News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • အပြစ်ရှိတဲ့ လူဆယ်ယောက် လွတ်သွားပါစေ အပြစ်မဲ့တဲ့ သူတစ်ယောက်ကို ထောင်မချမိ ပါစေနဲ့

    အပြစ်ရှိတဲ့ လူဆယ်ယောက် လွတ်သွားပါစေ အပြစ်မဲ့တဲ့ သူတစ်ယောက်ကို ထောင်မချမိ ပါစေနဲ့

    သြဂုတ်၊ ၁၇ ၊ ၂၀၁၂

    မအေးဆေး

    Source: The Hot News

    ၈-၈-၂၀၁၂ နေ့ထုတ်Weekly Eleven ဂျာနယ်ထဲမှာX2O ရေကစား မဏ္ဍာပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သေဒဏ်နဲ့ ထောင်ဒဏ် တစ်သတ်တစ် ကျွန်းဆိုတဲ့ ဆောင်းပါးကို ကျွန်မ ဖတ် လိုက်မိပါတယ်။ ကိုဖြိုးဝေအောင်ကို ၂၀၁၀ ပြည့်ဧပြီလ (၂၃)ရက်နေ့မှာ သူ နေထိုင်ရာ ပုဇွန်တောင်မြို့နယ် ၅၅လမ်း ရှိ နေအိမ်ကနေ ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

    ကင်ဆာရောဂါနောက်ဆုံးအဆင့်နဲ့ ခန္ဒာကိုယ်အောက်ပိုင်း လှုပ်လို့မရတော့တဲ့ ဆေးရုံပေါ်က ကိုဖြိုးဝေအောင်

    ကိုဖြိုးဝေအောင်ကို အင်းစိန် အကျဉ်းထောင် သီးသန့်တရားရုံးမှာစစ် တယ်။ အမှန်က တရားစစ်တယ်ဆိုတာ အများပြည်သူ ရှေ့မှောက်မှာ စစ်ရမှာ ဖြစ်တယ်။ အခုတော့ သူ့ကို အများပြည် သူမျက်ကွယ်မှာ စစ်ပြီး စီရင်ချက် ချမှတ် လိုက်တယ်။ တရားစစ်တယ်ဆိုတာOpen Count ဖြစ်ရမယ်။ အပြစ်ကျူးလွန် တယ်လို့ သတ်မှတ်ထားတဲ့ လူတစ်ယောက် ဟာ ရှေ့နေ ရှေ့ရပ်နဲ့ ခုခံပိုင်ခွင့်ရှိရမယ်။

    ကိုဖြိုးဝေအောင်မှာဒီလိုအခွင့်အရေး တွေ အားလုံးဆုံးရှုံးခဲ့ရတယ်။ ပြီးတော့ စစ်ကြောရေးမှာလည်း ဒီဗုံးခွဲမှုနဲ့ သူ မပတ်သက်ပါဖူးလို့ အကြိမ်ကြိမ်ငြင်း သော်လည်း မခံမရပ်နိုင်အောင် စစ်ဆေး တယ်လို့ဆိုပါတယ်။ သူတို့ စစ်ဆေးတဲ့ ဒဏ်တွေကို မခံနိုင်တဲ့အဆုံး သူတို့လိုချင် တဲ့အဖြေကို ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ကို ပုဒ်မအများကြီးနဲ့ တပ်ပြီး သေဒဏ် နှင့် တစ်သက်တစ်ကျွန်းချလိုက်ပါတယ်။ ဒါပေမဲ့ သူ့ထောင်သက်ဟာ (၂)နှစ် ကျော်ကျော်လေးပဲရှိတယ်။ သို့သော် လည်း သူဟာ အနှစ်(၂၀)ထောင်ကျ ထားတဲ့ပုံပေါက်နေပါတယ်။ စစ်အစိုးရ လက်ထက်မှာ အခုလို မှားမှားယွင်း ယွင်းဖမ်းဆီးထောင်ချတာတွေတော်တော် များများရှိခဲ့တယ်လို့ သိရပါတယ်။ သူဟာ ဗုံးဖောက်ခွဲသူ မဟုတ်တဲ့အတွက် တစ်နေ့ နေ့မှာ ပြန်လွတ်လိမ့်မယ်လို့ သူယုံကြည် ထားတယ်။ လောလောဆယ်မှာတော့ ကိုဖြိုးဝေအောင်ဟာ စစ်ကြောရေးက ဒဏ်တွေကြောင့် အသည်းရောဂါနဲ့ အောက်ပိုင်းသေရောဂါ ခံစားနေရပြီး ဆေးရုံတက်နေရပါတယ်။

    ထောက်လှမ်းရေးတွေနဲ့ ရဲတွေဟာ တရားခံအစစ်ကို ရှာရမှာ သူတို့တာဝန် ဖြစ်တယ်။ အပင်ပန်းခံပြီးရှာမနေဘဲ ထင်ရောင်ထင်မှား လူတစ်ဖက်သားကို တရား ခံလုပ်လိုက်တာကတော့ လူသားချင်း ကိုယ်ချင်းမစာနာရာ ရောက်ပါတယ်။ လူ တစ်ဖက်သားကိုခုလို မှားမှားယွင်းယွင်း ထောင်ချလိုက်တော့ သူက အဓိကခံရ ပြီး သူ့နောက်က သားသမီးဇနီးတွေပါ တစ်သီ တတန်းကြီး ဒုက်္ခရောက်ရတဲ့ အဖြစ်ပါ။

    ဒီလိုပဲဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ တောင် မှားယွင်းစွာ ဖမ်းဆီးတာမျိုးတွေ  ရှိပါတယ်။ ရီးဒါးဒိုင်ဂျက်မဂ္ဂဇင်းမှာ ကျွန်မ  ဖတ်လိုက်မိတဲ့ လူမည်းလူငယ် ကလေး တစ်ယောက်အကြောင်းပါ။ သူဟာ မှား ယွင်းစွာ ဖမ်းဆီးခံရပြီး ထောင်ထဲမှာ ၁၂ နှစ်ကြာသွားခဲ့ပါတယ်။ သူ့အမည်က ဒေး ဗစ်ရှက်ဖယ်ဖြစ်ပါတယ်။ သူဟာ အချိန် တွေကုန်ဆုံးသွားတာကို ဘယ်လိုမှ မတတ်နိုင်သော်လည်း အမှန်တရားပြန်ရ ဖို့အတွက် ကြိုးစားဖို့ ဆုံးဖြတ်လိုက်ပါ တယ်။ သူဟာ မှားမှားယွင်းယွင်းနဲ့ မုဒိန်း ကျင့်မှုနဲ့ ထောင်ကျခဲ့ရပါတယ်။ အသက် ၁၉ နှစ်ရှိ နယူးဂျာစီက မိန်းကလေးတစ် ဦးကို မုဒိန်းကျင့်မှုနဲ့ ထောင် ၁၂ နှစ်ကျ သွားခဲ့ရပါတယ်။ အမှန်တော့ သူ့ကို ထောင်ချလိုက်တာ အနှစ်(၃၀)ပါ။DNAစီစစ်တွေ့ရှိချက်ကြောင့်သာ သူ့မှာ အပြစ်မရှိကြောင်း သက်သေပြေနိုင်ခဲ့လို့ ပါ။

    သူကတော့ ကိုဖြိုးဝေအောင်လို စစ်ကြောရေးမှာ နှိပ်စက်ခံရတာမျိုး မရှိပါ ဘူး။ ဒါပေမယ့် အမေရိကန် အကျဉ်း ထောင်တွေမှာရှိတဲ့ အသိုင်းအ၀ိုင်းတွေ ဟာ မုဒိန်းမှုနဲ့ ရောက်လာတဲ့ထောင် သားဟာ အဆင့်အနိမ့်ဆုံးဖြစ်လို့ အုပ်စု ဖွဲ့ပြီး သူ့ကို တိုက်ခိုက်ကြပါတယ်။တကယ် တော့ အကျဉ်းထောင်ဆိုတာ ကျန်းမာ သန်စွမ်းတဲ့ လူတစ်ယောက်ကို အရူး အနှမ်းဖြစ်သွားစေတယ်လို့ ထင်မိတယ်။ ဒေးဗစ်ဟာ ထူးဆန်းတဲ့အထောက်အ ထားမရှိတဲ့ စွတ်စွဲချက်တွေနဲ့ ရင်ဆိုင်နေ ရပါတယ်။

