News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • သမိုင်းဖွဲ့ သတင်း

    သမိုင်းဖွဲ့ သတင်း

    သန်းမင်းထိုက် (မြန်မာစာ)
    သတင်းစာတွေဟာ သမိုင်းကိုပြောသတဲ့။ သမိုင်းဟာ တည်ဆောက်ပြီးသား အဆောက်အအုံတစ်ခုဆိုရင် သတင်းစာတွေဟာ စီနေဆဲ အုတ်ချပ်တွေဖြစ်တယ်။

    သမိုင်းမှာ အတုယူစရာတွေလည်း ပါတယ်။ သံဝေဂရစရာ တွေလည်းပါတယ်။ “သတင်း”ဆိုတာမှာလည်း ဒီနှစ်ခုစလုံးပါလေရဲ့။
    ဒါပေမယ့် သတင်းစာဟာ ခေတ်ပြိုင်အသံဖြစ်တယ်။ သမိုင်းဆိုတာကတော့ အတိတ်ရဲ့ ပဲ့တင်သံပဲဖြစ်တယ်။

    ခေတ်ပြိုင်အသံဟာ စိတ်လှုပ်ရှားမှုကို ပိုပြီးဖြစ်စေတယ်။ ညှို့ဓာတ် ပိုကဲတယ်။ စာနာထိုက်တာကို ဖတ်ရ၊ကြားရရင် ကရုဏာ စိတ်ကိုဖြစ်စေတယ်။ ၀မ်းသာစရာကို ဖတ်ရ၊ ကြားရရင် ကြည်နူးစိတ်ကို ဖြစ်စေတယ်။ ၀မ်းနည်းစရာကို ဖတ်ရ၊ကြားရရင် ကြေကွဲစိတ် ကိုဖြစ်စေတယ်။ သတင်းဟာ လူ့စိတ်ကို ထိလွယ် ခိုက်လွယ်စေတယ်။ ဒါကြောင့် သတင်းမီဒီယာမှာ စွမ်းအင်ထူး ရှိတယ်။

    ဘယ်စွမ်းအင်ပဲဖြစ်ဖြစ် အပြုအတွက်သုံးနိုင်သလို အပျက်အတွက်လည်း သုံးနိုင်တယ်။ အနောက်တိုင်း မီဒီယာတွေမှာ တစ်ခါတစ်ခါ ဒီလိုစွမ်းအင်တလွဲအသုံးချမှုတွေရှိတယ်။ မရိုးသားတဲ့ သတင်းတိုက်ပွဲတွေကို ဆင်လေ့ရှိတယ်။

    မိန်းမပျိုကို အသက်အန္တရာယ်ပြုနေတဲ့ခွေးကို လုံးထွေးသတ်ပုတ် သုတ်သင်လိုက်တဲ့ လူငယ်အတွက် အမေရိကန်ရဲက ချီးကျူးစကားအပြင် မနက်ဖြန်သတင်းစာထဲမှာ “ရဲရင့်တဲ့ အမေရိကန်လူငယ်လေး တစ်ဦးက မိန်းမပျိုရဲ့အသက်ကို ကယ်တင်လိုက်ခြင်း”ဆိုတဲ့ သတင်းကို ဖတ်ရစေ့မယ်လို့ပါ သတင်းကောင်းပါးလိုက်သေးတယ်။ ဒါပေမယ့် လူငယ်လေးက သူဟာ အမေရိကန်နိုင်ငံသား မဟုတ်ပါဘူး၊ ဆော်ဒီ နိုင်ငံသားပါလို့ ပြောလိုက်တော့ နောက်နေ့မနက်သတင်းစာမှာ ပါလာတာက “အပြစ်မဲ့တဲ့ အမေရိကန်ခွေးတစ်ကောင်ကို အစ္စလာမစ် အကြမ်းဖက်တစ်ဦးက သတ်ပစ်လိုက်ခြင်း” တဲ့။

    ဒါဟာ ရယ်မောစရာ ပြက်လုံးတစ်ခုအဖြစ် ရေးထားတာပါ။ ဒါပေမယ့် ရယ်စရာရဲ့ နောက်ကွယ်မှာ မောစရာပါနေတာကိုတော့ သတိပြုစေချင်ပါတယ်။ ဒါဟာ တကယ့်ဖြစ်ရပ်မှန် မဟုတ်ပေမယ့် တကယ့်ဖြစ်ရပ်မှန်ပေါင်းများစွာရဲ့ ပုံရိပ်စစ်ဖြစ်ပါတယ်။ “အပြစ်မဲ့” “အကြမ်းဖက်”ဆိုတဲ့ စကားလုံးလေးတွေကို အလိုက်သင့် လိုတိုး ပိုလျှော့လုပ်သွားရုံနဲ့ လိုရာဆွဲ အနက်ဖော်ဆောင်ပြီးသား ဖြစ်သွား ပါတယ်။

    အပြစ်မဲ့ အသတ်ခံရသူတွေကို လူတွေက သနားရမယ့်အစား သေတာတောင် နည်းသေးတယ်ဆိုတာမျိုး ရွံရှာမုန်းတီးသွားစေပြီး လူသတ်ကောင်တွေကိုကျတော့ ကမ္ဘာကြီးရဲ့ အမှိုက်သရိုက်တွေကို ရှင်းပေးနေတဲ့ လောကအလှဆင်သူတွေအဖြစ် ပြောင်းပြန်ဇောက်ထိုး အကဲဖြတ်အမှတ်ပေးမိကြအောင်လည်း မီဒီယာတွေက မျက်လှည့်ပြ တတ်ကြပါတယ်။

    သတင်းမှားတွေဟာ သမိုင်းမှားတွေကို တည်ဆောက်ပေး ပါတယ်။ အစ္စလာမ်သာသနာနဲ့ မွတ်စလင်တွေအပေါ် ကမ္ဘာ့မီဒီယာရဲ့ တစ်ဖက်စောင်းနင်း သတင်းမှားလွှင့်မှုတွေက အင်နဲ့အားနဲ့ ရှိလှပါတယ်။ ကိုယ့်သမိုင်းကို ကိုယ်သာ ကာကွယ်ကြရပါလိမ့်မယ်။


