News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • မွတ်စလင်မ် လူဦးရေ ၁၇% သာရှိတဲ့ မောရိသျှနိုင်ငံမှာ သမ္မတဖြစ်လာတဲ့ မွတ်စ်လင်မ် အမျိုးသမီး

    မွတ်စလင်မ် လူဦးရေ ၁၇% သာရှိတဲ့ မောရိသျှနိုင်ငံမှာ သမ္မတဖြစ်လာတဲ့ မွတ်စ်လင်မ် အမျိုးသမီး

    ဇွန်လ ၁၅ ၊ ၂၀၁၅
    M-Media
    president of Mauritius
    အာဖရိကမှာ အမျိုးသမီးသမ္မတသစ်တစ်ဦး ထွက်လာပါပြီ။ သူမက မွတ်စ်လင်မ်ပါ။ အသက် ၅၆ နှစ်ရှိပြီး အမည်နာမကတော့ ဂူရစ်ဗ် ဖကီးမ် ဖြစ်ပါတယ်။ သူမရဲ့ ပန်းတိုင်အရောက်လှမ်းမှုကို တစေ့တစောင်း ကြည့်လိုက်ကြပါစို့။

    ဘုရင်တွေထဲမှာ ဒဿနပညာရှင်ကို ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ဇီဝဗေဒပညာရှင် သမ္မတတစ်ဦးဆိုတာ ကြားဖူးကြပါသလား ? သူကတော့ TED blog မှာ “ရိုးသားနှိမ့်ချတဲ့အပင်တွေထဲ အံ့သြဖွယ်လျှို့ဝှက်ချက်တွေရှိနေတယ်” လို့ စကားလက်ဆောင် ပါးခဲ့သူ အာမီနဟ် ဂူရစ်ဗ် ဖကီးမ် Ameenah Gurib-Fakim ဖြစ်ပါတယ်။ ယခုအချိန် သူမဟာ အာဖရိကကမ်းရိုးတန်း တစ်ဖက်က မောရစ်သျှ ကျွန်းနိုင်ငံငယ်လေးရဲ့ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လာခဲ့ပါပြီ။ မောရစ်သျှပါလီမန်ကနေခန့်အပ်တာဖြစ်ပြီး ဒီနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး သမ္မတအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ မောရစ်သျှကျွန်းနိုင်ငံမှာ မွတ်စ်လင်မ်လူဦးရေ ၁၇ ရာခိုင်နှုန်းသာရှိပါတယ်။ သမ္မတတစ်ဦးအဖြစ် မထင်မှတ်ဘဲ ရောက်လာပုံ၊ အမျိုးသမီးအနေနဲ့ရော ဇီဝဗေဒပညာရှင်အနေနဲ့ပါ သမ္မတဘ၀တက်လှမ်းရပုံကို TED Blog က တွေ့ဆုံမေးမြန်းထားပါတယ်။

    (မေး) နိုင်ငံရေးကိုစိတ်ပါဝင်စားလာအောင် ဘယ်အရာက တွန်းပို့လိုက်ပါသလဲ ?

    (ဖြေ) ပြောပြရမယ်ဆိုရင် ယုံချင်စရာမရှိလောက်ပါဘူး။ ယမန်နှစ်က သက်တမ်းကုန်ဆုံးတော့မယ့်အစိုးရဟာ တာဝန်ပြီးဆုံးတော့မယ့် ၀န်ကြီးချုပ်ကို အခွင့်အာဏာပိုပေးနိုင်ဖို့ ဖွဲ့စည်းပုံစည်းမျဉ်းကို ပြင်ဆင်လိုခဲ့တယ်။ ဒီအပေါ် အတိုက်အခံပါတီက “ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်စုံတစ်ရာပြောင်းလဲဖို့ ကျွန်တော်တို့ မလိုလားပါဘူး။ ကျွန်တော်တို့အနေနဲ့ အမျိုးသမီးသမ္မတတစ်ဦးကို အဆိုပြုသွားမှာဖြစ်တယ်” လို့ ပြောကြားခဲ့တယ်။

    ကျွန်မကို သူတို့ကမ်းလှမ်းတဲ့အခါ “ကျွန်မကိုကျွန်မ နိုင်ငံရေးသမားလို့ မထင်ပါဘူး။ အဲ့ဒီ ကစားပွဲထဲကိုလည်း ၀င်ရောက်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။ သမ္မတရာထူးဟာ ဒီနိုင်ငံအဖို့ ဒီလောက်အလုပ်များမြောင်မှုမရှိပေမယ့် တာဝန်ကတော့ ကြီးမားလှပါတယ်။ “ကျွန်တော်တို့က ခင်ဗျားကို အဲ့ဒီနေရာမှာ ရှိနေယုံပဲ လိုချင်တာပါ။ ယှဉ်ပြိုင်အရွေးခံစရာ မလိုဘူး။ လိုအပ်တာမှန်သမျှ ကျွန်တော်တို့ ဆောင်ရွက်ပါမယ်” လို့ သူတို့ကပြောတော့ ကျွန်မကလည်း “ကောင်းပြီလေ၊ လုပ်လိုက်ကြတာပေါ့” ဆိုပြီး (ခပ်ပေါ့ပေါ့ပဲ)ပြောလိုက်မိပါတယ်။ ဘယ်နည်းနဲ့မဆို သူတို့ရှုံးနိမ့်လိမ့်မယ်လို့ ကျွန်မ အတွေးတိမ်စွာ ထင်မှတ်ထားခဲ့မိတယ်။ ဂိုးလိယက်နဲ့ရင်ဆိုင်တဲ့ ဒေးဗစ်လို ဖြစ်စဉ်လိုမျိုးပေါ့။ အံ့သြလိုက်တာ။ သူတို့ဟာ မထင်မှတ်လောက်အောင် မဲ အပြတ်အသတ်နဲ့ နိုင်သွားတယ်ရှင့်။ TEDGlobal ကနေ ကျွန်မပြန်လာတော့ ပွဲကပြီးနေပြီ။ ဒီတော့လည်း ကျွန်မ ဒီနေရာကို ရောက်လာခဲ့ရပါတယ်”။

    ပါတီကအနိုင်ရသွားချိန်မှာ လက်ရှိသမ္မတက သူ့ရာထူးသက်တမ်းဟာ ၂၀၁၇ ခုနှစ် အထိပါလို့ ပြောကြားပါတယ်။ ဒါကြောင့် “ကောင်းတာပေါ့။ ကျွန်မအတွက် ပြင်ဆင်ချိန် ကောင်းကောင်းရသွားတာပေါ့” လို့ တွေးထားမိတယ်။ ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့ မေလ ၂၉ ရက် သောကြာနေ့မှာ နှုတ်ထွက်သွားပါတယ်။ ဒါက သမ္မတနေရာကို လူထုအားနဲ့ တွန်းပို့ခံရပုံ ကျွန်မရဲ့ဇာတ်လမ်းပါပဲရှင်။

    (မေး) လက်ရှိသမ္မတက နှုတ်ထွက်လိမ့်မယ်လို့ ကြိုသိထားပါသလား ?