    တရားလို အမျိုးသမီးက သူ့ကိုတိုက် ခိုက်တဲ့နှစ်ယောက်ကထဲကတစ်ယောက် ဟာ ဒေးဗစ်လို့ ခေါ်သံကြားတဲ့ စွတ်စွဲ ချက်နဲ့သူကို ဖမ်းသွားတာ။ သူဟာ ကြိုးစားရုန်းကန်ပြီး အယူခံကို အဆက်မပြတ် တင်တယ်။ အကျဉ်းထောင်ထဲရောက်ပြီး မှ အပြစ်မရှိပါဘူးလို့ ပြောနေလို့ကတော့ နာဖို့ပဲရှိတယ်။ ဒီစံပြ ထောင်မှာ သူတည် ရှိနေခြင်းအရှိတရားကို လက္ခံပြီး တစ်ခုခု အောင်မြင်ပြီးမြောက်အောင် ကြိုးစား လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ ဟာ ထောင်ထဲမှာပဲ အလယ်တန်းကျောင်း ဒီဂရီပြီးမြောက်တယ်။

    သူဟာ စံပြထောင်ရဲ့ စာကြည့် တိုက်မှာ အလုပ်ရတယ်။ အလုပ်လုပ်နေ စဉ်တစ်နေ့မှာတော့ သူဟာ ဂါရီဒေါ့ဆန် ရဲ့ အမှုကို သွားတွေ့ပါတယ်။ အီလိနွိုက် မှာ မုဒိန်းမှုဖြစ်တာပါ။ ၁၉၈၉ ခုနှစ်မှာ ဒေါ့ဆန်ဟာ ပထမဦးဆုံးသော အမေရိ ကန်ထောင်သားDNA သက်သေထူခွင့် ရှိပါတယ်။ ဒေးဗစ်ဟာ ဒေါ့ဆန်ရဲ့ အမှုမှ နည်းပညာနဲ့ တရားဝင် အချက်အလက် တွေကို အချိန်ကြာကြာယူပြီးလေ့လာ သုံး သပ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ နယူးဂျာစီ ရုံးကDNA သက်သေခံချက်အယူခံကို လက္ခံပါတယ်။ သူ့အမှုရဲ့ ဇီဝဗေဒဆိုင် ရာ သက်သေခံချက်DNAကို အမှုဖြစ်နေ ရာကနေယူပြီး ပြန်လည် စစ်ဆေးပေးဖို့ အသနားခံတယ်။

    ကိုဖြိုးဝေအောင်ရဲ့ အမှုမှာတော့  ဗုံးပေါက်ကွဲတဲ့အချိန်မှာ သူဟာ ရန်ကုန် စင်တာမှာရှိတဲ့City Mart မှာ အသေး စားပြင်ဆင်မှု အလုပ်တွေကို လုပ်နေပါ တယ်လို့ ပြောသော်လည်း မရပါဘူး။ သူ တို့အလိုကျပဲ ကိုဖြိုးဝေအောင်ဟာ ထွက် ဆိုပြီး စာအိတ်ထဲက အမိန့်များနဲ့ စီရင် ချက်ချမှတ်ခြင်းပဲဖြစ်ပါတယ်။

    ကိုဖြိုးဝေအောင်ကလည်း မကြာ ခင်မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ဆိုပါတယ်။ သူ မကျူးလွန်တာကို တရား လို ပြသက်သေတွေနဲ့ ဖြေရှင်းမယ်လို့ ဆို ပါတယ်။ စာတမ်းလည်း ပြုစုသွားမယ်လို့ ဆိုပါတယ်။ မှားယွင်းစွာ ထောင်ချခံရတဲ့ အဖြစ်ကို အများသိအောင် ဖော်ထုတ် တာဟာ ကောင်းပါတယ်။

    ဒေးဗစ်ကတော့ သူရဲ့အဖြစ်ကို ထောင်ထဲက ရှာကြံရတာဖြစ်ပါတယ်။ အမေရိကန်မှာကတော့ လူ့အခွင့်အရေး က အရမ်းမြင့်တယ်ဆိုတော့ အကျဉ်း သာတစ်ယောက်ရဲ့ တောင်းဆိုတာကို လိုက်လျောပေးတယ်။ ဒေးဗစ်ရဲ့ DNAဟာ  ၁၀၀ရာနှုန်း မပါဝင်တာတွေ့ရပါ တယ်။ ၁၉၉၅ ခုနှစ်မှာ အစိုးရရှေ့နေက နေ ဒေးဗစ်ရဲ့ အမှားအားလုံး လက်လွှတ် လိုက်ပါတယ်။ နယူးဂျာစီမှာ သူ့ကို မှားယွင်းစွာ အပြစ်ပေးလိုက်တဲ့အတွက် လျှော်ကြေးပေးဖို့ လွှတ်တော်ဥပဒေ ပြုဌာနက လက်မှတ်ထိုးပေးလိုက်ပါတယ်။ ဒေါ်လာ ၂၄၀,၀၀၀ ဖြစ်ပါတယ်။
    လူတစ်ယောက်ဟာ လွဲမှားစွာ အ ကျဉ်းကျခံရတယ်ဆိုရင် စိတ်တွေခြောက်ချားရသလို၊ အပြစ်မရှိပဲ နှစ်ပေါင်းများစွာ ထောင်ကျသွားရတဲ့လူတစ်ယောက်အဖို့ အရာရာတွေ ဆုံးရှုံးရပါတယ်။ နုပျိုတဲ့ အရွယ်၊ ငွေကြေး၊ အလုပ်အကိုင်စသည် တို့ပေါ့။

  • အဖြေမရှိတဲ့ “ဗမာ” ဆိုတာ

    သောင်းထိုက်
    သြဂုတ် ၁၇၊ ၂၀၁၂

    ဓာတ်ပုံ – realhistoryofmyanmar.blogspot.com

    “သခင်မျိုးဟေ ဒို့ ဗမာ၊ ” “သာကီမျိုးဟေ့ ဒို့ ဗမာ၊” “ယဉ်ကျေးတဲ့ ဗမာ” ဆိုပြီး ဆောင်ပုဒ်တွေ တသီသီနဲ့ ဆိုလေတော့ မြန်မာလူငယ်တွေ မျိုးချစ်စိတ်ဆိုပြီးတမျိုး၊ ရွှေမြန်မာဆိုပြီးတဖုန် မာန်တက်နေလေရဲ့ ။ တနေ့ က ကျနော်သင်တန်းပေးဖူးတဲ့ လူငယ် ၆ ယောက်နဲ့  လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်တယ်။ စကားပြောနေရင်း ထုံးစံအတိုင်း ခုခေတ်စားနေတဲ့ ရိုဟင်ဂျာကိစ္စဆီရောက်သွားတယ်။

    အစပိုင်းမှာ သူတို့ ပြောတာ နားထောင် ရုံနားထောင်နေပေမဲ့ မနေနိုင်တာနဲ့  ၀င်မေးမိပါတယ်။ “ဗမာဆိုတာကို တိတိကျကျ ဘယ်လို အဓိပ္ဗါယ်ဖွင့်ဆိုလဲ”လို့ ။ ခုနက ဇာတိမာန်တက်ကြွနေတဲ့ တိုင်းချစ်ပြည်ချစ်များ တယောက်တပေါက် သူ့ ထက်ငါအပြိုင်ဂုဏ်ဖွဲ့ ပြောလိုက်တာ ဗမာဆိုတာ ဘာမှန်းမသိသလိုဖြစ်သွားရော။ မော်လမြိုင်က မွန်တိုင်းရင်းသား သတင်းသမားငယ်တစ်ယောက်က “မျိုးမစစ်လို့  ဗမာလို့ ခေါ် တာမဟုတ်ဘူးလား” ဆိုပြီး ရယ်ရယ်မောမောနောက်ပြီး ငွေရှင်းတော့မှ  တယောက်တပေါက်ဇာတ်လမ်း အဆုံးသတ်သွားတယ်။

    ပြောမိသမျှ ပြန်ပြောရရင် ကျနော် မေးခွန်းမေးလိုက်ချင်း တယောက်က ချက်ချင်း ကောက်ကာငင်ကာနဲ့  “ဗမာမိဘနှစ်ပါးက မွေးတဲ့လူ” လို့ ဖြေတယ်။ အဖြေထဲမှာ ဗမာဘာလဲဆိုတဲ့ အချက်ကို အဓိပ္ဗါယ်ဖွင့်တာ တခုမှမပါလာဘူး။ နောက်တယောက်က ဗမာဆိုတာ ပျူနဲ့ သက် အပါအ၀င် ရှေးလူမျိုး ၄ ခု ပေါင်းမှ ဗမာဖြစ်တာလို့  ပြောတယ်။ သူကိုယ်တိုင်လည်း တခြား ၂ ခုဘာလဲမသိ။ ပထမတယောက်က ထပ်ပြောပါတယ်။

    ဗမာမိဘကမွေး၊

    မြန်မာပြည်မှာမွေး၊

    မြန်မာပြည်မှာနေ၊

    ဗမာ စကားပြောတဲ့လူတဲ့လေ။

    သူကထပ်ပြီး ကွန့် ပါတယ်။ “ဗုဒ္ဓဘာသာမြန်မာလူမျိုး” ဆိုတဲ့ ဆောင်ပုဒ်လည်းရှိလေတော့

    ဗုဒ္ဓဘာသာလည်း ဖြစ်ရအုံးမယ်တဲ့။ သူကပြောပါတယ်။ အတိအကျဘယ်လို အဓိပ္ဗါယ်ဖွင့်မလဲဆိုလို့  အသေးစိပ် တခုချင်းစီပြောတာပါတဲ့။ အတိအကျပြောတော့မှ ရှုပ်ပြီးရင်း ထပ်ရှုပ်လေခြင်း။