  • အကြမ်းဖက်သမားအများစုဟာ အစ္စလာမ္မစ်တွေဆိုတာ မဟုတ်မှန်

    အကြမ်းဖက်သမားအများစုဟာ အစ္စလာမ္မစ်တွေဆိုတာ မဟုတ်မှန်

    99.6 % အကြမ်းဖက်သမားဟာ အစ္စလာမ္မစ် မဟုတ်ကြောင်း ဥရောပရဲတပ်ဖွဲ့   (Europol) ထောက်ပြ 

    ဖိုးသောကြာ
    သြဂုတ် ၁၅၊ ၂၀၁၂

     

    “မွတ်ဆလင်အားလုံးဟာအကြမ်းဖက်သမားမဟုတ်၊ သို့သော် အကြမ်းဖက်သမားအများစုဟာ မွတ်ဆလင်တွေဖြစ်တယ်” ဆိုတဲ့လက်သုံးစကားဟာ အစ္စလာမ်ဘာသာဝင်တွေကို မုန်းတီးသူတွေ သုံးနေကြ ပေါ်ပြူလာစကားလုံးပေါ့။ ရှင်းရှင်းလင်းလင်းပြောရရင်တော့ ဒါဟာ အချက်အလက်တွေအပေါ်တကယ်အခြေခံပြီး ပြောကြားတာနေမဟုတ်ပါဘူး။ FBI ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ US မှာဖြစ်တဲ့ အကြမ်းဖက်မှုတွေမှာ ၉၄%သောအကြမ်းဖက်သူတွေမှအပ ကျန်သူတွေသာ မွတ်ဆလင်တွေဖြစ်ကြပါတယ်တဲ့။ အမေရိကန်မြေပေါ်မှာ ဖြစ်ပွါးခဲ့တဲ့ အကြမ်း ဖက်မှုတွေကို  ၁၉၈၀မှ ၂၀၀၅ အထိမှတ်တမ်းပြုစုဖော်ပြချက်တွေအရ  ၆ ရာခိုင်နှုန်းသော အကြမ်းဖက်လုပ်ရပ်တွေသာ မွတ်ဆလင်တွေနဲ့  သက်ဆိုင်ပါတယ်။ ကျန်တဲ့ ၉၄% ထဲမှာတော့ ၄၂% ကို လက်တင်အမေရိကသားတွေ၊ ၂၄% ကိုလက်ဝဲအစွန်းရောက်အဖွဲ့ဝင်တွေ၊ ၇% ကို ဂျူးအစွန်းရောက်တွေ၊ ၅% ကိုကွန်မြူနစ်တွေနှင့် ၁၆% ကိုတော့ အခြားအဖွဲ့တွေကျူးလွန်တာလို့ ခွဲထုတ်နိုင်ပါတယ်။

    တစ်ဖက်ကိုကြည့်ကြည့်ကြရအောင်။ ဥရောပရဲတပ်ဖွဲ့ ဖြစ်တဲ့ ယူရိုပိုလ် (Europol) တရားဝင်ဝဘ်ဆိုက်မှ နှစ်စဉ်ထုတ်ပြန်နေတဲ့ ဥရောပအကြမ်းဖက်မှုအနေအထားနဲ့ ဖြစ်စဉ် အစီရင်ခံစာတွေကို ၂၀၀၇၀၈၀၉ နှစ်အလိုက်ထုတ်ပြန်တာကို လေ့လာရင်လည်း အကြမ်းဖက်သမားအများစုက မွတ်ဆလင်တွေပါလို့ အထောက်အပံ့ဖြစ် တဲ့အနေအထားမရှိပါဘူး။ တစ်စုံတစ်ယောက်က ၂၀၀၇ ထက်အရင် ရီပို့ထ်တွေကို ရှာဖွေနိုင်မယ်ဆိုရင် လေ့လာချက်ထဲမှာထည့်သွင်းဖော်ပြနိုင်အောင် ပေးပို့နိုင်ပါတယ်။

    အထက်ပါရလဒ်တွေက ဘယ်လိုနည်းနဲ့မှ အကြမ်းဖက်သမားအများစုဟာ မွတ်ဆလင်တွေပါလို့ အထောက်အပံ့မဖြစ်ပါ။ အချက်အလက်တွေကိုအနှစ်ချုပ်လိုက်ရင် ဥရောပမှာဖြစ်ပွါးခဲ့တဲ့ ၉၉.၆%သောအကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကို မွတ်ဆလင်မဟုတ်သူတွေက ကျူးလွန်ခဲ့တာဖြစ်ပြီး ၈၄.၈%သောတိုက်ခိုက်မှုတွေကို ခွဲထွက်ရေးအုပ်စုတွေက ကျူးလွန်တာဖြစ်ပါတယ်။ လက်ဝဲဝါဒီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာဆိုရင် အစ္စလာမ္မစ်အုပ်စု တွေထက် ၁၆ဆပိုများနေပါသေးတယ်။ ၂၀၀၆ ကနေ ၂၀၀၈ အထိ တိုက်ခိုက်ခံရမှုတွေမှာ ၀.၄%သာ အစွန်းရောက်မွတ်ဆလင်တွေပြုလုပ်ခဲ့တာလို့ သတ်မှတ်နိုင်ပါတယ်။

    ဥရောပမှာ ဖြစ်ပွါးတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဆိုင်ရာ တရားဝင်စာရင်း ဇယားတွေကို အောက်မှာဆက်လက်ဖော်ပြထားပါတယ်။

    ၂၀၀၆ခုနှစ်စာရင်းဇယား

    ၂၀၀၇ခုနှစ်စာရင်းဇယား

    ၂၀၀၈ခုနှစ်စာရင်းဇယား

    ရီပို့ထ်အရ ၂၀၀၈ခုနှစ်အတွင်းမှာ UK နိုင်ငံအတွင်းမှာ အစ္စလာမ္မစ်တိုက်ခိုက်မှုတစ်ခုရှိတာကို အပေါ်က ၂၀၀၈ခုနှစ်စာရင်းဇယားမှာ ထည့်သွင်းမဖော်ပြထားပေမဲ့ အောက်က ဘားဂရပ်(ဖ)မှာတော့ ထည့်သွင်းတွက်ချက်ဖော်ပြထားပါတယ်။

