News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • မြန်မာပြည်က စတုထ္တမဏ္ဍိုင်

    Awesome Geek

    ငပလီကမ်းခြေ တနေရာတွင်  မိန်းမပျိုလေး တစ်ယောက်အား ခွေးရူး ၁ ကောင်က ကိုက်ဖို့ဟန်ပြင်နေစဉ် တာဝန်သိ လူငယ် ၄ဦးမှ ခဲများ ဒုတ်များဖြင့် ထိုခွေးရူးအား ဝိုင်းသမလိုက်ရာ ခွေးရူး သေဆုံးသွားပြီး မိန်းမပျိုလေးလဲ ခွေးရူးကိုက်ခံရမည့်ဘေးမှ လွတ်သွားသည်။ ထိုအချိန်တွင် နာမည်ကြီး ရခိုင် သတင်းဌာနမှ သတင်းထောက်တစ်ဦးလဲ အသင့်ေ၇ာက်ရှိနေလေရာ ထိုအဖြစ်အပျက်ကို အစအဆုံး ဓါတ်ပုံမှတ်တမ်းတင်ထားပြီး လူငယ်များကို အင်တာဗျူးလေတော့သည်။

    ” ညီလေးတို့ကို ချီးကျူးတယ်ကွာ အကို ဒီနေ့အတွက် Hot News တခုရသွားပြီး သတင်းခေါင်းစဉ်ကို ဒီလိုပေးရမယ်။ “  

    “တာဝန်သိ ရခိုင် လူငယ်လေးဦးမှ အမျိုးသမီးတစ်ဦးအား ကိုက်လုဆဲဆဲ ခွေးရူးကို သတ္တိရှိရှိ နှိုမ်နင်းလိုက်ခြင်း”

    “ကျနော်တို့ ရခိုင်ပြည်နယ်က မဟုတ်ဘူးခင်ဗျ။ ရန်ကုန်ကပါ။ ဒီကို ခဏ အလည်လာတာ။”

    “ရပါတယ် ဒါဆို ဒီလိုရေးလိုက်မယ်လေ။”

    “တာဝန်သိ ဗုဒ္ဓဘာသာ လူငယ်လေးဦးမှ အမျိုးသမီးတစ်ဦးအား ကိုက်လုဆဲဆဲ ခွေးရူးကို သတ္တိရှိရှိ နှိုမ်နှင်းလိုက်ခြင်း။ “


    “အဲ.. ကျနော်တို့ ဗုဒ္ဓဘာသာလဲ မဟုတ်ဘူး ခင်ဗျ.. ကျနော်တို့က မြန်မာမွတ်စလင်မ်တွေပါ ငပလီကို အပမ်းဖြေခရီးထွက်လာတာပါ”
    ထိုအချိန်တွင် သတင်းထောက်သည် ဪဟုတ်လားဟု ပြောခါ လစ်သွားလေသည်။

    နောက်နေ့တွင် ထိုသတင်းဌာန၏ Website တွင် ထိုကိစ္စ ခေါင်းစီးသတင်းအဖြစ်ပါလာလေသည်။

    ဘင်္ဂလားဘက်မှ ခိုးဝင်လာသည်ဟု ယူဆရသော ဘင်ဂါလီ လေးဦးမှ အပြစ်မဲ့ ခွေးတစ်ကောင်အား လူမြင်ကွင်းတွင် ရက်ရက်စက်စက် ဝိုင်းသတ်လိုက်ကြခြင်း။

    ထို့နောက်တွင်ကား ထိုသတင်းကို Facebook တွင် Share ကြပြီးသကာလ အွန်လိုင်းအစွန်းရောက် အရိုင်းအစိုင်းများမှ အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ်များကိုပါ သိမ်းကြုံး၍ ဆဲကြလေတော့သည်။

    ဖတ်ဖူးသော အင်္ဂလိပ်ဟာသတခုကို လက်ရှိအနေအထားနှင့် လျှော်ညီအောင် ဘာသာပြန်ထားပါသည်။

  • ခိုလှုံခွင့် တောင်းခံနေရသည့် ဒုက္ခသည်များ အရေးတွင် အစ္စလာမ့်ဥပဒေနှင့် နိုင်ငံတကာ ဥပဒေတို့ ထပ်တူညီမျှနေ

    ခိုလှုံခွင့် တောင်းခံနေရသည့် ဒုက္ခသည်များ အရေးတွင် အစ္စလာမ့်ဥပဒေနှင့် နိုင်ငံတကာ ဥပဒေတို့ ထပ်တူညီမျှနေ

    မေလ ၁၆ ရက် ၂၀၁၂
    မူရင်းရေးသားသူ – ရိုက်တာသတင်းထောက် မုဟမ္မဒ်အစ္စမေးလ်
    ကုလသမဂ္ဂ ရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ အင်ဒိုနီးရှားနိုင်ငံတာဝန်ခံ မယ်နြူ ရယ် ဂျော်ဒေါင်းက ရီဖျူဂျီခေါ် ခိုလှုံခွင့်တောင်းခံနေကြရသော ဒုက္ခသည်များအပေါ်မှာ ဆုံးဖြတ်တဲ့ နိုင်ငံတကာဥပဒေနဲ့ အစ္စလာမ်မစ်ဥပဒေတို့အကြား တူညီမှုများရှိနေတယ်လို့ ယုံကြည်ကြောင်း အင်ဒိုအခြေစိုက် ရီပတ်ဘလီကာ အွန်လိုင်းက ဖော်ပြပါတယ်။
    မယ်နြူရယ် ဂျော်ဒေါင်းက ပရောဖက်ဆာ အဟ်မဒ်အဘူအလ်ဝဖာရေးသားတဲ့ “The Right to Asylum between Islamic Shari’ah and International law” ဆိုတဲ့ စာအုပ်အပေါ်မှာ ဗုဒ္ဓဟူးနေ့ က အထက်ပါအတိုင်း မှတ်ချက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
    ဂျော်ဒေါင်းက ထိုစာအုပ်ရှိ အခန်းနံပါတ် ၆ တွင်ဖော်ပြထားသော နိုင်ငံတကာဥပဒေနှင့် အစ္စလာမ်မစ် ဥပဒေတို့၏ တူညီချက်များကို ကရုဓမ္မပြုပြီး “ဒီဟာက ကျွန်တော်တို့အားလုံး ဘယ်နည်းဘယ်ပုံ အလုပ်အတူတူလက်တွဲလုပ်နိုင်ကြမလဲဆိုတာကို ပြသနေတာပါ။” ဟု ပြောကြားခဲ့သည်။ တူညီချက် တစ်ခုမှာ non-refoulement ခေါ် အခြားနိုင်ငံများတွင် ခိုလှုံနေရသည့် ဒုက္ခသည်များအား သူတို့ဘ၀ အသက်ရှင်ရေးအတွက် အန္တရာယ်ရှိသည့် မိမိတို့ကိုယ်ပိုင်နိုင်ငံများထံ ပြန်လွှတ်ခံနေရခြင်း အား အကာအကွယ်ပေးသည့် ဥပဒေဖြစ်သည်။ ဤသဘောထား ဥပဒေကို အစ္စလာမ်က ပထမဦးစွာ ပြဌာန်းခြင်းလည်းဖြစ်သည်။
    ထို့ပြင် ဂျော်ဒေါင်းက ဤသို့နေရာရွှေ့ပြောင်းခိုင်းခြင်း၏ ရလဒ်မှာ ဆူပူသောင်းကျန်းမှု၊ ဆင်းရဲမွဲ တေမှု၊ လူ့အခွင့်အရေးအပြန်အလှန်ချိုးဖောက်မှု၊ ညှဉ်းပမ်းမှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှုတို့ဖြစ် ကြောင်း၊ UNHCR အနေဖြင့် ခိုလှုံ ခွင့်တောင်းခံနေရသည့် ဒုက္ခသည်များကိုသာ ကူညီနေသည် မဟုတ်ပဲ နိုင်ငံအတွင်း အပြောင်းရွှေ့ခံ ဒုက္ခသည် (အိုင်ဒီပီ) ကိုပါ ကူညီထောက်ပံ့နေကြောင်း ရှင်းပြ သည်။
    ခိုလှုံခွင့်တောင်းခံနေရသည့် ဒုက္ခသည်များနှင့် နိုင်ငံအတွင်း အပြောင်းရွှေ့ခံ ဒုက္ခသည် (အိုင်ဒီပီ)တို့ မတူသည့်အချက်မှာ အိုင်ဒီပီများသည် နိုင်ငံ နယ်နိမိတ်ကို ဖြတ်ကျော်သူများ မဟုတ်ဘဲ နိုင်ငံအတွင်း မှာတင် ရွှေ့ပြောင်းခံနေရသည့် သူများကိုဆိုလိုသည်။ ဂျော်ဒေါင်းက နေ့စဉ် ၂၀၀ မီလီယံပမာဏ ရှိသော လူများမှာ နေရာရွှေ့ပြောင်းခြင်းခံနေရပြီး (၂၆ သန်း ) မှာမူ မိမိတို့ကိုယ်ပိုင် နိုင်ငံတွင်းမှာတင် နေရာရွှေ့ပြောင်းခံနေရခြင်းဖြစ်ကြောင်း ပြောကြားသည်။
    အစ္စလာမ်မစ်ဥပဒေသည် ပြဿနာအများအပြားကို ဖြေရှင်းပေးထားသည်။
    ခိုလှုံခွင့်တောင်းခံနေရသည့် ဒုက္ခသည်များဆိုင်ရာ ကုလသမ္မဂ မဟာမင်းကြီးရုံး၏ ပံပိုးမှုဖြင့်ရေးသား ထုတ်ဝေခဲ့သော “The Right to Asylum between Islamic Shari’ah and International law” ဆိုသည့်စာအုပ်တွင် အစ္စလာမ်မစ်ဥပဒေက ပြဿနာအများအပြားအတွက် အဖြေထုတ်ပေးထား ကြောင်း သက်သေပြထားသည်။ ထို့ပြင် ယင်းစာအုပ်က ခိုလှုံခွင့်တောင်းခံနေရ သည့် ဒုက္ခသည်များ ကို အကာအကွယ်ပေးရေး၌ အစ္စလာမ်မစ်ဥပဒေနှင့် နိုင်ငံတကာဥပဒေတို့ကို နှိုင်းယှဉ်ပြထားသည်။