    တယောက်က ၀င်နောက်ပါတယ်။ ယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဆိုတဲ့ စကားလည်းရှိလေတော့ ယဉ်ကျေးရမယ်ဆိုတာထည့်အုံးတဲ့။ တယောက်ကလည်း ထပ်နောက်ပါတယ်။ မျက်နှာစာအုပ် (ဖေ့စ်ဘွခ်) မှာ ဗမာတွေ ဒီလောက်လန်းနေတာ ဒီဆောင်ပုဒ်ကြီးနဲ့ သွားလုပ်ရင် အဖြဲခံရမယ်တဲ့လေ။ သေချာတာပေါ့ဗျာ။

    ပထမတယောက်ပြောတာ သုံးသပ်လိုက်ရင်

    ပထမအချက် – အဖြေမဟုတ်ပါဘူးဆိုတဲ့ ဗမာမိဘကမွေးရင်ဆိုတာက ထပ်ပါလာသေးတယ်။

    ဒုတိယအချက် –  မြန်မာပြည်မှာနေရအုံးမယ်။ ကျနော်ကမေးပါတယ်၊ ဒါဆိုရင် နိုင်ငံခြားသွားရင် ဗမာမဟုတ်တော့ဘူးလားလို့ ။ မြန်မာပြည်မှာ မွေးရမယ်ဆိုတော့ နိုင်ငံခြားမှာ ဗမာဆိုသူ မိဘနှစ်ပါးက မွေးတဲ့လူတွေ ဗမာမဟုတ်တော့ဘူးလားလို့ ။ နောက်တခုက ဗမာစကားလည်းပြောရအုံးမယ်ဆိုတော့ ဗမာမိဘကမွေး တယ်ပဲထား၊ နိုင်ငံခြားရောက်နေလို့  ဗမာစကားမပြောတတ်တော့ကလေးတွေကို ဗမာလို့ မသတ်မှတ်တော့ဘူးလားလို့ ။ ကျနော်ကထပ်မေးတယ်၊ မြန်မာပြည်မှာနေ၊ မြန်မာပြည်မှာမွေး၊ ဗမာစကားပြောတတ်ရင် ဗမာဖြစ်တယ်ဆိုရင် မြန်မာပြည်မှာမွေး၊ ဗမာ စကားပြောတတ်တဲ့ ရိုဟင်ဂျာတွေ ဗမာဖြစ်သလားလို့  ။

    တယောက်တပေါက်ပြောနေကြတာ လိုရင်းမရောက်ပါဘူး။ မန်းလေးက တယောက်က ၀င်ပြောပါတယ်။ သူက အသားဖြုဖြူ ပိန်ပိန်ရှည်ရှည် တရုတ်လိုလို ကိုးရီးယားမင်းသားလိုလို ခပ်ဖြောင့်ဖြောင့် ခပ်နွဲ့ နွဲ့ ဆိုတော့ တရုတ်နဲ့ မှားမှာစိုးလို့  နောက်ကြောမလုံလို့ ထင်တယ် “ကျနော်က ဗမာ။ အမေကတော့ရှမ်း၊ အဖေက ဗမာပါ” တဲ့။ ဗမာကြားမှာကြီးလို့  ဗမာလို့ ပဲ ခံယူထားပုံရပါတယ်။ ကျနော့်စိတ်ထဲမယ်တော့ အမေရှမ်းဆိုမှတော့ ဘယ့်နှယ် ဗမာဖြစ်သွားရတာလဲပေါ့။ ရှမ်းတယောက်ယောက်ကြားရင် ရှမ်းဖက်ကို မဲဆွယ်လိုက်မဲ့ဖြစ်ချင်း။

    တယောက်တပေါက်ထပ်ပြောရင်း ဘာသာရေးဖက် ခရီးနှင်ပါတယ်။ ဗမာ ဗုဒ္ဓဘာသာတယောက် အစ္စလာမ်ဘာသာဖက်ပြောင်းသွားရင် ဗမာလို့ သတ် မှတ်သေးသလားဆိုတော့ လူမျိုးနဲ့  ဘာသာနဲ့  ကွဲကွဲပြားပြားရှိဖို့ လိုတယ်တဲ့။ တော်ပါသေးရဲ့ ။ ဒါပေမဲ့ ဆက်ပြောပါတယ်။ အစ္စလာမ်ထဲပြောင်းသွားရင် ကုလား၊ ကုလားမဆိုပြီးမှတော့ အပြောခံရမယ်ဆိုတာ။

    ဆက်မေးပါတယ်။ မြန်မာမွတ်စလင်(မ်) ဆိုတဲ့နေရာမှာ မြန်မာနဲ့  မွတ်စလင်(မ်) တွဲလို့ မရဘူးဆိုတာ ပြောပြောနေတော့ ဘယ်လိုမြင်လဲ ဆိုတော့ မယ်မယ်ရရ အဖြေမရှိပါ။ ကောင်မလေးတယောက်က ၀င်ပြောပါတယ်။ မြန်မာနဲ့  မွတ်စလင်(မ်) တွဲနေတာ သဘာဝမကျဘူးတဲ့။ ဘာဖြစ်လို့ လဲလို့ မေးတော့ နားထောင်ရတာ မမှန်မှန်းစိတ်ထဲကတော့သိနေတယ်။ ဒါပေမဲ့ အတိအကျတော့ ပြောမတတ်ဘူးတဲ့လေ။ ကျနော် မှတ်ချက်ချမိပါတယ်။ တိတိကျကျ အဓိပ္ဗါယ်ရှိရှိ သဘာဝကျကျ လက်မခံတာမဟုတ်ပဲ စိတ်ထဲက မကြိုက်ဘူးကွာဆိုတာနဲ့ တင် ငြင်းဆန်နေကြတာဆိုတာ။

    ရခိုင်ကိစ္စလဲပြောဖြစ်ပါတယ်။ တကယ်ဆိုရင် ရခိုင်နဲ့ ဗမာဆိုတာ စကားလည်းဆင်တယ်၊ ကိုးကွယ်တဲ့ဘာသာလည်းတူတယ်။ ဘာကြောင့် ရခိုင်နဲ့  ဗမာဟာ လူမျိုးခြားတွေလို့ သတ်မှတ်သလဲလို့ ။ ကျနော်က နှိုင်းယှဉ်ပြတယ်။ ထားဝယ်လည်း ဗုဒ္ဓဘာသာ၊ ပြောတဲ့စကားလည်းဆင်တူတာပဲ။ ဘာကြောင့် လူမျိုးခြားလို့ မ သတ်မှတ်ပဲ ဗမာအောက်မှာပဲ ဗမာလို့ သတ်မှတ်သလဲ။ ရခိုင်ကို လူမျိုးခြားလို့ သတ်မှတ်သလို ထားဝယ်ကိုလည်း လူမျိုးခြားလို့ သတ်မှတ်ပေါ့လို့ ။ တယောက် တပေါက် ဆက်ပြောကြတယ်။

    တယောက်က မေးတယ်။ ၂၀၀၉ လောက်က ဟောင်ကောင်ရောက် မြန်မာကောင်စစ်ဝန်က ရိုဟင်ဂျာတွေဟာ ဗမာနဲ့ မတူဘူး။ ရိုဟင်ဂျာတွေက အသားမည်းတယ် ဘီလူးတွေနဲ့ တူတယ်။ ဗမာဆိုတာ သူ့ လို အသားလတ်တယ်လို့ ပြောတာကိုဘယ်လို ထင်သလဲတဲ့။ အသားအရောင်နဲ့  လူမျိုး ဘာမှမဆိုင်တဲ့အကြောင်းပြောကြပါ တယ်။ ဟုတ်ပါတယ်။ မကွေးက အဖေဗမာ အမေဗမာဆိုသူ ကောင်မလေးတယောက်နဲ့ ဒညင်းကုန်းက ဗမာကောင်လေးတယောက်က ကျနော်တို့  ၇ ယောက် ထဲမှာ အသားအညိုဆုံးမဟုတ်လား။ မော်လမြိုင်က မွန်လေးလည်း အသားညိုပါတယ်။ ရှေးခေတ်တုန်းက ဗမာဆိုသူတွေရဲ့ ဓာတ်ပုံတွေကို အင်တာနက်မှာတွေ့ မိ တဲ့အကြောင်း၊ သူတို့ အသားမည်းတာရော ရုပ်ရည်ရော ကုလားနဲ့ တူတဲ့အကြောင်းပြောဖြစ်ကြပါတယ်။ အသားမည်းရင် ဗမာမဟုတ်ဘူးဆိုတာ ဘယ်ကပေါ်လာလည်း ကျနော်မသိ။ ဓာတ်ပုံတွေထဲမယ်တော့ မည်းတာသေချာတယ်။ (အဖြူအမည်း ဓာတ်ပုံကြောင့်မဟုတ်၊ အသားမည်းကြောင်း တခြား သက်သေသာဓကတွေ ရှိတယ်)။ ဟောင်ကောင်ရောက် ကောင်စစ်ဝန် ဗမာစစ်မစစ်တော့ သူ့ အမေပဲသိမယ်လို့  ကျနော်တို့  နောက်ပြောင်ဖြစ်ကြတယ်။