    အပေါ်က စာရင်းဇယားတွေကို ကြည့်လိုက်တာနဲ့ အကြမ်းသမားအများစုဟာ မွတ်ဆလင်တွေပါလို့ ဝါဒဖြန့်နေတာတွေဟာ ယုတ္တိမတန်ဘူးဆိုတာ လွယ်လွယ်ကူကူကောက်ချက်ချနိုင်ပါတယ်။ ဒါဟာအမှန်တရားစစ်စစ်ပဲဖြစ်ပါတယ်။

    အထက်ပါ ဒေတာတွေကို စုစည်းပြီး ၂၀၀၆ခုနှစ်မှ ၂၀၀၈ခုနှစ်အထိ ဥရောပနိုင်ငံတွေမှာ ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို သက်ဆိုင်ရာဂရုပ်အလိုက် ခွဲထုတ်ဖော်ပြချက်ဘားဂရပ်(ဖ)ပါ။

    ၂၀၀၉ခုနှစ်ယူရိုပိုလ်ရီပို့ထ် စာမျက်နှာ(၇)မှာ အောက်ပါအတိုင်းအနှစ်ချုပ်ထားပါတယ်။

    အစ္စလာမ္မစ်အကြမ်းဖက်တွေဟာ ကမ္ဘာနဲ့အဝှမ်းမှာအကြီးအကျယ်ဖြစ်ပွါးနေတယ်ဆိုသော်လည်း အချက်အလက်တွေအရတော့ EU အနေနဲ့ ၂၀၀၈ခုနှစ်အတွင်းမှာ UK မှာဗုံးခွဲတိုက်ခိုက်မှု တစ်ကြိမ်သာတိုက်ခိုက်ခံခဲ့ရပါတယ်။ ခွဲထွက်ရေးအကြမ်းဖက်သမားတွေသာ ဥရောပတစ်လွှားမှာ အဓိကအကြမ်းဖက်သူတွေဖြစ်ပါတယ်။ အဓိကအကြမ်းဖက်သမားတွေကတော့ စပိန်နှင့်ဖရန့်စ်က ဘက်စ်ခွဲထွက်ရေးသမားများ၊ ဖရန့်စ်မှ ကော်ဆီကန်ခွဲထွက်ရေးသမားများဖြစ်ပါတယ်။ ETA(ဘက်စ်ခွဲထွက်ရေးသမားများ) နှင့် FARC(ကိုလံဘီယာခွဲထွက်ရေးသမားများ) ကြားက ဆက်ဆံရေးအနေထားတွေက အီးယူအတွင်းက ခွဲထွက်ရေးသမားတွေဟာ အီးယူပြင်ပမှာ မိတ်ဆွေအဖွဲ့အစည်းတွေနဲ့ ပေါင်းကူးဆက်ဆံမှုပြုလုပ်ရှာဖွေပါတယ်။ UK မှာတော့ အိုင်းရစ်ရှ်ခွဲထွက်ရေးသမားတွေဖြစ်တဲ့ RIRA နဲ့ CIRA တို့ဟာ အခြားလက်နက်ကိုင်အဖွဲ့တွေဟာ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေကြူးလွန်လျှက်ရှိနေပါတယ်။

    ဒီကနေ့ လက်ယာအစွန်းရောက်တွေရဲ့ လွှမ်းမိုးမှုဝါဒဖြန့်မှုတွေကြောင့် လူအများစုက အစ္စလာမ္မစ်အကြမ်းဖက်သမားဆိုသည်မှာ အနောက်ကမ္ဘာကို အဓိကခြိမ်းခြောက်နေသော အကြမ်းဖက်သမားများအဖြစ်အမြင်ရောက်နေကြတယ်။ တကယ်တမ်းကျတော့ အနောက်ကမ္ဘာက အစ္စလာမ္မစ်ကြမ်းဖက်သမားဆိုတာထက် တခြားသောအဖွဲ့အစည်းတွေက အကြမ်းဖက်မှုတွေပိုပြီးလုပ်ဆောင်နေကြပြီး အစ္စလာမ္မစ်တွေထက် အဆပေါင်းများစွာ ပိုမိုလုပ်ဆောင်နေကြတာပါ။ ဒါကို အခြားအဖွဲ့တွေရဲ့ အကြမ်းဖက်မှုကို မျက်ကွယ်ပြုပြီး အစ္စလာမ္မစ်တွေကို ပိုပြီးအာရုံစိုက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဝါဒဖြန့်နေကြတာဖြစ်ပါတယ်။ ဒါမှလည်း အကြမ်းဖက်သမားအများစုဟာ မွတ်ဆလင်တွေဆိုတဲ့ အနေအထားမျိုး ပြောလို့ဆိုလို့ကောင်းမှာဖြစ်ပါတယ်။

    ဒါ့ကြောင့် US မှာအကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ၆% ဥရောပမှာဆိုရင်တော့ တစ်ရာခိုင်နှုံးရဲ့တစ်ဝက်တောင်မပြည့်တဲ့ အစ္စလာမ္မ္မစ်တွေရဲ့ တိုက်ခိုက်မှုတွေကို မတော်မတရားပုံကြီးချဲ့ပြီး လူထုကိုကြောက်လန့်အောင် ခြောက်လှန့်ပြီး မလိုလားအပ်တဲ့ အကြောက်တရားတွေ ဖြန့်ဝေနေတာဟာ လုံးဝကိုမဖြစ်သင့်တဲ့ကိစ္စတစ်ခုဖြစ်ပြီး လူထုအနေနဲ့လည်း ဒါကိုထုတ်ဖော်ပြီး ပကတိအခြေအနေမှန်ကို သဘောပေါက်နားလည်ရန်ကြိုးစားသင့်ပါတယ်။

    တကယ်တော့ အနောက်ဥရောပရဲ့ လူနည်းစုဖြစ်တဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ်မှာ အကြမ်းဖက်သမားဆိုတဲ့ ခေါင်းစဉ်တစ်ခုတင်ပြီး ဘာသာကွဲတွေရဲ့ အထင်အမြင်လွဲမှားမှု၊ အကြောက်တရားတိုးပွါးမှုနဲ့ ထိရှလွယ်မှုတွေတိုးပွါးစေရုံသက်သက်ပဲဖြစ်ပွါးစေတာပါ။ အစ္စလာမ်ဘာသာဝင်တွေဘက်ကလည်း အဲ့ဒီလိုမျိုး ရူးနှမ်းနှမ်းနဲ့ မဟုတ်မမှန်စွတ်စွဲပြောကြားချက်တွေအပေါ်မှာ အချက်အလက်အမှန်တွေနဲ့ အဖြစ်မှန်တွေကိုအခြေခံပြီး ပြန်လည်ချေပပြောဆိုသင့်ပါတယ်။

     ကိုးကား – Europol Report: All Terrorists are Muslims…Except the 99.6% that Aren’t

  • ဒီလိုနဲ့ပဲ အိန္ဒိယတောင်ပိုင်းသားလို့ နာမည်တပ်ဦးမှာလား ….. ။

    ပသီဝိုင်းဝတ်ရည်မြင့်

    သမိုင်းမှန်ကို တကယ်ပဲ မသိကြတာလား၊ နားမလည်ကြတာလား …… ?