    (ဖြေ) စဉ်းတောင်မစဉ်းစားမိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ဒီသတင်းအစွန်းအစ စကြားရတယ်။ သောကြာနေ့ကျတော့ သူ့ဖာသာသူ နှုတ်ထွက်သွားခဲ့တာပါ။ “ခင်ဗျားကို အမြန်ဆုံးခန့်အပ်လိုက်ဖို့ ကျွန်တော်တို့ လိုအပ်တယ်” လို့ ကျွန်မရဲ့ပါတီက ပြောကြားခဲ့ပါတယ်။

    ကံကောင်းထောက်မစွာနဲ့ ဒီနိုင်ငံမှာ သမ္မတက ဖွဲ့စည်းပုံစည်းမျဉ်းရဲ့ဒေါက်တိုင် ဖြစ်နေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သူ၊ စစ်တပ်မရှိသော်လည်း စစ်ဦးစီးချုပ်(ပါလီမန် အုပ်ချုပ်ရေး အကြီးအကဲ)လည်း ဖြစ်ရပါတယ်။ ဒီဘောင်ထဲကနေ အခြားအရာတွေ ပြုလုပ်ဆောင်ရွက်ဖို့ အခွင့်အာဏာအပြည့်အ၀ ရှိနေပါတယ်။

    သိပ္ပံနဲ့နည်းပညာဆိုင်ရာ ပညာရှင် အစုအဝေးတွေကို ကျွန်မ အားပေးမြှင့်တင်ချင်ပါတယ်။ TEDGlobal မှာကတည်းက ကျွန်မတို့ဟာ မောရစ်သျှ ဇီဝဗေဒဗိမာန်ကို ဖွင့်လှစ်ခဲ့တယ်။ အဲ့ဒါက ဒီကဏ္ဍမှာ ကမ္ဘာ့ပထမဆုံးနည်းပညာရှင်အစုအဝေးဖြစ်ပါတယ်။ ကျွန်မတို့ဆီမှာ ၀န်းရံပေးမယ့်သူတွေ၊ ကိုင်တွယ်လည်ပတ်မယ့် ပညာရှင်အဖွဲ့တွေ အင်မတန် နည်းပါးနေသေးတယ်။ ဒါပေမယ့် ပိုမိုများပြားလာဖို့ အလားအလာကောင်း တစ်ရပ် ရှိလာရပါပြီ။ နောက်ထပ် ကျွန်မ ဦးတည်လိုတဲ့ကဏ္ဍကတော့ သဘာဝ ပတ်ဝန်းကျင်ရေးရာ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုက ကျွန်မတို့အတွက် အလွန် အရေးကြီးကြောင်း ခံစားသိရှိနိုင်ကြမှာပါ။ ပြင်းထန်အားကောင်းတဲ့ မုန်တိုင်းတွေကို ကျွန်မတို့ မြင်တွေ့နေကြရတယ် မဟုတ်လား။ ကောင်းကောင်းကြားနိုင်အောင် အသံကျယ်ကျယ် လွှင့်ဖို့ လိုပါတယ်။ ဗဟုဇီဝမျိုးစိတ်နယ်ပယ်ထဲ ထက်သန်လှုပ်ရှားသူတဖြစ်လဲ မောရစ်သျှရဲ့ကိုယ်ပိုင်မူဟန်အနေနဲ့ အရာရာအားလုံးရဲ့ ရေရှည်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်သွားပါမယ်။

    ဒါကြောင့် ကျွန်မတို့က ပညာရေးကို အထူးမျက်ခြေမပြတ် ရှိရပါမယ်။ ဒါ့အပြင် ကျွန်မရဲ့ပါတီကို စီးပွားရေးအခွင့်အလမ်းမှာ စူးစိုက်ခိုင်းထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းမွန်တဲ့စီးပွားရေးရှိရင် အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးတွေလည်း လိုက်ပြီး ကောင်းမွန်တိုးတက်လာမှာမို့လို့ပါပဲ။ ကျွန်မတို့ဆီမှာ အခမဲ့ပညာရေးစနစ်နဲ့ အခမဲ့ကျန်းမာရေးဝန်ဆောင်စနစ်လည်း ရှိနေပါတယ်။
    president of Mauritius 2
    (မေး) ဇီဝဗေဒပညာရှင်တစ်ဦးအနေနဲ့ သမ္မတနေရာကနေ ကွဲပြားခြားနားတဲ့အမြင်တစ်ရပ်ကို ဖော်ဆောင်ချပြသွားမှာလား ?

    (ဖြေ) အမျိုးသမီးဇီဝဗေဒပညာရှင်ဆိုတဲ့အချက်ကို ပိုပြီး နှလုံးသွင်းထားပါတယ်။ ကျွန်မဟာ မှန်လုံခန်းကနေ ဖောက်ထွက်လာခဲ့ပြီးပါပြီ။ ဒါဟာ အမျိုးသမီးငယ်တွေ၊ မိန်းကလေးတွေကို ပို့ဆောင်ပေးရမယ့် အဓိကသတင်းစကားတစ်ရပ်ဖြစ်ပါတယ်။
    လူငယ်တွေဟာ သိပ္ပံပညာတွေကို တစ်စစ ကျောခိုင်းနေကြတယ်။ ဒါကြောင့် သိပ္ပံလေ့လာရေး၊ သိပ္ပံပညာအပေါ်စိတ်ပါဝင်စားလာရေးကို တိုးမြှင့်ဖော်ဆောင်ပေးသူ စံပြအမျိုးသမီးဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ “အမျိုးသမီးဆိုလည်း
    မဖြစ်ဖြစ်အောင်လုပ်နိုင်ပါတယ်” လို့ လူတွေကို ကျွန်မ ပြောကြားချင်ပါတယ်။

    (မေး) ပထမဆုံးအမျိုးသမီးသမ္မတတစ်ဦးဖြစ်လာခြင်းက ထူးခြားတဲ့ခံစားမှု ဖြစ်စေပါသလား ?

    (ဖြေ) သိပ်ဖြစ်ရတာပေါ့ရှင်။ မောရစ်သျှနဲ့ အာဖရိကတိုက်အတွက် တော်တော့်ကို ကြီးကြီးမားမား ခံစားရပါတယ်။ အာဖရိကမှာ တိုင်းပြည်ကို ပဲ့ထိန်းမောင်းနှင်သူအမျိုးသမီး များများစားစား မရှိကြဘူး။ ကမ္ဘာနဲ့ချီပြီးပြောရင်လည်း အလားတူအတိုင်း အမှန်ဖြစ်နေတယ်။ ဒါကြောင့် ဒါဟာ သမိုင်းအပြောင်းအလဲလို့ ဆိုနိုင်ပါတယ်။

    မောရစ်သျှမှာ ဖိုဝါဒဆန်လွန်းတဲ့လူ့အဖွဲ့အစည်းထဲ ကျွန်မတို့ နေထိုင်ရှင်သန်နေကြတယ်။ ကျွန်မရဲ့အပျိုရွယ်ဘ၀မှာ ကံကောင်းခဲ့ ပါတယ်။ ကျွန်မ ပညာရေးလမ်းကြောင်း လျှောက်လှမ်းဖို့ ဖခင်ဖြစ်သူက ကန့်ကွက်မှု အလျဉ်း မလုပ်ခဲ့လို့ပါ။ ကျွန်မ ငယ်စဉ်အချိန်က လွတ်လပ်စွာ ပညာသင်ကြားခွင့် မရှိခဲ့ဘူး။ ဒါကြောင့် မိန်းကလေးများစွာကလည်း အလေးမထားခဲ့ကြဘူး။ ၁၉၇၆ ခုနှစ်နောက်ပိုင်းမှာတော့ ကျောင်းတက်တဲ့ မိန်းကလေးတွေ တစ်စထက်တစ်စ များပြားလာကြတယ်။ ဒါပေမယ့် သက်မွေးဝမ်းကျောင်း အဆင့်ထိ မတက်လှမ်းနိုင်ဘဲ တစ်ဝက်တစ်ပျက်မှာ လမ်းပျောက်ကုန်ကြတယ်။ ယိုပေါက်ရှိနေတဲ့ ရေပိုက်လိုမျိုးလို့ ကျွန်မ ဥပမာပေးချင် ပါတယ်။ စာသင်ခန်းထဲရောက်လာတဲ့ မိန်းကလေးတွေ အများအပြားပါပဲ။ သို့ပေမယ့် အချိန်တန်တဲ့ အခါ ရေပိုက်ရဲ့အခြားတစ်ဖက်ကို ကြည့်လိုက်ရင် ကျန်ရစ်နေခဲ့သူဆိုလို့ မတွေ့ရသလောက် ဖြစ်သွားပါတယ်။ ဒီယိုပေါက်ကို ဘယ်လိုဖာထေးမလဲဆိုတာ ကျွန်မတို့ မြင်အောင်ကြည့်တတ်ရပါမယ်။ အဲ့ဒီအချက်နဲ့ပတ်သက်ပြီး ကျွန်မ စီစဉ်ထားတဲ့ ပုံဟန်အများအပြား ရှိပါတယ်။ ဒါဟာ ကျွန်မ စိတ်လှုပ်ရှားခံစားမိစေတဲ့ အကြောင်းရင်းများထဲက တစ်ခုပါပဲ။

    (မေး) ကနဦးပိုင်းက မောရစ်သျှရဲ့ကိုယ်ပိုင်မူဟန်လို့ ပြောခဲ့တယ်နော်။ အဲ့ဒါကို ရှင်းပြပေးနိုင်မလား ?