    ဒါနဲ့ ဗမာဆိုတာ ဘာလဲ၊ မြန်မာဆိုတာ ဘာလဲ ဆိုတာလည်း ပြောဖြစ်တယ်။ အကြိတ်အနယ်ပါပဲ။ ဘာမှ ရေရေရာရာ မဖြေမထွက်ပါ။ သေချာတာတခုကတော့ လူမျိုး၊ ဘာသာရေး၊ နိုင်ငံသား စတာတွေကို ကွဲကွဲပြားပြားမစဉ်းစားပဲ မြန်မာနိုင်ငံသားဖြစ်ဖို့  ဗုဒ္ဓဘာသာဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်က ပြင်းထန်ပြီး ဗမာဆိုတာဘာလဲ၊ ဗမာရဲ့  လူမျိုး ၀ိသေသတွေကဘာလဲ၊ ဗမာနဲ့ မြန်မာဆိုတာ ဘာကွာလဲဆိုတာတွေ သေသေချာချာ စဉ်းစားနားလည်တာမျိုးမရှိဘူး။ နိုင်ငံသားနဲ့  လူမျိုး ဆိုတာလည်း မကွဲကြဘူး။

    တယောက်က နောက်ပါတယ်။ ဘင်္ဂလီ (ရိုဟင်ဂျာ) မဟုတ်ရင် ကုလားမဟုတ်ရင် အဲ့ဒါဗမာပဲတဲ့။ ကျနော် မေးပါတယ်။ ကရင်၊ မွန်၊ တရုတ်၊ ကိုးရီးယား၊ ထိုင်း၊ အနောက်တိုင်းသားစတာတွေကို ဗမာလို့ သတ်မှတ်လားလို့ ။ ကျနော် စကားကပ်တာမဟုတ်ပါ။ သူတို့ ပြောတဲ့အချက်တွေကို တခုချင်းစီ မေးခွန်းပြန်ထုတ် တာပဲဖြစ်တယ်။

    ခုနက ရှမ်း-ဗမာကောင်လေး (ကျနော့်သတ်မှတ်ချက်) က၀င်ပြောတယ်။ အဲ့ဒါကတော့ သူ့ အပေါ်မှာမူတည်တယ်တဲ့။ ဥပမာ ကရင်တယောက်က ကရင်နဲ့ နီးစပ်ပြီး ကရင်လို့ ခံယူရင် ကရင်ပဲ။ ဗမာနဲ့ နီးလို့ ဗမာလို့ ခံယူရင် ဗမာပဲ။ ဒါမှမဟုတ် ကရင်-ဗမာလို့  ခံယူရင် ကရင်-ဗမာပဲ။ မြန်မာလို့ ခံယူရင်မြန်မာပဲ။ ဘာမှ မခံယူရင် ဘာမှမဟုတ်ဘူးပေါ့တဲ့။ ခေါင်းတငြိမ့်ငြိမ့်လုပ်နေကြလို့  ကျနော်ထပ်မေးတယ်၊ ရိုဟင်ဂျာတယောက်က သူ့ ကိုယ်သူ ဗမာလို့ သတ်မှတ်တယ်ဆိုရင် သူ့ ကို ဗမာလို့  သတ်မှတ်သလားဆိုတော့ တယောက်က ကျနော့်ကို စကားကပ်တယ်လို့  ထပြောပါတယ်။

    စကားပြောရင်း ထပေါက်လို့  ဘုကန့် လန့် ပြောလားတော့ ကျနော်လည်းမသိပါ။ အဖြေမရှိတဲ့ ကျနော်တို့ စကားဝိုင်းက မော်လမြိုင်ကသတင်းထောက်ပြောတဲ့ “မျိုးမစစ်လို့  ဗမာလို့  ခေါ် တာမဟုတ်ဘူးလား” ဆိုတာနဲ့  သိမ်းသွားပါတယ်။

    ဒီဆောင်းပါးကို အပေါစားဆောင်းပါးလို့  မြင်သူရှိပါမယ်။ ကျနော်က ကလေးတွေနဲ့ လမ်းဘေးလက်ဖက်ရည်ဆိုင်ထိုင်ပြီး ပြောချင်ရာတွေ ပေါက်တက်ကရ တွေပြော၊ ပြီးရင် ဒီအကြောင်းကို ရေးကြီးခွင်ကျယ်လုပ်ပြီး ဆောင်းပါးရေးတယ်လို့ ထင်ချင်တဲ့လူ ရှိပါလိမ့်မယ်။ ဒီကလေးတွေက တကယ်တော့ ကလေး တွေမဟုတ်ပါဘူး။ အန်ဂျီအိုတွေမှာလုပ်နေတဲ့ မျိုးဆက်သစ်လူငယ်တွေ။ ဘွဲ့ ရပညာတတ်ဆိုသူတွေ။ သူတို့ တွေရဲ့  အမြင်၊ နားလည်မှု၊ ခံယူချက်တွေက လက်ရှိ မြန်မာပြည်ရဲ့  အခြေအနေပါပဲ။ ဒါကြောင့် ကျနော်တို့ စကားဝိုင်းကို ပေါက်တတ်ကရ စကားဝိုင်းလို့ မယူဆပါ။ ကျနော်တို့  စကားဝိုင်းကို ပေါက်တတ်ကရ စကားဝိုင်းလို့ ယူဆရင် ခုနက ပညာတတ်၊ အန်ဂျီအိုမှာထိုးဖောက်ဖို့  ကြိုးစားနေတဲ့ နောင်မျိုးဆက် ၆ ယောက်ရဲ့  အတွေးအမြင်ကို ပေါက်တတ်ကရလို့  ယူဆတာနဲ့  အတူတူပါပဲ။ ဒီလူငယ် ၆ ယောက် အတွေးအမြင်မှာ မြန်မာပြည်က လူကြီးလူငယ် အများစု အတွေးအမြင်နဲ့ မကွာပါ။ မယုံရင် ဒီအကြောင်းပြောကြည့်ပါ။

    ဗမာဆိုပြီး ဇာတိသွေး ဇာတိမာန် တက်နေတဲ့ ဗမာများ၊ ဗမာဆိုတာ ဘာလဲဆိုတာ ရှင်းနိုင်ရင် ရှင်းကြပါ။ ဗမာဆိုတာ ဘာမှန်းညာမှန်း မသိပဲ၊ ကိုယ်စီးတဲ့ မြင်း အထီးမှန်းမသိ အမမှန်းမသိတဲ့လူတွေ၊ မျိုးချစ်စိတ်ရှိပါဆိုပြီး ဘာကိုချစ်ရမှန်းမသိတဲ့လူတွေ၊ ငါချစ်ရမဲ့ ငါ့လူမျိုးဆိုတာ ဘာလဲဆိုတာ အရင် သိအောင် အဓိပ္ဗါယ်ဖွင့်ကြပါလို့ စိမ်ခေါ်ပါတယ်။

    ဇာတိသွေး ဇာတိမာန်တက်မယ်ဆိုရင် ကိုယ်ကိုတိုင်က ဘာလဲဆိုတာ အရင်သိအောင်လုပ်ပါ။ မွန်သတင်းထောက်လေးပြောသလို ဘာအမျိုးကိုချစ်ရမယ်ဆိုတာ မယ်မယ်ရရ မသိတာမျိုး မဖြစ်အောင်အရင်လုပ်ဖို့ ၊ လုပ်နိုင်ရင် လုပ်ဖို့  ဖိတ်ခေါ်ပါတယ်။ စိမ်ခေါ်တယ်လို့ ပြောရင်လည်းရပါတယ်။ စာဖတ်သူတို့  အဓိပ္ဗါယ်ဖွင့်လာမှာကို စောင့်ပြီးနားစွင့်နေပါမယ်။

     

  • ရခိုင် ပဋိပက္ခအရေး စုံစမ်းစစ်ဆေးရေးကော်မရှင် သမ္မတဖွဲ့စည်း

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

    နိုင်ငံတော်သမ္မတရုံး

    အမိန့်ကြော်ငြာစာ

    (အမှတ်၊  ၅၇  /၂၀၁၂)

    ၁၃၇၄ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်      ရက်

    (၂၀၁၂ ခုနှစ်၊ သြဂုတ်လ   ၁၇  ရက်)

    စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်း

    ၁။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လအတွင်း၌ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေသည့် လူစုလူဝေးဖြင့် ဥပဒေမဲ့ ဆောင်ရွက်မှုများ၊ တိုက်ခိုက် သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ ပဋိပက္ခဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရေး အကြံပြုရန် အတွက် အောက်ဖော်ပြပါပုဂ္ဂိုလ်များ ပါဝင်သော  စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းတာဝန် ပေးအပ်သည်-

    (က) ဒေါက်တာမျိုးမြင့်
    ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ သာသနာရေးဝန်ကြီးဌာန
    ဥက္ကဋ္ဌ

    (ခ)သိက္ခာတော်ရဆရာတော် ဦးကျော်ညွန့်
    ဂျပ်ဆင်ဘုရားကျောင်း၊ ရန်ကုန်မြို့
    အဖွဲ့ဝင်

    (ဂ) သိက္ခာတော်ရဆရာတော် ဦးစောမာဂေကြီး
    အတွင်းရေးမှူး၊ မြန်မာဘက်(ပ်)တစ်(စ်)ကွန်ဗင်းရှင်း
    အဖွဲ့ဝင်

    (ဃ)ဦးသိန်းထွန်း
    စီးပွားရေးလုပ်ငန်းရှင်
    အဖွဲ့ဝင်

    (င)ဦးစိုးသိန်း(ခ)မောင်ဝံသ
    စာရေးဆရာ
    အဖွဲ့ဝင်

    (စ)ဦးသူရ(ခ)ဦးဇာဂနာ
    အနုပညာရှင်
    အဖွဲ့ဝင်

    (ဆ)ဦးခွန်ထွန်းဦး
    ဥက္ကဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
    အဖွဲ့ဝင်

    (ဇ)ဒေါ်သန်းသန်းနု
    ဒီမိုကရက်တစ်ပါတီ(မြန်မာ)
    အဖွဲ့ဝင်

    (ဈ)ဦးခင်မောင်ဆွေ
    ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
    အဖွဲ့ဝင်

    (ည)ဒေါက်တာအေးမောင်
    ဥက္ကဋ္ဌ၊ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ
    အဖွဲ့ဝင်

    (ဋ)ဦးအေးသာအောင်
    ဥက္ကဌ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
    အဖွဲ့ဝင်

    (ဌ)ဦးကိုကိုကြီး
    ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့
    အဖွဲ့ဝင်

    (ဍ)ဒေါက်တာဒေါ်ယဉ်ယဉ်နွယ်
    UNICEF အကြီးတန်းအရာရှိ(ငြိမ်း)
    အဖွဲ့ဝင်

    (ဎ)ဒေါက်တာဆလိုင်းမူးကျုံးလျံ
    နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူ
    အဖွဲ့ဝင်

    (ဏ)ဦးတင်အောင်မိုး
    သဘာဝပတ်ဝန်းကျင်ပညာရှင်
    အဖွဲ့ဝင်

    (တ)ဦးအောင်နိုင်ဦး
    အမှုဆောင်အဖွဲ့ဝင်၊ ဗဟုဖွံ့ဖြိုးရေးအဖွဲ့
    အဖွဲ့ဝင်

    (ထ)ဒေါ်ဝါဝါထွန်း
    ဥက္ကဌ၊ မြန်မာအမျိုးသမီးများ စွမ်းဆောင်ရှင်အသင်း
    အဖွဲ့ဝင်

    (ဒ)ဒေါ်ဂျာနန်
    အမှုဆောင်ညွှန်ကြားရေးမှူး၊ ငြိမ်းဖောင်ဒေးရှင်း
    အဖွဲ့ဝင်

    (ဓ)ဦးထွန်းအောင်ချိန်
    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
    အဖွဲ့ဝင်

    (န)ဟာဂျီ ဦးညွန့်မောင်သျှိန်
    ဥက္ကဌ၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
    အဖွဲ့ဝင်

    (ပ)ဟာဂျီ ဦးတင်မောင်သန်း
    အတွင်းရေးမှူး၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
    အဖွဲ့ဝင်

    (ဖ)ဟာဂျီ ဦးလှဝင်း
    ဥက္ကဌ၊မြန်မာမူဆလင်အမျိုးသားရေးရာအဖွဲ့ချူပ်(မအဖ) ဌာနချုပ်
    အဖွဲ့ဝင်

    (ဗ)ဦးကျော်ခင်
    အတွင်းရေးမှူးချုပ်၊ မြန်မာမူဆလင်အမျိုးသားရေးရာအဖွဲ့ချုပ်
    အဖွဲ့ဝင်

    (ဘ)ဟာဂျီ ဦးမြင့်ထွန်း
    ဥက္ကဌ၊ မြန်မာမူဆလင်လူငယ်များ(ဘာသာရေး)အဖွဲ့၊
    မ-မ-လ ဌာနချုပ်
    အဖွဲ့ဝင်

    (မ)ဦးလှဝင်း
    အတွင်းရေးမှူး၊ မြန်မာမူဆလင်လူငယ်များအဖွဲ့
    အဖွဲ့ဝင်

    (ယ)ဒေါက်တာလှထွန်း
    အကျိုးတော်ဆောင်၊ သနန္တရဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်
    အဖွဲ့ဝင်

    (ရ)ဒေါက်တာကျော်ရင်လှိုင်
    Myanmar Egressအတွင်းရေးမှူး

    ၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရန်အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြုတင်ပြရမည်-

    (က)တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ၊

    (ခ)ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် အခြား ထိခိုက်မှုများ၊

    (ဂ)တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊

    (ဃ)ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်မှု၊

    (င)ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည်ဆောင်ရွက်သင့်သည့် အချက်များ၊

    (စ)ကွဲပြားသော ဘာသာအယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် နည်းလမ်းများ၊

    (ဆ)ဥပဒေစိုးမိုးရေး အကြံပြုချက်များ၊

    (ဇ)စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်များ။

    ၃။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ စီမံဆောင်ရွက် ပေးရမည်။

    ၄။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက် စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတ ထံသို့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်အရောက် တိုက်ရိုက်အစီရင်ခံ တင်ပြရမည်။

    (ပုံ) သိန်းစိန်

    နိုင်ငံတော်သမ္မတ

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

     

    နိုင်ငံတော် သမ္မတရုံး ဝဘ်ဆိုဒ်မှ

    http://www.president-office.gov.mm/briefing-room/daily-news/news1220

  • ငယ်ဘ၀ ဒဏ်ရာများ

    ငယ်ဘ၀ ဒဏ်ရာများ

    မောင်လူငယ်

    ကျနော်သည် ဒီအကြောင်းကို မပြောချင် မရေးချင်ဘဲ မေ့ထားခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီးဖြစ်သည်။ မေ့ချင်သော်လည်း မေ့မရသည် မှာ ကျနော်အသက် ၃၀ ရောက်သည်တိုင်ပင်ဖြစ်သည်။


    ထို့နေ့ရောက်တိုင်း ကျနော်ရင်မှာ ငိုမိသလို မမေ့နိုင်သော ဒဏ်ရာများလည်း အဟောင်းမှ အသစ် အသစ် ပြန်ဖြစ်ရသည်။ ကျနော် အသက် ၅ နှစ်သားအရွယ်တွင် မြန်မာသမိုင်းတွင် အထူးခြားဆုံးဖြစ်သော် ၈၈၈၈ အရေးအခင်းနှင့် ကြုံတွေ့ခဲ့ရသည်။ အသက် ၅ နှစ်သားဆိုတော့ နည်းနည်း သိတတ်နားလည်သောအရွယ်ဖြစ်သလို ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းသောအရွယ်ပင်ဖြစ်သည်။ ကျနော်သည် ထိုစဉ်အရွယ်တွင် မိခင်ဘက်မှာ အဘိုးအဘွားများနှင့် အတူနေခဲ့ရပြီး အဘိုးအဘွားများ လက်ပေါ်တွင် ကြီးပြင်းခဲ့ရသည်။ ကျနော်မိဘများသည် စကားမပြောတတ် နားမကြားသူများဖြစ်ကာ မွေးစဉ်က ကျနော် နားကြားသော်လည်း စကားပြောတတ်အောင် သင်ပေးခဲ့သူမှာ ကျနော် အဘွားနှင့် ကျနော်အဒေါ်ပင်ဖြစ်သည်။