    ကျွန်မတို့အမိမြန်မာနိုင်ငံကြီးမှာ ဘာသာရေးလွတ်လပ်ခွင့်ရှိတယ်ဆိုပေမယ့်၊ ကိုယ်လက်ခံယုံကြည်တဲ့ ဘာသာတရားကို ဖိနှိပ်ချုပ်ချယ်နေတာတွေကိုလည်း တွေ့မြင်နေရတယ်။ စာလေးတစ်ပုဒ်ဖတ်ပြီးအဲဒီစာလေးမှာ ကျွန်မ ရင်ထဲက ခံစားချက်ကို ချရေးလိုက်တော့ စာတစ်ပုဒ်ဖြစ်သွားတယ်။

    ကျွန်မတို့ရဲ့ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင် တွေဟာ မြန်မာနိုင်ငံမှာမွေး မြန်မာနိုင်ငံမှာ ကြီးပြင်းလာခဲ့တဲ့ တိုင်းရင်းသားစစ်စစ်တွေပါ။ မြန်မာရှင်ဘုရင်တွေလက်ထက်ကတည်းက ဘုရင့်သစ္စာခံ မင်းမှုထမ်းတွေပါ။ ဘုရင်ကိုယ်တိုင်နှစ်သက်ကြည်ဖြူလို့ သူ့ရဲ့ စားတော်ကဲအဖြစ် ခန့်ခံခဲ့ရသူ၊ သူကြွယ်အဖြစ်သတ်မှတ်ပေးခဲ့ပြီး သူကြွယ်မင်းလို့နာမည်တပ်ခံရသူတွေပါ ဘယ်နိုင်ငံမှ ရောက်လာပြီးနေခဲ့ကြသူတွေလည်းမဟုတ်ပါဘူး။ ခေတ်အဆက်ဆက် ပသီလို့ အသိအမှတ်ပြုခံခဲ့ရသူတွေပါ။ မြန်မာ့နိုင်ငံသမိုင်းကြောင်းတလျှောက်လုံးမှာ လွတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းခဲ့သူ၊ လွတ်လပ်ရေးရပြီးအချိန်တွေမှာလည်း နိုင်ငံတိုးတက်ဖို့ အများနဲ့တန်းတူ သက်စွန့်စံဖျားကြိုးပမ်းခဲ့ကြသူတွေပါ။

    အဲလိုနေခဲ့သူတွေရဲ့ သားစဉ်မြေးဆက်ဖြစ်လာတဲ့ ကျွန်မတို့မှာတော့ မှတ်ပုံတင်လုပ်တဲ့အခါမှာ ကိုယ့်ဆွေမျိုးသားချင်းထဲမှာ တစ်ယောက်မှ မရှိတဲ့ အိန္ဒိယဆိုတဲ့ ဂုဏ်ပုဒ်ကို တပ်ခံရတယ်။ တော်တော်တော့ ရင်နာမိတယ်။  

    အိမ်ထောင်စုဇယား၊ မှတ်ပုံတင် ၁၀-နှစ်ကတ်၊ ၂၀၁၀-မဲပေးဖို့ထုတ်ပေးတဲ့ ကတ်မှာ လူမျိုးက ပသီပဲဗျ။ ၁၈-နှစ်နောက်ပိုင်းမှတ်ပုံတင်လဲတော့ အစ္စလာမ်ဘာသာဝင်ဖြစ်တာနဲ့ လူမျိုးနေရာမှာ အိန္ဒိယ+ဗမာ၊ ပါကစ္စတန်+ဗမာ၊ ဘင်္ဂလားဒေ့ရှ်+ဗမာ စတာတွေကို ထည့်တော့တာပဲ။ ပသီလို့ လုံးဝမပေးတာကြောင့် ၄-၅ ခါထက် မနည်း မှတ်ပုံတင် ပြန်လုပ်ခဲ့ဖူးတယ် မှတ်ပုံတင်တစ်ခါလုပ်ရင် ဖြည့်ရတဲ့ Form တွေကလည်း သိတဲ့အတိုင်းပဲ။  အဲဒါ နောက်ဆုံးတစ်ခေါက်မှာတော့ လ၀ကနဲ့ အကြီးအကျယ် ပြဿနာဖြစ်ပါတယ်။ တိုင်းရင်းသားဖြစ်ကြောင်း အထောက်အထား စာအုပ်မျိုးစုံ (ကိုယ့်ဘက် သူ့ဘက်က ထုတ်ထားတဲ့ စာအုပ်တွေ)ကို ယူသွားပြီး အပိုင်အနိုင်ပြောသော်လည်း ကျွန်မတို့က အဲဒါတွေ နားမလည်ပါဘူး။ အထက်က ပြောတာကိုပဲ လုပ်ရတာပါတဲ့။  နောက်တော့ ပတ်စ်ပို့စ်လုပ်တဲ့အချိန်မှာ ၁၀-နှစ်ကတ်နဲ့လုပ်ပါတယ်။ ချလံထွက်ခါနီးမှာ ပြဿနာတွေ မျိုးစုံတက်ပြီး ငွေကုန်လူပန်းပြီး ပတ်စ်ပို့စ်လည်း မရခဲ့တော့ပါဘူး။ ဒါနဲ့ ပသီမရရင် မှတ်ပုံတင်မယူဘူးဆိုပြီး ကျွန်တော် အသက်(၃၀)ကျော်အထိ ၁၀-နှစ်ကတ်နဲ့ပဲ နေခဲ့ပါတယ်။ ဒီလိုနဲ့နေလာရင်း ခရီးသွားရတာတွေများလာတာတော့ လမ်းမှာ မှတ်ပုံတင်ဆင်းပြရတိုင်း ၁၀-နှစ်ကတ်ပဲဖြစ်နေပြီး ဘာသာက မွတ်စလင်မ်ဖြစ်နေတဲ့အတွက်  ၁၀-နှစ်ကတ်ကို အခုအချိန်ထိ မလဲလို့ဆိုပြီး ခဏခဏ ပြဿနာဖြေရှင်းရပါတယ်။