    (ဖြေ) ဖြေးဖြေးနဲ့မှန်မှန်တည်ဆောက်ပြီး ပြန်လည်မွမ်းမံတည်ဆောက်ခြင်းက မောရစ်သျှရဲ့ကိုယ်ပိုင်မူဟန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ ကမ္ဘာ့နေရာအနှံ့အပြားကနေ ရောက်လာတာမို့လို့ပါ။ ကျွန်မတို့ရဲ့ပြည်သူတွေထဲမှာ အိန္ဒိယ၊ အာဖရိကန်၊ တရုတ်၊ ဥရောပနွယ်ဖွားတွေ ပါဝင်ပေါင်းစည်းနေကြတယ်။ သက်ဆိုင်ရာ လူမျိုးစွဲတွေရှိကြတယ်။ ငါတို့ဟာ “မောရစ်သျှနိုင်ငံသား” ဆိုတာကို မတ်လ ၁၂ ရက် လွတ်လပ်ရေးနေ့ကျင်းပချိန်၊ နိုင်ငံတော်အလံနဲ့သီချင်းတွေကို ၀ိုင်းရံသီဆိုချိန်လောက်မှာသာ သတိတရဖြစ်ကြတယ်။ နောက်တစ်နေ့ ကူးရင် ဒီအဖြစ်ကို မေ့လျော့သွားပြန်ရော။ ဒါကြောင့် တစ်နည်းနည်းနဲ့ ထောင့်စေ့အောင် (ပြန်လည်ပြုပြင်) တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ ပြောရတာပါ။

    တကယ်ကောင်းတဲ့ အလေ့အထတွေလည်း ရှိကြပါတယ်။ ကျွန်မတို့နိုင်ငံမှာ သဘာဝသယံဇာတတွေ မရှိသော်ငြား တစ်ဦးချင်းဝင်ငွေကတော့ အာဖရိကမှာ အမြင့်မားဆုံးဖြစ်နေပါတယ်။ ကျွန်မတို့ဆီမှာ လူမျိုးပေါင်းစုံ ရှိတယ်။ ယေဘူယျအားဖြင့် ခိုင်မာအားကောင်းတဲ့ လူမှုဆက်ဆံရေးကွန်ရက်ကို ဖော်ဆောင်ထားပြီးလည်းဖြစ်တယ်။ ဒီအစဉ်အလာကောင်းကို ကမ္ဘာသိအောင် လုပ်ကြရပါမယ်။ ဒီအချက်ကို လွန်ခဲ့တဲ့နှစ်ပိုင်းတွေအထိ ပီပြင်အောင် မဆောင်ရွက်နိုင်သေးဘူးလို့ ကျွန်မ မြင်ပါတယ်။

    ကျွန်မတို့ဆီမှာ တစ်စုတစ်စည်းသော ဗဟုဇီဝမျိုးနွယ်အုပ်စုတွေ ရှိထားတယ်လေ။ ဒါကို ရေရှည်တည်တံ့မယ့်ဖွံ့ဖြိုးရေးနဲ့အတူ စီးပွားရေးအခွင့်အလမ်းအဖြစ် အသွင်ပြောင်းလဲလိုက်လို့ ရနိုင်ပါတယ်။

    (မေး) သမ္မတဖြစ်ခြင်းက ခင်ဗျားရဲ့နေ့စဉ်ဘ၀ကို ပြောင်းလဲစေမယ်လို့ ထင်မြင်ထားပါသလား ?

    (ဖြေ) ကျွန်မဟာ ခရီးထွက်ကြမ်းသူပါ။ ဒီ(သမ္မတဘ၀)က ကျွန်မရဲ့ အတောင်ပံတွေကို ကွပ်ညှပ်ထားပါတော့မယ်။ ကျွန်မရဲ့မိသားစုကလည်း သွားလာမှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုလာပါတော့မယ်။ လွန်ခဲ့တဲ့ငါးလလောက်ကတည်းက ကျွန်မသာ သမ္မတ ဖြစ်လာခဲ့ရင်ဆိုတဲ့ အတွေးမျိုး တွေးနေခဲ့ကြပါလိမ့်မယ်။ ကျွန်မရဲ့အမည်နဲ့တစ်ကွ ပါတီ အနိုင်ရသွားတာနဲ့ ဘယ်လိုရှေ့ဆက်မယ်ဆိုတာ ကျွန်မတို့ နားလည်ခဲ့ပြီး ဖြစ်ပါတယ်။

    (မေး) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းအပေါ်မှာ ဘယ်အရာတွေကို စိတ်အလှုပ်ရှားဆုံး ဖြစ်ရပါသလဲ ? ဘယ်အရာနဲ့ပတ်သက်ပြီး ပူပန်မှု ရှိနေပါသလဲ ?

    (ဖြေ) စိုးတထိတ်ထိတ်ပါပဲရှင့်။ ဧရာမတာဝန်ကြီးတစ်ရပ် ဖြစ်နေလို့ပါ။ ကျွန်မ ဖြစ်အောင်ကြိုးစားလုပ်မယ့်အရာနဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားမှုတွေ အများကြီး လိုအပ်ပါတယ်။ ကျွန်မက သိပ္ပံပညာရှင်ပါ။ ဒါကြောင့် မြင်တဲ့အတိုင်း
    ပြောဆိုတတ်ပါတယ်။ သမ္မတတစ်ဦးအနေနဲ့ကတော့ အဆပေါင်းများစွာ ပိုပြီး သံတမန်ဆန်ဆန် ပြုမူကျင့်သုံးဖို့၊ အနုစိတ်ကရုတစိုက်ရှေ့ဆက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

    xxxxxxxxxxxxxxxxxxxxxxxxxxx

    Ref : There’s a new female president in Africa, and she’s Muslim ; Aquila Style
    ဘာသာပြန် – မင်းထွဋ်ခေါင်

  • ဖနားတစ်စင်မ်နဲ့  ၂၀၁၅ ဆီးဂိမ်းဘောလုံး

    ဖနားတစ်စင်မ်နဲ့ ၂၀၁၅ ဆီးဂိမ်းဘောလုံး

    M-Media
    ၂၀၁၅ ဇူလိုင် ၁၄
    ဆောင်းပါးရှင် – ဒန်ငြာရှိန်း

    မြန်မာပရိသတ်များ ဗီယက်နမ်နှင့် ဆီးမီးဖိုင်နယ်ပွဲအပြီး အောင်ပွဲခံနေစဉ် (ဓါတ်ပုံ CNA)
    မြန်မာပရိသတ်များ ဗီယက်နမ်နှင့် ဆီးမီးဖိုင်နယ်ပွဲအပြီး အောင်ပွဲခံနေစဉ် (ဓါတ်ပုံ CNA)

    ဆီးဂိမ်း၂၀၁၅ ၀က်ဘ်ဆိုက်ဒ်က မြန်မာပရိသတ်အားပေးပုံကို fanatical support ခေါ် တယူသန်အားပေးပုံလို့ ရေးထားတယ်။ (http://tinyurl.com/phowarn) ဘောလုံးပွဲအားပေးတဲ့ ပရိသတ် ၊ အထူးသဖြင့် ကွင်းထဲက ပရိသတ်က အမြဲတယူသန်ပဲ၊ မြန်မာပရိသတ်မှ မဟုတ်ဘူး ၊ ဘောပရိသတ်တိုင်း သူ့အသင်းကိုပဲ တယူသန်အားပေး တတ်ကြတယ်။ နိုင်ငံကိုယ်စားပြု အသင်းကို စိတ်ခံစားချက်နဲ့ အားပေးကြတဲ့အခါ အထူးသဖြင့် ကွင်းတွင်းပရိသတ်သာမက နည်းပြအဖွဲ့ဝင်တွေကိုယ်တိုင် အဖြစ်မှန်ကို သုံးသပ်နိုင်စွမ်း မဲ့သွားလေ့ ဖြတ်တတ်ကြတယ်။

