News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • ၁၁ ယောက်မြောက် အိန္ဒိယ သမ္မတ ဒေါက်တာ အဗ်ဒုလ် ကလာမ် အကြောင်း
    ၁၁ ယောက်မြောက် အိန္ဒိယ သမ္မတ ဒေါက်တာ အဗ်ဒုလ် ကလာမ် အကြောင်း
    အောက်တိုဘာ ၁၅ ၊ ၂၀၁၅
    M-Media
    Abdul Kalam
    အောက်တိုဘာ ၁၅ ရက်နေ့ဟာ အိန္ဒိယနိုင်ငံရဲ့ ဒုံးပျံနှင့် နျူကလီးယား ဖခင်ကြီးလည်းဖြစ် ၁၁ ယောက်မြောက် သမ္မတလည်းဖြစ်တဲ့ အေပီဂျေ အဗ်ဒုလ် ကလာမ် Avul Pakir Jainulabdeen Abdul Kalam ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ယခုနှစ်  ဇူလိုင်လ ၂၇ ရက် မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ Abdul Kalam ၈၄ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ဖြင့် သူရဲ့ အထုပ္ပတ္တိ ကို အမ်မီဒီယာ စာဖတ်ပရိတ်သတ်အတွက် တင်ဆက်ပေးလိုက်ပါတယ်။
    အေပီဂျေ အဗ်ဒုလ် ကလာမ် Avul Pakir Jainulabdeen Abdul Kalam ကို ၁၉၃၁ ခုနှစ် အောက်တိုဘာ ၁၅ ရက် Rameswaram မှာမွေးဖွားပြီး၊ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၇ ရက် Shillong မှာ ကွယ်လွန်ခဲ့ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံ ဒုံးကျည်နဲ့ နျူကလိယ လက်နက် ပရိုဂရမ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သူ သိပ္ပံပညာရှင်နဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဧကဒဿမမြောက် သမ္မတအဖြစ် ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တယ်။
    အစောပိုင်းဘ၀နဲ့ ပညာရေး
    ——————————-
    A.P.J အဗ်ဒုလ် ကလာမ်က တမီလ်မွတ်စ်လင်မ်မိသားစုဝင်တစ်ဦးဖြစ်ပါတယ်။ ဇာတိနယ်က Pamban ကျွန်းပေါ် Rameswaram ဒေသ(ယခု Tamil Nadu ပြည်နယ်)ဖြစ်ပါတယ်။ သူ့ဖခင် Jainulabudeen က စက်လှေပိုင်ရှင် တစ်ဦးဖြစ်တဲ့ အပြင် ဒေသခံ ဗလီဝတ်ကျောင်းရဲ့ ရှေ့ဆောင် အိမာမ်လည်း ဖြစ်ပါတယ်။ မိခင်က Ashiamma ဖြစ်ပြီး သာမန်အိမ်ထောင်ရှင်မ တစ်ဦးဖြစ်ပါတယ်။ ကလာမ်မှာ အစ်ကိုသုံးဦးနဲ့ (အကြီးဆုံး)အစ်မ တစ်ဦး ရှိပါတယ်။ သားချင်းများအနက် အငယ်ဆုံးဖြစ်ပါတယ်။ ဘိုးစဉ်ဘောင်ဆက် ကုန်သည်များ၊ မြေပိုင်ရှင်များဖြစ်လို့ ချမ်းသာကြွယ်ဝခဲ့ကြတယ်။ ၁၉၁၄ ခုနှစ်မှာ မိသားစု စီးပွားရေးကျဆုံးပြီး ဆင်းရဲခဲ့ပါတယ်။ ကလေးငယ်လေး ကလာမ်ဟာ အဲ့ဒီအချိန်က မိသားစုဝင်ငွေအတွက် တစ်ဖက်တစ်လမ်းကနေ သတင်းစာရောင်းခဲ့ရသူပါ။
    အစောပိုင်းကျောင်းသားဘ၀မှာ သာမန် ပညာရေး အဆင့်သာရှိပေမယ့် ထက်မြက်ပြီး လေ့လာ ဆန္ဒကြီးမားတဲ့ စာကြိုးစားသူအဖြစ် အသိအမှတ်ပြုခံခဲ့ရတယ်။ သင်္ချာပညာရပ်မှာ သူက ပိုပြီးအားစိုက်ခဲ့တယ်။ အထက်တန်းပညာရေးပြီးဆုံးတော့ Tiruchirappalli က စိန့်ဂျိုးဇက်ကောလိပ်ကို တက်ရောက်ပြီး ၁၉၅၄ ခုနှစ်မှာ ရူပဗေဒအဓိကနဲ့ ဘွဲ့ရတယ်။ နောက် ၁၉၅၅ ခုနှစ်မှာ မဒရပ်စ် နည်းပညာ တက္ကသိုလ်မှာ အာကာသ သိပ္ပံအင်ဂျင်နီယာ ဆက်လက် တက်ရောက်ခဲ့တယ်။
    သိပ္ပံပညာရှင်ဘဝ
    ——————-
    ၁၉၆၀ ခုနှစ်မှာ မဒရပ်စ် စက်မှုတက္ကသိုလ်ကနေ လေကြောင်းအင်ဂျင်နီယာဘွဲ့ရယူခဲ့ပြီးတဲ့အခါ ကာကွယ်ရေးဆိုင်ရာ သုတေသနနဲ့ဖွံ့ဖြိုးရေး အဖွဲ့ DRDO ထဲကို ၀င်ရောက်ခဲ့ပါတယ်။ အစပိုင်းမှာ အိန္ဒိယစစ်တပ်အတွက် အသေးစားရဟတ်ယာဉ် ဒီဇိုင်းဆွဲသူအဖြစ် အလုပ်စတင်ခဲ့တယ်။ များမကြာမီ ၁၉၆၉ ခုနှစ်မှာ အိန္ဒိယ အာကာသ သုတေသနအဖွဲ့အစည်း ISRO ဆီ ပြောင်းရွှေ့တာဝန်ထမ်းဆောင်တယ်။ အဲ့ဒီမှာ အိန္ဒိယရဲ့ ပထမဆုံး ကိုယ်ပိုင်ဒီဇိုင်းဆင်ယင်ထုတ်လုပ်တဲ့ ဂြိုလ်တုလွှတ်တင်ယာဉ် SLV-III စီမံကိန်းရဲ့ ပရောဂျက်ဒါရိုက်တာ ဖြစ်ခဲ့တယ်။ ၁၉၈၂ ခုနှစ်မှာ DRDO ကို ပြန်လည်ဝင်ရောက်လာပြီး ဒုံးကျည်အမျိုးအစား အများအပြားကို အောင်မြင်အောင် စီမံထုတ်လုပ်နိုင်ခဲ့တယ်။ ဒါကိုအစွဲပြုပြီး ကလာမ်ကို “ဒုံးကျည်လူသား” လို့ ခမ်းခမ်းနားနား ခေါ်တွင်ခဲ့ကြတယ်။
    ၁၉၆၃-၆၄ ခုနှစ်မှာ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Hampton က နာဆာ Langley Research Center ၊ Maryland နယ် Greenbelt မှာရှိတဲ့ Goddard Space Flight Center ၊ Wallops Flight Facility တွေကို အလည်အပတ်သွားရောက်လေ့လာခဲ့တယ်။ ၁၉၇၀ နဲ့ ၁၉၉၀ နှစ်များအကြား ကလာမ် က နေစွမ်းအင်သုံး ဂြိုလ်တုလွှတ်တင်ယာဉ် Polar Satellite Launch Vehicle (PSLV) နဲ့ SLV-III project များကို အဆင့်မြှင့်တင်နိုင်အောင် အားထုတ်ရာမှာ နှစ်မျိုးစလုံး အောင်မြင်သွားပါတယ်။
    အဗ်ဒုလ် ကလာမ်ဟာ ၁၉၉၂ မှ ၁၉၉၇ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ သိပ္ပံအကြံပေး(၀န်ကြီးချုပ်ရဲ့ သိပ္ပံအကြံပေးဦးစီးခေါင်းဆောင်) ဖြစ်ခဲ့ပြီး နောက်ပိုင်းကာလမှာ ကက်ဘိနက်ဝန်ကြီးရာထူးနဲ့ သိပ္ပံနည်းပညာဆိုင်ရာ အစိုးရအဖွဲ့ရဲ့အဓိကအကြံပေး(DRDO ရဲ့အတွင်းရေးမှူး) အဖြစ် ၁၉၉၂ ဇူလိုင်လမှ ၁၉၉၉ ဒီဇင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့တယ်။
    အိန္ဒိယနိုင်ငံဟာ ၁၉၉၈ ခုနှစ်မှာ (၁၉၇၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်) နျူကလိယ လက်နက် စမ်းသပ်မှုပြုလုပ်နိုင်ခဲ့တယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို စိုးရိမ်ပူပန်သွားစေခဲ့လင့်ကစား ဒီအရေးပါတဲ့ အခန်းကဏ္ဍကို ဦးဆောင်နိုင်ခဲ့လို့ ကလာမ်ဟာ နိုင်ငံ့သူရဲကောင်း စာရင်းဝင်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်က ကလာမ်ဟာ Technology Vision 2020 လို့အမည်ရတဲ့ နိုင်ငံလုံးဆိုင်ရာ နည်းပညာအစီအစဉ်တစ်ရပ် ချမှတ်ခဲ့တယ်။ အဲ့ဒီမှာ သူက အိန္ဒိယနိုင်ငံကို ဖွံ့ဖြိုးမှုအားနည်းနေဆဲအဆင့်မှ နှစ် ၂၀ အတွင်း ဖွံ့ဖြိုးပြီးလူ့အဖွဲ့အစည်းအဖြစ်ပြောင်းလဲဖို့ လမ်းပြမြေပုံတစ်ခုကို ရှင်းလင်းတင်ပြခဲ့တယ်။ ဒီအစီအစဉ်က အခြားကဏ္ဍများထက် စိုက်ပျိုးရေးထုတ်ကုန်တိုးမြှင့်ခြင်း၊ စီးပွားရေးတိုးတက်ဖို့တွန်းအားအဖြစ် နည်းပညာရပ်များကို အလေးထားဦးတည်စေခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပညာရေးကို ကျယ်ကျယ်ပြန့်ပြန့် ရရှိခံစားစေခြင်းတို့အပေါ် တွန်းအားပေးနိုင်ခဲ့ပါတယ်။