    ဆူးလေးဘုရားလမ်းနှင့် အနော်ရထာလမ်းဒေါင့်တွင် ကျနော် ဘိုးဘွားအိမ်တွင် ကျနော်နေကာ သူငယ်တန်းကို အမက ၅ ကျောက်တံတား (ပန်းဆိုတန်းလမ်း) တွင် စတင်ကျောင်းတတ်ခဲ့ရသည်။ ညနေ ခေါင်းလောင်းထိုး ကျောင်းဆင်းချိန် ကျနော်သည် ၃၃လမ်းရှိ အဒေါ်အိမ်သို့သွားကာ ကျနော်အမနှင့် ဆော့ကစားလေ့ ရှိသည်။ လူကြီးများ၏ စကားဝိုင်းတွင် ၀င်ရောက် နားထောင်လောက်အောင် ကျနော်သည် နားမလည်ခဲ့ပါ။ တခု တော့ ကြားမိတာကတော့ (မဆလ)၊ ကလေးပီပီ ကျနော်ကြားရသော အရာကို နားမလည်ဘဲ ကျနော်အန်တီကြီးကို မေးမိသည်။ မဆလာဝယ်ပြီး ဘာလုပ်မလိုလဲတဲ့ သားကို ကျွေးမလိုလား လို ပြောလိုက်တော့ လူကြီးများက ပြုံးရယ်ကြလေသည်။

    ကျနော် အဘိုးမှာ စာရေးဆရာ ၁ဦးဖြစ်ကာ ထို့စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးလေသည်ကို ကျနော်မှတ်မိလေသည်။  ကျောင်းတက်သောအချိန်မှာ တိုတောင်းကာ ကျောင်းကို ပိတ်လိုက်ရပြီး ဆူးလေရှိ ဘိုးဘွားအိမ်တွင် ကျနော်သာ အချိန်ကုန်နေလေသည်။ ကျနော် မိခင်မှာ  ကျနော်ညီကို မွေးပြီးစ ၆လသားအရွယ် နို့တိုက်နေချိန်ဖြစ်ကာ ကျနော် အား မကြည်အားနိုင်ချေ။ ပျင်းပျင်းနှင့် အိမ်ရှေ့တံခါးနားတွင် ထိုင်ကာ ဟိုဟို ဒီဒီကြည်သော့ လူအအုပ်အုပ် အထွေထွေ ဥပဒေဟို သွားလာနေပြီး လူအုပ်ကြီး များသထက် များလာနေသည်ကို တွေ့မိသည်။

    ရှေ့တန်းတွင် ၀ါးလုံးရှည်ပေါ်တွင် အလံကို ပြောင်းပြန်လှန်ပြီး ထောင်ကာ ကိုင်ဆောင်ချီတက်ကြသည်။ ထူးခြားသည်ကား လေးထောင့်အကွက် မှန်ဘောင်တွင် လူ ၁ဦးပုံကို ကိုင်ထားသူနှင့် အလံကို ပြောင်းပြန်လှန်ထားခြင်းမရှိဘဲ နဂိုအတိုင်းကိုင်ထားသူများ အပြင် နောက်တွင် လူအုပ်ကြီးက ချီတက်နေကြသည်။ ကျနော်သည် ဓာတ်ပုံထဲက လူကို မသိပါ။ စစ်ဝတ်တန်ဆာနှင့်မျက်နှာ တည်ငြိမ်ရင်ကျက်ပုံကြောင့် ကလေးပီပီ သိလိုစိတ်ဖြစ်မိသည်။ နောက်တွင် သိရသည်မှာ အမျိုးသားခေါင်းဆောင်ကြီး မြန်မာပြည်လွတ်လပ်ရေးအတွက် အသက်စွန့်သွားခဲ့ရသော ကိုအောင်ဆန်းဖြစ်ကြောင့် သိရသည်အပြင် အလံကို မူလအတိုင်းထားကိုင်ခြင်းသည် ၁၉၄၇ အလံဖြစ်ကြောင်းလည်း သဘောပေါက်မိသည်။ လူအုပ်ထဲတွင် ကျနော်သဘောကျမိသည်မှာ ကချင်လွယ်အိတ်ကလေးနှင့် ကျောင်းသားများပင်ဖြစ်သည်။ ငယ်ရွယ်သောမျက်နှာများဖြင့် နဖူး ခေါင်းစည်းထားပြီး လက်ပတ်အနီရောင်၊ ၀ါစိမ်းရောင် ပတ်ကာ လူအုပ်များကို ဦးဆောင်နေသည်ကို အားကျမိသည်။ ပြောနေသော အော်သံ၊ ဟစ်ကြွေးသံများကို မှတ်သားထားမိသည်မှာ ဒီအသက်အရွယ်ရောက်သည်တိုင်ပင်ဖြစ်သည်။ အသံတွေကတော့ “တပါတီ အလိုမရှိ ဒီမိုကရေစီ ချက်ချင်းပေး၊ မရရင်ချ ရရင်ချ၊ သားသတ်သမား စိန်လွင်” ဟု ဟစ်ကြွေးကာ ပျံ့လွင့်နေသည်မှာ ကျနော်ပင် စိတ်ဓာတ်တတ်ကြွလာသည်။

    ကြည်နေတုန်းမှာ ပင် ကျောင်းသားကြီး တယောက်က ကလေး ဘာလုပ်နေတာတုန်း၊ ဘာလိုချင်လဲ ဟု မေးတော့ ကျနော်က “ဒေမော်ခဝေကီ” လိုချင်တယ်လို့ မပီမသ ပြောလိုက်တယ်။ သူက သဘောကျပြီး သူ အဖော်တွေကို ဟေ ဒီမှာ ကလေးက ဒီမိုကရေစီတဲ့ လိုချင်တယ်တဲ့။ ကျနော်ကို ၀ိုင်းမြှောက်ပြီး ချီပိုးနေတယ်။ ကျနော်ကို အကိုကြီးနဲ့ လိုက်မလား သွားကြည်မယ် ကလေး လို့ပြောတော့ ကျနော်လည်း လိုက်သွားတယ်။ အိမ်က စိတ်မချလို အဖော်ပါ ထည့်ပေးလိုက်တယ်။ ဆူးလေနဲ့ မြို့တော်ခန်းမဆိုတာ နီးနီးလေးပါ။ လူကြီးတွေ စိတ်ပူတာလဲ သဘာဝကျပါတယ်။ အဲဒီမှာ လူအုပ်တွေကလည်း အများကြီး လူမျိုးဘာသာတောင် မရွေးဘူး။ အော်သံတွေကလည်း အတူတူဘဲ။ “’ဒီမိုကရေစီ ချက်ချင်းပေး”တဲ့။ လူအုပ်ကြီးနဲ့ မျက်နှာချင်းဆိုင်မှာ အစိမ်းရောင် ဖျော့ဖျော့လေး ဆင်တူဝတ်ထားတဲ့ သူတွေ အများကြီးဗျာ။ သူတို့မျက်နှာတွေကလည်း ရန်ဖြစ်တော့မယ် မျက်နှာအတိုင်းဘဲ။ ကိုင်ထားတာကလည်း ကျနော်ဆော့တဲ့ သေနတ်နဲ့ အတော်ကို တူတယ်ဗျာ။ ကျနော်သေနတ်ကတော့ အတော်သေးတယ်။ ထူးတာက ကျနော်သေနတ်မှာ ဓားမတပ်ထားဘူးဗျာ။ သူတို့ထဲက ပခုံးမှာ အစက်ကလေးနဲ့ သူက ထွက်လာပြီး ဘဲနှုတ်သီးလိုလို လန်နေတဲ့ဟာကို ပါးစပ်မှာ တေ့ထားပြီး ပြောပြောနေတယ်။ ဘာတွေပြောမှန်းတောင် မသိဘူး။

    ကျောင်းသားကြီးက ကျနော်ဆီကို လာပြီး ထပ်မေးတယ် ဘာကိုလိုချင်လဲ ဒီမိုကရေစီ နောက်ပြီး ချောကလက်ပေးလိုပြောတာဘဲ။ ကျောင်းသားကြီးက ဝေးဟေးဟေးလို လက်ခုပ် ဖြောင်းဖြောင်းတီးနေပြီး သူက မြေပဲအချိုတောင့် ပေးတော့ ကျနော်စားတယ်။ နောက်တော့ ကျနော် တသက် မမေ့နိုင်တဲ့ ဖြစ်ရပ်လေးက အဲဒီမှာ ဖြစ်ခဲ့ပါတယ်။ ကျနော်ကို မုန့်လေးပေးတဲ့အကိုကြီးက ပေးပြီး ခြေလှမ်း ၃၊ ၄လှမ်း လျှောက်တာ ဒီအချိန်မှာ စစ်တပ်က ပစ်လိုက်တာ မုန့်ကျွေးတယ် အကိုကြိးရဲ့ ရင်ဝကို မှန်ပြီးနေရာမှာတင်လဲသွားတယ်။ အဖြူရောင် အင်္ကျီပေါ်မှာ အနီရောင်တွေ တဖြည်းဖြည်း လွှမ်းလာသလို အကိုကြီးရဲ့ မျက်လုံးက ကျနော်ကို ကြည်နေပြီး လူအုပ်ကြီးက အလဲလဲ အကွဲကွဲဖြစ်ကာ ကျနော်ကို ချီပြီး ပြေးလာသလို ကျနော်အိမ်ကိုလည်းအရောက်ပို့ပေးတယ်။