    State Islamic University of Syarif Hidayatullah ၏ ဥပဒေနှင့် ရှရီယာဌာန၊ ပါမောက္ခချုပ် ဖြစ်သူ၊ မုဟမ္မဒ် အမင် ဆူမာက “ဒီစာအုပ်က တကယ့်ကို လက်တွေ့ဆန်ပါတယ်။ ခိုလှုံခွင့်တောင်းခံ နေရတဲ့ ဒုက္ခသည်တွေရဲ့ အခွင့်အရေးကို မီးမောင်းထိုးပြထားပါတယ်။” ဟု ပြောကြားခဲ့သည်။

    Inline images 1

    အာဖဂန်နစ္စတန်၊ ကာဘူးလ်မြို့က အပြောင်းရွှေ့ခံ ဒုက္ခသည်မိသားစုများ နေထိုင်ရာနေရာတစ်နေရာ

    ဤသို့သော နှိုင်းယှဉ်ချက်များရေးသားထားသည့် ဖော်ပြပါစာအုပ်မှာ အစ္စလာမ်မစ်ဥပဒေနှင့် နိုင်ငံ တကာဥပဒေတို့၏  ခိုလှုံခွင့်တောင်းခံ နေရသည့် ဒုက္ခသည်များအတွက် အချိုးညီမျှတနေသည့် သတင်းအချက်အလက်များကို ထုတ်နုတ်ပေးထားသည်။ ထိုဥပဒေနှစ်ခု၏ ခြားနားချက်တစ်စုံတစ်ရာ ကိုမျှ ဖော်ပြထားခြင်းမရှိပေ။
    ယင်းစာအုပ်ကို မူရင်းအာရဗစ်နှင့် ရေးသားထားခြင်းဖြစ်ပြီး အင်္ဂလိပ်နှင့် ဘဟာဆာ ဘာသာစကား များဖြင့် ဘာသာပြန်ထားပြီးဖြစ်သည်။ ထိုစာအုပ်သည် အစ္စလာမ်ဥပဒေအနေဖြင့် နိုင်ငံတကာဥပဒေ အတွက် ကြီးမားသောတန်ဖိုးတစ်ခုအနေဖြင့် ရှိနေကြောင်းကိုလည်း ဖော်ပြသည်။  မုဟမ္မဒ် အမင် ဆူမာက “ရှရီယာဥပဒေရဲ့ အသိပညာကြွယ်ဝပုံကို နိုင်ငံတကာက ဒီစာအုပ်အားဖြင့် မြင်တွေ့နိုင် ပါတယ်။” ဟု ဖြည့်စွက်ပြောကြားသည်။
    ထိုစာအုပ်ကို www.unhcr.org/4a9645646.pdf တွင် ဖတ်ရှုနိုင်ပါသည်။
    Source :http://en.republika.co.id/berita/en/islam-in-archipelago/12/05/21/m442x6-unhcr-islam-and-international-law-share-common-ground-on-refugee-rights
  • နိရဉ္စရာ သတင်းဌာန၏ လူမျိုးဘာသာပုံသွင်း လှုံ့ဆော်မှု (Racial Profiling) အား ကန့် ကွက်အကြောင်းကြားစာ

    ရက်စွဲ – မေ ၂၉ ၊ ၂၀၁၂

     

    သို့ 

    အယ်ဒီတာ၊

    နိရဉ္စရာ သတင်းဌာန

     

    နိရဉ္စရာ သတင်းဌာနမှ မေလ ၂၉  ရက်နေ့  ထုတ်ပြန်သည့်

    1. ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ
    2. ရမ်းဗြဲ မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကိုညတွင်းချင်း ဖမ်းမိ

    ခေါင်းစဉ်ပါ သတင်း နှစ်ပုဒ်သည် ရာဇ၀တ်ကျူးလွန်သည်ဟု စွပ်စွဲခံရသူများအား ကိုးကွယ်ရာဘာသာဖြင့်ယှဉ်တွဲဖော်ပြခဲ့ သည့်အတွက် Racial Profiling (လူမျိုးဘာသာပုံသွင်းလုံ့ ဆော်ခြင်း) ဖြစ်၍ မိမိတို့  အထူးကန့် ကွက်သည်။

    ရာဇ၀တ်မှုသတင်းအား လူမျိုးရေးဘာသာရေးကိစ္စအသွင်ဖြင့် ရေးသားဖော်ပြထားသည့်အတွက်  မီဒီယာကျင့်ဝတ် ချိုးဖောက်ခြင်းဖြစ်သည်။

    ရာဇ၀တ်မှုကျူးလွန်သူများသည် လူမျိုးတိုင်းဘာသာတိုင်းတွင်ရှိသည်။ နစ်နာသူများသည်လည်း လူမျိုးတိုင်း ဘာသာတိုင်းတွင်ရှိသည်။ လူမျိုးဘာ သာခြားကို ကျူးလွန်သကဲ့သို့  လူမျိုးတူဘာသာတူချင်း ကျူးလွန်ခြင်းလည်းရှိသည်။

    ဗမာစစ်တပ်က တိုင်းရင်းသား အမျိုးသမီးများအား မတရားပြုကျင့်သောအခါ ဗမာဗုဒ္ဓဘာသာက ကျူးလွန်သည်ဟု ဘယ်တုန်းကမှ မသုံးနှုန်းခဲ့ကြပါ။ ထိုနည်းတူ ၂၀၁၀ ဇန်န၀ါရီလတွင် မုဒိန်းပြုကျင့်ခံရသည့် အသက် ၁၈ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီးအမှုကို သတင်းပို့ ရာတွင် ကျူးလွန်သူ၏ လူမျိုးနှင့် ဘာသာကို မဖော်ပြခဲ့ဘဲ နစက ၀န်ထမ်းဟုသာ ဖော်ပြကြသည်။

    ရာဇ၀တ်မှုသည် ကျူးလွန်သူများနှင့်သာဆိုင်ပြီး ရာဇ၀တ်ပြစ်မှုဆိုင်ရာ တည်ဆဲဥပဒေများအရ အရေးယူရမည် ဖြစ်သည်။ သို့ ရှိရာ လူမျိုး၊ ဘာသာနှင့် ပူးတွဲဖော်ပြခြင်းသည် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ လူမျိုးရေး ဘာသာရေးဆိုင်ရာ မလိုလားအပ်သော ပြသနာများပေါ်ပေါက်စေရန် တွန်းအားပေးရာရောက်သည်။

    ရာဇ၀တ်မှုသတင်းအား လူမျိုးရေး ဘာသာရေး သတင်း အသွင်ရောက်စေသည့် အထက်ပါ သတင်းနှစ် ပုဒ်အား ပြန်လည်ပြင်ဆင်ပေးပါရန်နှင့်၊ နောက် နောင်တွင်လည်း ရာဇ၀တ်မှု ကျူးလွန်သူများအား လူမျိုးရေး၊ ဘာသာရေးတို့ ဖြင့် ယှဉ်တွဲခြင်းမပြုရန် လေးစားစွာ တိုက်တွန်းအကြောင်း ကြားအပ်သည်။