    အဲဒါနဲ့ မှတ်ပုံတင်လဲမှဖြစ်တော့မယ်ဆိုပြီး ၁၈-နှစ်ပြည့် မှတ်ပုံတင်ပြန်လုပ်ပါတယ်။ အဲဒီမှာလည်း အပေါ်မှာပြောခဲ့သလို လ၀ကနဲ့ ခဏခဏ စကားပြောရပါတယ်။ နှစ်ဘက် အဖိုးအဖွားတွေရဲ့ မှတ်ပုံတင်တွေ၊ မျိုးရိုးစဉ်ဆက်တွေကို အထောက်အထားခိုင်လုံစွာတင်ပြနိုင်တယ်။ ကျွန်မအမေက ရန်ကုန်မွေးဖွားကြီးပြင်းလာသူဖြစ်တော့ အမေနဲ့ အဖိုးအဖွား တွေရဲ့ case file ကို ရန်ကုန်မှာပြန်ယူခိုင်းတယ်။ ကျွန်မတို့ယူပေးနိုင်ခဲ့တယ်။ နောက် အဖေဘက်က case file ကိုကျတော့ မန္တလေး မြို့နယ်လ၀ကရုံးက ရှာလို့မတွေ့သေးဘူးလို့ပြောလာတယ်။ ဒါနဲ့ ကျွန်မတို့လက်ထဲမှာ case file တွေကို copy ကူးထားတာရှိနေလို့ ပေးတာတောင် မရဘူး ရုံးမှာရှာနေဆဲဆိုပြီး လပေါင်း တော်တော်ကြာကြာ အချိန်ဆွဲထားခဲ့တယ်။ တချို့ကလည်းပြောတယ် ပိုက်ဆံပေးလိုက်ကွာတဲ့ ကျွန်မတို့ လုံးဝမပေးပါဘူး။ မှတ်ပုံတင်လုပ်လို့ တရားဝင် ကုန်ကျငွေကိုသာပေးခဲ့ပါတယ်။ နောက်ဆုံးမှာ လ၀ကက ဘာပြောလဲဆိုတော့ သမိုင်းတွေဘာတွေ ကျွန်မတို့ နားမလည်ပါဘူး။ အထက်က အမိန့်အတိုင်း ကျွန်မတို့ လုပ်ရတာပဲလို့ပြောတယ်။ ဒါနဲ့ ကျွန်တော်တို့က ဘယ် အိန္ဒိယ ပါကစ္စတန်ကမှ မဟုတ်တဲ့အတွက် အဲဒါပေးရင် မယူနိုင်ဘူးလို့ပြောတယ်။ သူတို့ဘက်က လေသံပြော့သွားပြီး လုပ်ပေးမယ်လို့ ပြောတယ်။ မှတ်ပုံတင်သွားယူရတဲ့နေ့မှာ case file ကို ကျွန်မတို့လက်ထဲပေးပါတယ်။ အဲဒီ case file ကိုင်သွားပြီး။ လ၀က ဦးစီးမှူးဆီမှာ မှတ်ပုံတင်ကို သွားထုတ်ရပါတယ်။ Case file ကို ကျွန်မကြည့်လိုက်တော့ ရှေ့ဆုံးစာရွက်တစ်မှာ နာမည်၊ လူမျိုး၊ ဘာသာ အကုန်ရေးထားတယ်။ အဲဒီမှာ ကြည့်လိုက်တော့လည်း ပသီ လို့ ရေးထားတယ်။ ဒါနဲ့ မှတ်ပုံတင်ယူဖို့ကို လက်မှတ်ထိုးလိုက်တယ်။ မှတ်ပုံတင်လည်း လက်ထဲရောက်ရော လူမျိုးနေရာမှာ အိန္ဒိယ+ဗမာ၊ အိန္ဒိယ+ဗမာ တဲ့။ တော်တော်ကို အံ့သြမိပါရဲ့။ နားကို မလည်နိုင်အောင်ပါပဲ။ လွတ်လပ်ခွင့်အပြည့်အ၀ရှိတယ်ဆိုတာ ဘာလဲ။

    ဒီလိုနဲ့ပဲ အိန္ဒိယတောင်ပိုင်းသားလို့ နာမည်တပ်ဦးမှာလား ….. ။

    သမိုင်းကိုနားမလည်သူတွေ၊ သမိုင်းကို ကိုယ်တိုင် သေချာမသိတာနဲ့ပဲ မရှိဘူး မသိဘူးလို့ ပြောပြီး သမိုင်းကို လိမ်ညာချင်သူတွေနဲ့တော့ မြန်မာပြည်ကြီးမှာ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအော်နေလို့လဲ အလကားပါပဲ။ ကျွန်မတို့တွေ သမိုင်းကို ပိုမိုနားလည်သင့်ကြပြီ၊ နားလည်အောင် ကြိုးစားသင့်ကြပါပြီ။

    လက်ခံယုံကြည်တဲ့ဘာသာတရားမတူညီတာနဲ့ ကိုယ့်ဘာသာသည်သာလျှင် အမြင့်မြတ်ဆုံးပဲလို့ အတွင်တွင်ပြောနေကြမယ့်အစား အခြားဘာသာများ အကြောင်းကိုလည်း သေချာစွာလေ့လာသင့်ကြပါတယ်။ ကိုယ့်ဘာသာသာသနာမဟုတ်တာကို လေ့လာမယ်ဆိုရင် အဲဒီဘာသာဝင်မဟုတ်သူ ရေးထားတဲ့ စာတွေကို လေ့လာတာထက်စာရင် တခြားဘာသာဝင်တွေရေးသားထားတဲ့ စာအုပ်စာပေတွေကိုသေချာလေ့လာပြီး မိမိရဲ့ဦးနှောက်နဲ့ ဆင်ခြင်စဉ်းစားနိုင်ကြရင်ဖြင့် စစ်မှန်တဲ့လေ့လာမှုကို ရရှိနိုင်ပါတယ်။ ကိုယ်တိုင်ဖတ်ရင်းနားမလည်ရင်တောင်မှ အဲဒီဘာသာဝင် ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို မေးမြန်းသင့်ပါတယ်။ ဖြေကြားပေးသူ အနေနဲ့လည်း ကိုယ်မဖြေနိုင်တဲ့မေးခွန်းမျိုးကို ကိုယ့်ထက် နားလည်သူဆီမှာ မေးမြန်းပြီးမှသာ ပြန်လည်ဖြေကြားပေးသင့်ပါတယ်။