    ဒါကြောင့်လည်း နည်းပြတွေက ဘောပွဲပြီးတဲ့အခါ မိမိအသင်းရဲ့ အားနည်းအားသာချက်တွေကို ဗွီဒီယိုမှတ်တမ်းတွေ ကနေ ပြန်ကြည့်ပြီး နောက်တစ်ပွဲအတွက် ပြင်ဆင်ကြရပါတယ်။

    ဒီလိုရှိတဲ့အခါမှာ မြန်မာပရိသတ်ကိုကျမှ fanatic ခေါ် အရူးအမူးအားပေးတတ်တဲ့ ပရိသတ်ဆိုတဲ့ စကားလုံးမျိုး သုံးပြီး ဖော်ပြကြတာ ဘာကြောင့်၊ အဲဒါကို ဆန်းစစ်ကြရပါမယ်။

    မနေ့က ဗီယက်နမ်နဲ့ ဆီးမီးဖိုင်နယ်ကစားတယ်၊ မြန်မာနိုင်တယ်။ ၀ါရင့်အားကစားကလောင်ရှင် ဆရာခင်မောင်ထွေး (ပျဉ်းမနား) နဲ့ ဦးသန်းတိုးအောင်တို့ကိုယ်တိုင် ကံကိုယိုးမယ်ဖွဲ့ပြီး ကံကူတာလည်း ပါတာပေါ့နော်ဆိုတဲ့အချက်ကို မဖြစ်မနေ၀န်ခံခဲ့ကြတယ်။

    ဒါကိုမှ အွန်လိုင်းသုံးတဲ့ တယူသန်မြန်မာပရိသတ်အချို့က မြန်မာခံစစ်နည်းဗျူဟာကြောင့်သာ မြန်မာနိုင်ခဲ့တာဖြစ်ပြီး ကံကြောင့်နိုင်တာလို့ ပြောတဲ့သူတွေက ဘောပွဲအကြောင်း နားမလည်ကြသူတွေဖြစ်တယ် ဆိုပြီး ပြောဆိုရေးသားကြတယ်။ မြန်မာအသင်း အုပ်ချုပ်ရေးမန်နေဂျာ ဦးသန်းတိုးအောင်ကိုယ်တိုင်က နည်းစနစ်အဖွဲ့ အနေနဲ့ မြန်မာကစားသမားတွေကို ခံစစ်ကစားခိုင်းခဲ့တာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောလိုက်တဲ့အခါကျတော့ ခုနပြောတဲ့ fanatic ၊ တယူသန် ပရိသတ်ဆိုတာဘာလဲ၊ သဘောပေါက်ဖို့ လွယ်သွားပြီ။

    Fanatic ဆိုတဲ့ ဝေါဟာရကပေးတဲ့ နောက်ထပ်အနက်တစ်ခုကလည်းရှိသေးတယ်။ ဘာသာရေးမှာဖြစ်စေ၊ နိုင်ငံရေးမှာဖြစ်စေ တယူသန် အစွန်းရောက်တွေကိုလည်း ဖနားတစ်လို့သုံးစွဲဖော်ပြကြတယ်။ အဲလိုရှိတော့ ဆီးဂိမ်း ၂၀၁၅ ၀က်ဘ်ဆိုက်ဒ်က သုံးထားတဲ့ စကားလုံး ဖနားတစ်သည် အပြုသဘောဆောင်တဲ့စကားလုံးဖြစ်သော်ငြားလည်း အပျက်သဘောဆောင်တဲ့ ဘက်ကနေပြီးလည်း သုံးသပ်ကြည့်ရအောင်။

    မြန်မာပရိသတ်သည် တဘက်အသင်းပရိသတ် ဒါမှမဟုတ် ကြားနေပရိသတ်ရဲ့ဝေဖန်မှုတိုင်းကို တုန့်ပြန်ရမယ်လို့ ခံယူထားတဲ့သဘောမှာ ရှိတယ်။ နိုင်ငံခြားသားအချို့ရဲ့ အွန်လိုင်းဝေဖန်မှုတွေကို မတုန့်ပြန်ရဘူးလို့ မဆိုသာပေမယ့် အားလုံးကို ခံစားချက်နဲ့ တုန့်ပြန်ကြရတာမျိုးလည်း မဟုတ်ပြန်ဘူး။

    ခံစားချက်အသားပေးတာကြောင့် နည်းပြဂါးဘလောက်ရဲ့ အောင်ကျော်ကျော်တို့မျိုးဆက်ကနေ နည်းပြ အိုင်ဗင်ကိုလတ်ရဲ့ ဇော်လင်းထွန်း(၂)တို့ မျိုးဆက်၊ အဲဒီကနေ ခုချိန် (၂၀၁၅ ဆီးဂိမ်းမတိုင်မီ) ထိ ဘောလုံးအောင်မြင်မှုကို ပြန်မရတော့ဖူး။ အဲဒီအမှားတွေက ခုထိအရိပ်ထင်နေဆဲပဲ။

    ဖနားတစ် ဆိုတဲ့နေရာမှာ ခုလက်ရှိ မြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ လူမျိုးရေးဘာသာရေး မှိုင်းတိုက်မှုတွေကိုလည်း ထည့် စဉ်းစားရမယ်။ ဘောလုံးပွဲကနေ မတရားကြီး အမြတ်ထုတ်မယ့် လူတန်းစားတစ်ရပ် မြန်မာပြည်မှာ ရှိနေတယ်။ သူတို့က မြန်မာ ပရိသတ်ကို အဲဒီ ဖနားတစ်စင်မ် (fanaticism) ခေါ် အမှန် မမြင်နိုင်တဲ့ တယူသန် ၀ါဒီတွေဖြစ်အောင် ဖန်တီးမယ်၊ နိုင်ငံရေး အရ အမြတ်ထုတ်မယ်။ ဒါကိုသတိချပ်ဖို့ လိုအပ်ပါတယ်။

    မနက်ဖန် ယူ၂၃ဖိုင်နယ်ဟာ မြန်မာပရိသတ်ရဲ့ ရင့်ကျက်မှုကို ပြသရမယ့်အချိန်ပဲ။ ၀ါးရင်းတုတ် ဒဏ္ဍာရီကို အသက်မသွင်းဘဲ မိမိတို့ရိုးရာ အဆင်အပြင် ယဉ်ကျေးမှုကို ထုတ်ဖော်ပြီး အားပေးတတ်ကြရမှာ ဖြစ်ပါတယ်။ မြန်မာ့ ရိုးရာဝတ်စားဆင်ယဉ်မှု (ဥပမာ မင်းညီမင်းသားတွေ ရှင်ဘုရင်တွေ အစရှိသဖြင့်) သည် အနှောင့်အသွား မလွတ်တဲ့ ၀တ်စားဆင်ယဉ်မှု  မဟုတ်တဲ့အတွက် တဘက်အသင်းကို မထီမဲ့မြင်ပြုရာ မရောက်ပါဘူး။ ထိုင်းပရိသတ်တွေသည်လည်း အဲသလို ၀တ်ပြီး အားပေးကြတာကို အင်ဒိုနဲ့ ဆီးမီးပွဲမှာ တွေ့ကြရမှာပါ။ သို့သော် တရားလွန်ပြီး နှစ်ပေါင်းများစွာက အနာဟောင်းကို ထိုးဆွရင် ဖနားတစ်သည် အပျက်သဘောဆောင် စကားလုံးနဲ့အတူ ဆီးဂိမ်း ၂၀၁၅ ၀က်ဘ်ဆိုက်ဒ်မှာ တကျော့ပြန် အသုံးတော်ခံသွားပါလိမ့်မယ်။

