်ချဲ့ထွင်တာပါ” တဲ့။  သြော်—-“နယ်ချဲ့” ဆိုတဲ့စကားကို “နယ်ပယ်ချဲ့ထွင်တယ်”လို့လည်း ခေါ်ပေသကိုး။ အဲဒီလိုပေါ့နော်။ လိုရာဖြတ်တောက်ပြီး ပြီးမြောက်အောင် လုပ်လိုက်ကြပေသကိုး။ ရွှေချထားရမယ့် ဦးနှောက်တွေ။

    အခုအချိန်မှာ အမှန်အတိုင်းပြောတဲ့လူတွေဆိုလို့ရှိရင်တော့….မှန်တစ်ချပ်ကိုအရှေ့တည့်တည့်မှာထား ပြီးရင်ခြေထောက်နဲ့ကန်၊ ဘာဖြစ်သတုံး၊ အဲဒီမှန်ကွဲသွားမှာပေါ့။ ဟုတ်လား။ အဲဒီလိုပါပဲ။ “မှန်ကန်ရင် ကွဲတတ်ပါတယ်။” သတိထားပြီးမှန်ကန်ကြပါလို့ပြောရမယ့်ပုံ။ ဒီအချက်က ကျွန်တော်အဓိက ပြောချင်တဲ့အချက်ပါပဲ။

    မှားတာကိုမှားမှန်းသိရင်ပြင်လို့ရမှာပါ။ ဒါပေမယ့် မှားတာကို မှားမှန်းမသိရင်တော့၊ ပိုဆိုးတာက အဲဒီအမှားကို

    အမှန်လို့ထင်သွားရင်တော့.

    “လူသတ်တယ်? ကောင်းလား။” လို့မေးရင်

    “မကောင်းဘူး။” လို့ဖြေမယ်။

    “အဲဒါဆို သေဒဏ်ကျခံထားရတဲ့ ရာဇ၀တ်သားတွေကို ဘာလုပ်ရမလဲ၊ သေဒဏ်မှလျှော့ပေါ့ခံစားစေပေါ့? အဲဒီလိုလုပ်လို့ရမလား”လို့ ထပ်မေးရင်….

    “ဟာ..ဒါတော့ဘယ်ဖြစ်မလဲ၊ တိုင်းပြည်မှာတရားဥပဒေစိုးမိုးဖို့လိုတယ်”လို့ဖြေမှာပေါ့။

    “ကဲ…ဒါဆိုရင် မင်းတို့တိုင်းပြည်မှာ လူသတ်တဲ့ လူသတ်သမားတိုင်းအဖမ်းခံရလား၊ ကြိုးစင်တက်ရလား”လို့ထပ်မေးရင်…

    “ဟုတ်ကဲ့၊ ကျွန်တော် တုပ်ကွေးမိပြီးနှာစေးနေပါတယ်”လို့ ဖြေရင်ကောင်းမယ်။ ကိုယ်လည်း နီးရာဓါးကြောက်ရတာကိုး။
    အမှန်ကိုပြောလိုက်ရင်….ဟာ.ဒုက္ခပဲ၊ ငါပါ ရောပြီး ပြဿနာအရှာခံရတော့မယ်ပေါ့။ ဟုတ်လား။ ဒီလိုနဲ့ပဲ အမှန်ကိုပြောချင်တဲ့စိတ်တွေက ခြိမ်းခြောက်ခံရတာနဲ့၊ ဇဝေဇ၀ါဖြစ်အောင် နည်းမျိုးစုံနဲ့ brain wash လုပ်ခံရနဲ့… အဲဒီလိုနဲ့ ကောင်းတာပြောချင်တဲ့စိတ်၊ မကောင်းတာကို တားဖြစ်ချင်တဲ့ စိတ်ကလေးတွေဟာ လုပ်ကြံခံနေရပါတယ်။

    ဟိုတစ်လောက အင်တာနက်မှာရော၊  ပြည်တွင်းက ပုံနှိပ်မီဒီယာတွေမှာပါ တွေ့မြင်ကြားသိလိုက်ရပါတယ်။ မြန်မာမလေးတစ်ယောက် ဂျပန်သွားပြီး မယ်စကြ၀ဠာသွားပြိုင်နေတဲ့ပုံပါ။

    အဲဒီပုံကို ၀ိုင်းပြီး Like လုပ်ကြ၊ အဲဒီမိန်းကလေးကို ၀ိုင်းပြီး vote ပေးကြနဲ့၊ သူတို့ကပြောလိုက်သေးတယ်။ ဒီလိုဝတ်တာ ပြိုင်ပွဲစည်းကမ်းအရ ၀တ်ရတာပါတဲ့၊ ဘာပဲပြောပြော ကိုယ့်မြန်မာမိန်းကလေးတစ်ယောက် နိုင်ငံဂုဏ်ဆောင်ပြီး ဒီလိုပြိုင်ပွဲမှာ သွားပြိုင်တာ ကိုတော့ အားပေးရမှာပေါ့တဲ့။ “၀ံသာနုစိတ်ဓါတ်”ဆိုတာကို ဘယ်လိုဘာသာပြန်ရမလဲ ပြန်စဉ်းစားရမယ့် အခြေအနေကို ရောက်သွားပါတော့တယ်။

    အချုပ်အားဖြင့်မျှဝေချင်တာကတော့ “ဟီရိ၊ သြတ္တပ္ပ”ဆိုတဲ့ အရှက်တရား၊ အကြောက်တရားတွေနဲ့ ဖွဲ့စည်းထားတဲ့၊ ဗြဟ္မစိုရ်တရားတွေနဲ့ ပြည့်ဝနေတဲ့၊ စည်းကမ်းရှိစွာနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့ဘောင်တစ်ခုကို စာရေးသူတို့အားလုံး အလိုရှိကြမှာပါ။ အဲဒီလို သာယာဝပြောတဲ့ လူ့ဘောင်တစ်ခုကိုရရှိဖို့ဆိုရင် “လူကို လူလိုမြင်ဖို့လိုပါတယ်”။ “သူကတော့မည်းလို့၊ ငါကတော့ ဖြူလို့၊ သူကတော့ ဟိုလူမျိုးမို့လို့၊ ငါတို့ကတော့ ဘယ်လူမျိုးမို့လို့”ဆိုတဲ့ အစွဲတွေနဲ့ တစ်ယူသန်စွဲပြီး “လူကို လူလိုမမြင်သမျှ” ကာလပတ်လုံးတော့ စာရေးသူတို့လူ့ဘောင်ဟာ သာယာဝပြောတဲ့လူ့ဘောင်မဖြစ်နိုင်ပါဘူး။ “ကိုယ်နဲ့မတူတဲ့သူအားလုံးကိုသတ်၊ ဒါမှ မဟုတ်လည်း မောင်းထုတ်”။ အဲဒီလိုလုပ်တိုင်းသာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး အခြေတင့်မယ်၊ အနေမြင့်မယ်ဆိုရင်…

    သမိုင်းမှာလည်း ဒီလိုဖြစ်ရပ်မျိုးတွေပေါ်ခဲ့ပါတယ်။ အောင်မြင်ပါသလား။ ကိုယ်လုပ်တဲ့လုပ်ရပ်အတွက်တော့ ကိုယ့်ရဲ့နောင်လာ နောက်သားတွေ အရှက်ရစေမယ့် အဖြစ်မျိုးတော့ မဖန်တီးချင်ပါနဲ့။ “တဒင်္ဂအောင်မြင်မှုဟာ ထာဝရမဟုတ်ပါဘူး” ။ “တဒင်္ဂကို ထာဝရနဲ့မလဲပါနဲ့” “ထာဝရကောင်းဖို့ဆိုရင်တော့ အမှန်တရားနဲ့အညီ အရာရာကို လုပ်ကိုင်မှရပါလိမ့်မယ်”ဆိုတာပြောရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။

  • စဉ်းစားရင်းတွေးရင်းမေးခွန်းလေးတွေမေးပါ။

    စဉ်းစားရင်းတွေးရင်းမေးခွန်းလေးတွေမေးပါ။

    အောက်တိုဘာ၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်- Thantsin Phyoe

    Are we civilized?