    သမ္မတဖြစ်လာခြင်း
    ——————–
    သမ္မတရာထူးကိုစွန့်လွှတ်သွားတဲ့ Kocheril Raman Narayanan နေရာမှာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ NDA က ကလာမ်ကို မွတ်စ်လင်မ်တစ်ဦးဖြစ်နေလင့်ကစား သမ္မတရာထူးအတွက် ၂၀၀၂ ခုနှစ် ဇွန်လ ၁၀ ရက်မှာ အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ ကလာမ်ရဲ့ကျော်ကြားမှုဂုဏ်သတင်းနဲ့ အရေးပါအရာရောက်မှုကြောင့် အတိုက်အခံဖြစ်တဲ့ အိန္ဒိယကွန်ကရက်ပါတီနဲ့ Samajwadi ပါတီတို့ကလည်း ထောက်ခံအားပေးခဲ့တယ်။ ကလာမ်ဟာ ရွေးကောက်ပွဲကို အလွယ်တကူ ကျော်ဖြတ်နိုင်ပြီး ၂၀၀၂ ခုနှစ် ဇူလိုင်လမှာ အိန္ဒိယနိုင်ငံရဲ့ ၁၁ ဦးမြောက်သမ္မတ ဖြစ်သွားပါတယ်။ အိန္ဒိယနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ပြီးတိုင်းပြည်တစ်ခုအဖြစ် အသွင်ပြောင်းနိုင်ဖို့ သိပ္ပံနဲ့နည်းပညာအပေါ် ဆက်လက်အားထား အလေးပေးခဲ့ပါတယ်။
    ဒေါက်တာ အဗ်ဒုလ် ကလာမ်ဟာ အိန္ဒိယနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး လူမှုဂုဏ်ရည်ဆု Bharat Ratna ကို သမ္မတ မဖြစ်မီက လက်ခံရရှိခဲ့သူတစ်ဦးပါ။ အိန္ဒိယသမိုင်းမှာ သူဟာ ဒီဆုတံဆိပ်ကို တတိယမြောက် ရရှိခဲ့သူ၊ ဒါ့အပြင် ဒီဆုကို သိပ္ပံပညာရှင်အဖြစ်နဲ့ ပထမဆုံးဆွတ်ခူးနိုင်သူလည်း ဖြစ်ပါတယ်။ သူ့အလျင် ဂုဏ်ပြုခံရသူနှစ်ဦးကတော့ Dr Sarvepalli Radhakrishnan (၁၉၅၄ ခုနှစ်) နဲ့ Dr Zakir Hussain (၁၉၆၃ ခုနှစ်)(နောက်ပိုင်း သမ္မတဖြစ်လာသူ) တို့ ဖြစ်ကြပါတယ်။
    သူ့သမ္မတသက်တမ်းငါးနှစ်အတွင်း “ပြည်သူများရဲ့သမ္မတ” ဆိုပြီး ပြည်သူတို့ရဲ့ လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။ သဟဇာတ၊ မေတ္တာတရား၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားရေး၊ ပညာရေး စတဲ့ ကဏ္ဍများစွာအတွက် အကျိုးပြုထိရောက်တဲ့ လုပ်ဆောင်ချက်များစွာ ရှိခဲ့ပါတယ်။ လူထုထောက်ခံမှု ခိုင်ခိုင်မာမာ ရှိနေလင့်ကစား နိုင်ငံရေးလောကထဲက အရှုပ်အထွေးများနဲ့ ကင်းရှင်းစွာနေထိုင်သွားလိုတဲ့အတွက် ၂၀၀၇ ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်ကြောင်း ကြေငြာခဲ့ပါတယ်။
    ၂၀၀၇ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှာ သမ္မတရာထူးက အနားယူပြီး သူ့နေရာကို အိန္ဒိယရဲ့ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် Pratibha Patil က ဆက်ခံဝင်ရောက်ခဲ့ပါတယ်။ တာဝန်က အနားယူပြီးတဲ့နောက် သာမန်ပြည်သူတစ်ဦးရဲ့ဘ၀ထဲ ပြန်ဝင်ပြီး ပညာရေး၊ စာပေရေးသားမှုနဲ့ လူမှုဝန်ထမ်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့တယ်။
    အိန္ဒိယရဲ့ ၁၂ ဦးမြောက်သမ္မတ Pratibha Patil သက်တမ်းပြီးဆုံးလုချိန်မှာ မီဒီယာများက ဒေါက်တာ အဗ်ဒုလ် ကလာမ်အနေနဲ့ ဒုတိယအကြိမ်သမ္မတအဖြစ် အမည်စာရင်းတင်သွင်းခံရနိုင်ဖွယ်ရှိကြောင်း အသားပေးဖော်ပြလာကြသလို ဒီသတင်းရဲ့နောက် တအုံတကျင်းသောလူထုရဲ့အားပေးထောက်ခံမှု ထွက်ပေါ်လာခဲ့ပါတယ်။ ပါတီပေါင်းစုံကလည်း အားပေးရပ်တည်ခဲ့သည့်တိုင် အဗ်ဒုလ် ကလာမ်က “ပြည်သူတို့ရဲ့ မေတ္တာ၊ အားပေးမှုတို့အပေါ် လှိုက်လှဲဝမ်းသာအသိအမှတ်ပြုပါကြောင်း၊ သို့သော် ၎င်းသည် ပြည်သူ့ ဆန္ဒဖြစ်သော်လည်း မိမိ၏ဆန္ဒမှာ သမ္မတနေရာမဟုတ်ကြောင်း” ယဉ်ကျေးပျူငှာစွာ ပြောဆိုပြီး ၂၀၁၂ ရွေးကောက်ပွဲဝင်ဖို့ ငြင်းပယ်ခဲ့ပါတယ်။
    နောက်ဆုံးကာလများ
    ————————
    သမ္မတရုံးက ထွက်ခွာလာပြီးတဲ့နောက် ဒေါက်တာ အဗ်ဒုလ် ကလာမ်ဟာ Indian Institute of Management Shillong ၊ Indian Institute of Management Ahmedabad နဲ့ Indian Institute of Management Indore မှာ ဧည့်သည်တော်ပါမောက္ခ အဖြစ်လည်းကောင်း – Indian Institute of Science, Bangalore ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် လည်းကောင်း – Indian Institute of Space Science and Technology Thiruvananthapuram ရဲ့ အဓိပတိအဖြစ်လည်းကောင်း – Aerospace Engineering at Anna University ရဲ့ ပါမောက္ခအဖြစ်လည်းကောင်း – အိန္ဒိယနိုင်ငံတစ်ဝှမ်းက တက္ကသိုလ်နဲ့ သုတေသနဋ္ဌာနများမှာ အားဖြည့်ထောက်ကူပေးသူအဖြစ်လည်းကောင်း ဆောင်ရွက်နေခဲ့ပါတယ်။
    ၂၀၁၂ ခုနှစ် မေလမှာ အိန္ဒိယလူငယ်များအတွက် What Can I Give Movement အမည်ရှိ အကျင့်ပျက်ခြစားမှု အနိုင်ယူရေးပရိုဂရမ် တစ်ရပ်ကို စတင်စီစဉ်ပေးခဲ့ပါတယ်။
    ကွယ်လွန်ခြင်း
    —————-
    ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၇ ရက်မှာ Institute of Management Shillong ကို “Creating a Livable Planet Earth” အကြောင်းပို့ချပေးဖို့ Shillong သို့သွားရောက်ခဲ့တယ်။ စာသင်ခန်းထဲ ပို့ချချက်ပေးလို့ ငါးမိနစ်ရှိစဉ် အိန္ဒိယစံတော်ချိန် ညနေ ၆း၃၅ နာရီမှာ ရုတ်တရက် လဲကျသွားခဲ့ပါတယ်။ ချက်ခြင်းပဲ အနီးက Bethany Hospital ဆေးရုံကို အရေးပေါ်လူနာအဖြစ် ပို့ဆောင်ခဲ့ကြပေမယ့်လည်း အသက်မမှီခဲ့ပါဘူး။ ရုတ်တရက်နှလုံးရပ်ကွယ်လွန်ခြင်း ဖြစ်ကြောင်း ဒေသစံတော်ချိန် ၇း၄၅ နာရီမှာ အတည်ပြုလိုက်ကြပါတယ်။