    အနိုင်နဲ့အရှုံးသာရှိမယ့် ဖိုင်နယ်ပွဲမှာ အရှုံးကိုလည်း ရာနှုန်းပြည့်မျှော်လင့်ထားရမှာဖြစ်ပါတယ်။ အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါ အပြုံးမပျက်ဘဲ မိမိအသင်းကို ဆက်လက်အားပေးပြီး သဘောထားကြီးတဲ့ ပရိသတ် ၊ ရင့်ကျက်တဲ့ပရိသတ်ဆိုတာကို ပြသရပါမယ်။

    ဆီးဂိမ်းဆိုတာ ၂ နှစ်တစ်ခါ ပေါ်လာစမြဲပဲ။ နောက်တစ်ကြိမ်ကျရင် ဒီထက်ပိုအားကောင်းအောင် ပြင်ဆင်ကြမယ်ဆိုပြီး နှလုံးသွင်းကြရမှာ သာဖြစ်တယ်လို့ တိုက်တွန်းအပ်ပါတယ်။

     

  • ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်နှင့် မြန်မာ့ပါဝါ တစ်ဆစ်ချိုး

    ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်နှင့် မြန်မာ့ပါဝါ တစ်ဆစ်ချိုး

    ဇွန် ၁၁ ၊ ၂၀၁၅
    M-Media

    1000
    ဘေဂျင်းလေဆိပ်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည့် (Photo-AP)

    ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးဘေဂျင်း ခရီးစဉ်မှာ တရုတ်ပြည် သံတမန် လမ်းကြောင်း၏ ကစားကွက်အတွက် သမိုင်းဝင် အဆင့်အထိတော့ မရောက်ရှိပါ။ သို့သော် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး၏ ပါဝါပြင်ဆင်မှု အတွက် လက္ခဏာသစ်တစ်ရပ်၊ ၎င်းပြင် တရုတ်-မြန်မာ ဆက်ဆံရေး ကဏ္ဍမှ တရုတ်ခေါင်းဆောင်များ၏ တင်းမာစအခြေအနေဖြေလျော့ရေး အမှတ်အသား တစ်ခုဖြစ်ပါသည်။
    .
    ၎င်းဗုဒ္ဓဟူးနေ့ခရီးစဉ်က ယခုနှစ် ရွေးကောက်ပွဲ၌ အပြတ်အသတ်နိုင်ချေရှိသော NLD ပါတီနှင့် အကျိုးတူ စီးပွားများ ရှေ့ဆက်ဆောင်ရွက်နိုင်ကြောင်း ထုတ်ဖော်ပြသမည့် အုပ်စုနှစ်ဖက်၏ကြိုးပမ်းခြင်းတစ်မျိုးဟု သုတေသီများမှ ဆိုသည်။
    .
    တရုတ်ပြည်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူနှင့် အိန္ဒိယ သမုဒ္ဒရာဖက် လက်တံ ဆန့်တန်းနေသူဖြစ်၏။ သို့ရာတွင် ဘေဂျင်းကျောထောက်နောက်ခံ မြစ်ဆုံဆည်စီမံကိန်းဆိုင်းငံ့ထားမှုမှသည် နှစ်နိုင်ငံ နယ်စပ်ရှိ ပဋိပက္ခ အထိ ကိစ္စများကြောင့် တင်းမာမှုကြီးထွားစပြုနေသည်။
    .
    “ဒီခရီးစဉ်ဟာ နှစ်ဖက်စလုံးအတွက် ကွက်လပ်တစ်ခုကို ဖြည့်ပေးနိုင်မှာပါ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်ခရီးစဉ် ထွက်မလာခဲ့ရင် သူမရဲ့အရေးပါမှု စွန်းထင်းသွားနိုင်ပါတယ်။  တရုတ်ပြည်ဖက် ကလည်း အနည်းဆုံးတော့ မြန်မာ့ အနာဂတ်ခေါင်းဆောင် တစ်ဦးနဲ့ ဆက်ဆံရေးပြေလည်နေတာကို ပုံပြလုပ်ဖို့ လိုချင်နေမှာပါပဲ” ဟု Washington’s Stimson Center မှ အဆင့်မြင့်တွေးခေါ်ရှင် အဖွဲ့ဝင် Yun Sun ကပြောကြားသည်။
    .
    တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်တွင် ငါးရက်ကြာ လည်ပတ်မည်ဖြစ်သည်။ သူမသည် သမ္မတ ရှီကျင်းပင်၊ ၀န်ကြီးချုပ် လီကယ်ကျန်းတို့နှင့် တွေ့ဆုံဆွေးနွေးမည် ဆိုသော မြန်မာပြည်မှ သတင်းများနှင့် ပတ်သက်၍ ဘေဂျင်းဖက်မှ အတည်မပြုသေးပါ။
    .
    ကာလကြာရှည် အသံထွက်နေခဲ့သော ဒေါ်အောင်ဆန်းစုကြည် ၏ ဤခရီးစဉ်သည် အသွင်ပြောင်း အစိုးရ တက်လာခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းကဆိုလျှင် ပထမဦးဆုံးအကြိမ် ဖြစ်သည်။ ယခင်စစ်အစိုးရဟောင်း၏ တတိယ ထိပ်သီးပုဂ္ဂိုလ်နှင့် ယခု လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းသည် ဘေဂျင်း၌ သမ္မတ ရှီနှင့်တွေ့ဆုံပြီး ရက်သတ္တပတ် အနည်းငယ်အကြာ ဤခရီးစဉ် ဖြစ်ပေါ်လာသည့် အပေါ် Eurasia Group အဖွဲ့ဝင် နိုင်ငံရေး အကျပ်အတည်း သုတေသီ ခရစ်ရှန်လူးဝစ္စမှ အောက်ပါကဲ့သို့ ထောက်ပြခဲ့သည်။
    .
    “ဦးရွှေမန်းဟာ မြန်မာနိုင်ငံရဲ့သမ္မတလောင်း အဖြစ် အခိုင်ဆုံး အရွေးချယ်ခံ တစ်ဦးဖြစ်ကြောင်း၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာအင်အားမြင့်တက်လာမှုနဲ့ NLD ရဲ့နိုင်ငံရေး အနေအထားကိုလည်း အသိအမှတ်ပြုကြောင်း ဘေဂျင်းက အမြင်ထား ရှိနေတာကို အလည်အပတ် ခရီးစဉ်များရဲ့အကျိုးဆက်က ထင်ဟပ်စေပါတယ်”။
    .
    တရုတ်မြန်မာဆက်ဆံရေးမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ခံရစဉ်တုန်းကထက် ပိုပြီးထူးခြားလာသည်မဟုတ်။ သို့သော် မြန်မာ့နိုင်ငံရေး တံခါးဖွင့်ခြင်းနှင့် အတူ တရုတ်၏နိုင်ငံရေးနှင့် စီးပွားရေးအရ လွှမ်းမိုးခြယ်လှယ်လိုမှုအပေါ် လူထု အမျက်သင့်လာမှုက ဆက်ဆံရေးသွေးအေး လာစေသည်။
    .
    လူထုဆန္ဒပြပွဲများကြောင့် ၂၀၁၁ ခုနှစ်တွင် နိုင်ငံမြောက်ပိုင်း မြစ်ဆုံဆည်စီမံကိန်းကို မြန်မာအစိုးရမှ လုပ်ငန်း ရပ်ဆိုင်းလိုက်သလို၊ လက်ပံတောင်းကြေးနီး စီမံကိန်း အပေါ် ကန့်ကွက်ဆန့်ကျင်ကြသည့် ရွာသူရွာသားများမှာ အကြမ်းဖက်ဖြိုခွင်းမှုကို ရင်ဆိုင်ခဲ့ရသည်။
    .
    မြန်မာစစ်တပ်သည် ရန်သူ့နယ်မြေထဲ ဗုံးကြဲရာမှ တရုတ်ပြည်တွင်း ကျွံဝင်ပြီး နယ်ခံရွာသားအချို့ သေဆုံးခဲ့ရသည်။ ၎င်းနောက် ပြီးခဲ့သည့်ရက်သတ္တပတ်က နယ်စပ်ဒေသပေါ်၌ စစ်ရေးလေ့ကျင့်ပြင်ဆင်မှုပြုလုပ်ခြင်းဖြင့် တရုတ်ပြည်သည် မိမိ၏အမျက်ကို အထင်အရှား ပြသလာသည်။
    .
    ဒေါ်စုကြည်ကဲ့သို့ ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိခဲ့သူ တရုတ်ပြည်၏ တစ်ဦးတည်းသော နိုဗယ်ဆုရှင် လျူ ရှောင်ပို (Liu Xiaobo) မှာ အစိုးရကို အာခံခြင်း စွဲချက်ဖြင့် ထောင်ဒဏ် ၁၁ နှစ် ကျခံနေရသည်။ ထိုသူ့အတိုင်း ဒေါ်အောင်ဆန်းစုကြည် ကို အနောက်နိုင်ငံများမှ ဒီမိုကရေစီထောက်ခံ ရပ်တည်သူဟု လက်ခံထားသည့် အနေအထားအရ သူမ၏ခရီးစဉ်မှာ ထိလွယ်ရှလွယ်ဖြစ်လာနိုင်သည်။
    .
    သို့ရာတွင် ရိုဟင်ဂျာအရေးနှင့် စပ်လျဉ်း၍ သူမ၏နှုတ်ဆိတ်နေခြင်း အပေါ် ဘေဂျင်းကလည်း မိမိတို့ကဲ့သို့ပင် အမြင်ကြည်လင်မှု မရှိနိုင်ကြောင်း အမေရိကန်နှင့် ဥရောပလေ့လာသူများက သုံးသပ်လျက်ရှိသည်။
    .
    အခြားနိုဗယ်ဆုရှင်များနှင့်ခြားနားစွာ သူမသည် တရုတ် ဆန့်ကျင်ရေးဝါဒအား ရှောင်ဖယ် လိုဟန်ရှိပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ အပေါ် ပြစ်တင်ရှုတ်ချရန် တွန့်ဆုတ်နေကြောင်း တွေ့ရ၏။