    မြန်မာနိုင်ငံက ဗုဒ္ဓဂါယာလိုမျိုး ဗုဒ္ဓဘာသာဝင်တို့ရဲ့အထွဋ်အမြတ်နယ်မြေမဟုတ်ပါ… ဗုဒ္ဓဘာသာဝင်အများစုရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အစ္စလာမ်ဘာသာဝင်၊ ကက်သိုလစ် ခရစ်ယန်ဘာသာဝင် အခြား ခရစ်ယျာန်ဘာသာဝင် ဟိန္ဒူဘာသာဝင်တွေ ရှေးနှစ်ပေါင်းများစွာ ကတည်းက နေထိုင်ခဲ့သောနိုင်ငံ တစ်နိုင်ငံလည်းဖြစ်ပါတယ်… မြန်မာ့မြေပေါ်မှာ အရောင်အသွေးစုံလင်တဲ့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဘာသာ တရားပေါင်းစုံ နေထိုင်ခဲ့ကြတာပါပဲ…

    အထက်ကအချက် အလက်က မြန်မာနိုင်ငံနဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ ကွာခြားချက်ပဲဖြစ်ပါတယ်… ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ ဌာနေတိုင်းရင်းသား ဘာသာခြားတွေရှိနေပြီး အဆိုပါဘာသာခြားတွေရဲ့ ကိုးကွယ်ယုံကြည်မှုကို တားမြစ်ထားခြင်း ဌာနေတိုင်းရင်းသား ဘာသာခြားတို့၏ အဆောက်အဦးများကို ခွင့်မပြုခြင်းလား… 

    ဆော်ဒီအာရေးဘီးယားမှာ ဘာသာရေး လွတ်လပ်ခွင့်မရှိဘူးလို့ပြောတာဆိုရင် လက်ခံနိုင်ပေမဲ့ တန်းညှိတာတော့ ထူးဆန်းတဲ့ အတွေးအခေါ် ပြောရရင် တော်တော် တိမ်တဲ့အတွေးအခေါ်ပါပဲ… အရင်ကလည်း ကျနော်ပြောဖူးပါတယ်… ဆော်ဒီအာရေးဘီးယားမှ မဟုတ်ပါဘူး ဘယ်နိုင်ငံမဆို ဘာသာရေး လွတ်လပ်ခွင့် မရှိတဲ့အပေါ်မှာ နိုင်ငံတကာက Action တွေယူမယ်ဆိုရင် ကျနော် အပြည့်အဝထောက်ခံပါတယ်…  ဆော်ဒီအာရေးဘီးယားနိုင်ငံ ဘာသာရေး လွတ်လပ်ခွင့်မရှိဘူး လူအခွင့်အရေး ချိုးဖောက်မှုရှိတာတွေ အတွက် ဘာ့ကြောင့် နိုင်ငံတကာအဖွဲ့ အစည်းကြီးတွေဖြစ်တဲ့ UN ကတာဝန်မရှိတာလဲ… တကယ်လို့ မကျေနပ်ကြဘူးဆိုရင် UN မှာ ဆော်ဒီအာရေးဘီးယားကို စီးပွါးရေးပိတ်ဆို့ အရေးယူတာတွေ ဘာတွေကို လုပ်ထုံးလုပ်နည်းနဲ့ အညီတင်ပြတောင်းဆိုကြပါ… ကျနော်အားပေးတယ်…  ဆော်ဒီမှမဟုတ်ဘူးနော် ကမ္ဘာပေါ်မှာရှိတဲ့ မည်သည့်အချုပ်အခြာ အာဏာပိုင်နိုင်ငံကိုမဆို ဘာသာရေး လွတ်လပ်ခွင့်မရှိတာ လူ့အခွင့်အရေး ချိုးဖောက်တာတွေအတွက် အရေးယူပါ… ဖြစ်သင့်ပါတယ်…

    ကဲ… ဒီနေ့မြန်မာပြည်သားတွေပြောပြောနေတဲ့ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသားတွေအသံကောင်းဟစ်နေတဲ့ ဆော်ဒီမှာ ဘုန်းကြီးကျောင်းဆောက်လို့ရလား ဘုရားစေတီတည်ခွင့်ရှိလားဆိုတာ ကျနော်တို့ မြန်မာမွတ်ဆလင်တွေကိုလာမေးလို့ ကျနော်တို့က ဘာပြောရမှာလဲ… အဲ့ဒီခွင့်ပြုမှုမရှိတဲ့အပေါ်မှာ မြန်မာနိုင်ငံကမွတ်ဆလင်တွေမှာ ဘယ်လို Responsiblity ရှိပါသလဲ??? ဆော်ဒီအစိုးရကသူ့ဟာသူချမှတ်ထားတဲ့ ဥပဒေတွေအတွက် ကျနော်တို့နဲ့ ဘယ်လိုသက်ဆိုင်မှုရှိပါသလဲ???

    ဖြေကြည့်ပါ… ပြောရမယ်ဆိုရင် အင်ဒိုနီးရှားလို ကမ္ဘာပေါ်မှာမွတ်ဆလင်အများဆုံးနိုင်ငံတစ်နိုင်ငံမှာ မြန်မာနိုင်ငံက သီတဂူဆရာတော်တို့ ဘုရားတည် ကျောင်းဆောက်ခွင့်ရနေတာ လွတ်လပ်စွာသာသနာပြုခွင့်ပေးထားတာ အင်ဒိုနီးရှားနိုင်ငံသားဗုဒ္ဓဘာသာဝင်တွေကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားတာမျိုးတွေကျတော့ မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်မိတ်ဆွေတို့ဘာ့ကြောင့် အရေးတယူပြုပြီးမပြောတာလဲ???

    တကယ်ဆိုရင် မြန်မာနိုင်ငံဟာ ဆော်ဒီလိုနိုင်ငံမျိုးနဲ့နှိုင်းယှဉ်ရမှာလား အင်ဒိုနီးရှားလိုနိုင်ငံမျိုးနဲ့နှိုင်းယှဉ်ချင်သလား မိမိဘာသာမိမိဆုံးဖြတ်ကြပါ… ဘယ်အရာမဆိုစဉ်းစားကြတဲ့အခါ ဘက်စုံကစဉ်းစားပါ… ဆော်ဒီလိုနိုင်ငံမျိုးဟာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့စာရင်းမှာဘယ်အဆင့်လဲ??? အဲ့ဒီလိုနိုင်ငံမျိုးကို လက်ညှိုးထိုးပြီး ငါတို့တော့သူတို့ထက်သာသေးတယ်ဆိုတာမျိုး လုပ်ရတာကိုမရှက်ကြရင်ဆက်လုပ်ကြပါခင်ဗျာ… ခပ်တိမ်တိမ်နဲ့ ဆော်ဒီလိုနိုင်ငံမျိုးမှာ ဘုရားစေတီတည်လို့ရလား ဆက်မေးကြပါ…  အဖြေကဘာလဲ ဘယ်လဲသိပြီးသားတွေဆက်လုပ်ချင်လုပ်ကြပေါ့ဗျာ… ဒါပေမဲ့ မိမိဒေသအတွင်းမှာ နိုင်ငံသားအချင်းချင်း စော်ကားတဲ့ လုပ်ရပ်တွေ လေးစားမှုမရှိတဲ့ လုပ်ရပ်တွေဆက်လုပ်နေလို့ ကောင်းမွန်တဲ့ အနေအထားနဲ့ နိုင်ငံဆက်လက် တိုးတက်မယ်ထင်ရင်တော့ လုပ်ကြည့်ကြပါဗျာ… ကျနော်ကတော့ ကျနော့မွေးမြေတိုင်းပြည်ကို တည်ငြိမ်အေးချမ်းစွာနဲ့ မှန်ကန်စွာတိုးတက်စေချင်ယုံသက်သက်ပါပဲ… နိုင်ငံတကာ အလယ်မှာလည်း မိမိနိုင်ငံနဲ့နိုင်ငံသားတို့ရဲ့ လုပ်ရပ်တွေအတွက် ခေါင်းမော့ရင်ကော့ပြီးနေနိုင်အောင် စဉ်းစားပြောဆို နေထိုင်ကြဖို့သာ အကြံပေးချင်ပါတယ်…

    Thantsin Phyoe FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • “မွတ်စလင်မ်တွေ ဘယ်တုန်းကမျှ ဘယ်လူမျိုးကိုမျှ မမြိုခဲ့ဘူးပါ”