     

    M- Media (http://www.m-mediagroup.com)

    မြန်မာမွတ်စလင်မ်သတင်း (myanmarmuslim.net)

    ဆက်သွယ်ရန် – [email protected]

     

    မိတ္တူ


    အယ်ဒီတာနှင့် တာဝန်ရှိသူများ

    –       ဘီဘီစီ (မြန်မာပိုင်း)                                  – မဇ္ဈိမ

    –       ဘီအိုအေ (မြန်မာပိုင်း)                               – မြန်မာတိုင်မ်း

    –       အာအက်အေ (မြန်မာပိုင်း)                         – Eleven Media

    –       ဒီဗွီဘီ                                                          – The Voice

    –       ဧရာဝတီ                                                     – 7 Days News

  • မြန်မာနိုင်ငံရေးနှင့် ဖွတ်မရ ဓားမဆုံး မြန်မာမွတ်စလင်မ်များ

     ညီညီလင်းဇော်

    ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးရာရှစ်

    ကိုလိုနီခေတ်ကတည်းက အခုလက်ရှိအချိန်အထိ မြန်မာနိုင်ငံရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ မြန်မာ မွတ်စလင်မ်တွေရဲ့ အဖြစ်ကို ဖွတ်မရ ဓားမဆုံး ဆိုတဲ့ စကားပုံ ကလွဲပြီး တခြား ရည်ညွန်းစရာရှိ မယ်မထင်ပါ။

    ဒီဆောင်းပါးက ဘယ်သူ့ ကိုမှ မပြစ်တင်ဖို့  မရည်ရွယ်ပါဘူး။ ကိုယ့်အမြင်ကိုသာ ဆွေးနွေးမှာပါ။ မြန်မာပြည်ရဲ့  Mainstream နိုင်ငံရေးမှာ ဆက်လုပ် ကြမလား၊ မြန်မာမွတ်စလင်မ်အရေးကိုပဲ အခုကစပြီး ဇောက်ချလုပ်ကြမလားဆိုတာ မတိုက်တွန်းလိုပေမဲ့  Mainstream နိုင်ငံရေး လုပ်ပြီး မြန်မာမွတ်စလင်မ်အရေး လျစ်ဟာနေတဲ့အဖြစ်တွေကို သင်ခန်းစာယူပြီး အနာဂတ်မှာ ဘယ်လို ရပ်တည်မလဲဆိုတာကို ဆုံး ဖြတ်ဖို့  အချိန်တန်ပြီလို့  ယူဆလို့  ဒီဆောင်းပါးနဲ့  ဆော် သြပါတယ်။

    ကိုယ်မွေးဖွားကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်က နိုင်ငံရေးနဲ့  မကင်းပါဘူး။ မိသားစုတွေ ဆွေမျိုး ရင်းချာတွေက နိုင်ငံ ရေးနဲ့  ပတ်သက်ကြတယ်။ ဒါပေမဲ့ မွတ်စလင်မ်အဖွဲ့  အစည်းတွေရှိပါ လျက်၊ မြန်မာမွတ်စလင်မ်အများစုက ဆင်းရဲ ပြီး ပညာရေးနှိမ့်ပါးတဲ့ အလုပ်သမား လူတန်း စားဖြစ်နေလို့ သီးသန့်  ကြိုးစားစရာများ လိုအပ်ပါလျက်၊ ပြည်တွင်း ပြည်ပ နိုင်ငံရေးသ မားတွေက အစ္စလာမ်ဘာသာဝင်တွေ ခံစားနေရတာတွေကို မသိ ကျိုးကျွံပြုနေပါလျက် မြန်မာ မွတ်စလင်မ်တွေဟာ မွတ်စလင်မ်အရေးထက် တတိုင်းပြည်လုံးရဲ့  အရေးဆိုပြီးတော့သာ ဦးစားပေးနေ ကြတာကို တွေ့ ရတယ်။ လက်တွေ့  လိုအပ်ချက်ကို ဘေးချပြီး မွတ်စလင်မ်တွေ သဘောထားကြီးတယ် ဆိုတဲ့ လက်တွေ့ အ ကျိုးသက်ရောက်မှုမရှိတဲ့ မျက်နှာကောင်း (Symbolic အဓိပ္ဗါယ်) ရဖို့  သဘောထားကြီးပြနေသလိုဖြစ်နေတယ်။

    ကိုလိုနီခေတ်ကတည်းက ခုထက်ထိ မြန်မာမွတ်စလင်မ်တွေ ဘာလုပ်ခဲ့လဲ ပြန်ကြည့်ပါ။ နိုင်ငံအတွက်၊ လွတ်လပ် ရေးအတွက်၊ ဒီမိုကရေစီအတွက် ဆိုပြီး ဘယ်တုန်းကမှ မွတ်စလင်မ်တွေအတွက် သီးသန့် မလုပ်ခဲ့ဘူး။

    မွတ်စလင်မ်အတွက်ချည်း ကွက်လုပ်ရင် တိုင်းပြည်အပေါ် သစ္စာမရှိရာရောက်မယ်၊ အမြင်ကျဉ်းရာကျမယ်၊ တ တိုင်းပြည်လုံးခံစားနေရခြင်းအတူတူ မွတ်စလင်မ်အရေးချည်း မလုပ်သင့်ဘူးလို့  ယူဆကြတယ်။ တချို့ ကလည်း မွတ်စလင်မ်အရေးလုပ်ရင် မြန်မာ့နိုင်ငံရေးမှာ မ၀င်ဆံ့မှာစိုးကြတယ်။ ဒါတွေကြောင့် Mainstream မြန်မာ့နိုင်ငံ ရေးထဲဝင်ပြီး ကိုယ့်အတွက်မပါတဲ့ NLD အနိုင်ရရှိရေး၊ တိုင်းရင်းသားအရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒုက္ခသည် ရေး၊ ရွေ့ ပြောင်းအလုပ်သမားအရေး စတဲ့ အရေးပေါင်း သောင်းခြောက်ထောင်တွေကို အခမဲ့ ရှေ့ နေလိုက်ပေး ကြတယ်။

    စကားဖျက်ပြောချင်ပါတယ်။ မွတ်စလင်မ်တွေက မွတ်စလင်မ်ကိစ္စ ကွက်မလုပ်သင့်ဘူးဆိုရင် Mainstream နိုင်ငံ ရေးက မြန်မာတနိုင်ငံလုံးအတွက် လုပ်နေတာဟုတ်လို့ လား။ ဟုတ်တယ်ဆိုရင် အစ္စလာမ်ဘာသာဝင်တွေ ဒီ လောက်တိုက် ခိုက်စော်ကားခံနေရတာ၊ ကံမ္မနဲ့ ဖားကန့် မှာ ပလီဖျက် ပစ္စည်းလုခံရတာကို အားလုံး ဘာကြောင့် နှုတ်ပိတ်နေခဲ့ တာလဲ။ ကံမ္မမှာ ပလီဖျက်ပြီး မြန်မာမွတ်စလင်မ်တွေရဲ့  အိမ်တွေဖျက်ဆီးလုယက်တော့ ဘယ်ရှေ့  နေ၊ ဘယ်တရားသူကြီး၊ ဘယ်နိုင်ငံသမား၊ ဘယ်လူ့ အခွင့်အရေးသမားက ၀င်ပြောပေးလဲ။ ကျနော်တို့  ဘယ်အ ဖွဲ့ မှာ ဘာပဲလုပ်လုပ် သူတို့  ပြောတဲ့ ဒီမိုကရေစီနဲ့  တရားဥပဒေစိုးမိုးရေးဆိုတဲ့ထဲမှာ ကျနော်တို့ အတွက် မပါဘူး ဆိုတာ သက်သေပဲ။

    သမိုင်းတလျှောက်မှာလည်း ဒီလိုပဲ။ မွတ်စလင်မ်တွေက မြန်မာ့လွတ်လပ်ရေးအတွက်ပဲ ဦးစားပေးခဲ့ကြတယ်။ မွတ်စလင်မ်တွေ ဆင်းရဲတွင်းနက်လာ နေပြီး အမျိုးသားရေးဝါဒီများက ဘာသာရေး လူမျိုးရေး နှိပ်ကွပ်လာ နေသည့်တိုင် လွတ်လပ်ရေးအတွက်ဆိုပြီး နိုင်ငံရေးသမားတွေကို ထောက် ပံ့ပေးခဲ့တယ်။ ဆုတ်ယုတ်လာနေတဲ့ မွတ်စလင်မ်တို့ ရဲ့ ဘ၀ကို လျစ်လျူရှုခဲ့တယ်လို့  မစွပ်စွဲလိုပေမဲ့ မွတ်စလင်မ်တွေအတွက် ပေးရမဲ့အချိန်၊ အင် အားနဲ့  ကာယဥာဏတွေကို လွတ်လပ်ရေး အတွက်ဆိုပြီး နိုင်ငံရေးသမားတွေကိုပေးခဲ့တယ်။