    ကလာမ်ရဲ့ ရုပ်ကလာပ်ကို အိန္ဒိယလေတပ်မတော်ရဟတ်ယာဉ်တစ်စင်းနဲ့ Shillong ကနေ Guwahati ၊ အဲ့ဒီကတဆင့် နယူးဒေလီသို့ သယ်ယူပို့ဆောင်ခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတ၊ ၀န်ကြီးချုပ်၊ ဒေလီ မြို့တော်ဝန်၊ အိန္ဒိယကြည်းရေလေတပ်မတော်အကြီးအကဲများက လက်ခံကြိုဆိုခဲ့ကြပါတယ်။ သူ့ရဲ့ ဈာပနအခမ်းအနားကို ၀န်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း၊ ကွန်ကရက်ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီနဲ့ ဒုဥက္ကဋ္ဌ ရာဟူးလ်ဂန္ဒီ၊ ဥတားပရာဒက်ရှ်ဝန်ကြီးချုပ် အခီလက်ရှ် ယာဒက်ဗ် အစရှိတဲ့ ထိပ်တန်းပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။
    ဇူလိုင်လ ၂၉ ရက်နံနက်မှာ သူ့မွေးရပ်မြေဖြစ်တဲ့ Rameswaram ကို ပြန်သယ်လာတယ်။ လေဆိပ်မှာ ကက်ဘိနက်ဝန်ကြီးများစွာမှ ကြိုဆိုခဲ့ကြတယ်။ အဲ့ဒီနောက် အများပြည်သူတို့မှ နောက်ဆုံးဂါရ၀ပြုနိုင်ကြဖို့ မြို့တွင်းလူ့မြင်ကွင်းက ဘတ်စ်ကားဂိတ်တစ်ခုရှေ့မှာ ည ၈ နာရီအထိ ထားရှိပေးခဲ့ပါတယ်။
    ၂၀၁၅ ခုနှစ် ဇူလိုင် ၃၀ ရက်မှာ သမ္မတဟောင်း ဒေါက်တာ အဗ်ဒုလ် ကလာမ်ကို နိုင်ငံတော်အဆင့် ဈာပနအခမ်းအနားနဲ့ သင်္ဂြိုလ်ခဲ့ပါတယ်။ ၀န်ကြီးချုပ်အပါအ၀င် မြို့တော်ဝန်များစွာနဲ့ တစ်ကွ နောက်ဆုံးခရီးစဉ်ကို ပို့ဆောင်နှုတ်ဆက်ကြတဲ့ပရိသတ် သုံးသိန်းခွဲအထိ ရှိခဲ့ပါတယ်။ အိန္ဒိယ အစိုးရက ကြေကွဲမှု အထိမ်းအမှတ် အဖြစ် ၇ ရက်တိုင်တိုင် တလေးတစား ကြေငြာ သတ်မှတ်ဂုဏ်ပြုခဲ့ပါတယ်။ မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသတွင်းရှိ ခေါင်းဆောင်များ၊ ရုရှသမ္မတ ဗလာဒီမာပူတင်၊ အမေရိကန်သမ္မတ ဘားရက်အိုဘားမားအပါအ၀င် အနောက်နိုင်ငံခေါင်းဆောင်များနဲ့ ကမ္ဘာ့ပညာရှင်များကလည်း ၀မ်းနည်းကြောင်းကို ပုံသဏ္ဍာန်အသီးသီးနဲ့ ထုတ်ဖော်ပြသခဲ့ကြပါတယ်။ ဒလိုင်းလားမားကလည်း “အစားထိုးမရနိုင်တော့တဲ့ ဆုံးရှုံးမှု” လို့ဆိုပြီး ဆုတောင်းပေးခဲ့ပါတယ်။
    လူပီသသော လူထဲကလူ
    ဒေါက်တာ အဗ်ဒုလ် ကလာမ်မှာ အိမ်ထောင် မရှိခဲ့ပါဘူး။ သူ့သွေးချင်းမိသားစုဝင်များအပေါ် အလွန် အလေးထား ဆက်ဆံခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ရိုးရှင်းသော ဘ၀နေဟန်နဲ့ သမာဓိကြောင့် ကျော်စော ထင်ရှားလှပါတယ်။ ရုပ်မြင်သံကြားစက်တစ်လုံးပင် မပိုင်ဆိုင်ခဲ့ပါဘူး။ နံနက်စောစောထပြီး ညဥ့်နက်မှ အိပ်ရာဝင်ခြင်းက သူ့အကျင့်ပါ။ စာအုပ်တွေ၊ အိန္ဒိယဗျတ်စောင်း၊ အ၀တ်အစားအနည်းငယ်၊ စီဒီစက်ငယ်နဲ့ လက်တော့ပ်တစ်လုံး စတဲ့ ပိုင်ဆိုင်မှုအနည်းငယ်သာ ရှိပါတယ်။ သူကွယ်လွန်ချိန်မှာ သေတမ်းစာ မချန်ရစ်နိုင်ခဲ့ပါဘူး။ သူပိုင်ဆိုင်တဲ့ ပစ္စည်းမှန်သမျှ သူ့ကိုပျိုးထောင်ပေးခဲ့တဲ့ သူ့အစ်ကိုကြီးဆီ ပို့ဆောင်ပေးခဲ့ကြပါတယ်။
    နေ့စဉ်ဝတ်ပြုခြင်း၊ ရမဿွာန်လ ဥပုသ် သီတင်းဆောက်တည်ခြင်းတို့ဟာ ဒေါက်တာ အဗ်ဒုလ် ကလာမ်နဲ့ ခွဲခြားမရအောင် တစ်သားတည်းကျခဲ့ပါတယ်။ ဗလီဝတ်ကျောင်းရှေ့ဆောင်ဖြစ်တဲ့ သူ့ဖခင်က သူ့ကို ငယ်စဉ်ကတည်းက အစ္စလာမ့်ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး ကြပ်မတ်ထိန်းကျောင်းပေးခဲ့တယ်။ အဗ်ဒုလ်ကလာမ်ရဲ့ ဘာသာတရားများအပေါ် လေးစားတန်ဖိုးထားတတ်မှု၊ အပြန်အလှန်ဆွေးနွေးတတ်မှု အပေါ် ဖခင်ဖြစ်သူမှ အားရကျေနပ်နေခဲ့ပါတယ်။ ကလာမ်က ဒီလို အမှတ်တရတွေကို ပြောဆိုလေ့ရှိပါတယ်။
    “ညနေခင်းတိုင်း ကျွန်တော့်ဖခင်၊ ဟိန္ဒူဘုရားကျောင်း ဘုန်းတော်ကြီး၊ ချာ့ခ်ျကျောင်း ဆရာတော်တို့နဲ့ အတူ လ္ဘက်ရည်ဝိုင်းခင်း ထိုင်လေ့ရှိကြပြီး ကျွန်တော်တို့ဒေသရဲ့ အရေးအရာများကို ဆွေးနွေးပြောဆိုကြပါတယ်”။
    အိန္ဒိယနိုင်ငံရဲ့ များပြားရှုပ်ထွေးလှစွာသော ပြဿနာများရဲ့အဖြေတွေဟာ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးခေါင်းဆောင်များရဲ့ အပြန်အလှန်ဆွေးနွေး/ပူးပေါင်းဆောင်ရွက်မှုများထဲ ရှိနေကြောင်း အဲ့ဒီ အစောပိုင်းထိတွေ့မှုက အဗ်ဒုလ် ကလာမ်ကို နားလည်သွားစေပါတယ်။ ဒါ့အပြင် အခြား ဘာသာတရားများ အပေါ် ဂုဏ်ပေးလေးစားရခြင်းဟာ အစ္စလာမ်သာသနာ့ အုတ်မြစ်တစ်ခု အဖြစ် သူ့အနေနဲ့ ယုံကြည်ချက် ရှိပြီးလည်း ဖြစ်နေပါတယ်။ သူ့ရဲ့လက်စွဲစကားကတော့ . . . .
    “For great men, religion is a way of making friends; small people make religion a fighting tool.”
    “မြင့်မြတ်တဲ့လူသားတွေအဖို့ ဘာသာရေးဆိုတာ မိတ်ဆွေ ဖွဲ့ရေးနည်းလမ်းကောင်းတစ်ရပ်ဖြစ်တယ်။
    သေးသိမ်ကျဉ်းမြောင်းတဲ့ လူသားတွေကတော့ ဘာသာရေးကို တိုက်ခိုက်ရေးလက်နက် ကိရိယာတစ်ခု အဖြစ် ဖန်တီးကြတယ်”။
    ဒေါက်တာ အဗ်ဒုလ် ကလာမ်ရဲ့ အကြီးအကျယ်အားသာချက်တစ်ခုကတော့ အိန္ဒိယနိုင်ငံရဲ့ မတူကွဲပြားအုပ်စုတွေအကြား နာမ်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာ အချက်အလက်များကို ပေါင်းစည်း အသိအမှတ်ပြုတတ်ခြင်းပဲ ဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းမြတ်နဲ့ အစ္စလာမ့်ကျင့်ရပ်များအပေါ် ယုံကြည်ချက် ထားရှိယုံတင်မကသေးပါဘူး၊ ဟိန္ဒူတို့ရဲ့ဓလေ့ထုံးတမ်းများကိုလည်း နှံ့စပ်ကျွမ်းကျင်ပါတယ်။ သက္ကဋဘာသာ စကားကိုလည်း သင်ယူပြီး ဘဂ၀ါဂီတကျမ်းကိုဖတ်ရှုတဲ့အပြင် သားသတ်လွတ်သမားလည်း ဖြစ်နေပြန်ပါတယ်။ တမီလ်ကဗျာရေးဖွဲ့တာ၊ တောင်အိန္ဒိယသားတို့ရဲ့(ကြိုးတပ်တူရိယာ)ဗျတ်စောင်းတီးခတ်တာ၊ ဓမ္မတေးတွေကို နေ့စဉ်နားဆင်တာကိုလည်း မွေ့လျော်သူဖြစ်ပါတယ်။
    ၂၀၀၂ ခုနှစ် သမ္မတဖြစ်လာပြီးနောက် အစောပိုင်းကာလ ပါလီမန်မိန့်ခွန်းစကားထဲမှာ ပိုမိုစုစည်း ညီညွတ်သောအိန္ဒိယ ဖြစ်လာရေး သူ့ဆန္ဒကို ဒီလိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။
    “ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံးအတွင်း ဘာသာပေါင်းစုံက နာမ်ပိုင်းဆိုင်ရာခေါင်းဆောင် အများအပြားကို တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ မတူကွဲပြားဓလေ့ထုံးတမ်းများကြားက တူဆင်ညီညွတ်တဲ့ အသိအမြင်တွေကို ဖော်ဆောင်နိုင်ဖို့ ကျွန်တော် စိတ်အားထက်သန်နေမိပါတယ်”။