    “မွတ်စလင်မ်တွေ ဘယ်တုန်းကမျှ ဘယ်လူမျိုးကိုမျှ မမြိုခဲ့ဘူးပါ”

    အောက်တိုဘာ၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်- Mohammed Naeem

    ဒီနေ့ မလေးရှားနိုင်ငံ ပူထရာဂျာရာမြို့ မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို မိတ်ဆွေတစ်ယောက် ဗီဇာသတ်တမ်းတိုးဖို့ လိုက်သွားတုန်း မြန်မာနိုင်ငံက သံဃာတော် ၂ပါး လည်းသက်တမ်းတိုးဖို့ ရောက်နေတယ်။ မြန်မာမွတ်စလင်မ် အမျိုးသမီးတစ်ဦးက အစစ အရာရာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဖြည့်စွက်ရေးသား ကူညီပေးနေတာ တွေ့လိုက်ရပါတယ်။ တွေ့ရတဲ့ မြင်ကွင်းအတွက် ပီတိလည်းဖြစ်မိပါတယ်။

    အကြောင်းရာအရာ တစ်ခုလည်း တပြိုင်နက်တည်း တွေးနေမိပါတယ်။

    ဒီနေ့ Facebook ပေါ်မှာ အမျိုးမျိုးဝါဒ ဖြန့်နေကြတဲ့ ခါတော်မီ မျက်ကန်းမျိုးချစ်များဟာ အမှန်တကယ်တော့ racial harmony တို့၊ mutual respect တို့ စတဲ့ နိုင်ငံအများအပြား လက်ခံကျင့်သုံးနေကြတဲ့ အချက်အလက်တွေကို နကန်းတစ်လုံးမျှ နားလည်ကြဟန်မရှိယုံသာမက မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းများပင် ပြုလုပ်ကာ “တောမီးလောင် တောကြောင် လက်ခမောင်းခတ်” ဆိုသလို ကိုယ်ကျိုးရှာလို့ အမြတ်ထုတ်ရန် သူ့ထက်ငါဦးအောင် ကြိုးစားနေကြပါတယ်။

    ရိုးရိုးလေးသာစဉ်းစားကြည့်ပါ။ သူတို့ပြောသလို OIC လာကူညီမယ် ရုံးဖွင့်မယ်ဆိုယုံမျှနဲ့ မြန်မာပြည်ဟာ မွတ်စလင်မ်တိုင်းပြည် ဖြစ်သွားနိုင်သလား။

    မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် ၈၈% ရှိပါတယ်။ မွတ်စလင်မ်တွေ အရေအတွက် ၅% ရှိတယ်ပဲထားပါ။ ဘယ်လိုအချိုးချတဲ့ သင်္ချာပုံသေနည်း နှင့်ပဲတွက်ပါ ဘယ်နည်းနှင့်မျှ မြန်မာပြည်တွင်း နေထိုင်သူ လူဦးရေ ကွာခြားချက်အရ အစ္စလာမ်နိုင်ငံဖြစ်လာစရာမရှိပါ။
    အာရေဗီးယားကျွန်းဆွယ်တစ်ခုလုံးကို နှစ်ပေါင်း ၁၄၀၀ အတွင်း အကြာဆုံး အုပ်ချုပ်ခဲ့တာ မွတ်စလင်မ်တွေပါ။ ဒီနေ့ အာရပ်တစ်ခွင်မှာ မိရိုးဖလာ ခရစ်ယာန်ကိုးကွယ်သူ Coptic Christian အရေအတွက် ၁၄သန်းကျော် ရှိတယ်။ တကယ်လို့ အခုဝါဒဖြန့်နေသလို မွတ်စလင်မ်တွေဟာ အင်အားကြီးမားလာရင် စစ်ပွဲတွေ ဖန်တီးပြီး အစ္စလာမ်ဘာသာထဲ အတင်း အဓမ္မ သွတ်သွင်းတယ်ဆိုရင် ဒီ Coptic Christian တွေ ဒီနေ့ ရှိတော့မည်ပင် မဟုတ်ပါ။

    အိန္ဒိယနိုင်ငံကိုကြည့်ပါ။ိမွတ်စလင်မ်တွေ နှစ်ပေါင်း ၁၀၀၀ ကျော် အုပ်ချုပ်ခဲ့ပေမဲ့ ဟိန္ဒူ ဗုဒ္ဓဘာသာဝင် ဒီနေ့ထိ စုစုပေါင်းလူဦးရေရဲ့ ၈၀%အတိုင်းအတာဖြင့် လူများစု အဖြင့်ရှိနေဆဲပါ။ တကယ်လို့ မွတ်စလင်မ်တွေ အင်အားရှိလာရင် လူတွေကို အစ္စလာမ်ဘာသာထဲ အတင်းဝင်ခိုင်း မဝင်ရင် သတ်ပစ်တာတို့ လုပ်ရိုးမှန်လျင် ဒီနေ့ အိန္ဒိယနိုင်ငံမှာ မွတ်စလင်မ်တွေဟာ ၈၀%ကျန်သင့်တာပါ။ သို့သော် အဖြစ်မှန်ဟာ လက်ရှိဝါဒဖြန့်နေတာတွေရဲ့ ဆန့်ကျင်ဘက်တွေသာ ဖြစ်ကြောင်း တွေ့ရမှာပါ။

    စပိန်နိုင်ငံကိုကြည့်ပါ။ မွတ်စလင်မ်တွေ နှစ်ပေါင်း ၈၀၀ နီးပါး အုပ်ချုပ်ခဲ့ပါတယ်။ မည်သည့် ဘာသာခြားတစ်ဦးကိုမျှ အင်အားသုံးပြီး အစ္စလာမ်ဘာသာကို လက်မခံခိုင်းခဲ့ပါ။ ဒါပေမဲ့ Crusaders တွေဟာ အစ္စလာမ်ဘာသာဝင် တစ်ဦးမကျန်အောင် သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ ဒီနေ့ စပိန်မှာ မည်သည့်မွတ်စလင်မ် တစ်ဦးမျှ ဝတ်ပြုရန် ဖိတ်ခေါ်ခွင့်ပင်မပေးပါ။

    ကမ္ဘာအမြင့်ဆုံး ရပ်တော်မူ ဟိန္ဒူဘုရားကျောင်းရှိရာ ဘာသူဂေဖ့် တွင် ဟိန္ဒူဘာသာဝင်တို့ ဘုရားပွဲတော် ကာလ (မလေးရှား သည် OIC အမာခံ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။)

    အရှေ့ အာဖရိက၊ မလေးရှား နှင့် ကမ္ဘာ့မွတ်စလင်မ် အများဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံ များကိုကြည့်ပါ။ သမိုင်းတစ်လျှောက် ဘယ်မွတ်စလင်မ် စစ်တပ်မှ အဲဒီနိုင်ငံတွေကို မရောက်ရှိခဲ့ပါ။ အဲဒီဒေသက လူမျိုးစုတွေကို အစ္စလာမ်ဘာသာကို လက်ခံရန် မည်သူမျှ အင်အားမသုံးခဲ့ပါ။

    ဝါဆိုလပြည့်နေ့ ကွာလာလမ်ပူမြို့မြင်ကွင်း တရုတ်လူမျိုး ဗုဒ်ဓဘာသာဝင်များ (Photo-FB)
    ယနေ့တွင် ကွာလာလမ်ပူတမြို့ထဲတွင် မြန်မာ ဘုန်းကြီးကျောင်း (၅၀) ခန့်ရှိနေပြီ ဖြစ်သည်။

    အစ္စလာမ်ဘာသာမှာ အင်အားသုံးပြီး သာသနာထဲ ဇွတ်ဝင်ခိုင်းဖို့ ဘယ်လိုမျှမဖြစ်နိုင်တဲ့ အခြေခံအချက်ဟာ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ပါရှိတဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ အောက်ပါ အမိန့်အရ သာပိုပြီး ထင်ရှားစေပါတယ်။

    “—မည်သူတစ်ဦး တစ်ယောက်ကိုမျှ အစ္စလာမ်သာသနာတော်တွင်း၌ ဝင်ရောက်ရန်အတွက် အတင်းအဓမ္မ အနိုင်အထက် အလျင်းမပြုရ။ —“