    ကျနော်တောင် ကလေးပီပီ ငိုမိတယ်။ အကိုကြီးရဲ့ မျက်လုံးတွေက ပြောနေတာက ဘယ်တော့မှ မမေ့ပါနဲ့တဲ့။ ဘိုးဘွားများကို ကျနော်မေးမိတယ်။ သား သေနတ်က ပစ်လိုက်တိုင်း  ရောင်စုံမီးဆလိုက်တွေ ထွက်ပြီး ဟို အစိမ်းရောင်ဝတ်တဲ့သူက ပစ်လိုက်တာ သားကို မုန့်ပေးတဲ့ အကိုကြီး ရင်ဝမှာ အနီရောင်တွေထွက်လာတာ ဘာလို့လဲလို မေးတော့ ဘိုးဘွားတွေက ဘာမှမပြောနိုင်အောင် မျက်နှာမှာ စိတ်မကောင်းဖြစ်တဲ့အမူအရာကို မြင်ရသလို အကိုကြီးရဲ့လဲကျသွားတဲ့ပုံစံဟာ ဒဏ်ရာတခုလို့ ဒီအရွယ်ရောက်တဲ့အထိ ဘယ်လိုမှ မမေ့နိုင်ခဲ့ပါ။ ကျနော်ကဲ့သို့ ကြုံတွေ့ခဲ့ရသူများလည်း ကျနော်ကဲ့သို့ ဖြစ်မည်ကို ခံစားမိပါသည်။

    နိဂုံးချုပ်ဆိုရသော် ကျနော်သည် ထို့ကဲ့သို့သောဖြစ်ရပ်များ ထပ်မံပေါ်ပေါက်လာမည်ကို ကျနော်စိုးရိမ်မိသည်။ မည်သူကိုမျှလည်း မမုန်းသလို ကျနော်အား မုန့်ကျွေးခဲ့သော ကျောင်းသားကြီး၏ လဲကျနေသောပုံစံပေါင်းများစွာကို မမြင်တွေ့လိုတော့သလို နောက်မျိုးဆက်သစ်များကိုလည်း ဒဏ်ရာများ မပေးချင်သည်မှာ ကျနော်ရင်ထဲက ဆန္ဒပင်ဖြစ်သည်။

  • ကိုယ်ပိုင်ကျောင်းများနဲ့ မိဘတို့ရေ

    ကျော်ဆန်း

    သြဂုတ်၊ ၁၆၊ ၂၀၁၂

    ကိုယ်ပိုင်ကျောင်းများနဲ့ မိဘတို့ရေ

    ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေတစ်ရပ်ကို ၂၀၁၁ ဒီဇင်ဘာ (၂)ရက် နေ့က ပြဌာန်းပေးလိုက်တဲ့အတွက် ၀မ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။ ဒိလိုရှိသင့်တာ ကြာပြီလို့ယူဆထားတဲ့အတွက်ကြောင့်လည်း မျှော်လင့်ချက်တစ်ရပ်
    ပြည့်စုံသွားတယ်လို့ ဆိုနိုင်တယ်။ ပညာရေးဝန်ကြီးဌာက မူဝါဒနဲ့ သင်ရိုးတွေချမှတ်ပေးမယ်။ ကျောင်းတစ်ကျောင်းမှာ ရှိအပ်တဲ့ အရည်အသွေးတွေ ရှိမရှိ ကြီးကြပ်ပေးမယ်။ ကိုယ်ပိုင်ကျောင်းတွေက စည်းကမ်းနည်းလမ်းနဲ့အညီ သင်ကြမယ်ဆိုတော့ နိုင်ငံတော်မှာလည်း ၀န်ထုပ်ဝန်းပိုးလျော့သွားမှာ ဖြစ်သလို ကျောင်းတွေကလည်း အရည်အသွေးရော အဆင့်အတန်းမှာ ပြိုင်ကြရမှာ ဖြစ်လို့ အနာဂတ် ပညာရေးအတွက် အလားလာကောင်းတွေ ပေါ်ထွန်းလာမယ်လို့ မျှော်လင့်ရတာပါပဲ။ မိဘတွေအနေနဲ့လည်း ရွေးချယ်စရာတွေ ပေါ်ပေါက်သလို ကျောင်းသားတွေအနေနဲ့လည်း တစ်နေကုန်စာသင် ကျုရှင်တက်ဘ၀ကနေ လွတ်ကြတော့မှာပါလားဆိုပြီး ၀မ်းသာခဲ့ရတာပါ။ လက်တွေ့မှာတော့ အထင်နဲ့အမြင်က တစ်ထပ်တည်းမဟုတ်လေတော့ ၀မ်းသာရမှာလား ၀မ်းနည်းရမလားတောင် မဝေခွဲတတ်အောင် ဖြစ်နေပါပြီ။

    ကိုယ်ပိုင်ကျောင်းနဲ့ သင်ကြားရေးပုံစံ

    ကိုယ်ပိုင်ကျောင်းတွေမှာ အသုးံပြုရမဲ့သင်ရိုးက နိုင်ငံတော်က ပြဌာန်းပေးထားတဲ့ သင်ရိုးဖြစ်လို့ အစိုးရကျောင်းများနဲ့ အတူတူပါပဲ။ ဒါဖြင့် မိဘတွေက ငွေကုန်ကြေးကျခံပြီး ဘာကြောင့်ကိုယ်ပိုင်ကျောင်းကို အပ်ကြမှာလဲလို့ မေးစရာရှိပါတယ်။ အဓိကကတော့ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ သင်ကြားရေးပုံစံမှာ ကွားခြားမယ်၊ အစိုးရကျောင်းတွေထက် အများကြီး သာလွန်လိမ့်မယ်လို့ မျှော်လင့်ပြီး ကိုယ်ပိုင်ကျောင်းတွေမှာ အပ်ကြမှာပါ။ အပ်လည်းအပ်နေကြပါပြီ။ တစ်ချို့နာမည်ကြီးကျူရှင်တွေ၊ ဘော်ဒါတွေက ကိုယ်ပိုင်ကျောင်းအဖြစ် ပြောင်းလဲ မှတ်ပုံတင်လာကြတော့ မိဘများလည်း မျှော်လင့်တစ်ကြီး အထင်ကြီးတစ်ခွဲသားနဲ့ ကျောင်းလခတွေ အများကြီးပေးပြီး ကျောင်းအပ်ကြတာပေါ့။

    ကိုယ်ပိုင်ကျောင်းတွေက အခုမှထောင်ကြတာဆိုတော့ အဆောက်အဦးအသစ်တွေနဲ့ ဆေးရောင်တွေ စိုစိုပြေပြေနဲ့မို့ အထင်ကြီးစရာပါ။ ကျောင်းလခလည်း တန်အောင်ယူထားတော့ ဆရာ၊ဆရာမ တွေလည်း ငှားရမ်းနိုင်တဲ့ အင်အားရှိကြပါတယ်။

    အစိုးရကျောင်းတွေကတော့ အခမဲ့ နီးပါးဖြစ်တာကြောင့် နိုင်ငံတော်ကချပေးတဲ့ ဘတ်ဂျက်နဲ့ပဲ လုံလောက်အောင် သုးံစွဲကြရတာပါ။ အချို့သောကျောင်းတွေမှာ ဆရာ၊ ကျောင်းသား အချိုးမညီမျှတာတွေ ရှိကောင်းရှိပါမယ်။ ဒါပေမဲ့ အစိုးရကျောင်းမှာရှိတဲ့ ဆရာ၊ဆရာမတွေအားလုးံနီးပါးဟာ ပညာရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေကို တက်ရောက်ဆည်းပူး အောင်မြင်ထားကြသူတွေက များပါတယ်။ ကလေးတွေကို ဘာသင်ပေးရမယ်၊ ဘယ်လိုသင်ပေးရမယ်၊ ဘာကြောင့်သင်ရတယ် ဆိုတာတွေကိုလည်း လေ့လာတက်မြောက်ထားကြပါတယ်။

    ဒါဖြင့်ရင်ကျောင်းသားတွေ ဘာကြောင့် ကျူရှင်ယူနေကြရတာလည်း လို့မေးစရာရှိတယ်။ စောဒကတက်နိုင်ပါတယ်။

    ဒီအတွက် အရှင်းဆုံးနဲ့အတိကျဆုံး အဖြေပေးလို့ရပါတယ်။ နားမလည်မှုနဲ့ ဂုဏ်တုဂုဏ်ပြိုင်တွေကြောင့်လို့ပဲ ဖြေပါရစေ။
    ပုဂ္ဂုလိက ကျောင်းတွေမှာ အပ်ထားတဲ့ မိဘများနဲ့ ကျောင်းသား ကျောင်းသူတွေကို သင်ကြားရေးမှာ ဘာတွေများထူးခြား သွားပြီးလဲလို့ မေးကြည့်ချင်ပါတယ်။ လေ့လာကြည့် မိသလောက်တော့ ဘာဆိုဘာမှ မထူးခြားပါဘူး။
    ပုဂ္ဂလိကကျောင်းတွေမှာလည်း အမည်ခံ လက်တွေ့ စာသင်ခန်းတွေရှိပါတယ်။ ဘာတွေများ လက်တွေ့ သင်ပြနေပြီလဲ။ အလွတ်ကျက်၊ စာအံဆိုတဲ့ ပုံစံထက် ဘာများပိုပြီး ထူးခြားသွားပါပြီလဲ။ ကျောင်းသားတွေရဲ့ နားလည်မှု ၊ ဖန်တီးတတ်မှု၊ လက်တွေ့ဆောင်ရွက်တတ်မှုအတွက် ဘာတွေများ သင်ပေးနေပါပြီလဲ။