    ဒါကြောင့် “အိန္ဒိယရဲ့အထူးထူးသောဘက်စုံအမွေအနှစ်ကို သရုပ်ဖော်ပေးတဲ့ အိန္ဒိယသားစစ်စစ်” ၊ “ဧရာမအကွဲအလွဲထဲက အိန္ဒိယညီညွတ်ရေးကို ပုံဆောင်စေရာ ယဉ်ကျေးမှုနဲ့နာမ်ပိုင်းအစဉ်အလာကောင်း အားလုံးကို ဖော်ဆောင်ပေးသူ အကောင်းဆုံး စံပြပုဂ္ဂိုလ်” စသဖြင့် နိုင်ငံရေးပါတီခေါင်းဆောင်အသီးသီးအကြား ပြောစမှတ်တွင်ခဲ့ပါတယ်။
    ဂုဏ်ပြုဆု၊ အထိမ်းအမှတ်ဆုများ
    ——————————–
    ကလာမ်က သူ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္ထိ Wings of Fire (၁၉၉၉ ခုနှစ်) အပါအ၀င် စာအုပ်အများအပြား ရေးသားခဲ့ပါတယ်။ ချီးမြှင့်ခံရတဲ့ ဆုပေါင်းများစွာအနက် နိုင်ငံ့အမြင့်ဆုံးဂုဏ်ပြုဆုနှစ်ခုဖြစ်တဲ့  the Padma Vibhushan (၁၉၉၀ ခုနှစ်) နဲ့ the Bharat Ratna (၁၉၉၇ ခုနှစ်) လည်း ပါဝင်ခဲ့ပါတယ်။
    သူကွယ်လွန်ပြီးတဲ့နောက်မှာလည်း အထူးထူးသော ချီးကျူးဂုဏ်ပြုခြင်း ခံခဲ့ရပါတယ်။ တမီလ် နဒူး ပြည်နယ်အစိုးရက သူ့မွေးနေ့ အောက်တိုဘာ ၁၅ ရက်ကို “လူငယ်များ နိုးကြားရေးနေ့” အဖြစ် ဂုဏ်ပြုကြေငြာခဲ့ပါတယ်။ ၈ ဂရမ်ရွှေတံဆိပ်၊ ဂုဏ်ပြုလက်မှတ်၊ ငွေသား ၅ သိန်း(အမေရိကန်ဒေါ်လာ ၇၅၀၀) ပါဝင်တဲ့ “ဒေါက်တာ အေပီဂျေ အဗ်ဒုလ် ကလာမ်” ဆုကိုလည်း မတည်သတ်မှတ်ပြီး၊ ၂၀၁၅ ခုနှစ်ကစလို့ နှစ်စဉ် လွတ်လပ်ရေးနေ့တိုင်းမှာ သိပ္ပံရေးရာ၊ ကျောင်းသားရေးရာ၊ လူသားအကျိုးပြုလုပ်ငန်းကို ထူးခြားပေါက်မြောက်အောင် ဆောင်ရွက်နိုင်သူ ဒေသခံများကို ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။
    ×××××××××××××××××××
    မှီး – Britannica & Wikipedia
    မင်းထွဋ်ခေါင် မှ ကောက်နှုတ်စုစည်းပြန်ဆိုတင်ပြသည်။
  • ၄။ အတီဖစ် ဂျဟ်ဂျဂါ – ကိုဆိုဗိုသမ္မတ (၂၀၁၁ ခုနှစ်မှ ယနေ့ထိ) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)
    ၄။ အတီဖစ် ဂျဟ်ဂျဂါ – ကိုဆိုဗိုသမ္မတ (၂၀၁၁ ခုနှစ်မှ ယနေ့ထိ) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)
    အောက်တိုဘာ ၁၀ ၊ ၂၀၁၅
    M-Media
    မင်းထွဋ်ခေါင် စုစည်းတင်ဆက်သည်။
    Atifete Jahjaga
    ၁၉၇၅ ခုနှစ် ဧပြီလ ၂၀ ရက်တွင် မွေးဖွားခဲ့သူ အတီဖစ် ဂျဟ်ဂျဂါသည် နိုင်ငံရေးလောကသား တစ်ဦးဖြစ်ပြီး ကိုဆိုဗိုသမ္မတနိုင်ငံ၏ ပထမဦးဆုံးအမျိုးသမီးသမ္မတ ဖြစ်လာသည်။ သူမသည် ပထမဆုံးသော တစ်သီးပုဂ္ဂလအမတ်၊ ခေတ်သစ်ဗော်လ်ကန်ဒေသ၏ ပထမဆုံး အမျိုးသမီးခေါင်းဆောင်၊ အသက်အငယ်ဆုံး သမ္မတ ဖြစ်လေသည်။ သူမသည် ဗိုလ်မှူးကြီးရာထူးဖြင့် ကိုဆိုဗိုရဲတပ်ဖွဲ့ဒုညွှန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ ဥရောပအရှေ့တောင်ဒေသအတွင်း ရာထူးအကြီးဆုံး အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သည်။
    ၂၀၁၁ ခုနှစ် ဧပြီလ ၆ ရက်တွင် ကိုဆိုဗိုဒီမိုကရက်တစ်ပါတီ၊ ကိုဆိုဗီုဒီမိုကရက်တစ်အဖွဲ့ချုပ်နှင့် ကိုဆိုဗိုမဟာမိတ်အဖွဲ့တို့မှ သူမအား အကွဲအလွဲမရှိ သမ္မတရာထူးဝင်ပြိုင်သူအဖြစ် ကြေငြာခဲ့သည်။ ကိုဆိုဗိုရှိ အမေရိကန်သံအမတ် ခရစ္စတိုဖာဒဲလ် ကလည်း ထောက်ခံ ခဲ့သည်။ သူမသည် ရဲတပ်ဖွဲ့ဦးစီးချုပ်ဖြစ်ခြင်းဂုဏ်ကို နှစ်သက်ပြီး နိုင်ငံရေးနယ်ပယ်တွင် မထင်ရှားသော်လည်း ထိုလောကသို့ ထွက်လှမ်းလာခဲ့သည်။ လူထုနှင့်နိုင်ငံရေးခေါင်းဆောင် အများစုတို့မှာ သူမ၏ နိုင်ငံရေးအသိအမြင်ကို သတိမထားမိခဲ့ကြချေ။
    000_Par7234716
    ၂၀၁၂ ခုနှစ် ဇူလိုင် ၁၈ ရက် ဘရပ်ဆဲလ်၊ ဥရောပသမဂ္ဂဋ္ဌာနချုပ်၌ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲမတိုင်မီ ကိုဆိုဗိုသမ္မတ အတီဖစ် ဂျဟ်ဂျဂါ အား ဥရောပသမဂ္ဂဥက္ကဋ္ဌ ဟာမန် ဗင် ရွန်ပိုင်း မှ ကြိုဆိုနေပုံ။
    သူမ၏ သမ္မတဖြစ်လိုခြင်း အဓိကပန်းတိုင်များမှာ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ခြင်း၌ လုံခြုံမှုရှိရန်ဖြစ်ကြောင်း ပါလီမန်တွင်ပြောကြားသော သူမ၏ ပထမဆုံးသမ္မတမိန့်ခွန်း၌ အောက်ပါအတိုင်း တွေ့ရသည်။ “ကိုဆိုဗိုပြည်သူ အားလုံးရဲ့ပန်းတိုင်က အီးယူအဖွဲ့ဝင်ဖြစ်ခြင်းနဲ့ အမေရိကန်ရဲ့ပင်တိုင်မိတ်ဆွေဖြစ်နေခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့အိပ်မက် လက်တွေ့ဖြစ်လာမယ်လို့ ကျွန်မ ယုံကြည်ထားပါတယ်”။
    000_DV1509487
    ၂၀၁၃ ခုနှစ် ဇွန်လ ၁၉ ရက် ဗီယင်နာခရီးစဉ်အတွင်း သြစတြီးယားသမ္မတ ဟိန့်ဇ်ဖစ်ရှာနှင့်အတူ သတင်းစာရှင်းလင်းပွဲတစ်ရပ်သို့ တက်ရောက်လာသည့် ကိုဆိုဗိုသမ္မတ အတီဖစ် ဂျဟ်ဂျဂါ
    000_Par7496405
    ကိုဆိုဗိုလွတ်မြောက်ရေးတပ်မတော် KLA မှ စစ်ဦးစီးချုပ် Adem Jashari ကျဆုံးခြင်း ၁၅ နှစ်မြောက်အခမ်းအနား(၂၀၁၃ ခုနှစ် မတ်လ ၅ ရက် – ပရစ္စတီးနားမြို့)အတွင်း ကိုဆိုဗိုလုံခြုံရေးတပ်ဖွဲ့ KSF ကို စစ်ဆေးကြည့်ရှုနေသည့် ကိုဆိုဗိုသမ္မတ အတီဖစ် ဂျဟ်ဂျဂါ။
    ဆက်စပ်သတင်းများ ဖတ်ရန်
    ၁။ Tansu Çiller – တူရကီဝန်ကြီးချုပ်(၁၉၉၃-၁၉၉၆)
    ၂။ မီဂါဝတီ ဆူကာနိုပူထရီ – အင်ဒိုနီးရှားသမ္မတ (၂၀၀၁-၂၀၀၄)
    ၃။ မေမီ မေဒိုင် ဘွိုင်းန် – ဆီနီဂေါဝန်ကြီးချုပ် (၂၀၀၁-၂၀၀၂ ခုနှစ်)
  • ထိုင်းသမိုင်းမှာ သွေးစွန်းသော အောက်တိုဘာ ၆ (သို့) သမ်မာဆတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲ
    ထိုင်းသမိုင်းမှာ သွေးစွန်းသော အောက်တိုဘာ ၆ (သို့) သမ်မာဆတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲ
    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media
    မိုးဝေ စုစည်းတင်ဆက်သည်။
    thammasat-massacre-1976
    ၁၉၇၆ ခု အောက်တိုဘာ ၆ ရက်..