    ဗိုလ်ချုပ်အောင်ဆန်း အားထားရတဲ့ ဆရာကြီး ဦးရာဇတ်တို့ ကိုကြည့်ပါ။ အင်္ဂလိပ်ကို ဆန့် ကျင်ဖို့  ဗမာဗုဒ္ဓဘာ သာ အမျိုးသားရေးစိတ်ဓာတ်ကို အစပျိုး အမြစ်တွယ်စေခဲ့တယ်။ ဒို့ ဗမာအစည်းအရုံးက ကပြားလို့ ဆိုတဲ့လူတွေ ကို ဗမာပြည်မှာမွေး ဗမာပြည်မှာကြီးလို့  ဗမာတွေဖြစ်တဲ့အတွက် သီး သန့် မနေပဲ ဗမာလို နေပြီး ဗမာ့လွတ်လပ် ရေးမှာ ပါဝင်ဖို့  တိုက်တွန်းခဲ့တယ်။ အယူအဆတူတဲ့ ဆရာကြီး မွတ်စလင်မ်တွေ တကွဲတပြား တိုင်းရင်းသား နာမည်များခံကြမဲ့အစား ဗမာလိုနေကြဆိုပြီး ဆရာကြီးက ဆုံးဖြတ်ပေးခဲ့တယ်။ ဗမာကို ယုံကြည်ခဲ့တယ်။

    အခုတော့ကြည့်ပါ။ ပသီ၊ ပသျှူး စတဲ့ အစ္စလာမ်ဘာသာဝင် တိုင်းရင်းသားတွေဟာ မူလတိုင်းရင်းသားစာရင်းက လည်း ထုတ်ခံရ၊ ဗမာလို့ လည်း သတ် မှတ်မခံရ၊ ကုလားများအဖြစ်သာ နှိပ်ကွပ်တာ ခံနေရတော့တယ်။ အရင်တုန်းက အခြေအနေတွေအရ ဦးရာဇတ်မမှားခဲ့ပေမဲ့ အခုတော့ အစ္စလာမ်ဘာ သာကိုးကွယ်သူမှန်သမျှ ကုလား တွေတွေဆို ပြီး ဂျောင်ထိုးလိုက်ကြပြီ။ ကိုယ်မွေးတဲ့မျောက် ကိုယ့်ကိုခြောက်ဆိုတဲ့ စကားပုံများလားလို့  စဉ်းစားကြည့်မိ တယ်။ ဦးရာဇတ်အပြင်ရှိပါသေးတယ်။

    အမျိုးသားနေ့ ဖြစ်လာတဲ့ ပထမကျောင်းသားသပိတ်ကို ကြည့်ကြည့်ပါ။ ကျောင်းသားခေါင်းဆောင် ၁၁ ယောက် ထဲက ၁ ယောက်က မွတ်စလင်မ် ကျောင်းသားခေါင်းဆောင် ကိုဘရှင်။

    ဗြိတိသျှ ဘုန်းတော်ဘွဲ့ “God Saves The King” ကို မဆိုဘို့ ပထမဆုံး အာခံခဲ့တာ ပထမဆုံး ရန်ကုန်တက္ကသိုလ် သမဂ္ဂ ဥက္ကဌ ကိုထွန်းစိန်။

    ခင်ဗျားလိုလူမျိုး တော်လှန်ရေးမှာ မရှိလို့ မဖြစ်ဘူးဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အားထားရတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌလည်းဖြစ် အင်္ဂလိပ်ကို အံတုပြီး အလုပ်သမားသမဂ္ဂကို ဦးဆောင်ထူထောင်ခဲ့တဲ့ ဦးရာ ရှစ်။

    ဖ.ဆ.ပ.လ ပြည်လုံးကျွတ်ညီလာခံမှာ ဗမာမွတ်စလင်မ်တွေ လူနည်းစုယူမလား လူများစုယူမလားဆိုပြီး ဒီးဒုတ် ဦးဘချိုကိုယ်တိုင် ကြိုက်တဲ့အခွင့် ရေးရွေးချယ်ခွင့် ပေးခဲ့တာတောင် တိုင်းပြည်လွတ်လပ်ရေး အရေးကြီး နေချိန် တစည်းတလုံးထဲဖြစ်အောင် သီးသန့် ခွဲမနေဘူးဆိုတဲ့ မြန်မာမွတ်စ လင်မ်တွေ။

    ဒီနေ့ပြည်ထောင်စုမြန်မာနိုင်ငံပေါ်ပေါက်လာစေဖို့ အသက်သွေးကြောဖြစ်တဲ့ ပင်လုံ ဆိုတဲ့ ညီလာခံကြီး ဖြစ်လာဖို့ အခြေခံအုတ်မြစ်ဖြစ်တဲ့ တောင်တန်းနဲ့ ပြည်ပ ပူးပေါင်းရေးအဆိုကို စပြီးတင်သွင်းခဲ့ ဗ.မ.က (ဗမာမွတ်စလင်မ်ကွန် ဂရက်)။

    ပင်လုံညီလာခံ ပျက်တော့မဲ့ဆဲဆဲမှာ ညီလာခံမဖြစ်ဖြစ်အောင် ကြိုစားကယ်တင်ခဲ့တဲ့ သံအမတ်ဟောင်း မွတ်စ လင်မ် ဦးဖေခင်။

    ဒါပေမယ့် ဘုရားပြီးတော့ ငြမ်းဖျက်ဆိုတဲ့ထုံးစံအတိုင်း လွတ်လပ်ရေးရပြီးတော့ ဘာသာရေးနဲ့ နိုင်ငံရေးမရောရ ဘူးဆိုပြီး ဗ.မ.က ကို ဖိအားပေးပြီး ဖျက်ခိုင်းခဲ့တယ်။ သမိုင်းဖျောက်တာများ ၂၀၁၀ က ၀င်းတင့်ထွန်းပြုစုတဲ့ ဗမာပြည်နိုင်ငံရေး အသင်းအပင်းများ အညွန်းဆိုတဲ့စာအုပ်မှာ ဖဆပလရဲ့ လက်ရုံးတဆူဖြစ်ခဲ့တဲ့ ဗမာမွတ်စလင်မ် ကွန်ဂရက်ကို လုံးဝဥသုန် ပေါ်တင်ချန်ခဲ့တယ်။ နောက်ပိုင်းမှာလည်း မွတ်စလင်မ်နိုင်ငံရေးသမားတွေရှိပါသေး တယ်။

    ဒီမိုကရေစီတိုက်ပွဲမှာ အသက်သေခံသွားခဲ့တဲ့ NLD ရဲ့ ဇာတ်ဆရာလိုတင်စားခေါ်ခံခဲ့ရတဲ့ မောင်သော်က(ခ) ဗိုလ်မှူးဘသော်။

    ဘဝအပျက်ခံ ထောင်ဒဏ် ဆယ်စုနှစ်နဲ့ ချီပြီးကျခံပြီး မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း ပြုစုခဲ့တဲ့ ကိုအောင်ထွန်း။

    ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေး။

    ဒီလူတွေ ပေးဆပ်ခဲ့သလောက် ဒီနေ့မှာတော့  သောက်ကုလား၊ နိုင်ငံခြားသားတွေဆိုပြီး ကျော်မကောင်း ကြားမကောင်းစကားလုံးတွေနဲ့ ဆဲတာပဲ ခံကြရပြီ။

    နိုင်ငံရေးနယ်ပယ်ရယ်မှ မဟုတ်ပါဘူး။ သတင်းမီဒီယာနယ်ပယ်တွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။  ပြည် တွင်းပြည်ပ သတင်းဌာနတွေမှာ မွတ်စလင်မ်သတင်းထောက်တွေရှိတယ်။ မွတ်စလင်မ်သတင်းဌာနထောင်ပြီး ကိုယ်တိုင်မလုပ်ပဲ Mainstream မီဒီယာတွေမှာ လုံးဝနီးပါး အချိန်ပေးနေကြတယ်။ ကိုယ့်ရွေးချယ်မှုဖြစ်တဲ့ အတွက် အပြစ်မတင်ပါ။

    နိုင်ငံတော်ကောင်းစားရေးမျှော်ကိုးပြီး အဲ့ဒီနိုင်ငံရေးအဖွဲ့ တွေ၊ ပါတီတွေ၊  မီဒီယာတွေမှာ အခြေချလိုက်ခြင်း ဖြင့်  မြန်မာမွတ်စလင်မ်တွေ ဘာဆုံးရှုံးလဲ?