    ကုရ်အာန်ကျမ်းမြတ် ကဏ္ဍတော် ၂၊ စာပိုဒ်အမှတ် ၂၅၆။

    အစ္စလာမ်ဘာသာဟာ လူတို့ရဲ့ ထံပါး ဓါးမိုး၍ ပြန့်ခဲ့တယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ အဲဒီဓါးဟာ သံနှင့်ပြုလုပ်ထားတာ မဟုတ်ပဲ မှန်ကန်မှု၊ ကျိုးကြောင်းဆီလျော်မှု စတဲ့ Intellect ဆိုတဲ့ ဥာဏ်ပညာရဲ့ ဓါးပဲဖြစ်ပါတယ်။ အစ္စလာမ်ဘာသာရဲ့ သင်ကြားမှုတွေဟာ လူတွေရဲ့ အသိဥာဏ်တဲ့ လျော်ညီတဲ့ နှလုံးသားက လက်ခံနိုင်တဲ့ သဘာဝကို မဆန့်ကျင်ပဲ သဘာဝကို အသုံးချပြီး လောကီ လောကုတ္တရာ နှစ်ဋ္ဌာနရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ဆောင်ကျဉ်းပေးနိုင်တဲ့ အတွက်ပဲဖြစ်ပါတယ်။

    အဲဒါကြောင့်လည်း အလ္လာဟ်အရှင်မြတ်ဟာ ကုရ်အာန်ကျမ်းတော်မြတ်မှာ အခုလို အမိန့်ပေးထားပါတယ်။

    “——အသင်သည် လူတို့အား ဥာဏ်ပညာဖြင့်လည်ကောင်း၊ ကောင်းမြတ်သော ဆုံးမသြဝါဒဖြင့် လည်းကောင်း အလ္လာဟ်အရှင်မြတ် ဘက်တော်သို့ ဖိတ်ခေါ်ပါလေ။ ထိုမှတပါး အသင်သည် ၎င်းတို့အား အကောင်းဆုံးနည်းဖြင့် အချေအတင်ပြောဆိုပါလေ—-“

    ကုရ်အာန်ကျမ်းမြတ် ကဏ္ဌတော် ၁၆၊ စာပိုဒ်အမှတ် ၁၂၅။

    ၁၉၈၆ ခုနှစ် Reader’s Digest ‘Almanac’ မှာ ဆောင်းပါးတစ်ခုမှာ ကမ္ဘာ့ဘာသာကြီးများရဲ့ တိုးတက်မှု စာရင်းဇယားကို ၁၉၃၄ ခုနှစ်မှ ၁၉၈၄ ခုနှစ် အထိ နှစ်ပေါင်း ၅၀ ကာလ အပိုင်းအခြား တစ်ခု နှင့် ပတ်သက်ပြီး ရေးသားထားပါတယ်။ အဲဒီ ဆောင်းပါးကိုပဲ ‘The Plain Truth’ မဂ္ဂဇင်းမှာထပ်မံ ဖော်ပြခဲ့ပါတယ်။

    အဲဒီဆောင်းပါးမှာ အစ္စလာမ်ဘာသာဟာ ၂၃၅% တိုးတက်ခဲ့တဲ့ အတွက် နံပါတ် ၁ နေရာ ရခဲ့ပြီး ခရစ်ယာန်ဘာသာဟာ ၄၇% တိုးတက်ခဲ့ပါတယ်။

    အဲဒီ နှစ်၅၀ အတွင်း ဘယ်မွတ်စလင်မ်စစ်တပ်မှ စစ်ပွဲတွေဖြစ်ပြီး သူတပါးနိုင်ငံကို အင်အားသုံးပြီး မွတ်စလင်မ်ထဲ မဝင်ခိုင်းခဲ့ပါ။ သန်းပေါင်းများစွာသောသူများဟာ နှစ် ၅၀ အတွင်း အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ခဲ့ကြပါတယ်။

    ဒီနေ့ အမျိုးမျိုးသော လိမ်လည်ဝါဒဖြန့်နေတဲ့ကြားက အမေရိကန်နိုင်ငံ နှင့် ဥရောပမှာ အစ္စလာမ်ဘာသာဟာ လက်ခံကိုးကွယ်ယုံကြည်လာသူ အများဆုံးစာရင်းထဲမှာ ထိပ်ဆုံးမှာပါ။ အဲဒီနိုင်ငံတွေမှာ ဒီလောက် အစ္စလာမ်ဆန့်ကျင်ရေး ပိုစတာတွေတပ်ပြီး တိုက်ခိုက်နေတာတောင် သိန်း သန်းချီပြီး အစ္စလာမ်ဘာသာကိုလက်ခံလာသူတွေတိုးလာနေတာ ဘယ်ဓါးနဲ့ ခြိမ်းခြောက်နေလို့လည်း စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။

    မလေးရှားနိုင်ငံမှာ မွတ်စလင်မ်တွေရဲ့ အရေအတွက်ဟာ စုစုပေါင်းလူဦးရေရဲ့ ၅၅%သာရှိပါတယ်။ ကျန်တာ တရုတ်ဗုဒ္ဓဘာသာ၊ တရုတ်ခရစ်ယာန်၊ တမီလ်ဗုဒ္ဓဘာသာ၊ တမီလ်ခရစ်ယာန် စသဖြင့် လူတွေ နှစ်သက်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားသလို ဘယ်ဘာသာကိုမျှ ဘာမီဒီယာကိုမျှ သုံးစွဲပြီးစော်ကားခွင့်မရှိပါဘူး။ မည်သည့်ဘာသာဝင်ကမျှ အမျိုးပျောက်မှာလည်း စိုးကြောက်မနေသလို လူဝင်မှုကြီးကြပ်ရေးလိုရုံးမှာတောင် “မြေမြို၍ လူမျိုးမပျောက်၊ လူမြိုမှ လူမျိုးပျောက်မည်” ဆိုတဲ့စာတမ်း အစား “ယဉ်ကျေးပါ၊ တာဝန်ကျေပါ၊ ပြုံးရွှင်စွာ အကူအညီပေးပါ” စတဲ့ စာတမ်းများနှင့် တာဝန်ထမ်းဆောင်နေသော လူယဉ်ကျေးများရဲ့ ဆက်ဆံရေးကို မြင်တွေ့ရမှာဖြစ်ပါတယ်။

    နိဂုံးချုပ်အနေနှင့် Dr. Joseph Adam Pearson ဆိုတဲ့ ပညာရှင် ပုဂ္ဂိုလ်ကြီးပြောခဲ့တဲ့ စာပိုဒ်လေး တစ်ခု တင်ပြချင်ပါတယ်။

    “ဒီနေ့ လူတွေဟာ အာရပ်တွေလက်ထဲ တစ်နေ့ကျရင် နြူကလီယားဗုန်းရောက်သွားမှာကို စိုးရိမ်နေကြတယ်။ အမှန်တော့ အဲဒီ လူတွေဟာ အဖြစ်မှန်ကို ယနေ့တိုင် မရိပ်စားမိတာပါ။ အစ္စလာမ်ဆိုတဲ့ ငြိမ်းချမ်းရေး ဗုန်းဟာ ကမ္ဘာပေါ်မှာ တမန်တော်မြတ် မုဟမ္မဒ်(peace be upon him) မွေးဖွားလာတဲ့နေ့ မှစပြီး ကျရောက်ပြီးဖြစ်တယ် ဆိုတာပါ။”

    လက်တွေ့အဖြစ်အပျက်ကလေး တစ်ခုမှာ လူငယ်တစ်ဦး နိုင်ငံရပ်ခြားမှာရှိနေစဉ် လူမျိုးရေးမုန်းတီးမှု ဖြစ်လာအောင် Youtube ကနေ စော်ကားထားတာကို မလေးရှားနိုင်ငံအတွင်းရောက်တာနှင့် လေဆိပ်မှာတင် တရားဝင် ဝန်ချတောင်းပန်စေခဲ့ပါတယ်။

    ဒီလိုအရေးယူမှုမျိုးတွေ အမှန်တကယ်လုပ်လာမယ်ဆိုရင် ယုတ်မာလှတဲ့ ပြည်တွင်း၊ ပြည်ပ နေ အမုန်းဝါဒီများရဲ့ တစ်နပ်စား အကြံများကို ထိန်းချုပ်နိုင်မှာဖြစ်သလို ကမ္ဘာ့နိုင်ငံများနည်းတူ တိုးတက်တဲ့လူ့ဘောင်သစ်ဆီသို့ လျှောက်လှမ်းနိုင်မှာဖြစ်ကြောင်းပါ ခင်ဗျား။

    Ref: Was Islam Spread by the sword? ; History of Islam ; Heroes and Hero worship.