    ဘာသာမတူ၊ လူမျိုးကွဲပြားတဲ့ မြန်မာ့မြေက မောင်နှမအားလုံးလည်း အစွန်းရောက်သူများမဖြစ်ကြရအောင် သမိုင်းကိုသေချာစွာလ့လာပြီး ကိုယ့်ဘာသာတရားရဲ့ ဆုံးမသွန်သင်ချက်များအတိုင်း လျှောက်လှမ်းပြီး စည်းလုံးညီညွတ်ပြီးအေးချမ်းသာယာတဲ့ အမိမြန်မာနိုင်ငံဖြစ်လာဖို့ ၀ိုင်းဝန်းထူထောင်သင့်ကြဖို့ အချိန်တွေမလွန်သေးပါဘူး။

    သမိုင်းမှန်ကို တကယ်ပဲ မသိကြတာလား၊ နားမလည်ကြတာလား …… ဆိုတာ မိမိကိုယ်တိုင် တွေးကြည့်ရင်း အမှန်တရားကို မြတ်နိုးသူများဖြစ်ကြပြီး သမိုင်းရဲ့တရားခံတွေအဖြစ်မှ ကင်းလွတ်နိုင်ကြပါစေ …………… ။

     

    ပိုစ်ပိုင်ရှင်ကို ခွင့်ပြုချက်တောင်းခံပြိး ဖော်ပြခြင်းဖြစ်ပါသည်။

  • မခံချင်ဘူးဗျ (သရော်စာ)

    မခံချင်ဘူးဗျ (သရော်စာ)

    မျိုးတင့်သန်း

    ဟိုတစ်နေ့က ဂျာမန်မိတ်ဆွေတွေနဲ့ဆုံတယ်။ ဟိုအကြောင်းဒီအကြောင်းပြောကြရင်းနဲ့ ….

    လွတ်လပ်စွာပြောဆိုရေးသားခွင့်ခေါင်းစဉ်ရောက်သွားတော့ တစ်ယောက်က ကျနော့ကိုပြောတယ်။

    ” မင်းတို့တိုင်းပြည်မှာ စစ်ဗိုလ်ချုပ်တွေအုပ်ချုပ်တုန်းက  အခုလို အတန်အသင့်လွတ်လပ်ဖို့မပြောနဲ့  ဘာမှမပြောရဲ မရေးရဲဘူးမဟုတ်လား?” တဲ့။

    ကျနော်လည်းစိတ်ထဲဖျင်းကနဲဖြစ်သွားလို့ပက်ကနဲပြန်ပြောလိုက်တယ်။

    ” ဟေ့ ဗိုလ်ချုပ်တွေလက်ထက်တုန်းက အခုထက်ပိုလွတ်လပ်တယ်ကွ၊  NLD အကြောင်း မကောင်းပြောမယ်၊ ရေးမယ်ဆို အစိုးရပိုင်သတင်းစာမှာတောင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရတယ်ကွ ”
    လို့ ပြန်ပက်ထဲ့လိုက်တယ်။

    ဟော ပြီးခဲ့တဲ့ အပါတ် သောကြာနေ့  ၀တ်ပြုဖို့  တူရကီဗလီ သွားပြန်တော့ တစ်ခါ တူရကီမိတ်ဆွေတွေနဲ့စိတ်ညစ်ရပြန်ရော။

    ” ဟေ့ မင်းတို့တိုင်းပြည်မှာ အခုအစိုးရက မွတ်စ်လင်မ်တွေအပေါ်  ဘာသာရေးနှိပ်ကွပ်မှုတွေလုပ်နေတယ်ဆို ?” တဲ့။

    ကျနော်ကလည်း မဟုတ်တာပြောရင်၊ ကြားရရင်မခံတတ်လေတော့

     ” ဟေ့ အခုအစိုးရ၊ အခုအစိုးရလို့ မစွတ်စွဲကြပါနဲ့ကွ။  ၁၉၆၂ နေဝင်းအစိုးရကစပြီး အစိုးရအဆက်ဆက် အကွက်ချပြီး  ဒီလိုပဲနှိပ်ကွပ်ခဲ့တာပါကွ ”

    လို့ပြန်ပက်ထဲ့လိုက်တယ်။

    ဟုတ်တယ် ကျနော်က ကိုယ့်နိုင်ငံ ကိုယ့်အစိုးရအကြောင်း မဟုတ်မတရားပြောဆို စွပ်စွဲရင် မခံချင်ဘူးဗျ။

  • ဆရာကြီးသာရှိခဲ့ရင်

    ဆရာကြီးသာရှိခဲ့ရင်

    မြတ်ထူးရာဇတ်

    Source: http://www.myanmarij.com/?p=4459

     

    ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီး ဦးရာဇတ် အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီး ၉ ဦးကို လူမှန်း သိတတ် ကတည်းက မိသားစုတွေ စာအုပ်စာတမ်းတွေက တစ်ဆင့်သိခဲ့ ကြားခဲ့ ရပါတယ်။ အခုလို ၆၅ နှစ်မြောက် အာဇာနည်နေ့မှာ တိုင်းပြည် လွတ်လပ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားခဲ့တဲ့ လှုပ်ရှားနေဆဲ ဖြစ်တဲ့ ခေါင်းဆောင် များနဲ့ ပြည်သူလူထုကို အာဇာနည်ကြီးများက အားပေးဂုဏ်ယူဆဲ ပဲဖြစ်မှာပါ။