    အဆဲခံ အခွဲခြားခံ အနှိပ်ကွပ်ခံအပြင် အချက် ၂ ချက် ကို ထောက်ပြပါမယ်။ အရည်အချင်းတူသည့်တိုင် (သို့ ) သာနေသည့်တိုင် အဲ့ဒီ Mainstream ထဲကလူတွေ ခွဲခြားမှုကို ကျော်လွန်ပြီး သင့်တော်တဲ့နေရာရောက်အောင် မနည်း ကြိုးစားနေရ လို့  နိုင်ငံရေးထက် အတိုက်အခိုက် အခွဲအခြားမှုအတွက် ရင်ဆိုင် အချိန်ပေးရတယ်။ အ ရည်အချင်းရှိသည့်တိုင် ခွဲခြားမှုတွေကို ရင်ဆိုင်ကျော်လွားနေရလို့ နေရာလည်းမရ၊ တဖက်မှာ မွတ်စလင်မ် အတွက်လုပ်ပေးနိုင်တဲ့ အချိန်နဲ့ အင်အားတွေလည်း အလဟသဖြစ်ကုန်တယ်။

    ခွဲခြားမှုမရှိဘူးလို့ မပြောပါနဲ့ ။ အဖွဲ့ အစည်းကြီးတခုဆီက မွတ်စလင်မ်ဖြစ်လို့  အတွင်းရေးမှုးပေးလုပ်လို့ မရဘူး ဆိုတဲ့ သက်သေ အခိုင်အမာရှိတယ်။ ABSDF ကျောင်းသားဟောင်းတွေ၊ ဗကသ ကျောင်းသားဟောင်းတွေ နဲ့  NLD သမားတွေ အွန်လိုင်းမှာ ပေါ်တင် ဆဲနေတာတော့ ထည့်ပြောစရာတောင် လိုမယ်မထင်ဘူး။

    နောက်တချက် – ကိုယ်က အဲ့ဒီ Mainstream အဖွဲ့ တွေ မီဒီယာတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး  အိပ်ကပ်စိုက်လုပ်ထားပေမဲ့ မွတ်စလင်မ်တွေ ခံရတဲ့အချိန် အဲ့ဒီအဖွဲ့ အစည်းတွေက အသိကျိုးကျွံပြုတာပဲခံရတယ်။ (ဘာအနစ်နာခံခဲ့လို့ လဲဆိုတာ မေးရင် အနစ်နာခံခဲ့တဲ့ ဦးလေးမိသားစုအကြောင်းပြောပြပါမယ်။)

    88 မှာ မွတ်စလင်မ်တွေ အများနည်းတူပါဝင်ခဲ့တယ်။ ၂၀၀၇ မှာ သံဃာတော်တွေကို ၀ိုင်းရံခဲ့တယ်။ ၈၈ တည်းက ခုထိ NLD နဲ့  အတိုက်အခံတွေဖက် ရပ်တည်ခဲ့တယ်။ သတင်းသမားတွေလည်း တောကြိုတောင်ကြားသွားပြီး သတင်းယူပေးခဲ့တယ်။ မြစ်ဆုံတုန်းကလည်း မြစ်ဆုံ အများနည်းတူ ပါဝင်ခဲ့တယ်။ အခုတော့ဘာရလဲ။? ဖားကန့် နဲ့  ကံမ္မမှာ ပလီတွေ ဖျက်ဆီးတော့ ဘယ်သူဘာကူပြောပေးလဲ။? အန်အန်လ်ဒီကိုထောက်ခံတဲ့ မိန်းခလေးငယ်တွေကို မဖွယ်မရာဆဲလို့  သွားပြောတာတောင် အလေးမထားဘူး။

    မီဒီယာသမားတယောက်က ကိုယ့်ကိစ္စ ၀င်မပြောပေးလို့  စိတ်ဆိုးတာလားလို့  ရိပြောပြောတယ်။ တာဝန်ယူမှု နည်းပါးပုံများ မှတ်သားလောက်ပါတယ်။ မွတ်စလင်မ်တွေက ကိုယ်တိုင်ပြောဖို့  အင်အားမရှိလို့  အင်အားရှိတဲ့ နိုင်ငံရေးပါတီတွေ အုပ်စုတွေ သတင်း ဌာနတွေ ကို အကူအညီတောင်းတာ အဲ့ဒီလို ပေါ့ပျက်ပျက် ပြန်ဖြေတာ စဉ်းစားကြည့်ပါ။

    ကိုယ်က အင်အားဘာကြောင့် မရှိ တာလဲ။ အင်အားမရှိရတဲ့အကြောင်းရင်းက အရည်အချင်းရှိတဲ့ မွတ်စလင်မ် တွေက စုပေါင်းပြီး ကိုယ့်အင်အား ကိုယ်ထောင်ရ မဲ့အစား Mainstream မှာပဲ ကြားကပ်ခံရမယ်ဆိုတာ သိလျက် နဲ့  ခုထက်ထိ ၀င်ရော နေသေးလို့ လို့ ပဲယူဆတယ်။ အရည်အချင်းရှိပေမဲ့ နေရာတိုင်းမှာ ဆိုဒ်လိုင်းလုပ်ခံ လာရ လို့  တဖြည်းဖြည်းနဲ့  အားနည်းလာတာ အင်အားရှိ နိုင်ငံရေးပါတီ မပြောနဲ့ သြဇာညောင်း နိုင်ငံရေးသမားတွေ ကို ချည်းကပ်နိုင်တဲ့ မွတ်စလင်မ်တွေတောင် ဘယ်နား သွားရှာရမှန်းမသိဘူး။ ကိုယ့်ကို တိုက်ခိုက်နေလို့  တိုက်ခိုက် နေပါတယ်လို့  ဖွင့်ပြောဖို့  သတင်း ဌာနလည်းမရှိပြန်။

    စုဆောင်းထားတဲ့ ငွေကြေးတွေလည်း သူများအသိအမှတ်ပြုအောင်ဆိုပြီး NLD ကို လှူလိုက်၊ ဟိုအဖွဲ့ လှူလိုက် ဒီ အဖွဲ့ လှူလိုက် မြန်မာမွတ်စလင်မ်အဖွဲ့  အတွက်ကျတော့ ထောက်ပံ့မှုမပေးနိုင်ဘူး။

    မွတ်စလင်မ်တွေက ဘာဖြစ်လာလဲ ဆိုတော့ ကိုယ့်ရဲ့  အချိန်၊ ကာယ၊ ဥာဏ ငွေကြေး စတာတွေကို Mainstream မှာပဲ ပုံအောလိုက်ကြတယ်။ အဲ့ဒီ Mainstream တွေ အနိုင်ရပြီး တိုင်းပြည်ကောင်းစားရင် ငါတို့ အ တွက်လည်း ပါမယ်ဆိုပြီး အယူမှား အမှတ်မှားပြီး Mainstream တွေမှာပဲ ၀င်အားဖြည့် ကြတယ်။ အနစ်နာခံကြ တယ်။ ပေးဆပ်ကြတယ်။ မွတ်စလင်မ်အဖွဲ့ ထောင်ဖို့ ၊ အင်အားရှိတဲ့ မွတ်စလင်မ်အဖွဲ့  မီဒီယာအဖွဲ့  ဖွံ့ ဖြိုးရေး အဖွဲ့ တွေ ဖြစ်လာဖို့  အလေးမစိုက်မိတော့ဘူး။

    အခုလို မွတ်စလင်မ်တွေကို တိုက်ခိုက်လာတော့ ဘယ်မှာလဲ ကိုယ့်အဖွဲ့ အစည်း၊ ဘယ်မှာလည်း ကိုယ့်မီဒီယာ၊ ဘယ်မှာလည်း ကိုယ့်ခေါင်းဆောင်။ တခုမှ မရှိဘူး။ ကိုယ်တွေ ပါဝင်ပုံအောခဲ့တဲ့ ဒီမိုကရေအဖွဲ့ တွေ၊ လူ့ အခွင့်အ ရေးအဖွဲ့ အစည်းတွေလည်း အရေးကြုံလာရင် ကိုယ့်ကို ဂရုမစိုက်ဘူး။ ကိုယ့်ဖက်မှာ ကိုယ့်မိခင် အဖွဲ့ အစည်းတွေတောင်မရှိဘူး။ ဖွတ်မရ ဓားမဆုံး အစစ်ပဲ။