    Mohammed Naeem FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • နိုင်ထက်ရှိန်(ဟင်္သာတ)သို့ အိတ်ဖွင့်ပေးစာ

    နိုင်ထက်ရှိန်(ဟင်္သာတ)သို့ အိတ်ဖွင့်ပေးစာ

    အောက်တိုဘာ၊ ၁ ၊ ၂၀၁၂

    နတ္တလင်းဆရာသိန်း

    Source: http://www.hotnewsweekly.com/archives/11331


    Hot News စာစောင်ပါ အနောက် တံခါးမှဧည့်သည်များ အခန်းဆက်ဆောင်း ပါးများသည် အလွန်စိတ်ဝင်စားဖွယ် ကောင်းပြီး ဗဟုသုတရစေတဲ့အတွက် ကျေးဇူးတင်ပါကြောင်း ဦးစွာပြောကြား လိုပါတယ်။ ဒါပေမဲ့ စိတ်ထဲဘ၀င်မကျဖြစ်နေ တာလေးတွေကို ဆွေးနွေးလိုပါတယ်။ (၁၉.၉.၁၂)နေ့ထုတ် Hot News စာ စောင်ပါ အနောက်တံခါးမှဧည့်သည်များ (၅)နောက်ဆုံးကော်လံမှာ

    “ခရစ်သက္က ရာဇ် (၁၆၆၅)ခုနှစ်နောက်ပိုင်းတွင် ရခိုင် ပြည်သားအစ္စလာမ်ဘာသာဝင်လူမျိုးကို မူ အာရဗ်ဘာသာဖြင့်(ရိုဟင်ဂျာ)ဟုခေါ် ခဲ့ပါသည်။ ထိုအချိန်မှ စ၍ ရခိုင်ပြည် သား အစ္စလာမ်ဘာသာဝင်အုပ်စုတို့ကို (ရိုဟင် ဂျာလူမျိုး)ဟုလည်းခေါ်တွင်လာကြပါ သည် စသဖြင့် ရိုဟင်ဂျာလူမျိုးနဲ့ ပတ်သက် တဲ့အချက်တွေ ကို ရှေးယ ခင်နှစ်ပေါင်း များစွာက ပဲရှိခဲ့လေဟန် သမိုင်းဖြစ်စဉ်နဲ့ ရောထွေးပြီး ထင်ယောင်ထင်မှားဖြစ်စေ ရန် ရိုဟင်ဂျာအမျိုးသားညီညွတ်ရေး အဖွဲ့ချုပ် ကရိုဟင်ဂျာတို့၏ဘ၀ (၁၉၈၉) ခုနှစ် ထုတ် စာစောင် မှာ ရေးသားဖော်ပြ ခဲ့ပါတယ်”

    အဲဒီအချက်တွေဟာ မှားယွင်းတယ် လို့ ကိုနိုင်ထက်ရှိန်သက်သေ သာဓက အထောက်အထားအစုံနဲ့ပြသနိုင်ပါသလား။ ကိုနိုင်ထက်ရှိန်ရဲ့ဆောင်းပါးတွေဟာ ပညာရှင်တစ်ဦးရဲ့ သမာသမတ်ကျတဲ့ ဆောင်းပါးမဆန်ဘဲ ပေါ်လစီဆန်နေတာ တွေ့ရပါတယ်။အဲဒီလောက်နဲ့မရဘူးဗျ။ ခေတ်အဆက်ဆက်က သတင်းမှောင်ချ ထားပြီး Brainwash ပြုလုပ်ခြင်း ခံရတဲ့ မြန်မာပြည်သူလူထုတချို့က အဲဒီလောက် ပြောရုံနဲ့လက်ခံမှာဖြစ်ပေမယ့် နိုင်ငံတကာ နဲ့ ယှဉ်ပြီးဆွေးနွေးငြင်းခုံကြတဲ့အခါမှာ They will not hold water လို့ပြောချင် တယ်ဗျ။နောက်ပြီး (၂၀.၉.၁၂)ခုထုတ် Hot News ရဲ့ အနောက်တံခါးမှဧည့် သည်များ အခန်းဆက်ဆောင်းပါးမှာ

    “မေယုဒေသ(ဘူးသီးတောင်၊မောင်တောဒေသ) မှာရှိတဲ့ ရိုဟင်ဂျာအမည်ခံ စစ်တကောင်း သားဘင်္ဂါလီလူမျိုးတွေအနေနဲ့ကတော့ ကမန်၊မြေဒူး အဆက်အနွယ် ဗမာမူဆလင် များနှင့်မတူဘဲ သီးခြားဘာသာစကား၊ ဓလေ့ထုံးစံ၊၀တ်စားဆင်ယင်မှုတွေထူးခြား စွာ ကွဲပြားခြားနားနေတာတွေ့ရမှာဖြစ်ပါ တယ်”
    အဲဒါဘာကိုပြောချင်တာပါလဲ။ It does not prove anything. ရိုဟင်ဂျာ ပါဆိုမှ ကမန်၊မြေဒူးလိုဝတ်ပါ့ နေပါ့မလား ဗျာ။သီးခြားဘာသာစကား၊ဓလေ့ထုံးစံ၊ ၀တ်စားဆင်ယင်မှုရှိခြင်းသည်ပင်လျှင် သီးခြားလူမျိုးဖြစ်တယ်ဆိုတာ ညွှန်ပြမနေ ဘူးလားဗျ။
    နောက်ပြီး အဲဒီဆောင်းပါးကော်လံ (၄)မှာ
    “ရခိုင်လူမျိုးတွေဟာ အမျိုးသီလ ကိုစောင့်ထိန်းကြသူများဖြစ်တဲ့အတွက် မူဆလင်ဘာသာဝင်များနဲ့ လက်ထပ် ထိမ်းမြားလေ့မရှိကြပါဘူး။ဒါကြောင့် ရခိုင် လူမျိုးများဟာ ဗုဒ္ဓဘာသာဝင်များသာဖြစ် ကြပါတယ်။မူဆလင်ဘာသာကို ကိုးကွယ် သက်ဝင်ခြင်းမရှိကြတဲ့အတွက် (ရခိုင် မူ ဆလင်)ဆိုတာလုံးဝမရှိပါဘူး”
    ကောင်း တာပေါ့ဗျာ။ ရိုဟင်ဂျာနဲ့ ရခိုင်ဗုဒ္ဓဘာ သာတွေနဲ့ သွေးမနှောနိုင်တဲ့အတွက် လူမျို လို့ လူမျိုးပျောက်မှာ မကြောက်ရတော့ဘူး။တရုတ်ဘက်ကို မြန်မာအမျိုးသမီး ကလေးများ လူကုန်ကူးမခံရအောင် ပိုပြီး အားစိုက်ကြိုးပမ်းနိုင်တာပေါ့ဗျာ။

    နောက်ပြီး

    “တကယ်တော့ ရိုဟင်ဂျာ အမည်ရှိတဲ့လူမျိုးဟာ မြန်မာနိုင်ငံမှာ သော်လည်းကောင်း၊ရခိုင်ပြည်နယ်အဖြစ် ထင်ရှားရှိစဉ်ကသော်လည်းကောင်း၊ ကမ္ဘာတစ်ဝန်းလုံးမှာ ဘယ်တိုင်းပြည်မှာ မှမရှိခဲ့သော အမည်ဖြစ်ပါသည်။”
    လို့ ကော်လံ(၅)မှာ ဆိုထားတယ်ဗျ။
    အဲဒါကတော့ Nothing is further than the truth. တက်တက် စင်အောင် လွဲနေ ပြီဗျ။
    Dr.Francis Buchanan ရေးသား ပြီး (၁၇၉၉)ခုနှစ်မှာထုတ်ဝေတဲ့ ‘A Comparative Vocabulary of Some of the Languages Spoken in the Burma Empire’ သုတေသနစာအုပ်ထဲမှာပါတဲ့ ပထမ အချက်က
    ’The Mohamendans settled at Arakan call the country Rovingyaw, the Persians call it Rekan.’