    ဆရာကြီးကို အဖိုးတစ်ယောက် အနေထက် လွတ်လပ်ရေးလှုပ်ရှားမှုရဲ့ခေါင်းဆောင်တစ်ဦးအဖြစ် ပိုမိုသိခဲ့ ပါတယ်။ ဘဝရှင်သန်ရေးအတွက် ဘယ်တိုင်းပြည်တွေမှာ ဘယ်လောက်ပဲ ရုန်းကန်နေရနေရ၊ မြန်မာပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းသာယာရေးကို နှလုံးသားထဲမှာ အမြဲစွဲနေ တာကတော့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ ဖြစ်ကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးများ နဲ့တကွ မိဘ၊ ဆရာသမားများနဲ့ ပြည်သူလူထု တို့ရဲ့ သွန်သင်ဆုံးမ အားပေးပံ့ပိုးမှု ကြောင့်ပဲလို့ မြင်မိပါတယ်။

    မြန်မာပြည် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းသာယာရေး လမ်းစကို ပြန်လည်မြင်နိုင်စဖြစ်တဲ့ အခုအချိန်မှာ ဆရာကြီးကို မေးချင်တဲ့မေးခွန်းတွေကို အခုလိုမေးပါရစေ။

    ဆရာကြီးဟာ ပညာရေးကို ဗဟိုပြုပြီး အမျိုးသားစိတ် ထက်သန်တဲ့ နယ်ချဲ့ဆန့်ကျင်ရေး တိုင်းပြည် လွတ်လပ်ရေး လှုပ်ရှားမှုရဲ့ ခေါင်းဆောင်တွေကို ပျိုးထောင်ပေးခဲ့တာ သိခဲ့ရပါတယ်။ အမျိုးသားကျောင်း ထွက်တွေဟာ စာရေးဆရာ/မ၊ ကျောင်းဆရာ/မ၊ ကုန်သည်၊ တပ်မတော်သား၊ အားကစားသမား၊ ပညာရှင်၊ နိုင်ငံရေးသမားစသဖြင့် ကဏ္ဍများစွာမှာ လွတ်လပ်ရေး အတွက် ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။

    လက်ရှိအခြေအနေမှာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ငြိမ်းချမ်းသာယာရေးကို ပံ့ပိုးရေးအတွက် ပညာရေးစနစ်ကို ဘယ်နေရာတွေမှာ ဦးစားပေး ပြင်ဆင်တည်ဆောက်ဖို့ လိုပါသလဲ။ ဘယ်လို ဘာသာရပ်တွေကို အတန်းကျောင်းနဲ့ တက္ကသိုလ်တွေမှာ ဦးစားပေး တည်ဆောက်ရပါသလဲ။ ပညာရေး သာမက အမျိုးသား စီမံကိန်း ဝန်ကြီး ဖြစ်ခဲ့တာကြောင့် ပညာရေး စနစ်က မွေးထုတ်ပျိုးထောင် ပေးလိုက်တဲ့ လူငယ်တွေကို ဘယ်လို အလုပ်တွေ ဖန်တီးပေးပြီး ဘယ်လို ကဏ္ဍတွေမှာ ကျရာတာဝန်ကို ထမ်းဆောင်ပြီး တိုင်းပြည်အတွက် လုပ် ဆောင်စေသင့်ပါသလဲ။ သူတို့ရဲ့ ဆက်လက် ထိရောက်စွာ လုပ်ဆောင်နိုင်ရေးအတွက် တိုင်းပြည်က ဘယ်လို စီမံကိန်းတွေ ချပေးသင့်ပါသလဲ။

    လစာမရတစ်ချက် ရတစ်ချက်နဲ့ လုပ်ခဲ့တဲ့ အမျိုးသား ကျောင်းဆရာ တစ်ယောက်အနေနဲ့ အခုလက်ရှိ ပညာရေး စနစ်မှာ ရုန်းကန်လှုပ်ရှားပြီး မျိုးဆက်တွေကို ပညာပေးနေတဲ့ ဆရာ၊ ဆရာမတွေရဲ့ လူမှုရေး ဖွံ့ဖြိုးမှု အခြေအနေ တွေကို ဘယ်လို ပံ့ပိုးမြှင့်တင်ပြီး တိုင်းပြည်အနာဂတ်ရဲ့ ပညာရေးစနစ်ကို အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းမီ ဖြစ်နေအောင် လုပ်ဆောင်သင့်ပါသလဲ။

    ရဲဝန်ထမ်းဖခင်ရဲ့မေတ္တာရပ်ခံချက်ကို လေးစားစွာ ငြင်းဆန်ပြီး ရွှေတိဂုံ စေတီတော်မြတ်မှာ နယ်ချဲ့ ပညာရေး စနစ်ကို ဆက်လက် သပိတ်မှောက်ခဲ့တဲ့ ကျောင်းသား အနေနဲ့ သာမက ၁၃ဝဝပြည့် မန္တလေးသပိတ်မှာ ကျောင်းသားတွေကို သပိတ်မှောက်ဖို့ တိုက်တွန်း၊ ပံ့ပိုးအားပေးခဲ့တဲ့ ကျောင်းအုပ်ဆရာကြီး ဖြစ်ခဲ့တဲ့ ဆရာကြီးကို “ဘာကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုဟာ တိုင်းပြည် လွတ်လပ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးပါသလဲ။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကနေပြီး အကြမ်းဖက်မှု၊ ဖျက်ဆီးမှုတွေ ဖြစ်မလာစေဖို့ အဘက် ဘက်ကို ဘယ်လို ကာကွယ် ဦးဆောင်ခဲ့ပါသလဲ” လို့လဲမေးချင်ပါတယ်။

    ပြည်ထောင်စု စည်းလုံးညီညွတ်ရေးအတွက် အဓိကကျတဲ့ အချက် တစ်ခုဖြစ်တဲ့ တိုင်းရင်းသား ပြည်သူလူထုရဲ့ ရိုးရာဓလေ့ ထုံးစံနဲ့ ဘာသာစကားကို အပြန်အလှန် နားလည်လေးစားစွာနဲ့ ယုံကြည်မှု တည်ဆောက်ရေး အတွက် ပညာရေးစနစ်ကနေ ဘယ်လို တစ်တပ်တစ်အား ပါဝင်သင့်ပါသလဲ။ (ဆရာကြီးရဲ့မိတ်ဆွေ လူထု ဦးလှရဲ့တိုင်းရင်းသား ရိုးရာပုံပြင်များ၊ ဆောင်းပါးများနဲ့ သွန်သင်ဆုံးမမှုများဟာ ကျွန်တော့်အတွက် တန်ဖိုးမဖြတ် နိုင်လောက်အောင်ကို အရေးပါခဲ့ပါတယ်။)