    ဒါကြောင့် အရင်က မွတ်စလင်မ်နိုင်ငံရေးသမားတွေ ခေါင်းဆောင်တွေရဲ့  သင်ခန်းစာယူပြီး အနာဂတ် မြန်မာမွတ် စလင်မ်တွေ အရင်ခေါင်းဆောင်တွေလို ပေးဆပ်တုန်းကပေးဆပ်ပြီး နောက်ဆုံးမှာ တော့ ကုလားလို့ ပဲ အဆဲခံ၊ အဖိခံရတဲ့ အဖြစ်ဆက်ခံအုံးမလားဆိုတာ စဉ်းစားဖို့ တိုက်တွန်းပါတယ်။ အနာဂတ် မှာ ဖွတ်မရချင်နေပါစေ၊ ဓားမ ထပ်ဆုံးလို့ တော့ မဖြစ်ဘူး။

    မှတ်ချက် – ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်သည်။

  • ရဲလျှင် မင်းဖြစ်

    ရဲလျှင် မင်းဖြစ်

    လူမင်းဟန်

    ၁၅၃၃ မှာ နတ်ရွာစံခါနီး မော်စကိုနယ်စားကြီး Vasily III ဟာ အသက်သုံးနှစ်သာရှိသေးတဲ့ သူ့သား အိုင်ဗင် ကို နန်းလျာအဖြစ်နဲ့ ကြေငြာလိုက်ပါသည်။ နောက်ပြီး အသက်ငယ်ငယ်ပဲ ရှိသေးတဲ့ သူ့မိဘုရား ဟဲလင်နာ ကို အိုင်ဗင်အရွယ် ရောက်တဲ့အထိ ရင်ခွင်ပိုက်ဘုရင်မ အဖြစ်အုပ်ချုပ်ဖို့ စီစဉ်ပါတယ်။ ဒီအစီအမံဟာ နန်းတော်ထဲက သူကောင်းမျိုးတွေ အတွက်တော့ ၀မ်းသာစရာကြီးပါ။ ရုရှားမှာ boyer လို့ခေါ်တဲ့ သူကောင်းမျိုးတွေရှိပါတယ်။ ရာထူးကြီးကြီးယူထားကြတဲ့ သူတွေပေါ့။ ကွယ်လွန်သွားတဲ့ မော်စကိုနယ်စားကြီးဟာသူ့ရဲ့အာဏာစက်ကို ပျံ့နှံ့ဖို့အထူးကြိုးစားခဲ့ပါတယ်။ အခုဆို နယ်စားကြီးလဲ ကွယ်လွန်သွားပြီ။ သူ့နန်းလျာကလည်း ဥမမည် စာမမြောက် သုံးနှစ်သားလေး၊ ရင်ခွင်ပိုက်အဖြစ်ထားခဲ့တဲ့ ဘုရင်မဆိုတာကလည်း အသက်ငယ်ငယ်၊ အတွေ့အကြုံလည်းမရှိ။ ဒါဟာ boyer တွေအတွက်တော့ တိုင်းပြည်အာဏာ လုဖို့အကယ့်ကို အခွင့်ကောင်းပါပဲ။ ဒါတွေကို မြင်တဲ့ မိဘုရားဟာ တိုင်းပြည်အုပ်ချုပ်ရေးအတွက် သူ့သူငယ်ချင်း မင်းသား Obolensky ကို အကူအညီတောင်းပါတယ်။ ဒါပေမယ့် ဒီလိုအုပ်ချုပ်ရင်း ငါးနှစ်လောက်နေတော့ ဟဲလင်နာ ရုတ်တရက် ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ရတာကလဲ အဆိပ်ခပ်ခံရတာပါ။ အဆိပ်ခပ်တဲ့သူကတော့ boyer တွေထဲမှာ ကြောက်စ ရာအကောင်းဆုံး Shuisky မိသားစုထဲကတစ်ယောက်ပါ။

    အဲဒီနောက်မှာတော့ Shuisky တွေကပဲ တိုင်းပြည်အာဏာကိုထိန်းချုပ်လိုက်ပြီး Obolensky ကိုလည်း ထောင်ထဲမှာ အစာ ငတ်ထားပြီး သတ်လိုက်ပါတယ်။ ခုဆိုရင် အိုင်ဗင် ဟာ အသက် ရှစ်နှစ်ရှိပါပြီ။ သူ့ကို ဂရုစိုက်တဲ့၊ ခင်မင်တဲ့ လူမှန်သမျှကို Shuisky တွေက အပြတ်ရှင်းပစ်ပါတယ်။ အိုင်ဗင် ဟာ Shukisky တွေနဲ့မတွေ့အောင်ရှောင်ပုန်းရင်း နန်းတော်ထဲမှာ မ၀ရေစာစားပြီး နေခဲ့ရပါတယ်။ တခါတလေမှာ သူ့ကိုတွေ့တာနဲ့ ပလ္လင်ပေါ်တင်၊ သရဖူဆောင်းပေးပြီး နောက်ပြောင်ကြ ပါတယ်။

    ဒီလိုနေလာတဲ့တစ်လျှောက်လုံးမှာ အိုင်ဗင် ဟာ သူတို့လုပ်သမျှကို ဘာမှ ပြန်မပြောဘဲ ငြိမ်ခံနေပါတယ်။ boyer တွေက လည်း အိုင်ဗင်ကို အဖြစ်မရှိတဲ့သူ တစ်ယောက်အနေနဲ့ သိတ်ဂရုမစိုက်ကြတော့ပါဘူး။ စိတ်ကူးထဲတောင် ထည့်တွက်မ ထားဘူး ဆိုတဲ့ အခြေအနေကို ရောက်လာပါတယ်။ ဒါပေမယ့် သူတို့မသိတာက အိုင်ဗင် ဟာ နန်းတော်စောင့်တပ် ဖွဲ့ကို အသေအချာစည်းရုံးထားပြီးပါပြီ။ ရက်စက်ကြမ်းကြုပ်တဲ့ Shukisky တွေကိုမုန်းတီးနေတဲ့ နန်းတော်စောင့်တပ်တွေ ကလည်း အိုင်ဗင် ကို ကူညီဖို့သဘောတူပါတယ်။

    ၁၅၄၃ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းမှာ အိုင်ဗင် က Shuisky ခေါင်းဆောင်မင်းသား ကို သူ့အခန်းကိုလာဖို့ ဖိတ်လိုက်ပါတယ်။ မင်းသားရောက်လာချိန်မှာတော့ အခန်းထဲမှာ နန်းတော်စောင့်တပ်သားတွေ ရှိနေပါတယ်။ အိုင်ဗင် က ဘာတစ်ခွန်းမှ မပြောပဲ မင်းသားကိုလက်ညှိုးထိုးပြီး ဖမ်းပြီး သတ် ဖို့ အမိန့်ပေး လိုက်ပါတယ်။ ပြီးတဲ့နောက် အလောင်းကို နန်းတော်ထဲက ခွေးလှောင်အိမ်ထဲ ပစ်ထည့်ပြီးခွေးစာကျွေးပစ် လိုက်ပါတယ်။ နောက်ရက်အနည်းငယ်အတွင်းမှာ Shuisky တွေအကုန်လုံးကို ဖမ်းပြီး သတ်ပစ်လိုက်ပါတယ်။ Shuisky တွေဟာ ဘာမှပြင် ဆင်ချိန်မရလိုက်ပဲ အငိုက်မိခံလိုက်ရပါတယ်။ အခုတော့သူတို့ နှိပ်စက်သမျှခံလာရတဲ့ အိုင်ဗင်ကို အသေအလဲ ကြောက်ရတဲ့ဘ၀ကို ရောက်သွားပါတော့တယ်။ အိုင်ဗင် ဟာ ပထမဆုံးဇာဘုရင် အနေနဲ့ ရှရှားနိုင်ငံကို အုပ် ချုပ်ခဲ့ပါတယ်။ သူ့ကို Ivan The Terrible လို့နောက်ပိုင်းမှာခေါ်ကြပါတယ်။