    “ရခိုင်တွင် အခြေစိုက်နေထိုင်ကြ သော မဟာမေဒင်လူမျိုးများသည် အဆို ပါဒေသကို Rovingyaw ဟုခေါ်ဝေါ်ပြီး ပါရှန်လူမျိုးများက Rekan ဟုခေါ်ဝေါ် ကြသည်”

    ဒုတိယကောက်နုတ်လိုတာက
    ’ I shall now add three dialects, spoken in the Burma Empire, but evidently derived from the language of the Hindu nation.The first is that spoken by the Mohammedans, who have long settled in Arakan, and who call themselves Rooinga,or natives of Arakan.

    “ကျွန်ုပ်ဖြည့်စွက်တင်ပြလိုသည့် ဒေသိယစကား ၃မျိုးမှာ ဗမာအင်ပါယာ အတွင်းပြောဆိုနေသော်လည်း အိန်္ဒိယ နိုင်ငံရှိဘာသာစကားမှ ဆင်းသက်လာ သည်။ ပထမဒေသိယ ဘာသာ စကားမှာ ရခိုင်ဒေသတွင် အခြေစိုက်နေထိုင်ခဲ့သည် မှာကြာပြီဖြစ်သည့် မိမိကိုယ်ကို Rooinga (သို့မဟုတ်)ရခိုင်သားဟုခေါ်ဝေါ်သည့် မဟာမေဒင်လူမျိုး တို့ ပြောသည့် စကား ဖြစ် သည်”

    နောက်ပြီး Dr. Buchanan က အဲဒီ Rooinga တို့ရဲ့ ဘာသာစကား၊ရခိုင်ဟိန္ဒူ တို့ရဲ့ Rossawn ဘာသာစကား၊ Banga (ရခိုင်ဘင်္ဂါလီ)တို့ရဲ့ ဘာသာစကားတို့တူ ညီပုံ၊ခြားနား ပုံတွေ ကို ဇယားနဲ့တင်ပြထား သေးတယ်။ အဲဒီတော့အရေးကြီးတဲ့ အချက်များ က- (၁) ရိုဟင်ဂျာများသည် ၁၇၉၉မ တိုင်မီ နှစ်ပေါင်းများစွာကတည်းက ရခိုင် ဒေသတွင် အခြေစိုက်နေ ထိုင်ခဲ့ကြ သည်။(၂) ရိုဟင်ဂျာကသတ်သတ်၊ ဘင်္ဂါလီက သတ်သတ်ဖြစ်သည်ဆိုတာ ပေါ်လွင်နေ သည်။ အဲဒါကြောင့် ကိုနိုင်ထက်ရှိန်ပြော တဲ့

    “(ရိုဟင်ဂျာ)ဆိုတဲ့ ဝေါဟာရကို လူ မျိုးအမည်နဲ့ ခေါ်ဝေါ်သုံးစွဲလာမယ်ဆိုပါ က နောင်နှစ်ပေါင်းများစွာကြာလာတဲ့ အခါမှာ ဘာသာဗေဒသဘောအရ ပြန် လည်အစကောက်ရင် (ရိုဟင်ဂျာ)ဆိုတာ (ရခိုင်ပြည်သား)ဆိုတဲ့ တိုင်းရင်းသားဖြစ် လာစေရန်၊ကြို တင်ဖန်တီး ထားသော ဝေါဟာ ရဖြစ်ကြောင်းတွေ့ နိုင် ပါတယ်”
    ဆို တဲ့ ကောက်ချက်ဟာ လေဖမ်းဝါးရမ်း ချည်ထားခြင်းသာဖြစ်ပါကြောင်း။

    နတ္တလင်းဆရာသိန်း

  • ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး၊ မီဒီယာကကာကွယ်​ စောင့်ရှောက်ပေး

    ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး၊ မီဒီယာကကာကွယ်​ စောင့်ရှောက်ပေး

    အောက်တိုဘာ၊ ၁၂၊ ၂၀၁၂
    M-Media
    စနေမောင်မောင် (ဘားမား)

    ၁။ မြန်မာနိုင်ငံ မှုခင်းသတင်းထောက်လောကမှာ စာနယ်ဇင်းကျင့်ဝတ်အပြင် အခါအားလျော်စွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့လေ့ကျင့်စီမံ ညွှန်ကြားရေးမှူးချုပ်ကိုပါ နာခံပြီးသတင်းရေးကြရတယ်။ အားကစား၊ ကျန်းမာရေး၊ ဂမ္ဘီရ စသဖြင့် ဂျာနယ်အမျိုးမျိုး ဖတ်ရှုနေတဲ့ပရိသတ်တွေထဲမှာ မှုခင်းသတင်း ဝါသနာရှင်တွေကို ထောက်ပြပြောဆိုရမယ်ဆိုရင် မှုခင်းသတင်း တစ်ပုဒ်မှာ တရားလို၊ တရားခံရဲ့ မိဘနာမည်၊ ဘာသာ၊ လူမျိုး ရေးသားဖော်ပြခွင့် မပြုဘူး။ ဆိုင်ကယ်၊ ကားနံပါတ် မဖော်ပြရဘူး၊ အဆုံးစွန် ဆုံးက အလိုမတူဘဲ သားမယားပြုကျင့်ခံရတဲ့ ၃၇၆ အမှုတွေမှာ နစ်နာသူအမျိုးသမီး ပျို၊ အို၊ ကြီး၊ ငယ်ရဲ့ နာမည်နဲ့ နေရပ်ဖော်ပြခွင့် မရှိဘူး၊ မြို့ပေါ်ရပ်ကွက်မှာ ဖြစ်ခဲ့ရင်တောင် ဘာမြို့နယ်တွင် ဖြစ်ပေါ်ခဲ့သည်လို့ဘဲ ရေးပြရတယ်။

    ၂။       မှုခင်းသတင်းရဲ့ အလိုက်အထိုက် ဖော်ပြလို့မရတာတွေကို သတင်းထောက်က ဖော်ပြရေးသား သတင်းတင်ပြလာရင်တောင် တာဝန်ခံ အယ်ဒီတာ၊ တာဝန်ခံ စာတည်းချုပ်တွေက ဖြုတ်ထုတ်ဖြတ် လုံးဝလုပ်ရတယ်။ ခြေချော်လက်ချော် ဖော်ပြမိတာမျိုး ဘယ်တုံးကမှ မပေါ်ပေါက်ခဲ့ဘူး။ အလကား ပေါ်ပေါက်လို့ ရမလား၊ စာပေစီစစ်ရေးကို ဖြတ်ကြရသကိုး။ ဒီဟာတင်ပြနေရတာက မှုခင်းရှုထောင့်၊ မှုခင်းသတင်း၊ တကယ့်ဖြစ်ရပ်၊ မှုခင်းသတင်းနဲ့ခရိုင်းမ် ဆိုတဲ့ တရားဝင် မှုခင်းသတင်း ဂျာနယ် လေးစောင်ကို မပြတ်ဖတ်ရှု ဆန်းစစ် သုံးသပ်ပြီး အဲ့ဒီက ထင်ပေါ်တဲ့ ရလဒ်ကို သုံးသပ်တင်ပြတာပါ။

    ၃။       ဖော်ပြခဲ့တဲ့ သတင်းထောက်တို့ လိုက်နာရေးသားရတဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့ လမ်းညွှန်ချက်တွေ ခပ်သိမ်းကို တစ်ထိုင်တည်း ပျစ်ပျစ်နှစ်နှစ် စည်းပျက်ကမ်းပျက် ချိုးဖောက်ဖော်ပြခဲ့တာကတော့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ မြဝတီ စတဲ့နိုင်ငံတော်ပိုင်သတင်းစာတွေပါ။ ပထမဆုံး ကျင့်ဝတ်ချိုးဖေါက်တာပါ။