    ထိုင်းနိုင်ငံ၏ သမိုင်းတွင် မေ့ဖျောက်၍ မရသည့် သမ်မာဆက်တက္ကသိုလ် (Thammasat University) အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်ပွားသည့်နေ့ဖြစ်သည်။ ထိုင်းနိုင်ငံ၏ စစ်အာဏာရှင်ဟောင်း ဖီးလ်မာရှယ် သာနွမ်  ကီတီကာချွန် တိုင်းပြည်သို့ ပြန်လာမှုကို မကျေနပ်၍ ကျောင်းသားများ ဆန္ဒပြမှုကို အခွင့်ကောင်းယူကာ စစ်တပ်အကြီးအကဲအချို့က အာဏာသိမ်းရန် ဂွင်ဆင်၍ ထိုသတ်ဖြတ်မှုကြီးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်လေသည်။
    ပြဿနာအစ
    ————-
    ထိုင်းဘုရင်ကြီး ဘူမီဘော အဒူလ်ယာဂျစ်က နိုင်ငံ၏ ဥသျှောင် အဖြစ် ခံယူပြီး စစ်တပ်လွှမ်းမိုးသည့် အစိုးရဖြင့် ဆယ်စုနှစ်ချီ၍ ဖြတ်သန်းလာခဲ့သော ထိုင်းနိုင်ငံရေးစနစ်မှာ ၁၉၇၃ ခုနှစ်တွင် တစ်ဆစ်ချိုး ပြောင်းလဲလာခဲ့သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ရေးဆွဲရန် အောက်တိုဘာ ၁၄ ရက်နေ့ ကျောင်းသားများ ဆန္ဒပြမှုနှင့်အတူ ထိုင်းနိုင်ငံ၏ အာဏာရှင် ၃ ဦးဖြစ်သော ကြည်းတပ်ဦးစီးချုပ် သာနွမ် ကီတီကာချွန်နှင့် ပါရာဖတ် ချာရူဆာသိန်း၊ ဗိုလ်မှူးကြီး နာရွန် ကီတီကာချွန်တို့မှာ တိုင်းပြည်မှ ထွက်ပြေးခဲ့ရလေသည်။
    ၁၉၇၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲပြုလုပ်ပြီး ၀န်ကြီးချုပ် ကုက်ရစ်ဦးဆောင်ကာ ၁၆ ပါတီပါဝင်သည့် ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခဲ့သော်လည်း တောင်ဗီယက်နမ်မြို့တော် ဆိုင်ဂုံမှာ မြောက်ဗီယက်နမ်မှ ကွန်မြူနစ်များလက်အောက်သို့ ကျရောက်သွားပြီး၊ လာအိုတွင်လည်း ကွန်မြူနစ်အစိုးရ တက်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင် ကွန်မြူနစ်ကြောက်စိတ်များဖြင့် မတည်ငြိမ်တော့ဘဲ လက်ယာယိမ်းအဖွဲ့များကလည်း အားကောင်းလာခဲ့သည်။
    ထို့နောက် ဆန္ဒပြမှုများ၊ ချီတက်မှုများနှင့် ရှုပ်ထွေးခဲ့ပြီး ထိုင်းပြည်တည်ငြိမ်ရေးအတွက် အာဏာသိမ်းရမည်ဟု စစ်တပ်အာဏာပိုင်များက တွက်ခဲ့ကြလေသည်။ ထိုအချိန်တွင် ဆန်ဈေးနှုန်း တက်သွားခြင်းက မီးလောင်ရာ လေပင့်ပေးလိုက်သကဲ့သို့ ဖြစ်ခဲ့ပြီး စစ်တပ်ထောက်ခံသော နာဝါဖွန် (Nawaphon) အဖွဲ့နှင့် ကာကွယ်ရေးဝန်ကြီး ပရာမန်တို့စီစဉ်၍ လူပေါင်း ၁၅၀၀၀ ခန့် ပါဝင်သည့် ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့ကာ စစ်တပ်အား အာဏာလွှဲပေးရန် ၀န်ကြီးချုပ် ကူက်ရစ်ကို တောင်းဆိုခဲ့ကြသည်။
    ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကီတီဗူဒ်ဟို ဘိက္ခူမှာ ကွန်မြူနစ်များကို သတ်ခြင်းက အပြစ်မဖြစ်ဟုပင် ပြောကြားခဲ့သည်။ ထိုမတည်ငြိမ်မှုများ ကြောင့် ၁၉၇၆ ခုနှစ် ဇန်န၀ါရီတွင် ၀န်ကြီးချုပ် ကုက်ရစ်က ပါလီမန်ကို ဖျက်သိမ်းခဲ့ရသည်။
    ဧပြီလအတွင် ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ခဲ့ပြီး လေးပါတီ ပါဝင်သည့် ညွန့်ပေါင်းအစိုးရ တက်လာကာ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် ဆန်နီ ပရာမို့ဂ်ျက ၀န်ကြီးချုပ်ဖြစ်လာ ခဲ့သည်။ ဆန်နီ၏ အစိုးရမှာ ညွန့်ပေါင်းအစိုးရရှိ လက်ယာယိမ်းများနှင့် တိုးတက်သည့်အမြင်ရှိသူ အဖွဲ့များအကြား သဘောထား ကွဲလွဲမှုများကို ဖြေရှင်းရင်း အင်အားချည့်နဲ့လာခဲ့သည်။
    ရမယ်ရှာ
    ————
    ထိုကဲ့သို့ နိုင်ငံရေး မတည်ငြိမ် ဖြစ်နေချိန်တွင် ၁၉၇၃ ခုနှစ် ကျောင်းသားများ ဆန္ဒပြမှုအတွင်း နိုင်ငံရပ်ခြားသို့ ထွက်ပြေးခဲ့ရသည့် စစ်အာဏာရှင် ၃ ဦးမှ ကြီးတပ်အကြီးအကဲ ပရာဖတ်ပြန်လာသည့်အခါ ပြည်သူများက ဆန္ဒပြကြသည်ကို ကြည့်၍ ထိုအချိန်က ဒု-၀န်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်နေသည့် ပရာမန်က အာဏာရှင်ဟောင်း သာနွန်ကို ပြည်တော်ပြန်စေ၍ မငြိမ်းသက်မှုကို ဖန်တီးကာ အာဏာသိမ်းရန် အကြံရခဲ့သည်။
    ထို့နောက် ၁၉၇၆ ခု စက်တင်ဘာလနှောင်းပိုင်း သာနွမ်ပြန်လာသည့် အခါ ကျောင်းသားများနှင့် အလုပ်သမားအဖွဲ့များက သမ်မာဆတ် တက္ကသိုလ်တွင် အခြေစိုက်ကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး သာနွမ်အား တိုင်းပြည်မှနှင်ထုတ်ရန် တောင်းဆိုခဲ့သည်။
    စက်တင်ဘာ ၂၅ ရက်နေ့တွင် နာခွန်ပသွမ်၌ ရဲတပ်ဖွဲ့က သာနွမ်ကို ဆန့်ကျင်သည့် အလုပ်သမား အဖွဲ့ဝင်နှစ်ဦးကို သတ်ပစ်မှုကို ပြန်လည်အမှတ်ရစေရန် သမ်မာဆတ် တက္ကသိုလ်တွင် ကျောင်းသားများက ဆွဲကြိုးချသည့်သဏ္ဍာန် ပြပွဲတစ်ခုကို ပြုလုပ် ခဲ့ကြသည်။
    ထိုဓာတ်ပုံမှာ အောက်တိုဘာ ၅ ရက်နေ့မနက်ပိုင်းတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော Bangkok Post နှင့် ထိုင်းသတင်းစာ Dao Sayam တို့တွင်ပါလာခဲ့ပြီး ဆွဲကြိုးချမှုတွင် ပါဝင်သူ ကျောင်းသားမှာ ထိုင်းအိမ်ရှေ့မင်းသားနှင့် ဆင်တူပြီး (ဆင်တူအောင် ဓာတ်ပုံကို တမင်ဖန်တီးကာ သတင်းစာများတွင် ထည့်သွင်းကြသည်ဟု အဆိုလည်းရှိသည်) တော်ဝင်မိသားစုကို ကျောင်းသားများက မထီမဲ့မြင်ပြုသည်ဟု သတင်းများ ချက်ခြင်းပြန်နှံ့သွားလေသည်။
    စစ်တပ်ပိုင်ရေဒီယိုနှင့် အခြားသော မီဒီယာများက ကျောင်းသားများကို အပြစ်ဖို့ကာ “ကျောင်းသားများကို သတ်ပစ်” “ကွန်မြူနစ်များကိုသတ်ပစ်” ဟု တရားဝင်ကြွေးကျော်မှုများ ပြုလုပ်တော့သည်။
    ထိုနေ့ညနေပိုင်းတွင် ကျောင်းသား ၂၀၀၀ ခန့် ထိုင်သပိတ်လုပ်နေသော သမ်မာဆတ်တက္ကသိုလ်အား စစ်တပ်က လက်သပ်မွေးထားသည့် ပြည်သူ့စစ် ၄၀၀၀ က ၀န်းရံထားလိုက်ပြီး သမိုင်းတွင်မည့် သတ်ဖြတ်မှုကြီးကို ဆောင်ရွက်ရန် အစပျိုးလိုက်လေသည်။
    1385717_10151919660101154_1830507003_n
    လက်မရွံ့များ
    —————-