    ကျတော်တို့တော်တော်များများဟာ တုံ့ဆိုင်းတတ်ပါတယ်။ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့်လုပ်ရမှာ ကြောက်ကြပါတယ်။ အတိုက်အခံလုပ်ရမှာ၊ အခြေအနေတင်းမာ မှာတွေကို ရှောင်ရှားလိုကြပါတယ်။ သူများတွေက ဘယ်လိုထင်မှာပါလိမ့်၊ ဘယ်နှယ့်ပြောမှာပါလိမ့်နဲ့စိုးရိမ်နေတာနဲ့ကို လုပ်သင့်လုပ်ထိုက်တာကို မလုပ်လိုက်ရတော့ပါဘူး။ ဒီလိုရဲရဲရင့်ရင့်လုပ်တတ် ဖို့ လေ့ကျင့်ယူလို့ရပါတယ်။ အစကတည်းက သတ္တိနဲ့မွေးလာတဲ့သူ ရှားပါတယ်။ နပိုလီယန် ကိုယ်တိုင်တောင် သတ္တိကို စစ်ပွဲအတွေ့ အကြုံတွေကနေ လေ့ကျင့်ယူခဲ့ရတယ်လို့ဆိုပါတယ်။ စစ်ပွဲအနိုင်အရှုံးဆိုတာ ဆုံးဖြတ်ချက်ရဲရင့်ပြတ်သား မှု့ ကအဓိက မဟုတ်လား။ ရဲရင့်မှု့မှာ ဘာနဲ့မှ အစားထိုးလို့မရတဲ့ တန်ခိုးတွေရှိပါတယ်။ အိုင်ဗင် ကိုပဲ ကြည့်ပါ။ တသက်လုံးက သူများ အနိုင်ကျင့်ခံလာရတဲ့ ခပ်တုံးတုံး ဘ၀ကနေ ရဲရင့်မှု့တစ်ခုကြောင့် ဘ၀တစ်ခုလုံးပြောင်းလဲခဲ့ရတာ ပါ။ နောက်တစ်ခုက ရဲရင့်ပြတ်သားသူတွေဟာ သူတို့ရဲ့ ပြောပုံဆိုပုံ၊ ကိုယ်နေဟန်ထားအမူအရာကအစ အများနဲ့ မတူပဲ ထူးခြားနေတတ်ပါတယ်။ အဲလိုလူမျိုးကို လူတိုင်းက လေးစားနေရာပေးခံရတတ်ပါတယ်။

    ကျတော်တို့ အမြင်သာဆုံး ဥပမာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ လေ့လာကြည့်ရအောင်။ ဒေါ်စုကို တစ်ကမ္ဘာလုံးက ဘာလို့လေးစားကြတာလဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်လို့လား။ ဒါတစ်ခုတည်းနဲ့တော့ မဖြစ်နိုင်ဘူးဗျ။ ဗိုလ်ချုပ်ရဲ့ သားကြီး အောင်ဆန်းဦး ကိုဘယ်သူမှ မလေးစားကြပါဘူး။ ရှိတယ်ဆိုတာတောင် မေ့နေတယ်။ နိုင်ငံရေးလုပ်လို့လား။ ဒါကြောင့်လည်း မဟုတ်ဘူးဆိုတာ သိသာပါတယ်။ တစ်ခြားနိုင်ငံရေးလုပ်တဲ့သူတွေလည်းအများကြီးပဲဟာ။ တကယ်ပြော စတမ်းဆို ဒေါ်စုကမှ ၁၅ နှစ်လောက် နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ရတော့ သူ့ခမျာ နင်လားငါလား နိုင်ငံရေးလုပ်ရတဲ့ အချိန်က ဘယ်လောက်ရှိလို့လဲ။  သူ့ရဲ့ ရဲရင့်ပြတ်သားတဲ့ ပြောဆိုမှု့၊ ကိုယ်ရည်ကိုယ်သွေး ဟာ သူ့ကိုလူတွေလေးစားကြ တဲ့အကြောင်းထဲက အရေးကြီးတဲ့ အချက်တစ်ခုလို့ ကျတော်ကတော့ ထင်တာပဲ။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ တစ်ခါမှ မကြားဘူးတဲ့ လူ တစ်ယောက်ကို ခေါ်ပြရင်တောင် ဒေါ်စုကိုမြင်တာနဲ့ ကြောက်ကြောက်လန့်လန့်ဖြစ်နေမယ့် မိန်းမမဟုတ်ဘူး။ ရဲရင့်တဲ့၊ ပြတ်သားတဲ့၊ ပြောတဲ့အတိုင်းလုပ်မယ့် မိန်းမဆိုတာ တန်းပြောနိုင်လိမ့်မယ်လို့ထင်တာပဲ။ ကျတော့်အထင်တော့ ဒေါ်စုလည်း မွေးရပါ သတ္တိကောင်းသူ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ freedom from fear ဆိုတဲ့မိန့်ခွန်းထဲမှာ “အကြောက်တရားမရှိခြင်းသည် ဆုလဒ် တစ်ခု ဖြစ်နိုင်ပါသည်။ သို့သော် ထို့ထက်ပို၍ တန်ဖိုးရှိသည်မှာ ကြိုးပမ်းမှု့မှ ရရှိလာသော သတ္တိ၊ အကြောက်တရားက လွှမ်းမိုးသော မိမိ၏ လုပ်ရပ်များကို ထိန်းချုပ်နိုင်သော သတ္တိ၊ များပြားလှသော ဖိနှိပ်မှု့များ ကို မကြောက်မရွံ့ အဖန်တလဲလဲ ရင်ဆိုင်ရဲသော သတ္တိ များ ဖြစ်ပါသည်။”  လို့သူကိုယ်တိုင် ပြောခဲ့တယ်ဗျ။

    ကျတော့်သူငယ်ချင်းတစ်ယောက်ရှိသည်။ သူက သူ့ကောင်မလေးကို အသေကြောက်ရတာ။ သူ့ကိုအဲလောက်မကြောက် ဖို့ပြောရင်တော့သူက ချစ်တာပါလို့ပြန်ပြောလေ့ရှိသည်။ ကျတော်က တော့ ချစ်တာနဲ့ ကြောက်တာ ဘာမှမဆိုင်လို့ထင် တာပဲ။ သူ့ဟာက ဘာမှမဟုတ်တဲ့ လက်ဘက်ရည်ဆိုင်ထိုင်တာမျိုး၊ ဖုန်းဆက်ဖို့ ၁၀မိနစ်လောက်နောက်ကျတာမျိုးကအစ ကြောက်နေရတယ်ဆိုတာတော့ မဟုတ်တော့ပါဘူး။ ကျတော်ကတော့ ကိုယ်ရည်ကိုယ်သွေးကိုညံ့ဖျင်းတာလို့ထင်တာပဲ။ အဲလိုလူမျိုးနဲ့ဆိုရင်တော့ ကျတော့်အမတွေ နှမတွေကို သဘောမတူပါဘူး။ အပေါ်ယံအားဖြင့်ကြည့်ရင် ငါ့နှမ၊ ငါ့အမကို ဂရုစိုက်မယ့်သူလို့ထင်စရာပါပဲ။ ဒါပေမယ့် အိမ်ထောင်ပြုတာ ဂရုစိုက်နေတာ တစ်ခုတည်းနဲ့မရပါဘူး။ နောက်ပြီး ဒီလို စိတ်ဓာတ်ပျော့ညံ့တဲ့သူဟာ အိမ်ထောင်ပြုပြီးတာနဲ့ အိမ်ထောင်ရေးပြသာနာတွေ ဖန်တီးဖို့ ရာခိုင်နှုန်းများတယ်လို့ ထင် ပါတယ်။ ကျတော်ကယောက်ျားလေး တစ်ယောက်ဟာအိမ်ထောင်ပြုရင် ကိုယ့်အိမ်ထောင်ကို ဦးဆောင်ဦးရွက်လုပ်ရမည့် သူ လို့ယုံကြည်ပါတယ်။ နောက်ပြီး ဖခင်တစ်ယောက်ဟာ မွေးလာမည့် သားသမီးတွေရဲ့ စံပြဖြစ်နေသင့်တယ်။ သူ့လိုလူမျိုးဟာ ဘယ်လိုလုပ်ပြီး မွေးလာတဲ့သားသမီးတွေအတွက် စံပြဖြစ်နိုင်မှာလဲ။ အိမ်ထောင်တစ်ခုကို ဘယ်လို ဦးဆောင်ဦးရွက် လုပ်မှာလဲ။