    ၄။       မှုခင်းသတင်းဖော်ပြရာမှာ ကပ်စေးအနဲဆုံး ၂ လက္မ၊ ၃ လက္မထက် စာမျက်နှာ လုံးဝပိုမပေးတဲ့ အဓိက သတင်းစာတွေမှာ မှုခင်းသတင်းလေးပုဒ်ကို သတင်းစာ တစ်မျက်နှာလုံး လေးပိုင်း ပိုင်းပြီးတင်ဆက်ခဲ့တဲ့ သတင်းလေးပုဒ်ပါ။ ဟုတ်ပါတယ်။ ရခိုင်အရေးအခင်းရဲ့ စနက်တန်ချိန်ကိုက်ဗုံး သတင်းပါ၊ အကြောင်းကြောင်းကြောင့် အချိန်မရလို့ ဆိုတဲ့ ဝိနည်းရှောင်လို့ ရရိုးထုံးစံ မရှိခဲ့ပါဘူး။ တာဝန်ရှိသူက တာဝန်ရှိသူပါ။

    ၅။       ဒီလေးပိုင်းပိုင်း သတင်းတွေထဲမှာတောင် ကျောက်နီမော် သတင်းတစ်ပုဒ်က လွှဲရင် ကျန်သုံးပုဒ်မှာ တရားလို၊ တရားခံတွေရဲ့ မိဘအမည် ဘာသာ၊ လူမျိုး မဖော်ပြဘဲ၊ ကျောက်နီမော်သတင်း တစ်ပုဒ်ကိုသာ ရင်ထုမနာ စုတ်တစ်သတ်သတ် ဖြစ်ရအောင် အတုံးလိုက် အတစ်လိုက် တစ်တစ်ခွခွ တမင်သက်သက် ဘာသာပေါင်းစုံ ချစ်ကြည်ရေး ပျက်ပြားအောင် ဆင်ကြံကြံပြီး တက်သစ်စ ဒီမိုကရေစီ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုး ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ ဒီရိုက်ချက်တွေဟာ မီဒီယာလောကသားတွေက သက်သေခံ ရှာဖွေတွေ့တယ်။

    ၆။       မြန်မာနိုင်ငံသားအားလုံးက ထမင်းစားတာမို့ ခွေးလှေးခုန်လို့ ဖုန်မထဖြစ်တော့ မဆီမဆိုင် လက်ပံသားဓါးနဲ့ချိုင်ပြီး တရားစခန်းဝင်ပြီး ပြန်လာတဲ့ တောင်တွင်းကြီးသားတွေကို သာသနာ့အာဇာနည်ဘွဲ့ ပေပြီးစတေးပစ်ခဲ့တယ်။ အိမ်ကြက်ခြင်း အိုးမဲသုပ် အခွပ်ခိုင်လို့ ရခိုင်အရေးအခင်း ထောင်းလမောင်း ထလိုက်တာ ပြန်လည် ထူထောင်ရေး အတွက် ပြည်တွင်းအလှူရှင်တွေက ငွေသားတင် အလှူငွေစာရင်း (သတင်းစာအရ) သုံးကုဋေကျော် လှူဒါန်းခဲ့ရတယ်။ ဒါလုံလောက်ပြီလား၊ အဝေးကြီး။ နိုင်ငံတကာက အကူအညီတွေ ပေးနေပေမယ့် ဒါလည်း မပြည့်စုံသေးဘူး။

    ၇။       ချောင်ကြိုချောင်ကြား၊ မြို့စွန်မြို့ဖျား၊ ဆိုင်ကယ်တိုက်သတဲ့ဆို ဖြတ်ကနဲရောက်တတ်တဲ့ နယ်ထိန်းစွန်ရဲတွေ ထုံမွှန်းထားတဲ့ မြန်မာပြည်မှာ တရားစခန်းပြန် ဆယ်ဦးတင်မက စီးလာတဲ့ကားကိုပါ မှုန့်မှုန့်ညက်ညက်ချေတာ ၃ နာရီနီးပါးမှာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို လုံခြုံရေးကာကွယ် စောင့်ရှောက်ပေးနေတဲ့ ကူညီပါရစေတွေ မထိန်းနိုင်လို့ လက်ပိုက်ကြည့်နေရတာမျိုး သမိုင်းအမည်းစက် မဆိုးသင့်ဘူး၊ မစွမ်းထင်းသင့်ဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခါကို မငြိုးနွမ်းစေသင့်ဘူး။ သိသိကြီး ဗြောင်ဥပဒေချိုးဖေါက် မျက်ကွယ်ပြုတာ။

    ၈။       မြန်မာနိုင်ငံ ထာဝရတည်ငြိမ်အေးချမ်းပါစေ။ ဒီလိုလူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ၊ ပပဉ္စဝါဒီ၊ နာဇီလက်သစ်တွေ ဒါရိုက်တာအဖြစ်မှ ကင်းရှင်းကြပါစေ။ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ထွန်းကားပြန့်ပွားပါစေ။

    ၉။       ရခိုင်အရေးအခင်းကို ဖန်တီးတဲ့ ဒါရိုက်တာတွေ တာဝန်ရှိသူတွေကို လက်သည်တရားခံအစစ်က ဘယ်သူလဲ၊ မြင်အောင်ကြည့်ပြီး နောင်ကျဉ်အောင် ဖော်ထုတ်အရေးယူနိုင်မှ ဥပဒေစိုးမိုးပြီလို့ ဆိုနိုင်မှာ ဖြစ်သလို ဒါမှလည်း နိုင်ငံတော်နဲ့ နိုင်ငံသားတွေ နစ်နာအောင် လုပ်ဝံ့သူတွေ မပေါ်ပေါက်မှာပါ။ ဥပဒေစိုးမိုးရေး၊ တန်းတူညီမျှရေးဟာ ငြိမ်းချမ်းရေးရဲ့ အုတ်မြစ်ပါ။

    ၁၀။     ဖြစ်ခဲ့ပြီးတဲ့ ရခိုင်အရေးခင်းဟာ ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ၊ ကံသုံးပါးလက်တွေ့ပယောဂနဲ့ ဘာကြောင့် ထုဆစ်ခဲ့ရတာလဲ၊ ဆန်းစစ်ကြည့်ကြစို့။ ပျားတစ်စက်နဲ့ ပြည်ပျက်အောင်၊ ဆင်ကြံကြံသူတွေဟာ ဘယ်သူတွေလဲ။

    ၁၁။     စနေမောင်မောင် ၁၉၆၄ ခုနှစ်ထဲမှာ လမ်းစဉ်ပါတီထုတ် နိုင်ငံတကါရေးရာဂျာနယ်မှာ ဖတ်ခဲ့ရဘူးတယ်၊ မြန်မာနိုင်ငံ တိုင်းရင်းသားပေါင်းစုံထဲမှာ လူဦးရေ အများဆုံးက ရှမ်းလူမျိုးတဲ့၊ အဲ့ဒီလူဦးရေ သန်းနှစ်ဆယ်ကာလက (ရှမ်း) တိုင်ရင်းသား သုံးသန်းရှိပြီး၊ လူဦးရေအနည်ဆုံးက ကရင်နီ(ကယား) လူမျိုး။ ဒီတုံးက လူဦးရေကိုးထောင်တဲ့။ အဲ့ဒီတုန်းက မြန်မာမွတ်စလင် ၆ ဒသမ ၅ သန်းရှိသတဲ့။ လင်ယူသားမွေးထွန်ကားတဲ့ လောကမှာ ကိုယ်စီ လူဦးရေပေါက်ကွဲပြန့်ပွားများပြားလာလိုက်တာများ (အမျိုးပျောက်မှာ စိုးကြောက်ပါ) စာအုပ်ကို မင်းရဲနန္ဒကျော်ခေါင်၊ ကလောင်ပုန်းက နှစ်သန်း ရိုက်နှိပ်ပြီး အခမဲ့ ရဟန်းရှင်လူကို အလှူလှူခဲ့တယ်။ နိုင်ငံသား အားလုံးထဲမှာ မွတ်စလင်တွေကို ပစ်မှတ်ထားနှိပ်ကွပ်လာခဲ့တယ်။ ပညာရှိနှိပ်စက်နည်းနဲ့ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးတွေကို အာဏာနဲ့ အနိုင်ကျင့်ပြီး နိုင်ငံသားချင်း လူမျိုးရေးမုန်းတီးမှုမျိုးစေ့ ပျိုးခဲ့တယ်။