    “သူမက တရုတ် ဆန့်ကျင်ရေးကို မမြင်လိုတာ အတိအကျပါပဲ။ သူမရဲ့အရေးစိုက်မှုဟာ ပြည်တွင်းရေးထဲမှာပဲ လုံးထွေးနေပါတယ်” ဟူ၍ နှစ် ၆၀ ကျော်ပြည်တွင်းစစ် အဆုံးသတ်ရန် မြန်မာအစိုးရနှင့် လက်တွဲ၍ ငြိမ်းချမ်းရေး လုပ်ငန်းဆောင်ရွက်နေသူ သမိုင်းပညာရှင်နှင့် စာရေးဆရာ ဦးသန့်မြင့်ဦးက ဆိုပါသည်။
    .
    ref: Financial Times
    မြင့်မိုရ်မောင်မောင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • အသက်ဘေးကို လစ်လျူရှု၍ ကျောင်းသားများအား ကယ်တင်ခဲ့ကြသည့် စင်ကာပူမှ ကျောင်းဆရာများ (ဘာသာပြန်ဆောင်းပါး)

    အသက်ဘေးကို လစ်လျူရှု၍ ကျောင်းသားများအား ကယ်တင်ခဲ့ကြသည့် စင်ကာပူမှ ကျောင်းဆရာများ (ဘာသာပြန်ဆောင်းပါး)

    ဇွန် ၉၊ ၂၀၁၅
    M-Media

    sg

    ပြီးခဲ့သည့် သောကြာနေ့က ငလျင်ကြောင့် ကင်နာဘာလူတောင်ပေါ်တွင် တုန်ခါပြီး ကျောက်တုံး၊ ကျောက်ခဲကြီးများ လိမ့်ကျလာသည့်အခါ Tanjong Katong မူလတန်းကျောင်းမှ ဆရာများမှာ ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရမှု မဖြစ်စေရန် ၎င်းတို့၏ ခန္ဓာကိုယ်များဖြင့် ကာကွယ်ပေးခဲ့ကြသည်။

    ထိုဖြစ်ရပ်ဆိုးမှ အသက်ရှင်လွတ်မြောက်လာသည့် ကျောင်းသားများ၏ မိဘများက ယနေ့တွင် ထိုအကြောင်းအရာကို ပြောကြားခဲ့ပြီး ဆရာများ၏ သတ္တိကောင်းမှုနှင့် တစ်ကိုယ်ကောင်းမဆန်မှုတို့ကိုလည်း ချီးကျူးခဲ့ကြသည်။

    စင်ကာပူသို့ ပြန်လည်ရောက်ရှိလာသူများကြားတွင် သမီးဖြစ်သူပါဝင်သော အသက် ၃၈နှစ်အရွယ် မိခင် ဟဇ်ရီန်း ဟူစိန်က “ကလေးတွေဆီက ကျွန်မကြားရတာကော့ ဆရာတွေဟာ ဒဏ်ရာရနေပေမယ့် ထလာပြီး တစ်ချို့တွေဆိုရင် သူတို့ရဲ့ ကျောင်းသားတွေကို ကာကွယ်ဖို့ စွန့်စားခဲ့ကြတယ် ဆိုတာပါပဲ။ ကျွန်မပြောရရင်တော့ ဆရာတွေဟာ သူရဲကောင်းတွေပါ” ဟု
    အိမ်ခြံမြေအကျိုးဆောင်ဖြစ်သူ သူမက ပြောကြားခဲ့သည်။

    အခြားမိဘတစ်ဦးဖြစ်သူ မစ္စတာ အဲလက်စ်ဝင်းကလည်းက အသက် ၁၂ နှစ်အရွယ် သားဖြစ်သူ ထရစ္စတန်၏ ပြောကြားမှုကို ပြန်လည် ဖောက်သည်ချခဲ့သည်။

    “ငလျင်လှုပ်တဲ့အခါ ဆရာတွေဟာ ကျောင်းသားတွေအားလုံးကို အတူတူနေကြဖို့ ပြောခဲ့ပါတယ်။ ပြီးတော့ သူတို့က ကလေးတွေကို ၀ိုင်းထားပြီး (လိမ့်ကျလာတဲ့) ကျောက်တုံးကြီးတွေမထိအောင် ကာကွယ်ပေးခဲ့ကြပါတယ်” ဟု ၀င်းက ဆိုသည်။

    ထို့ပြင် ကျောင်းနှင့် ဆရာများမှာ တာဝန်ရှိသည်ထက်ပို၍ လုပ်ဆောင်ပေးခဲ့သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    “(ခရီးမှာ) သူတို့နဲ့အတူ လိုက်ပါသွားတဲ့ ဆရာအများစုဟာ အနစ်နာခံခဲ့ကြပြီး တော်တော်ဆိုးဆိုးဝါးဝါး ဒဏ်ရာတွေလည်း ရခဲ့ပါတယ်။ သူတို့ရဲ့စိတ်ဓာတ်ကတော့ တကယ့်ကို လေးစားချီးကျူးစရာပါပဲ” ဟု အမြဲတမ်းနေထိုင်ခွင့်ဖြင့် နည်းပညာနယ်ပယ်တွင် အလုပ်လုပ်နေသူ မော်ရီတီးယက်စ်က ပြောကြားခဲ့သည်။

    တူမဖြစ်သူ အာမာလ် အက်ရှ်လေ လင်မ်ကို အသက်ရှင်လျက် ပြန်လည်တွေ့မြင်ရခဲ့သည့် မစ္စတာ ဟာဖစ်ဇ် အဟ်မဒ်ကလည်း ငလျင်လှုပ်သည့်အချိန်တွင် ဆရာများထဲမှ တစ်ဦးက လင်မ်နှင့် အခြားကျောင်းသားတစ်ဦးကို ဖက်ကာ အပေါ်မှ အုပ်မိုးပေးထားသည်ဟု ပြောကြားခဲ့သည်။

    ပညာရေးဝန်ကြီး ဟန်ဆွီကီယက်ကလည်း ကျောင်းသားနှစ်ဦးအား ကယ်တင်ခဲ့ပြီး စင်ကာပူဆေးရုံသို့ ခေါ်ဆောင်လာသည့်သတင်းကို Facebook စာမျက်နှာမှတစ်ဆင့် ယမန်နေ့က မျှဝေရာတွင်လည်း မိဘများနည်းတူ ကျောင်းဆရာများကို ချီးကျူးခဲ့သည်။

    “ကျောင်းဆရာတွေက ကျောက်တုံးကြီးတွေကနေ သူတို့ကို အုပ်မိုးကာကွယ်ပေးခဲ့တာကို ကလေးတွေက ပြန်ပြောခဲ့တယ်လို့ မိဘတွေက ပြောကြပါတယ်။ သူတို့ (ကျောင်းဆရာတွေ)ရဲ့ အားထုတ်မှုနဲ့ တစ်ကိုယ်ကောင်းမဆန်မှုက ကျွန်တော့်ကို တော်တော်လေး ခံစားရစေပါတယ်” ဟု ၀န်ကြီးက ရေးသားခဲ့သည်။

    Ref: Todayline

  • အာရှ လူကုန်ကူးမှုပြသာနာ ဦကျိုးပြီလား ?