    ဒါဖြင့် မိန်းမတွေ၊ ကလေးတွေကို အနိုင်ကျင့်ရိုက်နှက်နေရမယ်လို့ဆိုလိုသလား။ လုံးဝမဟုတ်ပါဘူး။ တကယ် ရဲရင့်ပြတ် သားတဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတစ်ယောက်ဟာ ရိုက်နှက်အနိုင်ကျင့်နေစရာမလိုပါဘူး။ သူဟာခေါင်းဆောင် ပဲဆိုတာ သူ့ရဲ့ အပြောအဆို၊ အမူအရာကို ကအော်ပြောနေသလိုပါပဲ။ “ခေါင်းဆောင်မှု့ဆိုတာ လွှမ်းမိုးချုပ်ကိုင်တာမဟုတ်ဘူး။ တူ ညီတဲ့ပန်းတိုင်ကိုရောက်အောင်အလုပ်လုပ်ဖို့ လူတွေကို ဆွဲဆောင်စည်းရုံးနိုင်တာ” ဆိုတာ စကားကို ကျတော်သဘောကျ သည်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ဘယ်တုန်းကမှ ကျမကို ခေါင်းဆောင်တင်ကြပါ လို့လဲ မပြောဘူးပါဘူး။ သေနတ်တွေနဲ့လည်း မခြိမ်းခြောက်ဘူးပါဘူး။ ဒါပေမယ့် တကမ္ဘာလုံးက သူ့ကိုလူထုခေါင်းဆောင်လို့ အသိအမှတ်ပြုထား ပါတယ်။

    ခေါင်းဆောင်တစ်ယောက်ဟာ ရဲရင့်ပြတ်သားရပါမယ်။ သတ္တိရှိရပါမယ်။ အဲလို ရဲရင့်ဖို့ သတ္တိရှိဖို့ဆိုရင် မှန်တာလုပ်သူဖြစ်ရ ပါမယ်။ အမှားတွေလုပ်နေသူဟာ မှန်ကန်တဲ့ သတ္တိရှိသူမဖြစ်နိုင်ပါဘူး။ အမှားတွေလုပ်နေသူဟာ မိုက်ရူးရဲလုပ်တာသာ လျှင်ဖြစ်နိုင်ပါတယ်။ အမှားတွေလုပ်နေသူတစ်ယောက်ရဲ့နောက်ကိုလဲ လူတွေ ရေရှည်မှာမလိုက်ကြပါဘူး။ အာဏာနဲ့ ခြိမ်း ခြောက်ထားလို့ ခဏသာ လိုက်ချင်လိုက်မယ်။ ရေရှည်မှာတော့ အဆုံးသတ် မလှကြပါဘူး။ နောက်တစ်ခုက Risk Analysis လဲလုပ်တတ်ဖို့လိုပါတယ်။ သတ္တိရှိတာပဲဟေ့ ဆိုပြီး မဖြစ်နိုင်တာတွေလျှောက်လုပ်လို့မရပါဘူး။ ဒါသတ္တိရှိတာ မဟုတ်ပဲ မိုက်ရူးရဲ လုပ်တာလို့ပဲပြောရပါမယ်။ ကိုယ်လုပ်တဲ့ အလုပ်ဟာ အကျိုးနဲ့ ဒုက္ခကာမိပါ့မလား ဆိုတာ သေချာ ဝေဖန်ခွဲခြားစိတ်ဖြာတတ်ဖို့လိုပါတယ်။ ဒီလို ချင့်ချိန်တတ်တာလဲ ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ အရည်အသွေးထဲမှာပါ ၀င်ပါတယ်။

    ဒီနေရာမှာ ကျတော် လူတွေ အပေါ်မှာ လွှမ်းမိုးနိုင်တဲ့ အရာနှစ်ခုကိုပြောချင်ပါတယ်။ တစ်ခုက Personal Power ပါ။ နောက်တစ်ခုက Positional Power ပါ။ Personal Power ဆိုတာက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် လူတွေကိုယ့်ကို ကြည်ညိုတာပါ။ သူဟာ ဘာရာထူး၊ ဘာနေရာမှ မလိုပါဘူး။ အထင်ရှားဆုံးဥပမာဆိုရင် ကျတော်တို့တမန်တော်မြတ်(ဆွ)၊ သခင်ယေရူ၊ ဗုဒ္ဓ စတဲ့ ဘာသာရေးခေါင်းဆောင်တွေပါ။ သူတို့မရှိတော့တဲ့နောက် နှစ်ပေါင်းထောင်ချီတာတောင် သန်းနဲ့ချီတဲ့လူတွေအပေါ်မှာ သြဇာလွှမ်းမိုးတုန်းပါပဲ။ ဒီခေါင်းဆောင်တွေမှာ ဘာရထူးမှမရှိပါဘူး။ ဘာမှလည်း ခြိမ်းခြောက်တာမျိုးမရှိပါဘူး။ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ဆွဲဆောင်စည်းရုံးနိုင်မှု့တွေကြောင့်သာ သူတို့သြဇာ သက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်၊ မဟတ္တမဂန္နီ၊ ဗိုလ်ချုပ်အောင်ဆန်း တို့လို နိုင်ငံခေါင်းဆောင် တွေပါ။ သူတို့မှာလည်း ဘာရာထူး ဘာခြိမ်းခြောက်မှု့မှမရှိပါဘူး။ ဒါပေမယ့် လူတွေအများကြီးသူတို့နောက်ကိုလိုက်ကြပါတယ်။

    Personal Power နဲ့လူတွေကို လွှမ်းမိုးနိုင်ဖို့ဆိုရင် ကိုယ်ရည်ကိုယ်သွေးဟာ အဓိကကျပါတယ်။ ကျတော်ပြောတဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာ မှန်တာကို ရဲရဲဝံ့ဝံ့ပြောရဲရမယ်၊ လုပ်ရဲရမယ်။ ကတိတွေအများကြီးမပေးသလို ပေးတဲ့ကတိကို လည်း စောင့်ထိမ်းနိုင်ရမယ်။ ကိုယ်ကျင့်တရားကောင်းရမယ်။ ဘာသာရေးခေါင်းဆောင်တွေဟာ မတူညီတဲ့ ၀ါဒတွေရှိပေ မယ့်လို့ တူညီတာတစ်ခုရှိပါတယ်။ အဲဒါက ကိုယ်ကျင့်တရား ဒေါင်ဒေါင်မြည်အောင်ကောင်းတယ်ဆိုတာပါပဲ။

    Positional Powerဆိုတာကရထူးကြောင့်၊ နေရာကြောင့် လူတွေကိုလွှမ်းမိုးတာဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေရဲ့နောက်ကိုလူ တွေရေရှည်မလိုက်ကြပါဘူး။ ဒီလိုလူမျိုးတွေဟာ သူတို့ အာဏာတည်ဖို့အတွက် ရက်စက်ကြမ်းကြုပ်တဲ့နည်းတွေ၊ ခြိမ်း ခြောက်မှု့တွေနဲ့ အပြင်းအထန်နှိပ်ကွပ်ရပါတယ်။ ဒီလိုလူမျိုးတွေဟာ သူတို့ကို တော်လှန်တဲ့သူပေါ်လာလို့ပဲဖြစ်ဖြစ်၊ ဒါမှ မဟုတ်လဲ သေသွားရင်ပဲဖြစ်ဖြစ် လူတွေသူတို့ကို မေ့သွားကြပါတယ်။ စပ်ဆုတ်ရွံ့ရှာမှု့ နဲ့တော့ သတိရချင်ရမှာပေါ့။ သေချာတာကတော့ သူတို့ သြဇာ မတည်နိုင်တော့ပါဘူး။ သူတို့ရဲ့အာဏာဟာ သူတို့အသက်ရှိနေတုန်း ဒါမှမဟုတ်လဲ ရာထူးမှာ တည်မြဲနေတုန်းလောက်သာ သက်ရောက်နိုင်ပါတယ်။

    ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေကို Napoleon Hill က သူ့ရဲ့ Think and Grow Rich ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒါတွေက

    (၁) မယိမ်းမယိုင်တဲ့သတ္တိရှိခြင်း

    (၂) ကိုယ့်ကိုကိုယ် ထိမ်းချုပ်နိုင်ခြင်း

    (၃) တရားမျှတမှု့ရှိခြင်း

    (၄) ဆုံးဖြတ်ချက်တိကျသေချာခြင်း

    (၅) အလုပ်တစ်ခုလုပ်တဲ့အခါမှာ တိကျတဲ့ အစီအစဉ်ရှိခြင်း

    (၆) တာဝန်ရှိတာထက်ပိုအလုပ်လုပ်ခြင်း

    (၇) နှစ်လိုဖွယ် စရိုက်ရှိခြင်း

    (၈) ကိုယ်ချင်းစာတတ်မှု့၊ နားလည်တတ်မှု့ရှိခြင်း

    (၉) သက်ဆိုင်ရာအလုပ်ကို အသေးစိတ်ကျွမ်းကျင်ခြင်း

    (၁၀) အပြည့်အ၀ တာဝန်ယူတတ်ခြင်း

    (၁၁) ပူးပေါင်းဆောင်ရွက်တတ်ခြင်း