    ပြည်ထောင်စု ညီညွတ်ရေး အလံအောက်မှာ ဘာသာပေါင်းစုံကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိဖို့လိုသလို တိုင်းပြည်လွတ်လပ်ရေး ဖွံ့ဖြိုးတိုးတက်ရေးကို ညီညွတ်စွာနဲ့ ဦးစားပေးသင့်ကြောင်းကို ဆရာကြီးရဲ့ မိန့်ခွန်းတွေမှာ ဖတ်ခဲ့ရပါတယ်။ လက်ရှိအခြေအနေ မှာ ဘာသာဝင်ပေါင်းစုံရဲ့ အပြန်အလှန် နားလည်မှု၊ လေးစားမှုနဲ့ ငြိမ်းချမ်း ညီညွတ်မှုတွေကို ဗဟိုပြုပြီး မြန်မာ ပြည်အနာဂတ်တိုးတက်ဖွံ့ဖြိုးရေး အတွက် ဘယ်လိုလုပ်ဆောင်သင့်ပါ သလဲ။

    မန္တလေး အမျိုးသားကျောင်းကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဖဆပလ ခေါင်းဆောင်များ၊ ကျောင်းသား    ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ နဲ့ ပြည်သူလူထုတွေဟာ နိုင်ငံရေး ခေါင်းဆောင်များ ညီညွတ်စွာနဲ့ တိုင်း ပြည်အကျိုးကို ဘယ်လို ပံ့ပိုးသင့်သလဲ ဆိုတာကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေမှာ တပ်မတော်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့ဝင်များဟာ ပြည်သူ့ဝန်ထမ်းများနဲ့ ၁၉၈၈ မျိုးဆက် ကျောင်းသား/သူများ အပါအဝင် ပြည်သူလူထုတွေနဲ့ ဘယ်လို နားလည်မှုနဲ့ ယုံကြည်မှုကို တည်ဆောက်သင့်ပါသလဲ။

    ၁၉၄၇ ခုနှစ် ဇွန်လမှာ ကျင်းပခဲ့တဲ့ “ပထမအကြိမ် အရှေ့တောင် အာရှ အပြည်ပြည်ဆိုင်ရာ ကျောင်းသားများ အစည်းအဝေးကြီးမှာ ဆရာကြီး မိန့်ကြားခဲ့တဲ့ Freedom Movement are Peace Movement မိန့်ခွန်းမှာ အိမ်နီးနားချင်း နိုင်ငံများ စည်းလုံးညီညွတ်ရေး၊ အင်အားကြီး နိုင်ငံတွေရဲ့ နယ်ချဲ့အုပ်စိုးမှုကို အစဉ်သတိပြုပြီး ကာကွယ် ဆန့်ကျင်ရေး၊ ကုလသမဂ္ဂ ဖွဲ့စည်းခဲ့တဲ့ ရည်မှန်းချက် တစ်ခုဖြစ်တဲ့ တိုင်းပြည်တိုင်းရဲ့ ကိုယ်ပိုင်ဆုံး ဖြတ်ခွင့်နဲ့ ငြိမ်းချမ်းစွာ ပူးပေါင်းနေထိုင်ရေးစတဲ့ အချက်တွေကို ရှင်းပြခဲ့သလို “လွတ်လပ်ရေး လှုပ်ရှားမှုသည် ငြိမ်းချမ်းရေး လှုပ်ရှားမှု”ဖြစ်ကြောင်းကိုလည်း တင်ပြခဲ့တာ ဖတ်ခဲ့ရပါတယ်။ လက်ရှိ အခြေအနေတွေမှာ အပြည်ပြည် ဆိုင်ရာ စီးပွားရေး မြှုပ်နှံမှု၊ သယံဇာတ ထုတ်ယူသုံးစွဲမှု၊ ပတ်ဝန်းကျင် ကျန်းမာမှု၊ ကမ္ဘာ့လူနည်း စုရဲ့ အာဏာနဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှု၊ လူအများစုရဲ့စားဝတ်နေရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ဦးစားပေး မှု၊ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရရှိမှုတွေကို နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍကနေ ဘယ်လို လုပ်ဆောင်သင့်ပါလဲ။

    ဒီမေးခွန်းတွေဟာ အဖိုးမရှိခဲ့တဲ့ မြေးတစ်ဦးရဲ့မေးခွန်းတွေဖြစ်သလို ပြည်သူတစ်ယောက်ရဲ့ တိုင်းပြည် ခေါင်းဆောင် တစ်ဦးကို မေးချင်တဲ့ မေးခွန်းတွေလည်း ဖြစ်ပါတယ်။ ဆရာကြီးနဲ့တကွ အာဇာနည်များဟာ ဒီမေးခွန်းတွေကို အဖြေပေးဖို့ မရှိတော့ပါဘူး။ “ဖိုးလမင်းကို ထမင်းဆီဆမ်း ရွှေလင်ဗန်းနဲ့ပေးပါ”လို့ တောင်းနေ ရမယ့်အချိန်တွေကိုလည်း အများကြီး ကျော်လွန်ခဲ့ပါပြီ။

    ဒီမေးခွန်းတွေကို အဖြေပေးနိုင်မယ့်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နောက်မဆုတ်တမ်း လုံ့လစိုက် စွာနဲ့ ရုန်းကန် လှုပ်ရှားနေတဲ့ ပြည်သူလူထုတွေနဲ့ ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်လို့ ယုံကြည်ပါတယ်။

    အာဇာနည် ခေါင်းဆောင်ကြီးများနှင့်တကွ လွတ်လပ်ရေးနှင့် တိုင်းပြည် ပြန်လည်ထူထောင်ရေး ကဏ္ဍအသီး သီးမှာ ကျရာ တာဝန်ထမ်းခဲ့တဲ့ ထမ်းနေဆဲဖြစ်တဲ့ မြန်မာပြည်သူ ပြည်သား အားလုံး ရည်မှန်းခဲ့တဲ့ လူတိုင်း အတွက် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်လာဖို့ လမ်းကြောင်းမှန်ကို ဆက်လက် တည်ဆောက် နိုင်ပါစေလို့ မျှော်လင့် ဆန္ဒပြုပါရစေ။