    အာရှ လူကုန်ကူးမှုပြသာနာ ဦကျိုးပြီလား ?

    ဇွန် ၉၊ ၂၀၁၅
    M-Media

    15MIGRANTS-WEB1-master675-v2
    မြန်မာနိုင်ငံအနောက်ပိုင်း လူထူထပ်ပြည့်ကျပ်နေတဲ့ ရိုဟင်ဂျာ မွတ်စ်လင်မ် ဒုက္ခသည် စခန်းများထဲ ယိုင်နဲ့နဲ့ တဲ တန်းလျားတွေမှာ တိတ်ဆိတ်ခြင်းက ကြီးစိုးနေပါပြီ။ ထိုင်းနဲ့မလေးရှားထဲက ဘယ်သူမှ ထပ်လာပြီး လူရွေးဖို့ အပေးအယူကိစ္စ မလုပ်ကြတော့ပါဘူး။

    “ဒီ့အလျင်က အနည်းဆုံး လူကုန်ကူးသူတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ လူ ၁၀ ဦးကနေ ၁၅ ဦးအထိ နေ့စဉ်နေ့တိုင်း ဒီကိုရောက်လာတတ်ပါတယ်။ ခုကျတော့ လုံးဝ မတွေ့ရတော့ပါဘူး” လို့ ထွန်းဝင်း အမည်ရှိ လူငယ်လေးက သက်ကယ်မိုးဝါးတဲ တစ်လုံးထဲကနေ ဗီဒီယို ဖုန်းလိုင်းသုံးပြီး ပြောပြပါတယ်။

    ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ချိန်က လှေစီးပြေး ဒုက္ခသည်ဖြစ်စဉ်နောက်ပိုင်း မြန်မာ ရိုဟင်ဂျာတွေရဲ့အဖြစ်ဆိုးဟာ အာရှတလွှား အကြီးမားဆုံး ရွှေ့ပြောင်းမှုပြဿနာဖြစ်လာပါတယ်။ အဲ့ဒီအပေါ် နှစ်ပေါင်းများစွာ အမြတ်ထုတ်ခဲ့တဲ့ လူကုန်ကူးသူများဟာ စီးပွားပျက်ကိန်း ဆိုက်သွားပုံရပါတယ်။ အနိမ့်ဆုံးအားဖြင့် တပ်ခေါက်နေပြီလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့လအထိ သူတို့ရဲ့ ဆိုးဝါးတဲ့လုပ်ငန်းစဉ်ကြီးက နာရီရွေ့လျားမှုအလား မရပ်မနား လည်ပတ်နေခဲ့တယ်။

    ကျားရဲတွင်းနဲ့ ဆင်းရဲတွင်းကနေ လွတ်မြောက်နိုင်ရေးအိပ်မက်ကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ၊ သူတို့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က လူတွေဟာ မလေးရှားမှာ အလုပ်အကိုင်နဲ့ လုံခြုံရေး ရနိုင်စရာမျှော်လင့်ချက်ပေးလို့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်စွန်းကနေ တဆင့် လှေအိုလှေဟောင်းစီးပြီး အသက်စွန့် ခရီးနှင်ဖို့ သွေးဆောင်ခံခဲ့ကြရတယ်။

    သို့တစေလည်း လူအများအပြားကတော့ သူတို့ရဲ့ခရီးစဉ်ကို လျှို့ဝှက်စခန်းတွေထဲမှာ အရက်စက်ခံကျွန်ဘ၀အဖြစ် စခန်းသိမ်းခဲ့ရတယ်။ အဲ့ဒီစခန်းများက ထိုင်းနဲ့ မလေးရှားကြား နယ်စပ်မျဉ်း တစ်ကြောမှာ တည်ရှိနေပါတယ်။ လူကုန်ကူးသူများဟာ အကျဉ်းသားပြန်လွှတ်ရေး အတွက် အဲ့ဒီနေရာကနေတဆင့် ငွေညှစ်တောင်းခံလေ့ ရှိကြတယ်။ လက်ရှိ အခွံသာကျန်ရှိတဲ့ တဲတန်းလျားတွေထဲမှာ သက်ဆိုင်ရာဆွေမျိုးသားချင်းတွေနဲ့ ဈေးညှိဈေးဖြတ်လေ့ရှိကြတယ်။

    ပြီးခဲ့တဲ့လဆန်းပိုင်းမှာ နယ်စပ်ဒေသအနီး သေဆုံးသူ ၃၃ ဦး တွင်းတူးမြုပ်နှံထားမှုကို ရှာဖွေတွေ့ရှိပြီးတဲ့နောက် ထိုင်းနိုင်ငံဖက်က လူကုန်ကူးချေမှုန်းဖို့ အမိန့်ထုတ်လိုက်တော့ ဒီကွင်းဆက် ပြတ်တောက်သွားပါတယ်။
    “ရှိသမျှလူတွေ ထွက်ပြေးကုန်ကြတယ်”  လို့ ထိုင်းနိုင်ငံ လူကုန်ကူးမှုစုံစမ်းဖော်ထုတ်ရေး ရဲမင်းကြီး Thatchai Pitaneelaboot က ဆိုပါတယ်။

    အဲ့ဒီဖြိုခွင်းမှုက ပင်လယ်ထဲ လူသားချင်းစာနာ ကယ်ဆယ်ရေးပြဿနာ ဖြစ်သွားစေခဲ့တယ်။

    ထိုင်းနဲ့မလေးရှားဖက်က ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းဖော်ထုတ်မှုကွန်ရက်များထဲ ဖမ်းမိတာထက်စာရင် အလွတ်ရုန်းအန္တရာယ်က ပိုသက်သာနိုင်လို့ လူကုန်ကူးသူများက သင်္ဘောနဲ့ထွက်ပြေးသွားကြတယ်။ ထောင်ချီတဲ့ ဦးတည်ရာမဲ့ရွှေ့ပြောင်း ဒုက္ခသည်တွေကို လှေမျောဘ၀နဲ့  ချန်ရစ်သွားခဲ့ကြတယ်။

    ပြီးခဲ့တဲ့လက ထိုင်း၊ မလေးနဲ့ အင်ဒိုနီးရှားကို လှေမျောခရီးသည် သုံးထောင်ကျော် ကမ်းကပ်ဆိုက်ရောက်လာတယ်။ ရာပေါင်း များစွာကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဆီ ပြန်ပို့ခဲ့ကြပေမယ့် လူ ၂၀၀၀ ၀န်းကျင်လောက်က ပင်လယ်ထဲမျောနေဆဲဖြစ်မယ်ဆိုပြီး ကုလသမဂ္ဂမှ ခန့်မှန်းထားပါတယ်။

    လူကုန်ကူးလုပ်ငန်းကွင်းဆက်ကို (ရှောင်တခင်)ပိတ်ဆို့ တားဆီးလိုက်ခြင်းက လှေမျော ဒုက္ခသည်ပြဿနာ ပိုကြီးထွားစေခဲ့ကြောင်း ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက လှေစီး ထွက်ခွာမှုအပေါ် ခြေရာခံ ပရောဂျက်လုပ်ဆောင်နေတဲ့ Chris Lewa က ပြောကြားလိုက်ပါတယ်။