    မင်းရဲနန္ဒကျော်ခေါင် နာဇီဟာ ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်ပြီး မြန်မာမင်းများလက်ထက်က သစ္စာရှိ နာခံတော်ကောင်းများအဖြစ် နေထိုင်လာတဲ့ မွတ်စလင်တွေကို တစ်ဖက်သတ် စွဲချက်တင်ပြီး မလိုမုန်းထားစိတ်နဲ့ (လူမြိုမှ လူမျိုးပြုတ်တယ်) မှိုင်းသွင်းခဲ့တယ်။ အရပ်ဆယ်မျက်နှာကို မေတ္တာပို့သံ ဓမ္မတေး လွှမ်းတဲ့မြန်မာပြည်မှာ မကြံစည်အပ်တဲ့ လူမျိုးရေး ပဋိပက္ခကို စနစ်တကျ လျှို့ဝှက်ကြံစည်ပြီး မျိုးစေ့တွေ ပျိုးလာခဲ့တယ်။ ထေရဗုဒ္ဓဝါဒီ၊ သီလဝိသုဒ္ဓိဖြစ်တဲ့ သံဃာတော်အရှင်သူမြတ်တွေက အာဏာရှင်တွေ အလိုကျ မကခဲ့ဘူး၊ သူတို့ရဲ့ အဓမ္မဝါဒကို ဓမ္မကရပ်တည်ပြီး၊ သတ္တဝါခပ်သိမ်း ငြိမ်းချမ်းရေးကိုပဲ ဆောင်ရွက်တော်မူခဲ့ကြတယ်။

    နေရာတကာမှာ အနိုင်ပိုင်းပြီး လူမျိုးကြီးဝါဒတည်ထောင်ရေး လျှို့ဝှက်လုပ်ရှားဆောင်ရွက်တဲ့ အာဏာရှင် အုပ်ချုပ်သူတွေရဲ့ နှစ်ငါးဆယ်ရွှေရတုလွန်ကာလမှာ သတ်သတ်မှတ်မှတ် အဓိကပစ်မှတ်ထားပြီး နှိပ်ကွပ်ခံနေရတဲ့ မွတ်စလင်တွေဟာ အကျယ်ချုပ်နဲ့ နေထိုင်ကြီးပြင်းလာနေရတယ်။ ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင်၊ ရာထူး ဘက်စုံက ဖိနှိပ်ခွဲခြားခံရတယ်။ ဒါပေမယ့် လူမှုရေး၊ စီးပွားရေး၊ အနုပညာနဲ့ အားကစားစတဲ့ ကဏ္ဋစုံမှာ နိုင်ငံဂုဏ်ဆောင် အောင်ပွဲရအောင် မွတ်စလင်တွေလဲ တတပ်တအား အမှန်တကယ် ကြိုးစားခဲ့တာ သမိုင်းသက်သေ ရှိပါတယ်။

    အခုလို ကောလဟာလ သတင်းလိမ်တွေနဲ့ ဒီခေတ်မှာလုပ်ကြံချင်လို့ မလွယ်တော့ပါဘူး။ ကမ္ဘာ့ရွာမှာ [IT] မျက်လုံး၊ နားတွေနဲ့ပါ။ အစစ်အမှန်တရားအရ ပြောရရင် မြန်မာနိုင်ငံမှာ မြန်မာ (ဗမာ) လူမျိုးပြီးရင် မွတ်စလင်ဟာ ဒုတိယလူဦးရေအများဆုံးပါ။ ကချင်၊ ရှမ်း၊ ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ကယား စတာတွေထက် မြို့တိုင်းရွာတိုင်းမှာ ရှေးအစဉ်အဆက်နေထိုင်တွေ့ရှိနိုင်တာက အသေအခြာ မွတ်စလင်ပါ။ ကရင်မရှိတဲ့ အရပ်၊ ရှမ်းမရှိတဲ့အရပ်၊ ကချင်မရှိတဲ့အရပ်တွေ ရှိချင်ရှိမယ်။ မွတ်စလင် မရှိတဲ့အရပ်ဆိုတာ တွေ့ရဖို့ ရှားပါတယ်။

    ၂၀၀၈ ဖွဲ့စည်းပုံမှာ တစ်စုတစည်းထဲ သတ်မှတ်လူဦးရေရှိရင် လူနည်းစုလွှတ်တော် ကိုယ်စားလှယ် ၁ ယောက်နှုန်း သတ်မှတ်ချက်ရှိပေမယ့် သမိုင်းသက်သေတည် မွတ်စလင်များတဲ့ ရန်ကုန်မြို့က မွတ်စလင် လူနည်းစု လွှတ်တော်ကိုယ်စားလှယ် ဒီနေ့လွှတ်တော်ထဲမှာ ရှိနေလို့လား။ မရှိပါဘူး၊ မပါအောင်လည်း အဲ့ဒီကျတော့  မွတ်စလင်က မြန်မာမို့ပါတဲ့။ နားလှည့်ပါးရိုက် ပြန်ပါလေရော။ ဒါဆို ဗမာတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တိုင်း မွတ်စလင်တွေကို ကိုယ်စားပြုတာ မမေ့ဖို့ လိုပါတယ်။

    *၂၀၁၄ မှာ မြန်မာနိုင်ငံလူဦးရေ သန်းခေါင်စာရင်းကောက်ကြမယ်။ နိုင်ငံတကာက တက်သစ်စ ဒီမိုကရေစီမြန်မာနိုင်ငံတော်သစ်ကို နည်းပညာရော ငွေကြေးရော ဝိုင်းကူညီမယ်။ ကိုယ်တိုင်ပူးပေါင်း ကူညီမယ်။ စနစ်တကျ ဘိုင်အိုဂရဖ်ဖီတွေနဲ့ မှတ်တမ်းတင်မယ်။ အရှိကို အရှိအတိုင်း တန်ဘိုးထားမှတ်သားမယ်။ ဒါဆို မွတ်စလင်ဟာ တိုင်ရင်းသားတွေထဲမှာ လူဦးရေ အများဆုံး ပေါ်တင်ကြီးဖြစ်တော့မယ်။ ဒါကိုအစိုးရိမ်လွန်ပြီး လူမျိုးကြီးဝါဒီ အစွန်းရောက်တွေက လူမျိုးရေး ပဋိပက္ခ ပွဲတိုက်ကြတာပဲ။

    ကမ္ဘာမှာ၊ မြန်မာပြည်မှာ တိုင်းရင်းသားမျိုးနွယ် မူလ (၁၄၅ မျိုး)၊ နောက်ပြောင်း (၁၃၅ မျိုး)ထဲမှာ ဗမာလူမျိုးပြီးရင် ဒုတိယ လူဦးရေအများဆုံးက ဦးပိန် (တံတား)၊ ဦးရာဇတ်၊ ဦးရာရှစ်၊ ဦးခင်မောင်လတ်၊ ဆရာချယ်၊ ဗိုလ်မှူးဘရှင်၊ ဝတ်လုံဦးဖေခင်၊ ဝမ်းအိုဝမ်းဦးကျော်ဝင်းမောင် တို့လိုလူမျိုးတွေဆိုတာ သမိုင်းမှန်ကို ဘယ်လိုမှ ဖျောက်ဖျက်လို့ မပျောက်နိုင်တာကို စိုးရိမ်လို့၊ ဒါပေါ်တော့မှာ စိုးရိမ်လို့ ရခိုင်အရေးအခင်းနဲ့ ဆင်ကြံကြံ ဝိတ်လျှော့တာမျိုးပါ။

    မြန်မာနိုင်ငံသားအားလုံး သတိထားကြဖို့လိုတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ နိုင်ငံသားတိုင်း နိုင်ငံသားကောင်းပီသရေး၊ နိုင်ငံနဲ့ လူမျိုးအပေါ် သစ္စာစောင့်သိ ကာကွယ်ရေး၊ အသိ၊ သတိ အလေးအနက် ထားရှိကြပါစို့လို့ တိုက်တွန်းနှိုးဆော်လျက်။ ။

    (မြန်မာပြည်ကြီး ငြိမ်ချမ်းသားယာရေးနဲ့ ဒို့တာဝန်အရေးသုံးပါး အားလုံးလေးစားပြီး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ ဝိုင်းဝန်းကြိုးစားပေး)

    စနေမောင်မောင် (ဘားမား)