    နာမည်ကြီးပုဂ္ဂလိက ကျောင်းတစ်ခုခုက ကျောင်းသားတွေကို လေ့လာကြည့်လိုက်စမ်းပါ။ တစ်နေ့တစ်နေ့ စာကျက်စရာ 4/5 ပုဒ် ပါလာတာ တွေ့ရပါလိမ့်မယ်။ ကျောင်းမှာ သိပ္ပံလက်တွေ့ချိန် ဘာလုပ်ရသလဲမေးကြည့်တော့ ပြိုင်ရတယ်လို့ ဖြေပါတယ်။ ၀မ်းသာစရာပါ။ ဘာပြိုင်ရတာလဲ မေးကြည့်တော့ ယောက်ျားလေးနဲ့မိန်းကလေး စာအလွတ်ရွတ်တာ ပြိုင်ရတာတဲ့။ ၀မ်းသာမိစောလေခြင်းလို့ နောင်တရ လိုက်မိပါတယ်။
    ပထ၀ီကို အလွတ်ကျက်မှတ်နေလို့ ကမ္ဘာလုံးပုံကြီးရှေ့ချပေးပြီး မေးကြည့်ပါတယ်။ ဘယ်နေရာ၊ ဘယ်ဒေသဘာဆိုတာ ကမ္ဘာ့မြေပုံပေါ်မှာကြည့်ပြီး ဖြေကြားနိုင်စွမ်း မရှိပါ။ ကြက်တူရွေးလို နှုတ်တိုက်ချ၊ အလွတ်ကျက်၊ ပြန်ဆို ဆိုတဲ့သင်ကြားမှုထက် ဘာတစ်ခုမှ ပိုလာတာကို မတွေ့ရပါ။

    နားမလည်မှုနဲ့ ဂုဏ်ပြိုင်မှု

    မိဘများကို မေးချင်ပါတယ်။ မနက်လင်းကနေ ညနေ မိုးချုပ်တဲ့ထိ ကလေးတွေကို ဘာကြောင့်များ စာသင်ခန်းတွေထဲ ထည့်ထားချင်ရတာပါလဲ။ အိမ်မှာ စောင့်ရှောက်မယ့်လူ မရှိလို့လား။ ဒါမှမဟုတ် ဒီလိုတစ်နေကုန်သင်မှ ပညာတတ်ကြီး ဖြစ်လာမယ်လို့ထင်လို့လား။ မိမိရှေ့ကလူတွေ၊ မိမိနဲ့ခေတ်ပြိုင်တွေကို နှိုင်းယှဉ်ကြည့်စမ်းပါ။ ကမ္ဘာတစ်လွှားခေါင်းပြူကြည့်စမ်းပါ။ ဘယ်သူတွေ ဘာကြောင့် တိုးတက်အောင်မြင် နေသလဲ နားလည်အောင် ကြည့်ကြစေချင်ပါတယ်။

    ကျောင်းစာသင်ခန်းထဲမှာ အမှတ်(၁၀၀)ရရုံနဲ့ လူ့လောကကြီးထဲမှာ ဘာမှဖြစ်မလာနိုင်ပါဘူး။ လူဆိုတာ မွေးကတည်းက ချိနဲ့စွာ မွေးဖွားလာတာပါ။ ရုပ်ပိုင်း၊ အသိပိုင်း၊ ညဏ်ရည်ပိုင်းဘာသာစကားပိုင်း ချိနဲ့စွာ မွေးဖွားလာတဲ့အတွက် အကူအညီလိုအပ်ပါတယ်။ ဒါတွေကို ဖွံ့ဖြိုးလာအောင် အကူအညီပြုတာကို ပညာရေးလို့ခေါ်တာပါ။ စာသင်ခန်းမှာရော အိမ်မှာပါ စာတွေကို အလွတ်အော်ကျက်နေတာ ပညာရေး မဟုတ်ပါဘူး။
    a
    ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာအောင် ဘယ်လိုတည်ဆောက်ရမယ်။ လူမှုပေါင်းသင်းဆက်ဆံရေး ဘယ်လို ဖွံ့ဖြိုးအောင် လုပ်ရမယ်။ အချင်းချင်းဆက်သွယ်ဖို့ ဘာသာစကားဖွံ့ဖြိုးအောင် ဘယ်လိုလေ့ကျင့်ရမယ်။ တွေးတတ်၊ ခေါ်တတ်၊ တီထွင်ဖန်တီးတတ်ဖို့အတွက် ညဏ်ရည်ဖွံ့ဖြိုးအောင် ဘယ်လိုလေ့ကျင့်ပျိုးထောင် ရမယ်ဆိုတာ ပညာရေးပါ။ ဒီလိုအခြေခံကောင်းတွေ ရနိုင်မယ့်နေရာတွေကိုသာ မိမိရဲ့သားသမီးတွေကို အပ်နှံ သင်ယူစေသင့်တယ်။ ပြောင်ပြောင်မြင်တိုင်း ရွှေထင်နေရင်တော့ ငွေနဲ့အချိန်တွေပဲ ကုန်သွားရမှာပါ။

    မိဘတွေကို နောက်ထပ်မေးချင်တဲ့ မေးခွန်းတစ်ခုရှိပါသေးတယ်။ မိမိသားသမီးတွေကို ပုဂ္ဂလိကကျောင်းတွေမှာ အပ်နှံလို့ ကုန်ရတဲ့ငွေကြေးပမာဏရဲ့ တစ်ဝက်လောက်ကိုများ အစိုးရကျောင်းတွေမှာ အကုန်ခံဘူးပါသလား ဆိုတာကိုပါ။ အစိုးရကျောင်းများရဲ့ပညာရေး တိုးတက်ကောင်းမွန်ဖို့အတွက် ဘယ်လောက်များ ပံ့ပိုးပေးခဲ့ဘူးသလဲဆိုတာ ပြန်ဆန်းစစ်ကြည့်စေချင်ပါတယ်။ ကျောင်းတွေကို မကောင်းဘူးလို့ အပြစ်ပြောနေမဲ့အစား တတ်နိုင်တဲ့ဘက်က ပါဝင်ပံ့ပိုးပေးရင် ကျောင်းတွေကို ရွှေချထားနိုင်မယ်လို့တောင် ထင်မိပါတယ်။

    ကလေးတွေကို ကျူရှင်ပို့ကြတဲ့ အခြားအကြောင်းတစ်ရပ်ကတော့ ဂုဏ်တုဂုဏ်ပြိုင်ကိစ္စပါ။ မိဘချင်း၊ ကလေးချင်းတွေ့ဆုံတဲ့အခါ ဘယ်ကျောင်းမှာနေတယ်၊ ဘယ်လောက်တောင်ပေးရတယ်ဆိုတာ အပြိုင်ပြောပြီး ဂုဏ်ယူကြတာပါ။ ကျူရှင်မတက်နိုင်ရင် မျက်နှာငယ်တယ်လို့ ထင်ကြတဲ့ အခြေအနေပါ။ အိမ်မှာ ဘယ်ဆရာခေါ်သင်တယ်၊ တစ်လ ဘယ်လောက်ပေးရတယ် ဆိုတာလည်း ကြွားလုံးတစ်ခုပါပဲ။
    ဒီလိုပြောနေခြင်းက အပြစ်တင်လိုခြင်း မဟုတ်ပါ။ ပြန်လည်စဉ်းစားစေလိုတဲ့ စေတနာကြောင့်ပါ။

    ကလေးတွေပျော်ပျော်ရွှင်ရွှင် ဆော့ကစားပြီး၊ အေးအေးချမ်းချမ်းသင်ယူကာ၊ မိသားစုနဲ့ နွေးနွေးထွေးထွေး နေစေချင်တဲ့ စေတနာကြောင့်ပါ။
    ပညာရေးပြောင်းလဲတယ်ဆိုတဲ့ နေရာမှာ မိဘများကလည်း အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။ မိဘတွေကိုယ်တိုင်က ဘယ်ဟာအကောင်း/ ဘယ်ဟာအညံ့ဆိုတာ မခွဲခြားနိုင်ရင် သားသမီးတွေအတွက် ဘာတွေမှ ပြောင်းလဲလာမှာမဟုတ်ကြောင်း အသိပေးလိုက်ပါရစေ။

     

    စာရေးသူ ဦးကျော်ဆန်း၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။