    မေလမှာ ထွက်ခွာတဲ့လှေငယ် ၃၀၀ စီး၊ ဧပြီလမှာ အနိမ့်ဆုံး လူဦးရေ ၅၀၀၀၊ နိုဝင်ဘာ ကနေ မတ်လ အတွင်းမှာ လစဉ်ပျမ်းမျှ ၇၀၀၀-၈၀၀၀ လောက်ရှိတယ်လို့ သူမရဲ့ခန့်မှန်းချက် အရ သိရတယ်။

    လွန်ခဲ့တဲ့နှစ်လကတည်းက ရွှေ့ပြောင်းထွက်ခွာအံ့ဆဲဆဲ လူအများစုဟာ ဖြိုခွင်းရေးများကြောင့် ရေပြင်ကို ခြေမချခဲ့ရဘဲ သောင်ပြင်မှာ ပစ်ထားခံရပြီး ငွေပေးရွေးမှ ပြန်လည်ခေါ်ဆောင် ခံရသူတွေပါလို့ သူမက ဆိုပါတယ်။

    ထိုင်းအစိုးရအနေနဲ့ လူကုန်ကူးလုပ်ငန်းကို ချေမှုန်းလိုက်နိုင်လျှင်ပင် အရှေ့တောင်အာရှ ရွှေ့ပြောင်းသွားလာမှု ရပ်ဝန်းရဲ့ ဇာစ်မြစ် အကြောင်းရင်းတွေကို ရပ်တန့်အောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ လူအများအပြားက ယုံကြည်ကြပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ လူဦးရေ ၁.၁ သန်းရှိ ရိုဟင်ဂျာမွတ်စ်လင်မ်တွေအပေါ် ခွဲခြားချိုးနှိမ်ဆက်ဆံနေမှု ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံကို လောဆော်ခဲ့ပါတယ်။ အဲ့ဒီလို လုပ်ဆောင်ချက်မျိုး မရှိဘူး ဆိုပြီး မြန်မာဖက်က ငြင်းဆန် ထားပါတယ်။

    မြန်မာအစိုးရဟာ မြန်မာနိုင်ငံထဲ မျိုးဆက်အလီလီ နေထိုင်လာခဲ့တဲ့ သူတို့ကို တိုင်းရင်းသားအဖြစ် လည်းကောင်း၊ နိုင်ငံသားအဖြစ် လည်းကောင်း အသိအမှတ် မပြုတဲ့အပြင်၊ ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာသူ ဘင်္ဂလီများအဖြစ် သတ်မှတ်ထားပါတယ်။

    မုတ်သုန်ရာသီဝင်ရောက်လာပြီး အန္တရာယ် ပိုများနိုင်တာကြောင့် ဒီလိုကာလမှာ ရွှေ့ပြောင်း စွန့်ခွာမှုနှုန်း နိမ့်ကျသွားလေ့ရှိပါတယ်။ ဒါကြောင့် ဦးကျိုးသွားတဲ့ ဒီလုပ်ငန်းဟာ လပေါင်းများစွာအကြာမှာ ပြန်ပေါ်လာနိုင် မလားဆိုတာကို စောင့်ကြည့် သွားရမှာပါ။

    လက်ရှိသီတင်းပတ်အတွင်း ဖြစ်ရပ်များက ဒီတရားမဲ့လုပ်ငန်းကို အပြီးအပိုင်လှဲကျင်းပစ်နိုင်မလားဆိုတာ Lewa က သံသယဖြစ်နေပါတယ်။

    “အုပ်စုငယ်တချို့ ထိန်းသိမ်းခံထားရဆဲလို့ ကျွန်မ ထင်မြင်ပါတယ်။ တောနက်ထဲမှာတော့ ဟုတ်ချင်မှဟုတ်မှာပါ။ ဒုစရိုက်သမားတွေက ဓားစာခံတွေကို လုံခြုံတဲ့နေရာတွေမှာ ငွေနဲ့လာရွေးဖို့ ချုပ်ကိုင်ထားဆဲ ဖြစ်နေနိုင်ပါတယ်”။

    စစ်တွေမြို့အနီးက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ငွေပေးရွေးဖို့ တောင်းဆိုမှုတွေ ရုတ်ခြည်း တိတ်ဆိတ်ခြောက် ကပ်သွားတယ်လို့ ဒေသခံများက ဆိုပါတယ်။

    ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းနိုင်ချေရှိကြောင်း သောကရောက်သားချင်းတွေအတွက် လူမှုအကျိုးဆောင်လုပ်ပေးနေသူ ဦးကျော်လှက ပြောပါတယ်။ “လွန်ခဲ့တဲ့ ၂ လလောက်က ကျွန်တော်နဲ့ ချမ်းသာသူတစ်ချို့ဆီ လူအများအပြား ရောက်လာကြတယ်။  သူတို့ရဲ့သားချင်းတွေကို ပြန်ရွေးနိုင်ရေးအတွက် သူတို့ရဲ့အိမ်၊ မြေတွေ ရောင်းချဖို့အတွက်ပါ။ အဲ့ဒီကိစ္စတွေ ခုတော့ ရပ်တန့်သွားပြီဖြစ်ပါတယ်”။

    လှေစီးပြေးအောင် မြူဆွယ်သူ ပွဲစားများစွာက ရိုဟင်ဂျာတွေပဲ ပြန်ဖြစ်နေတာ တွေ့ရပါတယ်။

    အောက်ခြေအဆင့်လက်ပွား လူကုန်ကူးသူများသာ ဖမ်းဆီးခံရပြီး လုပ်ငန်းခေါင်းကိုင်များကတော့ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးကုန်ပြီ သို့တည်းမဟုတ် ခြေရာဖျောက်တွင်းအောင်းသွားပြီ လို့ ဦးကျော်လှက ယုံကြည်ထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်နယ်စပ် Pen Daw Pyin ရွာက ၅၅ နှစ်အရွယ် အမျိုးသမီး Se Tara က ဒီလိုပြောပြခဲ့ပါတယ်။ ဖေဖော်ဝါရီလက ပင်လယ်ခရီးလွှင့်သွားခဲ့တဲ့ သူမရဲ့ သားနဲ့သမီးကို ပြန်ရွေးဖို့ ငွေကြေးပြင်ဆင်ထားပါဆိုပြီး လွန်ခဲ့တဲ့ ၂ လက ဒေသခံပွဲစား လာပြောသွားတယ်။ ထိုင်းနိုင်ငံမှာ လူကုန်ကူးသူတွေ ဖမ်းဆီးခံရပြီး ပင်လယ်ထဲ လှေတွေ မျောပစ်တဲ့သတင်း ရောက်တဲ့အခါ သူမနဲ့သားငယ်ဖြစ်သူ ရဟ်မသ်က ပွဲစားအိမ်ဆီ မေးမြန်းစုံစမ်းဖို့ သွားခဲ့ကြတယ်။ ဒါပေမယ့် ပွဲစားက ပျောက်ခြင်းမလှပျောက်သွားခဲ့ပါပြီ။

    “သူ ဘယ်မှာလဲဆိုတာ မသိဘူးလို့ သူ့ရွာသားတွေက ပြောကြတယ်။ သူ တစ်နေရာရာမှာ ပုန်းနေပါတယ်။ ကျွန်တော့်အထင် သူတို့လိမ်နေတာပဲ ဖြစ်ပါမယ်” ဆိုပြီး ရဟ်မသ်က ပြောပါတယ်။

    xxxxxxxxxxxxxxxxxxxxxxxxxxxx

    ဘန်ကောက်အခြေစိုက် Simon Webb ရဲ့ သတင်းပေးပို့ချက်အပေါ် John Chalmers ရေးသားပြီး Ian Geoghegan တည်းဖြတ်တဲ့ Aubrey Belford ရဲ့ ရိုက်တာသတင်းဆောင်းပါး Closed for business: Asia’s human smugglers go to ground ကို မြင့်မိုရ်မောင်မောင်က ဆီလျော်အောင် ပြန်ဆိုမှု ဖြစ်ပါတယ်။