    သမ်မာဆတ်တွင် ကျောင်းသားများ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၌ လက်မရွံ့အဖွဲ့ ၃ ဖွဲ့ ပါဝင်ပြီး အားလုံးကို စစ်တပ်နှင့် နယ်စပ်စောင့်ကြပ်ရေး ရဲတပ်ဖွဲ့တို့က လေ့ကျင့် ဖွဲ့စည်းပေးထားခြင်းဖြစ်သည်။ ထိုအဖွဲ့များမှာ နာဝါဖွန်(Nawaphon)၊ The Red Gaur၊နှင့် စေတနာ့ဝန်ထမ်းကာကွယ်ရေးတပ်ဖွဲ့ VDC အဖွဲ့တို့ ဖြစ်သည်။
    “အမျိုး၊ ဘာသာ၊ ဘုရင်စနစ်” ဟူသော ကျွေးကြော်သံဖြင့် စတင်ခဲ့သည့် နာဝါဖွန်အဖွဲ့အပါအ၀င် အဖွဲ့အားလုံးမှာ ပြည်တွင်းလုံခြုံရေးဌာနချုပ် ISOC မှ က လက်သပ်မွေးထားသည့် အဖွဲ့များဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုများကိုပါ လျှို့ဝှက် ဆောင်ရွက်ပေးခဲ့ကြသည်။
    ၁၉၇၅ ခုနှစ်တွင် အင်အား ငါးသောင်းခန့် ဖြစ်လာခဲ့သည့် နာဝါဖွန်အဖွဲ့မှာ လုပ်ကြံသတ်ဖြတ်ရေးနှင့် လက်ဝဲယိမ်းတက်ကြွလှုပ်ရှားသူများအား နှိမ်နင်းရေး သင်ကြားမှုများကို လက်ယာယိမ်း ဘုန်းကြီး ကီတီဗူဒိုက ချွန်ဘူရီပြည်နယ်တွင် တည်ထောင်ထားသည့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့လေသည်။
    သမ်မာဆတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပြီးနောက် စစ်တပ်က အာဏာသိမ်းပြီး ၀န်ကြီးချုပ်ဖြစ်လာသည့် တာနင်မှာ နာဝါဖွန်အဖွဲ့၏ အကြီးတန်းအဖွဲ့ဝင်ပင် ဖြစ်လေသည်။ ထိုသတ်ဖြတ်မှုကြီးတွင် ပါဝင်သည့်အဖွဲ့များကို Thai Marxist စာအုပ်ရေးသူ ဂီလ်းစ် အန်ဂ်ပါကွန်က ၁၉၃၀ ပြည့်နှစ်များတွင် ဥရောပရှိ ဖက်စစ် ပြည်သူ့စစ်အဖွဲ့များကဲ့သို့ အဖွဲ့များဖြစ်သည်ဟု ရေးသားခဲ့လေသည်။
    index
    တိုက်ခိုက်မှုစပြီ
    —————–
    အောက်တိုဘာ ၆ ရက်နေ့ မနက်စောစောပိုင်းတွင် ပြုလုပ်ခဲ့သည့် ကက်ဘိနက်အစည်းအဝေးတွင်  ဒုတိယ၀န်ကြီးချုပ်ဖြစ်သည့် ချာ့တ်ထိုင်းပါတီခေါင်းဆောင် ပရာမာန် အဒီရက်ဆန်က ကျောင်းသားလှုပ်ရှားမှုကို ပြတ်ပြတ်သားသားနှိမ်နင်း ရမည်ဟု နှပ်ကြောင်းပေးခဲ့သည်။
    မနက် ၅ နာရီခန့်တွင် ပြည်သူ့စစ်များက တက္ကသိုလ်ကျောင်းဝင်းထဲသို့ စတင်ပစ်ခတ်ကြပြီး နံနက် ၇ နာရီတွင် နယ်စပ်စောင့်ကြပ်ရေး ရဲတပ်ဖွဲ့က တက္ကသိုလ်ထွက်ပေါက်အားလုံးကို ပိတ်လိုက်လေသည်။ နံနက် ၁၁ နာရီတွင် အမှိုက်ကားတစ်စီးဖြင့် ဂိတ်ပေါက်ဝကို ချိုးဖျက်ဝင်ရောက်ခဲ့ပြီး ထို့နောက်တွင် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်စီးနင်းတော့သည်။
    လက်နက်ကိုင်ဆောင်ထားသည့် ကျောင်းသားများက ပြန်လည်ပစ်ခတ်သော်လည်း အားချင်းမမျှ။ နောက်ပိုင်းတွင် ကျောင်းသားများက အပစ်ရပ်ရေး တောင်းဆိုခဲ့ပြီး၊ ရဲတပ်ဖွဲ့အကြီးအကဲ ချမ်ဖွန်က မြင်သမျှပစ်ရန် အမိန့်ပေးခဲ့သည်။
    ကျောင်းသားများမှာ ရဲတပ်ဖွဲ့နှင့် ပြည်သူစစ်များလက်အောက်တွင် ရိုက်သတ်ခံရပြီး အလောင်းများကို ချိတ်ဆွဲထားကြသည်။ လက်နက်ချသောသူများကိုလည်း မြေပြင်ပေါ်တွင် အိပ်ခိုင်းထားပြီး ခြေဖြင့်ကန်ကျောက်ကြသည်။ အလောင်များအား ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်မှုကိုလည်း စိတ်ပြေနပြေ လုပ်ကြသေးသည်။ မသေမရှင် ကျောင်းသားများ၏ အလောင်းများကို ဓာတ်ဆီလောင်း၍ မီးရှို့မှုလည်း ပါဝင်လေသည်။
    တက္ကသိုလ်နံရံကိုကျော်ကာ အနီးရှိ ချာအိုဖရာယာ (Chaophraya) မြစ်အတွင်းသို့ ခုန်ချထွက်ပြေးသူများကိုလည်း ထိုင်းရေတပ်မှ ပစ်သတ်သည်။ ထိုတိုက်ခိုက်မှုမှာ နာရီအနည်းငယ် ကြာခဲ့သည်။
    ထိုအဖြစ်အပျက်အတွင်း ကျောင်းသား တစ်ထောင်ခန့် ဖမ်းဆီးခံရသည်။ ကျောင်းသားများကို အပေါ်ပိုင်းဗလာကျင်းကာ တွားသွားခိုင်းပြီး ခြေဖြင့်ကန်ကျောက်ကြသည်။ ကျောင်းသူများကိုလည်း ရဲတပ်ဖွဲ့နှင့် Red Gaurs အဖွဲ့သားများက မုဒိမ်းကျင့်ကြလေသည်။
    ထိုင်းအစိုးရက တရားဝင်ထုတ်ပြန်မှုအရ ၄၆ ဦးသေဆုံးပြီး ၁၆၇ ဦးဒဏ်ရာရသည်ဟုဆိုသည်။ သို့သော်လည်း အလောင်းများကို ကိုင်တွယ်ရသည့် တရုတ်ကူညီမှုအသင်းက သေဆုံးသူမှာ ၁၀၀ ကျော်ရှိသည်ဟု ဆိုပြီး ၂၀၀၁ ခုနှစ်တွင် ၀ါရှင်တန်ပို့စ်ကလည်း ထိုစာရင်းကို လက်ခံခဲ့သည်။
    သတ်ဖြတ်ပွဲကြီးက နေ့လည်ပိုင်းအထိ ကြာမြင့်ခဲ့ပြီး မိုးရွာမှသာ ရပ်တန့်ခဲ့လေသည်။ သမိုင်းဆရာများကတော့ ထိုသတ်ဖြတ်မှုကြီးမှာ အလုပ်သမားများ၊ ကျောင်းသားများနှင့် တောင်သူလယ်သမားအရေး လှုပ်ရှားသူများကို အရက်စက်ဆုံး သတ်ဖြတ်မှုကြီးအဖြစ် ကင်ပွန်းတပ်ခဲ့ကြလေသည်။
    thammasat-massacre-1976-1
    အာဏာသိမ်းပြီ
    ——————
    ကြိုတင်စီစဉ်ထားသည့်အတိုင်း ညနေလေးနာရီခန့်တွင် နယ်စပ်စောင့်ကြပ်မှု ရဲတပ်ဖွဲ့၊ Red Gaur အဖွဲ့၊ နာဝါဖွန်နှင့် VDC အဖွဲ့တို့မှာ အစိုးရအိမ်တော်သို့ ချီတက်သွားပြီး ၀န်ကြီးချုပ် ဆန်နီ နှုတ်ထွက်ရေးအတွက် တောင်းဆိုခဲ့ကြလေသည်။
    ညနေ ၆ နာရီခွဲတွင်တော့ ရေတပ်ဦးစီးချုပ် ဆန်ဂဒ်ဦးဆောင်ပြီး စစ်တပ်အရာရှိ ၂၄ ဦးဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးကောင်စီ NARC က အာဏာသိမ်းကြောင်း ကြေငြာခဲ့လေတော့သည်။ တကယ်တော့ NARC အဖွဲ့မှာ သဘောထားပျော့ပြောင်းပြီး ပရာမန်၏ လက်ယာစွန်းရောက်အဖွဲ့ အာဏာရယူခြင်းမှ တားဆီးခဲ့သည့်အဖွဲ့ ဖြစ်လေသည်။
    “အရင်က အာဏာသိမ်းတဲ့ ပုံစံမျိုးပါပဲ။ အကြမ်းဖက်တိုက်ခိုက်မှုတွေကို အစပျိုးမယ်။ ရဲတွေက တရားဥပဒေစိုးမိုးရေးကို မထိန်းနိုင်တော့ဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်အောင်လုပ်ပြီး နောက်ဆုံး စစ်တပ်က ၀င်လာတာပါပဲ” ဟု ထိုင်းဘုရင် ဘူမိဘောလ်၏ အငြင်းပွားဖွယ် အထုပ္ပတ္တိ The King Never Smile စာအုပ်ကို ရေးသားခဲ့သော ပေါလ် ဟန်ဒလေက ပြောကြားခဲ့သည်။
    neil-ulevich-thailand-massacre
    လက်မည်းကြီးများ
    ——————
    ၁၉၇၃ ခုနှစ် တိုင်းပြည်ကို အုပ်စိုးနေသည့် စစ်တပ်အကြီးအကဲ သာနွမ်ကို ဖြုတ်ခဲ့ပြီး နောက်ပိုင်း ဗိုလ်ချုပ်ကြီး ပရာမန် အဒီရက်စ်ဆန် ခေါင်းဆောင်သည့် စစ်တပ်က အာဏာပြန်သိမ်းရန် စနစ်တကျ စီစဉ်ခဲ့ကြကာ ၁၉၇၆ ခုနှစ် ကျောင်းသားများ ဆန္ဒပြမှုကို အခွင့်ကောင်းယူခဲ့သည်ဟု ပညာရှင်များက ယူဆခဲ့ကြသည်။
    စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ ကျောထောက်နောက်ခံပြုထားသည့် လက်ယာယိမ်းပြည်သူစစ်များကို ဘုရင်ကြီး ဘူမိဘောလ်ကလည်း အသိအမှတ်ပြုခဲ့ပြီး အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို “တော်ဝင်အသိုင်းအ၀ိုင်း၏ အလိုတူအလိုပါ ကိစ္စ” ဟု ပင် သတ်မှတ်ခဲ့ကြသည်။
    သတ်ဖြတ်မှုဖြစ်ပွားပြီး ၄ ရက်အကြာတွင် ထိုင်းအိမ်ရှေ့မင်းသားမှာ ပြည်သူ့စစ်အဖွဲ့ဝင်များကို ဆုချီးမြှင့်ခဲ့သည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
    လက်သည်ပျောက်
    ———————
    ၁၉၇၆ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် သမ်မာဆတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် မည်သူကိုမှ အရေးမယူနိုင်ခဲ့။ စစ်အာဏာရှင်အုပ်စုမှ အဖွဲ့ဝင်များမှာ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပြီး အခြားအဖွဲ့ဝင်များမှာလည်း တရားစွဲဆိုခြင်းမခံခဲ့ရပေ။
    ထိုင်းနိုင်ငံ၏ သမိုင်းစာအုပ်များတွင် ထိုအဖြစ်အပျက်အား ဖျောက်ထားလေ့ရှိပြီး ဖော်ပြသည့်အခါတွင်လည်း ကျောင်းသားများက အကြမ်းဖက်ခြင်းကြောင့် ဖြစ်ပွားရသည်ဆိုသည့် ရဲတပ်ဖွဲ့၏ တစ်ဖက်သတ် အစီရင်ခံစာကိုသာ ကိုးကားရေးသားကြလေသည်။ တစ်ချို့က ကျောင်းသားများနှင့် စစ်တပ်အကြား နားလည်မှုလွဲမှားခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ဟု ဆိုကြသည်။
    သမ္မာဆတ်တက္ကသိုလ်တွင်တော့ အောက်တိုဘာ ၆ ရက်နေ့ရောက်တိုင်း ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် အောက်မေ့ဖွယ် အခမ်းအနားများ ပြုလုပ်ကြပြီး ရက်စက်ကြမ်းကြုတ်မှုများကို ဖော်ပြထားသည့် သတင်းစာဖြတ်ပိုင်းများ၊ မျက်မြင် သက်သေများ၏ ပြောကြားမှုများနှင့် သမိုင်းမှတ်တမ်းများကို ခင်းကျင်းပြသကြလေသည်။ ၁၉၉၆ ခုနှစ်တွင် အထိမ်းအမှတ် တစ်ခုကို တက္ကသိုလ် ပရ၀ုဏ်အတွင်း ဆောက်လုပ်ခဲ့လေသည်။
  • ၀င်းအောင်ကြီး – သမ္မတ အရသာနဲ့ မန်းဝင်းမောင်
    အောင်တိုဘာ ၈ ၊ ၂၀၁၅
    ဝင်းအောင်ကြီး ရေးသည်။
    ကျနော်တွေးမိသလို ရေးပါမည် (၆၇)
    Man Win Maung
    ၁၉၅၇ ခု၊ ကရင်တိုင်းရင်းသား အလှည့်ကျလို့ သမ္မတလုပ်ဖို့ မန်းဝင်းမောင် အကြောက်အကန် ငြင်းနေပုံ သတင်းစာထဲ ဖတ်ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းထက် တနှစ်ငယ်၊ ဘွဲ့ရ လွတ်လပ်ရေး တိုက်ပွဲဝင် ၁၉၄၇ ခုကတည်းက ၀န်ကြီး၊ သူ့ဌာနက မီးရထားနဲ့ ဧရာဝတီ(ရေကြောင်း) ကန်တိုင်း နိုင်တဲ့ အသင်းကို ဆုငွေ ၁၀၀ိ ( အဲဒီအချိန်က ရွှေတကျပ်သား ၂၄၀ိ) မှန်မှန်ပေးသူကို၊ သမ္မတဖြစ်လည်း ဘောလုံးပွဲကြည့် ခွင့်ပြုပါ့မယ်လို့ ဖဆပလ တဖွဲ့လုံးက အာမခံ၊ ပါလီမန်ကသဘောတူနဲ့ သမ္မတဖြစ်လာတဲ့ မန်းဝင်းမောင်အား 2nd SEAP Games ကိုဖွင့်ပေးပိတ်ပေးပုံ အဝေးကကြည့်ရ၊ အိမ်တော်က ဆုပေးပွဲ အခမ်းအနားမှ တိုက်ရိုက် အသံလွှင့်ရင်း သူ့အားအနီးကပ်တွေ့မြင်ဖူးရပြီ။
    ကြိုးစင်တက်ဖို့စောင့်နေတဲ့ ဗိုလ်မှူး ချစ်ကောင်းအား လွတ်ငြိမ်းခွင့် တန်းပေးလိုက်ခြင်းဟာ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့လုပ်ရမည့် အစဉ်အလာကိုဖျက်လို့ ဒေါပွတဲ့ ဦးနု၊ ဘတ်ဂျက် ပါလီမန်တင်ရင် ယိုင်ယိုင်နဲ့နဲ့ သန့်ရှင်း ၀န်ကြီးချူပ်အဖြစ် ပြုမှာမို့ သမ္မတအမိန့်နဲ့ အတည်ပြုပေးလိုက်တယ်။
    ၁၉၆၂ ခု၊ ရောက်လာတော့ ကချင်အလှည့် ဆမားကြီးကိုရွေးထားပြီမို့ သမ္မတ ၀ဋ်ကကျွတ်တော့မည့်ဆဲဆဲ မတ်လ ၂ ရက်နေ့မှာ ရေကြည်အိုင်ရောက်သွားတယ်။
    ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းလိုက်ကြောင်း ရေဒီယိုကကြားလို့ အပေါ်ထပ်မှာ အိပ်ပျော်နေတဲ့ ဦးနုကိုနှိုးပြီးပြောတော့ မဟုတ်တာ၊ သူက ကျုပ်တို့ကို လာကယ်မှာ ဆိုကာ ဒေါပွပြန်တယ်။
    ၁၉၈၉ ခု၊ ဇူလိုင်လ ၄ ရက်နေ့မှာ ထောင် ၅ နှစ်ရဲ့ဒဏ်နဲ့ ကွယ်လွန်သွားတဲ့ မန်းဝင်းမောင် အသုဘကို ဟံသာဝတီအ၀ိုင်း အနီးလူအုပ်ကြား ကျနော်ကြည့်နေစဉ်၊ နိုင်ငံခြားသတင်းထောက် အတူလုပ်ဖူးသူ ကိုမောင်မောင်က ဦးနုလိုက်ပို့လား ကူပြီးကြည့်ပေးပါတဲ့။ တွေ့လိုက်လို့ BBC ကိုသတင်းပို့ဖို့ ထွက်သွားပြီ။ မန်းဝင်းမောင် သမ္မတလုပ်ရတာ ၀ဋ်လို့ထင်ချင်ထင်၊ ဗိုလ်မှူးချစ်ကောင်းနဲ့တော့ ဖတ်ဆစ်တော်လှန်ရေးကာလ၊ လေထီးနဲ့ဆင်းဖို့လာခဲ့ကြရင်း လေယာဉ်ပျက်လို့၊ လေထီးမပွင့်လို့၊ သစ်ပင်နဲ့ငြိလို့၊ ဂျပန်တွေမိသွားလို့ စသဖြင့်မသေကြဘဲ အတူတိုက်ခဲ့ကြတယ်၊လွတ်လပ်ရေးရလာတော့ သူက ဗကပ၊ ငါက ဖဆပလ၊ ဟော သူသေဒဏ်ကျခံနေရပြီ၊ ငါက သမ္မတ၊ သူမသေသင့်ဆိုတဲ့စိတ်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် လက်မှတ်ထိုးရတာဟာ၊မန်းဝင်းမောင်ရဲ့ စိတ်ထား၊အတွေ့အကြုံအရ၊ အရည်အချင်းအရ အစိုးရအဖွဲ့ရဲ့ ခွင်ပြုချက်တောင်းဖို့မေ့လို့ မဖြစ်နိုင်၊စဉ်းစားချင့်ချိန်ပြီးလုပ်တာ၊ ဒီတကြိမ်မတော့ ၀ဋ်မဟုတ် သမ္မတအရသာလို့ ခံစားမလေမိလားလို့ ၁၉၈၉ ခု၊ ကကျနော့အတွေးကို ခုမှရေးလိုက်ရကြောင်းပါ။
    ၂၀၁၅ ခု၊အောက်တိုဘလ ၆ ရက်။
  • ပျော်ပျော်ရွှင်ရွှင်လေးပေါ့
    ပျော်ပျော်ရွှင်ရွှင်လေးပေါ့
    စက်တင်ဘာ ၂၉ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    be happy
    ပြောစရာလိုမယ်တောင် မထင်ပါဘူး။ လောကမှာပျော်ချင်ကြသူတွေချည်းပေါ့။ စိတ်ညစ်စိတ်ရှုပ်ပြီး မှိုင်နိုင်နေချင်သူလို့လည်း မရှိတန်ကောင်းပါဘူး။ ဘဝရဲ့နေ့သစ်တိုင်းကို အပျော်လေးတွေနှင့်ချည်းပြည့်နေစေချင်တာ လူတိုင်းရဲ့ ဆန္ဒလို့ဆိုရမှာပါ။
    ဒါပေမယ့် လက်တွေ့ဘဝမှာတော့ အတွန်းအတိုက်၊ အတိုးအနှက်တွေကို ကံကြမ္မာဆိုတာကြီးက ဖြန့်ဝေနေတယ်။ ဒါကြောင့် ပျော်ချင်တိုင်းပျော် လို့မှ မရတာလို့ လူငယ် အများစုက ယူဆထားကြတယ်။ မှန်ပါတယ်၊ အချိန်ပြည့် တက်ကြွ ပျော်ရွှင်နေသူလို့ ဘဝမှာမရှိနိုင်ဘူးဆိုပေမယ့် အချိန်တော်တော်များများကို ကြည်နူးပျော်ရွှင်နေအောင် လုပ်ယူလို့တော့ရတယ်လို့ ပညာရှင်တွေက ဆိုမိန့်ကြတယ်။ လောကဓံရဲ့အထိုးအနှက်ကို ဥာဏ်ပါပါ တွန်းလှန်ရင်း လွတ်မြောက်မှုကို ကြိုးပမ်းနိုင်တယ်လို့လည်း ဆိုပါတယ်။ အရှိန်မပျက်လည်ပတ်နေတဲ့ ကမ္ဘာကြီးကို ဟန်ချက်နေရာကနေ ရွှေ့ပစ်လိုက်နိုင်တယ်လို့ သိပံပညာရှင်တစ်ခုရဲ့ကြုံးဝါးသံဟာ လက်တွေ့ဖြစ်လာနိုင် မဖြစ်နိုင်ဆိုတာထက်၊ ကိုယ့်ဘဝရဲ့အညှာကို ကိုင်လှုပ်ပြီး ပြောင်းလဲပစ်နိုင်တာကတော့ သူများမဟုတ်ဘူးနော်။ ကိုယ်ကိုယ်တိုင်ပဲဆိုတာတော့ ယုံထားလိုက်ပါ။ ဒါဆိုရင် ဘယ်လိုပုံစံနှင့်များ ပြောင်းလဲပစ်နိုင်ပါလိမ့်လို့ တွေးစရာရှိလာမှာ သေချာတယ်။
    အဖြေကတော့ လွယ်လွယ်ရှင်းရှင်းလေးပါ။ မှန်မှန်ကန်ကန်တွေးတောဆင်ခြင်ခြင်းပဲပေါ့။ ကိုယ့်ဘဝ အတွက် ဖြစ်သင့်တာ၊ ဖြစ်နိုင်တာ ဖြစ်ချေရှိတာတွေကို မှန်မှန်ကန်ကန်နှင့် ဦးဆုံးတွေးခေါ်ဖို့လိုတယ်။ ပြီးမှ တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်တက်လှမ်းသင့်တယ်။ ဘယ်လိုကြိုးစား ကြိုးစားဘာမှဖြစ်လာမှာ မဟုတ်ပါဘူးဆိုတဲ့ အပျက်အတွေးတွေးတာ မျိုးကိုတော့ ရှောင်မှ။ ဘာမှမလုပ်ဘဲ စိတ်ပျက်လက်ပျက်ထိုင်ငိုင်နေပြီး စိတ်ဓါတ် ကျနေတာဟာ နေ့စဉ် ဘဝကိုပျော်ရွှင်ကြည်နူးချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ကန့်လန့်ထိုက်နေတာတော့ အမှန်ပဲ။
    ကောင်းပြီ။ သင့်တော်မှန်ကန်တဲ့အတွေးတွေနဲ့ ဘဝကိုအသစ်စတင်ပြီး ကြိုးပမ်းမယ်လို့တော့ ရည်ရွယ်ရင်ပေါ့။ လူငယ်ဘဝ စိတ်မြန်လက်မြန် ရှိတယ်။ အီလေးဆွဲပြီး ထိုင်စောင့် မနေချင်တော့ဘူး။ ရေတွင်းတူးပြီးပြီဆိုတာနဲ့ ရေကြည်ရေသန့်ကို တစ်ဝကြီးသောက်ပစ် လိုက်ချင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကိုတော့ ထိန်းရမှာဖြစ်တယ်။ သူများတကာ အမြင့်ကြီးကို လှမ်းတက်ချင်သူဟာ သူများတကာ အိပ်ကောင်းကောင်းနှင့် အနားယူနေတုန်းမှာ ဝိရီယရှိရှိ ကြိုးစားတတ်ကြတာကိုလည်း မေ့မထားသင့်ဘူး။
    တစ်ခုရှိတာက ဇွဲရှိခြင်းရဲ့တစ်ဆက်တည်း အနေနှင့် စိတ်ရှည်ကြံ့ခိုင်ခြင်းဆိုတာက ကပ်ပြီးပါနေသင့်တာမျိုး။ ဆိုလိုတာက ကိုယ့်ရဲ့ရည်မှန်းချက်ပြည့်မှီပြီး နေပျော်တဲ့ ဘဝလေးကိုပိုင်ဆိုင်ဖို့အတွက် နေ့မအား ညမနားကြိုးစားပြီး နားချိန်အားချိန်ဆိုတာ လုံးဝမရှိသင့်ဘူးလို့တော့ မဆိုလိုပါဘူး။ တစ်စိုက်မတ်မတ်ကြိုးစားခြင်းဆိုတာမှာ စိတ်ရောလူပါဖြေလျှော့ အနားယူပေးခြင်းဆိုတာ မဖြစ်မနေ လိုအပ်ချက်တစ်ခု။ဘဝမှာခက်ခဲ ပင်ပန်းမှုတွေနဲ့ချည်း ရုန်းကန်မှအောင်မြင်မှုကို ရနိုင်တယ်ဆိုတဲ့ သီအိုရီကို အရိုးစွဲကိုင် မထားသင့်ပါဘူး။ စိတ်ကြည်လင်ပေါ့ပါးမှု အပြည့်နှင့် နားချိန်၊ အားချိန်၊ အလုပ်ကြိုးစားချိန်ဆိုတာတွေကို ဟန်ချက်ညီညီရှိဖို့ကသာ အရေးကြီးဆုံးပါ။
    ယေဘုယျ သဘောပြောရရင် ကိုယ့်ရဲ့ရည်မှန်းချက်ကို အာရုံစူးစိုက်ပြီး စိတ်ဖိစီး တင်းကျပ်မှုတွေကိုဖယ်၊ ဒါမှမဟုတ် လျှော့နိုင် သလောက်လျှော့ချ၊ အပျက်အတွေးတွေဝင် မလာအောင်တားဆီး၊ ဒါတွေဟာ မဖြစ်မနေဆောင်ရွက်သင့်တဲ့ အချက်တွေပါ။ လောကဓံ ဆိုတာကတော့ သူရဲ့လုပ်ရိုးလုပ်စဉ် တာဝန်တစ်ခုအနေနဲ့ တိုက်ခိုက်ထိုးနှက်နေမှာပဲ။ ကိုယ်ကသာ ဖြစ် သင့်တာ၊ ဖြစ်ချင်တာနှင့် ဖြစ်လာနိုင်တာတွေကို ချင့်ချိန်တွေးဆတတ်ဖို့လိုတယ်။ ပြီးတော့ စိတ်ကူးယဉ် အိမ်မက်ချည်းမက်နေတာထက် ပျော်ရွှင်ကြည်နှုးစရာကောင်းတဲ့ ရွှေရောင်နေ့သစ်တွေကို တကယ်ပဲ မျှော်မှန်းပြီး လက်တွေ့ဆန်ဆန်အလုပ်နှင့် သက်သေပြရမှာပါ။
    ဘဝမှာအောင်မြင်ပျော်ရွှင်ချင်တယ်ဆိုရင်ပေါ့။ ကိုယ်မျှော်မှန်းထားတာ တစ်စုံတစ်ရာရှိတယ်။ တွေးတောကြံဆပြီး ကြိုးစားတယ်။ ဒါပေမယ့် စိတ်ထဲမှာသိပ်ပြီး မယုံရဲသလိုဖြစ်နေတာမျိုးဆိုရင်တော့ ကိုယ့်ကိုကိုယ်ဆန်းစစ်ဖို့လိုလာပြီ။ အထူးသဖြင့်တော့ ငယ်ဘဝမှာ မိဘ (အထူးသဖြင့် ဘိုးဘွားတွေက) စိုးရိမ်တကြီးနဲ့ ဟန့်တားခဲ့တာတွေ များတာပဲဖြစ်ဖြစ် “ဟိုမလုပ်နဲ့” “ဒါလုပ်ပါလား” တွေနှင့် တရစပ်ကြားနာပြီး ကြီးပြင်းလာရသူတွေမှာ ဝေခွဲမရ၊ မရေမရာစိတ်တွေဖြစ်လေ့ရှိတယ်။ ဒီတော့ ကိုယ့်ရည်မှန်းချက်ကို ပြည့်မြောက်ဖို့ ကြိုးစားတယ်။ စိတ်ကူးတိုင်းဖြစ်ပါ့မလားဆိုပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြန်ရော။ အဲဒီအကျင့်ကို အရင်ဆုံးဖျောက်ပစ်ဖို့ကလည်း သူများအကူအညီယူစရာမလိုပါဘူး။ ကိုယ်တိုင်ကပဲ စိတ်ဓ်ာနှင့်အမြင်ကိုပြောင်းလဲပစ်နိုင်တာပါ။ ဒါဟာကိုယ့်ဘဝအတွက် အဆင်ပြေချောမွေ့ပြီး ကြည်နှုးစရာနေ့ရက်တွေကို ပိုင်ဆိုင်လာနိုင်တဲ့ အခွင့်အကောင်းတစ်ရပ်လို့ပဲလို့ အသေအချာ သဘောပေါက် လက်ခံလိုက်ရင် ကိုယ့်စိတ်ဓာတ်ကိုအခြေခံဖို့ အဲဒီအခါ တစ်စုံတစ်ယောက်ဆီက ဘာအခွင့်အရေးကောင်းတွေ၊ ဘာအကူအညီတွေများ ရပါ့မလဲ၊ အဲဒါတွေရလာရင်တော့ ပျော်ရွှင်တဲ့ဘဝလေးတစ်ခု ရတန်ကောင်းရဲ့ဆိုတဲ့ အတွေးတွေရှိမလာနိုင်တော့ဘူး။
    လက်တွေ့ကြိုးစားမှုနှင့် တစ်ထပ်တည်းလိုက်နေတာက သင့်တော်မှန်ကန်တဲ့ကိုယ့်ရဲ့စိတ်ဓာတ် ဆိုတာ မေ့မထားပါနှင့်။ ဖြစ်ချင်တာတွေ အတွက် (စိတ်ဓာတ်မကျဘဲနှင့်) ဖြစ်သင့်တာတွေကို တစ်နေ့ချင်းဖြည်းဖြည်းမှန်မှန်  ကြိုးစားသွားဖို့ စိတ်ကူးမယ် ဆိုရင် ပျော်ရွှင်အောင်မြင်မှု ဆိုတာ ကိုယ့်ရဲ့အဝေးကြီးမှာ မဟုတ်။ လက်တစ်ကမ်းတင်ပါပဲ။ အရေးကြီးတာက ခိုင်ခိုင်မာမာ ယုံကြည်မှုရှိရမယ်။ အတွေးအခေါ်မှန်ကန်ပြီး တစ်စိုက်မတ်မတ် ကြိုးစားဖို့ပါပဲ။ ကောက်ရိုးမီး အားထုတ်မှုမျိုးကတော့ ကိုယ့်ဘဝရဲ့ ရည်မှန်းချက်နှင့် ဝေးသည်ထက်ဝေးအောင် တွန်းပို့နေမှာပါဆိုတဲ့အကြောင်း။
    နှင်းဆီခင်